Friday, July 29, 2011

နတ်သမီး (သို့ ) အဖြူသက်သက် ရစ်သမ်

နတ်သမီး (သို့ ) အဖြူသက်သက် ရစ်သမ်



၂၀၀၉ ခုနှစ်လောက်ကပေါ့ ။ ကျွန်တော် အင်တာနက်စသုံးနေတဲ့အချိန် အဲဒီလို ၀ဘ်ဆိုက်လေးတွေလုပ်ရတာ အတော်လေး ကို ၀ါသနာပါသွားတယ် ။ Blogger ကို မရောက်သေးခင် ပေါ့ wordpress , Ning , multiply စုံနေ တာပါပဲ ။ ဒီလိုနဲ့ Ning မှာလုပ်နေတုန်း ကျွန်တော် blogger ကိုတွေ့သွားပြီး အဲဒီမှာပဲ အထိုင်ချတော့မယ်လို့ ဆုံးဖြတ် ခဲ့တယ် ။ အဲဒီမှာပဲ ဘလော့ဂါ သူငယ်ချင်းတွေ အများကြီးရခဲ့ပါတယ် ။ အစ်မနိုင်းနိုင်းစနေ ၊ မေလေး ၊ အဖြူရောင် နတ်သမီး ၊ ရန်ကုန်သား ၊ ကိုမျိုး (အညာမြေ) ၊ ၀က်ဝံလေး ၊ နှင်းဟေမာ ၊ နှင်းနဲ့မာယာ ၊ သားကြီး ၊ ကိုလူထွေး စသဖြင့် အများကြီးပါပဲ ။ အဲဒီမှာ မှတ်မှတ်ရရ ကျွန်တော်ဘလော့တွေကို နိုင်ဆိုက်ထိကို လိုက်အားပေးတဲ့ သူကတော့ အစ်မ အဖြူရောင်နတ်သမီး နဲ့ အစ်မ မေလေးတို့ဖြစ်ပါတယ် ။ အစ်မနမ်းမ၀ ဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက် ကတည်းက စသိခဲ့တာဖြစ်ပြီး ခင်မင်ခဲ့ပါတယ် ။ ကျန်းမာရေး ပြဿနာတွေကြုံလာတိုင်း ကျွန်တော့်ကို အကူ အညီတောင်းလေ့ရှိတယ် ။ ရင်းနှီးနွေးထွေးလှပြီး ကျွန်တော့်အတွက် အစ်မရင်းတစ်ယောက် ရသလိုပါပဲ ။ အခုလည်း အစ်မ အတွက် ဘလော့ဂ် ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာလေးတစ်ပုဒ်လက်ဆောင်ပေးလိုက်ပါတယ် ။

နတ်သမီး (သို့ ) အဖြူသက်သက် ရစ်သမ်

ရေလှိုင်းခတ်သံ ကြားတိုင်း
ဒဏ္ဍာရီဆန်တဲ့ ရက်စွဲအချို့ဟာ...
အတွေးထဲမှာ နေသားတကျ..
အဖြူရောင်လွင်ပြင်ကျယ်ကြီးထဲက...
ခရမ်းရင့်ရောင် နှင်းဆီတွေ..
ပြေပြစ်ကျော့ရှင်းခြင်းနဲ့အတူ...
သူမက...ရင့်ကျက်ခြင်းတွေကို ပိုင်ဆိုင်တယ်..
နတ်သမီးရေ........
သမိုင်းစာမျက်နှာအချို့ကတော့..
ဘာသာပြန်လွဲခဲ့ဖူးရဲ့...
ပျော်ဝင်နစ်မျောခြင်းဟာ..
သိုးတစ်ကောင်လို....ဖြူစင်နေဆဲ
ပီကာဆိုရဲ့ မပြီးဆုံးနိုင်တဲ့ ပန်းချီကားတစ်ချပ်လို
ကောင်းကြောင်းတစ်စုံနဲ့ စုတ်ချက်ရာတွေက
ဟိုး..........ဝေးဝေးက
ဖမ်းဆုပ်မရတဲ့....သက်တန့်ရောင်စဉ်တွေလို.
လိပ်ပြာတွေလည်းဝဲပျံကြ
နှင်းဆီတစ်ပွင့်ရဲ့ခမ်းနားခြင်းမှာ
ရိုးသားဖြူစင်ခြင်းတွေ စီးဝင်လို့...
နတ်သမီးရေ....
ရွှေရောင်ကောင်းကင်မှာနေပျော်လှဲ့
သက်တန့်ရောင်စဉ်တွေလည်း ဖန်ဆင်းလှဲ့
တခါတခါ...
အဖြူရင့်ရင့် ရစ်သမ်တွေနဲ့..
ဆံနွယ်တချို့ကို ၀ဲခါခဲ့....
အဲဒီအခါ...
ပန်းတို့ အကုန်မြေခတယ်...
ပန်းတို့ အကုန် ကြွေ ကျ မယ် . . .

သက်တန့်ချို
29 July 2011

အဲ ဝေဖန်ပေးရဦးမယ်ဆိုတော့လည်း ကဗျာ ရေးပေးပြီး ဝေဖန်လိုက်ဦးမယ် :P

၁ ။ အစ်မဘလော့ အပြင်အဆင်ကြီးမကြိုက်ပါဘူး ။ အရမ်းလေးနေပြီးတော့ ဘန်နာကြီးကလည်း မလှပါဘူး ။ အဲဒါလေးပြန်ပြင်စေချင်ပါတယ် ။ ပြီးတော့ နည်းနည်း ရှုပ်နေသလိုပါပဲ ။ မှောင်လည်းမှောင်တယ် ။

၂ ။ အတွေ့အကြုံနဲ့ကဗျာတွေများများရေးစေချင်ပါတယ် အစ်မ ။

၃ ။ ဖြစ်နိုင်ရင် စီဘောက်လေးပြန်ထည့်ပေးပါ ။ လိုအပ်ရင် register လုပ်မှ ရေးလို့ရအောင်လုပ်ထားပေါ့ ။

ဒါပါပဲ ကြည့်သလောက်တော့ စာဖတ်သူတွေကို ဗဟုသုတပေးနိုင်တဲ့ အတွေ့အကြုံလေးတွေ နဲ့ ဆိုက်ပရပ် က ဗဟုသု တလေးတွေ ကို မျှော်လင့်နေပါတယ် ။ လူချစ်လူခင်ပေါများပြီး နာမည်ကြီးပြီးသားဖြစ်တဲ့အတွက် အများကြီး မဝေ ဖန်တော့ ပါဘူး :P ( ကြုံတုန်းလေး နှိပ်ကွပ်ရတာ )

( အစ်မ အဖြူရောင်နတ်သမီး ကျန်းမာပျော်ရွှင်ပါစေ ဘလော့ဂ်လေးလည်း အစဉ်သဖြင့် လူတွေ ကို ကောင်း ကျိုးပြုနိုင်ပါစေ ။ )

ယခုလက်ရှိ ကျွန်တော့်ရဲ့ မေးလ်အသစ်ကတော့ bloggerthettantcho@gmail.com ဖြစ်ပါတယ် ။ မကြာခင်မှာပဲ အရင်လို ပို့စ်တွေ ပြန်ရေးသွားမှာဖြစ်ပါတယ် ။း)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 26, 2011

ဝမ်းနည်းစရာသတင်း (လုပ်ရက်ပါပေ့ ဘလင့်ဟက်ကာရယ်)

ဝမ်းနည်းစရာသတင်း (လုပ်ရက်ပါပေ့ ဘလင့်ဟက်ကာရယ်)

