Saturday, December 22, 2012

ကိုယ်ကျင့်တရားရဲ့အားနည်းချက်

 ကိုယ်ကျင့်တရားရဲ့အားနည်းချက်


တစ်ခါတုန်းကပေါ့ အရမ်းကိုအောင်မြင်နေတဲ့ ရုပ်မြင်သံကြားဌာနတစ်ခုကနေပြီး စီးပွားရေးမှာ ထူးချွန်လို့နာမည်ကြီးနေ တဲ့ လူငယ်တစ်ဦးကို အင်တာဗျူးပါတယ် ။ အင်တာဗျုးတွေ ရဲ့နောက်ဆုံးအဆုံးသတ်စကားအတိုင်း မေးတဲ့သူက လူငယ်ကို “ အောင်မြင်မှုအတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ ” လို့မေးခဲ့ပါတယ် ။ လူငယ်က ခဏစဉ်းစားပြီး အဖြေကို တိုက်ရိုက်မပြောပဲ သူ့ကိုပုံပြင်လေးတစ်ပုဒ်ပြောသွားခဲ့တယ် ။

“ ဟိုးလွန်ခဲ့တဲ့ ၁၂ နှစ်တုန်းကပေါ့ လူငယ်တစ်ဦးက ကျောင်းပြီးတာနဲ့ နိုင်ငံခြားကိုထွက်သွားပြီး အလုပ်တစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ပညာဆက်လက်သင်နေခဲ့တယ် ။ သူသွားတဲ့နိုင်ငံ က ပြင်သစ်နိုင်ငံတဲ့ ။ အဲဒီပြင်သစ်ကိုရောက်ပြီးမကြာခင်မှာပဲ လူငယ်လေးဟာ ပြင်သစ်က ကားဂိတ် ၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်တွေ လက်မှတ်ပြရတဲ့နေရာမရှိကြောင်း သတိထားမိသွားတယ် ။ ကားတွေ ရထားတွေပေါ်မှာလဲ လက်မှတ်စစ်တွေလာစစ်တာ အင်မတန်နည်းကြောင်း သတိထားမိပြန်တယ် ။ တကယ်လို့ လာစစ်ခဲ့မိရင်လဲ အဖမ်းခံရမယ့် အခြေအနေဟာ လူတစ်သောင်းမှာမှ တစ်ယောက်တောင် မရှိဘူးလို့ သူတွေးမိလိုက်တယ် ။ အဲဒီလိုနဲ့ သူဟာ ကားစီးတိုင်းမှာ လက်မှတ်မ၀ယ်ပဲစီးခဲ့တယ် ။ ကိုယ်ကိုယ်ကိုယ် လည်း အလုပ်လုပ်ပြီး ကျောင်းတတ်နေရတာဖြစ်တဲ့အတွက် ငါဟာတတ်နိုင် သမျှ ချွေတာနိုင်သမျှ ချွေတာမယ်လို့ တွေးလိုက်တယ် ။    

အဲဒီလိုနဲ့အချိန်ကာလ ၄ နှစ်ကုန်သွားခဲ့တယ် ။ နာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ကျောင်းသား တစ်ဦးအဖြစ် အကျင့်စာရိတ္တကောင်းမွန်တဲ့ကျောင်းသားတစ်ဦးအဖြစ် သူဟာဘွဲ့ရခဲ့တယ် ။ ပြီးတဲ့အခါ အဲဒီပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရှိတဲ့နိုင်ငံခြားကုမ္မဏီတွေမှာ သူအလုပ်လျှောက်ခဲ့တယ် ။ သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ပေါ့ ။ ဒါပေမယ့် အလုပ်တိုင်းလိုလိုမှာ သူဟာ အပယ်ခံထိခဲ့တယ် ။ အလုပ်စလျှောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာအားရကြိုဆိုကြပြီး အင်တာဗျုးတွေမေးကြပေမယ့် နောက်ဆုံးတော့ သူ့ကို ပယ်ပစ်ခဲ့ကြတယ် ။ ဘာအကြောင်းကြောင့် ပယ်တာလဲ ဆိုတာကိုသူလည်းအတော့်ကို သိချင်နေခဲ့တယ် ။ နောက်ဆုံး ကုမ္ပဏီတစ်ခုကိုတော့ သူ စာပို့ပြီးအပယ်ခံရတဲ့အကြောင်းကိုမေးခဲ့ပါတယ် ။ မကြာခင်မှာ ပဲ ပြန်စာ သူ့ဆီရောက်လာခဲ့တယ် ။

စာထဲမှာရေးထားတာက . . မိတ်ဆွေရဲ့ ပညာအရည်အချင်း ၊ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ထူးချွန်မှုကို ကျွန်တော် တို့ သဘောကျခဲ့တယ် ။ ဒါပေမယ့် ကိုယ်ကျင့်တရားနဲ့ယုံကြည်မှု အတိုင်းအတာကို ကျွန်တော် တို့ပြန်စစ်ဆေးကြည့်တော မိတ်ဆွေဟာ လက်မှတ်မပါပဲ ကားခိုးစီးမှုအတွက် ဒါဏ်ငွေ ၃ ကြိမ်ဆောင် ခဲ့ရကြောင်းကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ် ။ ဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာက မိတ်ဆွေဟာ

- စည်းကမ်းမလိုက်နာသူ
- ယုံကြည်ဖို့မထိုက်တန်တဲ့သူ ဖြစ်နေတယ်ဆိုတာပါပဲ ။ အဲဒီ ၂ ချက်ကြောင့် ကျွန်တော်တို့ကုမ္ပဏီကနေ ၀မ်းနည်းစွာ ပယ်ခဲ့ရခြင်းဖြစ်ပါတယ် ။ စာကိုဖတ်ပြီးတဲ့အခါ ဘွဲ့ရလူငယ်ဟာ ရုတ်တရက်အိပ်မက် ဆိုးထဲကနေ လန့်နိုးလာသလို တုန်လှုပ် ခြောက်ခြားနေခဲ့တယ် ။ စာရဲ့နောက်ဆုံး မှာလည်းအောက်ပါ အတိုင်းရေးထားပါသေးတယ် ။

“ စဉ်းစားဆင်ခြင်နိုင်စွမ်းရဲ့အားနည်းချက်ကို ကိုယ်ကျင့်တရားက အမြဲတမ်းလိုက်ပြီးဖြည့်ဆည်းပေးတယ် ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့အားနည်းချက် ချို့ယွင်းမှုကိုတော့ စဉ်းစားဆင်ခြင်နိုင်တဲ့အသိက ဘယ်တော့မှ လိုက်မဖြည့်ဆည်းပေးနိုင်ဘူး ”

အဲဒီပြန်စာရပြီး နောက်ရက်မှာလူငယ်ဟာ သူ့နိုင်ငံသူပြန်သွားခဲ့တယ် ။ ကျွန်တော်ပြော ချင်တာ ကတော့ဒါပါပဲလို့ လူငယ်က အင်တာဗျုးမေးတဲ့သူကိုဖြေလိုက်တယ် ။

လူငယ်ရဲ့စကားအဆုံးမှာ အင်တာဗျူးတဲ့သူတွေ ခဏလောက်တိတ်ဆိတ်သွားပါတယ် ။ ပြီးတော့ထပ်မေး တယ် “ ဒါဟာ အောင်မြင်မှုအတွက်အရေးပါတဲ့အချက်လို့ပြောနိုင်ပါသလား ”
“ ဟုတ်ကဲ့ပြောနိုင် ပါတယ် ဘာလို့လည်းဆိုတော့ အဲဒီပုံပြင်ထဲကလူငယ်က ကျွန်တော်ဖြစ်နေခဲ့လို့ပါပဲ ကျွန်တော်ဒီနေ့အောင်မြင်လာရခြင်းဟာ မနေ့က ဖြစ်ခဲ့တဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အမှားတွေ အားနည်းချက်တွေကို ဒီနေ့အတွက် သင်ခန်းစာယူပြီးအကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ပါပဲ ။

----------------------------------------------------

ဘယ်သူမှ မသိဘူး ဆိုပြီးကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုဖောက်ဖျက်လိုက်ခြင်းဟာ တကယ်တော့ ကိုယ့်အ တွင်းစိတ်ကိုကိုယ်သတ်ပစ်လိုက်ရခြင်းနဲ့တူပါတယ် ။ မနေ့ကပြုလုပ်ခဲ့တဲ့အမှားတွေနောင်တတွေကို ဒီနေ့အထိ သယ်ဆောင်လာခဲ့ရမှာမဟုတ်ပါဘူး ။ ဖြစ်ခဲ့သမျှကို အကောင်းဆုံးသင်ခန်းစာယူလို့ ဘ၀အတွက် ကြီးမားတဲ့ အောင်မြင်မှုကို လက်လှမ်းယူကြရမှာဖြစ်ပါတယ် ။ အသိဥာဏ်ကို မြင့်မားအောင် တည်ဆောက်ပါ ကိုယ်ကျင့်တရားကို မပျက်ယွင်းပါစေနဲ့ နိမ့်ပါးတဲ့အသိ ဥာဏ်ကို ကောင်းမွန် တဲ့ကိုယ်ကျင့်တ ရားက ကာကွယ်ဖြည့်ဆည်းပေးပါလိမ့်မယ် ။

သက်တန့်ချို
Interview with the success man အား ခံစားဘာသာပြန်သည် ။  

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 21, 2012

The world will not end today 21st December












The world will not end today 21st December

ဒီအကြောင်းလေးကို ၂၀၀၉ ခုနှစ်တုန်းကလည်း ဘလော့ဂါမှာ တဂ်ပို့စ်လေးရေးဖူးပါတယ် ။ အခု ၂၀၁၂ ရောက်လာတော့ တချို့လူတွေ့ မသိလိုက်မသိဖာသာ တချို့ကတော့ တကယ့်ကို ကြောက်ရွံ့ထိတ်လန့်နေခဲ့ကြတယ် ။ ဘာသာရေးယုံကြည်မှုတွေအရရော သိပ္ပံနည်းကျ လေ့လာမှုတွေအရရော တချိန်ချိန်မှာတော့ ကမ္ဘာပျက်မယ်ဆိုတာ ကျွန်တော်လက်ခံပါတယ် ။ဘယ်လိုပျက်မလဲဆိုတာကိုလည်း ကျွန်တော် မှီသလောက်လေး လေ့လာကြည့်မိခဲ့တယ် ။ ထားပါတော့ အာကာသနဲ့တယ်လီစကုတ်ပညာရှင် တွေကတော့ မနက်ဖြန်မှာ ကမ္ဘာကြီးမပျက်ဆီးသေးဘူးဆိုတဲ့ “ The world will not end tomorrow ” ဆိုတာကို တွင်ကျယ်စွာပြောလာခဲ့ကြတယ် ။ ဒါပေမယ့် တချို့ကတော့ ကမ္ဘာပျက်မယ်ဆိုတဲ့ Count down ကိုရေတွက်နေကြတုန်းပါပဲ ။

နှစ် ငါးထောင်ကြာခဲ့ပြီဆိုတဲ့ Mayan လူမျိုးတွေရဲ့ ပြက္ခဒိန်က တကယ်တော့ ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုရည်ညွှန်းခဲ့တာမဟုတ်ပါဘူး ။ အနောက်နိုင်ငံတွေရဲ့ ပြက္ခဒိန်တွေမှာ နှစ်တစ်နှစ်ရဲ့အဆုံးကို ဒီဇင်ဘာ ၃၁ နဲ့သတ်ထားသလို ဒါဟာ ကမ္ဘာကြီး ပျက်ဆီးသွားမယ်လို့ ဘယ်တုန်းကမှ ရည်ညွှန်းခဲ့ခြင်းမရှိပါဘူး ။ ကမ္ဘာပျက်ဖို့ဆိုတာ ဒီနေ့သာမက နောက်ထပ် နှစ်သန်းပေါင်းများစွာ လိုနေပါသေးတယ် ။ Mayan လူမျိုးတွေရဲ့ပြက္ခဒိန်ကလည်း ၂၁ ဒီဇင်ဘာမှာ ဆုံးသွားရင် နောက်ထပ်အသစ်ကို ရိုးရှင်းစွာ ဇန်န၀ါရီ ၁ ရက်ကနေ ပြန်စနေမှာဖြစ်ပါတယ် အကယ်၍ ဒီနေ့မှာ တကယ်ပဲ ကပ်ဆိုးကြီးတွေကျရောက်လာခဲ့မယ်ဆိုရင်တောင် ဒါဟာ Mayan တွေရဲ့ ပြက္ခဒိန်တွေကြောင့်မဟုတ်ပဲ အရင်ကတည်းကဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ကမ္ဘာ့ရာသီဥတု ၊ ပြတ်ရွေ့ကြော နဲ့ နေပတ်လမ်းကြောင်းတွေကြောင့်သာဖြစ်ပါလိမ့်မယ် ။

ဒါပေမယ့် ကမ္ဘာကြီးပျက်မယ်ဆိုပြီးအတည်ပေါက် ပြောနေတဲ့သူတွေရဲ့ သက်သေပြချက်တွေကို ကျွန်တော်တို့လည်းတစ်ခါလောက်လေ့လာကြည့်သင့်ပါတယ် ။

၁ ။ Asteroid Impact (ဂြိုလ်သိမ်ဂြိုလ်မွှားတွေ လွင့်စင်ရိုက်ခတ်မှု )

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ မီလီယံလောက်တုန်းက ငှက်တွေမှလွဲ၍ ဒိုင်နိုဆောလိုမျိုး သတ္တ၀ါတွေဟာ ဒီဂြိုလ်မွှားတွေကမ္ဘာပေါ်ကို လွင့်စင်လာမှုကြောင့်သေကြေခဲ့ရ မျိုးတုန်းခဲ့ရတယ်လို့ဆိုခဲ့ကြတယ် ။ ဒါပေမယ့် ကမ္ဘာတစ်ခုလုံးပျက်ဆီးရလောက်အောင်တော့လည်း မဟုတ်သေးပါဘူး ။ ဒါဟာ တကယ့်ကိုရီစရာကောင်းတဲ့အကြောင်းပြချက်ပါပဲ ။ ဒါပေမယ့်လူတချို့စိုးရိမ်နေကြတာက အကယ်၍သာကြီးမားတဲ့ဒီဥက္ကာပျံတွေ ဂြိုလ်မွှားတွေသာ ပါကစ္စတန်သို့မဟုတ် အိန္ဒိယ လိုနူကလီးယား ပါဝါရှိတဲ့နေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်စေခဲ့ရင် မမျှော်လင့်တဲ့ နူးကလီးယားစစ်ပွဲတွေက လူတွေအများကြီး သေစေနိုင်လိမ့်မယ်ဆိုတာပါပဲ ။ ဒါပေမယ့် အမေရိကန် နိုင်ငံ Air Force က ဂြိုလ်တုတွေကပြောခဲ့တာကတော့ ကံကောင်းထောက်မစွာပဲ ကမ္ဘာဖက်ဦးတည်နေတဲ့ ဥက္ကာပျံတွေဟာ တခြားဂြိုလ်တွေကို သာထိခိုက်စေနိုင်တယ် ကမ္ဘာကို ရောက်ဖို့တောင်နောက်ထပ် အလင်းနှစ်သန်းပေါင်းများစွာ လိုသေးတယ်လို့ဆိုထားတယ် ။

၂ ။ Gamma-Ray Burst (ဂမ်မာရောင်ခြည်ပေါက်ကွဲထွက်မှု )

ကမ္ဘာပျက်မယ်ပြောသူတွေဟာ အိုဇုန်းလွှာပါးလာတာနဲ့အမျှ ဂမ်မာရောင်ခြည်တွေပေါက်ကွဲထွက်လေထုထဲရောက်စေပြီးအောက်ဆီဂျင်ရှားပါးမှုနဲ့ရင်ဆိုင်ရကာ လူတွေသေကြေကြလိမ့်မယ်လို့လည်း ထပ်ပြောကြပြန်တယ် ။ ဂမ်မာရောင်ခြည်တွေပေါက်ကွဲထွက်စေနိုင်လိုက်တဲ့ ကြယ်အစုအဝေးဟာ တကယ်တော့ ကမ္ဘာ့အန္တရာယ်ဇုန်ထဲမှာရှိမနေခဲ့ပါဘူး ။ လတ်တလော လေ့လာချက်တွေအရတော့ ကြယ်တွေဟာ GRB လို့ခေါ်တဲ့အလင်းတန်းတွေထုတ်လွှတ်နိုင်ပေမယ့် အဲဒီလို ဂမ်မာရောင်ခြည်လွှတ်နိုင်တဲ့ကြယ်တွေဟာ အရမ်းကိုရှားပါးပြီး ကျွန်တော်တို့ နေစကြ၀ဌာအဖွဲ့အစည်းထဲရှိမနေခဲ့ပါဘူးတဲ့ ။ ဒါကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့မနက်ခင်းမှာ ကျွန်တော်တို့အားလုံး ပုံမှန်လည်ပတ်နေကြဦးမှာပါ ။

၃ ။ Natural Disasters ( သဘာဝကပ်ဘေးများ )

ဘယ်သူကမှ ဘယ်လို ဘဘာဝကပ်ဟာ ကမ္ဘာတစ်ခုလုံးပျက်စေနိုင်လိမ့်မလဲဆိုတာ မသိကြပါဘူး ။ မှန်ပါတယ် ကပ်ဘေးတွေကြောင့်ငလျှင်တွေကြောင့်မီးလောင်မှုတွေကြောင့်လူတွေအများကြီးသေနိုင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာတစ်ခုလုံးကြီါ်ပျက်ဆီးသွားရလောက်အောင်မဟုတ်ပါဘူး ။ အခု ဆိုရင်လူတွေကြောင့်ပဲ သဘာဝ သယံဇာတတွေရှားပါးလာတယ် ပတ်ဝန်းကျင်ဂေဟစနစ်ပျက်ဆီးလာတယ် သဘာဝနဲ့လူဟာ သယဇာတမဖြစ်တဲ့အခါ ကပ်ဘေးတွေဆိုက်လာတယ် ။ ရောဂါတွေထူပြောလာတယ်။ ကမ္ဘာကြီးဟာ ၂၁ ရက်နေ့မှ ၀ုန်းဒိုင်းပျက်သွားတာတော့မဟုတ်ပါဘူး ။ တဖြည်းဖြည်းတော့ ကမ္ဘာကြီးနဲ့အတူလူတွေလည်းတစ်နေ့တစ်နေ့မွေးလိုက်သေလိုက်နဲ့ ပျက်ဆီးနေကြတာပါပဲ ။

၎ ။ Magnetic Reversal ( သံလိုက်စက်ကွင်းပြောင်းပြန်ဖြစ်ခြင်း )

ကမ္ဘာကြီးဟာပြောင်းပြန်လည်နေတာလားအတည့်လည်နေတာလား လွန်ခဲ့တဲ့နှစ်ပေါင်း ၇၈၀၀၀၀ တုန်းကတော့ သံလိုက်ဝန်ရိုးစွန်း ဟာ ပြောင်းပြန်ဖြစ်ခဲ့ကြတယ်လို့ဆိုခဲ့ကြတယ် ။ အခုရော အဲဒီလိုပြောင်းပြန်ပြန်ဖြစ်တဲ့အခါ ကမ္ဘာကြီးဒီတစ်ရက်တည်းပျက်သွားမှာလားလို့ စိုးရိမ်ပူပန်မှုတွေနဲ့မေးလာကြပြန်ပါပြီ ။ ကမ္ဘာဟာ သူ့ ရာဇ၀င်နဲ့သူ နေပတ်လမ်းထဲမှာ စနစ်တကျ သံလိုက်ဝန်ရိုးစွန်းတွေနဲ့လည်ပတ်နေလျှက်ရှိပါတယ် ။ ရှေးဟောင်းလေ့လာပညာရှင် Homo erectus က “ ကမ္ဘာဟာ သံလိုက်ဝန်ရိုးစွန်းပြောင်းလဲမှုကြောင့် လူသားတွေကို ဖျက်ဆီးနိုင်စေတယ်ဆိုရင်တောင် လူသားတွေရဲ့တည်ရှိမှု အရှိတရားကိုတော့ မခြောက်လှန့်နိုင်ပါဘူး ” လို့ ရဲဝင့်စွာပြောခဲ့တယ် ။

၅ ။ Thermonuclear War ( အပူ - နူးကလီးယား စစ်ပွဲတွေ )

