Saturday, April 27, 2019

လူ့သဘာဝ










 ကိုယ့်ကို လာထိမှ နာတတ်ကြတာ
လူ့သဘာဝပါပဲ

ကိုယ့်ကို မထိခိုက်သရွေ့
ကိုယ်ကိုယ်တိုင် မနာကျင်သရွေ့
သူတစ်ပါးရဲ့ နာကျင်မှု ဒါဏ်ရာဆိုတာ
စာနာပေးပါတယ်ဆိုတဲ့ အကြည့်တစ်ချက်
စကားတစ်ခွန်းနဲ့တင် ပြီးပျောက်သွားတာများပါတယ်

ကိုယ်ကိုယ်တိုင် နာကျင်ရတဲ့အခါ
ကိုယ်ကိုယ်တိုင် ဒါဏ်ရာရလာတဲ့အခါ
ကိုယ်ကိုယ်တိုင် ခံစားလာရတဲ့အခါ
ဘယ်အရာနဲ့မှ လွယ်လွယ် ကုစားလို့မရတာ သိလိမ့်မယ်

ဒါကြောင့် သူတစ်ပါး ဒုက္ခကြုံရတဲ့အခါ
သူတစ်ပါး နာကျင်ရတဲ့အခါ
သူတစ်ပါး ရှုံးနိမ့်နေတဲ့အခါ
ငါ .. ဆိုရင်ရော ဆိုတဲ့အတွေးကိုတွေးမိတတ်ကြဖို့လိုတယ်

သက်တန့်ချို
27 April 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 22, 2019

လူအမျိုးမျိုး စိတ်အထွေထွေ













 အသိဥာဏ်နည်းတဲ့လူက
ကြွားဝါတတ်ခြင်းကို ခုံမင်တယ်

ဥာဏ်ပညာနည်းတဲ့လူက
ဒေါသထွက်ပြီးပေါက်ကွဲလွယ်တယ်

စိတ်ဓါတ်သေးသိမ်သူက
သူတစ်ပါး အတင်းပြောတာဝါသနာပါတယ်

ကြောက်တတ်လွန်းအားကြီးသူက
ကိုယ်ဘယ်လောက်ခွန်အားကြီးကြောင်းပြသတယ်

လူလူချင်း ကိုယ်မှ မြင့်မြတ်တယ်ထင်သူက
အာဏာကိုမက်မောတယ်

အတ္တကြီးသူက
ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တယ်

စိတ်မလုံခြုံတဲ့လူက
သူတစ်ပါးကို အကြောင်းမဲ့ရန်ရှာတယ်

ဗဟုသုတနည်းသူက
ငါအတော်ဆုံး ငါအတတ်ဆုံးလို့ထင်တယ်

သက်တန့်ချို
22 April 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, April 20, 2019

မျက်နှာဖုံး












 မျက်နှာဖုံး

ကိုယ့်ကို ပြုံးပြနေတိုင်း
ကိုယ့်အကျိုးလိုလားသူ ဟုတ်ချင်မှမဟုတ်မယ်

ကိုယ့်ကို လက်ဆွဲနှုတ်ဆက်တိုင်း
ကိုယ့်ကို ခင်မင်ချင်သူ ဟုတ်ချင်မှ ဟုတ်မယ်

ကိုယ့်ကို ဖေးမကူညီတိုင်း
ကိုယ့်ကို ကယ်တင်ချင်သူ ဟုတ်ချင်မှဟုတ်မယ်

ကိုယ့်ကို လမ်းပြတိုင်း
ကိုယ့်ကို လမ်းမှန်ရောက်စေချင်သူ ဟုတ်ချင်မှဟုတ်မယ်

လူတိုင်းရဲ့ရင်ထဲမှာ " နတ်ဆိုး " ကိုယ်စီရှိတတ်ကြတယ်
လူတွေရဲ့ အကြောင်း အသေးစိတ်မသိသေးချင်
ဘယ်သူ့ကိုမှ စိတ်လွတ်ကိုယ်လွတ်မယုံကြည်လိုက်ပါနဲ့

နောက်ဆုံး နောင်တတွေနဲ့ ကျန်ခဲ့ရမှာ ကိုယ်ပဲဖြစ်နေတတ်တယ် ။

သက်တန့်ချို
20 April 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 18, 2019

Win or Lose ?












