Friday, March 29, 2019

မပြိုတဲ့ ချစ်ခြင်းအတွက် ကဗျာ










မပြိုတဲ့ ချစ်ခြင်းအတွက် ကဗျာ

အလင်းက ကြယ်ဆို
အချစ်က ကောင်းကင်
ကို့ရင်ခွင်ဟာ ကဗျာတစ်ပုဒ်
( အချစ်အတွက် )
သီကုံးထုတ်နှုတ်ပါရစေ ။

သံယောဇဉ်ဆိုတာ
နှစ်ချီပျိုးတဲ့ဗိသုကာမျိုး
တန်ဖိုးဖြတ်မရ
ဒါဟာ ချစ်ခြင်းအတွက်ထာဝရပါ

ဘယ်တော့ဆုံမလဲ
ခွဲခွာခြင်းဟာအိပ်မက်တခု
ကောင်းမူအစုစုနဲ့သာကြေပါစေ
အချစ်ရေ... ။

ပျော်ပါစေ မော်ပါစေ
ကျန်းမာ ချမ်းသာစေ
ကို့ တောင်းဆု အသင်္ချေမို့
ပေါင်းဖို့သာဆုံရစေ ။

အချစ်ရေ
နွေဆိုတာပူလောင်သလို
ဆောင်းဆိုတာအေးမြရဲ့
အတူမရှိခြင်းဟာ နွေကမ္ဘာ
အချစ်နဲ့မှသာကို့ရင်ခွင်ဟာ
အေးမြ ကြည်လင်မှာ ။

လိုအပ်ချက်တိုင်းဟာ
တိမ်တိုက်တွေရဲ့တံတားတွေများလား
ထောင်ပေါင်းများစွာ မိုင်အကွာအဝေးဆိုတာ
ယုံကြည်ချက်နဲ့နီးကြရမှာ ။

မလဲစေနဲ့မယိုင်စေနဲ့
မပျောက်စေနဲ့မဝေးစေနဲ့
ရှေးရေစက်ဆိုတာ
တွေးလေနက်တဲ့ ချစ်ခြင်းမေတ္တာ။

ယုံလားကွဲ့
လေးနက်တဲ့သစ္စာ
မပြိုတဲ့ချစ်ခြင်း
ကို့အတွက် နှင်းလိုအေးစေတာ
အချစ်ရဲ့ ရယ်သံ တွေပါ ။

ထားခဲ့သူနဲ့ ... ကျန်ခဲ့သူ
ဘယ်သူနာတယ် အရေးမကြီးပါဘူး
သွေးနီးနေမှသာ
ရောင်နီလာမယ့်နံနက်ခင်း
တို့အတူလှမ်းကြိုရင်း
လင်းလက်မဲ့မနက်ဖြန်မှာ
အမုန်းတွေဘေးဖယ်
အစွယ်တွေဝေးဝေး
နွေးထွေးစွာ နေကြစို့ .. ။

အသက်ရှူသံကိုမမေ့ကြသလို
ဘဝမုန်တိုင်းကိုရင်ဆိုင်
ခိုင်မာတဲ့သတ္တိ
ချစ်သူရှိစေ

အို.. အချစ်ရေ
နေ့ရက်တိုင်းမှာ
ကျန်းမာချမ်းသာစေ ..။

29 March 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 26, 2019

စိတ်တံခါး















လူတစ်ယောက်မှာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ရှိသလို
အေးချမ်းခြင်း နဲ့ ပူလောင်ခြင်းဆိုတာလည်းရှိတယ်

တကယ်တော့ စိတ်တံခါးပေါက်မှာ အရာရာကို ရွေးပြီးဖွင့်ပေးနိုင်တဲ့
ခံစားမှုဆိုတဲ့ ခလုတ်လေးတွေရှိတယ်

