အနောက်က ဆင်ထိန်းက တကယ်တော့ ဆင်ကြီးကို တွန်းတင်နိုင်တဲ့ခွန်အားလည်းမရှိသလို တွန်းတင်ပေးနေတာလည်းမဟုတ်ဘူး
နောက်မှာ သူ့လက်တင်ပြီး " မင်းအနောက်မှာ ငါရှိတယ် အားငယ်စရာမလိုဘူးဆက်ကြိုးစားပါ " ဆိုတဲ့ အဓိပ္ပါယ်နဲ့အားပေးနေခဲ့တာ
ကိုယ်တို့ဘ၀တွေဖြတ်သန်းတဲ့အခါ .. လောကဓံဆိုတာ ကြမ်းတမ်းလွန်းပါတယ်
တခါတလေကိုယ့်အနောက်မှာ " မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် " ဆိုတဲ့ခံစားချက်မျိုး ပေးတတ်တဲ့ မိတ်ဆွေမျိုးရှိရင်လုံလောက်ပြီမဟုတ်လား။
သက်တန့်ချို
၀၁ ဧပရယ် ၂၀၂၂
Friday, April 1, 2022
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
Monday, March 28, 2022
အားမကျနဲ့
တချို့ပြည့်စုံမှုတွေကို အားမကျနဲ့
ပြည့်စုံခြင်းတွေရဲ့နောက်ကွယ်မှာ
လစ်ဟာပေးဆပ်ခြင်းတွေကို သင်မမြင်နိုင်ဘူး ။
တချို့ကံကောင်းမှုတွေကို အားမကျနဲ့
ကံကောင်းမှုတွေအတွက်
အရင်းအနှီးပေါင်းများစွာ ပေးဆပ်နေရတာ သင်မမြင်နိုင်ဘူး ။
တချို့ အောင်မြင်မှုတွေကို အားမကျနဲ့
အောင်မြင်ခြင်းတွေရဲ့နောက်ကွယ်မှာ
ချနင်းခဲ့ရတဲ့ သိက္ခာတရားနဲ့ရိုးသားမှုတွေကို သင်မမြင်နိုင်ဘူး ။
သက်တန့်ချို
၂၈ မတ်လ ၂၀၂၂
Thursday, April 1, 2021
အလကား လူ
ဘယ်လောက်ပဲ တရားထိုင်ထိုင်
ဘယ်လောက်ပဲ အလှူတွေလုပ်လုပ်
ဘယ်လို ဘွဲ့ထူးတွေပဲရရ
လူလူချင်း .. ကိုယ်ချင်းစာတရားမရှိရင်
သင်ဟာ
" အလကားလူ " ပါပဲ ။
သက်တန့်ချို
1.4.2021
Monday, March 29, 2021
အလင်းနှစ်
အလင်းနှစ်
သံသရာဟာရှည်လျား
ခရီးသွားသူတစ်ယောက်ရယ်ပါ
ရယ်လိုက် ငိုလိုက်
ချစ်လိုက် မုန်းလိုက် နဲ့ပေါ့ ။
ဒီနှစ်ကောင်းကင်မှာ
အလင်းတွေပွင့်ခဲ့သလို
ဒီနွေရဲ့ရိုးပြတ်တွေမှာ
ကဗျာတွေ တိတ်ဆိတ်ငြိမ်သက်လို့ ။
အာရုဏ်မတက်မချင်း
အမှောင်ကိုသည်းခံမယ်
အိပ်မက်တွေ အရောင်ခြယ်တဲ့အခါ
ကျေးဇူးပြု၍ ငါ့ကိုလည်းခေါ်ပါ ။
ဒီတစ်ရက် ဒီတစ်နှစ်မက
နောင် အနာဂါတ်တိုင်းမှာ
ပွင့်လင်းဝေသီ
တေးတွေသီပါစေ .. ။
သက်တန့်ချို
29.3.2021
Saturday, March 27, 2021
မသာယာမိစေနဲ့
သူများမျက်ရည်ကျမှ စားရတဲ့ဘ၀ကို
ဘယ်တော့မှ မမက်မောမိစေနဲ့ ။
သူများ ပူလောင်မှုနဲ့ရင်းရတဲ့အောင်မြင်မှုကို
ဘယ်တော့မှ မတောင့်တမိစေနဲ့ ။
သူများ ရွံ့ရှာမုန်းတီးမှုနဲ့ရတဲ့ အောင်မြင်မှုကို
ဘယ်တော့မှ မသာယာမိစေနဲ့ ။
သက်တန့်ချို
27.3.2021
Thursday, March 25, 2021
လူဆိုးနဲ့လူကောင်း
လူဆိုးက
ကိုယ့်ရှင်သန်ရေးကိုဦးစားပေးတယ်
လူကောင်းက
သူတစ်ပါးရှင်သန်ရေးကိုဦးစားပေးတယ်
လူဆိုးက
ကိုယ့်အတ္တကိုရှေ့တန်းတင်တယ်
လူကောင်းက
သူတစ်ပါးအကျိုးကိုရှေ့တန်းတင်တယ်
လူဆိုးက
ကိုယ့်ကျင့်သိက္ခာကို စွန့်ပယ်တယ်
လူကောင်းက
ကိုယ်ကျင့်သိက္ခာကို ကိုးကွယ်တယ် ။
သက်တန့်ချို
25.3.2021
Monday, March 22, 2021
ခေါင်းဆောင်ခြင်းတူပေမယ့် .. မြင့်မြတ်ပုံခြင်းကွာတယ်
လူချင်းတူပေမယ့်
ရှင်သန်ပုံခြင်းကွာတယ် ။
အသက်ရှုပုံခြင်းတူပေမယ့်
ခံယူချက်ခြင်း ကွာတယ် ။
ခေါင်းဆောင်ခြင်းတူပေမယ့်
မြင့်မြတ်ပုံခြင်းကွာတယ် ။
သက်တန့်ချို
22.3.2021
Photo Credit to original creator
Friday, February 26, 2021
သင်ရွေးတဲ့လမ်းဟာ... သင့်သမိုင်းပါပဲ
ယုတ်မာမှုကို ယုတ်မာမှုလို့ မမြင်တာဟာ
သင်ကိုယ်တိုင် လူယုတ်မာ ဖြစ်နေလို့ပါ ။
မတရားမှုကို တရားတယ်လို့မြင်နေတာ
သင်ကိုယ်တိုင် မတရားတဲ့သူဖြစ်နေလို့ပါ ။
ကောက်ကျစ်မှုကို ဖြောင့်မတ်မှုလို့မြင်နေတာ
သင်ကိုယ်တိုင် ကောက်ကျစ်သူဖြစ်နေလို့ပါ ။
သင်ရွေးတဲ့ လမ်းဟာ
နောင်တချိန်မှာ .. သင့်သမိုင်းဖြစ်လာမှာပဲ ။
သက်တန့်ချို
26 Feb 2021
Tuesday, February 23, 2021
မမေ့ကြေး
မမေ့ကြေး
(၁)
အာဏာမက်သူတို့ဟာ
သေနတ်မောင်းကိုဖြုတ်
ပြည်သူ့ဝိဉာဉ်တွေနှုတ်ခဲ့ကြပြီ ။
၂၀၂၁ ရဲ့ အမှောင်ခြမ်းမှာ
ရှင်သန်ခြင်းတွေပျောက်ဆုံး
မုန်းတီးစိတ်တွေသာ ရုန်းကန်ခဲ့ရ
ဘ၀တွေက အထပ်ထပ်အခါခါ .. သေတယ် ။
(၂)
ဘယ်သူကထင်ထားမှာလဲ
လူငယ်တစ်ယောက်ခေါင်းကို ချိန်ပစ်ရက်မယ်လို့
ဘယ်သူက တွေးထားမှာလဲ
လူတွေအသက်ကို နှုတ်ယူရက်မယ်လို့
ညီမလေးရေ .. ညီလေးရေ ..