ကမ္ဘာကြီးကို တစ်ရက်တည်းပျက်ဆီးစေနိုင်တဲ့အကြောင်းကတော့ အမေရိက နဲ့ရုရှားကြားမှာသာ နူးကလီးယားစစ်ပွဲတွေဖြစ်လာခဲ့ရင် ဖြစ်နိုင်ပါလိမ့်မယ်လို့ ဆိုကြတယ် ။ သူတို့မှာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေရှိကြတယ် လေယာဉ်ပျံနဲ့ကျဲချနိုင်ပြီး ဆိပ်ကမ်းတွေကို ဖြိုဖျက်နိုင်တယ် ။ နူးကလီးယားစစ်ပွဲတစ်ခုဟာ လူပေါင်းသန်းနဲ့ချီပြီးတစ်နေ့တည်းမှာ သေစေနိုင်တယ် ။ စိုးတော့စိုးရီမ်သင့်ပါတယ် ။ ဒါပေမယ့်အရမ်းကြီးတော့စိတ်ပူမနေပါနဲ့ဦး ။ အမေရိကနဲ့ ဆိုဗီယက် ယူနီယံက နူးကလီးယားစစ်ပွဲတွေကိုရှောင်ပါ့မယ်ဆိုတဲ့လမ်းကိုဦးတည်နေလို့ နည်းနည်းတော့စိတ်အေးရပါတယ် ။ ဒီဇင်ဘာ ၂၁ ကတော့ ဘာမှမထူးခြားတဲ့ရက်တစ်ရက်အဖြစ်ကုန်ဆုံးသွားဦးမှာပါပဲ ။

နာဆာကလည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အကြောင်းသက်သေအမျိုးမျိုးပြထားပါတယ် ။ ဒီတော့ စိတ်အေးကြယုံပါ ။ Mayan လူမျိုးတွေက ပြက္ခဒိန်တစ်ခုအသစ်လုပ်ဖို့ ပျော်ရွှင်နေကြပါပြီ ။သင်ကရော ဘာလို့ ယုံမှားသံသယတွေနဲ့ထိတ်လန့်နေမလဲ ။

သက်တန့်ချို
http://www.skyandtelescope.com/news/Will-the-World-End-on-December-21st-184268391.html
http://www.newsnet5.com/dpp/news/local_news/cleveland_metro/Mayan-calendar-ends-on-12212012-Will-it-mean-the-end-of-the-world

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, December 20, 2012

မိသားစုဆိုတာ



မိသားစုဆိုတာ

- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်

- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်

- ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်

- ၅၂၈ အေးမြတဲ့ မေတ္တာတွေ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စမ်းချောင်းလေးတစ်ခု အိုအေစစ်လေးတစ်ခုဖြစ်တယ်

- တခါတခါ မုန်တိုင်းတိုက်နိုင်တယ် တခါတခါ လေပြင်းတွေကျနိုင်တယ် ဒါပေမယ့် ရင်သွေးတွေကို ဘာမှ မထိခိုက်အောင်ကာကွယ်စောင့်ရှောက်ပေးချင်တာ မိသားစုစိတ်ဓါတ်ပဲ

- မိစုံဖစုံရှိတဲ့ မိသားစု တွေစည်းလုံးပျော်ရွှင်ကြရသလို မိစုံဖစုံမရှိတဲ့ မိသားစုတွေ လည်းဝမ်းနည်းစိတ်ပျက်နေကြပါနဲ့ အနည်းဆုံးတော့ မိသားစု တော်ခွင့်ရှိနေကြသေးတယ် မိသားစု ရှိနေကြသေးတယ်

- အိမ်ကြီးအိမ်ကောင်းနဲ့နေရတာ ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် အဲဒီတဲစုတ်လေးကလည်း နွေးထွေးလုံခြုံမှုကိုပေးစေတတ်တယ်

- အစားကောင်းအသောက်ကောင်းတွေ စားချင်မှစားရလိမ့်မယ် ဒါပေယ့် အဲဒီသုံးဦးစပ်ငါးပိရည်ကျိုနဲ့ ဘဲဥချဉ်ရည်ဟင်းက မိဘမေတ္တာကိုဖော်ပြနေလိမ့်မယ်

သင်ရော -- မိသားစုထဲက တစ်ယောက်လား

ဒါဆို သင့်မိသားစု ကို အခုပဲ နွေးထွေးစွာ ချစ်ခင်ယုယလိုက်ပါ ကြင်နာစောင့်ရှောက်လိုက်ပါ ဆုံးရှုံးသွားတဲ့အရာတွေဟာ ဘယ်တော့မှ ပြန်ရလေ့မရှိဘူး ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သေလွန်သွားမှ နောင်တမရစေချင်



Santa Rosa De Temuco - နံနက်ခင်းတစ်ခုမှာ အိမ်တစ်အောင်မှာ မီးလောင်နေပါတယ် ။ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်နေစဉ်မှာ အံ့သြဖွယ်ရာမယုံနိုင်ဖွယ်ရာအဖြစ်တွေကိုတွေ့ခဲ့ရတယ် ။ ကားဗုံးပေါက်ကွဲမှုကြောင့်စဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုအတွင်းကို မိခင်ခွေးမကြီးက သူ့ကလေးတွေကိုကယ်ဖို့အတွက် အသက်စွန့်ပြီးပြေးဝင်သွားခဲ့တယ် ။

အေမန်ဒါလို့ခေါ်တဲ့ဒီခွေးမကြီးဟာ တဟုန်ထိုး မီးလောင်အိမ်ထဲပြေးဝင်သွားပြီး မီးတောက်တွေကြားထဲမှာ သားငယ်ကိုရှာဖွေပါတယ် ။ ပူလောင်ပြင်းပြတဲ့မီးတောက်တွေရဲ့ လောင်ကျွမ်းမှုက သူ့ကိုမမှုစေခဲ့ဘူး သူ့ရဲ့ သားသမီးဇောကို မတားဆီးစေနိုင်ခဲ့ဘူး ။ ပြီးတော့ ဆယ်ရက်သားအရွယ်ရှိသေးတဲ့ သားငယ်ကိုတွေ့တဲ့အခါ အလျှင်အမြန်ကိုက်ချီပြီး မီးတောက်တွေထဲက တဟုန်ထိုးပြန်ထွက်လာခဲ့ပါတယ် ။ ဟော နောက်ထပ် သူ့သားသမီးလေးတွေကျန်နေသေးတယ် သူရပ်လို့မဖြစ်သေးဘူး ။

အေမန်ဒါ နောက်ထပ်တစ်ခေါက်ထပ်ဝင်သွားပြန်တယ် ဒီလိုနဲ့ သူ့ကလေးတွေ မကုန်မချင်း အထဲကိုဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ မိခင်ခွေးမရဲ့ သတ္တိတွေ မျက်ရည်ကျရလောက်အောင် ထက်မြစူးရှနေခဲ့တယ် ။ မီးသတ်သမားတွေ သူတို့မျက်စိသူတို့မယုံနိုင်ဖြစ်ခဲ့ရတယ် ။ အများစုက ဒီလောက်ရဲရင့်သတ္တိကောင်းတဲ့ခွေးကိုမမြင်ဖူးလို့ပဲဖြစ်တယ် ။

ခွေးကလေးတွေအကုန်လုံးကို အန္တရာယ်ကင်းတဲ့နေရာသယ်ဆောင်ပြီးတဲ့အခါ အေမန်ဒါဟာသူတို့ဘေးမှာ လှဲချလိုက်ပြီး ( လူတွေမှာဆို အရေးပေါ်အသက်ကယ်နည်း လို့ပြောလို့ရတဲ့ ) ခွေးကလေးတွေ့ကိုလျှာနဲ့ရက်ပေးခြင်း ချော့မြူခြင်းတွေကိုပြုလုပ်နေခဲ့တယ် ။ မျက်မြင်တွေ့သူတွေဟာ အရေးပေါ် တိရိစ္ဆာန်ကုသရေးတွေကို အမြန်ခေါ်ပြီး ခွေးမကြီးနဲ့ခွေးသားပေါက်ကလေးတွေကို ဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ကြတယ် ။ ခွေးပေါက်လေးတစ်ကောင်ပြင်းပြင်းထန်ထန် မီးလောင်ဒါဏ်ရာရခဲ့တာကလွဲလို့ ခွေးတွေအကုန်လုံးအသက်ရှင်ခဲ့ကြပါတယ် ။

ကျေးဇူးပါတယ်တယ် ရဲရင့်တဲ့မိခင်အေမန်ဒါရေ !!!!!!!

------------------------------------------------------

ကမ္ဘာပေါ်မှာ သားသမီး အသက်အန္တရာယ်ကို မိမိအသက်ပေးပြီး ကယ်ဝံ့တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာ သားသမီး ဒုက္ခရောက်နေချိန်မှာ အမြဲအားပေးအဖော်ရှိနေပေးတတ်တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာသားသမီး အတွက် အရာအားလုံကို စွန့်လွှတ်စွန့်စားဝံ့သူဟာ မိဘတွေပဲဖြစ်တယ်

အချိန်ရခိုက်လေး မိဘကျေးဇူးကိုမမေ့ကြပါနဲ့ ဘ၀ဆိုတာ တိုတိုလေးပါ သေလွန်သွားမှာ နောင်တတွေရ ပန်းစည်းတွေအုတ်ဂူမှာသွားပေးနေကြမယ့်အစား မသေသေးခင် မိဘတွေဆန္ဒကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးကြခြင်းအားဖြင့်မိဘကျေးဇူးဆပ်နိုင်ကြပါစေ ။

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, December 17, 2012

17.12.1984















17.12.1984

အဲဒီနေ့တုန်းက နှင်းတွေ ကျနေတာတဲ့ နှင်းတွေ အေးနေတဲ့ နေ့မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ကလေးလေးတစ်ယောက် မွေးဖွားခဲ့တယ် ။ အဲဒီကလေးလေးက မွေးတုန်းက ရုပ်အရမ်းဆိုးလွန်းတော့ သူ့မိခင်တောင်လန့်သွားတယ်ဆိုပဲ ။ ဒါပေမယ့်မိခင်မေတ္တာနဲ့ သားငယ်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ အသက် ၂ နှစ်ကျော်တော့ ၀၀ထွားထွားဖြူဖြူဖွေးဖွေး လေးဖြစ်လာလို့ လူတွေအားလုံးက တရုတ်ကြီးလို့ ချစ်စနိုးခေါ်ခဲ့ကြတယ် ။ ဒီလိုနဲ့ကလေးလေးဟာ ကာကွယ်ဆေးတွေထိုးရမယ့်အချိန်ရောက်လာခဲ့တယ် ။

အဲဒီတုန်းက သူ့မိခင်က ကလေးလေးငိုမှာစိုးလို့ဆိုပြီးကာကွယ်ဆေးထိုးခံရမယ့် သားငယ်ကို ရင်မှာပိုက်ပြီး လူတွေနဲ့ ဝေးရာနေရာလေးမှာ သွားပြီးပုန်းရှောင်နေခဲ့တယ် ။ သားငယ်ငိုသံကိုမကြားရက်တဲ့မိခင်မေတ္တာကြောင့်မိုလား ကလေးငယ်ရဲ့ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်တဲ့အစွမ်းကြောင့်လား မသိ အသက်ကြီးတဲအ့ထိ ကြီးကြီးမားမားရောဂါတော့မရှိခဲ့ဘူး ။ ဒါပေမယ့် မွေးကင်းစကနေ အသက် ၇ နှစ်လောက်ထိ ကိုယ်အပူကြီးရင် တက် တက်တဲ့ ရောဂါရှိခဲ့တယ် ။ ဒီတော့ ဆေးရုံကနေ ခါးဆီဖောက်ပြီး ရောဂါရှာရမယ်လို့ပြောတယ် ။ ခါးဆီဖောက်ရင် အောက်ပိုင်းချိတတ်တယ် ခါးဆီဖောက်ရင်အကြောဆွဲတတ်တယ် စတဲ့ ရပ်ကွက်ထဲက လွဲမှားနေတဲ့ ယုံတမ်းစကားတွေကြောင့် ကလေးငယ်မိခင်ရဲ့ အကိုဖြစ်သူက ကလေးကို ပိုက်ပြီး ဆေးရုံကနေ ခိုးဆင်းသွားခဲ့တယ် ။ အဲဒီကစပြီး ကလေးလေး ဘာရောဂါမှမဖြစ်တော့ပြန်ဘူး ။

မှတ်မှတ်ရရ ကလေးလေး ၁၀ နှစ်လောက်မှာပေါ့ ဖခင်ဖြစ်သူ က သူငယ်ချင်းတွေနဲ့စကားပြောနေတုန်း သူက စားချင်တာ မစားရလို့ ဖခင်ကိုသွားပြီး ဂျီကျတယ် ။ ဒီတော့ဖခင်ဖြစ်သူက “ သား . . သွား ဟိုး မှာသွားဆော့ချေ အဖေဒီမှာ စကားပြောနေတယ် ” လို့ သတင်းစာကို လိပ်ပြီးခြောက်လိုက်တာ ကလေးငယ်က အကြောက်လွန်သတိလစ်ပြီးဆေးရုံရောက်သွားပြန်တယ် ။ အဖေဖြစ်သူက အ၇မ်းကို စိတ်ထိခိုက်သွားပြီးကလေးလေးကို အဲဒီတုန်းက ခေတ်စားနေတဲ့ ဗိုလ်အုန်းသီး စက်ဘီးကလေးဝယ်ပေးခဲ့ပြန်တယ် ။ ကလေးလေးဘ၀မှာ အသက်ကြီးတဲ့အထိ တစ်ခါက လွဲလို့ ရန်မဖြစ်ခဲ့ဘူး ။ အဲဒီတစ်ခါက မိုးရာသီကြီးမှာပေါ့ ။ ကလေးတွေ အချင်းချင်း ဂေါ်လီရိုက်ရင်း ဂေါ်လီလုကြရင်းမတော်တဆ ရန်ဖြစ်ကြတယ် ။ ကလေးငယ်လေးက သူ့သူငယ်ချင်းကို အုတ်ခဲနဲ့ ခေါင်းကို ထုလိုက်တာ ငါးချက်လောက်ချုပ်ရတယ်ပြောတယ် ။ အဲဒီတုန်းက သူ့အဖေအမေကလည်း အရမ်းးကို တောင်းပန်ရပြီး ကျေအေးဖို့မနည်းပြောယူခဲ့ရတယ် ။ အဲဒီကတည်းကစလို့ သူ ဘယ်တော့မှ ရန်မဖြစ်ခဲ့တော့ဘူး ။

သူ့ဘ၀က မချမ်းသာဘူး သူတို့စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက် စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက်နဲ့အခုတော့ ဒုံရင်းကဒုံရင်း အဲဒီကလေးလေးက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကစည်းကမ်းတွေနဲ့ထိမ်းချုပ်ထားတယ် ။ အဖေတို့ ပညာမတတ်ခဲ့လို့ သားတို့ဆင်းရဲရတာသားတို့ကိုတော့ အဖေပညာ သင်ပေးမယ်ဆိုပြီးကျောင်းစာကိုသာဖိဖိစီးစီး လိုက်စားစေခဲ့တယ် ။သူများတွေ ဘောလုံးကန်နေတဲ့အချိန် အဲဒီကလေးငယ်ဟာ စာတွေထိုင်ကျက်နေရတယ် ။ သူများတွေ ဂိမ်းဆော့နေချိန် အဲဒီကလေးလေးဟာ သင်္ချာတွေထိုင်တွက်နေရတယ် ။ ဒီလိုနဲ့ . . . .

ကလေးလေး ကိုးတန်းကျောင်းသားကြီါ်ဖြစ်လာတယ် ။ ကျူရှင်ယူဖို့မလွယ်တဲ့သူ့ဘ၀မှာ အတန်းထဲက စာတွေကသာအဓိကဖြစ်လာခဲ့တယ် ။ ဒီလိုနဲ့ ဆယ်တန်းမှာတော့ ဆရာကောင်းသမားတွေ နဲ့ဆုံပြီး သူ့ဘ၀ အလင်းရောင်စရလာတယ် ။ မှတ်မှတ်ရရအဲဒီတုန်းက ၀ူခုံးဇတ်လမ်းတွဲတွေလာတော့သူလည်းအရမ်းကြိုက်တယ် ။ ဒါပေမယ့် ငါးမိနစ်ထက်သူ့မှာ ပိုကြည့်ခွင့်မရခဲ့ဘူး သူ့အတွက်စာကသာ မျှော်လင့်ချက်တစ်ခုမဟုတ်လား ။ အတန်းထဲမှာလည်း သူ့ကို ဘယ်သူကမှ အထင်မကြီးသလို သူ့အတန်းထဲကအဆင့်ကလည်း လူ ၇၅ ယောက်မှာ သူက ၇၀ လောက်ချိတ်နေတာကိုး ထားပါတော့ . . . အဲဒီလိုနဲ့ ဆယ်တန်းစာမေးပွဲအောင်စာရင်းရောက်လာခဲ့တယ် ။

အောင်သွားပါတယ်... ကလေးငယ်ကလေးက အင်္ဂလိပ်စာဂုဏ်ထူးကလွဲလို့ အမှတ်ကောင်းကောင်းနဲ့ ၄ ဘာသာ ပါတော့ မိဘတွေ မျက်ရည်တွေကျရတာပေါ့ ။ ဆေးကျောင်း . . .သူ တက်ခွင့်ရသွားတယ် ဆရာဝန်ဖြစ်သွားတယ် ဆေးတွေကုနေနေတယ် စာတွေရေးနေတယ် . . .။

သူ့ဘ၀မှာ ကောင်းတာတွေကြုံခဲ့ရသလို ဆိုးတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ ပျော်ရွှင်စရာတွေကြုံခဲ့ရသလို စိတ်ညစ်စရာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အောင်မြင်တာတွေကြုံခဲ့ရသလို ဆုံးရှုံးလက်လွှတ်လိုက်ရတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အထက်တန်းလွှာဆိုတာကိုမသိဘူး အဆင့်အတန်းဆိုတာကိုနားမလည်ဘူး သူက အကုန်လုံးကို လူတွေလို့ပဲမြင်နေတယ်

အခုတော့ သူ . . .သူ့ကိုယ်သူအားပေးနေတယ် အသက် ၂၈ ကဲ မင်းဘာဆက်လုပ်မှာလဲကလေးငယ်ရေ . . . . စာရေးဆရာဘ၀ ငယ်ငယ်က စာစီစာကုံးတွေမှာ အဖြစ်ချင်ဆုံးဘ၀ မှာသူ စာရေးဆရာလို့ထည့်ရေးတိုင်းဆရာမတွေ က သူ့လက်ထိပ်ကလေးတွေကိုခေါက်ခဲ့တယ် ။ ဆရာဝန်ကြီးအင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့မရေးလို့တဲ့ ။ စာရေးဆရာဖြစ်ချင်တာ သူ့အမှားလားလို့ ကလေးငယ် ခဏခဏစဉ်းစားဖူးတယ် ။ အဲဒီလိုနဲ့ သူအခု စာရေးဆရာ ပေါက်စနလေးဖြစ်လာခဲ့တယ် ။ ဒါပါပဲ ဘ၀ဆိုတာ အရှည်ကြီးသွားနေရတဲ့ခရီးမဟုတ်ဘူး တိုတိုလေးပဲမဟုတ်လား ။ ရေလိုက်ငါးလိုက် ပျော်လိုက်ရွှင်လိုက် ငိုလိုက်ရီလိုက် ၀မ်းနည်းလိုက် ၀မ်းသာလိုက် ဘ၀ ဇတ်ဆရာစေညွှန်ရာက ပြ ကြလို့ . . . တဖြည်းဖြည်းမိုင်တိုင်တွေဖြတ်ကျော်လာခဲ့ရတာ အတော်တောင်ကြာခဲ့ပြီပေါ့ ။

ကဲ ကလေးရေ . . . “ ဟက်ပီးဘတ်ဒေး ” ပါ မင်းရဲ့ တနင်္လာ ၂၄နာရီဟာ မင်းအသက်ကြီးသွားတယ်ဆိုတာပြနေတယ် မင်းဘယ်လောက်ရင့်ကျက်နေပြီလဲဆိုတာမေးနေတယ် မင်း ဘာတွေလုပ်နေသလဲဆိုတာ ဆန်းစစ်နေတယ် မင်း . . ရှေ့ဆက်ဖို့ခွန်အားတွေ ရှိရဲ့လားလုံလောက်ရဲ့လား မင်းရဲ့ဘေးမှာတော့ မင်းရဲ့မိတ်ဆွေတွေအများကြီးပဲကွဲ့ ကဲ ကလေးရေခေါင်းမော့ရင်ကော့လို့ လောကကြီးကို ရဲရဲသာကြည့်လိုက်စမ်း ။ ကောင်းကင်ပြင်ကြီးဘယ်လောက်လှလိုက်သလဲ မင်းရဲ့ ဒီတစ်ရက်တာဟာ တခြားနေ့တွေလိုပဲ ဘာမှမထူးခြားဘူး ဒါပေမယ့်မင်းကိုယ်မင်း အသိပေးရမယ် အချိန်တွေ မရှိတော့ဘူး အချိန်တွေပြန်ဝယ်မရတော့ဘူး မင်းကိုယ့်ကိုယ်အားရကျေနပ်မိရဲ့လား ။