ယခုအချိန်မှစ၍ မည်သည့် ဂျီတော့အကောင့်တွင်မှ ကျွန်တော်စကားပြောမည်မဟုတ်ပါ ။ ကျွန်တော်၏ အ လုပ်မေး လ်ဖြစ်သော kyawminoo.im2@gmail.com ၊ ဘလော့မေလ်းဖြစ်သော thettantchocho@gmail.com ၊ ရွာ မေးလ် ဖြစ်သော founder.thettantvillage@gmail.com တို့မှာ hacking လုပ်ခံ ရပြီဖြစ်ပါတယ် ။ ထိုအကောင့်များကို secondary ထည့်ထားသော အခြားမေးလ် များလည်း ပျောက် ကုန်ပါတယ် ။ ရည်ရွယ်ချက်ကတော့ ကျွန်တော့်မေလ်းတွေမှတဆင့် တခြားကျွန်တော် ၀င်ရောက်နေ တဲ့ social network တစ်ခုဖြစ်တဲ့ www.edinooyin.com ကို ပစ်မှတ်ထားတယ်လို့ဆိုပါတယ် ။ ဟက်ကာ အဖွဲ့ကတော့ bhg forever... လို့ မက်ဆေ့တင်ထားတဲ့ blink hacker group လို့သိရပါတယ် ။ ဟုတ်လားမ ဟုတ်လားဆို တာတော့ မသိပါဘူး ။ ကျွန်တော်လည်း တတ်သမျှတော့ recover လုပ်ပေမယ့် အဆင် မပြေပါဘူး ။ နည်းပညာ သမားမဟုတ်တဲ့အတွက် ထိုင်ပြီးတော့ပဲကြည့်နေရပါတယ် ။

ဒီမနက် ရုံးကိုရောက်တော့ဘလော့ဝင်ဖို့ ကြည့်လိုက်တာ ပါ့စ၀ပ်မှားနေတယ်ဆိုတော့ မသင်္ကာဖြစ်သွားပါတယ် ။ ဒါနဲ့ စမ်း သပ်ကြည့်လိုက်တော့ မေးလ်တွေအကုန် ဟက်ခံထားရတယ်ဆိုတာတွေ့လိုက်တယ် ။ သိပ်တော့ မကြာသေး ပါဘူး ။ ဒါနဲ့ ဘလော့ ၀င်တဲ့ မေလ်းတွေချက်ချင်းချိန်းပြီး ဖေ့ဘုတ်ကိုလည်း recover လုပ် မေးလ်ချိန်း ပြန်လုပ်လိုက်ပါတယ် ။ ရွာထဲကိုပြန်ကြည့်တော့ နောက်ကျသွားပါပြီ ။ www.thettantvillage.com ကို ၀င်တဲ့ founder အကောင့်ဖြစ်တဲ့ thettantchocho@gmail.com နဲ့ဝင်မရတော့ပါဘူး ။ ဒီတော့ ရွာရဲ့အခြေ အနေလည်း သိပ်မကောင်းပါဘူး ။ အဲဒီဟက်ကာနဲ့လိုင်းပေါ်က အကောင့်တစ်ခုမှာတွေ့လို့စကားပြောကြည့်တော့ ဧဒင်ကို နဲ့သက် တန့်ကို ပစ်မှတ်ထားတယ်လို့သိရပါတယ် ။

အော်..ဘယ်အငြိုးတွေပါလိမ့်ကွယ် ။ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာပါ ။ ငါ့နှယ် အခုတလော ကံများဆိုးလေရော့သလား ။

www.moba4all.org မှာတော့ အချိန်မှီ ပြန်လုပ်နိုင်ပါတယ် ။ www.edinooyin.com က ကျနော့်အကောင့်ကတော့ပါသွားပါပြီ ။ နည်းပညာကို အသုံးပြုပြီး Cyber crime ကျူးလွန်တယ်လို့ သတ်မှတ်ပါတယ် ။

ဘာပဲဖြစ်ဖြစ် လတ်တလော ကျွန်တော် ဘယ် ဂျီတော့အကောင့်တွင်မှ မရှိပါ ကြောင်းဝမ်းနည်းစွာ အသိပေး အပ်ပါ တယ် ။


(မှတ်ချက် ။ ။ ဘလော့တင်လို့ရတာတောင်အချိန်မှီ အဟက်ခံရတဲ့မေလ်းတွေပြန်ထုတ်ပြီး အသစ်တွေပြန် ထည့်ထား လို့ဖြစ်ပါတယ် ။ )

သိရသလောက်ကျွန်တော့်ကို ဟက်သွားတဲ့မေလ်းတွေက pyth0nkill3r@gmail.com , rat3ace@gmail.com , rootcreat0r@gamil.com တွေဖြစ်တယ်လို့ သတင်းရပါတယ် ။ ဒါကလည်း သူများတွေပြောပြတာပါ ကျွန်တော်ဧဒင်ကိုဝင်ကြည့်တော့ ကျွန်တော့် ပရိုဖိုင်းမေလ်းက rat3ace@gmail.com ဖြစ်နေပါတယ် ။ ပါ့စ၀ပ်ကတော့မသိပါဘူး ။ ပြန်လည်းချိန်းလို့မရပါဘူး ။


ဝမ်းနည်းစွာဖြင့်

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 25, 2011

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်



ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။ ၀မ်း ချုပ်ခြင်း ကို constipation အပြင် costiveness , dyschezia , dyssynergic defaecation စသဖြင့် လည်း ခေါ်ကြပါသေးတယ် ။ ဆိုလိုတဲ့သဘောကတော့ bowel moments (အူလှုပ်ရှားခြင်း ၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက် ခဲနေ ခြင်း ဖြစ်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ၀မ်းသွားနေစဉ် နာကျင်ခြင်း ( painful defecation) ပဲဖြစ် ပါတယ် ။ အရမ်းကို ၀မ်းချုပ်နေပြီးဆိုရင်တော့ obstipation (လေနှင့်ဝမ်းလုံးဝမသွားနိုင်ခြင်း ) fecal impaction ( ၀မ်းလုံးဝမသွားပဲ ပိတ်ဆို့ခြင်း ) စသည်တို့ ဖြစ်နိုင်ပါတယ် ။

လူဦးရေရဲ့ ပျမ်းမျှ ၂ - ၃၀% လောက်ဟာ ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ၀မ်းချုပ်ခြင်းကို ဖြစ်ပွားစေ တဲ့အ ချက်တွေ အများကြီးရှိပါတယ် ။ အဓိကအားဖြင့် ပုံစံ ၂ မျိုးရှိပါတယ်။ လုံးဝပိတ်ဆိုးပြီး ၀မ်းမသွားနိုင်ခြင်း ( obstructed defecation ) နဲ့ အူများလှုပ်လျားမှု လျော့နည်းခြင်း နှေးကွေးခြင်း ( colonic slow transit , hypomobility ) တို့ပဲဖြစ် ပါတယ် ။ ဆေးရုံတွေကိုရောက်လာတဲ့ လူနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ obsturcted defecation ကြောင့်ရောက် လာတာများပါတယ် ။ အူလှုပ်ရှားမှုနည်းခြင်း ကြောင့်ဖြစ်တဲ့ colonic slow transit constipation ကို ဖြစ်စေ တဲ့အရာတွေကတော့ အစားအသောက် ၊ ဟော်မုန်း ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ heavy metal toxicity တွေ ပဲဖြစ်ပါတယ် ။ သူ့ကို ကုသတဲ့အခါမှာလည်း အစားအသောက်ပုံစံပြောင်းလဲခြင်း ၊ ၀မ်းပျော့ဆေး ၊ ၀မ်းချုဆေးတောင့် ၊ ခွဲစိတ်ခြင်း စသည်တို့ပါဝင်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ လက္ခဏာတစ် ခုသာဖြစ် တယ် ရောဂါတစ်ခုမဟုတ်ပါဘူး ။ သူ့ကို ထိထိရောက်ရောက်ကုသချင်တယ်ဆိုရင်တော့ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ cause ကို အရင် ရှာဖွေဖို့လိုပါတယ် ။



