ငါကံဆိုးလိုက်တာလို့ တွေးမိရင်
ခင်ဗျားရော ကျွန်တော်ရော တခါတလေ ငါ ကံဆိုးလိုက်တာလို့ မွေးမိဖူးကြမှာပါ
လုပ်သမျှ အလုပ်တွေ မအောင်မြင် ၊ အရှုံးတွေ ခဏခဏတွေ့ပြီး
ဘ၀ဆိုတာ နေလို့မကောင်းလိုက်တာလို့ တွေးမိရင် အောက်ကစာလေးကို ခဏလာက်အချိန်ပေးပြီး ဖတ်ကြည့်ပါဦး
====================
အလုပ်ကိစ္စတစ်ခုနဲ့ အိန္ဒိယကို ခဏရောက်နေတဲ့ ကျွန်တော်ဟာ မနက်ခင်းတစ်ခုမှာ သူငယ်ချင်းဖြစ်သူနဲ့ချိန်းဆိုထားတဲ့ နေရာကို ထွက်လာခဲ့တယ် ။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့နေရာမို့ တနည်းအားဖြင့် ဆင်းရဲသားတွေနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးကို ဖြတ်သွားရတာမို့ ခြေလျင်သွားခြင်းကိုသာ ကျွန်တော်ရွေးချယ်ခဲ့တယ် ။ ဒီလိုနဲ့ လမ်းခုလတ်တစ်နေရာအရောက်မှာ ထူးဆန်းမင်သက်ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို ကျွန်တော်မြင်ခဲ့ရတယ် ။ ကလေးငယ်တစ်ယောက်ကို မိခင်ဖြစ်သူက အိမ်ရှေ့ကို တရွတ်တွဲပြီးခေါ်လာတဲ့မြင်ကွင်းပါ ။ ကြည့်နေတုန်းမှာပဲ အမေလုပ်သူက ကလေးရဲ့လက်ကို ဓါးနဲ့ ခုတ်လိုက်တာကို ထိတ်လန့်စရာ မြင်ခဲ့ရတယ် ။
ဘေးနားကလူတွေကလည်း ကလေးကို မငိုဖို့ ချော့မော့ကြပြီး ပြတ်သွားတဲ့လက်ကို သွေးတိတ်ဖို့ အ၀တ်ခပ်နွမ်းနွမ်းစည်းပြီး အထဲကို ပြန်ခေါ်သွားကြတယ် ။ အချိန်တော်တော်ကြာ ဆွံ့အနေခဲ့တဲ့ ကျွန်တော်ဟာ လောကကြီးနဲ့အဆက်ပြတ်သွားသလိုပါပဲ ။
ဘာလို့လဲ ? ကလေးလက်ကို မိခင်ဖြစ်ရဲ့သားနဲ့ ဘာလို့ဖြတ်ရတာလဲ ? ကလေးက ခွင့်မလွှတ်နိုင်တဲ့အရာတစ်ခုခုကို လုပ်မိလို့လား ဒါမှမဟုတ် ကလေးမှာ ကူးစက်နိုင်တဲ့ ရောဂါတစ်ခုခုဖြစ်နေလို့လား သို့လောသို့လောအတွေးတွေနဲ့ဖြစ်ရပ်အမှန်ကို ကျွန်တော်စုံစမ်းကြည့်ပါတော့တယ် ။ တကယ့်အဖြစ်မှန်ကတော့ အဲ့ဒီရပ်ကွက်ဟာ သူဖုန်းစားတွေ ချည်းနေတဲ့ရပ်ကွက်ဖြစ်ပြီါ် ကလေးဟာ ကိုယ်လက်အဂါင်္အစုံရှိနေရင် တောင်းရမ်းစားသောက်ဖို့မလွယ်လို့ ကလေးလက်ကို ဖြတ်ပစ်လိုက်ရခြင်းဖြစ်ပါတယ်တဲ့ ။ ဒီရပ်ကွက် ဒီပတ်ဝန်းကျင်မှာ မွေးဖွားလာတဲ့ကလေးတော်တော်များများ မှာ ဒီလိုအဖြစ်ဟာ ကြုံရလေ့ရှိပြီး ဖြစ်ရိုးဖြစ်စဉ်ပါလို့ ရှင်းပြကြတယ် ။ စိတ်မကောင်းခြင်းကြီးစွာနဲ့ လျောက်လာခဲ့တဲ့ခြေလှမ်းတိုင်းဟာ ကျွန်တော့်အဖို့ အတွေးပေါင်းများစွာနဲ့ လေးလံနေစေခဲ့ပါတယ် ။