“ ဟက်ပီးဘတ်ဒေးပါ ကလေးငယ်ရေ ”

ဒီလိုနဲ့ .. . ဒီတနင်္လာဟာလည်း ဘာမှထူးမခြားနားစွာ သမာရိုးကျ ပဲ တခြားနေ့တွေလို ကုန်ဆုံးကျော်ဖြတ်သွားဦးမှာပါပဲ ။

သက်တန့်ချို
မှတ်ချက် - အထက်ပါစာထဲမှ ကလေးငယ်ဆိုသူမှာ ယခုစာရေးနေသော သက်တန့်ချိုပင်ဖြစ်သည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 14, 2012

ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး














ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး
 
တစ်ခါတုန်းက အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မိသားစုဝင်တွေနဲ့ စားဖို့အတွက်ရယ် အရမ်းကို ဆာလောင်နေ တဲ့ ခရီးသွားတွေ စားဖို့ရယ် အတွက် ပေါင်မုန့်တွေ အမြဲဖုတ်နေခဲ့တယ် ။ အဲဒီအမျိုးသမီး ဟာ ပေါင်မုန့်အပို တစ်လုံးကို အမြဲ ပဲ ပြတင်းပေါက်တံခါးဘောင်မှာ တင်ထားခဲ့ပြီး မည်သူမဆို ဆာလောင်နေခဲ့ရင်အဝေးကို ယူသွားနိုင်အောင် စီစဉ်ထားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ကျောကုန်းမှာ ဘုကြီး တစ်လုံးရှိနေ တဲ့ခါး ကုန်းကြီးတစ်ယောက်က လာလာပြီး အဲဒီပေါင်မုန့် ကို အဝေးယူယူသွားလေ့ရှိတယ် ။ ကျေးဇူး တင်စကားတွေနဲ့ဖော်ပြရမယ့် အစားသူဟာ အောက်ပါစကားတွေကိုပဲ တတွတ် တွတ်ပြောနေလေ့ ရှိတယ် ။

“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

ဒီလိုနဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ခါးကုန်းကြီးက ရောက် လာပြီး ပေါင်မုန့်ကို ယူသွားတယ်ပြီးတော့ လည်းအဲဒီစကားကို ထပ်ခါထပ်ခါညည်းတွားပြောဆိုနေခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”
 

 အမျိုးသမီးဟာ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာခဲ့တယ် ။ “ အတော် ယဉ်ကျေးမှုမရှိတဲ့လူ . .ကျေးဇူးတင်စကားတော့မဟုတ်လောက်ဘူး ” လို့ သူမကိုယ်ကိုယ်ညည်းတွားပြောဆိုလိုက်တယ် ။ “ နေ့တိုင်း ဒီခါးကုန်းကြီးဟာ ဒီစကားကို ပဲ ထပ်ခါထပ်ခါပြောနေတယ် သူဘာကိုဆိုလိုတာပါလိမ့် ”

ပြီးတော့ အမျိုးသမီးဟာ ဘာလုပ်တယ်ထင်ပါသလဲ ။ အမျိုးသမီးဟာ သူ့အတွက်ပြင်ဆင်ထားမယ့် ပေါင်မုန့် ထဲမှာ အဆိပ်တွေခပ်ထားခဲ့တယ် ပြီးတော့ ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားခဲ့တယ် ။ သူ့လက်တွေ ကတော့ တုန်ယင်နေခဲ့ပါတယ် ။

“ ငါ ဘာတွေများလုပ်မိပါလိမ့် ” သူ့ဘာသာသူတွေးမိလိုက်တယ် ။

ရုတ်တရက်ချက်ခြင်းပဲ သူဟာ အဲဒီပေါင်မုန့်ကို ကောက်ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ် ပြီးတော့ တခြားပေါင်မုန့်တစ်လုံးထပ်ဖုတ်ပြီး ပြတင်းပေါက်ဘောင်ပေါ်တင်ထားခဲ့တယ် ။

ထုံးစံအတိုင်းပါပဲ ခါးကုန်းကြီးရောက်လာပြန်တယ် ပြီးတော့ ပေါင်မုန့်ကို ယူလိုက်ပြီး ပြောနေကျ စကားတွေကိုပြောဆိုခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

ခါးကုန်းကြီးက သူ့ခရီးသူဆက်တယ် ။ အမျိုးသမီးရဲ့စိတ်ထဲမှာ ခုနက လတ်တလောဖြစ်ပျက်ခဲ့တဲ့ အပြုအမူ အဖြစ်အပျက်တွေကို သတိမမူမိပဲ ချမ်းမြေ့စွာ ရှေ့ဆက်သွားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ အမျိုးသမီး ဟာ ပြတင်းဘောင်ပေါ်မှာ ပေါင်မုန့်ကို တင်ပေးထားခဲ့ပြီး အဝေးမှာ ရောက်နေတဲ့ သားဖြစ်သူ အတွက် ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနေခဲ့တယ် ။ လပေါင်းများစွာကြာတဲ့အခါ သူဟာ သားဖြစ်သူ ရဲ့သတင်းကို မကြားရတော့ပဲ အဆက်အသွယ်ပြတ်သွားပါတော့တယ် ။ ဒါကြောင့် သားဖြစ် သူ ဘေးအန္တရာယ်ကင်းစွာပြန်လာနိုင်ဖို့အတွက်ဆုတောင်းနေခဲ့တယ် ။

ညနေခင်းတစ်ခုမှာတော့ အိမ်တံခါးကို လာခေါက်သံကြားလိုက်ရတယ် ။ ဒါကြောင့် အမျိုးသမီးက တံခါးကို ဖွင့်လိုက်တဲ့အခါ အရမ်းကို အံ့သြသွားခဲ့ရတယ် ။ သူဟာ သူ့သားကို တံခါးဝမှာ တွေ့လိုက်ရလို့ပဲဖြစ်ပါတယ် ။ သားဖြစ်သူဟာ အရွယ်ရောက်လာပြီး ပိန်ချုံးသွားပါတယ် ။ အ၀တ်အစားတွေက စုတ်ပြတ်နေပြီး တွန့်ကြေနေခဲ့တယ် ။ သားဖြစ်သူဟာ ဆာလောင်နေပုံရပြီး အားလည်းနည်းနေနေခဲ့တယ် ။

သားဖြစ်သူက အမျိုးသမီးကိုမြင်တဲ့အခါ ပြောတယ် “ အမေ ကျွန်တော်ဒီမှာရောက်နေတာ အရမ်းကို အံ့သြဖို့ကောင်းလှပါတယ် ကျွန်တော် ဒီနေရာရောက်ဖို့ တစ်မိုင်လောက်အလိုမှာ အရမ်းကို ဆာလောင်ပြီး မေ့လဲသွားခဲ့ရတယ် ကျွန်တော် သေမယ်လို့ ကိုယ့်ကိုယ်ကိုတွက်လိုက်တယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ အသက်ကြီးကြီးခါးကုန်းကြီးတစ်ယောက်ရောက်လာခဲ့တယ် ။ ကျွန်တော်သူ့ဆီက အစာအနည်း ငယ်ကျွေးးဖို့ အသနားခံခဲ့တယ် သူက ကျွန်တော့်ကို ကြင်နာစွာနဲ့ ပေါင်မုန့်တစ်လုံးလုံးကျွေးခဲ့တယ်အမေ သူက ကျွန်တော့်အသက်ကိုကယ်လိုက်တာပါပဲ ” သူက ဆက်ပြောတယ် “ ကျွန်တော်နေ့တိုင်း ဒီကိုမလာခင်စားနေရတာတွေခါးကုန်းကြီးရဲ့စေတနာတွေပါပဲ ”

အဲဒီစကားကြားတဲ့အခါ အမျိုးသမီးရဲ့မျက်နှာဟာ ပန်းရောင်ပြောင်းပြီးနီရဲသွားတယ် ။ သူ အမှားအကြီးကြီး လုပ်မိမလို့ လက်တစ်ကမ်းပဲ လိုတော့တယ်မဟုတ်လား ။ ခါးကုန်းကြီးရဲ့စကားကိုအမြင်ကပ်လို့ တစ်မနက် မှာပေါင်မုန့်ထဲအဆိပ်တွေ ခပ်ဖို့ ကြံစည်ခဲ့ဖူးတယ် ။ နောက်မှ အမြင်မှန်ရပြီးပေါင်မုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ခြင်းဟာ အခုတော့ သူ့ရဲ့ချစ်လှစွာသောသားဖြစ်သူရဲ့အသက်ကိုကယ်တင်လိုက်နိုင်ခြင်းဖြစ်တယ်လို့ အံ့သြတုန်လှုပ်စွာတွေးနေမိတယ် ။ အဲဒီနောက်မှာ အမျိုးသမီးဟာ ခါးကုန်းကြီးပြော တဲ့စကားအနက်အဓိပ္ပါယ်ကိုနားလည်လာခဲ့တယ်

“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

------------------------------------------------

သိပ်မှန်တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ ။ လူတွေဟာ သူတပါးကို မကောင်းကြံစည်ကြမယ် ကုန်းချောကြမယ် တိုက်ခိုက်ကြမယ် အနိုင်ယူကြမယ် စတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ပူကျွမ်းလောင်မြိုက်နေလေ့ရှိကြတယ် ။ တကယ်တော့ ကိုယ်သွားလေရာကိုယ့်အရိပ်ကလိုက်ပါနေသလို ကိုယ်လုပ်နေသမျှ အလုပ်တွေရဲ့ အကျိုးအပစ်တွေကို တာဝန်ယူ ရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ် ။ သင်သာ သူတပါးကိုမကောင်းကြံစည်ရင် အဲဒီ ဒဏ်ကို သင် ဟာ မလွဲမသေ ပြန်ခံစားရမှာပါပဲ ။ ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်း ကိုယ်ချင်းစာတရားလက်ကိုင်ထားလို့ စာနာနားလည်ခွင့်လွှတ်နိုင်ကြရင် လူသားအချင်းချင်း မနာလို မုန်းတီး စိတ်တွေမထားကြဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ သာယာချမ်းမြေ့နေမှာ အမှန်ပါပဲ ။

သက်တန့်ချို

[The Woman and the Bread] အားခံစားဘာသာပြန်သည် ။
 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တကယ်ချစ်ဖို့သာခက်တယ်


တကယ်ချစ်ဖို့သာခက်တယ်

တစ်ခါတုန်းက အရမ်းကိုဆင်းရဲ့တဲ့ လူတစ်ယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ် ။ တစ်နေ့မှာ ဇနီးဖြစ်သူက သူ့ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို ဖြီးသင်ဖို့အတွက် ဘီးလေး တစ်ချောင်း လိုချင်တဲ့အကြောင်းပြောခဲ့တယ် ။ ယောင်္ကျားဖြစ်သူက ဘီးအသစ်တစ်ချောင်းမ၀ယ်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းသွားပြီး မ၀ယ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ် ။

သူက သူ့ရဲ့ကြိုးပျက်ဆီးနေတဲ့လက်ပတ်နာရီလေးကို ထုတ်ပြပြီး အဲဒီလက်ပတ်နာရီလေးပြင်ဖို့တောင် ငွေမရှိတဲ့အကြောင်းကို သေချာရှင်းပြခဲ့တယ် ။ အမျိုးသမီးဖြစ်သူက

ယောင်္ကျားဖြစ်သူကို ပြုံးပြီး နားလည်စွာ ကြည့်နေခဲ့တယ် ။ ပြီးတော့ယောင်္ကျားဖြစ်သူက အလုပ်ကိုသွားခဲ့တယ် အလုပ်သွားတဲ့လမ်းက နာရီ ဆိုင်တစ်ခုမှာ သူ့ရဲ့ ကြိုးပြတ်နာရီလေးကို ရတဲ့ဈေးနဲ့ရောင်းချခဲ့တယ် ။ ပြီးတော့ သူ့ဇနီးသည်အတွက် ဘီးလေးတစ်ချောင်းဝယ်လာခဲ့တယ် ။ သူဟာ လက်ထဲမှာ ဇနီးဖြစ်သူကို ပေးဖို့ ဘီးကလေးကိုင်ရင်း အိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ရှေ့ရောက်တဲ့အခါ ဇနီးဖြစ်သူကိုကြည့်ပြီး သူဟာ အရမ်းကို တုန်လှုပ်အံ့သြသွားခဲ့ရတယ် ။ ဇနီးဖြစ်သူဟာ ဦးခေါင်းထက်က ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်ထားတဲ့အတွက်ဖြစ်တယ် ။ သူမဟာ ဆံပင်အရှည်ကြီးကိုဖြတ်ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ယောင်္ကျားဖြစ်သူအတွက် လက်ပတ်နာရီကြိုးလှလှလေးတစ်ခုဝယ်ပေးထားခဲ့တယ် ။

နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။ သူတို့လုပ်ရပ်တွေအတွက် တစ်ဦးကိုတစ်ဦး ၀မ်းနည်းလို့မဟုတ်ပေမယ့် သူတို့တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်တွေကို အချင်းချင်းနားလည်သွားလို့ဖြစ်ပါတယ်

--------------------------------------------------

ချစ်တယ်ဆိုတာက မခက်ခဲပါဘူး တကယ်ချစ်တတ်ဖို့ တကယ့်ကိုချစ်မိသွားဖို့ဆိုတာကတော့ စိတ်ထဲကနှစ်နှစ်ကာကာ ရင်ခုန်သံတွေနဲ့ သီဖွဲ့ထားဖို့လိုပါတယ် သင်ရော သူ့ကို တကယ်ချစ်ပါသလား . . . ဘယ်တော့ မှ သူမျက်ရည်ကျအောင်မလုပ်မိပါစေနဲ့ ဘယ်တော့မှ သူ့ကို အဝေးထွက်သွားခွင့်မပေးပါနဲ့ စစ်မှန်တဲ့ချစ်ခြင်းအားဖြင့် သူ့ကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်ပါ ။

သက်တန့်ချို
the beauty of love.. အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, November 21, 2012

ကျွန်တော်နှင့်တောင်ပေါ်လားရှိုးမြို့


ကျွန်တော်နှင့်တောင်ပေါ်လားရှိုးမြို့

နိုဝင်ဘာထဲရောက်လာပြီဆိုတော့ ဆောင်းက နည်းနည်းအေးလာသလိုပါပဲ ။ ထုံးစံအတိုင်း နိုဝင်ဘာ ဒီဇင်ဘာဆို ခရီးထွက်ရတဲ့ရာသီမို့လားမသိ ကျွန်တော်လည်းရန်ကုန်က အလုပ်တွေပစ်ပြီးလားရှိုးမြို့ကို ခရီးတစ်ခေါက် ထွက်ခဲ့ရပါပြီ ။ ရွှေလားရှိုးအထူးယာဉ်နဲ့ ညနေ ၅ နာရီထွက်တဲ့ကား က တစ်ခါမှ မစီးဖူးလို့ လားမသိ ကံကောင်းတာလား ကံဆိုးတာလားမသိ အဲဒီ ယာဉ်ကြီးမှာ နောက်ဆုံးပေါ် အိမ်သာ တစ်လုံးပါတယ် ။ အဲဒီအိမ်သာကလည်း ကျွန်တော်ထိုင်တဲ့ခုံ တည့်တည့်ရှေ့မှာ ပရိတ်သတ် ကဲ ကြည့် ဖြစ်ပုံက ခရီးစဉ်အစ ကျွန်တော့်ကို ကြိုဆိုလိုက်ပုံက ထုံးစံအတိုင်းအိမ်သာဆိုတော့လည်း လူတွေက ခဏခဏ လာကြတယ် ။ အထူးကားမို့လားမသိ လမ်း မှာ ထမင်းစားတဲ့အခါက လွဲလို့ ယောင်လို့တောင် ကားဆရာက မရပ်ပါဘူး ။ ဒီတော့ကားပေါ်က လူ ၄၀ လုံး ကျွန်တော့်ရှေ့က အိမ်သာလေးကို အားကိုးကြတယ် ။ အဲဒီ အိမ်သာလေးကိုလာချင်တဲ့အနောက်ကလူတွေက ကားထွက်နေတုန်း ခုံတွေကို ကိုင်ပြီးလာရတယ်ဆိုတော့ လူက ယိုင်ကြတယ်မဟုတ်လား ။ ဒီတော့ ကားက လှုပ်လိုက် အိမ်သာ သွားဖို့လာတဲ့လူက ကျွန်တော့်အပေါ်လဲကျလိုက် ပြန်ထူပေးလိုက် နောက်တစ်ယောက်လာလိုက် ကားလှုပ်လိုက် ကျွန်တော့်အပေါ် ယိုင်လဲကျလိုက်နဲ့ အင်း ပရိတ်သတ်ရေ ခရီးစဉ်အစက အဲဒီလို ။

ဒီလိုနဲ့ ၁၁၅ မိုင်ရောက်တော့ ကားဆရာကကြေငြာတယ် အထူးယာဉ် VIP မို့ဆိုလား လက်မောင်းလေးတွေပေါ် စတေကာလေးတွေကပ်ပေးလိုက်တယ် ။ အဲဒီစတေကာလေးတွေပါရင် စားသောက်ဆိုင် မှာ ထမင်းဟင်းကို free စားနိုင်ပါသတဲ့ ။ ဒီတော့ ကျွန်တော်လည်း ထမင်းစားပြီး တာနဲ့အောက်မှာလည်းမနေချင်တာနဲ့ကားပေါ်ပဲပြန်တက်လာခဲ့တယ် ။ အဲဒီအချိန်ကားက မီးလေးပဲဖွင့် ထားသေးတယ် စက်မနှိုးထားသေးဘူး ။ ဒီတော့ ကျွန်တော့်ခုံပေါ် ကျွန်တော်ထိုင်ယုံရှိသေး အရှေ့ အိမ်သာ ထဲက နေ တဒုန်းဒုန်းထုသံကြားလိုက်ရတယ် ။ ဘုရား ...အထဲမှာ လူပိတ်မိနေတာများလား ။ ခဏနေတော့ အသံက ပိုကျယ်ပြီး ကြားလာရတယ် ဒုန်းဒုန်းဒုန်း ဆိုပြီး ။ ဒီတော့ ကျွန်တော်လည်း အိမ်သာရှေ့သွားပြီး အထဲကလူ စိတ်အေးအေးထား လက်ကိုင်မှာခလုတ်လေးပါတယ် ဖိလိုက် ပြီးရင်တွန်းလိုက် ပွင့်လာလိမ့်မယ်ပြောရတယ် ။ ဒီတော့မှ အထဲက ငြိမ်ကျသွားပြီး ဦးလေးးကြီးတစ်ယောက်ချွေးတွေ သံတွေနဲ့ထွက်လာတယ် ။ သူ့ခမျာ အတော်လည်းကြောက်နေပုံပဲ မီးကလည်း မှိန်ပျပျလေးကိုး ကားမှ စက်မနှိုးသေးတာ ။ ဒီလိုနဲ့ကားစထွက်ပါပြီ ကျွန်တော်လည်း ဟိုတွေးဒီတွေး နဲ့ ငိုက်နေတုန်း ကလေးလေးတစ်ယောက်က သူ့အမေကို အိမ်သာတက်ချင်လို့ပူဆာပြန်တယ် ။ သူ့အမေကလည်း သားအဲဒီအထဲသွားဆိုပြီး လွှတ်လိုက်တယ် ။ ကျွန်တော့်စိတ်ထဲ ထင်တော့ထင်နေတယ် ကလေးတော့ ပိတ်မိဦးမယ်လို့ ။

သိပ်မကြာပါဘူး အထဲက တ၀ုန်းဝန်းထုပြန်ရော ။ ဘယ်သူမှ မထကြဘူးဗျာ သူ့အမေက လည်း ခေါ..ခလူး..ဆိုပြီးအိပ်နေလေရဲ့ ။ အိမ်သာနဲ့အနီးဆုံးကလည်း ကျွန်တော်ပဲရှိသကိုး ဒီတော့လည်းထရပြန်တယ် ကလေးကို သွားချော့ပြီး တံခါးကို ဖွင့်ခိုင်းရတယ် ။ ကလေးခမျာ ကြောက်လွန်းလို့အ သံတောင်မထွက်နိုင်ဘူး ဒီတော့ အဲဒီကလေးကိုပဲချီပြီး သူ့အမေဆီပို့ပေးခဲ့ရပြန်တယ် ။ ဒီလိုနဲ့ ကားကြီးက နေပြည်တော်ကိုကျော် ..မန္တလေးကိုကျော် ..လားရှိုးကို ဆက်လက်ချီတက်လာပြန်ပါပြီ ။ ကားပေါ်မှာ မအိပ်တတ်တဲ့ ကျွန်တော့်ထုံးစံအတိုင်း အမှောင်ထုကိုငေးလိုက် တီဗွီက မြန်မာဇတ်လမ်း ( ပြေတီဦးနဲ့ ခိုင်သင်းကြည် ) ကို ကြည့်လိုက် နဲ့လုပ်နေရတယ် ။  ဒီလိုနဲ့ သွားရင်း အချိန်က မနက် ၃ နာရီကိုရောက်လာခဲ့ပါပြီ အဲဒီမှာ ဇတ်လမ်းက စတာပါပဲ . . .။ 