အနိုင်ကို မြတ်နိုးသလို
အရှုံးကိုလည်း လက်ခံတတ်ရမယ်

မှန်တာကို ကြိုက်သလို
မှားတာကိုလည်း ၀န်ခံရဲရမယ်

ဝမ်းနည်းလို့မျက်ရည်ကျတာရှိသလို
ဝမ်းသာလို့လည်းမျက်ရည်ကျတာပါပဲ
မျက်ရည်ချင်း တူပေမယ့် အဓိပ္ပါယ်ချင်းကွာပါတယ်

အဓိကက

ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ် ဘယ်သွားနေတာလဲ
ကိုယ် ဘယ်မှာ ရှိနေတာလဲ
ကိုယ် ဘာဆက်လုပ်မှာလဲ

ဒီ (၃) ချက်က အရေးအကြီးဆုံးပါပဲ

သက်တန့်ချို
18 April 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 11, 2019

သင့်အတွက် ကံကောင်းခြင်းကို လက်မလွှတ်မိပါစေနဲ့













 အလှောင်ခံရလို့ မတုန်လှုပ်ပါနဲ့
ကိုယ့်မနက်ဖြန်ကို ကိုယ်ကိုယ်တိုင်ဖန်တီးရတာပါ

အနှိမ်ခံရလို့ စိတ်ဓါတ်မကျပါနဲ့
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်မှ ရှင်သန်နိုင်တာမို့ပါ

ဟားတိုက်ရယ်မောခံရလို့ မငိုပါနဲ့
ကိုယ့်အနာဂါတ်ကို ကိုယ်ကိုယ်တိုင်ပဲ ပိုင်ဆိုင်တာမို့ပါ

လောကကြီးမှာ ကံ မကောင်းတဲ့လူဆိုတာမရှိပါဘူး
ဘယ်အရာက ကံကောင်းခြင်း ဘယ်အရာက ကံဆိုးခြင်း ဆိုတာ မသိကြတာပါ

သင့်ရဲ့ ကံကောင်းခြင်းကို သင်ကိုယ်တိုင်လက်မလွှတ်မိပါစေနဲ့

မနက်ဖြန်တိုင်းရဲ့ ၂၄ နာရီတိုင်းဟာ
လူတိုင်းအတွက် သာတူညီမျှ ရှိနေပါတယ်

သက်တန့်ချို
11.4.2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 4, 2019

ရိုးသားတဲ့သစ္စာ










ဝေးခြင်းနီးခြင်းထက်
နှလုံးသားချင်းနီးဖို့အဓိကကျတယ်

ပြေလည်ခြင်း ၊ မပြေလည်ခြင်းထက်
ကိုယ်ချစ်တဲ့လူအကြောင်းတွေးနေဖို့က အဓိကကျတယ်

အတူရှိခြင်းမရှိခြင်းထက်
သစ္စာရှိနေဖို့ကအဓိကကျပါတယ်

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
လုပ်ယူပြီး ရိုးသားပြတာမျိုးမဟုတ်ဘူး

အချိန်တိုင်းသစ္စာရှိရှိနဲ့ ဘယ်လို အခက်အခဲဖြစ်ဖြစ်
လက်မလျော့တတ်တာ မျိုးကိုခေါ်တယ်

သက်တန့်ချို
4.4.2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 1, 2019

ပေးဆပ်တတ်တဲ့လူက အကျိုးပိုများတယ်














 လောကကြီးမှာ

ပေးဆပ်တတ်တဲ့လူက အကျိုးပိုများတယ်
ကျေးဇူးသိတတ်တဲ့လူက ပိုအဆင်ပြေတယ်

သူတစ်ပါးကို ကူညီတတ်တဲ့လူက ကိုယ့်ကိုလည်းပြန်ကူညီမယ့်လူများတယ်
ညည်းတွား ငြူစူတတ်တဲ့လူဆိုရင်တော့ ပူလောင်မှုတွေများလာတယ်

ရောင့်ရဲတင်းတိမ်တတ်တဲ့လူဆိုရင်တော့ ပျော်ရွှင်ခြင်းကိုနှစ်သက်လာမယ်
ရှောင်ဖယ်တတ်တဲ့လူဆိုရင် ကျရှုံးခြင်းလမ်းကိုဦးတည်တတ်တယ်

မျှဝေတတ်တဲ့လူဆိုရင် လူချစ်လူခင်ပေါတယ်
ဒေါသထွက်တတ်တဲ့လူဆိုရင် အေးချမ်းခြင်းနဲ့ဝေးမယ်

အချောင်လိုချင်တဲ့သူဆိုရင် ပိုပိုဆင်းရဲလာမယ်
တပ်မက်မှုကို တွယ်တာတဲ့သူဆိုရင် ပိုနာကျင်ရလိမ့်မယ်

ဥစ္စာပစ္စည်းပေးကမ်းတတ်သူဆိုရင် ပိုချမ်းသာလာမယ်
နှမျောတွန့်တိုတက်တဲ့သူဟာ မပြေလည်မှုတွေပဲများနေမယ်

ဘာမှ မထူးဆန်းပါဘူး ကိုယ်လျှောက်နေတဲ့လမ်းအတိုင်း
ကိုယ်လုပ်နေတဲ့အပြုအမူတိုင်း
ကိုယ်တည်ဆောက်တဲ့ပုံရိပ်အတိုင်းပဲ
ကိုယ့်ကို ဖြန်ဖြစ်စေတာပါပဲ ။

သက်တန့်ချို
1.4.2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................