ပျော်ရွှင်ခြင်းကို သာလိုချင်ရင် ပျော်ရွှင်ခြင်းတံခါးကို ဖွင့်ပါ
ဒီလိုမှမဟုတ်ပဲ တခြားသူတွေဆီက တဆင့်ကူးစက်တတ်တဲ့
ဝမ်းနည်းပူဆွေး စိတ်ညစ်စရာနဲ့ ပူလောင်မှု မျက်ရည်တွေကို သင်ခွင့်ပြုမိရင်
သင့်မှာပါ ၀မ်းနည်းစိတ်ညစ်စရာတွေဖြစ်လာမှာပေါ့

မပူုလောင်ချင်ဘူးဆိုရင် အပူမီးတွေကိုဝင်စေနိုင်တဲ့နှလုံးသားတံခါးပေါက်ကို
တစ်သက်လုံး ပိတ်ထားလိုက်ပါ ။

တကယ်တော့လောကကြီးမှာ ကိုယ်ကိုယ်တိုင်ကလွဲပြီး
ကိုယ့်ကို ၀မ်းနည်းအောင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့သူ မရှိပါဘူး ။

သက်တန့်ချို
26 March 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, March 22, 2019

လူ့သဘာဝ



လူ့သဘာဝ

ဆင်းရဲနေတဲ့အချိန် အဝေးမှာ နေကြသလောက်
ချမ်းသာလာတဲ့အချိန် သင့်အနားကို ကပ်လာကြမယ်

ရှုံးနိမ့်နေချိန် စွန့်ခွာသွားကြသလောက်
အောင်မြင်လာတဲ့အချိန် သင့်လက်ကို တွဲဖို့ကမ်းလှမ်းကြမယ်

မအံ့သြပါနဲ့မိတ်ဆွေ
ကမ္ဘာပေါ်မှာ အပြောင်းလဲနိုင်ဆုံးက
" လူသား " တွေဖြစ်နေလို့ပါပဲ

လူအများစုက
အတ္တကြီးတယ်
ကိုယ့်ဖက်ကိုယ်ပဲကြည့်တယ်
ကိုယ့်စကားပဲ လူရာဝင်စေချင်တယ်
သူတပါးကို ကိုယ့်ထက်မသာစေချင်ဘူး
သူတပါးချမ်းသာမှာ မလိုလာဘူး
သူတပါး အောင်မြင်မှာ မလိုလားဘူး

သင့်ကိုပြုံးပြလိုက်တဲ့အပြုံးနောက်ကွယ်မှာ
သင့်ရဲ့ချို့ယွင်းချက်က ဘာဖြစ်မလဲ စဉ်းစားနေတတ်ကြတယ်

ဒါကြောင့် " ကိုယ့်အားနည်းချက်ကို ဘယ်သူ့ကိုမှ ထုတ်မပြမိပါစေနဲ့ "

သက်တန့်ချို
22 March 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, March 21, 2019

မတူညီတဲ့ လမ်းမှာ လျှောက်တိုင်း တစ်ဖက်လူကို မှားတယ်လို့ မသတ်မှတ်နဲ့

















အရာရာကို ငါ သိလှပြီလို့မထင်ပါနဲ့
လောကကြီးမှာ သင် မသိသေးတာတွေ အများကြီးပါ

အရာရာကို ငါ တတ်လှပြီလို့မထင်ပါနဲ့
လောကကြီးမှာ သင် မတတ်သေးတာတွေ အများကြီးပါ

အရာရာကို ငါ လုပ်နိုင်ပြီလို့မထင်ပါနဲ့
လောကကြီးမှာ သင် မလုပ်နိုင်သေးတာတွေ အများကြီးပါ

လူတိုင်းမှာ
အတွေးကိုယ်စီရှိတယ်
စိတ်ကူးကိုယ်စီရှိတယ်
အိပ်မက် ကိုယ်စီရှိတယ်

မတူညီတဲ့လမ်းမှာ လျှောက်တိုင်း
တစ်ဖက်လူကို မှားယွင်းတယ်လို့
ဘယ်တော့မှ မသတ်မှတ်ပါနဲ့ ။