နောင်တမလွန်မှာ
ချမ်းမြေ့ကြည်သာ အိပ်စက်ပါစေကွယ် ။
အာဏာရှင်ဆိုသူတွေဟာ
နတ်ဆိုးဘွဲ့ခံသူတွေသက်သက်
ဘာကြောင့် ..
ငါတို့ မျက်ရည်တွေ ကျနေမလဲ
ရှင်သန်ခြင်းဟာ မျှတမှုအတွက်ဆိုရင်
ငါတို့သွေးတွေကို စတေး
ဒီတေးကို ပြိုင်တူဆိုကြမယ်
" ကမ္ဘာ ... မကြေ ... "
(၃)
မဝယ်နဲ့
အကြောက်တရားကိုထည့်ရောင်းနေတာ
မစားနဲ့
အကြောက်တရားကို အချိုထည့်ထားတာ
(သူတို့ဟာ)
ကမ္ဘာကြီးကို မျက်နှာပြောင်တိုက်
လူမိုက်လုပ်နေကြတာမဟုတ်လား
လမ်းဟောင်းတွေပေါ်
လူသစ်တွေမလျှောက်ကြဘူး
နွေဦးရာသီရဲ့
အမဲဖျက်ပွဲသက်သက်မှာ
Fair Play အော်သံတွေကိုစိတ်နာတယ်
(၄)
မိုးတွေကောင်းတုန်း
ရွာထားနှင့်ကြပါ
အကြင်နာတရားမရှိတဲ့ ကမ္ဘာမှာ
လူဖြစ်လာခဲ့ကြရ
လက်နက်ရှိသူက
လက်နက်မဲ့သူကို လှောင်ရယ်သတဲ့လား
မင်းတို့ .. တကယ်ပျော်ကြပါစေ ။
(၅)
ငါတို့ရင်ဘတ်ထဲမှာ
ကျည်ဆံရာတွေကိုယ်စီနဲ့
သွေးဝိဉာဉ်ကို တိုင်တည်ကြမယ်
မမေ့ကြေး
နောင်တစ်ချိန်မှာ
ပေါ့ပေါ့ပါးပါး ရယ်မောနေရသည့်တိုင်
မမေ့ကြေး
ဖေဖော်ဝါရီ ၁ ရက်နေ့ပြန်ရောက်သည့်တိုင်
မမေ့ကြေး
အသက်တွေကြီးလို့ မှတ်ဉာဏ်တွေပျောက်သည့်တိုင်
ငါတို့အားလုံး
ဘယ်တော့မှ မမေ့ကြေးကွယ် ။
သက်တန့်ချို
23-Feb 2021
Thursday, February 18, 2021
အမှားဖက်မှာမနေပါနဲ့
ဓမ္မနဲ့အဓမ္မကြားမှာ
ဘယ်တော့မှ ကြားမနေပါနဲ့ ။
တရားမှုနဲ့မတရားမှုမှာ
ဘယ်တော့မှ ကြားမနေပါနဲ့ ။
ရိုးသားသူနဲ့ယုတ်မာသူကြား
ဘယ်တော့မှကြားမနေပါနဲ့ ။
အမှန်နဲ့အမှားကြားမှာ
အမှန်မပြောဝံ့သူဟာ
အမှားဖက်မှာ နေသူနဲ့အတူတူပါပဲ ။
#JustForMyanmar
Tuesday, February 16, 2021
We lost internet , We lost democracy
❌Internet Data နဲ့ Wifi တွေကို
မနက် ၁ နာရီကနေ နောက်နေ့ ၉ နာရီထိ
နေ့တိုင်းဖြတ်တောက်နေတာကို ရှံ့ချပါတယ် ။
ညပိုင်းအင်တာနက် connection နှင့်လုပ်ရသော လုပ်ငန်းပေါင်းများစွာကို
ဆိုးရွားစွာ ထိခိုက်နစ်နာမှုဖြစ်စေပါတယ် ။
❌ထောင်သားတွေသာမလွှတ်ပေးခဲ့လျှင်
ရပ်ကွက် မြို့နယ်တိုင်း လုံခြုံရေး စိုးရိမ်စရာမရှိသလို
လူထုကင်းလည်းစောင့်နေရစရာအကြောင်းမရှိပါ ။
❌Internet Data သည် မိမိပိုက်ဆံနဲ့မိမိဝယ်သုံးတာဖြစ်သလို
ဘယ်သူကမှ အလှူ လာလုပ်ထားတာလည်းမဟုတ်ပါ
❌Wifi Connection များသည်လည်း
လစဉ် ငွေပေးပြီး ၂၄ နာရီစာ ဝယ်သုံးတာဖြစ်တဲ့အတွက်
ဒီလို သတင်းအမှောင်ချဖို့ရည်ရွယ်ချက်နဲ့
အင်တာနက်များဖြတ်တောက်ခြင်းကို ပြင်းထန်စွာ ဆန့်ကျင်ပါတယ် ။
#SaveMyanmar
#WhatsHappeningInMyanmar
Photo Credit:
အာဏာရှင်
အနိုင်ကျင့်တတ်သူက
လူဆိုးလုပ်တယ် ။
✍️ကောက်ကျစ်စဉ်းလဲသူပြီး
ကတိမတည်တတ်သူက
လူယုတ်မာလုပ်တယ် ။
✍️လိမ်ညာယုတ်မာတတ်ပြီး
ငရဲသွားမယ့်သူက
အာဏာရှင်လုပ်တယ် ။
#သက်တန့်ချို
16 Feb-2021
Monday, February 15, 2021
ပြည်သူအပေါ် တကယ်ပဲ စေတနာရှိခဲ့ရင် ....
တကယ်ပဲ စေတနာရှိခဲ့ရင် . .