 



လမ်းဘေးမှာ ကားတွေအကုန်လုံးရပ်နေကြတယ် ကျွန်တော် တို့ကား ဆရာကလည်း လမ်းဘေးမှာ ကားတန်းရှည်ကြီး ကိုအိပ်ပျော်နေတယ်ထင် လို့လားမသိပါဘူး ဘေး ကနေ ကျော် တက်လာခဲ့လိုက်တယ် ။ အဲဒီမှာ ချောက် အကွေ့တစ်ခုမှာ မီးရောင်တွေတွေ့လို့ ရပ်လိုက်ရတယ် ။ လားလား ...ဘီး ၂၀ ပါတဲ့ကားကြီး ၂ စီးက တစ်စီးရဲဖင်ကို တစ်ဦးရဲ့ခေါင်း နဲ့ခြစ်မိပြီးငြိနေကြတယ် ။ သူတို့ ၂ စီးပိတ်နေတော့ တခြားကားတွေ လည်းသွားမရခဲ့ဘူး ။ မေးကြည့်တော့ ကြာပြီတဲ့ ဖြစ်နေတာ ရဲတွေအလာ စောင့်နေတာတဲ့ ။ တစ်ယောက်ကလည်းမဖယ်ပေး တစ်ယောက်ကလည်း မလျော့နဲ့ ကျွန်တော်တို့ကားကြီးလည်း လမ်းဘေးထိုးရပ်လို့ စက်သတ်ပြီး ရပ်နေလိုက်ရတယ် ။ ဒီလိုနဲ့ အချိန် ၁ နာရီလောက်စောင့်ပြီးတဲ့အခါ ရဲ ဆိုင်ကယ်တွရောက်လာပြီးလာပြောကြတယ် ။ ရှင်းကြလင်းကြတယ်ပေါ့ ငါးသိန်းနဲ့အလျောပေးဖို့ တည့်သွားတယ်ဆိုလား သတင်းတော့ကြားလိုက်ရတယ် ။ 


ဒီလိုနဲ့ကား ကိုဖယ်ကြမယ်ပေါ့လုံး ၀ဖယ်မရဘူးခင်ဗျ ငြိနေတာ အတော်သံယောဇဉ်ကြီးနေ ပုံပဲ နောက် ဆုံး ထောက်တွေ ဘာတွေခုပြီး ကားကို ခေါင်းယမ်းအောင်ကြိုး စားမှသာ လွတ်ထွက်သွားတယ် ။ အဲဒီလို ကား ၂စီးလွတ်အောင် ကျွန်တော်တို့ကား ဟာ မနက် ၃ နာရီကနေ ၅ နာရီအထိစောင့် လိုက်ရတယ် ။ ပြီးတော့မှ ခရီးဆက်ထွက်လို့ရပါတယ် ။ ဒီတော့ အရင်၇ နာရီလောက်ဝင်တဲ့ကားက ၉ နာရီခွဲကျော်ကျော် ဆယ်နာရီနီးပါးမှ လားရှိုးကို ဆိုက်နိုင်တော့တယ် ။

လူကလည်း တစ်လမ်းလုံးမအိပ်ရတော့ ငေါင်တောင်တောင်နဲ့ ကားပေါ်ကဆင်းအထုပ်တွေဆွဲချပြီး ၃ ဘီး ဆိုင်ကယ်ကယ်ရီနဲ့ တည်းမယ့် ဟော်တယ်ကို လိုက်ပို့ခိုင်းရတယ် ။ တော်သေးတယ် နယ်က လူတွေ booking လုပ်ထားတာ တော်လို့ အခန်းကိုတန်းရတယ် ။ နားဖို့အချိန်ကြည့်တော့ ၁၀ နာရီကျော်နေပြီ နားလို့မဖြစ်သေး လုပ်စရာတွေက တပုံကြီး ဒီတော့ သူတို့ကို လာကြိုခိုင်း ကိုယ်ကလည်းဆိုင်ကယ်မ စီးတတ် လားရှိုးလို တောင်ပေါ်တက် အနိမ့်အမြင့်လမ်းတွေမှာ သူများနောက်က ပဲကပ်လိုက်ရတယ် ပြီးတော့ အလုပ်တွေ ခဏနားပြီး မာလာဟင်း ၊ ကြက်တောင်ပံသုပ်နဲ့ ဖက်ထုပ်ကြော် စတာတွေလိုက်ကျွေးပါတယ် ။ ဒါဟာ လားရှိုး ဆိုတဲ့တောင်ပေါ်မြို့ကို ကျွန်တော့်အတွက်တော့ ပထမဆုံးခရီးစဉ်ပါပဲ ။ တောင်ကြီးနဲ့ အနေအထားချင်းရာသီဥတုချင်းသိပ်မကွာပေမယ့် လမ်းတွေကတော့အ နိမ့်အမြင့်တွေ တောင်ကြီးထက်များတယ်လို့ ထင်ပါတယ် ။

ကျွန်တော့်ရဲ့ တောင်ပေါ်လားရှိုး ခရီးစဉ်အဖွင့်ကတော့ ဒီလောက်ပါပဲ ။ တစ်ပတ်လောက်ကြာမှာဖြစ်ပြီး စာတွေကိုတော့ အဆင်ပြေသလို ဆက်လက်ရေးသား တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။

စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားစွာဖြင့်

သက်တန့်ချို

Monday, November 19, 2012

ကျွန်တော်နှင့်ဆိုက်ပရပ်နတ်သမီး


















ကျွန်တော်နှင့်ဆိုက်ပရပ်နတ်သမီး

နိုဝင်ဘာလ ၁၉ ရက်နေ့ ။ ဒီနေ့ပြန်ရောက်လာတာ တကယ့်ကို မနေ့တစ်နေ့ကလိုပါပဲ ။ စာပေ ရေယာဉ်ကြီးမှာ စီးမျောရင်းတချို့လည်း ကမ်းတွေကပ်ကြ တချို့လည်းပန်းတိုင်ရောက်ကြ တချို့လည်း နစ်မြုပ်ကြနဲ့ ကျွန်တော်တို့ စီးနင်းလာခဲ့ကြတာ အခုဆို နှစ်တွေအတော်ကြာခဲ့ပါပြီ ။ ဒီနှစ် အစ်မတော် နတ်သမီး အတွက် ထုံးစံအတိုင်း မွေးနေ့ပို့စ်လေးရေးပေးဖို့ ကျွန်တော်စဉ်းစားမိတယ် ။ အမှန်တော့ ခင်မင်ရင်းနှီးသူတစ်ယောက်အတွက် သာ မွေးနေ့ကဗျာ နဲ့ မွေးနေ့ပို့စ်ရေးပေးပေမယ့် ကျွန်တော့်မွေးနေ့ကိုတော့ ကျွန်တော် သိပ်ပြီး စိတ်ဝင်တစားမရှိခဲ့ဘူး ။ ဒါပေမယ့် မွေးနေ့ကဗျာရေးပေးရတာ ၀ါသနာပါတဲ့ လူဖြစ်တဲ့အတွက် အခုလည်း နိုဝင်ဘာ ၁၉ ရက်နေ့မှာကျရောက်တဲ့ အစ်မတော်အတွက် မွေးနေ့ ပို့စ်လေးရေးပေးဖြစ်ခဲ့ပါတယ် ။

ပထမဆုံး ကျွန်တော်မှတ်မိသေးတယ် ။ ဘလော့တွေစစလုပ်ခြင်း တုန်းက ကျွန်တော်လည်းတခြားသူတွေနီးတူ ငါးကန်လေးတွေ စီဘောက်လေးတွေထည့်ရတာ အရမ်းဝါသနာပါခဲ့တယ် ။ ( အခုတော့ ဆိုက်က လေးတာကြောင့် ပြန်ဖြုတ်လိုက်တယ် ) အဲဒီတုန်းက ကျွန်တော့်ရဲ့လူမသိသူမသိ ဘလော့လေးကို နေ့စဉ်လာလာပြီးအားပေးစကားတွေပြော သူငယ်ချင်းတွေအဖြစ်ခင်မင်ရင်းနှီးခဲ့ရသူ အစ်မအရင်းတစ်ယေက်လို ခင်မင်ရင်းနှီးခဲ့ရသူကတော့အစ်မတော် နတ်သမီးဖြစ်ပါတယ် ။ မော်ဒယ်လုပ်ငန်းနဲ့ အရင်က ရပ်တည်ခဲ့သူပီပီ ဓါတ်ပုံရိုက်အရမ်းဝါသနာပါတဲ့အစ်မတော် ဟာ ဝေဖန်တိုက်ခိုက်သူတွေ အလွဲသုံးစားလုပ်ခံရမှုတွေကို ကျွန်တော်တို့အားလုံးစုပေါင်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြတယ် ။ “ သက်တန့်ချို ” ဆိုတဲ့နာမည်တစ်လုံးပီပီပြင်ပြင်မဖြစ်ပေါ်လာခင်ကတည်းက ကျွန်တော်တို့ မောင်နှမဟာ တစ်ဦးရဲ့အခက်အခဲကိုတစ်ဦး ရင်ဆိုင်ဖြေရှင်းခဲ့ကြတယ် ။

သူဟာ ကျန်းမာရေးချို့တဲ့သူပီပီ သူနေမကောင်းတာကအစ သူ ဆေးရုံတက်ရတဲ့အဆုံးကျွန်တော့်ကို တိုင်ပင်တယ် မေးတယ် ဆရာဝန်လိုတစ်မျိုး မောင်ငယ်တစ်ယောက်လိုသဖွယ် နွေးထွေးတဲ့အစ်မရင်းတစ်ယောက်လို ဆက်ဆံပေးခဲ့တယ် ။ သူနဲပတ်သတ်သမျှ အားလုံးကျွန်တော်ဝိုင်းဖြေရှင်းပေးခဲ့သလို သူကလည်း သူနဲ့ပတ်သတ်သမျှ ကျွန်တော့်ကို တိုင်ပင်ခဲ့တယ် ။ အခုတော့ မနှစ် တစ်နှစ်ကလိုပဲ နိုဝင်ဘာ ၁၇ ဆိုတဲ့ရက်တစ်ရက်ရောက်လာခဲ့ပြန်ပါပြီ ။

“ အစ်မတော် နတ်သမီးရေ နိုဝင်ဘာ ၁၉ က ကံကောင်းခြင်းတွေဆောင်ယူနိုင်ပါစေ . . ဓမ္မနဲ့အဓမ္မကို ခွဲခြားသိမြင်လို့ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်နိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်နိုင်ပါစေ . . အန္တရာယ်အားလုံးကင်းလွတ်ချမ်းသာလို့ သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့အစ်မတော်ရေ . . ”

“ နိုဝင်ဘာ ၁၉ နှင့် နတ်သမီးတစ်ပါး ”


အဲဒီတစ်ရက်က နှင်းတွေစပြိုတဲ့နေ့
အဲဒီတစ်ရက်က နေခြည်တွေ စလင်းတဲ့နေ့
ခင်းထားတဲ့လမ်းတလျှောက် . . သင်းပျံ့တဲ့ ပန်းရနံ့အချို့
လေပြည်က သော့သော့ မော့မော့
ကြော့ရှင်းတဲ့ ဆံနွယ်ခက်တွေအောက် . .
ကျပျောက်ခဲ့သော ညနေခင်းအချိန်နာရီများ

ကြည့်စမ်း . . . ပြာရီဝိုဝါးတဲ့ကောင်းကင်ပြာအောက်
ရောင်စုံ့ လိပ်ပြာကလေးတွေ ၀ဲပျံလို့
နတ်သမီးတစ်ပါးရဲ့ ကကြိုးကကွက်တွေထဲ
နိုဝင်ဘာဟာ သက်ဝင်လှုပ်ရှားရခဲ့ရ
နှင်းတွေ . . . နှင်းတွေ . . .

နတ်သမီးရေ . . နိုဝင်ဘာက ချမ်းစမ့်သော အတွေးကိုယ်စီနဲ့
နိုင်ဝင်ဘာက အေးမြသော အလွမ်းကိုယ်စီနဲ့
ကော်ဖီခါးခါးတစ်ခွက်ထဲ စိမ့်ဝင်နေသော အတွေးတွေဟာ
ဟိုတစ်စ . . ဒီတစ်စ ပျံ့ကျဲလူးလွန့်နေဆဲ . .

ကြည့်စမ်း . . . ဒီနေ့ ပန်းတွေ ပွင့်လန်းလာလိုက်ကြပုံ
ကြည့်စမ်း . . .နိုဝင်ဘာ နတ်သမီးရဲ့ ၀တ်ရုံဖြူလွှလွှပေါ်က အလင်းခက်တွေ
တစ်ဆယ့်ကိုး ကိန်းဂဏန်းနဲ့ နာရီလက်တံကြား
သူ ဟာ နူးညံ့ဖြူစင်မှုပေါင်းများစွာနဲ့ . .

နတ်သမီးရေ . . .
အချိန်တန်ရင်အိမ်ပြန်ကြရ တို့လူသားဘ၀တွေ
အနန္တအသင်္ချေ မေတ္တာရေကသာ အေးမြစေခဲ့ရ
သင်သွားလေရာ ခလုတ်လည်းမထိ ဆူးလည်း မငြိစေရ
နားခိုးရာ ဘ၀ တလျှောက် အေးချမ်းဆိတ်ငြိမ်စေ . .

နတ်သမီးရေ . .
လမ်းတွေကကြမ်းတယ် . . ခရီးတွေက ဝေးတယ်
အစုန်အဆန် မုန်တိုင်းတွေကြားမှာ
ဟိုး . . ရှေ့က ကမ်းစပ်ကို စူးစိုက်ကြည့်
ပန်းတိုင်ဆိုတာရှိတယ် . . စိတ်ပျက်အားငယ်ခြင်းတွေကိုဘေးဖယ်ကွဲ့
ငါတို့အားလုံးဘေးမှာရှိနေတယ်

နိုဝင်ဘာရေ . .
သူမကို နှင်းဖြူဖြူတွေနဲ့ ပွေ့ဖက် အေးမြစေ ကွဲ့
သူမကို ပန်းတွေ ခင်းတဲ့ ဥယျာဉ်ထက် မွှေးပျံ့သင်းကြိုင်စေကွဲ့
ဒီတစ်ရက်ဟာ အမှတ်တရတွေ ဆုံတဲ့ တစ်နေ့
ငါတို့ ဘယ်တော့မှမမေ့ပါဘူး သူငယ်ချင်းရယ်
မင်းလည်း အမြဲ . . ငြိမ်းချမ်းစေကွယ်

“ ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....
ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....
ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....”

သက်တန့်ချို

နတ်သမီးဘလော့ - www.seaandangel.blogspot.com

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, November 12, 2012

ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး



ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး

တစ်ခါတုန်းက မျက်မမြင်ကောင်လေးတစ်ယောက်က အဆောက်အဦးတစ်ခုရဲ့လှေကားရင်းမှာ ထိုင်နေပြီး သူ့ရှေ့မှာ ဦးထုပ်လေးတစ်လုံးချထားတယ် ။ ဆိုင်းဘုတ်လေးတစ်ခုလည်းထောင်ထားတယ် ။ “ ကျွန်တော်မျက်မမြင်တစ်ယောက်ပါခင်ဗျာ ကူညီကြပါ ” သူ့ဦးထုပ်ထဲမှာ အကြွေစေ့အနည်းငယ်ရှိတယ် ။

လူတစ်ယောက်က ဘေးနားကနေဖြတ်သွားတယ် ။ သူက အိတ်ကပ်ထဲကနေ အကြွေအနည်းငယ်ယူပြီး ဦးထုပ်ထဲချလိုက်တယ် ။ ပြီးတော့ဆိုင်းဘုတ်ကိုယူပြီး နောက်ဖက်လှည့်လိုက်တယ် စကားလုံ
းအနည်းငယ်ရေးထားခဲ့တယ် ။ ဆိုင်းဘတ်ကို ဘေးနာကလူတွေဖြတ်သွားရင်စကားလုံးအသစ်တွေမြင်ရအောင် လှည့်ထားခဲ့လိုက်တယ် ။

မကြာခင်မှာ ဦးထုပ်က အကြွေစေ့တွေ စတင်ပြည့်လာပါပြီ ။ မျက်မမြင်ကောင်လေးကို လူတွေက ပိုက်ဆံတွေပိုပိုပေးသွားကြတယ် ။ နေ့လည်ရောက်တဲ့အခါ စာသားအသစ်ပြင်ပေးသွားတဲ့လူကပြန်ရောက်လာတယ် ။ ကောင်ကလေးက သူ့ ခြေလှမ်းသံကို ဂရုပြုမိသွားပြီး မေးတယ် ။ “ ဒီမနက် ကျွန်တော့်ဆိုင်းဘုတ်ကို စာသားပြောင်းပေးသွားတဲ့လူလားခင်ဗျာ ဘာတွေရေးပေးခဲ့တာလဲဟင် ”

ဆိုင်းဘုတ်ပြင်ရေးပေးတဲ့လူကပြောတယ် “ ကျွန်တော်အမှန်တရားတစ်ခုကိုရေးပေးခဲ့တာပါ ကျွန်တော်ကလည်း ဒီက လူရေးတဲ့အတိုင်းရေးထားခဲ့တာပါပဲ ဒါပေမယ့်နည်းလမ်းတော့ကွာတယ် ” တကယ်တော့ အဲဒီလူရေးပေးခဲ့တဲ့စာသားကအောက်ပါအတိုင်းဖြစ်တယ် ။

“ ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး ” တဲ့ ။

-----------------------------------

ပထမ စာသားနဲ့ဒုတိယစားသားက အဓိပ္ပါယ်ခြင်းတူပေမယ့် တင်ပြပုံခြင်းကွာခြားလွန်းလှပါတယ် ။ ဒါပေါ့ ဆိုင်းဘုတ် နှစ်ခုစလုံးက ကောင်လေးမျက်စိမမြင်ဘူးဆိုတာဖော်ပြနေတာပါပဲ ။ ဒါပေမယ့် ပထမစားသားက လူတွေကို ဦးထုပ်ထဲ ပိုက်ဆံထည့်သွားပေးကြဖို့ကူညီကြဖို့ ရိုးရှင်းစွာပြောထားတာဖြစ်ပါတယ် ။ ဒုတိယ စာသားကတော့ လူတွေကို နေ့တစ်နေ့ရဲ့အလှအပကိုပြောထားတယ် ဒါပေမယ့် သူဟာ မျက်စိမမြင်တဲ့အတွက် အဲဒီအလှအပမှာ ခံစားသက်ဝင်နိုင်မှုမရှိဘူး လူဖြစ်ရှုံးနေရပါတယ်ဆိုတဲ့သဘောမျိုးရေးထားတာဖြစ်တယ် ။ ထပ်ဆင့်ပြောရရင် ပထမ စာသားဟာ ကောင်လေးမျက်မမြင်ဖြစ်ကြောင်း ရိုးရှင်းစွာပြောထားတာဖြစ်ပြီး ဒုတိယစာသားကတော့ လူတွေဟာ အရမ်းကံကောင်းကြတယ် ဘာကြောင့်လည်းဆိုတော့ သူတို့ မျက်ကန်းတစ်ယောက်မဟုတ်တဲ့အတွက် သဘာဝလောကကြီးရဲ့အလှအပကို မြင်နိုင်ကြတယ်ဆိုပြီး ရေးထားခြင်းဖြစ်တယ်။

ဒုတိယ စာသားက ပိုပြီးထိရောက်တယ်လို့ရော သင်တို့မထင်မိကြဘူးလား ။ တချို့အရာတွေက အတူတူတော့အတူတူပါပဲ ဒါပေမယ့်တင်ပြပုံပေါ်မူတည်ပြီးလူတွေရဲ့စိတ်ကို ညှို့ငင်ဆွဲယူနိုင်စွမ်းရှိတယ် ။ ဒါကြောင့် တီထွင်ဖန်တီးမှုရှိပါ မတူညီတဲ့အတွေးတွေကို လက်ခံပါ နေရာတိုင်းမှာ အကောင်းဆုံးနည်းလမ်းဆိုတာရှိပါတယ် ။

သက်တန့်ချို
Be creative .. better ways !! အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မိဘဟူသည်



မိဘဟူသည်

- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်သမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

သက်တန့်ချို
ပုံအားခံစားရေးဖွဲ့သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 22, 2012

အဖေသွားနှင့်ပြီ သမီးလေးရေ



တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီးကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။ သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုးသမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။

ဒါပေမယ့်လည်း ဘ၀ကံနုံချာလွန်းတဲ့အတွက် ဆင်းဆင်းရဲရဲ့ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ်ရောက်လာခဲ့တယ် ။ “ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ
ဆို့နင့်သွားခဲ့ရတယ် ။

“ အေးပါသမီးရယ် အဖေပိုင်တဲ့လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။ လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေးလုပ်လိုက်နဲ့ ချို့တဲ့စွာနေခဲ့ရတယ် ။

လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။ တစ်နေ့တော့ သမီးလေးကိုတွေ့ချင်လွန်းအားကြီးတဲ့ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကိုလိုက်သွားခဲ့တယ် ။ သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ၀မ်းနည်းစွာနဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။

နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူလိုက်လာပြီး ဖခင်ကိုပြောတယ် ။ “ အဖေရယ် ရှက်စရာကြီး သမီးကျောင်းကိုဘာလို့လိုက်လာရတာလဲ ... သမီးကိုတွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာသိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး ” လို့ပြောခဲ့တယ် ။ ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲစိုက်ကြည့်နေခဲ့တယ် ။

အဲဒီလိုနဲ့ . . .

သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ ငါ့အဝေးကနေ ကြည့်ခိုင်းရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။

“ သမီးလေး...

သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို..အဖေ ဟာ တမလွန်မှာ ရောက်နေရောပေါ့ ဒါကြောင့်ဒီစာလေးကို ကြိုရေးထားခဲ့တာပါ .. သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေးမပီကလာပီကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။ အဖေတို့ဆီမှာသောက်ရေကလည်းပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ သောက်ရေ သွားယူခဲ့ဖူးတယ် ။

သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာမငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီးခြိုးခြံချွေတာခဲ့ဖူးတယ် ။ သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့တစ်ခုပါပဲ ။

သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။ သမီးရယ် ...သမီးဆီက အဖေဘာမှမမျှော်လင့်ပါဘူး လူ့ဘ၀ဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကိုပြည့်ပြည့်စုံစုံမထားနိုင်ခဲ့တဲ့အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ သမီးရယ် အဖေတို့ မိဘတွေဆိုတာ သားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်းအဖေတို့ကိုရွေးချယ်ခွင့်မရှိခဲ့ပါဘူး ။ ဘ၀အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘ၀မှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။

သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။ သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ ...

သမီးရေ ...ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ... ”

--------------------------------------------

သက်တန့်ချို
ဖြစ်ရပ်မှန်ဇတ်လမ်းလေးတစ်ပုဒ်ပါ ကျွန်တော်နေခဲ့တဲ့ရွာကလေးမှာဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးတစ်ပုဒ်ပေါ့ ။ အခုတော့ အဲဒီစာဖတ်ပြီး ကတည်းက ဇတ်လမ်းထဲက သမီးလေးဟာ အဲဒီနေ့မှာပဲ ရွာကိုပြန်ပြီး သူ့အဖေ မြေပုံနဲ့မနီးမဝေးက သီလရှင်ကျောင်းလေးမှာ အခုထက်ထိပဲ တရားရိပ်ကို ခိုလှုံနေပါတော့တယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 11, 2012

နန်းခင်ဇေယျာကို Miss Internet အတွက် တရားဝင်လင့်မှာ ကူညီချင်တယ်ဆိုရင်



နန်းခင်ဇေယျာရဲ့ Miss International 2012 Organizing ကော်မတီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနဲ့ အဆက်အသွယ်ရပါတယ် ။ နန်းခင်ဇေယျာက ပေးပို့တဲ့မေးလ်ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ် ။

“ မင်္ဂလာပါ မြန်မာ !!!

ကျွန်မ နန်းခင်ဇေယျာ ပါ အခုလို ၀ိုင်းပြီးအားပေးတဲ့အတွက်ရော Vote လုပ်ပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ် Thai beauty fan page က တကယ်တော့ တရားဝင် vote ပေးရမယ့်လင့်မဟုတ်ပါဘူး တရားဝင်vote ပေးရမယ့်လင့်ကို မျှဝေပေးချင်ပါတယ် ။

အခုအောက်မှာပေးထားတဲ့လင့်ဟာ တစ်ကမ္ဘာလုံး တစ်ကမ္ဘာလုံးက Miss Internet အတွက် ၀ိုင်းပြီး ပေးကြတဲ့ လင့်ဖြစ်ပါတယ် ။ ဒါကြောင့် Official မဟုတ်တဲ့လင့်တွေကို Share မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ။ အရင်ဆုံးအောက်ပါလင့်ကိုသွားပါ ။

http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660/  ကိုဖွင့်လိုက်ပါ အဲဒီမှာ အလယ်မှာ ကျွန်မရဲ့ပုံရှိပါတယ် ။ အဲဒီပုံလေးကို Click နှိပ်လိုက်ပါ ။ Favourites တွေဘာတွေလုပ်စရာမလိုပါဘူး ။ သူတို့လိုချင်တာက ကြည့်ရှုသူအရေအတွက် VEIWS ကိုဖြစ်ပါတယ် ။

အခု ကျွန်မ ဓါတ်ပုံမှာ ၁၁၆၀၀၀ ကြိမ်ရှိပြီး တခြားတိုင်းပြည်ကသူတွေကတော့ ၁၉၀၀၀၀ ရှိပါတယ် ။ ဒါကြောင့် အားလုံးဝိုင်းပြီးကူညီကြပါဦး ။ ကျွန်မ ဖေ့ဘုတ်အကောင့်က ဖွင့်လို့မရတော့ပါဘူး Hacking လုပ်ခံရတယ်လို့ထင်ပါတယ် ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီသတင်းလေးကိုဝေမျှပေးပါ ။ ဒါကြောင့် ကျေဇူးပြုပြီး တခြားနေရာတွေလိုက်ပြီး Vote လုပ်နေရင်အချိန်ကုန်ပြီး Views အရေအတွက်တက်လာမှာမဟုတ်ပါဘူး အခုပေးထားတဲ့လင့်ကသာ တရားဝင်ဖြစ်ပါတယ် ။

ကျေးဇူးတင်ခြင်းများစွာဖြင့်

နန်းခင်ဇေယျာ ”

(ကျွန်မရဲ့ဖေ့ဘုတ်အကောင့်ကို မသုံးနိုင်တဲ့အတွက် ၀မ်းနည်းစွာနဲ့တောင်းပန်ပါတယ် ဒါပေမယ့် မေးလ်ကနေတဆင့် Update တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ် )

------------------------------------------------------

သက်တန့်ချို - “ အခုနည်းကပိုတောင်လွယ်သွားသေးတယ် ပုံကိုကလစ်နှိပ်တာနဲ့ view count တစ်ခုတက်သွားမယ် ဘာမှလုပ်စရာမလိုဘူး ကြည့်တဲ့အကြိမ်အရေအတွက်တက်အောင်သာ http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660/  ကိုနှိပ်ပြီး ခဏခဏ view count တက်နေအောင်သူ့ပုံကို click နှိပ်ပေးဖို့ပဲလိုတယ် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Sunday, October 7, 2012

ချစ်သူဖတ်ဖို့









 

ချစ်သူဖတ်ဖို့

ချစ်သူ့ထံပါး . . တခမ်းတနား ရေးဖြစ်တဲ့ ကဗျာ
ဝေါဟာရ တွေဟာ ခံစားချက်တွေနဲ့အညီ စီးဆင်းခဲ့
ဘယ္လို သခါၤရတရားကမ်ား . . .
သတိရခြင်းတွေကိုငြိမ်သက်စေလိမ့်မလဲ ။

နင်ရော . . နေမှကောင်းရဲ့လား
သွားရတဲ့ခရီးကရှည် . . လေက ကြမ်း . . လှိုင်းကထန်
ပျံသာပျံပါ . . အချစ်ရယ်
ကောင်းကင်ကကျယ်တယ် . . ။

အိပ်မက်တွေထဲမှာ ခဏခဏလည်းကြယ်တွေကြွေတယ်
ငါလည်း ခဏခဏ ဆုတောင်းခဲ့ရ
ဒီဘ၀ မှာ ချစ်သူအတွက် ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ရလို
သူမ . . ဘယ်တော့မှ မငိုပါစေနဲ့ ။

အလွမ်းရယ် မြတ်နိုးခြင်းရယ်
တမေ့တမော သတိရခြင်းတွေ ပေါင်းစုဆုံတဲ့အခါ
ချစ်သူအတွက် ...
အသက်ထက်ဆုံး ဆုတောင်း လို
သူမအတွက် ဘယ်တော့မှ ကောင်းကင်မပြိုပါစေနဲ့ ။

သက်တန့်ချို
7 Oct 2012

Friday, October 5, 2012

ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ



ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ 

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောကြီးမျက်မည်းထဲမှာ ခရီးသွားနေခဲ့တယ် ။ သူဟာ သူ့ဆွေမျိုးတွေရှိတဲ့ရွာကို သွားဖို့အတွက် အခုလို တောကြီးမျက်မည်းထဲကနေ ဖြတ်သွားမှ သာ အမြန်ဆုံးရောက်နိုင်မှာဖြစ်တယ် ။ သူ သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ ခြုံပုတ်တွေကို ရှင်းလင်းပြီး သွားတဲ့အခါ တစ်နေရာရောက်တော့ ပျားစားငှက်တစ်ကောင်ကိုတွေ့လိုက်ရတယ် ။ ပျားစားငှက်ဟာ ထူးထူးဆန်းဆန်း မြေပြင်ပေါ်မှာ လှဲနေပြီးခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားတာတွေ့လိုက်ရတယ် ။

အဲဒီလူက အံ့သြလွန်းလို့ ပျားစားငှက်ကိုမေးလိုက်တယ် ။ “ ဘာလို့ မြေပေါ်မှာ လှဲအိပ်ပြီး ခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားရတာလဲ ” ပြီးတော့ သူကဆက်ပြောတယ် ။ “ ဒီလိုသာ မြေကြီးပေါ်လှဲနေရင် တောကောင်တွေ ကြံ့တွေ ဆင်တွေ ဖြတ်သွားတဲ့အခါ မင်းကို နင်းသွားမှာပေါ့ မင်းသေသွားမှာပေါ့ ” ဆိုပြီး ငှက်ကလေးကို သတိပေလိုက်တယ် ။

ငှက်ကလေးကပြန်ပြောတယ် ။ “ ဟာ ခင်ဗျား ဒီလောက်ကြီးကျယ်တဲ့သတင်းကို မကြားမိသေးဘူးလား ခင်ဗျားတို့ လူသားတွေက ဒီလိုသတင်းကိုပိုတောင်သိသင့်တာပေါ့ မကြာခင် မိုးပြိုကျတော့မှာဗျ မြေကြီးပေါ် ပြိုကျတော့မှာ ” လို့ ငှက်ကလေးက ထိတ်လန့်စွာပြောလိုက်တယ် ။ “ ဒီသတင်းကို သစ်တောက်ငှက်ဆီကရတာပါ ” လို့ ငှက်ကလေးကဆက်ပြောတယ် ။

ခရီးသွား လူက ငှက်ကလေးကို သနားဂရုဏာသက်စွာကြည့်ပြီးပြောလိုက်တယ် ။ “ ဟင် ..မင်းရဲ့ခြေထောက်လေးတွေက သေးသေးလေးတွေနဲ့ အားအင်ကလည်း ချိနဲ့ပါဘိသနဲ့ ဘယ်လိုလုပ်ပြီး ဒီမိုးကောင်းကင်ကြီးကို ထမ်းထားနိုင်မှာလဲ ” လို့ သနားတဲ့ဟန်နဲ့ပြောလိုက်တယ် ။ ငှက်ကလေးက ပြုံးပြီးတော့ပြန်ဖြေတယ် ။

“ မှန်ပါတယ်ဗျာ ခင်ဗျားပြောတာမှန်ပါတယ် ကျွန်တော့်ခြေထောက်လေးတွေဟာ သေးငယ်ပြီး အားအင်ကလည်းချည့်နဲ့ကောင်းချည့်နဲ့ပါလိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကိုယ်လုပ်နိုင်တာကို ကိုယ်တတ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ် ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ ” လို့ ပြန်ပြောလိုက်ပါတော့တယ် ။

----------------------------------------------------

ဒီနေရာလေးမှာ ဒီသတင်း မှန်တယ် မမှန်ဘူး ငှက်ကလေးဦးနှောက်ရှိတယ်မရှိဘူး ကျွန်တော်တို့စဉ်းစားစရာမလိုပါဘူး ပုံပြင်ကပေးချင်တဲ့ အသိဟာ Reality ဆိုတဲ့ အစစ်အမှန်ဖြစ်မှုနဲ့ Reason ဆိုတဲ့အကြောင်းပြချက်တွေမဟုတ်ပါဘူး ။

တစ်ခုခု ပြဿနာ ဘေးဒုက္ခကြုံလာတဲ့အခါ ကိုယ့်အတွက်ဘယ်လောက်ပဲ မျှော်လင့်ချက်တွေကင်းမဲ့နေပါစေ ကိုယ့်အတွက် အဲဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဘယ်တော့မှ ကျွန်တော်တို့လက်မြှောက်အရှုံးမပေးရပါဘူး ။ ငှက်ကလေးပြောသလိုပဲ ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ။ ဥပမာဗျာ AIDS ရောဂါကြီး တစ်ကမ္ဘာလုံးမှာပျံ့နှံ့နေတယ် ဘယ်လို မှကုသဖို့မဖြစ်နိုင်ဘူးဆိုပြီးလက်လျော့မနေရဘူး ။ ကိုယ်လုပ်နိုင်တာ ဘာရှိလဲ ကျန်းမာရေးအသိပေးခြင်းလား ကာကွယ်ခြင်းလား သူငယ်ချင်းတွေကို ပြောပြခြင်းလား အဲဒီလို လုပ်နိုင်တာလေးလုပ်ခြင်းအားဖြင့်ကျွန်တော်တို့ ရှင်သန်နေရပါမယ် ။

သက်တန့်ချို
The Bee Eater အား ခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

စတီးချောင်းကို ပုံသွင်းနိုင်တဲ့အရာ



 စတီးချောင်းကို ပုံသွင်းနိုင်တဲ့အရာ

ဟိုး ရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ အလွန်ကို မာကြောတဲ့ စတီးချောင်းကြီးတစ်ခုရှိခဲ့တယ် ။ လူတွေက အဲဒီစတီးချောင်းကြီးကို ဒီအတိုင်းထားမယ့်အစား အသုံးဝင်မယ့်ပစ္စည်းတစ်ခုခုအဖြစ် ပုံသဏ္ဍာန်ပြောင်းပြီး အသုံးပြုလိုကြတယ် ။ ပထမဆုံး ပုဆိန်တစ်ခုနဲ့စမ်းသပ်ခဲ့တယ် ။

ပုဆိန်ရဲ့အသွားနှစ်ဖက်က စတီးကို အကြိမ်ကြိမ်ပွတ်တိုက်သော်လည်း ဘယ်လို မထူးခြားမှုရှိမလာခဲ့ဘူး ။ ပုဆိန်ရဲ့အသွားတွေတုံးလာပြီး အစတွေပဲ့ထွက်ကုန်တဲ့အတွက် လူတွေက လက်လျော့လိုက်ကြပြီး လွှနဲ့စမ်းသပ်ကြပြန်တယ် ။ လွှကလည်း သူ့တာဝန်အတိုင်းရှေ့တိုးနောက်ဆုတ်နဲ့စတီးချောင်းကြီးကို တိုက်ဖြတ်ပါတယ် ။

ဒါပေမယ့် လွှ အသွားတွေ သာတုံးသွားပြီး တချို့က ကွေးကောက်တွန့်လိပ်သွားကြတယ် ။ အဲဒီအခါလူတွေက “ တူ ” နဲ့စမ်းသပ်ကြပြန်တယ် ။ ပထမဆုံးအကြိမ် စတီးချောင်းကို တူ နဲ့ရိုက်လိုက်တဲ့အချိန်မှာပဲ တူရဲ့ ခေါင်းဟာ နှစ်ခြမ်းကွဲသွားပါတော့တယ် ။ ဒီတော့လူတွေက နောက်ဆုံးမီးတောက်မီးလျှံတွေနဲ့စမ်းသပ်ကြပြန်တယ် ။

မီးတောက်တွေနဲ့စတီးကိုရစ်ပတ်ပြီး အပူပေးကြတယ် ။ စတီးချောင်းဟာ မီးလျှံတွေနဲ့တွေ့တဲ့အခါ တဖြည်းဖြည်းပျော့ပြောင်းလာတယ် ။ အဲဒီလို ပျော့လာတဲ့အခါမှ စတီးချောင်းကို လိုတဲ့ပုံစံအတိုင်း ကွေးချီဆန့်ချီလုပ်ပြီးပုံသွင်းခဲ့ကြတယ် ။ နောက်ဆုံးမှာတော့ မာကျောပါတယ်ဆိုတဲ့စတီးချောင်းဟာ မီးတောက်ရဲ့အလိုရှိရာပုံသဏ္ဍာန်အတိုင်းလိုက်နာပြီးပုံဖော်ပေးရရှာပါတော့တယ် ။

----------------------------------------------------------

ရက်စက်တဲ့ အင်အားတစ်ခုအပေါ် အနိုင်ယူလိုတဲ့အခါ နူးညံ့ပျော့ပြောင်းမှု ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုနဲ့သာ ပြောင်းလဲမှုတွေဖြစ်စေပေါ်စေပြီးအနိုင်ယူရပါမယ် ။ ဘယ်လောက်ပဲ မာကျောခက်ထန်နေပါစေ ဘယ်လောက်ပဲ ကြမ်းတမ်းဆိုးသွမ်းနေပါစေ အဲဒါကို အနိုင်ယူမယ့် မီးတောက်လိုမျိုးအရာကတော့ တစ်နေ့ ပေါ်လာမှာ မလွဲပါပဲ ။ အဲဒီအခါ မာကျောတဲ့အရာမှန်သမျှဟာ မီးတောက်လို အရာရဲ့ စီမံမှုအောက်နာခံပြီးလိုသလို ပုံသွင်းခံရမှာ အသေအချာပါပဲ ။

သက်တန့်ချို
The Right Tool By Aesop အားခံစားဘာသာပြန်သည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 3, 2012

မေ့မေ့လျော့လျော့နေကြသူတွေ သိပ်များလာတယ်



 မေ့မေ့လျော့လျော့နေကြသူတွေ သိပ်များလာတယ်

မနေ့ညနေက ကားစီးနေရင်း မျိုးကြီးရဲ့ “ ဆေးပေးပါ ” သီချင်းနားထောင်မိရင်း အတွေးတချို့တွေးမိလိုက်တယ် ။ အခုတလော တွေးတာတွေ က များနေပြီး စာကို မယ်မယ်ရရ ချမရေးဖြစ်ခဲ့ဘူး ။ အခုတော့တွေးမိသလောက်လေး ပြန်ချရေးကြည့်ဖြစ်တယ် ။

၁ ။ သမီးသား ဇနီးမယား လင်ယောင်္ကျား ကိစ္စ အ၀၀တွေကြား ကျွန်တော်တို့ အားလုံး “ တစ်နေ့ သေကို သေရမှာ ” မေ့မေ့လျော့လျော့နေနေကြတယ် ။ မိုးခါးရေတွေ သောက် ပြီး အိပ်လိုက်စားလိုက် နဲ့ တစ်နေ့ သေကိုသေရမယ် ဆိုတာကိုမေ့နေတတ်ကြတယ် ။

၂ ။ နှဖူးစာ ရွာလည်တာကို အသာထား နှဖူးမှာ သေခြင်းတရားက ဘယ်နေ့ဘယ်အချိန်မှာ အချိန်စေ့ပြီလို့ ဖိတ်စာလေးကပ်ပေးလိုက်တာတော့ ကျိန်းသေတယ် ။ အဲဒါကို အပုပ်ကောင် ခန္ဓာကြီးကို အဟုတ်ထင် ပြင်ကြဆင်ကြ ငိုဟယ်ရီဟယ်နဲ့ တစ်ဘ၀တာ ခဏတာလေးမှာ အပူသောကလုံးတွေကြွ ဘ၀ရဲ့ အနှစ်သာရကို မေ့နေတတ်ကြတယ် ။