ဝမ်းချုပ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ထားတာတွေကတော့

- အူလှုပ်ရှားမှု Bowel moment (ကျင်ကြီးစွန့်ခြင်း ) ဟာ တစ်ပတ်ကို သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်နည်းနေခြင်း
- ၀မ်းသွားရတာ ခက်ခဲခြင်း ( ညှစ်ရခြင်း ၊ စမြင်းခေါ် အမာများသွားခြင်း )
- ၀မ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း ၊ ၀မ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

ကလေးငယ်တွေမှာ ၀မ်းသွားတာကတော့ formula နို့မှုန့်တွေနဲ့ အစာစာကျွေးတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ် ။ မွေးပြီး တဲ့အခါမှာ မွေးကင်းစကလေးငယ်တွေဟာ ၄ ကြိမ် ၅ ကြိမ်လောက် ပျော့ပျော့ (အရည်သာသာ ) ကျင်ကြီး စွန့်လေ့ ရှိပါတယ် ။ နို့မှုန့်တိုက်တဲ့ကလေးတွေထက် မိခင်နို့စို့တဲ့ကလေးတွေက ကျင်ကြီးစွန့် တဲ့အကြိမ်အရေ အတွက် ပိုများ ပါတယ် ။

ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအချက်များ

ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အချက်တွေကတော့

- congenital ( မွေးရာပါ )
- primary ( ပထမအကြောင်းအရင်း )
- secondary ( ဒုတိယအကြောင်းအရင်း ) စသည်တို့ဖြစ်ပါတယ် ။ အဖြစ်အများဆုံးကတော့ primary ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်းမရှိပါဘူး ။ အသက်ကြီးတဲ့လူတွေမှာတော့ အမျှင်ဓါတ်စားသုံးမှု လျော့နည်းခြင်း ၊ ရေသောက် နည်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ၊ hypothyroidism နဲ့ကင်ဆာရောဂါတို့ဖြစ်ပါတယ် ။

၁ ။ Primary

Primary မှာတော့ ခြောက်လကျော်လောက်ထိ ၀မ်းချုပ်ခြင်းကို ခံစားရပြီး ဒါဟာ ဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်းမဟုတ်သလို ၊ ရောဂါတစ်ခုခုကြောင့်လည်းမဟုတ်ပါဘူး ။ ဗိုက်အောင့်ဗိုက် နာခြင်းလည်းမ ရှိတဲ့အတွက်ကြောင့် Irritable bowel syndrome နဲ့ခွဲခြားနိုင်ပါတယ် ။ ၀မ်းချုပ်ခြင်းရဲ့ common cause ဖြစ်ပါတယ် ။

၂ ။ အစားအသောက်

အမျှင်ဓါတ်စားတာနည်းတဲ့အတွက်ကြောင့် ၊ ရေသောက်တာနည်းတဲ့အတွက် ၊ အစားအစာ စားတာနည်းတဲ့အတွက် ၀မ်းချုပ်ခြင်းဖြစ်ရပါတယ် ။

၃ ။ ဆေးဝါးများ

ဆေးဝါးအများစုမှုာ ၀မ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးပါရှိကြပါတယ် ။ ဘာဆေးတွေလဲဆိုတော့ Opioids ( အကိုက် အခဲပျောက်ဆေးများ ) ၊ ဆီးဆေးများ ၊ စိတ်ကျရောဂါပျောက်ဆေးများ ၊ ယားယံခြင်းပျောက်သောဆေးများ ၊ ဗိုက်အောင့်ပျောက်ဆေးများ ၊ အတက်ကျဆေးများ ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ စသည်တို့ဖြစ်ပါတယ် ။

၎ ။ Metabolic and Muscular

အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်ဆီယမ်များခြင်း ၊ သိုင်းရိုက် ဟော်မုန်းနည်းခြင်း ၊ ဆီးချိုသွေးချို နဲ့ cystic fibrosis ၊ celiac disease စသည်တို့ဖြစ်ပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မလှုပ်ရှားနိုင်တဲ့လူတွေမှာ ၀မ်းချုပ်ခြင်း အဖြစ်များပါတယ် ။

၅ ။ စိတ်ရောဂါဆိုင်ရာ

နာကျင်မှုကို အလွန်အမင်းကြောက်ရွံ့သူများ ၊ လူစုလူဝေး လူထု နားနေခန်းများကို ကြောက်သူများ ၊ ပျင်းရိသူများ ဟာလည်း ငယ်စဉ်ကတည်းက ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေဖြစ်တတ်ပါတယ် ။

ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကုသမလဲ

တခါတခါမှာ ၀မ်းချုပ်ခြင်းကိုကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ် ။ ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ် ။ ရေများများသောက်ဖို့ လိုပြီး အမျှင်ဓါတ်အများကြီးပါတဲ့ အစားအ စာတွေစားဖို့လိုပါတယ် ။ မနက်စောစော ၀မ်းသွားတဲ့အကျင့် အိမ်သာ မှန်မှန်တက် တဲ့အကျင့် ကိုလည်းမွေး မြူဖို့လိုပါတယ် ။ ပုံမှန် ၀မ်းပျော့ဆေးတွေသုံးစွဲခြင်းက သိပ်တော့မကောင်းလှပါဘူး ။ ဘာလို့လည်း ဆိုတော့ ကျင်ကြီး စွန့်တဲ့အလေ့အထဟာ ကြာလာရင် အဲဒီဝမ်းပျော့ဆေးတွေအပေါ်မှာ တည်မှီလာမှာ ဖြစ်တဲ့အ တွက်ဖြစ်ပါတယ် ။ Mechanical stimulation အနေနဲ့ ၀မ်းချူဆေးလုံး Enemas ကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဒါပေမယ့်ပလည်း ၀မ်းချူဆေး လုံးဟာ အစာဟောင်းအိမ် ( rectum ) ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ် နဲ့အူလမ်းကြောင်း Intestinal tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး ။

ဝမ်းပျော့ဆေးမှာလည်းအ သုံးများတာက MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်ယ ။ဈေးသက်သာပြီး အန္တရာယ်မ ရှိတာကြောင့် လူသုံးများပါတယ် ။ MOM နဲ့မသက်သာမှသာလျှင် ခုနကပြောတဲ့ ၀မ်းချူဆေးလုံး stimulant တွေ ကိုသုံးသင့်ပါတယ် ။

အမျှင်တွေက ၀မ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေသလဲ



အမျှင်ဓါတ် Fiber တွေဟာ အပင်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေဟာ အစားအ စာတွေ ကိုစားသောက်ပြီးတဲ့အခါမှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာ ကျန်ရှိနေခဲ့ပါတယ် ။ အမျှင်တွေ ဟာ အရာဝထ္ထု တစ်ခုတည်းမဟုတ်ပဲ အစုအဝေးကြီးတစ်ခုသာလျှင်ဖြစ်ပါတယ် ။