အာဏာသိမ်းတပ်မတော်သည် တကယ်ပဲ ပြည်သူအပေါ် စေတနာရှိခဲ့ရင်
၁ ။ အင်တာနက်တွေဖြတ်တောက်ခြင်းမလုပ်ရပါဘူး သတင်းလွတ်လပ်စွာ စီးဆင်းခွင့်ကို တားဆီးခြင်းဟာ သတင်းအမှောင်ချခြင်းနဲ့တူတူပါပဲ ။
၂ ။ စစ်ကားတွေနဲ့ တင့်ကားတွေနဲ့ဟန်ရေးမပြရပါဘူး တည်ငြိမ်အေးချမ်းရေးထက် အကြောက်တရားကိုသာ ပိုကြီးစိုးစေပါတယ် ။
၃ ။ ဒီလိုအချိန်မှာ ထောင်သားတွေကို မလွှတ်ပေးရပါဘူး ။ ယခင် NLD အစိုးရလက်ထက်တုန်းက အပြစ်သားတွေကိုထိုက်သင့်တဲ့အပြစ်ဒါဏ်ပေးထားတာမို့ ဘယ်လိုအကြောင်းနဲ့မှ အပြစ်သားတွေကို ပြန်လွှတ်ပေးတာ ယုတ္တိမရှိပါ ။ ဒီအချက်ကသာ မြို့ရွာ ၊ ရပ်ကွက် တည်ငြိမ်အေးချမ်းရေးကို အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်ပြီး အန္တရာယ်အပေးနိုင်ဆုံးဖြစ်ပါတယ် ။
၄ ။ နောက်ဆက်တွဲ ဒီလွှတ်လိုက်တဲ့ထောင်သားတွေကနေတဆင့် မီးကွင်းပစ်တာ ရပ်ကွက်တွေထဲမှာ ခိုးကြောင်ခိုးဝှက်ဝင်နေတာတွေကြောင့် ပြည်သူကနေ ကိုယ့်လုံခြုံရေး နဲ့ကိုယ့်ကင်းကိုယ်စောင့်ရတဲ့အခြေအနေဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းလူတိုင်းသိပါတယ် ။ ပြည်သူအပေါ် စေတနာရှိရင် ဒါလုပ်သင့်လားမလုပ်သင့်ဘူးလူတိုင်းသိပါတယ် ။
၅ ။ Electronic ဥပဒေကို လိုသလို ပုံသွင်းပြီး မခြိမ်းခြောက်ရပါဘူး ။ ဒါဟာ အကြောက်တရားကို ထည့်သွင်းပြီး လူတွေကို ဘာမှမလုပ်နဲ့လို့ပြောလိုက်တာနဲ့အတူတူပါပဲ ဒါဟာ စေတနာလား ?
၆ ။ သတင်းထောက်တွေနဲ့ NLD အားပေးသူတွေကို ဖိအားပေး ဖမ်းဆီးတာတွေမလုပ်ရပါဘူး ။ လူတွေကို ကြောက်အောင်လုပ်ပြီး ငါလုပ်တာ အမှန်ပဲ ယူဆနေသရွေ့ ပြည်သူက တပ်မတော်သည် တကယ်ပဲ စေတနာရှိပါတယ်လို့ မြင်လာစရာအကြောင်းမရှိပါ ။
၇ ။ မဲ စာရင်းကွာဟမှုကို ဖြေရှင်းချင်ရင် အခြားနည်းကိုသုံးရပါမယ် ။ ဘယ်ဖက်မှမပါတဲ့ third party - specialist တွေကို ခေါ်ယူဖြေရှင်းစေတာမျိုး ။ ငါတို့တောင်းဆိုတာ လက်မခံလို့ အာဏာသိမ်းလိုက်တယ်ဆိုတာမျိုးက မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတကာ အမြင် နဲ့ပုံရိပ်တွေအပေါ် ဆိုးရွားစွာ ထိခိုက်စေပါတယ် ။ ရှင်းရှင်းပြောရရင် မတတ်သာလို့ UN လာပါ US လာပါပြောနေကြပေမယ့် တကယ်တော့ရှက်စရာကြီး ။ တပ်မတော်ကသာ ပြည်ကို တကယ်ကာကွယ်ပေးပြီး စစ်မှန်တဲ့ ပြည်သူ့အစိုးရကို ထောက်ခံပေးရင် ဘယ်လောက်ကောင်းမလဲ ။
၈ ။ CDM သမားတွေကို ဖိအားပေးတာမျိုးက စေတနာလို့မခေါ်ပါဘူး ။ Fully CDM ဖြစ်ရင် တိုင်းပြည်ရဲ့ ယန္တရားပျက်မယ် အစိုးရလုပ်ငန်းတွေနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းအသေး၊အကြီးအကုန်ပျက်မှာပါ ။ ဒါကို မသိလို့ လုပ်နေကြတာမဟုတ်ဘူး သိသိကြီးနဲ့ဘာလို့ တစ်တိုင်းပြည်လုံး CDM ကို ဖိအားပေးနေကြတာလဲ ? ရှင်းပါတယ် စစ်တပ်အုပ်ချုပ်တာမခံချင်လို့ပေါ့ အခုတောင်ကြည့်စရာ MWD, MRTV စတဲ့စစ်တပ် lobby လိုင်းတွေပဲရှိတော့တာမဟုတ်ဘူးလား ။ ရုပ်သံလိုင်းမှာ ပြည်သူတွေအနားယူနေတယ် အားကစားလုပ်နေတယ်လွှင့်ပြီး ညဖက်ကျတော့မာရှယ်လော ထုတ်တာတွေက ရယ်စရာတွေပါ ။
၉ ။ ရှင်းရှင်းပြောရရင် စစ်တပ်သည် ( အာဏာမသိမ်းခင်ကထိ ) NLD အစိုးရနဲ့ level တူလို့တောင်ပြောလို့ရသေးတယ် စစ်တပ်ပိုင်ဆိုင်မှုတွေကိုလည်း ဘယ်သူမှ စစ်မရ စစ်ခွင့်လည်းမပေး ပြီးတော့ စစ်တပ်ကိုလည်း ဘယ်ပြည်သူကမှ ရန်လုပ်နေတာမဟုတ် ၂၅% လွှတ်တော်ထဲ ဝင်နေတာတောင် ပြည်သူသည် စစ်တပ်ကို ဒီလောက်မုန်းတီးတဲ့အခြေအနေမဟုတ်သေးဘူး ။ အခု အာဏာသိမ်းလိုက်ပြီး ပြည်သူတင်ထားတဲ့ခေါင်းဆောင်တွေကို ဖမ်းထားခြင်းကမှ ( နဂို စစ်တပ်ကို ကြည်ညိုရင်းစွဲရှိ ) တဲ့လူတွေတောင် စစ်တပ်မုန်းတီးရေးဖက်ကို ပြောင်းသွားကြတာ ဘယ်သူမပြုမိမိမှုပါပဲ ။