၃ ။ တစ်နေ့ ပြာဖြစ်ရမယ့် ခန္ဓာဟာ တကယ်တော့ အပုပ်အသိုးတွေနဲ့ဖွဲ့စည်းထားတယ် ။ ချွေး ၊ သွေး ၊ သလိပ် ၊ ပြည် စတဲ့ အရည်တွေအပြင် အရွတ် အရိုးအရည်ဆိုတဲ့ ခန္ဓာ အစိတ်အပိုင်းတွေဟာ တကယ်တော့ ယာယီ တည်ရှိမှု တွေသာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပုပ်သိုးနံဟောင်လာမယ်ဆိုတာကို မေ့မေ့ လျော့လျော့နေတတ်ကြတယ် ။

၎ ။ တခဏတာ လည်ခွင့်ရတဲ့ လူ့ဘ၀လေးမှာ သက်တမ်းအားဖြင့် ၆၀ ၊ ရက်နဲ့တွက်ကြည့်လိုက်တဲ့အခါ ၂၁၉၀၀ ရက်ပဲ ရှိတယ် ။ ရက်ပေါင်း ၂ သောင်းကျော်လေးကို ကျွန်တော်တို့ ဘာတွေ များလုပ်ခဲ့ကြပြီးပြီလဲ ဘာတွေများ သံသရာအတွက်ပြင်ဆင်ကြပြီးပြီလဲ ။

၅ ။ သံသရာခရီးရှည်ကြီးကို ဆက်လက် သွားဖို့လမ်းကြောင်းမှာ လူ့ဘ၀ ရတုန်းရခိုက် “ အယူမမှားဖို့လိုတယ် ၊ တလွဲမတွေးကြဖို့လိုတယ် ၊ ယုံကြည်မှု စစ်မှန်ဖို့လိုတယ် ” မဟုတ်တာကို အဟုတ်ထင် အများယောင်တိုင်းလိုက်ယောင်ကြသူတွေဟာ တကယ်တော့ သနားစရာ လူသားတွေဖြစ်တယ် ။ အယူဝါဒစစ်စစ် နဲ့ ဓမ္မ နဲ့ အဓမ္မ ကို ယှဉ်တွဲ သိမြင်လာမှသာ လူ့ဘ၀ အနှစ်သာရကိုမြင်တွေ့နိုင်မယ် ။

၆ ။ ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ဆိုတဲ့ စာသားလေးအတိုင်း အခွင့်သာနေတဲ့ လူ့ဘ၀ကြီး ရောက်နေခိုက် ကိုယ့်အသိဥာဏ်တွေကို ဖုံးလွှမ်းနေတဲ့ အယူဝါဒ မှိုင်းတွေကို ဖယ်ရှားပစ်ဖို့လိုတယ် ။ တရားစစ် တရားမှန်ကို ရှာတွေ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းမှုရှိရာ လမ်းကိုလျှောက်နိုင်မှသာ အေးချမ်းနိုင်မယ် ။

၇ ။ ကိုယ်သေရင်ကိုယ့်နောက်ဘယ်သူတွေလိုက်ကြမလဲ ။ ကိုယ်ချစ်တဲ့ ဇနီးမယားလင်ယောင်္ကျားတွေလား ကိုယ်ချစ်တဲ့ သမီးသား ဆွေမျိုးမိတ်ဆွေတွေလား ။ ကိုယ်သေရင် ကိုယ့်ကို ၇ ရက်လောက်အထိ ငိုကြလိမ့်မယ် ပြီးတဲ့အခါ မေ့မေ့လျော့လျော့ လူ့ဘ၀ ဇာတ်ခုံကို သူတို့ဆက်ကနေကြလိမ့်ဦးမယ် ။ သင် လူ့ဘ၀ကို လာတာ တစ်ယောက်တည်းလာခဲ့ရသလို သင်ပြန်တဲ့အခါမှာလည်းတစ်ယောက်တည်းပြန်ရမှာပဲဖြစ်တယ် ။ သင်သေသွားသော် သင့်နောက်ကို ဘယ်သူမှ မလိုက်ပါဘူး ။ သင့်ခန္ဓာကိုယ်က အ၀တ်တစ်ထည်ကိုယ်တစ်ခုလည်း ပြာအတိဖြစ်သွားမှာပါ ။

၈ ။ ကိုယ်သေရင်ကိုယ်နဲ့ထပ်ချပ်မကွာလိုက်မဲ့အရာတွေတော့ရှိတယ် ။ သံသရာတလျှောက်အရိပ်လို မခွဲမခွာလိုက်နေမဲ့အရာတွေပေါ့ ။ အဲဒါတွေကတော့ ကိုယ်တစ်သက်လုံးပြုလုပ်ခဲ့သမျှ “ ကုသိုလ် နဲ့အကုသိုလ် ” တွေပဲဖြစ်တယ် ။ “ တရား နဲ့ မတရား ” တွေပဲဖြစ်တယ် ။ “ ဒါန ၊ သီလ ၊ ဘာဝနာ ” တွေပဲဖြစ်တယ် ။ သင်ချစ်တဲ့အရာမှန်သမျှ သင်စွန့်ခွာလို့ မိုးရွာရွာ နေပူပူ သင့် ခရီးကို သင်တစ်ယောက်တည်းသာ ထွက်ခွာရမှာဖြစ်တယ် ။

၉ ။ ရတုန်းရခိုက်လူ့ဘ၀လေးမှာ သင် အရာအားလုံးကို မယုံကြည်ပဲနေနိုင်ပါတယ် ဒါပေမယ့် “ တစ်နေ့ သေကိုသေရမယ် ” ဆိုတဲ့စကားကိုတော့မယုံကြည်လို့မရဘူး ။ အဲဒါဟာ Universal Truth ဖြစ်တယ် ။ ကမ္ဘာပေါ်မှာ သင်အပါအ၀င်လူတွေဟာ တစ်နေ့ သေကိုသေရမှာဖြစ်တယ် ။ အဲဒါကို ဂုဏ်တုဂုဏ်ပြိုင်တွေ နဲ့ အတုအချင်းချင်းပြိုင်ရင်း လောဘဒေါသ မောဟတွေကြားလောင်မြိုက်ရင်း ဆင်းရဲချမ်းသာပြိုင်လို့ တရားစစ်ကို မေ့လျော့နေတတ်ကြတယ် ။

၁၀ ။ ခဏတာ အချိန်လေးမှာ အရာရာကို “ မေတ္တာထား ပါ ” ဆိုတဲ့စကားလေးပဲမှာချင်ပါတယ် ။ မေတ္တာဟာ ဂရုဏာနဲ့မတူပါဘူး ။ လမ်းပေါ်မှာ ခွေးတစ်ကောင် ကားကြိတ်လိုက်လို့ သင်က တွေ့သွားတယ်ဆိုပါစို့ ။ “ ဟာ သနားလိုက်တာ ” ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်ခြင်းဟာ ဂရုဏာ အဆင့်ပဲဖြစ်တယ် ။ “ ဟာ သနားလိုက်တာ ဒီခွေးလေး ဒါဏ်ရာကို အသက်ချမ်းသာရာရအောင်ငါကယ်လိုက်ဦးမှ ” ဆိုပြီးခွေးကလေးကိုကယ်ဆယ်တဲ့အဆင့်ရောက်မှာ “ မေတ္တာ ” လို့ခေါ်တယ် ။

နောက်ဆုံးပြောချင်တာကတော့ “ အပြစ်တွေ လုပ်ခဲ့သမျှ ဒါန သီလ ဘာဝနာ တရား မေတ္တာ တရားနဲ့ဆေးကြောရမယ် ” အခွင့်သာတုန်းလေး မေတ္တာ တရားကိုအခြေခံပြီး ကိုယ်မပိုင်တဲ့ ဥစ္စာတွေကို မတွယ်တာနေပါနဲ့ ။ လှူသင့်တာလှူ လို့ စွန့်ကြဲသင့်တာစွန့်ကြဲပါ ။ မီလီယံနာသူဌေးကြီးလည်း ပြာ အဖြစ်ကလွဲလို့ ဘာမှမဖြစ်နိုင်သလို သင်လည်း ပြာအဖြစ်ကလွဲလို့ ဘာမှဖြစ်နိုင်ဘူး ။ ကြုံတုန်းကြုံခိုက်လေးမှာ ငြိမ်းအေးချမ်းမြေ့စွာနေလို့ မြတ်စွာဘုရားရဲ့ တရားဒေသနာတော်တွေကို ဆည်းပူး လေ့လာ ရင်း သံသရာကို ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ပါစေ ။

မေတ္တာတရားများစွာဖြင့်
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 2, 2012

တူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ

တူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ


ဒီတစ်ခါတော့ထူးထူးခြားခြားကိုယ်တစ်ခါမှမရေးဖူးတဲ့ ပို့စ်လေးတစ်ခု ရေးကြည့်ချင်စိတ်ပေါ်လာခဲ့တယ် ။ အဲဒါကတော့ ခေါင်းစဉ်မှာ တပ်ထားတဲ့အတိုင်း “ံတူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ ” ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် ။ ကျွန်တော်ရှည်ရှည်ဝေးဝေး ဇာမချဲ့တော့ပါဘူး ။ သူများနိုင်ငံတွေမှာ ကားတွေ နဲ့တကွ တန်ဖိုးမြင့်ပစ္စည်းတွေကို Down Payment ကို ၂၀ % သို့မဟုတ် ၃၀% ပေးပြီး တစ်နှစ်ဖြစ်စေ နှစ်နှစ်ဖြစ်စေ အရစ်ကျ ဘဏ်တွေနဲ့ချိတ်ဆက်ဝယ်ယူနိုင်တဲ့စနစ်ကြောင့် ငွေ တစ်လုံးတစ်ခဲတည်းပေးစရာမလိုသလို လိုချင်တဲ့ တန်ဖိုးမြင့်ပစ္စည်းတွေလည်း လက်ဝယ်ပိုင်ဆိုင်မှုရခဲ့ကြတယ် ။

Hire Purchase ကို ဘယ်သူတွေ စိတ်ဝင်စားကြသလဲ ?

ဒီမေးခွန်းဟာ သိပ်ကို ကောင်းတဲ့မေးခွန်းတစ်ခုဖြစ်တယ် ။ HP ကို စိတ်ဝင်စားကြသူတွေဟာ ငွေအလုံးအရင်း အများကြီးကို တစ်ခါတည်းပေးဖို့မတတ်နိုင်တဲ့သူတွေဖြစ်ပြီး ကိုယ်ပိုင်လစာလေးနဲ့ လစဉ်အရစ်ကျ ပေးသွင်းဖို့အဆင်ပြေတဲ့သူတွေဖြစ်ပါလိမ့်မယ် ။ ဒါဟာ ရှင်းလင်းတဲ့အဖြေတစ်ခုပါ ။ ကိုယ့်ဆီမှာ အလုံးအရင်းရှိရဲ့နဲ့ HP ကို အတိုးတွေပေးပြီး ၀ယ်မဲ့သူတွေကတော့နည်းမယ်ထင်ပါတယ် ရှိကောင်းရှိပါလိမ့်မယ် ငွေအလုံးအရင်းကိုမပြိုပျက်ချင်လို့ လစဉ်လေးပေးတော့မသိသာဘူးဆိုပြီး စိတ်ဝင်စားသူတွေလည်းရှိကောင်းရှိပါလိမ့်မယ် ။

AGD Bank ၏ HP စနစ်အား လေ့လာကြည့်မိခြင်း




အမှန်တော့ ဒီဆောင်းပါးစရေးဖြစ်တာ AGD ရဲ့ ပထမ ဆောင်းပါးဖြစ်တဲ့ ငွေကြေးအာမခံ နဲ့ အာမခံ ပုဂ္ဂိုလ်နှစ်ဦး ထားရှိပေးရမယ်ဆိုတဲ့အချက်ပေါ် ရေးချင်လို့ ဖြစ်တယ် ။ ဒါပေမယ့် ဒီမနက်ရောက်မှ စာတွေလိုက်ဖတ်ကြည့် တော့ “ ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ် ” ဆိုတဲ့လင့်လေးကို ဖတ်ကြည့်လိုက်မိတယ် ။

“ ယခင်က ငွေကြေးအာမခံဖြင့်သာ ဝယ်ယူနိုင်ကြသည့်စနစ်အစား၊ ယခုအခါတွင် ငွေကြေးအာမခံမလိုဘဲ မည်သူမဆို ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်း ပေးအပ်ပါသည် ”

၁။ ရောင်းချသည့်မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံ အာမခံထားရှိပေးရမည်။

၂။ သက်တမ်းမပြည့်မီ ပြန်လည်ပေးဆပ်သော ချေးငွေများအတွက် ငှားရမ်းခ ပြန်လည်ထုတ်ပေးခြင်း (Refund) နှင့် အရစ်ကျ ပေးသွင်းရန် ပျက်ကွက်ခြင်းများအတွက် ပျက်ကွက်ကြေး (Penalty) စနစ်များလည်း ရှိပါသည်။

၃ ။  သက်တမ်းနှင့် နှုန်းထားများ -

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၈%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၇%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၄၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၅%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၁၂%
ဝန်ဆောင်ခ (Service Charges)      ၁%

သက်တမ်း ၂နှစ် ကနဦး ပေးသွင်းငွေ ၃၀% သတ်မှတ်ပါက -

ငှားရမ်းခ (Rental Fees)                 ၁၁%
ဝန်ဆောင်ခ (Service Charges)      ၁%

ရေးထားတာ ဒီအထိ တော့ရှင်းရှင်းလင်းလင်းပါပဲ ဒါပေမယ့် နုတ်စ်အောက်မှာ ရေးထားတဲ့ ကွန်းမန့်တွေကို စိတ်ဝင်စားလို့ ဖတ်ကြည့်ပြီး မေးခွန်းနဲ့အဖြေအဖြစ် ကျွန်တော် စိတ်ဝင်စားတဲ့ အချက်လေးတွေကို ထုတ်နုတ်ကြည့်လိုက်ပါတယ် ။

မေး - ငှားရမ်းခ နှင့် ၀န်ဆောင်ခ ကို လတိုင်းပေးရမှာလား
ဖြေ -  ငှားရမ်းခနှင့် ၀န်ဆောင်ခ သည် ကနဦး ပေးချေသော ငွေအဖြစ် ပေးချေရမည် ဖြစ်ပြီး လစဉ်လတိုင်း ပေးချေစရာ မလိုအပ်ပါ။

မေး - နားမရှင်းပါ။ ဥပမာပေးပြီး ရှင်းပြစေလိုပါသည်။ သိန်း ၁၀၀ တန်ကား ၁နှစ် အရစ်ကျပေးဝယ်လျှင် ဘဏ်သို့ မည်မျှ လစဉ် ပေးသွင်းရမယ် ဆိုတာမျိုး။
ဖြေ - သိန်းတစ်ရာတန် ကားအတွက် သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% ဖြင့် သတ်မှတ်ပါက - ကနဦးပေးသွင်းငွေ ၂၀% + ဝန်ဆောင်ခ ၁%+ ငှားရမ်းခ ၈% ကို ပထမဦးဆုံး ပေးသွင်းရပါမည်။ ကျန်ငွေ ၈၀% ကို ၁၂လ ခွဲ သွင်းပေးရပါမည်။

မေး - AGD မေးပါရစေ။  ပြုလုပ်ပုံ အဆင့်ဆင့်ကို နားလည်ပါသည်။ သို့သော် ငှားရမ်းခကို ဘာကြောင့် ၁၀၀% ပေါ်မှာ ယူရတာလဲ?။ ဝယ်သူဘက်မှ ၂၀%ကို Down Payment ပေးထားသောကြောင့် ငှားရမ်းခကို ၈၀%ပေါ်တွင်ယူမှသာ တရားမျှတမှု ရှိမှာပေါ့။ သေချာပြန် သုံးသပ်ပေးပါဦး။ဝယ်သူမှ ကိုယ့်ငွေ ၂၀%ပေါ် ကိုယ်ငှားရမ်းခ ပြန်ပေးနေသလို ဖြစ်နေပါတယ်။
ဖြေ - အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သတ်
မှတ်ထားသည့် လမ်းစဉ်များ၊ စည်းမျဉ်းဘောင်များ၊ ကန့်သတ်ချက်များအတွင်း၌သာ ဆောင်ရွက်နေရပြီး ထိုစည်းမျဉ်း ကန့်သတ်ချက်မူဝါဒများအတွင်းမှ ဝန်ဆောင်မှုကိုအတတ်နိုင်ဆုံးပေးရပါသည်။ AGD ဘဏ်အနေဖြင့် rental fees များ တွက်ချက်ကောက်ခံရခြင်းမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းများ၊ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများသည် သတ်မှတ်ထားသည့် ကန့်သတ်ချက်များကို ကျော်လွန်ဆောင်ရွက်ခွင့် မရှိပါ။ ငှားရမ်းကာလသတ်မှတ်ချက်များသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့် ကုမ္ပဏီများ၏လုပ်ထုံးလုပ်နည်းနှင့် သဘောတူညီချက်ပဋိဥာဉ်များဖြင့် သက်ဆိုင်ပါသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် အနေဖြင့် မြန်မာတစ်မျိုးသားလုံးဖွံ့ဖြိုးတိုးတက်စေရန်ရည်သန်၍ အကောင်းဆုံး ဝန်ဆောင်မှုများကို အဆင်ပြေဆုံးဖြစ်အောင်ပေးသွားမည်ဖြစ်ပါသည်။

မေး - အရင်ကလို အာမခံ၂ဦးထားပေးစရာမလိုတော့ဘူးပေါ့....ဘာအရင်စလုပ်ရမလဲ
ဖြေ - (၁) ပထမဦးစွာ သက်ဆိုင်ရာ အရောင်းဆိုင်သို့ သွားရောက်ပြီး ၀ယ်ယူလိုသည့် ပစ္စည်း အမျိုးအစားနှင့်ဈေးနှုန်းအား ရွေးချယ် ရပါမည်။
(၂) ပစ္စည်းရွေးချယ်ပြီးပါက ပစ္စည်းရောင်းချသူထံမှ Hire Purchase စနစ်ဖြင့် ပစ္စည်းဝယ်ယူခွင့်ပြုစာနှင့် စာရွက်စာတမ်းများအား ယူဆောင်၍ အောက်ဖော်ပြပါ အချက်အလက်များနှင့်အတူ ဘဏ်သို့ လာရောက်ဆက်သွယ်ရပါမည်။ ၀ယ်ယူသူနှင့် ပတ်သတ်သော -
ပုဂ္ဂလိကဖြစ်ပါက
- မှတ်ပုံတင်မိတ္တူ။
- အိမ်ထောင်စုစာရင်းမိတ္တူ။
- လိပ်စာပါ ရပ်ကွက်နေအိမ်တွင်နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာ၏ထောက်ခံစာ။
(၃) ပစ္စည်းဝယ်ယူသူသည် ဘဏ်တွင် Account ဖွင့်ပြီး သတ်မှတ်သည့် ကနဦးပေးသွင်းရမည့် ငွေများ ပေးသွင်းပြီး ပါက ဘဏ်မှ ထုတ်ပေးသော ပစ္စည်းထုတ်ယူခွင့် အကြောင်းကြားစာနှင့် အတူ သက်ဆိုင်ရာဆိုင်တွင် မိမိဝယ်ယူလိုသည့် ပစ္စည်းကို ရယူနိုင်ပြီ ဖြစ်ပါသည်။
(၄) ၀ယ်သူသည် အရစ်ကျပေးသွင်းရန် ရှိသည့်ငွေကို သတ်မှတ်ထားသည့် သက်တမ်းအလိုက် ဘဏ်သို့ ဆက်လက်ပေးသွင်းရပါမည်။

မေး - ငှားရမ်ခ အပြင် ဘဏ်စိုက်ထုတ်သောငွေအတွတ် အတိုးရောပေချေးရမည်လား။
ဖြေ - ငှားရမ်းခ သာ ပေးစရာ လိုပါမည်။

မေး - ကနဦးပေးသွင်းငွေ၂၀% သက်တမ်းတစ်နှစ် ကားတန်ဖိုးသိန်း(၁၀၀)ဆိုပါကစုစုပေါင်းဘယ်လောက်ပေးသွင်းရမလဲ ဆိုတာသိချင်ပါတယ်
ဖြေ - သိန်းတစ်ရာတန် ကားအတွက် သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% ဖြင့် သတ်မှတ်ပါက - ကနဦးပေးသွင်းငွေ ၂၀% (သိန်း၂၀) + ဝန်ဆောင်ခ ၁%(၁သိန်း) + ငှားရမ်းခ ၈%(၈သိန်း) စုစုပေါင်း ၂၉သိန်း ကို ပထမဦးဆုံး ပေးသွင်းရပါမည်။ ကျန်ငွေ ၈၀% (သိန်း၈၀) ကို ၁၂လ ခွဲပြီး တစ်လလျှင် ၆သိန်း၆သောင်း၆ထောင် ခန့် သွင်းပေးရပါမည်။

