Thursday, May 30, 2019

ဒီလိုလူတွေ ရှိတယ်





ငွေရှိတဲ့အခါ အနားလာချင်ပြီး
 ငွေမရှိတဲ့အခါ ယောင်လို့တောင် အဖက်မလုပ်ချင်ကြသူတွေရှိတယ်

အောင်မြင်တဲ့အခါ မုဒိတာမပွားနိုင်ပဲ
ကျရှုံးတဲ့အခါ ၀မ်းသာအားရ ပျော်ရွှင်နေကြသူတွေရှိတယ်

အဆင်ပြေနေတဲ့အခါ ဖော်ရွေတတ်ပြီး
အဆင်မပြေတဲ့အခါ မသိချင်ယောင်ဆောင်တဲ့သူတွေရှိတယ်

လူရှေ့ရောက်ရင် အမြဲပြုံးနေတတ်ပြီး
လူကွယ်ရာမှာ အတင်ပြောတတ်တဲ့သူတွေရှိတယ်

အခက်အခဲကြုံလာတဲ့အခါ ဘာကူညီရမလဲမေးပြီး
တကယ်အကူညီတောင်းတဲ့အခါ မသိချင်ယောင်ဆောင်တဲ့လူတွေရှိတယ်

ကိုယ့်ရှေ့ရောက်ရင် ချီးမွမ်းသလိုပြောပြီး
ကိုယ့်ကွယ်ရာမှာ ချောက်ထဲတွန်းချဖို့ဝန်မလေးတတ်သူတွေရှိတယ်

လူတိုင်းက " ကိုယ်" မဟုတ်ဘူးဆိုတာ
အမြဲသတိပြုပါ မိတ်ဆွေ

သက်တန့်ချို
30 May 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 28, 2019

မှန်နေရင် အနိုင်ရချင်သလို မှားနေရင်လည်းအရှုံးပေးလိုက်ပါ



ပညာတွေတတ်တိုင်းလည်း လူပီသတယ်မခေါ်နိုင်ဘူး

မျှမျှတတ သူ့ဖက်ကိုယ့်ဖက် တွေးပေးတတ်ရမယ်


ကိုယ်မှန်တယ်ဆိုတိုင်းလည်း လူပီသတယ်မခေါ်နိုင်ဘူး

ကိုယ့်ဖက်ကမှန်ပေမယ့် သူတစ်ပါးဖက်က ကြည့်ရင်မှားနေတတ်တယ်


မှန်နေရင် အနိုင်ရချင်တဲ့စိတ်ရှိသလို

မှားနေရင်လည်း အရှုံးပေးတတ်တဲ့စိတ်ရှိမှသာ လူပီသမှာပါ


သက်တန့်ချို

28 May 2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 17, 2019

သေမျိုးအတူတူ .. ဘာလို့ မတူခွဲချင်တာလဲ


 သေမျိုးအတူတူ .. ဘာလို့ မတူခွဲချင်တာလဲ

သူငယ်ချင်း
မင်းလည်းတစ်နေ့သေမှာ
ငါလည်းတစ်နေ့ သေမှာ
သေမျိုးအတူတူ ဘာလို့.. မတူ ခွဲချင်တာလဲ

ဖြူလည်း သေမှာ
မဲလည်း သေမှာ
လှလည်း သေမှာ
မလှလည်းသေမှာ
သေမျိုးအတူတူ ဘာလို့ .. မတူ ခွဲချင်တာလဲ

ချမ်းသာလည်း သေမှာ
ဆင်းရဲလည်း သေမှာ
အောင်မြင်လည်း သေမှာ
ကျရှုံးလည်းသေမှာ
သေမျိုးအတူတူ ဘာလို့ .. မတူ ခွဲချင်တာလဲ

ပျော်လည်းသေမှာ
ငိုလည်း သေမှာ
ဝမ်းနည်းလည်းသေမှာ
ဝမ်းသာလည်းသေမှာ
သေမျိုးအတူတူ  ဘာလို့.. မတူ ခွဲချင်တာလဲ

ပိုထက်တဲ့လည်းသေမှာ
ပိုမြတ်တဲ့လူလည်းသေမှာ
အပေါ်ဆုံးမှာ ရှိလည်းသေမှာ
အောက်ဆုံးမှာ ရှိလည်းသေမှာ
သေမျိုးအတူတူ  ဘာလို့ .. မတူ ခွဲချင်တာလဲ