၁၀ ။ တကယ်ပဲ ပြည်သူအပေါ် စေတနာရှိတာလား ဒါဆိုရင် ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို အာဏာပြန်ပေးလိုက်ပါ ။ စစ်တပ်က တိုင်းပြည်ကာကွယ်ရေးကို ဂရုစိုက်ပါ ။ မဲကွာဟချက်ကို အခြားနည်းနဲ့အဖြေရှာပါ ။ ပြည်သူရဲ့စိတ်အခံသည် (ယခင်က ) တပ်မတော်ကို တိုင်းပြည်ကာကွယ်ရေးအတွက် အားကိုးစိတ်ရှိနေကြတာ လူတိုင်းသိတယ် ဒါပေမယ့် အခု အာဏာသိမ်းလိုက်ခြင်းက တိုင်းပြည်ကာကွယ်ရေးထက် မိမိ အာဏာ တည်မြဲ ရေးကို ဦးတည်ကြောင်း ပေါ်လွင်သွားတဲ့အတွက် (တပ်မတော်ကိုယ်စား ) အလွန်ရှက်ရပါတယ် ။
ခေတ်ဟာ ပြောင်းသွားခဲ့ပါပြီ ။ စက္ကန့်အတွင်းမှာ ကမ္ဘာ့တောင်ဖက်ခြမ်းက ကိစ္စကို မြောက်ဖက်ခြမ်းကနေ တိုက်ရိုက်မြင်နိုင်နေတဲ့အခြေအနေပါ ။ နိုင်ငံတကာ အကူအညီတွေလည်းမတောင်းချင်ပါဘူး ။ ပြည်သူအပေါ် စေတနာတကယ်ရှိရင် စေတနာရှိကြောင်း ထင်ဟပ်စေမယ့်လုပ်ရပ်တွေကိုလုပ်မှသာ စေတနာတကယ်ရှိကြောင်း ပြည်သူမှ အသိအမှတ်ပြုမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ် ။
သက်တန့်ချို
15-Feb 2021
Photo Credit : Wikipedia
Monday, February 8, 2021
အရှိန်မပျက်ပါစေနဲ့
❌တပ်ဟာ ဘယ်တော့မှ အချင်းချင်းအာဏာသိမ်းမှာမဟုတ်ဘူး အခု အခြေအနေအရ ဖြစ်နိုင်ချေလည်းမရှိဘူး
❌အမေစုကိုလည်း လွှတ်ပေးမှာမဟုတ်ဘူး သမ္မတကိုလည်းလွှတ်ပေးမှာမဟုတ်ဘူး စိတ်ကူးလည်းမရှိဘူး
❌တစ်သွေးတစ်သံ တစ်မိန့်မို့ ပြည်သူနဲ့ပူးပေါင်းဖို့မမြင်ပါ မရှိပါ possibilities နည်းပါတယ် ပြည်သူနဲ့ပထမဆုံးပူးပေါင်းတဲ့ ရဲ ၊ စစ်တပ်ဟာ နိုင်ငံတကာနဲ့မြန်မာအသိုင်းအဝိုင်းမှာ
အလွန်ဂုဏ်ပြုခံရပါလိမ့်မယ်
❌နိုင်ငံတကာကလည်းဖိအားပေးယုံလောက်ပဲရပြီး အတွင်းထဲထိဝင်စွက်ဖက်မှာမဟုတ်ဘူး စွက်ဖက်မယ်ဆိုရင်တောင်အချိန်အတိုင်းအတာတစ်ခုထိစောင့်ရမယ်
❌ လေယာဉ်တင် သင်္ဘောကြီးလည်းမေ့ထားပါ UN လည်းမေ့ထားပါ
❌ Red ribbon campaign - support ပေးကောင်းပေးနိုင်ပါလိမ့်မယ် but it's failure ပါ no effective ပါ zero result ပါ need to change CDM ပါ
❌ဆန္ဒပြတာကောင်းတယ် ဒါပေမယ့် ဘယ်လောက်ပြပြ final result မထွက်သေးဘူး ဖိအားတော့ ၉၀% ပေးနိုင်တယ် ဆက်လုပ်ရမယ် ✅
❌သံပုံးတီးတာလည်းဆက်လုပ်ရမယ် result မထွက်ပေမယ့် ၉၀% pressure. ပေးနိုင်တယ် ဆက်လုပ်ရမယ် ✅
❌twitter trending & facebook hashtag တွေက ထိရောက်တယ် final result မဟုတ်ပေမယ့် 90% လောက်ထိရောက်တယ် ဆက်လုပ်ရမယ် ✅
ဝုန်းကနဲ ယန္တရားကြီးတခုလုံးပြိုကျအလဲလဲ အပြိုပြိုနဲ့ 100% ထိရောက်ပြီး အချိန်တိုအတွင်း result ထွက်မှာက
✅CDM မှတပါးအခြားမရှိပါ ✅
On ground (10%)+ On air (5%)+ CDM (85% ) = 100% success လို့မြင်ပါတယ်
Friday, February 5, 2021
ဓမ္မနဲ့ အဓမ္မမှာ ကြားနေဆိုတာ မရှိဘူး
ဓမ္မနဲ့ အဓမ္မမှာ ကြားနေဆိုတာ မရှိဘူး ...ဆိုတာသိပ်မှန်ပါတယ်
အလုပ်တွေပဲ ဖိလုပ်နေလို့ စာရေးခြင်းကို အချိန်အတန်ကြာရပ်နားထားတဲ့ စာမရေးဖြစ်တော့တဲ့ကိုယ်ဟာ
ဒီလို အဓမ္မကနေ ဓမ္မကို အနိုင်ယူနေတဲ့အချိန်မှာ ဓမ္မဖက်ကနေ ပါဝင်ခွင့်ပြုပါ
ကိုဗစ်ကာလကြီးမှာ လူတွေအားလုံး
အတော်လေးရုန်းကန်ကြရပါတယ်
စီးပွားရေးတွေကလည်းမပြေလည်ပါဘူး
လုပ်ငန်းတွေလည်ပတ်အောင်ကျားကုတ်ကျားခဲလုပ်ကြရပါတယ်
တချို့ ဘ၀ပျက်သွားသူတွေလည်းရှိသလို ပျက်လုနီးနီးတွေလည်းရှိနေပါတယ်
ကပ်ရောဂါဆိုးကြီးဖြစ်နေတဲ့ကာလဖြစ်တဲ့အပြင် အဓမ္မကြီးစိုးနေတဲ့ကာလမှာ
ကီးဘုတ်ပေါ်တင်ပြီး စာပြန်စရေးတဲ့အနေနဲ့ ရေးဖြစ်တဲ့ကဗျာတစ်ပုဒ်ပါ
" အမှောင်ထု "
သူတို့ဟာ
အာဏာကိုခုတုံးလုပ်
တိရိစ္ဆာန်ရုပ်ကို ပြခဲ့ကြပြီ
သွေးတွေနီတဲ့နေ့
တေးတွေသီမယ့် တစ်နေ့
အာဏာရှင်တွေဝေးစေရမယ်
တခုတ်တယ ပျိုးထားတဲ့
ဒီမိုကရေစီ ပန်းကိုချေနင်း
ဒါမင်းတို့ သတင်း ပါ
ပြည်သူအပေါ်မိုက်ရိုင်း
ဒါမင်းတို့ သမိုင်းပါ
လောကပါလ တရားမှာ
ဓမ္မ နဲ့ အဓမ္မဆိုတာရှိတယ်
သေနတ်မောင်းကိုတေ့
အလောင်းတွေတွေ့မှ
အာဏာရှင်စနစ်ဆိုးကိုသိမယ်
ခေါင်းငုံ့ထားသူဟာ
ဘယ်တော့မှ အမှန်တရားကိုမမြင်နိုင်ဘူး
ရှင်နေတာတောင် သေဆုံးနေသလိုမျိုး