သက်တန့်ချို
21 March 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 19, 2019

လူ့သဘာဝ

















 အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူးပေမယ့်
တစ်ကြိမ်တစ်ခါ ပျက်ကွက်တာနဲ့ တင်
" မကူညီတဲ့သူ " လို့သတ်မှတ်ခံရမယ်

အကြိမ်ပေါင်းများစွာ ပြုံးခဲ့ဖူးပေမယ့်
တစ်ကြိမ်တစ်ခါ မဲ့ လိုက်တာနဲ့တင်
 " မဖော်ရွေတတ်သူ " လို့ သတ်မှတ်ခံရမယ်

အကြိမ်ပေါင်းများစွာ နာမည်ကောင်းနဲ့ နေခဲ့ပေမယ့်
တစ်ကြိမ်တစ်ခါ အမှားလုပ်မိတာနဲ့တင်
" နာမည်ပျက်သူ " လို့သတ်မှတ်ခံရမယ်

လူတွေက ကောင်းတာအများကြီးထဲကမှ
မကောင်းတဲ့ တစ်ချက်ကို ရွေးပြီး
ပုံကြီးချဲ့တတ်ကြတာ သဘာဝပါပဲ ။

သက်တန့်ချို
19 March 2019




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, March 18, 2019

အားနည်းချက် ဆိုတာ


















တခါတလေ သူများအတွက် ဘာမှ အရေးမကြီးတဲ့ဟာက
ကိုယ့်အတွက်သိပ်အရေးကြီးပြီး ကိုယ်မတတ်နိုင်တဲ့ အားနည်းချက်ဖြစ်နေတတ်တယ်

တခါတလေ ကိုယ့်အတွက် ဘာမှ အရေးမကြီးတဲ့ဟာက
သူတစ်ပါးအတွက်အရေးကြီးပြီး မတတ်နိုင်တဲ့ အားနည်းချက်ဖြစ်နေတတ်တယ်

တခါတလေ သူများ လွယ်လွယ်ရနေတဲ့အရာတွေက
ကိုယ့်အတွက် သိပ်ခက်ခဲနေတဲ့ အားနည်းချက်ဖြစ်နေတတ်တယ်

တခါတလေ ကိုယ့်အတွက် လွယ်လွယ်ရနေတဲ့အရာတွေက
သူတစ်ပါးအတွက် သိပ်ခက်ခဲနေတဲ့အားနည်းချက်ဖြစ်နေတတ်တယ်

လောကကြီးက ပြီးပြည့်စုံမှုကို ရှာဖွေရတာမဟုတ်ဘူး
မပြီးပြည့်စုံမှုတွေကို ဘယ်လို သည်းခံကျော်ဖြတ်မလဲဆိုတာ ရှာဖွေရတာပါ

သက်တန့်ချို
18 March 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, March 16, 2019

အခက်အခဲနဲ့ဒုက္ခကိုဘယ်လိုရင်ဆိုင်မလဲ



ဖိအားဒါဏ်ကို အခံနိုင်ဆုံးဟာ
အမာကျောဆုံးဆိုတဲ့ " စိန် " ဖြစ်လာတယ်

အခက်အခဲကို ကြံ့ကြံ့ခံပြီးတွန်းလှန်နိုင်သူဟာ
အောင်မြင်မှုဆိုတဲ့ ပန်းတိုင်ကိုရောက်တယ်

အပူဒါဏ်ကိုကြံ့ကြံ့ခံနိုင်တဲ့ သတ္တုဟာ
တန်ဖိုးအရှိဆုံးဆိုတဲ့ " ရွှေ " ဖြစ်လာတယ်

ဒုက္ခနဲ့ လောကဓံကို အရှုံးမပေးပဲ ကျော်ဖြတ်နိုင်သူမှသာ
သုခနဲ့ချမ်းသာခြင်းဆိုတဲ့ ပန်းတိုင်ကိုရောက်မယ်