ဒီလိုနဲ့ ချိန်ထားတဲ့ နေရာရောက်တော့ အဲ့ဒီအကြောင်းကို ကျွန်တော့်မိတ်ဆွေကိုပြောပြခဲ့တယ် ။ သူ.. ထိတ်လန့်အံ့သြစွာ နဲ့လက်ထဲက စားလက်စ ပေါင်မုန့်ဟာ မြေပေါ်ကျသွားခဲ့တယ် ။ အဲ့ဒါကိုလှမ်းမြင်လိုက်တဲ့ကလေးတစ်သိုက်ဟာ သူ့ဆီက ကျသွားတဲ့ပေါင်မုန့်အပိုင်းအစကို အလုအယက် လုကြပြီး ထွက်ပြေးသွားကြတော့တယ် ။ ငူငူငိုင်ငိုင်ကြီးကျန်နေခဲ့တဲ့ကျွန်တော့်မိတ်ဆွေဟာ ကျွန်တော်နဲ့အတူ အဲ့ဒီနားမှာရှိတဲ့ ပေါင်မုန့်ဆိုင်ကို လိုက်ရှာကြတယ် ။ ဒေသတစ်ခုလုံးမှာ ပေါင်မုန့်ဆိုင် ၂ ဆိုင်ပဲရှိပါတယ် ။ ၂ ဆိုင်လုံးက ပေါင်မုန့် အလုံး ၄၀၀ ကျော်ကို ကျွန်တော်တို့ဝယ်ခဲ့ကြတယ် ။
ဒေါ်လာ ၂၀၀ တောင်မကျခဲ့ဘူး ။ ပေါင်မုန့်တစ်လုံးဟာ ၂၅ ပြား တောင်မပေးရပဲ ဈေးသက်သာပါတယ် ။ ဒီလိုနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ ပစ္စည်းတွေအသုံးအဆောင်တွေ ကို နောက်ထပ် ဒေါ်လာ ၃၀၀ ဖိုးကျွန်တော်တို့ထပ်ဝယ်ခဲ့ကြတယ် ။ ပြီးတော့ သူဖုန်းစားရပ်ကွက်ထဲက ကလေးငယ်တွေကို ကျွန်တော်တို့ ၂ ယောက် ဝေပေးခဲ့ကြတယ် ။ အလုအယက် နဲ့ မျက်ရည်တွေ အံ့သြမင်သက်ခြင်းတွေနဲ့သူတို့ မျက်နှာတွေကို ကျွန်တော်အခုအချိန်ထိမေ့မရနိုင်ခဲ့ဘူး ။ အရှုံးတွေ စိတ်ပျက်မှုတွေကြုံလာရတာတောင် ငါကံကောင်းနေသေးတာပဲလို့ ကျွန်တော်တွေးတောတတ်လာပါတယ် ။
============================
ခင်ဗျားတို့ရော ဘ၀မှာ သိပ်ကံဆိုးလှပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တွေးမိကြလား အဲ့ဒီလို တွေးမိတဲ့အခါမျိုးမှာ လမ်းပေါ်မှာပိုက်ဆံတောင်းရမ်းဖို့အတွက် ကိုယ့်လက်ကိုယ်အဖြတ်ခံလိုက်ရတဲ့ ဘာမှမသိနားမလည်သေးတဲ့ကလေးအရွယ်လေးတွေ ကမ္ဘာရဲ့ ထောင့်တစ်နေရာမှာ ရှိနေသေးတယ်ဆိုတာ ပြန်တွေးကြည့်စမ်းပါ ။ ၂၅ ပြားတောင်မတန်တဲ့ပေါင်မုန့်တစ်လုံးအတွက် အလုအယက် သဲပေနေတဲ့ စားစရာတစ်ခုကို ၀ိုင်းလုနေကြတဲ့ ကလေးငယ်တွေ ရှိတယ်ဆိုတာ တွေးကြည့်စမ်းပါ ။
ခင်ဗျား သူတို့လောက်ကံမဆိုးသေးပါဘူး ။ တခါတရံ ရှုံးနိမ့်ခြင်း ၀မ်းနည်းခြင်း ပူဆွေးခြင်း တွေဟာ ကံဆိုးခြင်းမဟုတ်သေးပါဘူး ။ လောကကြီးမှာ ရှိတဲ့ပြဿနာတွေဟာ နေ့စဉ် ဒုနဲ့ဒေးပါ ။
ကျွန်တော်တို့ဘ၀တွေက အဲ့ဒီလောက်ကံဆိုးကြလို့လား ?