အိပ်မက်တွေ ပဲ့ကျိုးကုန်တယ်
နေဝင်ညကိုကူးဖြတ်နေတုန်း
ရောင်နီမလာခင်ပဲ
ဒီမိုကရေစီဟာအညွန့်ချိုးခံခဲ့ရ
ငါတို့ ဘယ်သူ့ကို တိုင်တည်ရမလဲကွယ်
သက်တန့်ချို
5.2.2021
Photo Credit to Original Artist
Tuesday, October 13, 2020
Lianhua Qingwen (LH) capsule နဲ့ COVID-19 အကြောင်း
Lianhua Qingwen (LH) capsule နဲ့ COVID-19 အကြောင်း
LH လို့အတိုကောက်ခေါ်တဲ့ Lianhua Qingwen ဆေးတောင့်တွေဟာ တရုတ်ပြည်ရဲ့ Herbal product ဖြစ်ပြီး ဘေဂျင်းရဲ့ ကိုရိုနာကို တရုတ်တိုင်းရင်းဆေးအရ ကာကွယ်ထိမ်းချုပ်ရေး program မှာ ပါဝင်ခဲ့ပါတယ် ။ ဆိုလိုတာက ဒီဆေးတောင့်ကို လူကြီးလူနာတွေကို ကုသမှုပေးတဲ့အခါမှာ အသုံးပြုခဲ့ကြပြီး Under medical observation ( ဆေးပညာအရလေ့လာစောင့်ကြည့်အသုံးပြုဆဲ ) ဖြစ်တယ်လို့ဆိုတယ် ။
LH ဆေးတောင့်က အခုမှပေါ်လာတာတော့မဟုတ်ဘူး သူ့မှာ 13 herbs ပါတယ် lonicera japonica, forsythia suspense နဲ့ rhodiola rosea လိုမျိုးအပင်တွေပါ ။ ၂၀၀၃ ခုနှစ်တုန်းက တရုတ်ပြည်မှာ SARS Epidemic ဖြစ်တုန်းကထဲက LH က စျေးကွက်ထဲရောက်ခဲ့တာပါ ။
ဖိလစ်ပိုင်နိုင်ငံမှာတော့ LH ဆေးတောင့်ကို တရုတ်တိုင်းရင်းဆေးအဖြစ် ခွင့်ပြုတယ် ဒါပေမယ့် COVID-19 ကုသမှုအတွက်တော့ မဟုတ်ဘူးလို့ အတိအကျဆိုထားပါတယ် ။
ဖိလစ်ပိုင် FDAရဲ့အဆိုအရဆိုရင် LH ဆေးတောင့်ကို ရိုးရာတိုင်းရေးအဖြစ် အဆုတ်ကို အပူ အဆိပ်များဝင်ရောက်ခြင်းဖယ်ထုတ်ရန်နဲ့အဖျား ၊ အအေးမိ ၊ ကြွက်သားညောင်းညာ ၊ နှာမွှန်နှာရည်ယိုခြင်းအတွက်အသုံးပြုနိုင်တယ်လို့ဆိုတယ် " but not for COVID-19 treatment " ပါတဲ့ ။
June လ ၁ ရက်နေ့က nutraingredients-asia မှာ တင်ထားတဲ့ Article ကိုကြည့်မယ်ဆိုရင်
" COVID-19: TCM Lianhua Qingwen speeds up recovery but no effect in preventing conversion to severe cases – two-week RCT "
TCM Lianhua Qingwen ဆေးတောင့်က COVID19 လူနာတွေကို ပြန်လည် recovery ရစေမှုမြန်စေတယ်ဒါပေမယ့်ရောဂါပိုမပြင်းထန်လာအောင် တားဆီးတဲ့နေရာမှာတော့ no effect လို့ဆိုပါတယ် ဒါက ၂ ပတ်ကြာစမ်းသပ်ထားတဲ့ Clinical trial မှာ ဆိုထားတာပါ ။ ဆေးသောက်သူတွေရဲ့ ၂၂.၅% မှာ မူမမှန်တဲ့အသည်းလုပ်ဆောင်ချက်တွေဖြစ်ပေါ်လာတယ် Alanine Aminotransferase လို့ခေါ်တဲ့ အသည်းအင်ဇိုင်းမြင့်တက်လာတယ်လို့ဆိုတယ် ။
လက်ရှိကမ္ဘာပေါ်မှာ COVID-19 အတွက် Vaccine အတိအကျမပေါ်သေးပါဘူး ။ စမ်းသပ်ဆဲနောက်ဆုံးအဆင့်တွေနဲ့လေ့လာမှု တွေအထပ်ထပ်လုပ်နေတုန်းပါပဲ ။ မြန်မာနိုင်ငံရဲ့ FDA ကတော့ အွန်လိုင်းမှာ ရောင်းချနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက်ဆိုတဲ့ တရုတ်နိုင်ငံထုတ် တိုင်းရင်းဆေးဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဝယ်ယူ သုံးစွဲတာ မလုပ်ဆောင်ဖို့ ပြောကြားထားတယ်ဆိုတာ သိရပါတယ် ။
FDA က တားနေတာကရှင်းပါတယ် တရုတ်တိုင်းရင်းဆေးအစစ် Lianhua Qingwen အစစ်ဆိုရင် ဆိုးဆိုးရွားရွားပြဿနာမရှိနိုင်ပေမယ့် အတုတွေသာဖြစ်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ အခုခေတ်ကြီးမှာ ဆေးဝါးအတုတွေအများအပြားရှိနေတဲ့အချိန် အွန်လိုင်းကနေ ရောင်းနေတာတွေက အစစ်မဟုတ်ခဲ့ရင် ဘယ်သူတာဝန်ယူမှာလဲ ဆိုတာ မေးခွန်းထုတ်ရမှာပါ ။ FDA ဟာ သူ့အလုပ်သူလုပ်တာမို့မှန်ပါတယ် ။ မြန်မာနိုင်ငံကိုသွင်းဖို့ဆိုရင် FDA စစ်ဆေးမှုခံယူရမှာဖြစ်ပြီး အဆင့်အဆင့်တာဝန်ရှိသူတွေ စစ်ဆေးခွင့်ပြုချက်ယူပြီးမှ သုံးစွဲခွင့်ရမှာဖြစ်ပါတယ် ။