အမျှင်မှာ soluble နဲ့ insoluble ဆိုပြီး ၂ မျိုးရှိပါတယ် ။ အစာအိမ်နဲ့အူလမ်းကြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် ဖိုက်ဘာ ၂ မျိုးစလုံး က မရှိမဖြစ်လိုအပ်ပါတယ် ။ ပျော်ဝင်နိုင်တဲ့ soluble fiber တွေဟာ သင့်ရဲ့ မစင် ထဲမှာ ရေတွေ ကို စိမ့်ဝင်စေပြီး ပျော့ပြောင်းစေပါတယ် ။ ဒီတော့ အူတွေကနေ စွန့်ထုတ်ရတာ လွယ်ကူသွားပါတယ် ။ မပျော်ဝင်နိုင်တဲ့ fiber တွေ ကတော့ မစင်တွေရဲ့ ပုံသဏ္ဍာန်ကိုပြောင်းလဲလိုက်ပြီး အလျှင်အမြန်စွန့်ထုတ်စေခြင်းအားဖြင့် သင့်ကို ၀မ်းချုပ်တဲ့ ခံစားချက်ကြီးကနေ လွတ်ကင်းစေမှာဖြစ်ပါတယ် ။ Virginia Commonwealth University Health Center in Richmond,Va မှ ဒါရိုက်တာ နဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Stephen Bickston က " အမျှင်ဓါတ် ပါတဲ့အစားအစာများများစားသုံးတဲ့လူတွေဟာ ၀မ်းချုပ်ခြင်းနည်းလေ့ရှိတယ် " လို့ပြောခဲ့ပါတယ် ။ American Dietetic Association ကတော့ အသက် ၁၉ နှစ်မှ ၅၀ အတွင်း အမျိုးသမီးတွေဟာ နေ့စဉ်အစားအသောက်ထဲမှာ ဖိုက်ဘာ ၂၅ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ယောင်္ကျားတွေကတော့အဲဒီအသက်အရွယ်အပိုင်းအခြားမှာ ၃၈ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ငါးဆယ်အထက် အမျိုးသမီးတွေကတော့ ၂၁ ဂရမ်စားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၃၀ ဂရမ်စား သုံးသင့်ပါတယ် ။ Dr.Bickston ညွှန်ပြခဲ့တာကတော့ အမေရိကန်တွေဟာ ပျမ်းမျှ တစ်နေ့ကို ဖိုက်ဘာ အမျှင် ဓါတ် ၁၃ ဂရမ်စားသုံးတယ်လို့ဆိုပါတယ် ။ ဒါဟာ သတ်မှတ်ထားတာကိုရောက်ဖို့ လိုပါသေးတယ်တဲ့ ။

အမျှင်ဓါတ်ပါတဲ့ အစားအစာ အများစုမှာ ဗီတာမင် သတ္တုဓါတ်တွေနဲ့ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ ရှိပါတယ် ။ အမျှင်ဓါတ်ပါသောအစားစာတွေကတော့

- သစ်သီးများ (သစ်တော်သီး ၊ ပန်းသီး ၊ လိမ္မော်သီး စသည် )
- အရွက်များ ( ဂေါ်ဖီ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ ၊ အာလူး ၊ ဖယုံ စသည်)
- ပဲအမျိုးမျိုး ၊ စားတော်ပဲ ၊ ပဲနီကလေး
- ဂျုံပေါင်မုန့် ၊ ဆန်ညို ၊ ဖွဲမှုန့် ၊ အုတ်ဂျုံမှုန့်
- နေကြာစေ့ ၊ မြေပဲ ၊ မက်မွန် ၊ သစ်ကြားသီး စသည်တို့ပဲဖြစ်ပါတယ် ။ ယခုနောက်ပိုင်းမှာ အမျှင် စားတာနည်း တဲ့သူတွေ အတွက် Ispaghula husk လို့ခေါ်တဲ့ Psyllium လို့ခေါ်တဲ့အပင်တစ်မျိုးကနေထုတ်လုပ်ထားတဲ့ အမျှင်ဖြည့် စွက် အမှုန့် လေးတွေ ဈေးကွက်ထဲဝင်ရောက်နေပြီဖြစ်ပါတယ် ။ တစ်ခါသောက်ရင်ရင် တစ်ထုပ်လုံး ကို ရေဖန် ထွက်ထဲ ထည့် မွှေနှောက်ပြီးသောက်သုံးနိုင်ပါတယ် ။

ဝမ်းချုပ်တဲ့လူတွေကိုအကြံပေးလိုတာကတော့

၁ ။ ရေများများသောက်ပါ ။ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံသောက်သုံးဖို့လိုပါတယ် ။
၂ ။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့လိုပါတယ် ။
၃ ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ ။
၎ ။ နေ့စဉ်ပုံမှန်ဝမ်းသွားတတ်တဲ့အလေ့အကျင့်ကိုမွေးမြူပါ ။
၅ ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ချပါ ။
၆ ။ ၀မ်းချုပ်တာ ရှည်ကြာနေပြီ ၊ ၀မ်းပျော့ဆေးတွေသောက်တာလည်းမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသ မှု ခံယူပါ ။
၇ ။ဝမ်းချုပ်စေတဲ့အစာတွေဖြစ်တဲ့ ကောက်ညှင်း စသည်တို့ကို လျော့စားပေးဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

Ref : http://en.wikipedia.org/wiki/Constipation
: http://www.everydayhealth.com/digestive-health/fiber-and-constipation.aspx

သက်တန့်ချို
25 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, July 23, 2011

ဆရာဦးခင်မောင်ဝင်း(အသည်း) နှင့် အတူဒိုက်ဦးမြို့နယ် Medical Tour

ပါမောက္ခ ဦးခင်မောင်ဝင်း (အသည်းအထူးကု ) ဦးဆောင်သော ဒိုက်ဦးမြို့နယ် အခမဲ့ ဆေးကုသရေးနှင့် ပြည့်သူ့ဘ၀လေ့လာရေး ခရီးစဉ်ပုံရိပ်များ

၂၀၁၁ ခုနှစ် ဂျူလိုင်လ ၁၉ ရက် အာဇာနည်နေ့ ။ မနက် ၃ နာရီခွဲခန့်မှာပင် မိုးက တဖြည်းဖြည်းနှင့် ဖွဲဖွဲလေး ရွာကျနေလေ ၏ ။ ဒီနေ့ခရီးစဉ်ရဲ့ စုရပ်က လမ်း၃၀ ဆေးခန်း မနက် ငါးနာရီ ဖြစ်တဲ့အတွက် အိမ်ကနေ မနက် ၃ နာရီခွဲ မှာ ထခဲ့ပါတယ် ။ လူက အိပ်ချင်မူးတူးနဲ့ ကားအမြန်ငှားပြီးလစ်ခဲ့ရတယ် ။ လမ်းတလျှောက်မှာ မိုးလေးတ ဖွဲဖွဲ နဲ့ ။ ငါးနာရီမထိုးခင်မှာ စုရပ်ကိုရောက်ရှိပြီး ကိုယ့် ဆီက အဖွဲ့သားတွေက ကြိုရောက်နှင့်လို့နေကြပါပြီ ။ မနက် ငါး နာရီခွဲကျော်ကျော်လောက်မှာ စုရပ်ကနေစတင်ထွက်ရှိခဲ့ပါတယ် ။ ဆေးကုမ္ပဏီတွေနဲ့ MRTV-4 က တစ်စီး ၊ ဆရာ ကြီးတွေက တစ်စီး ၊ တေးဂီတနဲ့ မီဒီယာတွေက တစ်စီး လမ်း၃၀ အဖွဲ့ သားတွေဟာလည်း အကျီင်္ အ၀ါလေးတွေ ဆင် တူနဲ့ Express ကားအသီးသီးမှာ နေရာယူပြီး ပျော်ရွှင်စွာ ထွက်ခွာခဲ့ကြပါတယ် ။