#သက်တန့်ချို
16.5.2017 #ttcinspirationalstories
Source : Be Content About Your Life
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Showing posts with label ရင်သို့ထိသောစာများ. Show all posts

Tuesday, May 16, 2017
Wednesday, April 19, 2017
မျက်နှာဖုံး
လူတိုင်းလူတိုင်းမှာ မျက်နှာဖုံးကိုယ်စီရှိကြတယ်
တချို့တွေက ဟန်ဆောင်မျက်နှာဖုံး
တချို့တွေက အပူရုပ်ကို ဟန်လုပ်နေတဲ့မျက်နှာဖုံး
တချို့တွေက ပျော်ချင်ယောင်ဆောင်တဲ့မျက်နှာဖုံး
တချို့တွေက ၀မ်းနည်းချင်ယောင်ဆောင်တဲ့မျက်နှာဖုံး
တချို့တွေက ရိုးသားချင်ယောင်ဆောင်တဲ့မျက်နှာဖုံး
တချို့တွေက ဘာမှမသိသလိုမတတ်သလို မျက်နှာဖုံး
တချို့တွေက " အ " ချင်ယောင်ဆောင်တဲ့မျက်နှာဖုံး
အခြေအနေနဲ့အချိန်အခါအရ မျက်နှာဖုံးတပ်ထားမိတဲ့သူရှိသလို
အခြေအနေနဲ့အချိန်အခါကို ဖန်တီးချင်လို့ မျက်နှာဖုံးတပ်ထားသူတွေလည်းရှိတယ်
ကိုယ်ကရော .. ဘယ်လို မျက်နှာဖုံး မျိုးကို တပ်ထားမိနေလဲ ??