ပြောချင်တာကအခုမှ စမှာပါ .. LH ဆေးတောင့်ကို တော်တော်များများလိုက်ဖတ်ကြည့်ရသလောက်အခုမှ ထပေါ်တဲ့ဆေးတော့မဟုတ်ပါဘူး ။ တရုတ်တိုင်းရင်းဆေး Cateogry မှာ အဆုတ်အပူနာ အ ဖျားကျ အသက်ရှုလမ်းကြောင်းရောဂါများအတွက်သုံးနေတာတော့ကြာပါပြီ ။ တရုတ်ပြည်မှာ သုံးတာတော့ သူ့ပြည်သူပြည်သားတွေ အစစ်သုံးရင် သုံးရမှာပေါ့ အဲ .. အမျိုးမျိုးသောလမ်းကြောင်းတွေနဲ့တခြားနိုင်ငံတွေကိုရောက်လာတဲ့အခါမှာ ဒီဆေးဟာ အစစ်ဖြစ်ပါတယ် ဘေးအန္တရာယ်ကင်းပါတယ်လို့ အာမခံဖို့ကျတော့ခက်သွားပါပြီ ။ ဘယ်သူ အာမခံမှာလဲ ။ ဒီအတိုင်းပဲ ဟို သတင်းဒီသတင်းဖတ် ဟိုလူဒီလူပြောတာ ကြားပြီး မှာသောက်ကြတာများပါတယ် ။
ဒီဆေးဟာ တကယ်ပဲ Speedy recovery ရစေတယ် ရောဂါဖြစ်ပွားချိန်တိုစေတယ် ဆိုရင် တစ်ကမ္ဘာလုံးလည်း သုံးလို့ရအောင် ဒီထက်ပိုတဲ့ လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ် ။ Evidence based medicine ဆိုတဲ့အတိုင်းခိုင်မာတဲ့သက်သေ တွေသာ ရှိခဲ့ရင် နိုင်ငံတိုင်းရဲ့ FDA တွေကလည်းခွင့်ပြုမှာ မလွဲပါဘူး ။ လိုက်ဖတ်ကြည့်ရသလောက်သူ့ရဲ့အဓိကအချက်တွေက အဖျားကျတာမြန်တယ် မောပန်းနွမ်းနယ်တာသက်သာပြီးချောင်းဆိုးသက်သာစေတဲ့ တိုင်းရင်းဆေးတစ်မျိုးပါ COVID မှာ အသုံးတည့်မတည့်ဆိုတာကတော့ နောက်ထပ်လေ့လာမှုတွေစမ်းသပ်မှုတွေလိုပါဦးမယ် ။
နောက်ဆုံးအနေနဲ့ဖိလစ်ပိုင်က Dr.Tan-Gatue နဲ့အမေးအဖြေတွေကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် ။ အစအဆုံးတော့ ဘာသာပြန်မနေတော့ပါဘူး အချို့သော အမေးအဖြေလေးတွေပဲဖတ်ကြည့်ပါ
မေး - တရုတ်တိုင်းရင်းဆေးတိုင်းမှာ တိုင်းရင်းဆေး ဖော်မြူလာအတိုင်းထုတ်ရတာလား
ဖြေ - အဲ့လိုမဟုတ်ပါဘူး တရုတ်တိုင်းရင်းဆေးဆိုင်းဟာ TCM စည်းမျဉ်းကိုလိုက်နာရပါတယ် ဒါပေမယ့် ပါဝင်ပစ္စည်းတိုင်းကတရုတ်ပြည်ကထွက်တာမဟုတ်ပါဘူး
မေး - Lianhua Qingwen အကြောင်းမေးပါမယ် သူ့ကို ဘယ်လိုလုပ်ထားတာလဲ
ဖြေ - အတိအကျတော့မပြောနိုင်ပါဘူး ပုံမှန်အတိုင်းပဲ အရွက်တွေ ထဲကနေ လိုချင်တဲ့ဓါတ်တွေကို အကြိမ်ကြိမ်ထုတ်ယူတယ် ပြီးတော့ပေါင်ဒါအဖြစ် ပြောင်းတယ်ပြီးရင်ဆေးတောင့်ပုံစံလုပ်တယ်
မေး - ဘာတွေနဲ့ထုတ်လုပ်တာလဲဗျ
ဖြေ - LIanhua Qingwen ကို Japanese honeysuckle flower, weeping forsythia, ephedra စတဲ့ herbs တွေကနေထုတ်ထားတာပါ
မေး - သူက ဘာအတွက်ကောင်းတာလဲ
ဖြေ - အဓိကတော့ Toxic lung heat ကိုသက်သာစေတာပေါ့ Toxic ဆိုတာကအဆုတ်မှာပြည်တည်သလိုမျိုးအဆိပ်တွေဖြစ်တာ Lung head ကတော့အဆုတ်အပူချိန်တက်တာ ဒီလိုဖြစ်လာရင်အသက်ရှုခက်မယ် ရောင်လာမယ် ဒါကိုလျော့ကျစေတာလို့ဆိုပါတယ်
မေး - ဆရာဝန်ညွှန်ကြားချက်လိုလား
ဖြေ - ဖိလစ်ပိုင်မှာတော့ TCM Concepts တွေကို သိပ်မရင်းနှီးသေးဘူးဗျ ဒီတော့ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်တာ ပိုစိတ်ချရပါမယ်
မေး - အန္တရာယ်ကင်းရဲ့လား
ဖြေ - ယေဘူယျကြည့်မယ်ဆိုရင်တော့ safe ဖြစ်တယ်ပြောလို့ရပေမယ့် တစ်ခုရှိတာက Ephedra herb ကနေ ထုတ်ယူထားတဲ့ ephedrine ပေါ့လေ ဒီကောင်က ဖိလစ်ပိုင်မှာဆိုရင် အန္တရာယ်ရှိဆေးဝါးစားရင်းထဲပါတယ်ဗျ ဒါပေမယ့် တရုတ်တိုင်းရင်းဆေးသဘောက ingredient တစ်ခုထဲကိုမကြည့်ရဘူး အစအဆုံးကြည့်ရတာမျိုးဆိုတော့လည်းပြောရမှာခက်ပါတယ်
ဖိလစ်ပိုင်က ဒီဆေးက FDA က COVID ကုသဖို့မဟုတ်ပေမယ့် တိုင်းရင်းဆေးအဖြစ် အဆုတ်ရောဂါကုသဖို့ခွင့်ပြုချက်ပေးခဲ့တာကြောင့် တရားမဝင်တော့မဟုတ်တော့ပါဘူး ။ ဒီဆေးကို Philippines, Brazil, Romania and Mozambique,စတဲ့နိုင်ငံတွေမှာတော့ စသုံးနေကြပြီး under registration ကတော့နိုင်ငံ ၃၀ လောက်ရှိတယ်လို့ ဒီဆေးကိုထုတ်တဲ့ Yiling Pharmaceuticals ကဆိုပါတယ် ။
မြန်မာပြည်မှာလည်း FDA က သုံးခွင့်ပြုမှ သုံးတာ စိတ်ချရပါတယ် ။ ဆေးကုမ္မဏီတွေ ဆေးဝါးတင်သွင်းသူတွေက တဆင့် သွင်းပေးဖို့ လိုသလို FDA စစ်ဆေးမှုခံယူဖို့ ခွင့်ပြုချက်ရယူမှ သာ စိတ်ချရမှာပါ ။
အွန်လိုင်းမှာ ဆေးဝါးအတုအစစ်ဘယ်လိုခွဲမှာလဲ တရုတ်ပြည်မှာတော့အစစ် ဒီကိုရောက်လာတာတွေ တရားမဝင် အွန်လိုင်းမှာရောင်းနေတာတွေက အတုတွေဖြစ်နေမယ်ဆိုရင် ဘေးထွက်ဆိုးကျိုးများတဲ့ အခြား ဆေးအတုတွေဖြစ်နေရင်တော့ သိပ်အန္တရာယ်များလွန်းပါတယ် ။