မေး-ပိုင်ဆိုင်မှုပြရပါသလားပြရတယ်ဆိုရင်အဲဒီပိုင်ဆိုင်မှုစာရွက်စာတမ်းကိုAGDမှာအပ်ရတာလား
ကားရောင်းတဲ့ကုမ္မဏီမှာအပ်ရတာလား
ဖြေ - ယခင်က ငွေကြေးအာမခံဖြင့်သာ ဝယ်ယူနိုင်ကြသည့်စနစ်အစား၊ ယခုအခါတွင် ငွေကြေးအာမခံမလိုဘဲ မည်သူမဆို ဝယ်ယူနိုင်ပြီဖြစ်ပါသည်။မော်တော်ကားပိုင်ဆိုင်မှု စာရွက်စာတမ်းကို ဘဏ်တွင် အပ်နှံထားရမှာဖြစ်ပါတယ်။

အသေးစိတ် အကုန်လုံးဖတ်ချင်ရင် “ ဒီနေရာလေးမှာ ” သွားဖတ်ကြပါ ။ မေးခွန်းတွေလည်းသွားမေးနိုင်ပါတယ် ။ ကျွန်တော်လည်းအကုန်လုံးရှင်းပါတယ် ။ ကျွန်တော်မရှင်းတာ ၂ ချက်ပဲရှိပါတယ်း)))

၁ ။ ငှားရမ်းခကို ဘာကြောင့် ၁၀၀% ပေါ်မှာ ယူရတာလဲ?။ ဝယ်သူဘက်မှ ၂၀%ကို Down Payment ပေးထားသောကြောင့် ငှားရမ်းခကို ၈၀%ပေါ်တွင်ယူမှသာ တရားမျှတမှု ရှိမှာပေါ့။ သေချာပြန် သုံးသပ်ပေးပါဦး။ဝယ်သူမှ ကိုယ့်ငွေ ၂၀%ပေါ် ကိုယ်ငှားရမ်းခ ပြန်ပေးနေသလို ဖြစ်နေပါတယ်။

၂ ။ car company တွေက agd bank နဲ့ညျိနှိုင်းဆဲလို့သိရတယ်။ ဘယ်တော့လောက် လုပ်ငန်းစနှိုင်မယ်ထင်ပါသလဲ ။

ခေါင်းစဉ်မှာရေးထားသလိုပဲ ကားတွေက တူးသောင်ဇန် ဆဲဗန်းအထက်မှ စလစ်မလိုတာမဟုတ်လား ။ စလစ်ရှိပြီးသားသူတွေအတွက် ဘယ်မော်ဒယ် ရွေးဝယ်ဝယ်ပြဿနာမရှိပေမယ့် အခုမှ အသစ်ဝယ်မယ့်သူတွေ စလစ်မရှိတဲ့သူတွေအတွက် တော့ ဒါဟာ အခက်အခဲရှိနိုင်တယ် ။

နောက်ဆုံး အချက် စိတ်ထဲမရှင်းလို့ ဖူဂျီရာမ ကိုဖုန်းဆက်ကြည့်တော့ ၂၀၀၆ အောက်ပဲရှိတယ်တဲ့ ( အဆင်မပြေပြန်ဘူး စလစ်ဖိုးထပ်စိုက်ရမယ်ဆိုတော့ ဟုတ်တယ်ဟုတ် )
 ဂါမဏိကို ဖုန်းဆက်ကြည့်လိုက်တယ် ( ၂၀၀၇ အထက်က Probox နဲ့ Adivan ပဲရှိတယ်တဲ့ ၁၅၀ ၀န်းကျင်လို့ပြောတယ် မဆိုးဘူးး)) စလစ်ဖိုးမလိုတော့ဘူး )



ဒီလိုပါပဲ ကျွန်တော်လည်း ဗဟုသုတအနေနဲ့ “ံတူးသောင်ဇင်ဆဲဗန်းအထက် ၊ Hire Purchase စနစ် နှင့် ကားအိပ်မက်များ  ” ကိုရေးကြည့်လိုက်ပါတယ် ။ ဘာပဲပြောပြော အိပ်မက်ဆိုတာ တကယ်မဖြစ်လာနိုင်ဘူးမပြောနိုင်ဘူးမဟုတ်လား ။ အိပ်မက်တွေမျှော်လင့်ချက်တွေရှိနေမှသာ တစ်နေ့ကြရင်အရာရာဟာ အကောင်အထည်ပေါ်လာကြမှာပါ ။

သက်တန့်ချို
မှတ်ချက် - AGD bank ၏ HP ကိုတွက်ကြည့်ချင်ပါက “ ဒီနေရာလေးမှာ ” တွက်ကြည့်နိုင်ပါတယ် ။

 

ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ



ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ခင်ဗျားတို့သိလား . . ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ဒေါ်လာ ၂၀၀၀ တန်လောက်ကားတစ်စီးကို ဒေါ်လာ တစ်သောင်းကျော်ပေးဝယ်ရ
တူးသောင်ဇင်န် ဆဲဗန်း အထက် -- ကညန/ CIF / ( ခေါင်းတွေ မူး )
ဒီကြားထဲ ဖြတ်သန်းရတဲ့အဆင့်ကများ---လှော်သင့်တာလှော် --ကြော်သင့်တာကြော်
ကျုပ်တို့ဟာသိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ဒေါ်လာ ငါးကျပ်တန် ဆင်းန်ကဒ်တွေကို ဒေါ်လာ ၂၀၀ ကျော်ပေးဝယ်ရ
ပုရွှက်ဆိတ်တွေအစာငတ်လို့ တန်းစီနေကြသလိုမျိုး -- အဆူအငေါက်ခံခဲ့ရ
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ
ခင်ဗျားတို့သိလား ....

ရန်ကုန်ဟာ Crisis ဖြစ်နေပြီ -- ကမ္ဘာအေးလမ်းကြောဟာ Crisis ဖြစ်နေပြီ
ကျုပ်တို့ ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ -- ကိုယ့်အားကိုယ်ကိုး
တိုးတိုးပြီး တန်းစီ --- ရှေ့ကမထွက်နိုင်သေး နောက်မှာ စုပုံပေး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

လှည်းတန်းဟာ Crisis ဖြစ်နေပြီ ဂုံးကျော်တံတားတွေ Crisis ဖြစ်နေပြီ
ပြွတ်သိပ်ကြပ်ညပ်သော ရထားတွဲတွေဟာ ရန်ကုန်ထဲမှာ ဟုတ်ရဲ့လား
ဘယ်ကို ခရီးဆက်နေကြ -- ဘယ်ဘူတာမှာ အဆုံးသတ်ရပါ့
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ

ဆယ်မိနစ်စာ အကွာအဝေးကို မိနစ်လေးဆယ်လောက် Crisis ဖြစ်တယ်
ရန်ကုန်မှာ Action မရှိတော့ဘူး ရန်ကုန်မှာ Plan မရှိတော့ဘူး
ကျုပ်တို့ဟာ Crisis တွေကို သယ်ပိုက်ထားရတဲ့ကောင်တွေ
အေးဂျင့်တွေက အမြဲတမ်းအားဂျန့် --အလျှင်လိုလို --
ဘယိလိုခေတ်ကြီးထဲများ ရောက်နေရသလဲ

ခင်ဗျားတို့သိလား ..ကျုပ်တို့လည်းသိပ်အားကျတယ်
ဒီကထွက်သွားသူတွေကို အပစ်မဆိုနဲ့ ဒီကိုပြန်မလာကြသူတွေကို အပစ်မဆိုနဲ့
ခင်ဗျားတို့သိလား ကျုပ်တို့လည်း သိပ်လိုချင်တပ်မက်ကြတယ်
ဒေါ်လာ ၂၀၀၀ တန်ကား -- ဒေါ်လာ ၅ ကျပ်တန် ဆင်းန်ကဒ်
ဒေါ်လာ ၅၀၀ တန် အကြွေးဝယ်ကဒ် -- အိုင်ဖုန်းဖိုက် နဲ့စက်ရုပ်နံပတ် သရီး
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...

Down Payment တွေ ခေတ်စားလာ --- HP တွေခေတ်စားလာ
ဘဏ်တွေခေတ်စားလာ --- သံသရာဟာ ထဲထဲဝင်ဝင်မလွတ်ကင်းသေး
သံသရာဟာ ဖြူဖြူစင်စင် မလည်ပတ်နိုင်သေး
ကျုပ်တို့ဟာ ကိုယ့်အမိုးအကာလေးထဲ မျက်စိသူငယ်နားသူငယ်
ခင်ဗျားတို့သိလား
ကျုပ်တို့ဟာ သိပ်သနားဖို့ကောင်းတဲ့ကောင်တွေ ...။

သက်တန့်ချို

(Crisis - သေရေးရှင်ရေးကာလ ၊ ဘေးကျပ်နံကျပ်ကာလ ၊ အရေးအခင်း ကပ်ဆိုက်ကာလ
အေးဂျင့် - Agent
အားဂျန့် - Urgent) 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 28, 2012

တန်ဖိုးရှိတဲ့အသက်တစ်ချောင်း


 
တန်ဖိုးရှိတဲ့အသက်တစ်ချောင်း

တစ်ခါတုန်းက ကောင်လေးတစ်ယောက်ဟာ မြစ်ထဲမှာ ရေကူးနေရင်း ရေနစ်သွားခဲ့တယ် ။ ဒီတော့ ရေပေါ်မှာ မြုပ်ချီပေါ်ချီဖြစ်နေပြီး “ ကယ်ကြပါ ” ဆိုပြီး အကူအညီတောင်းခံခဲ့တယ် ။ မြစ်ကမ်းနားကို ဖြတ်သွားတဲ့လူတစ်ယောက်က ကောင်လေးကိုတွေ့သွားပြီး မြစ်ထဲကို ခုန်ဆင်းလို့ ကောင်လေးရဲ့အသက်ကို အချိန်မှီကယ်ဆယ်လိုက်နိုင်ခဲ့တယ် ။

ပြီးတော့ အဲဒီလူက ကောင်းလေးသတိရတဲ့အခါ ထွက်သွားဖို့ပြင်တော့ကောင်လေးက လှမ်းပြောလိုက်တယ် ။

“ ကျေးဇူးတင်ပါတယ်ဗျာ ”
“ ဘာအတွက်လဲ ကောင်လေး ”

ကောင်လေးက ပြန်ဖြေတယ် ။ “ ကျွန်တော့်ဘ၀ ကိုကယ်ဆယ်ခဲ့တဲ့အတွက်ပါ ”

ဒီတော့ အဲဒီလူက ကောင်လေးရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် ။

“ ကောင်လေး .. မင်းအသက်ကြီးလာတဲ့အခါ မင်းရဲ့ဘ၀ဟာ ကယ်ဆယ်ဖို့ထိုက်တန်တဲ့ ဘ၀မျိုးဖြစ်အောင် ကြိုးစားပါ ”

-----------------------------------------------

သင်ရောစဉ်းစားဖူးလား .. သင့်ရဲ့ဘ၀ဟာ အကြပ်အတည်းဖြစ်နေတဲ့အချိန် သေရေးရှင်ရေးဖြစ်နေတဲ့အချိန်မှာ တကယ်ကယ်ဆယ်ဖို့ ထိုက်တန်ရဲ့လား ဆိုတဲ့အချက် ကိုပေါ့ ။ တကယ်တော့ အဲဒီလူက ကောင်လေးကို ဘ၀ကို တန်ဖိုးရှိရှိနေထိုင်ဖို့ကို မီးမောင်းထိုးပြသွားခြင်းဖြစ်ပါတယ် ။ လူတွေဟာ ကိုယ့်ဘ၀ကိုယ် တန်ဖိုးမရှိဘူး အသုံးမကျဘူးလို့ပဲ ထင်နေတတ်ကြတယ် ။

တကယ်တော့ သင်ပိုင်ဆိုင်ရတဲ့အသက်တစ်ချောင်းဟာ တန်ဖိုးရှိရှိ နေထိုင်ဖို့ ထိုက်တန်ပါတယ် ။ အချိန်တွေကို အကျိုးရှိရှိအသုံးချလို့ လူ့လောကမှာ တရားနဲ့ဓမ္မ ဆုံးမမှုတွေအောက် လွတ်လပ်ပျော်ရွှင်ပါ တန်ဖိုးရှိရှိနေထိုင်ရင်း ဘ၀ကို ဖြတ်သန်းလိုက်ပါ ။

သက်တန့်ချို
Is your Life Worth Saving? အားခံစားဘာသာပြန်သည် ။ 

စိန်မြေဧကပေါင်းများစွာ





စိန်မြေဧကပေါင်းများစွာ

တစ်ခါတုန်းက အာဖရိက မှာ လယ်သမားတစ်ယောက်ရှိတယ် ။ အဲဒီလယ်သမားဟာ လယ်ယာအလုပ်လုပ်ရင်း ပျော်ရွှင်ခြင်းနဲ့ ကျေနပ်ရောင့်ရဲခြင်းကို ပိုင်ဆိုင်ထားတယ် ။ သူဟာ ရောင့်ရဲမှုရှိတဲ့အတွက်ပျော်ရွှင်ရတယ် ။ အဲဒီလိုပဲ သူဟာပျော်ရွှင်မှုရှိတဲ့အတွက် ရောင့်ရဲတင်းတိမ်နိုင်တယ် ။

တစ်နေ့မှာတော့ ပညာရှိ အဖိုးအိုတစ်ဦးက လယ်သမားဆီရောက်လာပြီး စိန် တွေရဲ့ ကျော်ကြားမှု ဂုဏ်သရေရှိမှုနဲ့ စွမ်းအားတွေအကြောင်းကို ပြောတယ် ။

“ သင်ဟာ သင့်လက်မအရွယ်အစားလောက် စိန်တစ်လုံးကို ပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်မြို့ တစ်ခုရှိလာလိမ့်မယ် သင်ဟာ သင့် လက်သီးဆုပ်အရွယ်အစားလောက်စိန်တစ်လုံးပိုင်ဆိုင်ရရင် သင့်မှာ ကိုယ်ပိုင်နိုင်ငံရှိလာလိမ့်မယ် ” အဲဒီလိုပြောပြီး ပညာရှိ အဖိုးအိုဟာ လယ်သမားဆီကနေ ထွက်ခွာသွားခဲ့တယ် ။

အဲဒီညမှာ လယ်သမားဟာ ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ဘူး ။ သူဟာ မပျော်ရွှင်တော့ဘူး ပြီးတော့ ရောင့်ရဲတင်းတိမ်ခြင်းတွေဟာလည်းသူ့ဆီကနေအဝေးကိုထွက်ပြေးသွားတော့တယ် ။ သူဟာ မရောင့်ရဲနိုင်တော့တဲ့အတွက် မပျော်ရွှင်တော့ဘူး ..အဲဒီလိုပဲ သူဟာ မပျော်ရွှင်တော့တဲ့အတွက် မရောင့်ရဲနိုင်တော့ဘူး ။

နောက်တစ်နေ့မနက်မှာ သူဟာ သူ့လယ်တွေကို အငှားချထားဖို့သဘောတူညီမှုလုပ်ခဲ့ပြီး သူ့မိသားစုကိုခေါ်ဆောင်လို့ စိန်တွေရှာဖို့သူဟာ ထွက်ခွာခဲ့တယ် ။ အာဖရိက နယ်ပယ်ဒေသ အားလုံးကို သူ လိုက်ရှာပါတယ် ဒါပေမယ့် သူ ရှာမတွေ့ခဲ့ဘူး ။ ဒီလိုနဲ့လယ်သမားဟာ ဥရောပဒေသတွေအထိပါရောက်လာပြီး ရှာပေမယ့် မတွေ့ခဲ့ပြန်ဘူး ။ သူ စပိန်နိုင်ငံကိုရောက်လာတဲ့အခါ သူ့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ငွေကြေး အခြေအနေရော အတော်လေးကို ချို့တဲ့နေခဲ့ပါပြီ ။

သူဟာ စိတ်ဓါတ်တွေအကြီးအကျယ် ကျပြီး သူ့ကိုယ်သူ မြစ်ထဲခုန်ဆင်းပြီး သတ်သေဖို့လောက်အထိ အတွေးတွေဝင်လာခဲ့တယ် ။ ဒီလိုနဲ့ သူဟာ သူ့နဂိုနေရာလေးကို ပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့လယ်တွေကို အငှားလုပ်နေတဲ့သူဟာ လယ်တွေအလယ်ကနေ ဖြတ်စီးနေတဲ့စမ်းချောင်းလေးဆီကနေ ရေတွေကို ပုံးနဲ့ယူပြီး လယ်တွေကို ရေ လောင်းနေတာတွေ့လိုက်ရတယ် ။ အဲဒီအချိန်စမ်းချောင်းလေးကိုဖြတ်ပြီးတော့ နံနက်ခင်းရဲ့နေရောင်ဟာ ကျောက်တုံးတွေပေါ် ဖြာကျ နေလျှက်ရှိပြီး ရောင်စဉ်တွေဟာ သက်တံ တစ်စင်းလိုဖြစ်ပေါ်နေတာကိုတွေ့လိုက်ရတယ် ။

လယ်သမားက ဒီမြင်ကွင်းလေးဟာ အရမ်းကိုကြည်နူးဖို့ကောင်းတယ်လို့ တွေးလိုက်မိတယ် ။ ဒီလိုနဲ့လယ်သမားဟာ သက်တံလေးကျဆင်းနေတဲ့ ကျောက်တုံးလေးကို ကောက်ယူပြီး အိပ်ခန်းထဲမှာ ထည့်ထားလိုက်တယ် ။ နေ့လည်ရောက်လာတဲ့အခါ ပညာရှိအဖိုးအိုပြန်ရောက်လာပြီး အရောင်တောက်ပနေတဲ့ကျောက်တုံးလေးကိုတွေ့မြင်ခဲ့တယ် ။ သူက အငှားလယ်သမားကိုမေးလိုက်တယ် “ အရင်လယ်သမား Hafiz ပြန်ရောက်ပြီလား ” အငှားလယ်သမားကပြန်ဖြေတယ် “ ဟင့်အင်းမတွေ့မိပါဘူးဘာလို့မေးတာလဲ ”

အဖိုးအိုကပြန်ဖြေတယ် “ ဘာကြောင့်လည်းဆိုတော့ ဒါဟာ စိန်တစ်ပွင့်ပဲလေငါ လူတစ်ယောက်ကို မြင်လိုက်တဲ့အခါ အဲဒီလူကို အမြဲမှတ်မိနေတတ်တယ် ” အဲဒီအချိန်မှာ ပိုင်ရှင်လယ်သမားဟာ အိမ်ထဲကထွက်လာပြီး အဖိုးအိုကတွေ့သွားခဲ့တယ် ။ အဖိုးအိုက လယ်သမားကိုပြုံးပြလိုက်ပြီး “ မင်း စိန်တွေရှာတွေ့ခဲ့ပြီလား ” လယ်သမားက ဖြည်းညှင်းစွာ ခေါင်းခါလိုက်တယ် ။

အဖိုးအိုကပြုံးလိုက်ပြီး “ ဒါဟာ စိန်ပွင့်တွေလေ ” ကျောက်တုံးကို လက်ညှိုးထိုးပြလိုက်တယ် ။ အဲဒီအခါ ဘေးက ရပ်ကြည့်နေတဲ့အငှားလယ်သမားက ၀င်ပြောလိုက်တယ် “ ဟင့်အင်းမဖြစ်နိုင်ပါဘူးအဖိုး ဒီကျောက်တုံးက ကျွန်တော်စမ်းချောင်းထဲကနေ ဆယ်ထားတဲ့ကျောက်တုံးလေးပါ စိန်မဟုတ်ပါဘူး ” “ ကဲဒါဆိုလာ ငါပြမယ် ” ဆိုပြီး သူတို့ဟာစမ်းချောင်းလေးဆီထွက်ခွာသွားကြတယ် ။ ပြီးတော့ စမ်းချောင်းထဲက ကျောက်တုံးအနည်းငယ်ကို နမူနာအဖြစ်ယူပြီး စိန်အစစ်တွေဟုတ်မဟုတ် သုတေသနတွေလုပ်ခဲ့ကြတယ် ။

အံ့သြစရာ ကောင်းတဲ့ဖြစ်ရပ်က အဲဒီကျောက်တုံးလေးတွေဟာ စိန်ပွင့်တွေဖြစ်နေခဲ့တယ် ။ လယ်သမားဟာ ဒီလယ် ဧက တစ်ခုလုံးကို စိန်တွေနဲ့ ဖုံးအုပ်ထားတယ်ဆိုတာ နားလည်သွားတယ် ။ အဖိုးအိုက လယ်သမားကို ကြည့်ပြီး စကားတစ်ခွန်းပြောတယ် ။