တစ်ခါလောက် သင့်မျက်နှာဖုံးကို ခွာချပြီးနေကြည့်စမ်းပါ
အသက်ရှူရတာ ပေါ့ပါးငြိမ်းချမ်းသွားပါလိမ့်မယ် ။
သက်တန့်ချို
19.4.2017 #ttclifequote
Tuesday, April 18, 2017
ကံကြမ္မာက နီးစေ ဝေးစေတယ်
ကံကြမ္မာက
မဆုံစေချင်တော့ဘူးဆိုရင်
ဘယ်လောက်နီးနီး မျက်နှာချင်းတောင်မဆိုင်ဖြစ်တော့ဘူး
ဆုံ စေချင်တယ်ဆိုရင်တော့
ဘယ်လောက်ဝေးဝေး မျက်နှာချင်းဆိုင်တွေ့တယ်
ဝေးချင်ပြီဆိုရင်
ဘယ်လောက်နီးဖို့ကြိးစားကြိုးစား အဝေးရောက်သွားမှာပါ
နီးချင်ပြီဆိုရင်
ဘယ်လောက်ဝေးဝေး အနီးရောက်လာမှာပါ
သက်တန့်ချို
18.4.2017 #ttclifequote
Wednesday, March 22, 2017
အပေါ်ယံမျက်နှာပြင်ကိုကြည့်ပြီး ကောက်ချက်မချမိစေနဲ့
တခါတုန်းက သင်္ဘောတစ်စီးပေါ်မှာ စုံတွဲ တစ်တွဲ ခရီးတစ်ခုကို အတူ လိုက်ပါစီးနင်းလာခဲ့ကြတယ် လမ်းမှာ မမျှော်လင့်ပဲ မိုးသက်မုန်တိုင်းတစ်ခု နဲ့ကြုံရပြီး သူတို့စီးလာတဲ့ သဘောင်္ နစ်မြုပ်ဖို့အချိန်ကြုံလာခဲ့တယ်
အဲ့ဒီအခါ အရေးပေါ် အသက်ကယ်လှေကို လူတွေ အားလုံးအလုအယက်နဲ့ဝိုင်းတက်ကြတာပေါ့ ။ ဒီလိုနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ သူတို့ စုံတွဲ အတွက် အသက်ကယ်လှေ တစ်စီးပေါ်မှာ လူတစ်ယောက်စာ နေရာကိုတွေ့ခဲ့ရတယ်
အဲ့ဒီအခါ ယောက်ျားဖြစ်တဲ့သူက မိန်းမဖြစ်သူကို ဘေးဖယ်ပြီး အသက်ကယ်လှေပေါ်ကို တစ်ဦးတည်းခုန်ဆင်းသွားခဲ့တယ် ။ မိန်းမဖြစ်တဲ့သူက နစ်မြုပ်နေတဲ့သဘောင်္နဲ့အတူ .. ရေထဲမြုပ်သွားပြီး မမြုပ်ခင်လေးမှာ သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောခဲ့တယ် ..။
သူ့ယောက်ျားကို ဘာအော်ပြောခဲ့တယ်လို့ထင်ပါသလဲ .........??
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
စာဖတ်သူအများစု ဖြေတဲ့အဖြေက .. " နင့်ကို ငါ မုန်းတယ် " လို့ဖြစ်မယ်ထင်ပါတယ် တကယ်တော့ မိန်းမ ဖြစ်တဲ့သူ ယောက်ျားကို အော်ပြောသွားတဲ့စကားကတော့ " ငါတို့ ကလေးကို ဂရုစိုက်ပါ " လို့ဖြစ်ပါတယ် ။ ဇာတ်လမ်းက မပြီးဆုံးသေးပါဘူး ။ ယောက်ျားဖြစ်တဲ့သူဟာ အသက်ကယ်လှေနဲ့အတူပါသွားပြီး အသက်ရှင်ခွင့်ရခဲ့တယ် ။
အိမ်ရောက်တဲ့အခါ တစ်ဦးတည်းသော သမီးငယ်လေးကို ပြုစုပျိုးထောင်ရင်း အချိန်တွေကုန်လွန်ခဲ့တယ် ။ ဒီလိုနဲ့အသက်အရွယ်အိုမင်းပြီး သေဆုံးသွားပါတော့တယ် ။