ဒါဟာ Lianhua Qingwen က အစွမ်းရှိတယ်မရှိဘူးဆိုတဲ့ ကိစ္စကိုပြောနေတာမဟုတ်ပါဘူး ။ ဆေးအစစ်လား အတုလားဆိုတာ ခွဲခြားမသိနိုင်လို့ပြောနေတာဖြစ်ကြောင်း သတိပြုစေချင်ပါတယ် ။
ကိုးကား
https://www.globaltimes.cn/content/1191897.shtml
https://www.cnn.ph/news/2020/8/12/Philippines-FDA-approves-Chinese-drug-Lianhua-Qingwen-.html
https://www.nutraingredients-asia.com/Article/2020/06/01/COVID-19-TCM-Lianhua-Qingwen-speeds-up-recovery-but-no-effect-in-preventing-conversion-to-severe-cases-two-week-RCT
http://burmese.dvb.no/archives/416288?fbclid=IwAR3A6qJcIZJq_zk1AJhEPNtheHWxSvl0lYhYK7ztzuDz2qwtsjZKwKzq2-Y
https://www.onenews.ph/us-health-agency-says-traditional-chinese-medicine-can-help-covid-19-patients-recover-faster
https://www.chinoy.tv/a-medical-doctor-answers-our-most-curious-lianhua-qingwen-questions/?fbclid=IwAR2BqrlFmp8sHwD4jpNlvWqAYjhcYo49e7BAjLUmvYZxGhL7MebZQCU1N7Y
Monday, October 5, 2020
Semi-Lock Down ၂ ပတ်နဲ့ ကိုယ့်တစ်ယောက်တည်းအမြင်သုံးသပ်ချက်
လက်ရှိ တစ်ရက် တစ်ရက်ထောင်ချီတဲ့ + တွေ တိုးလာနေပြီး Death Rate တွေ တက်တက်နေတာဟာ
ဘယ်လိုပဲ ( ရသေ့စိတ်ဖြေသဘောနဲ့ အရေအတွက်ကျလာမှာပါ နောက် ၂ ပတ်နေရင်သိသာလာမှာပါ ပြောပြော )
စိုးရိမ်ရတဲ့အနေအထားပါပဲ
Stay Home ကြေငြာခဲ့တာလည်းတော်တော်ကြာပါပြီ ထပ်တိုး Semi-Lock down ဆန်ဆန် WFH တွေလုပ်ခိုင်း
Esssentail Business တွေ ပဲလမ်းပေါ်ထွက်ခိုင်းပြီး စက်ရုံအလုပ်ရုံတွေပိတ်ခိုင်းခဲ့တဲ့ ပထမဆုံးရက်က စက်တင်ဘာလ ၂၁ ရက်နေ့ဆိုတော့
အခု အောက်တို ဘာ ၅ ရက်နေ့ စုစုပေါင်း ၁၅ ရက်တိတိရှိပါပြီ ပြောရမယ်ဆိုရင် Semik-lock down ၂ ပတ် ကျော်ပေါ့
တကယ်ပဲ ပိုးကူးစက်မှုကျသွားပြီလား ဆိုရင် No လို့ပဲဖြေရပါဦးမယ် ပထမအကြိမ်ထဲက Stay home နေတဲ့တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေနဲ့
Essential business categories တွေထဲမပါလို့ လုပ်ငန်းတွေရပ်ပြီး stay home လိုက်ကြတဲ့သူတွေအနေနဲ့ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ထင်လို့လဲ
ကိုယ်ကတော့သိပ်မထင်ပါဘူး လူတိုင်းမှာ တောင့်ခံထားနိုင်တဲ့ အတိုင်းအတာ ဆိုတာရှိပါတယ် ရှိစုမဲ့စု စုထားတဲ့ငွေလေးကုန်သွားရင်
စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ဖို့ပြန်စဉ်းစားကြမယ့်သူတွေအများကြီးရှိနေပါလိမ့်မယ် ထားပါတော့ အခု ရေးချင်တာက
အားမလိုအားမရဖြစ်နေရတဲ့အပိုင်းတွေပါ
၁ ။ လမ်းပေါ်ကို အနီတွေထွက်လိုက် အစိမ်းတွေထွက်လိုက်နဲ့ အုပ်လိုက်ကြီးတွေကို မဲဆွယ်နေတာကို ဘာကြောင့် တားဆီးမှု ပိတ်ပင်မှု အရေးယူမှု တစုံတရာမရှိတာပါလဲ
ဒီလို လမ်းပေါ် တက်ပြီး မဲဆွယ်နေတာ ( ဘယ်အဖွဲ့ဖြစ်ဖြစ် ) အမှန်တကယ် Stay home နေသူတွေကို လာပြောင်ပြနေသလိုခံစားရပါတယ် ။
၂ ။ ရခိုင်မှာ Outbreak စဖြစ်ကထဲက ရန်ကုန်ကို ပိတ်ဖို့ နှောင်းနှေးခဲ့တယ် သတင်းစာထဲ လေယာဉ်နဲ့ဝင်ခဲ့ကြသူတွေကို သတင်းပို့ဖို့ ထည့်ကြေငြာတယ် ဒါပေမယ့် လူ ၂၀၀၀ ကျော် သတင်းပို့ရန်ပျက်ကွက်ဆိုတာပဲသိရတယ် နောက်ဆက်တွဲ ဘယ်လောက်သွားသလဲမသိ ဘယ်လောက်ပျံ့သွားသလဲမသိခဲ့ရပါဘူး ။
၃ ။ Essential bussiness တွေအပြင်ထွက်အလုပ်လုပ်ပါ ကျန်တဲ့ အလုပ်တွေက WFH လုပ်လို့ရရင်လုပ် လုပ်လို့မရရင် ပိတ်ဆိုတာမျိုးကြေငြာခဲ့ပြီးမှ အုပ်စုလိုက်ကြီးတွေ လမ်းပေါ်ထွက်မဲဆွယ် စည်းရုံး အင်အားပြနေတာတွေကို ခွင့်ပြုထားတာကျတော့လည်း မတရားသလို ခံစားရပါတယ် ။
၄ ။ တစ်ခုခု ကြေငြာမယ်ဆိုရင်လည်း ( ရှိတဲ့အင်အားနဲ့ မကြုံဖူးတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ) အမိန့်တွေကို ကပ်ပြီးကြေငြာတယ် ။