လှည်းကူးကျော်လာတော့ လမ်းတလျှောက်လယ်ကွင်းတွေနဲ့ ရိုးပြတ်တွေ ရေ ၀ပ်နေတဲ့ ရေကန် သင်းတွေ နဲ့ ကျေးလက် ရဲ့ ရနံ့ တချို့ကို ပြန်လည်ခံစားမိတယ် ။



ကားပေါ်မှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။း) ၀ါသနာ ၀ါသနာ :P



ပဲခူးမရောက်ခင်မှာပဲ ကျန်းမာရေးဆိုပြီး ခဏ နားပေး ပါတယ် ။ ၀ါသနာအရ ကားအောက်ဆင်းပြီး ဓါတ်ပုံရိုက်ခဲ့ပါသေးတယ် ။ ဒီလိုနဲ့ ခရီးဆက်ခဲ့ကြတာ မနက် ၉ ခွဲကျော်ကျော် ၁၀ နာရီလောက်မှာ ဒိုက်ဦးမြို့နယ် ကိုရောက်ခဲ့ပါတယ် ။ နေရာကတော့ ဧက ၁၀၀၀ ပိုင်ရှင် စေတနာရှင်တစ်ဦးရဲ့ company မှာဖြစ်ပါတယ် ။



စေတနာရှင်မိသားစုကနေပြီး အစားအသောက်နဲ့ ဧည့်ခံနေခြင်းဖြစ်ပါတယ် ။



မနက်စာကို လူတစ်ယောက်လျှင် အိုးဘဲဥ တစ်လုံးစီ နှင့်မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ ၊ ပုဇွန်ကြော် ၊ ငါးရံ့ခြောက် ဖုတ် စသည်တို့နဲ့ မနက်စာအဖြစ်ဧည့်ခံခဲ့ပါတယ် ။ အရမ်းစားလို့ ကောင်းတဲ့မနက်စာဖြစ်ပါတယ် ။ ကိုယ်ကပဲ ဗိုက်ဆာနေလို့လားမသိပါဘူ ။



ဆေးခန်းပြဖို့ စောင့်ဆိုင်းနေတဲ့ ဒိုက်ဦးမြို့နယ်ပရိတ်သတ်တွေဖြစ်ပါတယ် ။



တချို့ကလည်း ဆိုင်ကယ်တွေ နဲ့ တချို့ကလည်း ဆိုက်ကားတွေနဲ့ မိုးဖွဲဖွဲမှာ ဇွဲကောင်းကောင်းနဲ့ စောင့်ဆိုင်းနေကြတယ် ။




ဆရာဦးကိုကိုလည်း သူတာဝန်ကျရာ အခန်းလေးထဲက နေ ကျွန်တော့်ကို စကားလှမ်းပြောနေခြင်းဖြစ်ပါတယ် ။ လူနာတွေ များပြားလှတဲ့အတွက် ဆေးကုသနေတဲ့ပုံတွေတော့ မရိုက်ဖြစ်ခဲ့ပါဘူး ။ ဆီးချိုအထူးကု ၊ သားဖွား မီးယပ် ၊ သွား ၊ အထွေထွေ အထူးကု စသဖြင့် အထူးကုဆရာဝန်ကြီးတွေပါဝင်တဲ့ အခမဲ့ဆေးကုသရေးအဖွဲ့ရာ လူနာ အများ အပြားကို စေတနာအပြည့်နဲ့ ကြည့်ရှုကုသပေးခဲ့ပါတယ် ။



ဒါကတော့ မော်ဒယ် သန္တာလှိုင်တို့ မိသားစုဖြစ်ပါတယ် ။ အနီးကို သွားရိုက်ရမှာ လူတွေမတိုးချင်တဲ့အတွက် အဝေးကနေ ပဲ ရိုက်ခဲ့ပါတယ် ။ သန္တာလှိုင်ရဲ့ကလေးလေး ၂ ဦးက အရမ်းကိုချစ်ဖို့ကောင်းပါတယ်း)



ဆရာကြီး ဦးခင်မောင်ဝင်းနဲ့အတူ တစ်ဝိုင်းတည်းစားနေတဲ့ သန္တာလှိုင်တို့မိသားစုဖြစ်ပါတယ် ။ နောက်ကျောပေး ထားတဲ့ အင်္ကျီအမည်းနဲ့က သန္တာလှိုင်ဖြစ်ပါတယ် ။ ဘေးက သူ့ကလေး ၂ယောက်နဲ့ ခင်ပွန်းသည် ဖြစ်ပါတယ် ။



ဆေးကုသဖို့ နေရာယူစောင့်ဆိုင်းနေတဲ့ ဒိုက်ဦးမြို့နယ်သူ မြို့နယ်သားများဖြစ်ပါတယ် ။



လမ်း၃၀ ဆေးခန်းမှ နာ့စ်များနှင့်အကူများ ဆေးပေးဝေရေးအတွက် နေရာချနေခြင်းဖြစ်ပါတယ် ။



ဆရာကြီး ဦးခင်မောင်ဝင်း(အသည်း) ကို ကြိုဆိုထားတဲ့ဆိုင်းဘုတ်ဖြစ်ပါတယ် ။ ဒီလိုနဲ့ကျွန်တော်တို့လည်း လူများ လာ တာနဲ့ ဆေးကုတဲ့ တိုက်ကြီးဘေးမှာ ပြုလုပ်ထားတဲ့ စတိတ်ရှိုးဆီကိုထွက်ခဲ့ပါတယ် ။ ( ဆရာကြီးတွေမှာ assistant doctor လေးတွေ ပါလာတဲ့အတွက် ၀င်တော့မကူဖြစ်ခဲ့ပါဘူး ) အဲဒီမှာ Melody world မှာ ဆုရ ထား တဲ့ အဖွဲ့ တွေက လာရောက်ဖျော်ဖြေခဲ့ကြပါတယ် ။



2009 The best of Melody world ဆုရှင် နီနီခင်ဇော်မှ ဖျော်ဖြေနေပုံဖြစ်ပါတယ် ။



အသံကောင်းကောင်းနဲ့ မမောနိုင်မပန်းနိုင် ပရိတ်သတ်ကိုဖျော်ဖြေသွားပါတယ် ။ နောက်ပိုင်း ဆရာဝန်ဖြစ်တဲ့ အခါမှာ လည်း အခုလို နယ်လှည့်အခမဲ့ဆေးကုသပေးချင်ပါကြောင်း ပရိတ်သတ်အတွက်လည်း သီချင်းတွေ အမြဲသီဆို သွားမှာဖြစ်ကြောင်းပြောသွားပါတယ် ။



2009 The best of Melody world ဆုရှင်ရွှေရည် ဖြိုးမောင် မှ သီဆိုဖျော်ဖြေနေပုံဖြစ်ပါတယ် ။ တခြား Melody world အဖွဲ့ သား များလည်း အလှည့်ကိုယ်စီ ဖျော်ဖြေခဲ့ကြပါတယ် ။