တစ်နေ့မှာ သမီးဖြစ်သူက သူ့အဖေ ပစ္စည်းတွေ သိမ်းဆည်းပေးရင်းမထင်မှတ်ပဲ မှတ်စုစာအုပ်တစ်အုပ် ကိုတွေ့ခဲ့တယ် ။ အဲ့ဒီစာအုပ်ထဲမှာ သူ့အမေက မကုသနိုင်တဲ့ မကြာခင် သေဆုံးရတော့မယ့် ရောဂါ တစ်ခုရှိနေကြောင်းကို အရင်ကြိုတင်သိနှင့်ပြီးသားဖြစ်ပြီး သင်္ဘော နစ်မြုပ်ချိန်မှာ ဖခင်ဖြစ်သူဟာ တစ်ခုတည်းသော ရှင်သန်နိုင်မယ့်အခွင့်အရေးကို သမီးငယ်အတွက်ရယူခဲ့ရတယ်လို့ရေးထားပါတယ် ။
ဒါ့အပြင် ဖခင်ရဲ့ စကားလုံးထဲမှာ ... ကျွန်တော် .. သဘောင်္နစ်မြုပ်သွားတဲ့ ပင်လယ်ကြမ်းပြင်အောက်မှာ မိန်းမနဲ့အတူ လိုက်ပါ သွားချင်ခဲ့တယ် ဒါပေမယ့် သမီးငယ်ရှေ့ရေးအတွက် ကျနော် အသက်ရှင်သန်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ ကျနော် ရွေးချယ်လိုက်တဲ့ လမ်းကို သူ .. လည်းသဘောတူမယ်လို့ထင်ပါတယ် ... လို့ရေးထားတာ ကိုတွေ့လိုက်ရတယ် ။
---------------------------------------------
ဒီကမ္ဘာကြီးမှာ အရာရာဟာ အကောင်းနဲ့အဆိုးဒွန်တွဲ နေတဲ့အပြင်နားလည်ဖို့ခက်ခဲတဲ့ ကန့်လန့်ကာနောက်ကွယ်က အဖြစ်အပျက်တွေ အများကြီးရှိပါတယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း လူတစ်ဖက်သားအပေါ် အပြည့်အ၀ နားလည်နိုင်ခြင်းမရှိပဲနဲ့ အပေါ်ယံမျက်နှာပြင်ပေါ်မှာ သာအစောတလျင်ကောက်ချက်ချမိခြင်းမပြုဖို့လိုပါတယ် ။
သက်တန့်ချို
22.3.2017
ှSource : Moralstories26

Thursday, September 27, 2012
မေမေ . . . သားစာလေးဖတ်ပေးပါ

မေမေ . . . သားစာလေးဖတ်ပေးပါ
မေမေ ... မေမေအခုအချိန်ဆို ဘာတွေများလုပ်နေမလဲဟင် ဘယ်တွေများ ရောက်နေမလဲ မေမေ ငိုနေမလား ဒါမှမဟုတ် မေမေပျော်နေမလားဟင် . . သားကို သတိရ နေလိမ့်မလားလို့တော့ မ၀ံ့မရဲလေး မျှော်လင့်မိခဲ့ပါတယ် ။
မေမေ . .သားမှတ်မိသေးတာပေါ့ မေမေ့ ၀မ်းကြာတိုက်ထဲ သားရှိနေစဉ်တုန်းက မေမေဆရာဝန်ကြီးနဲ့ ဆွေးနွေးနေချိန်တုန်းကပေါ့မေမေ ... “ ခင်ဗျားမှာ HIV ပိုးရှိနေတယ် ” လို့ပြောလိုက်ချိန် မေမေ တုန်လှုပ်သွားလိုက်တာ ..သားမေမေ့ကို အရမ်းသနားလိုက်တာ ...မေမေ မငိုပါနဲ့လို့ သားလှမ်းလှမ်းပြောနေမိတယ်မေမေ .. ဘာဖြစ်လဲ မေမေ မေမေ့မှာလည်း HIV ပိုးရှိတယ် သားမှာလည်း HIV ပိုးကူးချင်ကူးပါစေ သားမကြောက်ပါဘူးမေမေ ..
မေမေ ..သားကြောက်တာ အဲဒီရောဂါ ပိုးကြောင့်သားလူ့လောက ကို မရောက်ရှိလာမှာကိုပဲ အဲဒီရောဂါပိုးကြောင့် မေမေသားကို အချစ်လျော့သွားမှာကိုပဲ အဒီရောဂါပိုးကြောင့် မေမေ သားကို မပွေ့ဖက်တော့မှာကိုပဲလေ . . .ဒါပေမယ့် မေမေရယ် သားတို့က ကံစီမံရာ လှုပ်ရှားရတဲ့ ရုပ်သေးရုပ်လေးတွေပါမေမေ . .
