Friday, September 29, 2017

ဘယ်သူက ပိုအရေးကြီးသလဲ


 သင့်မှာ ရန်သူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကိုချစ်ခင်သူတွေကို ပိုတန်ဖိုးထားတတ်လာလို့ ။

သင့်ကို မနာလိုသူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကို အားကျသူတွေကို ပိုဂရုစိုက်လာတတ်လို့ ။

သင့်ကို စွန့်လွှတ်သူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကို မစွန့်လွှတ်နိုင်တဲ့သူတွေကို ပိုင်ဆိုင်လာရလို့ ။

သင့်ကို ချောက်တွန်းတဲ့လူတွေရှိနေတာ
ကျေးဇူးတင်စရာကောင်းပါတယ်
သူတို့ကြောင့်
သင့်ကို ကယ်တင်မဲ့သူတွေနဲ့ ဆုံတွေ့ခွင့်ရနိုင်လို့ ။

ဘယ်သူက သင့်ကို အဆိုးတွေဖြစ်စေသလဲ
ဘယ်သူက သင့်ကို ရှုံးနိမ့်စေခဲ့သလဲဆိုတာ အရေးမကြီးပါဘူး

ဘယ်သူက သင့်ကို အကောင်းတွေဖြစ်စေသလဲ
ဘယ်သူက သင့်ကို ကယ်တင်တဲ့သူလဲဆိုတာ ပိုအရေးကြီးပါတယ် ။

သက်တန့်ချို
29-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 28, 2017

အလွမ်းဗေဒ (Poem )

အလွမ်းဗေဒ

ငါ့ရဲ့ ချစ်ခြင်းမေတ္တာမှာ
နက်နဲသော သံယောဇဉ်တွေပျိုး
အလွမ်းမိုးတွေနေ့စဉ်ရွာတယ် ။

အချစ်ရယ် ...
ဝေးကွာသော ကမ္ဘာနှစ်ဖက်မှာ
သတိရခြင်းဆိုတာ ဘယ်လို ခက်ဆစ်မျိုးလဲ
ကိုယ်ပိုင်ဆိုင်သော ဆုတောင်းခြင်းဆိုတာ
နင် .. နေ့စဉ် ကျန်းမာ .. ချမ်းသာခြင်းတွေပါ ။

အများကြီးပါ . . .
တကယ်ဆိုရင် နင်နဲ့ငါ့ကြားထဲက လေဟာနယ်ဆိုတာ
နာကျင်စရာကောင်းတဲ့ တေးတစ်ပုဒ်လို
ငါဟာ ဥပက္ခာ ပြုခြင်းကို ဆွံ့အခဲ့ရ
ငါဟာ အမုန်းတချို့ကို ဆွံ့အခဲ့ရ
ငါဟာ သွေဖယ်ခြင်းတချို့ကို ဆွံ့အခဲ့ရ
ဒီလိုနဲ့  . . .
ပန်းချီကားတစ်ချပ်ဟာ မှုန်ဝါးပျောက်ကွယ်သွားတော့မလို ။

အလွမ်းဗေဒ မှာ
ငါဟာ အမှတ်ပြည့်လွန်းသူဖြစ်ခဲ့ရ
သံယောဇဉ်တွေနက်ခဲ့ရတယ်ဆိုတာ
နင့်အပေါ်ထားတဲ့ ငါ့ရဲ့ အဖြူရောင်အိပ်မက်တွေပါ ။

တကယ်တော့ . . .
လေတိုးသံလေး တစ်ခုသက်သက်ပါ ။

မိုင်ပေါင်း ၁၀၀၀ မက ဝေးသွားတဲ့အခါ
ငါ ပျိုးခဲ့တဲ့ ပန်းဥယျာဉ်မှာ
ဘယ်လို အလွမ်းတွေ ပွင့်ကြဦးမလဲ
နင်ဝေခဲ့တဲ့ ပင့်သက်အချို့မှာ
ငါ့အပေါ်နာကျည်းခြင်းတွေမပါပါစေနဲ့
ဆောင်းအတု နဲ့ညနက်တွေထဲ
ငါ မသေဆုံးခဲ့ချင်လို့ပါ ။