ကိုးကွယ်ဘာသာ မတူရှိငြား
သေမျိုးလူမှာ တူတူသာမို့
မင်းလည်းတစ်နေ့
ငါလည်း တစ်နေ့
တို့သွားရမယ်ခရီးဆိုတာ
ဟိုး အဝေးက ...
သေခြင်းတရား
မရှိခြင်းတရား
ပျက်ခြင်းတရားတို့ နေရာသာ ။

သက်တန့်ချို
17 May 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, May 15, 2019

ရင့်ကျက်တယ်ဆိုတာ


အခက်အခဲနဲ့ကြုံလာတဲ့အခါ ရင့်ကျက်ပါ
သူတစ်ပါးက ကိုယ့်ကို နာကျင်စေတဲ့အခါ ရင့်ကျက်ပါ

ဝေဖန်မှုတွေကြုံလာရတဲ့အခါ ရင့်ကျက်ပါ
စိတ်ဓါတ်ကျစရာတွေကြုံလာတဲ့အခါ ရင့်ကျက်ပါ

ဘ၀ကို အဆုံးသတ်ရတော့မလားတွေးမိတိုင်း ရင့်ကျက်ပါ
အဆင်မပြေမှုတွေ တွေးမိတိုင်းရင့်ကျက်ပါ

လူတစ်ယောက်ရင့်ကျက်သွားပြီဆိုရင်
ဝမ်းနည်းလည်း မျက်ရည်လွယ်လွယ်မကျတော့ဘူး
စိတ်ပျက်စရာတွေကြုံလည်း မတုန်လှုပ်တော့ဘူး
တိုက်ခိုက်မှုတွေရှိနေလည်း မမှုတော့ဘူး
အဆင်မပြေတာတွေရှိလည်း စိတ်ဓါတ်မကျတော့ဘူး

ရင့်ကျက်တယ်ဆိုတာ ဖန်တီးယူရတာမဟုတ်ပါဘူး
ဘ၀ခရီးလမ်းမှာ ရလာတဲ့ဒါဏ်ရာတွေကို ရေတွက်သင်ယူရခြင်းဖြစ်တယ် ။

သက်တန့်ချို
15 May 2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 14, 2019

စကားတစ်ခွန်း ၊ အပြူအမူတစ်ခုကအစ သတိပြုရမယ်






 ဆဲဆိုကြိမ်းမောင်းနေမှ မဟုတ်ဘူး
သာမန်စကားတစ်ခွန်းကလည်း သူတစ်ပါးအပေါ် နာကျင်စေနိုင်ပါတယ်

သွေးထွက်သံယိုဖြစ်မှ မဟုတ်ဘူး
အပြုအမူလေးတစ်ခုကလည်း သူတစ်ပါးအပေါ်နာကျင်စေနိုင်ပါတယ်

တခါတလေ သင့်ဖက်ကမှန်ချင်မှန်နေပေမယ့်
သူတစ်ပါးဖက်က မြင်တာ မှားချင်မှားနေမှာပေါ့

စကားတစ်ခွန်း ၊ အပြူအမူတစ်ခုကအစ
သင်ချစ်တဲ့သူတွေကို သင့်အနားကနေ
ဝေးသွားစေနိုင်ပါတယ် ။

သက်တန့်ချို
14 May 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 9, 2019

ဘ၀ကို ခက်ခက်ခဲခဲမရှင်သန်ပါနဲ့ ပင်ပင်ပန်းပန်း မရှင်သန်ပါနဲ့















 ကိုယ့်အရှေ့မှာတင် လူတစ်ယောက်ဖျက်ကနဲသေသွားတာ မြင်ဖူးသလို
ကိုယ့်လက်ထဲမှာတင် လူတစ်ယောက် အသက်ထွက်သွားတာလည်း အကြိမ်ကြိမ်ကြုံဖူးခဲ့တယ်
ကိုယ်မထင်မှတ်ထားတဲ့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားကြတာ မြင်ရတော့
လောကကြီးမှာ ရှင်သန်ရတာနောက်ဆုံးသေဖို့ရည်ရွယ်ချက်နဲ့ပါလားဆိုတာ ပိုပိုမြင်လာခဲ့တယ်