ကိုယ်ဟာ အခက်အခဲနဲ့ကြုံတိုင်းပျော့ညံ့တတ်သူတစ်ယောက်လား ?
ပျော့ညံ့အရှုံးပေးတတ်သူဆိုရင် အခြားသူပုံသွင်းတဲ့အတိုင်းရှင်သန်ရလိမ့်မယ်

ကိုယ်ဟာအခက်အခဲနဲ့ကြုံတိုင်း ရင်ဆိုင်ကျော်ဖြတ်ရဲသူတစ်ယောက်ဆိုရင်
ကိုယ်လိုချင်တဲ့ကိုယ့်ပုံစံအတိုင်း လွတ်လပ်ရှင်သန်ရလိမ့်မယ်

သက်တန့်ချို
16 March 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, March 15, 2019

ကိုယ်ဟာ လူစစ်စစ် ဖြစ်တယ်ဆိုရင် ..



ကိုယ်ဟာ လူစစ်စစ် ဖြစ်တယ်ဆိုရင် ..

- သူတစ်ပါးရဲ့ နာကျင်မှုကို
ဘယ်တော့မှ ပျက်ရယ်မပြုနဲ့

- သူတစ်ပါးရဲ့ အားနည်းချက်ကို
ဘယ်တော့မှ မလှောင်ပြောင်နဲ့

- သူတစ်ပါးရဲ့ မျက်ရည်ကို
ဘယ်တော့မှ မပျော်ရွှင်နဲ့

- သူတစ်ပါးရဲ့ နွမ်းပါးမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့

- သူတစ်ပါးရဲ့ရိုးသားမှုကို
ဘယ်တော့မှ မဖျက်စီးနဲ့

- သူတစ်ပါးရဲ့အောင်မြင်မှုကို
ဘယ်တော့မှ မနာလိုမဖြစ်နဲ့

- သူတစ်ပါးရဲ့ အားနာမှုကို
ဘယ်တော့မှ အခွင့်အရေးမယူနဲ့

သက်တန့်ချို
15 March 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, March 14, 2019

ဘာမှမပေးနိုင်ပဲ ဘာမှ မမျှော်လင့်ပါနဲ့




 ကိုယ်က ဘာမှ မပေးနိုင်ပဲ
သူတစ်ပါးဆီက ဘာမှ ရဖို့ မမျှော်လင့်ပါနဲ့

ကိုယ်က ဘာမှ မလုပ်နိုင်ပဲ
သူတစ်ပါးလုပ်ဖို့ ဘာမှ မမျှော်လင့်ပါနဲ့

ကိုယ်ကိုယ်တိုင်က ပေးဆပ်ခြင်းဆိုတာမရှိရင်
သူတစ်ပါးဆီက ရယူလိုမှုကိုလည်းမမျှော်လင့်ပါနဲ့

ပေးဆပ်လိုက်တိုင်း .. ပြန်မရနိုင်တဲ့ လောကကြီးမှာ
ဘာကိုမှ မမျှော်လင့်ထားတာ အေးချမ်းပါတယ် ...။

သက်တန့်ချို
14 March 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 13, 2019

မာနနဲ့သိက္ခာ



















လူတစ်ယောက်မှာ

ပိုက်ဆံမရှိဘူးဆိုရင်
မာန လေးတော့ရှိမှ

မချမ်းသာဘူးဆိုရင်
သိက္ခာလေးတော့ရှိမှ

ပိုက်ဆံလည်းမရှိ
မာနလည်းမရှိဘူးဆိုရင်
ဆင်းလဲဆင်းရဲ
သိက္ခာလည်းမရှိဘူးဆိုရင်

လူဖြစ်ရကျိုးနပ်ဖို့ ခက်ခဲပါတယ်

တကယ်တော့ မာနနဲ့သိက္ခာဆိုတာ
လူတစ်ယောက်ရပ်တည်မှုအတွက်
အရေးအကြီးဆုံးပါပဲ ...။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သက်တန့်ချို
13 Feb 2019