ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၄)

မိုးလေးကတဖွဲဖွဲ.... ။ အိပ်ရာထဲကနေ မထချင်ထချင်နဲ့ ဒီနေ့ဂျူတီဆင်းရမှာမို့ ထလာခဲ့၏ ။ အင်း လိုလိုပိုပို ပုဆိုး တစ်ထည်လောက်တော့ ယူသွားအုန်းမှ ။ အမှန်က သင်္ကြန်တောင်နီးနေပြီ ။ ဘာကြောင့် အခုထိ မိုးကကောင်းနေသလဲ ဆိုတာ သူ စဉ်းစားမရတော့ပေ ။ အချိန်က ခွဲစိတ်ဆောင်မှာ ပို့စ်တင်ဆင်းနေတုန်းကဖြစ်သည် ။ ပထမဆုံး ဂျူတီမို့ ထုံးစံအတိုင်း လူက တက်ကြွနေ၏ ။ ကျွန်တော်က ဆေးကျောင်းကတည်းက ချုပ် တာ လုပ်တာတော့ ၀ါသနာပါလေသည် ။ ဒါကြောင့်ပဲလားမသိ အိမ်မှာ အ၀တ်တစ်ထည်ထည်ပြဲနေပြီဆိုလျှင် ကျွန်တော့ကိုသာ ချုပ်ခိုင်းတော့၏ ...ဟီး ။ ခွဲစိတ်ဆောင်မှာ ပို့စ်တင်ဆင်းတုန်းက ကျွန်တော်တို့ အဖွဲ့မှာ ယောက်ျားလေးချည်း လေးယောက်ပါလေသည် ။ ဒီတော့ အကုန်လုံးက လူနာတစ်ယောက်လာပြီဆိုလျင် လုပြီး ချုပ်ကြမည့် လူတွေချည်းပဲပင် ။
ဆေးရုံရောက်တော့ အေအက်စ်က round နေလေပြီ ။ ကိုယ်လည်း ကုပ်ကုပ်လေးလုပ်ပြီး စာအုပ်လေးကိုင်ကာ မယောင်မလည်သွားရပ်ရလေသည် ။ ဇာတ်လမ်းက အဲဒီမှာ မစသေး ။ သူငယ်ချင်းတွေ အကုန်ပြန်ပြီး ညဖက်ရောက်မှ စလေတော့သည် ။ ထိုနေ့ညက မှတ်မှတ်ရရ မီးကလည်း သုံးခါတိတိပြတ်၏ ။ လူနာက အသစ် အယောက် ၂၀ တက်လေ၏ ။ ကွဲတာပြဲတာက ၁၀ ယောက်ကျော်ပါလေသည် ။ သင်္ကြန်နားနီးလာသည်ထင့် ။ စစပိုင်းတော့ သကောင့်သားတွေက လုပြီး သူချုပ်မယ် ငါချုပ်မယ်ပေါ့ ။ နောက်လည်းကျရော ကဲပါဘဲကြီးရာခင်ဗျားက အသက်လည်း ကျွန်တော်တို့ထက် ကြီးတယ် ( အမှန်ကလပိုင်းလောက်ကြီးတာပါ) ၀ါလည်းရင့်တယ် ( ဘာကိုဆိုလိုမှန်းမသိ) အဲဒီတော့ ၂ ချက် ၃ ချက်လောက်ဆို ကျွန်တော်တို့ချုပ်မယ် ဟဲဗီးကေ့စ်ဆို ဘဲကြီးကိုလွှဲပေးမယ်တဲ့ ။ ကဲကောင်းရော... ။လွယ်တာကိုတော့ သူတို့လုပ်မယ်ဆိုတဲ့သဘော ။ ကဲလေ ထားပါတော့ ချုပ်ဆိုတော့လည်း ချုပ်ပေါ့ ဟီး ။ ကံကလည်း ကိုယ့်ဖက်ကို ပါပါတယ် ။ ဟဲဗီးကေ့စ်ချည်း ၈ ယောက်လောက်လာတယ် ။ အနဲဆုံး က ၅ချက်လောက်ချုပ်ရတဲ့ ရိုက်မှုတွေချည်းပဲ ။ စစချုပ်ချင်းတော့ သိတယ်မဟုတ်လား ။ လက်ကတုန်ပြီးသား ။ ဘေးကလည်း ၀ိုင်းကြည့်နေတဲ့ သကောင့်သားတွေက အများကြီး ။ နောက်ပိုင်းလည်းကျလာရော ရေချိန်ကိုက်လာသလိုမျိုး လက်ကသွက်လာတယ် ။ အဲဒါနဲ့ ၁၁ နာရီထိုးခါနီးလည်းကျရော ချုပ်တဲ့လုပ်ငန်းတွေ ပြီးသလောက်ဖြစ်သွားလေ၏ ။ ဒါနဲ့ အကယ်၍ ညဖက် ခွဲခန်းဝင်ရရင် ဘယ်သူတွေဝင်မလဲဆိုတာကို ထုံးစံအတိုင်း ဖဲလေးရိုက်ပြီးဆုံးဖြတ်ကြလေသတည်း ။
ပြောရအုန်းမယ် .. ။ ဖဲရိုက်တဲ့အကြောင်းကို ။ ဆေးကျောင်းသားတွေမှာ စာအရမ်းကြိုးစားပြီး ( ကျွန် တော်တို့အခေါ် စာဂျပိုး -ဟိုက်ပါ) တွေမှလွဲ၍ ကျန်သည့်ကျောင်းသား အကုန်လုံးလိုလိုက ဖဲရိုက်တာ အနည်းနဲ့အများဝါသနာ ပါတဲ့သူတွေချည်းပဲပင် ။ ကျွန်တောကတော့ ၀ါသနာပါသည်လည်းမဟုတ် မပါဘူးလည်း မဟုတ် ၀ိုင်းစရင်တော့ ပါစမြဲပင်ဟီး ။သိပ်တော့လည်းကျွမ်းကျွမ်း ကျင်ကျင်မရှိလှပါ ။ ရှမ်း စင်ကာပူ ဘူကြီး ရှိုး ဒေါင်း ပိုကာ ဒီလောက်သာလျှင်တတ်လေ၏ ။ လက်ဦးဆရာကတော့ ဟို ဂျပုပါ ။ သိပြီးသားဖြစ်မှာ ပါ အပိုင်း ၄ မှာ ကျွန်တော်ရေးခဲ့ဖူးတဲ့သူငယ်ချင်းပါ ။ ပြောမနာဆိုမနာပေါ့ ။ လူက ရှမ်းဆို ပွဲတိုင်းရှုံး၏ ။ ကျန်တာတော့ပြောမနေနှင့် ပါသမျှ မုန့်ဖိုးအကုန်ပြောင်၏ ။ ဒါပေမယ့် ကျွန်တော့ကို သူတို့အကုန်လုံး ကြောက်သည့်အရာတစ်ခုရှိ၏ ။ ဘူကြီးကစားခြင်းပင် ။ လူကဘယ်လောက်ထိဘူနေမှန်းမသိ ဘူကြီးကစားတိုင်း နိုင်လေသည် ။ ဒီတော့ ဘဲကြီးနှင့်ဘူကြီးကစားလျှင် မကစားကြတော့ဟု ကြေငြာကြလေတော့သည် ။ အဲဒီလောက်ထိအစွမ်းထက်ခဲ့တာ...ဟီး ။ အဲဒါနဲ့အဲဒီညက ကစားတော့ ကျွန်တော်ရှုံးလေ၏ ။ ဒီတော့ သူတို့ပဲ အကယ်၍ ခွဲစိတ်လူနာလာလျှင် ၀င်ကြမည်ဟု ဆုံးဖြတ်ကြလေသည် ။ အမှန်က နေ့လည်ပိုင်းဆို လုဝင်သည့် လူများသည့်အတွက် အေးအေးဆေးဆေး အနီးကပ် ကြည့်ခွင့်မရ ။ ထို့ကြောင့် ညဖက်ဆိုလျင် ဆရာနှင့်ကိုယ် ၂ ယောက်တည်း ခွဲစိတ်ခန်းဝင်ကြရလေသည် ။