၅ ။ QR pass တွေလုပ်ခိုင်းတယ် အုတ်အော်သောင်းနင်းတွေ နဲ့ Privacy leak တွေဖြစ်ပြီး Security issue တွေဖြစ်တယ် ဝိုင်းထောက်ပြတဲ့သူတွေကိုတောင် မကျေနပ်သလို ပုံစံမျိုးတွေ နဲ့စာထွက်လာတယ် အဲ့ စစ်သလားဆိုတော့လည်း အခုထို ( အပြင်ကို Essential business အနေနဲ့ QR Pass ရထားသူအနေနဲ့ပြောရရင် ) တစ်ကြိမ်မှ စစ်တာ မကြုံရသေးဘူး ။
၆ ။ လမ်းပေါ်မှာ ခြင်းခတ်နေတဲ့သူတွေလည်းရှိတယ် အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက်နေသူတွေ ပြေးနေသူတွေရှိသေးတယ် သူတို့ကရော Essential business ကလူတွေတဲ့လား ။ တကယ်ဆိုရင် အမိန့်ဆိုတာ မျှတမှုရှိပြီး တည်မြဲမှုရှိရပါမယ် ။
၇ ။ အစိုးရက Fully Lock down လုပ်ဖို့ Plan မရှိပါဘူးဆိုတာမျိုးကို အစိုးရအသိုင်းအဝိုင်းမှာ ပြောပြီး ရပ်ကွက်ထဲကျတော့ အချိုးကျ စားဝတ်နေရေးစီစဉ်ဖို့ ဝေငှဖို့ Ration စနစ်ကိုကြိုပြင်ကြပါလို့ဆိုတယ် ။ ဘာတွေလဲမသိပါဘူး ။
ဆက်ရေးနေရင်အများကြီးမို့ ဒီလောက်နဲ့ရပ်ပါမယ် ။ First wave တုန်းက နိုင်လိုက်တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါဘူး ။ သင်္ကြန်ပိတ်ရက် ခံနေတာရယ်လူတွေရင်ထဲအကြောက်တရားကိန်းအောင်းနေတာရယ် ကြောင့် လုံး၀ လမ်းတွေပေါ် လူမရှိလို့ နိုင်ခဲ့တာပါ ။ အခု Second wave က ၁၀၀၀ ကျော်နေ့စဉ်တွေ့နေတာတောင် မနက်ဖြန်စားစာရာမရှိရင်ဘယ်လိုလုပ်မလဲတွေးပူသူတွေအများကြီးဖြစ်နေပါပြီ ။ SME တွေတော်တော်များများ ယိုင်နဲ့ကုန်ပါပြီ ။
အကယ်၍သာ ပေါ့လေ
၁ ။ ရခိုင်မှာ စပြီး out break ဖြစ်ကထဲက ရခိုင်ကို တင်းကြပ်ပြီး အချိန်နဲ့တပြေးညီ ရန်ကုန်ကိုလည်း Full Lock down ချခဲ့မယ်ဆိုရင်
( ဘယ်အချိန်ကတည်းက ပိုးသယ်သူတွေက ရန်ကုန်ထဲရောက်နှင့်နေမယ်မှန်းမသိလို့ )
၂ ။ ရခိုင် ကနေ ရန်ကုန်ကို ဝင်လာသူအားလုံးကို Trace ကောင်းကောင်းလုပ်ပြီး Contact ကို သေချာလိုက်ခဲ့မယ်ဆိုရင်
၃ ။ လူတွေ စတောင်းဆိုးကတည်းက အိမ်ထောင်စုတွေကို ၂ သောင်းထောက်ပံ့ငွေပေးကထဲက Fully Lock down လုပ်ခဲ့မယ်ဆိုရင်
၄ ။ မဲ ဆွယ်တာတွေ အင်အားပြတာတွေကို လမ်းပေါ်ထွက်ခွင့်မပြုခဲ့ဘူးဆိုရင်
၅ ။ + အားလုံး ( အနံ့ပျောက်သူကအစ ) ဆေးရုံတင်တဲ့ Policy ကို အရင်တတည်းကချိန်းခဲ့မယ်ဆိုရင် ..
လူနာတွေကို code စနစ်နဲ့လုပ်ပေးခဲ့မယ်ဆိုရင် ..
အခုလည်း ထပ်မံကြေငြာချက်တွေက အချိန်မှီပါစေလို့ ဆုတောင်းရင်းနဲ့ ဒီစာကိုရေးလိုက်ပါတယ် ။
သက်တန့်ချို
5 Oct-2020
Friday, October 2, 2020
အတွေးစ တချို့ ( ၁)
မုန်းနေတာထက်
မမုန်းတော့တာ ပိုကြောက်ဖို့ကောင်းတယ်
လစ်လျှုရှုတာထက်
ခံစားချက်မဲ့သွားတာ ပိုကြောက်ဖို့ကောင်းတယ်
သွေးအေးနေတာထက်
ဥပက္ခာပြုသွားနိုင်တာက ပိုကြောက်ဖို့ကောင်းတယ်
သက်တန့်ချို
2nd Oct 2020
Thursday, October 1, 2020
တိုင်းတာခြင်း
မြင့်မြတ်ခြင်းအစစ်က
မင်းဘယ်လောက် ဂုဏ်ယူနိုင်တယ်ဆိုတာမဟုတ်ဘူး
မင်းဘယ်လောက် ကိုယ်ကျိုးစွန့်နိုင်သလဲဆိုတာနဲ့တိုင်းတာတယ်
အောင်မြင်ခြင်းအစစ်က
မင်းဘယ်လောက်ချမ်းသာကြွယ်၀တယ်ဆိုတာမဟုတ်ဘူး
မင်းဘယ်လောက် လူတွေကို ကူညီပေးခဲ့သလဲဆိုတာနဲ့တိုင်းတာတယ်
လူပီသခြင်းအစစ်က
မင်းဘယ်လောက် ရိုးသားတယ်ဆိုတာမဟုတ်ဘူး
မင်းကြောင့် ဒုက္ခရောက်ရသူရှိမရှိဆိုတာနဲ့တိုင်းတာတယ်
သက်တန့်ချို
1st-Oct 2020
Wednesday, September 30, 2020
မရှုံးသေးပါဘူး
မရှုံးသေးပါဘူး
အတူရုန်းကြရင်
အောင်မြင်မှာ သေချာပါတယ် ။
အလင်းကိုမြင်နေသရွေ့
အမှောင်မိုက်ဆုံးနေ့တွေကို ကျော်ဖြတ်ရမှာပဲ
အားမငယ်ပါနဲ့
ဖျားနာသူကိုကူဖို့
သူတို့ရှိကြတယ်
ဒါဏ်ရာတွေနဲ့ကမ္ဘာကြီးရဲ့
အလင်းတံခါးကိုဆွဲဖွင့်ဖို့
ရဲရင့် နှလုံးသားကိုယ်စီနဲ့
မနက်ဖြန်ဆိုတာကို မျှော်လင့်ရင်
မိုးလင်းမှာမကြောက်ပါနဲ့ ။
သက်တန့်ချို
30-Sept 2020