၁၂ နာရီလောက်အထိဆေးကုသပြီးတဲ့အခါ ဗိုက်ကတော့ပြန်ဆာနေပါပြီ ။ ဒါပေမယ့် ပြည်သူ့ဘ၀ လေ့လာရေး ခရီးစဉ် အတွက် လှေတွေစီးပြီးသွားရဦးမှာဖြစ်ပါတယ် ။ အခုလို လှေကလေးတွေ ကိုယ်စီနဲ့ ခရီး ဆက်ခဲ့ကြ ရပါ တယ် ။ ဒရယ်မီးချောင်း လို့ခေါ်တွင်ပြီး တကယ့်ကျေးလက် အတိုင်းပါပဲ ။



အော်အော်... ရန်ကုန်က လူတွေကို အားပေးတဲ့ ဒိုက်ဦးမြို့နယ်ကပရိတ်သတ်ကလည်း ကမ်းလုံးကျွတ်ပါပဲခင်ဗျ ။ အားလုံး တန်းစီလို့ သူတို့စိတ်ထဲတော့ ဒီလူတွေ လှေမစီးဖူးလို့များလားလို့ တွေးနေမလားမသိပါဘူး ။ :)



ဒါကတော့ ကျွန်တော်ရှိနေတဲ့လှေကလေးဖြစ်ပါတယ် ။ လူဆယ်ယောက်လောက်ပဲဆန့်ပါတယ် ။



တစ်ဖက်လှေကိုလည်းအခုလို လှမ်းမြင်ရပါသေးတယ် ။



လှေကလေးတွေကိုယ်စီနဲ့ ခရီးဆက်ကြမည် ။း)



မိုးကလည်းရွာချလေတော့ ထီးလေးတွေကိုယ်စီနဲ့ အခုလို ဖြစ်သွားရပါတယ် ။



ကဲ အိုက်တင်ခံမယ် ဟိဟိ (ပဲများနေတာ ) လှေကို မကွေ့ခင် မိုးလေကင်းလွတ်တဲ့ တံတားအောက်မှာ ဖျက်ကနဲ တစ်ပုံရိုက်လိုက်သေးတယ် :P



မြင်ကွင်းက လှတောင်လှသေးရဲ့ ။




ပြည်သူ့ဘ၀လေ့လာရေးဆိုတဲ့အတိုင်း အပစ်ပြောစရာအချက်ကလေးတွေ အမြင် မတော်တာလေးတွေ တွေ့ခဲ့ ရသေး တယ် ။ ချောင်းဖက်ကို အိမ်သာ ပိုက်တွေ ချထားတဲ့ကိစ္စပေါ့ ။ တစ်ဖက်မှာကလေးတွေက ဒိုင်ဗင် ထိုးနေကြတယ် ။ တစ်ဖက်မှာ အိမ်သာလေးတွေက တန်းစီလို့ ချောင်းထဲမှာ ပိုက်လေးတွေတန်းလန်းနဲ့ ။ နိုင်ငံခြား သားတွေ မြင်ရင်ကိုယ့်နိုင်ငံကို အထင်သေးစရာပါပဲ ။ ဒါလေးတွေတော့ ကျန်းမာရေးရှုထောင့် ကနေပဲကြည့်ကြည့် ပြင်ဆင်သင့်ပြီး အမြင်မတော်ဘူးလို့ ပြောချင်ပါတယ်ခင်ဗျ ။



ကောင်းကင်က အရမ်းကိုအုံ့မှိုင်းမဲညို့လာပါတယ် ။ မကြာခင်ပဲ မိုးက သည်းသည်း မည်းမည်းရွာ ချလာပါတော့ တယ် ။ မိုးရွာလာတော့ လှေပေါ်မှာ ဓါတ်ပုံလည်းဆက်ရိုက်လို့မရတော့ပါဘူး ။



ကျေးလက်ပြည်သူတွေအနေနဲ့ ကျန်းမာရေးဗဟုသုတတွေပြည့်ဝနေဖို့ ကျွန်တော်တို့မှာ အများကြီးတာဝန် ရှိနေသေး တယ်လို့ ခံစားခဲ့ရတယ် ။



ဒါကတော့ ကျွန်တော်တို့ကို ဧည့်ခံမယ့် Floating Stadium ပါပဲ ။ ရေပေါ်မှာတဲဝိုင်းကြီးတွေထိုးထားတာပါ ။ ကမ်းပေါ်တက်တော့ ရွှံ့တွေပေါ် ဖိနပ်ချွတ်ပြီးတက်ခဲ့ကြရတယ် ။



အထဲမှာတော့ စားပွဲဝိုင်းတွေ နဲ့ဆောင်ဗောက်တွေနဲ့ သေချာ ပြင်ဆင်ထားခဲ့တာပါ ။



ကျွန်တော်တို့ အဖွဲံသားတွေနဲ့အတူဖြစ်ပါတယ် ။



ကြိုဆိုရေးအဖွဲ့ကလည်း အခုလို အားပါးတရ အိုးစည်ဒိုးပတ်တွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ် ။



ဆရာဦးခင်မောင်ဝင်း နှင့်အမှတ်တရ ။


သက်တန့်ချို ၊ကိုပြည့်ဖြိုးအောင် ၊ ဦးခင်မောင်ဝင်း (အသည်း အထူးကု) ၊ မယဉ်ယဉ်မိုး ၊ မမာလာမြင့် ။



ပုဇွန်ထုပ်နဲ့ ငါးကင်တွေ အလျှံပယ်အောင်စားခဲ့ကြရပါတယ် ။



ဘဲကင် ၊ ၀က်သားပေါင်း ၊ တာလပေါဟင်းရည် ၊ ထမင်း ၊ ငါးချဉ်သုပ် စသဖြင့် အမျိုးစုံလင်လှပါတယ် ။



ကျွန်တော်တို့အဖွဲ့ စားသောက်နေပုံဖြစ်ပါတယ် ။ အရိုးတောင်မကျန်ပါဘူး ။ လက်စွမ်းပြပုံက :P



ဒါကတော့ ကျွန်တော်တို့ ဘေးဝိုင်းက Melody world အဖွဲ့ သူအဖွဲ့သားများပဲဖြစ်ပါတယ် ။

အဲဒီမှာ သီချင်းတွေဆိုကြ ပျော်ကြပါးကြနဲ့ ပြည်သူတွေနဲ့အတူ စိတ်လက်တို့ ပေါ့ပါးလန်းဆန်းခဲ့ရပါတယ် ။ အမှတ် တ ရ မမေ့နိုင်စ ရာ ခရီးစဉ်လေးတစ်ခုအဖြစ် ရင်ထဲမှာ အမြဲ ထင်ကျန်နေရစ်မှာဖြစ်ပါတယ် ။

သက်တန့်ချို
19 July 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 22, 2011