ဆုတောင်းကလည်း ပြည့်ဝပါသည် ။ လူနာတစ်ယောက် ဗိုက်အောင့်သည် ဟုဆိုကာ ဆေးရုံသို့ရောက်လာ၏ ။ စမ်းသပ်ကြည့်လိုက်တော့ Perforation ( အစာအိမ် ပေါက်ခြင်း)ဖြစ်လေသည် ။ ထိုအချိန်ထိ ဟို ကံစမ်းမဲပေါက်သော သကောင့်သားတွေက တစ်ယောက်မှ မနိုးသေး ။ ကိုယ်ကတော့နိုးနေပြီ ဒါနဲ့ သူတို့ကို တာဝန်အရ ဟေ့ကောင် ဟိုမှာ လူနာလာနေပြီ ခွဲခန်းဝင်ရမယ်ထင်တယ် ထပြီးကြည့်ဦး ဆိုတော့ သကောင့်သားက အာ...ဘဲကြီးရာကျွန်တော်အိပ်ရေးပျက်နေတယ်ဟီး ဘဲကြီးပဲဝင်လိုက်ပါ နော်... အားကိုးပါတယ် ဟီး တဲ့. ။ ကဲ ပွဲသိမ်းရော...။ ဒါနဲ့ ကိုယ်လည်း ပြင်ဆင်ဆရာရှိတာပြင်ဆင်ပြီးဆရာနှင့်ကိုယ် နှစ်ယောက်တည်း ခွဲခန်းဝင်ရလေသည်။ ထိုနေ့မှ AS ကလည်း ညနေဖက်မှ ဗိုက်အောင့်သည်ဟုဆိုကာ အိမ်မှာနားနေရန် ဆရာကခွင့်ပြုလိုက်လေသည်။ ဆရာကသူ့အခန်းကနေ အပေါ်ထပ်ကနေတိုက်ရိုက် ခွဲခန်းသို့သွားလေသည်။ ကျွန်တော်ကတော့ အဆောင်အောက်ဆင်းပြီးမှ အောက်ဖက်လမ်းကြောင်း အတိုင်း(လူနာကိုတွန်းပို့သည့်လမ်းကြောင်း) မှဝင်သည် ။ ဒီမှာတင် .. လူနာကိုလိုက်ပို့သည့် အယောက် ၂၀ ခန့်လူအုပ်ကြီးနှင့် ပက်ပင်းတိုးလေသည်။ ကျွန်တော်လည်း သူတို့က အ၀င်ပေါက်ကို ပိတ်ထားသည့်အတွက် ... ကဲ..ကဲ ခဏလောက်ဖယ်ပေးကြပါခင်ဗျာ အထဲလေးဝင်ချင်လို့ပါလို့ ဆိုလိုက်ရာ အားလုံး က ကျွန်တော့်ကိုဝိုင်းကြည့်ပြီး ဟဲ့ဟဲ့ဘေးဖယ် ကြစမ်း ဟိုမှာ ဆရာလာနေပြီ ဆရာ ရယ်ကျွန်တော့တူလေးကို ကယ်ပါဦးဗျာနော်...။ ဗျာဟုတ်..ဟုတ်ကဲ့ ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားမှာပါ ဆိုပြီး အတင်း ၀င်ခဲ့ရလေသည်။ ဆရာဝန်ဆို၍ ကိုယ်တစ်ယောက်တည်း ဒီအပေါက်ဝင်လာခဲ့၍ ကိုယ့်ကို ခွဲစိတ်ဆရာဝန်ဟု ထင်နေပုံပင် ။ ကဲထားတော့ အထဲဝင်ပြီး အ၀တ်အစားလဲပြီးတော့ ခွဲစိတ်ခန်းသို့ဝင်လေတော့သည်။ လူနာက အစာအိမ်အနာရှိပြီး ပျော်ပွဲရှိ`၍ အရက်သောက်မိသည်ဟုပြော၏ ။ ထိုမှတဆင့် အနာက ပေါက်ထွက်သွားခြင်းပင်ဖြစ်၏ ။ အစာအိမ်ပေါက်သည့်နေရာကို ခွဲထုတ်ပစ်ပြီး အူ(Duodenum ) နှင့်ပြန်ဆက်ပေးရ၏ ။ Gastro-duodenostomy ဟုခေါ်၏ ။ ဆရာကလည်း ခွဲစိတ်တာ အတော့ကို ကျွမ်းကျင်ပိုင်နိုင်လေသည်။ ကျွန်တော့ကို အသေးစိတ်လည်းရှင်းပြ၏ ။ ဒီလိုနဲ့ ၁ နာရီခွဲလောက်ကြာတော့ ဗိုက်ပြန်ပိတ်လေသည်။ ဒီမှာတင် ဆရာက အရေပြားကို တစ်ဝက်လောက်လည်းချုပ်ပြီးရော မင်းချုပ်တတ်တယ်မဟုတ်လား