ငါကလည်း ငါပါပဲ
အမှားအယွင်းတွေကို ခံတပ်လုပ်
အားနည်းချက်တွေနဲ့ တိုက်ပွဲ ၀င်ခဲ့ရ
အတိတ်တွေဝေးသွား
အနာဂါတ်တွေဝေးသွား
ပစ္စုပ္ပန်တွေဝေးသွား
ဒါဟာ ဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်တဲ့လား ကွယ် ။

အာမခံချက်မရှိတဲ့မနက်ဖြန်ကိုပဲ
ငါတို့မျှော်လင့်အသက်ရှင်ခဲ့ကြရ
နေ့ရက်တိုင်း အရောင်မစုံလင်ပေမယ့်
နှစ်တွေကြာလာတဲ့အခါ  . . .
အလွမ်းတွေဟာ သစ်ပင်တွေဖြစ်လာတယ်
သတိရခြင်းတွေဟာ ပင်လယ်တွေဖြစ်လာတယ်
အသက်ရှုနေတဲ့စက္ကန့်တိုင်းဟာ
နင့်အတွက် .. ငါ့ရဲ့
ချစ်ခြင်းတရားတွေ ဖြစ်ခဲ့ရပေါ့ကွယ် ။

သက်တန့်ချို
28 Sept-2017 #ttcpoems


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 26, 2017

စိတ်ဓါတ်ကျနေတဲ့အခါ .. ဒီစာစုလေးတွေဖတ်ကြည့်ပါ





- ဘ၀မှာ ဘာစိန်ခေါ်မှ မရှိခဲ့ရင် သင်လည်း ဘာမှပြောင်းလဲမှာမဟုတ်ဘူး

- ခုနှစ်ကြိမ်မြောက်လဲကျခဲ့ရင် ရှစ်ကြိမ်မြောက် ပြန်ထ ဖို့က သင့်တာဝန်ပါ

- နေ့စဉ်အနည်းငယ်မျှ ပြောင်းလဲကြည့်ပါ .. တစ်ချိန်မှာ ကြီးမားတဲ့အဖြေတစ်ခုကိုသင်တွေ့ရမှာပါ

- ခက်ခဲမှုတွေအားလုံးက လှပတဲ့ လမ်းဆီဦးတည်နေတာကို သင်သိပါသလား

- သိုးတစ်ကောင်လို နှစ် ၁၀၀ နေရတာထက်စာရင် ခြင်္သေ့တစ်ကောင်လို တစ်ရက် ရှင်သန်ရတာက ပိုရဲရင့်ပါတယ်

- ဘ၀ထဲကို တန်ဖိုးမရှိပဲ လွယ်လွယ်ရောက်လာတဲ့အရာတွေဟာ လွယ်လွယ်ပဲပြန်ထွက်သွားလေ့ရှိတယ်

- ဘယ်သူမှ မယုံဘူးဆိုရင်တောင် သင့်ကိုယ်သင် ယုံနေဖို့တော့လိုတယ် သင်ဘာလုပ်နိုင်သလဲဆိုတာကိုပေါ့ ။

သက်တန့်ချို
26-Sept 2017 #ttcdailyquotes #ttcmotivation
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 25, 2017

အောင်မြင်ခြင်းကျဆုံးခြင်းဆိုတာ နေ့နဲ့ညလိုပါပဲ


 တစ်ခုခုကို လုပ်မိလိုက်လို့
ဆုံးရှုံးသွားတာက ဖြေသာပါတယ်
ဘာမှ မလုပ်လိုက်ရပဲ
အချိန်တွေကုန်နေတာထက်စာရင် ပေါ့ ။

အမှားနဲ့ မကင်းတဲ့လူ့ဘ၀ကြီးမှာ
မှန်တွေချည်း ရွေးလုပ်ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး ။

အောင်မြင်ခြင်း ကျဆုံးခြင်းဆိုတာ
ဘ၀ကို ဖြတ်သန်းနေသူတွေအဖို့
နေ့ နဲ့ ညလိုပါပဲ

အရာရာကို ကြံ့ကြံ့ခံ အံတုရင်းနဲ့ပဲ
တစ်နေ့တော့
ကိုယ်မျှော်လင့်တဲ့ နေရာတစ်ခုကို မလွဲမသေ ရောက်လာမှာပါ ။