ဖောလစ်အက်ဆစ်အကြောင်း

ဖောလစ်အက်ဆစ်အကြောင်း



ဖောလစ်အက်ဆစ်ကို vitamin B9 (သို့မဟုတ်) Vitamin Bc , folacin နဲ့ folate လို့ လည်းခေါ်တွင်ပါတယ် ။ ရေ မှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီနိုင်းဖြစ်ပြီး pteroyl-L-glutamic acid , pteroyl-L-glutamate နဲ့ pteroylmonoglutamic acid ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ ဇီဝနည်းအရ သူ့ဘာသာသူ active မဖြစ်ပါဘူး ။ ဒါပေမယ့်လည်း tetrahydrofolate နဲ့ အသည်းထဲမှာ dihydrofolic acid အဖြစ်ပြောင်း သွားနိုင်ခြင်း က အလွန်ကို အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ လူ့ခန္ဓာကိုယ်က များပြား လှတဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာ တစ်ခုဖြစ်ပါတယ် ။ လူ့ခန္ဓာကိုယ် ဟာ ဒီအန်အေ တွေ ထုတ်လုပ်ဖို့ ပြုပြင်ဖို့ အတွက် folate ကိုလိုအပ်ပါတယ် ။ ဆဲလ်တွေ ပွားများဖို့ ၊ ကြီးထွားဖို့ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာလည်း အထူးလိုအပ်ပြီး အချို့သော ကင်ဆာရော ဂါတွေမှာ အစာစားခြင်း တာဝန်ကို ထမ်းဆောင်ပေးပြန်ပါတယ် ။ သဘာဝ folate တွေအများအပြားပါဝင်တဲ့ သာမန် အစားအစာတွေဟာကင်ဆာ ဖြစ်ပွားနိုင်မှုကို လျော့ကျစေနိုင်ပါတယ် ။ ဒါပေမယ့် တွေ့ရှိချက် ကွဲပြား မှုတွေကတော့ သောက်ဆေးတွေမှာ folate တွေအများကြီးပါဝင်နေခြင်းဟာ အချို့သော ကင်ဆာတွေဖြစ် ပွားမှု ကို အားပေးစေနိုင်ပါတယ်လို့ ဆိုပြန်ပါတယ် ။ ဒါပေမယ့်လည်း ကလေးတွေနဲ့ အရွယ်ရောက်စ လူငယ်တွေမှာ ကျန်းမာတဲ့ သွေးနီဥတွေထုတ်လုပ်ဖို့အတွက် folic acid ကို လိုအပ်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင် ပါတယ် ။

Foate နဲ့ folic acid ဟာ တကယ်တော့ Latin နာမည်တစ်မျိုးဖြစ်တဲ့ folium ကနေဆင်းသက်လာတာပါ ။ အဓိပ္ပါယ် ကတော့ သစ်ရွက်လို့ ခေါ်ပါတယ် ။ သစ်သီးသစ်ရွက်တွေနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေဟာ ပြီးပြည့်စုံ တဲ့ dietary source တစ်ခုပဲဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်တွေ လျော့နည်းနေရင် folate deifciency ဖြစ်နိုင်ပြီး သာမန် western diets တွေမှာတော့ ဖြစ်လေ့မရှိပါဘူး ။ ဖောလစ်တွေ ချို့ယွင်းနေပေ မယ့်လည်း ၄ လလောက်ထိ မသိသာနိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ လူရဲ့ခန္ဓာကိုယ်ထဲမှာ ဖောလစ် အက်ဆစ် 500-20 000 mcg သိုလှောင်ထားတဲ့အတွက်ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ များ စွာသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် ။ မှတ်သားဖွယ်ကောင်းတဲ့အရာကတော့ သန္ဓေသားမှာ neural tube defects တွေဖြစ်စေနိုင်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ ၀မ်းသွားခြင်း ၊ သွေးအား နည်းရော ဂါ ၊ အားနည်းခြင်း ၊ အသက်ရှုခက်ခဲခြင်း ၊ အာရုံကြောအားနည်းခြင်းနဲ့ ခြေလက်များထုံကျင်ခြင်း (peripheral neuropathy ) တို့ကိုဖြစ်စေနိုင်ပါတယ် ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန် ဆိုးကျိုးနှင့်ပြဿနာများ ၊ သတိ လစ်ခြင်း ၊ အာရုံထွေပြားခြင်း ၊ စိတ်ကျရောဂါ ၊ လျှာ ရောင်ခြင်း ၊ အစာအိမ်နှင့် ပါးစပ်အနာများဖြစ်ခြင်း ၊ ခေါင်း ကိုက်ခြင်း ၊ ရင်တုန်ခြင်း ၊ ဂဏာမငြိမ်ဖြစ်ခြင်းနဲ့ အမူအယာပိုင်းဆိုင်ရာ ပြဿနာ များဖြစ်စေနိုင်ပါတယ် ။

Folate ပမာဏ နည်းပါးခြင်းဟာ homocystenine လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးစုံပုံခြင်းကိုဖြစ်စေပါတယ် ။ ဒါ့အပြင် ဒီအန်အေတွေထုတ်လုပ်ခြင်းနဲ့ ပြုပြင်ခြင်းတွေမှာလည်း ချို့ယွင်းသွားပြီး ကင်ဆာ ဖြစ်ပွားမှုကို ဦးတည်စေ ပါတယ် ။ ဒါပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါ (IHD) ရှိသူတွေမှာ ဖော လစ်အက်ဆစ်တွေ အများ အပြားသောက်သုံးရင်တော့ ကင်ဆာ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေ ပါတယ် ။ အသက် ၁၉ နှစ်ကျော် လူငယ်တွေမှာ နေ့စဉ်ဖောလစ်အက်ဆစ် ၁၀၀၀ မိုက်ခရိုဂရမ်လိုအပ်ပြီး မွေးကင်းစကလေးငယ် ၆ လအထိ ကတော့ နေ့စသ် ၆၅ မိုက်ခရိုဂရမ်လိုအပ်ပါတယ် ။ ကိုယ်ဆောင်သည်တွေမှာတော့၈၀၀ မှ ၁၀၀၀ မိုက်ခရို ဂရမ်အထိလိုအပ်ပါတယ် ။

ဖောလစ်အက်ဆစ်ကိုဘယ်နေရာတွေက ရနိုင်သလဲ ?



ဖောလစ်အက်ဆစ်တွေအများကြီးပါဝင်တဲ့အစားအစာတွေကတော့
- ဒေါက်ခွ ( spinach) , ကညွှတ် ၊ ခါးဥဖြူ ၊ တရုတ်မုန်လာစသော ဟင်းရွက်များ
- ပဲခြောက် ၊ ပဲစို ၊ ပဲတောင့် ၊ ပဲစေ့ ၊ ပဲပင်နှင့် ပဲနီကလေး
- ဥ အမျိုးမျိုးမှ အနှစ်များ
- Baker's yeast
- ခေါက်ဆွဲခြောက် ၊ နှံစားပင် ၊ ကောက်နှံပင် နဲ့ အသင့်လုပ် နံနက်စာ cereal တွေမှာ ဖောလစ် အက်ဆစ် ၂၅ % မှ ၁၀၀% အထိပါဝင်ပါတယ် ။
- နေကြာစေ့
- အသည်း ( folate တွေအများကြီးပါဝင်ပါတယ် )
- ကျောက်ကပ် စသည်တို့ဖြစ်ပါတယ် ။