ဆက်ချုပ်လိုက်တော့ဟု ဆိုတာ ထွက်သွားလေတော့သည်။ လေး ငါးချက်လောက်ပဲ ဆက်ချုပ်စရာ ရှိလေသည်။ ကျွန်တော်လည်း ၀မ်းသာအားရ ( ရခဲလှသည့် အခွင့်အရေးမဟုတ်လား ) ဆက်ချုပ်လေတော့သည် ။ အားလုံးပြီး၍ အ၀တ်အစားလဲပြီး ပြန်ထွက်လာတော့ (ဆရာ ဆရာ ကျွန်တော့တူလေး ဘယ်လို အခြေအနေရှိလည်းဟင်) ( အားလုံး အဆင်ပြေပါတယ်ခင်ဗျ ကျွန်တော်တို့အောင်အောင်မြင်မြင်ပဲခွဲစိတ်နိုင်ပါတယ်) (ဟာ ကျေးဇူးတင်လိုက်တာဆရာရယ် ..ကဲကဲ ဆရာ့ကိုလိုက်ပို့ကြရအောင်ဟေ့ ကျန်တဲ့လူတွေဒီမှာနေခဲ့ တစ်ဝက်က ငါနဲ့လိုက်ခဲ့ကြ) ( ဟာ ရပါတယ်ခင်ဗျ နီးနီးလေးပဲ ကျွန်တော်တစ်ယောက်တည်းသွားလည်းရပါတယ် )( အာ မဟုတ်တာပဲဆရာရယ်...လမ်းက လူမှမရှိတာ ) ဆိုပြီး လူဆယ်ယောက်ခန့် ကျွန်တော်တို့နားသည့် ဟောက်ဆာဂျင်အခန်းထဲသို့ လိုက်ပို့လေသည်။ မနက်လည်းရောက်ရော ဟိုကောင်တွေကို ဒီအကြောင်းပြောပြတော့ (ဟာကွာ နာလိုက်တာ တောက် ..အအိပ်မက်လိုက်တာ လွဲသွားတယ် ) ဆိုပြီး ယူကျုံးမရ ညဉ်းကြလေတော့သည်။ ကောင်းတယ် ဒီလောက်တောင် အခွင့်အရေးပေးတာတောင် အအိပ်မက်တဲ့ကောင်တွေ...ဟီး ။
ဒီလိုနဲ့ သင်္ကြန်ကျလာပါလေရော ။ သင်္ကြန်ဆိုတော့ ဆေးရုံကို လာလိုက်ကြသည့် လူနာတွေ မူးပြီးရန်ဖြစ်ကြသည့်လူတွေချည်းပဲပင် ။ သင်္ကြန်တစ်ရက်မှာ ဂျူတီတစ်ရက်ဆင်းရလေသည်။ ဟေ့ NA လာတယ်ဟေ့ သွားကြည့်လိုက်ဦး ဆိုတော့ ဟိုသကောင့်သား သုံးယောက်က လှစ်လှစ် လှစ်လှစ်နှင့် ပြေးထွက်သွားကြသည် ။ အစပိုင်းဆို အဲဒီလိုတွေချည်း ။ နောက်မှသာ ....ဟင်း ။ ကျွန်တော်သွားကြည့်တော့ ဟဲဗီးကေ့ဖြစ်နေ၏ ။ လူနာကိုကြည့်တော့ လားလား အစ်ကိုဝမ်းကွဲပါလား ။ ဟေ့ကောင် ဘယ်လိုဖြစ်လာတာလည်း မေးတော့(ညီအစ်ကိုချင်း အသက်သိပ်မကွာ၍ မင်းနှင့် ငါနှင့်သာပြောပါသည်) မသိ ပါဘူးကွာ ဘယ်လိုဖြစ်မှန်းကို ..တဲ့ ။ ရှင်းရောသူပြောမှ ။ ကဲကဲထားတော့ သူကတော့ လမ်းမှာ ဂိုဏ်းနှင့်နေသည်ဟုပြောသည် (ဘာဂိုဏ်းမှန်းမသိ သူတို့က သိုင်းလောကသားတွေလေ အားနေအဖွဲ့ဖွဲ့ပြီး ရန်ဖြစ်ချင်နေတဲ့ကောင်တွေ အခုတော့ အဲဒီကောင်လည်း တပ်ကြပ်ကြီးဖြစ်နေပါပြီ သူတို့ ညီအစ်ကိုကို ဇော် ၂ ဇော်ဟုခေါ်လေသည် ။ ဇော် ၂ ဇော် ၏ပေါက်ကရလုပ် တတ်ပုံများကို နောက်မှ ပြောပြပါမည်)