သက်တန့်ချို
25-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 23, 2017

ယုံယုံကြည်ကြည်နဲ့အခွင့်အရေးပေးလိုက်ပါ

လူတစ်ယောက်ကို အရမ်းချစ်တယ်ဆိုရင်
သူပြောတာတွေ ယုံကြည်ပေးလိုက်ပါ

လူတစ်ယောက်ကို အရမ်းသံယောဇဉ်ရှိတယ်ဆိုရင်
သူလုပ်တာတွေ လက်ခံပေးလိုက်ပါ

လူတစ်ယောက်ကို  အရမ်း မေတ္တာရှိတယ်ဆိုရင်
သူ့အားနည်းချက်တွေကို ဖေးမကူညီပေးပါ

" သံယောဇဉ်ကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့
ချစ်ခြင်းတရားဆိုတာ ...
အားနည်းချက်တွေနဲ့လူတစ်ယောက်ကို
ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးပေး ကူညီခြင်းပါပဲ "

သင့်မှာ ယုံကြည်ချက်ရှိတယ်ဆိုရင်
အရာရာဟာ အကောင်းဖက်ကို ပြောင်းလဲလာမှာပါ ။

သက်တန့်ချို
23-Sept 2017 #ttcdailyquotes

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Forgive me

ကိုယ့်အမှားကြောင့် သူတစ်ပါးခွင့်မလွှတ်နိုင်တော့ဘူးဆိုရင်

- ကိုယ့်ကိုယ်ကို အရင်ပြုပြင်ပါ
- ကိုယ့်ဆီမှာဖြစ်ပေါ်လာတဲ့ နောင်တ တရားကိုလက်ခံပါ
- တစ်ဖက်သားရဲ့ ခွင့်လွှတ်ခြင်းကိုအကြိမ်ကြိမ်တောင်းခံရယူပါ

ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်ခြင်းကို မရတော့ဘူးဆိုရင်တော့
ဒါဟာ သင်ရရှိတဲ့ အမှားတွေရဲ့ သေရာပါ နောင်တတွေပါပဲ ။

အခွင့်အရေးဆိုတာ အကြိမ်တိုင်းမရနိုင်ဘူးဆိုပေမယ့်
သင် ဘာမှ မကြိုးစားရင်တော့ ...
ဘာအခွင့်အရေးမှ လည်း ရလာမှာမဟုတ်ဘူး ။

သက်တန့်ချို
23- Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 22, 2017

ဥပက္ခာပြုခြင်းနဲ့အတူ စွန့်လွှတ်လိုက်ပါ

တစ်ကြိမ် လိမ်ဖူးတဲ့သူကို
ခွင့်လွှတ်လိုက်ပါ
အမှားနဲ့ကင်းတဲ့လူဆိုတာ မရှိလို့ပါ ။

နှစ်ကြိမ်လိမ်ဖူးတဲ့လူကို
နားလည်ပေးလိုက်ပါ
ကိုယ့်ကို လိမ်မှဖြစ်မယ့်အကြောင်းပြချက်
ရှိကောင်းရှိနိုင်လို့ပါ ။

အကြိမ်ကြိမ်လိမ်ဖူးတဲ့လူကို တော့
ဥပက္ခာပြုခြင်းနဲ့အတူ စွန့်လွှတ်လိုက်ပါ
ဘာကြောင့်လည်းဆိုတော့
သင့်ကို နောက်တစ်ကြိမ်ထပ်လိမ်နေဦးမှာမို့လို့ပဲ ။

အမှားဆိုတာ ပြင်ရလွယ်တယ်ဆိုပေမယ့်
ကိုယ်မှားလို့ မှားမှန်းမသိတာ အဆိုးဆုံးပဲ ။

သက်တန့်ချို
22-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 21, 2017

Action-Reaction


လူတစ်ဖက်သားကို အမှားလုပ်မိတယ်ဆိုရင်
အဲ့ဒီအမှားရဲ့ နောင်တတရားကို သင်ခံစားရမယ်

လူတစ်ဖက်သားကို နာကျင်စေခဲ့တယ်ဆိုရင်
ထပ်တူညီသော နာကျင်ခြင်းကို သင်လည်းခံစားရမယ်

လူတစ်ဖက်သားကို ပူလောင်စေခဲ့တယ်ဆိုရင်
အေးချမ်းခြင်းရဲ့ အဓိပ္ပါယ်ကို သင်စွန့်လွှတ်ရမယ်