မေမေ ... သားဆုတောင်းတွေမပြည့်ခဲ့ပါဘူး သားအသက် ၆ လအရွယ် မေမေသားကိုစွန့်ပစ်ဖို့ကြိုးစားခဲ့သေးတယ်နော် ..း(( ဒါပေမယ့် သားမေမေ့ကို အချစ်မလျော့ပါဘူးမေမေ ကံတရားက သားကို လူ့လောကထဲရောက်အောင်တွန်းပို့ခဲ့သေးတယ် ။ မေမေသားကိုစွန့်ပစ်ခဲ့တာကို သားဖက်က ( လူ့လောကထဲ ရောဂါဆိုးကြီးနဲ့မရောက်စေချင်တဲ့ စေတနာကြောင့် ) ဖြစ်လိမ့်မယ်လို့ သား ယုံကြည်ခဲ့မိပါတယ် . . .
မေမေ . . . မေမေ့ဝမ်းဗိုက်ထဲကနေ သားလူ့လောကထဲ စစရောက်ခြင်း မေမေသားကို မနမ်းရှံ့ခဲ့ဘူးနော် သားနားလည်ပါတယ်မေမေရယ် မေမေသားကို စိုက်ကြည့်တဲ့မျက်ဝန်းထဲမှာ မေတ္တာတရားတွေပါနေတာကိုပေါ့ ... သားကတော့ မေ့မေ့မျက်ဝန်းတွေစိုက်ကြည့်ရင်း အပျော်ကြီးပျော်နေခဲ့ရတာပေါ့မေမေ ..
မေမေ .... မှတ်မှတ်ရရ သား အသက် ၅ နှစ်သားအရွယ်မှာပေါ့ အဲဒီညနေခင်းဟာ မိုးတွေသည်းသည်းမည်းမည်းရွာနေခဲ့တယ် မေမေသားကို အိမ်ကြီးထဲမှာ ထားပြီးတစ်ယောက်တည်းထွက်သွားလိုက်တာ ပြန်မလာခဲ့တော့ဘူးနော် ...သားချမ်းလိုက်တာမေမေ ..ဖေဖေကလည်း အရက်မူးမူးနဲ့အိပ်ပျော်နေတဲ့အချိန် မိုးခြိမ်းသံတွေကြားတိုင်း သားကြောက်လိုက်တာ မေမေ ..မေမေ ဘယ်မှာလဲ ..မေမေ ..ဘယ်မှာလဲဟင်
မေမေ ... သားအခုဆို အသက်အရွယ်ရောက်လို့ ဆေးဝါးတွေအကူအညီနဲ့လူ့လောကထဲ စာတွေရေးနေပြီပေါ့မေမေ ...သူငယ်ချင်းတွေက သားအနားမကပ်ချင်ကြပေမယ့် သားကတော့ သူတို့ကို နားလည်ပေးပြီး လုံးဝမမုန်းမိပါဘူးမေမေ ရယ်..သားကိုပွေ့ဖက်ယုံနဲ့သူတို့ မှာ ရောဂါမကူးဘူးဆိုတာ သူတို့သိပေမယ့်သားကို ဘယ်သူကမှ မပွေ့ဖက်ချင်ကြပါဘူးမေမေ ..ရပါတယ်မေမေရယ် ...သားမငိုမိပါဘူး...ငိုချင်တဲ့စိတ်ကို ကြိတ်မှိတ်မြိုသိပ်နေမိဆဲပါ . . မေမေသားစာကို များဖတ်နေမလား မေမေ အခု ဘယ်များရောက်နေလဲ သားသိချင်လိုက်တာမေမေရယ် ..မေမေ့ကို ပြန်တွေ့ချင်တာဟာ မေမေ့ဆီက အခွင့်အရေးတစုံတရာ ရချင်လို့မဟုတ်သလို နမ်းရှိုက်ခွင့်ခံရဖို့လည်းမဟုတ်ပါဘူးမေမေ ...သားကို သားလို့ ခေါ်တဲ့အသံလေးကြားရယုံကလေး....