ဒါ့အပြင်ဖောလစ်အက်ဆစ် အတန်အတင့်ပါဝင်တဲ့အစားအစာတွေကတော့ လိမ္မော်ဖျော်ရည် ၊ နာနတ်သီး ၊ စပျစ်သီး ၊ ငှက်ပျော်သီး ၊ respberry သီး ၊ ရှောက်ခါးသီး နဲ့ အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ ၊ ဂျုံ ၊ ပြောင်း ၊ အာလူး ၊ ခရမ်းချဉ်သီး ၊ ဆလတ်ရွက် ၊ ဂေါ်ဖီထုပ် နဲ့ ဘီယာ စသည်တို့ဖြစ်ပါတယ် ။ ဘယ်အစား အစာတွေက ဘယ်လောက်ထိအတိအကျပါသလဲဆိုတာကိုတော့ USDA National Nutrient Database for Standard Reference မှာ ကြည့်နိုင်ပါတယ် ။ အချို့နိုင်ငံတွေမှာ ဂျုံ ၊ စပါးစတဲ့ထုတ်ကုန်တွေမှာ ဖောလစ်အက်ဆစ်ကို ထည့် သွင်းကြပြီး ဒီလိုတိုင်းပြည်တွေမှာ လူထုရဲ့ ဖောလစ်အက်ဆစ်လိုအပ်ချက်ကို လုံလောက်စွာ ရရှိကြပါတယ် ။ DEF ဆိုတာဟာ dietary folate equivalent system ကို ရည်ညွှန်းပါတယ် ။ DEF ရဲ့သတ်မှတ်ချက်အရ စားအသောက်တွေရဲ့ ဖောလစ်အက်ဆစ်ဟာ 1 mcg ဖြစ်ပြီး သောက်ဆေးတွေမှာ ပါဝင်တဲ့ ဖောလစ် အက်ဆစ် ဟာ 0.6 mcg ဖြစ်ပါတယ် ။ အစာမစားထားတဲ့ အချိန်ဒီ supplement ကိုသောက်မယ်ဆိုရင်တော့ folic acid ဟာ စုပ်ယူနိုင်မှု 0.5mcg ထိလျော့ကျသွားပါတယ် ။ သဘာဝအတိုင်း အစားအစာတွေ မှာပါဝင်တဲ့ ဖော လစ်အက် ဆစ်ဟာ အပူချိန်အမြင့်နဲ့ UV light ကို ခံနိုင်ရည်မရှိပဲ ရေမှာပျော်ဝင်ပါတယ် ။ အချို့ အစားအစာ အစား ထိုး ထုတ်ကုန်တွေမှာ ပါဝင်တဲ့ folate ဟာ RDA ( recommended daily allowance ) အရသတ် မှတ်ထား တဲ့ folate ကို လိုက်မှီနိုင်ခြင်းမရှိပါဘူး ။

ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်မျှတတဲ့ folate ကိုသောက်သုံးခြင်းဟာ သန္ဓေသားမူမမှန်ဖွံ့ဖြိုးခြင်းကို ကာ ကွယ်ပေးနိုင်ပါတယ် ။ အထူးသဖြင့် Neural tube defects တွေဖြစ် ပြီး ဖောလစ် ချို့တဲံ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မွေးရာပါချို့ယွင်းချက်များဖြစ်ပါတယ် ။ Neural tube defects ဆိုတာ ဟာ ကျောရိုး ၊ ဦးခေါင်း ခွံနဲ့ဦးနှောက်တို့မှာ ပုံသဏ္ဍာန်မမှန်တဲ့ ဖွံဖြိုးမှုတွေဖြစ်စေပြီး spina bifida , anencephaly တို့ကိုဖြစ်စေနိုင် ပါတယ် ။



အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် ပထမ လ အတွင်းမှာ ဖောလစ် အက်ဆစ် ချို့တဲ့ခြင်း ၊ စားတဲ့စား အသောက်တွေ မှာလည်း ဖောလစ်အက်ဆစ်လုံလုံလောက်လောက်ပါဝင်ခဲ့ရင် Neural tube defects တွေ ဖြစ်နိုင် ပါတယ် ။ ဒါကြောင့် ဖောလစ်အက်ဆစ်ပါဝင်တဲ့ကိုယ်ဝန်ဆောင်အားဆေး ၊ သောက်ဆေးတွေ ဟာ မွေး ရာ ပါချို့ယွင်းချက်တွေဖြစ်တဲ့ မွေးရာပါ နှလုံးရောဂါ Congenital heart disease နဲ့ နှုတ်ခမ်း ကွဲရောဂါ cleft lips တို့ကိုကာကွယ်ပေးနိုင်ပါတယ် ။ ဒါ့အပြင်ခြေချောင်းလက်ချောင်းမူမမှန်တာတွေနဲ့ ဆီးလမ်းကြောင်း ပုံသဏ္ဍန်မ မှန်တာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန် မှာ ဖောလစ်အက်ဆစ်ချို့တဲ့ ရင်တော့ နေ့ မစေ့ လမစေ့ပဲ ကလေးမွေးခြင်း Preterm deliver နဲ့ ပေါင်မစေ့ပဲမွေးခြင်း Low birth weight တို့ကိုဖြစ်နိုင်ပြီး ကလေးကြီးထွားမှုနှုန်းကိုလည်းလျော့နည်းစေပါတယ် ။ ဒါ့အပြင် ဖောလစ်အက် ဆစ်လျော့နည်း ရင် သွေးထဲမှာ homocysteine level များလာပြီး ဒီလိုများလာခြင်းဟာ ကိုယ်ဝန်ကို ဆက်တိုက်ပျက်ကျစေနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်ပြဿနာတွေဖြစ်တဲ့ အချင်းကွာခြင်း ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း ( pre-eclampsia ) တို့ကိုဖြစ်စေနိုင် ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဖောလစ်အက်ဆစ်မှန်မှန်သောက်သုံးဖို့ နဲ့ ဖောလစ်အက်ဆစ်ပါဝင်တဲ့စအားစာတွေ စားသုံးဖို့ အတွက် ကျန်းမာရေးအသိပညာပေးဖို့ လိုအပ်ပါတယ် ။ အနည်းဆုံး 400 mcg လောက်ပါဝင်တဲ့ အစားအစာတွေ သောက်ဆေးတွေ သောက်သုံးဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်သောက်သုံးခြင်းဟာ ကလေးငယ်ကို ရောဂါတွေကနေ ကာ ကွယ်ပေးနိုင် ယုံသာမကပဲ ရောဂါရှိနေတဲ့မိခင်တွေ ၊ ဆေးတွေသောက်နေ ရတဲ့မိခင်တွေနဲ့ ဆေး လိပ်သောက် မိခင်တွေကိုပါ ပြဿနာဖြစ်ပွားနိုင် မှု လျော့ နည်းစေနိုင် ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ သုတ်ကောင်တွေ မှာ ဖြစ်တတ်တတဲ့ ခရိုမုန်ဆုန်း ချို့ယွင်းချက်တွေကိုလည်း လျော့နည်းစေပါတယ် ။ ဖောလစ် အက် ဆစ်က ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေကတော့

- နှလုံးသွေးကြောကျဉ်းရောဂါ
- လေဖြတ်ခြင်း
- ကင်ဆာရောဂါ
- အ၀လွန်ရောဂါ
- စိတ်ကျရောဂါ
- ဦးနှောက်မှတ်ဥာဏ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ
- ထင်ရောင်ထင်မှားဖြစ်ခြင်း
- ဓါတ်မတည်းခြင်းများ (allergy)
- လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ
- မျိုးမပွားနိုင်ခြင်း
- ကျောက်ကပ်ရောဂါ
- ဆီးချိုသွေးချိုရောဂါ
- မီးယပ်သွေးဆုံးရောဂါ
- ရောဂါပိုးများ ၀င်ရောက်ခြင်း ( infectious disease)
- ပါကင်ဆန်ရောဂါတွင် အရိုးဆုံးရှုံးခြင်း
- အရေပြားရောဂါများ
- B12 deficiency စသည်တို့ပဲဖြစ်ပါတယ် ။

ပြည်သူလူထုနဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖောလစ်အက်ဆစ် အကြောင်းကို ဗဟုသုတရ ရှိကြပြီး ဖော လစ် အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါများကို ကာကွယ်နိုင်ကြပါစေ ။

သက်တန့်ချို
22 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................