လောကကြီးမှာ ဘယ်လို အရာဖြစ်ဖြစ်
ကိုယ်လုပ်ခဲ့သမျှ ကိုယ့်ဆီကို တနည်းနည်းနဲ့
ပြန်လည်ရိုက်ခတ်စေတာပါပဲ ။

သက်တန့်ချို
21-Sept 2017 #ttcdailyquotes
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 20, 2017

မှားတဲ့သူက ခေါင်းငုံ့ရစမြဲပါပဲ

လောကကြီးမှာ
မှန်တဲ့လူက ခေါင်းမော့နေရပြီး
မှားတဲ့လူက ခေါင်းငုံ့နေရတယ်ဆိုရင်
အဲ့ဒါ " ဓမ္မ " ပဲ

ဒီလိုမဟုတ်ပဲ
မှန်တဲ့လူက ခေါင်းငုံ့နေရပြီး
မှားတဲ့လူတွေ ခေါင်းမော့နေရတယ်ဆိုရင်
အဲ့ဒါ " အဓမ္မ " ပဲ

ဘယ်လိုဖြစ်ဖြစ် အဆုံးသတ်မှာတောာ့
မှားတဲ့လူဆိုတာ မှန်တဲ့လူကို
ခေါင်းငုံ့အရှုံးပေးရမြဲပါပဲ ။

သက်တန့်ချို
20-Sept 2017 #ttcdailyquotes



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 18, 2017

အိပ်မက် တမ်းချင်း ...

 အိပ်မက် တမ်းချင်း ...

အဆုံးထိမရောက်သေးခင်
ကိုယ်ဟာ အကြိမ်ကြိမ် သေဆုံးခဲ့ရ
ဒါဟာ နောင်တတရားရဲ့ဒါဏ်ပေါ့ကွယ်

ကမ္ဘာဟာ ဝေးတယ်
ပစ္စုပ္ပန်ဟာဝေးတယ်
အချိန်တွေဝေးတယ်
တကယ်ဆို .. အိပ်မက်မက်သူတစ်ယောက်အတွက်
ဒီမြစ်ကျဉ်းထဲ ကိုယ်ဟာ ရှင်သန်ခြင်းတွေ ပွေ့ဖက်
သံယောဇဉ်တွေ နက် တယ် ။

အိပ်ယာဝင်ပုံပြင်တွေထဲက
(ဖီးနစ်ငှက်တစ်ကောင်လို )
ကိုယ်ဟာ မီးပုံထဲခုန်ဆင်း
အသစ်ပြန်လည်မွေးဖွား
သဘာဝတရားကို စိန်ခေါ်ချင်သေးရဲ့
ချစ်ခြင်းတရားရယ် ..
ဥပက္ခာတရားရယ် ။

အကြိမ်ကြိမ်အခါခါ တမ်းတ
ဒါဟာ ..ကိုယ့်အိပ်မက်ထဲက တမ်းချင်းတစ်ပုဒ်ပါ
အသိစိတ်တို့ေ၀၀ါးပျက်စီး
ဒီခရီးနီးမလိုလိုနဲ့
တဖြည်ဖြည်း ဝေးကွာ
ကိုယ်ဟာ အကြိမ်ကြိမ် ဖျားနာခဲ့ရ
အချစ်ရယ် ... ။

စစ်မြေပြင်မှာ ပန်းတွေ မပွင့်တတ်မှန်း
မသိခဲ့ရိုးအမှန်မို့
ကိုယ့်ရင်ဘတ်ထဲ ကြယ်တွေ လင်းလက်နေပုံ ။

ယုံကြည်ပစ်လိုက်ဖို့ကောင်းတယ်
ချစ်ခြင်းတရားရဲ့ တစ်ဖက်စွန်းမှာ
နောင်တတရားနဲ့ အတူ
ယုံကြည်မှုတွေ ရှိနေတယ်ဆိုတာ ... ။

သက်တန့်ချို
18-Aug,2017 #ttcpoems

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................