မေမေ ... သား မေမေ့ကို နောက်ဆုံးအနေနဲ့ တစ်ခုတော့ပြောချင်ပါတယ် ...အဲဒီစကားကို အသက်နဲ့ထပ်တူ ယုံကြည်ပေးပါမေမေ ...
“ သား ..မေမေ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး မေမေ ....”
သက်တန့်ချို
ခံစားရေးဖွဲ့သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, September 18, 2012
အခွင့်အရေးကို အခွင့်အရေးမှန်းသိတတ်ပါစေ
အခွင့်အရေးကို အခွင့်အရေးမှန်းသိတတ်ပါစေ

တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့ဟာ ရေလွှမ်းမိုးမှုအခြေအနေနဲ့ကြုံတွေ့နေရတယ် ။ မြို့သူမြို့သားတွေ အားလုံး အဲဒီမြို့လေးကို စွန့်ခွာသွားကြပေမယ့် လူတစ်ယောက်ကတော့ ကျန်နေခဲ့တယ် ။ အဲဒီလူကပြောတယ် “ ဘုရားသ ခင်က ငါ့ကိုကယ်မှာပါ ငါသူ့ကိုယုံကြည်တယ် ”
ဒီလိုနဲ့ မြို့လေးထဲ ကို ရေတွေတဖြည်းဖြည်းမြင့်တက်လာတယ် ။ အဲဒီအချိန်မှာ ကယ် ဆယ်ရေး မော်တော် ယာဉ်တစ်ဦးရောက်လာပြီး အဲဒီလူကို ကယ်ဆယ်ဖို့လုပ်တယ် ။ ဒါပေမယ့် အဲဒီလူက ငြင်း ဆန်လိုက်ပြီး “ ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ် ငါ့သူ့ကိုယုံကြည်တယ် ” လို့ပဲပြောလိုက်တယ် ။ သူဟာ တိုက်ခေါင် မိုးပေါ်အထိတက်သွားလိုက်တယ် ။ ရေတွေကလည်းမြို့ထဲကို မြုပ်လုနီးနီးတက်လာပါပြီ ။
လှေတစ်စီးရောက်လာပြီး အဲဒီလူကိုကယ်ဖို့လုပ်တယ် ။ နောက်တစ်ကြိမ်း သူက ထပ်ငြင်းလိုက်ပြီး “ ငါဘုရားသခင် ကိုယုံတယ် သူငါ့ကိုကယ်လိမ့်မယ် ” လို့ပဲ အထပ်ထပ်ရွတ်နေတော့တယ် ။ ရေတွေက တအား ကိုမြင့်တက်လာပါပြီ သူဟာ အမိုးထိပ်စွန်းလေးကိုရောက်လာခဲ့တယ် ။ အဲဒီအချိန်မှာပဲ ရဟတ်ယာဉ် တစ်စင်းရောက်လာပြီး သူ့ကိုကယ်ဖို့လုပ်ပါတယ် ။ သူက ထပ်ငြင်းလိုက်ပြန်တယ် ။ “ ငါ့ကို ဘုရားသခင် ကယ်မှာ ပါ ငါဘုရားသခင်ကိုယုံကြည်တယ် ”
နောက်ဆုံး သူ ရေနစ်ပြီး သေသွားခဲ့ရတယ် ။ သူဟာ သေပြီးတဲ့နောက် ဘုရားသခင်နဲ့တွေ့တဲ့အခါ ဘုရားသခင်ကို ဒေါသတကြီးမေးခဲ့တယ် ။ “ ကျွန်တော်ခင်ဗျားကို အရမ်းကို ယုံကြည်ခဲ့တယ် ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ဆုတောင်းမှုတွေကို လစ်လျှုရှုထားရပါသလဲ ကျွန်တော့်ကို ဘာကြောင့်ရေနစ်သေစေ ရတာလဲ ” အဲဒီအခါ ဘုရားသခင်က ပြန်ဖြေတယ် “ မင်းကို ငါကယ်ဆယ် ဖို့ မော်တော် ယာဉ်တစ်စီးရယ် လှေတစ်စီးရယ် ရဟတ်ယာဉ်တစ်စီးရယ်ကို ငါ ပို့ခဲ့တာပဲ မင်းဘာလို့ ငြင်ဆန်ခဲ့တာလဲ ” တဲ့ ။