ဒီတော့ သူရန်ဖြစ်တာသိပ်မဆန်းလှ ။ ငါပဲချုပ်လိုက်မယ် ဟေ့လို့ပြောလိုက်တော့ အကုန်လုံး က စကားနားထောင်ပုံရသည် ။ ဖယ်ပေးကြလေသည်။ သိတယ်မဟုတ်လား ဟဲဗီးကေ့စ်လေ ဟီး ။
ဆက်လက်ရေးသားပါဦးမည်။
စာရေးသူ.....သက်တန့်ချို(၁၁း၄၀ ည ၂၆.၁၁.၀၉)
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၁)
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၂)
ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ (အပိုင်း ၃)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆက်လက်ဖတ်ရှုရန်...........
ပြန်ခေါက်ပေးရန်...........

ဘူတာအို
ငြိမ်သက်စွာ....
ထိုင်စောင့်နေတဲ့....
အဖိုးအိုတစ်ယောက်.....
တစ်စင်းပြီးတစ်စင်း...
သူ့ကျောပေါ်ဖြတ်နင်း...
သူကတော့.....တင်းပြီးခံတယ်...
ဇရာကထောင်းတော့...
သူ့ခုံတွေတောင် ယိုင်နဲ့...
ပြန်လှည့်မရတဲ့ အချိန်တွေနဲ့....
အေးခဲတဲ့ ဆောင်းညတွေမှာတောင်....
သူက အထီးကျန်....
ဘ၀လောကဓံတွေနဲ့...
ပျော်ရွှင်စွာ သူတို့လာကြတယ်....
ပျော်ရွှင်စွာ သူတို့ပြန်ကြတယ်....
တချို့ က....ရီ
တချို့က....ငို
တချို့က....တိုက်
တချို့က....ရှိုက်
အဲဒီ အမှိုက်သရိုက်တွေကြား...
သူကတော့....ထာဝရ....
ငြိမ်သက်စွာ စောင့်ရင်း...
ဟိုးအဝေး လမ်းဆုံးဆီ...
ရင့်မှဲ့နေတဲ့ ဆို့နင့်မှုတွေနဲ့...
တိတ်ဆိတ်ခြင်းအပြည့်...
လေတဝှေ့ဝှေ့မှာ...
ဆံဖြူမျှင်တွေ.....ယိမ်းနွဲ့လို့...
သေမင်းရဲ့အလံတွေလား....
ဇရာရဲ့ နိမိတ်တွေလား.....
သားသမီးတွေအတွက်လား....
ကမ္ဘာကြီးအတွက်လား....
စနစ်သစ်နဲ့ ခေတ်တွေအတွက်လား....
ဘာပဲပြောပြော....
သူကတော့ အချိန်မှန်....
အဲဒီအသံတွေနားစွင့်...
လာနေတာလား...
ပြန်နေတာလား...
အချိန်တိုင်းတော့ ကြံနေတယ်...
အိုမင်းရင့်ရော်ခြင်းတွေနဲ့...
မိတ်ဖွဲ့ဖို့ပေါ့....
အဲဒီ........ဘူတာအို....
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ဆက်လက်ဖတ်ရှုရန်...........
ပြန်ခေါက်ပေးရန်...........