“ သင်ဟာ စိန်တွေရှိရဲ့သားနဲ့ဘ၀ရဲ့ ပျော်ရွှင်မှုအစစ် ဘ၀ရဲ့အနှစ်သာရ သင်ပိုင်ဆိုင်ရတဲ့ တိုင်းပြည်လေးကို သင်မမြင်ရသေးပဲကိုး ” ဆိုပြီး ထွက်ခွာသွားပါတော့တယ် ။

---------------------------------------------

ကျွန်တော်တို့အားလုံး သင်အပါအ၀င် စိန်တွေခင်းတဲ့စိန်တွေပြည့်နေတဲ့မြေပြင်ဧကပေါင်းများစွာမှာ လမ်းလျှောက်နေကြတာပါ ။ အခွင့်အရေးနဲ့အခွင့်အလမ်းမှန်သမျှဟာ ကျွန်တော်တို့ခြေထောက်တွေအောက်မှာရှိကြတယ် ။ တကယ်တော့ ကျွန်တော်တို့ ဘယ်ကိုမှ ထူးထူးထွေထွေသွားနေစရာမလိုပါဘူး ကျွန်တော်တို့ လိုအပ်တာက အဲဒီသဘောတရားကိုနားလည်ထားဖို့ပဲ ။

“ တခြားဖက်မှာ မြင်ရတဲ့မြက်ခင်းပြင်တွေဟာ အမြဲစိမ်းလန်းနေလိမ့်မယ် ” ကျွန်တော်တို့ ဒီဖက်မှာ မြက်ခင်းတွေ စိမ်းလန်းအောင်လုပ်နေချိန်မှာ တခြားဖက်မှာလည်း တခြားသူတွေက မြက်ခင်းပြင်တွေကို စိမ်းလန်းအောင်လုပ်နေကြလိမ့်မယ် ။ သူတို့ဟာ ကျွန်တော်တို့နဲ့ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် ပျော်ရွှင်ကြလိမ့်မယ် ။

လူတွေဟာ အခွင့်အရေးကို ဘယ်လို လက်ခံတတ်ရမယ်ဆိုတာ မသိခဲ့ကြဘူး သူတို့ဟာ အခွင့်အရေးက တံခါး လာခေါက်တဲ့အခါ ဆူဆူညံညံလုပ်ပြီး ပြန်လွှတ်တတ်ကြတယ် ။

တူညီတဲ့အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ခါတံခါးလာခေါက်လေ့မရှိဘူး ။ နောက်တစ်ကြိမ်ဆိုတာ ပိုကောင်းတာလည်းဖြစ်နိုင်သလို ပိုဆိုးတာလည်းဖြစ်နိုင်တယ် ဒါပေမယ့် ပထမတစ်ကြိမ်လောက်တော့ဘယ်တော့မှ တူညီမှာမဟုတ်တော့ဘူး ။

သက်တန့်ချို
Acres of Diamond အားခံစားဘာသာပြန်သည် ။

Thursday, September 27, 2012

မေမေ . . . သားစာလေးဖတ်ပေးပါ



မေမေ . . . သားစာလေးဖတ်ပေးပါ

မေမေ ... မေမေအခုအချိန်ဆို ဘာတွေများလုပ်နေမလဲဟင် ဘယ်တွေများ ရောက်နေမလဲ မေမေ ငိုနေမလား ဒါမှမဟုတ် မေမေပျော်နေမလားဟင် . . သားကို သတိရ နေလိမ့်မလားလို့တော့ မ၀ံ့မရဲလေး မျှော်လင့်မိခဲ့ပါတယ် ။

မေမေ . .သားမှတ်မိသေးတာပေါ့ မေမေ့ ၀မ်းကြာတိုက်ထဲ သားရှိနေစဉ်တုန်းက မေမေဆရာဝန်ကြီးနဲ့ ဆွေးနွေးနေချိန်တုန်းကပေါ့မေမေ ... “ ခင်ဗျားမှာ HIV ပိုးရှိနေတယ် ” လို့ပြောလိုက်ချိန် မေမေ တုန်လှုပ်သွားလိုက်တာ ..သားမေမေ့ကို အရမ်းသနားလိုက်တာ ...မေမေ မငိုပါနဲ့လို့ သားလှမ်းလှမ်းပြောနေမိတယ်မေမေ .. ဘာဖြစ်လဲ မေမေ မေမေ့မှာလည်း HIV ပိုးရှိတယ် သားမှာလည်း HIV ပိုးကူးချင်ကူးပါစေ သားမကြောက်ပါဘူးမေမေ ..

မေမေ ..သားကြောက်တာ အဲဒီရောဂါ ပိုးကြောင့်သားလူ့လောက ကို မရောက်ရှိလာမှာကိုပဲ အဲဒီရောဂါပိုးကြောင့် မေမေသားကို အချစ်လျော့သွားမှာကိုပဲ အဒီရောဂါပိုးကြောင့် မေမေ သားကို မပွေ့ဖက်တော့မှာကိုပဲလေ . . .ဒါပေမယ့် မေမေရယ် သားတို့က ကံစီမံရာ လှုပ်ရှားရတဲ့ ရုပ်သေးရုပ်လေးတွေပါမေမေ . .

မေမေ ... သားဆုတောင်းတွေမပြည့်ခဲ့ပါဘူး သားအသက် ၆ လအရွယ် မေမေသားကိုစွန့်ပစ်ဖို့ကြိုးစားခဲ့သေးတယ်နော် ..း(( ဒါပေမယ့် သားမေမေ့ကို အချစ်မလျော့ပါဘူးမေမေ ကံတရားက သားကို လူ့လောကထဲရောက်အောင်တွန်းပို့ခဲ့သေးတယ် ။ မေမေသားကိုစွန့်ပစ်ခဲ့တာကို သားဖက်က ( လူ့လောကထဲ ရောဂါဆိုးကြီးနဲ့မရောက်စေချင်တဲ့ စေတနာကြောင့် ) ဖြစ်လိမ့်မယ်လို့ သား ယုံကြည်ခဲ့မိပါတယ် . . .

မေမေ . . . မေမေ့ဝမ်းဗိုက်ထဲကနေ သားလူ့လောကထဲ စစရောက်ခြင်း မေမေသားကို မနမ်းရှံ့ခဲ့ဘူးနော် သားနားလည်ပါတယ်မေမေရယ် မေမေသားကို စိုက်ကြည့်တဲ့မျက်ဝန်းထဲမှာ မေတ္တာတရားတွေပါနေတာကိုပေါ့ ... သားကတော့ မေ့မေ့မျက်ဝန်းတွေစိုက်ကြည့်ရင်း အပျော်ကြီးပျော်နေခဲ့ရတာပေါ့မေမေ ..

မေမေ .... မှတ်မှတ်ရရ သား အသက် ၅ နှစ်သားအရွယ်မှာပေါ့ အဲဒီညနေခင်းဟာ မိုးတွေသည်းသည်းမည်းမည်းရွာနေခဲ့တယ် မေမေသားကို အိမ်ကြီးထဲမှာ ထားပြီးတစ်ယောက်တည်းထွက်သွားလိုက်တာ ပြန်မလာခဲ့တော့ဘူးနော် ...သားချမ်းလိုက်တာမေမေ ..ဖေဖေကလည်း အရက်မူးမူးနဲ့အိပ်ပျော်နေတဲ့အချိန် မိုးခြိမ်းသံတွေကြားတိုင်း သားကြောက်လိုက်တာ မေမေ ..မေမေ ဘယ်မှာလဲ ..မေမေ ..ဘယ်မှာလဲဟင်

မေမေ ... သားအခုဆို အသက်အရွယ်ရောက်လို့ ဆေးဝါးတွေအကူအညီနဲ့လူ့လောကထဲ စာတွေရေးနေပြီပေါ့မေမေ ...သူငယ်ချင်းတွေက သားအနားမကပ်ချင်ကြပေမယ့် သားကတော့ သူတို့ကို နားလည်ပေးပြီး လုံးဝမမုန်းမိပါဘူးမေမေ ရယ်..သားကိုပွေ့ဖက်ယုံနဲ့သူတို့ မှာ ရောဂါမကူးဘူးဆိုတာ သူတို့သိပေမယ့်သားကို ဘယ်သူကမှ မပွေ့ဖက်ချင်ကြပါဘူးမေမေ ..ရပါတယ်မေမေရယ် ...သားမငိုမိပါဘူး...ငိုချင်တဲ့စိတ်ကို ကြိတ်မှိတ်မြိုသိပ်နေမိဆဲပါ . . မေမေသားစာကို များဖတ်နေမလား မေမေ အခု ဘယ်များရောက်နေလဲ သားသိချင်လိုက်တာမေမေရယ် ..မေမေ့ကို ပြန်တွေ့ချင်တာဟာ မေမေ့ဆီက အခွင့်အရေးတစုံတရာ ရချင်လို့မဟုတ်သလို နမ်းရှိုက်ခွင့်ခံရဖို့လည်းမဟုတ်ပါဘူးမေမေ ...သားကို သားလို့ ခေါ်တဲ့အသံလေးကြားရယုံကလေး....

မေမေ ... သား မေမေ့ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောချင်ပါတယ် ...အဲဒီစကားကို အသက်နဲ့ထပ်တူ ယုံကြည်ပေးပါမေမေ ...

“ သား ..မေမေ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး မေမေ ....”

သက်တန့်ချို
ခံစားရေးဖွဲ့သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရောင်စုံဘောလုံးလေးတွေ



ရောင်စုံဘောလုံးလေးတွေ

တစ်ခါတုန်းက လူတစ်ယောက်ဟာ ပျော်ပွဲရွှင်ပွဲတွေမှာ ရောင်စုံဘောလုံးလေးတွေရောင်းရင်းအသက်မွေးဝမ်းကြောင်းပြုတယ် ။ သူ့မှာ ဘောလုံးအနီရောင် အ၀ါရောင် အစိမ်းရောင်အပြာရောင် အဖြူရောင် စတဲ့ ရောင်စုံရှိတယ် ။

သူဟာ ဘောလုံးလေးတွေအ၀ယ်ပါးတဲ့နေ့ဆိုတရင်သူ့လက်ထဲက ဘောလုံးတစ်လုံးကို လေထဲကို လွှတ်တင်လိုက်တယ် ။အဲဒီအခါ ပျော်ပွဲရွှင်ပွဲကကလေးတွေက သဘောကျပြီး သူ့ဆီမှာ ဘောလုံးတွေလာဝယ်ကြတဲ့အခါ ရောင်းအားလည်းပြန်တက်လာခဲ့တယ် ။

နေ့စဉ်နေ့တိုင်း သူဟာရောင်းအားကျတဲ့နေ့တွေဆိုရင် သူ့လက်ထဲက ဘောလုံးတွေထဲက တစ်လုံးကို လေထဲ လွှတ်တင်ပြီးကလေးတွေကို ဆွဲဆောင်လေ့ရှိတယ် ။တစ်နေ့ တော့ သူဘောလုံးရောင်းနေရင်း ကလေးတစ်ယောက်က သူ့ကို အနောက်ကနေ လှမ်းဆွဲလိုက်တာသတိထားမိလိုက်တယ် ။

သူလှည့်ကြည့်လိုက်တော့ ကလေးငယ်က သူ့ကိုမေးတယ် ။

“ ဦးဦး.... ဦးဦး လက်ထဲက ဘောလုံး အနက်ရောင်လေးကရော တခြား ရောင်စုံဘောလုံးတွေလို လေပေါ်တက်နိုင်လားဟင် ”

ဘောလုံးရောင်းတဲ့သူက ညှင်သာစွာ ပြုံးပြလိုက်ပြီး ကလေးကိုပြောတယ် ။

“ သားရေ . . လေပေါ်ကို ပျံတက်နိုင်တာဟာ ဘောလုံးတွေရဲ့အရောင်ကြောင့်မဟုတ်ပါဘူး ..ဘောလုံးထဲမှာ ထည့်ထားတဲ့ ဟီလီယံ ဓါတ်ငွေ့တွေကြောင့်ပါ ဒါကြောင့် အနက်ဖြစ်စေ အနီဖြစ်စေ အပြာဖြစ်စေ အထဲမှာ လေပေါ်ပျံတက်နိုင်တဲ့အစွမ်းသတ္တိရှိတဲ့ ဓါတ်ငွေ့တွေထည့်ထားရင် ပျံတက်နိုင်ပါတယ် ”

--------------------------------------

အပြင်ပုံပန်းသဏ္ဍာန်တွေနဲ့ လူတွေကို အကဲဖြတ်လို့မရသလို အစွမ်းအစကိုလည်းဆုံးဖြတ်ပေးလို့မရဘူး ။ အောင်မြင်ခြင်းနဲ့ အမြင့်ပေါ်ပျံတက်နိုင်တဲ့အစွမ်းဟာ ပုံသဏ္ဍန်ပေါ်မူတည်နေတာမဟုတ်ဘူး ။ အတွင်းက ပျံတက်နိုင်တဲ့အစွမ်းသတ္တိ အရည်အချင်းတွေ ကြောင့်သာဖြစ်တယ် ။

သင်ရော . . . အပြင်ပန်းလှအောင်ကြိုးစားနေတဲ့လူတစ်ယောက်လား ...အတွင်းက စိတ်နှလုံးသား မြင့်မြတ်အောင် အစွမ်းသတ္တိရှိအောင် ကြိုးစားနေတဲ့သူတစ်ယောက်လား ?

သက်တန့်ချို
The Man Who Sells Balloons အားခံစားဘာသာပြန်သည် ။ 

 စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အဆိုးမြင်









အဆိုးမြင်

တစ်ခါတုန်းက မုဆိုးတစ်ယောက်မှာ ငှက်ဖမ်းအလွန်ကျွမ်းတဲ့ခွေးတစ်ကောင်ရှိတယ် ။ အဲဒီခွေးဟ ရေပေါ်မှာတောင်လမ်းလျှောက်နိုင်ပြီး ရေပေါ်က ငှက်ကိုတောင် ဖမ်းနိုင်တဲ့ထူးခြားတဲ့အစွမ်းရှိခွေးဖြစ်တယ် ။ မုဆိုးဟာ သူ့ခွေးကို သူ့ရဲ့သူငယ်ချင်းဖြစ်သူကို ကြွားချင်တဲ့အတွက် အမဲလိုက်အတူထွက်ခဲ့ကြတယ် ။

ရေဘဲတွေ ဖမ်းဖို့ သူတို့ဟာ ကန်ကြီးတစ်ခုဆီရောက်လာခဲ့ကြတယ် ။ အဲဒီကန်ကြီးအလယ်လောက်မှာ ရေဘဲတွေ ပျော်မြူးကျက်စားနေတာတို့ သူတို့ နှစ်ယောက် တွေ့လိုက်ကြတယ် ။ ဒီတော့ မုဆိုးက သူ့သူငယ်ချင်းကို သူ့ခွေးဘယ်လောက်တော်ကြောင်းပြချင်တာနဲ့ သေနတ်နဲ့မပစ်ဖို့ ပြောလိုက်ပြီးသူ့ခွေးကို ရေဘဲတွေသွားဖမ်းဖို့ အချက်ပြလိုက်တယ် ။

အမဲလိုက်ခွေးဟာ လျှင်မြန်စွာပြေးသွားပြီးရေပေါ်ကို တက်သွားတယ် ။ ပြီးတော့ရေလယ်ခေါင်အထိ ပြေးပြီး ရေဘဲတွေကို ကိုက်ချီလို့ မုဆိုးရှိရာကိုပြန်လာခဲ့တယ် ။ မုဆိုးက ဘယ်လို သဘောရသလဲ ဆိုတဲ့သဘောနဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး ခွေးနဲ့ပတ်သတ်လို့ ကောင်းရာကောင်းကြောင်းတစ်ခုခုပြောစေချင်ခဲ့တယ် ။ ဒါပေမယ့် သူငယ်ချင်းဖြစ်သူက ဘာမှမပြောခဲ့ဘူး ။

ဒီလိုနဲ့အပြန်လမ်းမှာ မုဆိုးလည်းမနေနိုင်တော့ပဲ သူငယ်ချင်းဖြစ်သူကိုမေးလိုက်တယ်။

“ သူငယ်ချင်း ငါ့အမဲလိုက်ခွေးက မတော်ဘူးလားကွာ ရေပေါ်ကို ပြေးနိုင်ပြီး ရေဘဲတွေကို ကိုက်ပြီး ပြန်ယူလာနိုင်တယ် ”

သူငယ်ချင်းဖြစ်သူကပြန်ဖြေတယ် ။

“ ဟင်းအင်း ..မတော်ပါဘူးကွာ ..သူ ရေမှ မကူးတတ်တာ ”

--------------------------------------------

လူတစ်ချို့ဟာ အကူအညီတော့မပေးတတ်ကြဘူး ဒါပေမယ့် ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကောင်းတာကိုမမြင်ပဲ အဆိုးမြင်ဖက်ကကြည်ပြီး အဆိုးတွေပဲ တွေးဖို့ကိုတော့ ၀န်မလေးတတ်ကြဘူး ။

သက်တန့်ချို
The Unusual Dog အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 24, 2012

လူ့သဘာဝ



လူ့သဘာဝ

တစ်ခါတုန်းက ဆရာဝန်တစ်ဦးဟာ ဟောပြောပွဲတစ်ခုမှာ ဟောပြောသူအဖြစ် ဖိတ်ကြားခြင်းခံရတယ် ။ ဟောပြောပွဲဟာ အရက်သောက်သူတွေအတွက် အသိပညာပေး ဟောပြောပွဲဖြစ်တယ် ။ ဆရာဝန်က သရုပ်ဖော်လေးနဲ့ အရက်ဟာ လူတွေရဲ့ကျန်းမာရေး ကိုဘယ်လောက် ထိဆိုးရွားစေနိုင် သလဲ ဆိုတာ ပြဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။ သူ့ဟာခွက်ကလေးနှစ်ခွက်ယူလာခဲ့တယ် ။

တစ်ခွက်ထဲမှာ ရိုးရိုးရေ ထည့်ထားပြီး နောက်တစ်ခွက်ထဲမှာ အရက်တွေထည့်ထားခဲ့တယ် ။ ပြီးတော့ သူဟာ တီကောင်တွေကို ရေခွက်ထဲထည့်လိုက်တယ် ။ တီကောင်လေးတွေ လှပစွာရေထဲမှာ ကူးခတ်နေ တာ ကိုလူတိုင်းတွေ့လိုက်ကြတယ် ။ ပြီးတော့ရေမျက်နှာပြင်ပေါ် တက်လာကြတယ် ။

ဆရာဝန်က တီကောင်တွေကို အရက်ခွက်ထဲထည့်လိုက်ပြန်တယ် ။ လူတွေရဲ့မျက်စိရှေ့မှာတင် တီကောင်တွေ တွန့် လိမ်ကြေပျက်သွားတာကိုတွေ့လိုက်ရတယ် ။

ဆရာဝန်က အရက်ဟာလူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ဘယ်လို ပြုမှုသလဲဆိုတာ သက်သေပြချင်လို့ ဒီ သရုပ်ဖော်လေးကိုလုပ်ဆောင်ခဲ့တာဖြစ်တယ် ။ သူဟာ နားထောင်နေတဲ့ အရက်သောက် သူတွေ ကို မေးလိုက်တယ် ။

“ အခု လုပ်ပြသွားတဲ့ အထဲကနေ ဘာတွေ သင်ယူမိပါသလဲ ” အနောက်ဆုံးနားက လူတစ်ယောက်က ထပြော တယ် ။

“ အကယ်၍ သင်ဟာ အရက်သောက်မယ်ဆိုရင် သင့်အစာအိမ်ထဲမှာ တုပ်ကောင် သံကောင်တွေ ရှိမှာမဟုတ်တော့ပါဘူး အရက်က ခြေဖျက်လိုက်ပါလိမ့်မယ် ” တဲ့ ။

--------------------------------------------

တကယ်တော့ ဒီသရုပ်ဖော်လေးက ပေးချင်တဲ့ မက်ဆေ့က အဲဒီလိုမဟုတ်ပါဘူး ။ အရက်ရဲ့ ဆိုးကျိုးကိုပြ ချင်တာပါ ။

ဒါပေမယ့် လူတွေဟာ သူတို့ မြင်ချင်တဲ့အရာကိုပဲမြင်ကြတာများတယ်သူတို့ကြားချင်တဲ့အရာကိုပဲ နားထောင် ချင်ကြတာများတယ် ။

သက်တန့်ချို
Selective Listening အားခံစားဘာသာပြန်သည် ။