ကိုယ်ဟာ သိပ်တော့ တရားပေါက်နေတဲ့သူတော့မဟုတ် ဒါပေမယ့် နေ့တွေတစ်ရက်ပြီးတစ်ရက်ကုန်လာတာနဲ့အမျှ
ဘယ်အရာမှ မမြဲဘူးဆိုတာတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုလက်ခံလာမိပါတယ် ဒီလိုလက်ခံလာမိတာနဲ့အမျှ
ဘာတွေပြောင်းလဲသွားသလဲဆိုတော့
အောင်မြင်မှုတွေကြုံလာရလည်း သိပ်ပြီး မထူးခြားတော့ဘူး အော် .. အင်းအင်း အောင်မြင်တယ် ဒီလောက်ပဲ
ကျရှုံးမှုတွေကြုံလာရတယ် အခက်အခဲတွေကြုံလာရတော့လည်း သိပ်မတုန်လှုပ်တော့ဘူး
အရာရာဟာ မကြာခင်ပြီးသွားမှာပါအောင်မြင်တာဖြစ်ဖြစ် ကျရှုံးတာဖြစ်ဖြစ် ချမ်းသာတာဖြစ်ဖြစ် ဆင်းရဲတာဖြစ်ဖြစ်
ဘာမှတော့ သိပ်ထူးလှတာတော့မဟုတ်ပါဘူးလေ

ကိုယ်ဟာတဖြည်းဖြည်းနဲ့ ငါမသေခင်မှာ ဘာဖြစ်ရမယ် ညာဖြစ်ရမယ်ဆိုတာမျိုးလည်းမရှိတော့ဘူး
ကိုယ့်နေ့စဉ်ဘ၀ကို ပဲ သမတ်ရိုးကျဖြတ်သန်းရင်း အသက်ရှုနေတဲ့လူဟာ အသက်ရှုနေတာကိုမေ့နေသလိုမျိုး
တစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်ရတာကိုလည်းပျင်းလာတယ်

တဖြည်းဖြည်း သိလာရတဲ့ အသိအမြင်က ဘာကို ညွှန်ပြသလဲဆိုတော့

၁ ။ ဘ၀ကို ခက်ခက်ခဲခဲမရှင်သန်ပါနဲ့ ပင်ပင်ပန်းပန်း မရှင်သန်ပါနဲ့

၂ ။ မှားသော လမ်းကိုမလျှောက်ပါနဲ့ မှားသော အသီးအပွင့်တိုင်းဟာ အဆိပ်ဖြစ်ပြီး ပူလောင်တာများပါတယ်

၃ ။ လူတိုင်းအပေါ် စေတနာသန့်သန့်သာ ထားပါ ( ဒီနေရာမှာ မသန့်တဲ့စေတနာနဲ့သန့်တဲ့စေတနာကို ခွဲတတ်ဖို့လိုပါတယ် စေတနာကို ရှောင်ပြန်ဟပ်စေချင်တယ်ဆိုရင်တော့ သိပ်သန့်တဲ့စေတနာမဟုတ်သေးဘူး စေတနာဆိုတာ သူ့အတိုင်း အဖြူထည်သာရှိပါစေ )

၎ ။ နောင်တရမယ့် လုပ်ရပ်တွေ မလုပ်မိပါစေနဲ့ သက်ရှိထင်ရှားရှိနေချိန်မှာ အရာရာကို တန်ဖိုးထားပါ

၅ ။ ကိုယ့်လုပ်ရပ်ကြောင့် သူတစ်ပါးကိုဘယ်တော့မှ မထိခိုက်ပါစေနဲ့ ချစ်ခြင်းတရားဆိုတာ သူ့ဘာသာသူ သိပ်လှပတဲ့အရာပါ

သိပ်နောက်မကျသေးခင် ခင်ဗျားရော လမ်းမှား ရောက်နေတဲ့သူတစ်ယောက်လား
မျိုမကျတဲ့ ထမင်းတစ်လုပ်ကို စားနေရတဲ့သူဖြစ်နေပြီလား
ရောင်ပြန်ဟပ်စေချင်တဲ့စေတနာတွေကို ကြိုတင်ပျိုးကြဲမိသူဖြစ်နေပြီလား
နောင်တတွေနဲ့ပြည့်နေပြီလား ကိုယ့်ဆန္ဒတစ်ခု အတ္တတစ်ခုကြောင့်သူတစ်ပါးကိုထိခိုက်နေရပြီလား

ပြန်စဉ်းစားကြည့်ပါ မိတ်ဆွေ ။

သက်တန့်ချို
9 May 2019









စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................