ပြုစားခံရနေရခြင်းမဟုတ်သော Down's Syndrome

Down's Syndrome ဆိုတာဘာလဲ ?ဒီရောဂါကို တစ်ချို့က ပြုစားခံနေရတယ်လို့ဆိုပါတယ် ။ တောရွာတွေဖက်မှာဆို လူပြုစားသလိုလို စုန်းနဲ့ပဲလုပ် သလိုလိုနဲ့ ပြောလေ့ရှိပါတယ် ။ Down's Syndrome အကြောင်းမပြောခင် အရင်ဆုံး Karyotyping ဆိုတာဘာလဲ ရှင်းပြပါမယ် ။ Chromosone အရေအတွက်နဲ့ ပုံသဏ္ဍာန် တစ်စုံပါဝင်တဲ့ Cellular chromosone profile တစ်ခုကို Karyotype လို့ခေါ်ပါတယ် ။ လူတွေမှာ Chromosone အပြည့်အစုံ 46 ခုရှိပါတယ် ။ တူညီတဲ့ Gene တွေပါဝင်တဲ့ Homologous autosomes ၂၂စုံပါဝင်ပြီး မျိုးပွားအင်္ဂါ ခရိုမိုစုန်း တစ်စုံပါဝင်ပါတယ် ။ မိန်းမကလေးမှာ 46XX ဖြစ်ပြီး ယောက်ျားလေးမှာ 48XY ဖြစ်ပါတယ် ။ အဲဒီလို Chromosone အရေအတွက် သို့မဟုတ် ပုံသဏ္ဍာန်မှာ ချို့ ယွင်းချက်ရှိနေတာကို Abnormal Karyotype လို့ခေါ်ပါတယ် ။ Down ရောဂါဟာ Abnormal Karyptype ပါဝင်နေခြင်းဖြစ်ပါတယ် ။ သူက 47XY(+21) ဖြစ်နေပါတယ် ။ +21 ကတော့ ပဲဖြစ်ပါတယ် ။ Down's Syndrome ရဲ့ ၉၅%ဟာ အမေဖက်က နေပြီး ကြောင့်ဖြစ်ပါတယ် ။ ၂ - ၃ % မှာတော့ Trisomy 21 ဟာ Genetic ပစ္စည်းတွေကို Chromosone တစ်ခုကနေ တစ်ခုကိုလွှဲပြောင်းပေးတဲ့နေရာ Translocations မှာဖြစ်ပါတယ် ။Down's Syndrome ရဲ့ ဖြစ်ပွားနိုင်မှုက အသက်အရွယ်မျိုးစုံမှာ ၆၅၀ မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပါတယ် ။Down's Syndrome ရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ ?
ဦးခေါင်းပိုင်းနှင့် မျက်နှာပိုင်းတွင်
နောက်စေ့ပြား၍ ဦးခေါင်းသေးခြင်း
မျက်နှာပြားခြင်း
အပေါ်မျက်ခွံပြားခြင်း ၊ လန်ခြင်း ၊ မြောင်းပါရှိခြင်း (Palpebral fissures)
နှာခေါင်းသေး၍ နှာတံပြားခြင်း
နားရွက်တစ်စုံမှာ သေးငယ်၍ အောက်သို့အနည်းငယ်နိမ့်ခြင်း
လျှာတစ်လစ် တစ်လစ်ဖြစ်ခြင်း

မျက်ကြည်လွှာတွင် Brushfield အစက်ပါရှိခြင်း
ခြေများလက်များတွင်
လက်များတို၍ ကျယ်ပြန့်ခြင်း

လက်သန်းလေးမှ အတွင်းဖက်သို့ ကွေးနေခြင်း(Clinodactly)

ခြေမနှင့်ခြေညှိုးကြားတွင်နေရာကျယ်ခြင်း(Sandal gap)
အရိုးအဆစ်များ လွန်စွာပျော့ပြောင်း၍ ကွေးရခြင်း
စိတ်ပိုင်းဆိုင်ရာတွင်
ချို့ယွင်းချက်များရှိခြင်း (ပြန်လည်လေ့ကျင့်ပေးလို့ရပါတယ် )
ကြွက်သားများတွင်
ပုံမှန်ထက်အားနည်း၍ tone လျော့နေခြင်း ( Hypotonia)
အရေပြားတွင်

လက်ဝါးပြင်ပေါ်တွင် အကြောင်းတစ်ကြောင်းသာပါရှိခြင်း ( Single Palmar Crease)
လက်ထိပ်လေးများတွင် သာမန်ထက် အရစ်များပိုပါရှိခြင်း
လက်တွေက တိုပြီးကျယ်တဲ့အတွက် လက်မနဲ့ လက်ညှိုးကြားက ထောင့်ဟာ ၆၀%ထက်ကျော်နေခြင်း (ပုံမှန်ဆို ၆၀% လောက်ပဲရှိပါတယ် )
အရွယ်အစား ဖွံ့ဖြိုးမှု အားနည်းခြင်းတို့ပဲ ဖြစ်ပါတယ် ။
Down တွေနဲ့တွဲနေတဲ့ ရောဂါတွေက ဘာတွေလဲ ?
၁ ။ မွေးရာပါ နှလုံးရောဂါများ (၄၀%)
၂ ။ မွေးရားပါ အစာအိမ်နှင့် အူလမ်းကြောင်းမှုမမှန်မှုများ
၃ ။ အဆုပ်ရောင်ရောဂါ အပါအ၀င် အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းများ ခဏခဏ ခံရခြင်း
၎ ။ သိုင်းရွက် ဟော်မုန်းနည်းခြင်း ( Hypothyrodism)
၅ ။ သွေးကင်ဆာဖြစ်နိုင်ရန် အခွင့်အလမ်းများခြင်းတို့ပဲ ဖြစ်ပါတယ် ။
Down's Syndrome ကို ဘယ်လိုကုသမလဲ ?
တိကျတဲ့ သီးခြားကုသမှု ရယ်လို့မရှိပါဘူး ။ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ် ။ Down ဟုတ်မဟုတ်ကိုတော့ Chromosonal analysis (Karyotyping ) လုပ်ခြင်း အားဖြင့်သိနိုင်ပါတယ် ။
ထောက်ပံ့ပေးတဲ့ နည်းလမ်းတွေက ဘာတွေလဲ ?
၁ ။ လုပ်ဆောင်ချက်တွေ အစီအစဉ်တွေကို စောစောစီးစီးစတင်ရပါမယ် ။
၂ ။ အသက်နဲနဲကြီးတဲ့ ကလေးတွေကို စကားပြောရာတွင်လေ့ကျင့်ပေးခြင်း ။
၃ ။ အထူးသီးသန့်ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ သင်တန်းပေးခြင်း ။
၎ ။ ဆက်နွယ်နိုင်တဲ့ရောဂါတွေကို ပုံမှန်စစ်ဆေးပေးခြင်း ။ (နား နှာခေါင်း လည်ချောင်း ၊ မျက်စိ ၊ နှလုံး စစ် ဆေး ခြင်းများ ၊ သိုင်းရွက် ဟော်မုန်းစစ်ဆေးခြင်း )
၅ ။ ဆက်နွယ်လျက်ရှိတဲ့ ရောဂါများကို ကုသပေးခြင်း ။ (မွေးရာပါ နှလုံးရောဂါ ၊ အစာအိမ်အူလမ်း ကြောင်းရော ဂါများကို ခွဲစိတ်ကုသပေးခြင်း ၊ ရောဂါပိုးမ၀င်အောင် ကာကွယ်ခြင်း ၊ သွေးကင်ဆာကုသခြင်း )
၆ ။ မိဘများပါ ပါဝင်လုပ်ဆောင်၍ ဆွေးနွေးခြင်း ။
ရ ။ ရေရှည်ဖြစ်ပွားနိုင်သော အခြေအနေများကို သိရှိနားလည်ခြင်း ။
၈ ။ စိတ်ပိုင်းဆိုင်ရာတွင် ကူညီထောက်ပံ့ပေးခြင်း ။
၉ ။ Genetic နှင့်ပါတ်သတ်၍ ဆွေးနွေးခြင်း (ဘယ်လို ဘာကြောင့်ဖြစ်ပေါ်လာသလဲ ၊ ပြန်လည်ဖြစ်ပွားနိုင်နှုန်း ၊ ကိုယ်ဝန်ဆောင်ဘ၀ထဲက မိမိကလေးဟာDown ဟုတ်မဟုတ် သိရှိနိုင်ခြင်း ) စတဲ့နည်းလမ်းတွေပဲ ဖြစ်ပါတယ် ။
စာရေးသူ.....သက်တန့်ချို (၁၁း၃၀ ည ၂၂.၁၁.၀၉)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆက်လက်ဖတ်ရှုရန်...........
ပြန်ခေါက်ပေးရန်...........