----------------------------------------------
စောင့်မျှော်ခြင်း ၊ မျှော်ကိုးခြင်း နဲ့ ဆုတောင်းခြင်းဆိုတဲ့အရာတွေထက် လက်တွေ့လုပ်ဆောင်ခြင်း ၊ ပြင်ဆင်ခြင်းနဲ့ ကြံစည်တွေးတောခြင်းတို့က ပိုပြီး ထိရောက်တယ် ။ ယုံကြည်မှုဆိုတာ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အကျိုးအကြောင်းတွေကို ဆင်ခြင်သုံးသပ်နိုင်ရမယ် ။ ဘ၀မှာ ဆုတောင်းနေယုံ တစ်ခုတည်းနဲ့ ဘာမှဖြစ်မလာနိုင်ဘူး လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကမှသာ ကိုယ့်ရဲ့ လွတ်လမ်းကို ဖော်ဆောင်စေတယ် ။
သက်တန့်ချို
LUCK FAVORS THOSE WHO HELP THEMSELVES အားခံစားဘာသာပြန်သည် ။
မှတ်ချက် - ဒီစာလေးကို ရေးဖူးသူအများကြီးရှိမှာပါ အခုလည်းမဖတ်ရသေးသူများအတွက် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ် ။

Monday, September 17, 2012
Faith ဆိုတဲ့ယုံကြည်မှုက အရာအားလုံးကိုဖြစ်စေနိုင်တယ်

တစ်ခါတုန်းက ဘောလုံးကစားသမား လူငယ်လေးတစ်ယောက်ရှိတယ် ။ သူဟာ အမြဲပဲ ပုံမှန်ကစားခွင့်မရခဲ့ဘူး ။ အရန်လူ စာရင်းထဲအမြဲပါနေခဲ့ရတယ် ။ ပွဲထွက်ခွင့်ရတဲ့ ၁၁ ယောက်သော ကစားသမားတွေထဲမှာ သူပါဝင်လာ ဖို့က သူ့ရဲ့အိပ်မက်ဖြစ်ခဲ့တယ် ။ သူဘောလုံးကန်လေ့ကျင့်နေချိန်တွေမှာ သူ့အဖေဟာ သူနဲ့မနီး မဝေး မှာ ထိုင်နေပြီး သူ့ကိုစောင့်နေလေ့ရှိတယ် ။
နိုင်ငံအဆင့်ဘောလုံးပြိုင်ပွဲတွေစတင်ခဲ့ပါပြီ ။ အခုဆို ၄ ရက်မြောက်နေ့ ရောက်လာ ခဲ့ပြီး ကောင်လေးပါဝင် တဲ့အသင်းဟာ ဆီမီးဖိုင်နယ်အထိ ရောက်လာခဲ့ပြီးဖြစ်တယ် ။ ကောင်လေးဟာ သူ့လေ့ကျင့်ထားမှုတွေအတွက် မချင့်မရဲဖြစ်နေခဲ့ရတယ် ။ ရုတ်တရက်ပဲ သူဟာ ဖိုင်နယ်မတိုင်ခင်တစ်ရက်မှာ အသင်းနည်းပြဆီသွားခဲ့တယ် ။ “ ဆရာ ဆရာကကျွန်တော့်ကို အမြဲပဲ အရံလူစာရင်းထဲ သွင်းခဲ့တယ် ကျွန်တော့်ကို ဒီဖိုင်နယ်ပွဲစဉ်မှာ ကစားခွင့်ပေးပါဆရာ ” အသင်းနည်းပြက စိတ်မကောင်းဟန်နဲ့ ကောင်လေးကို ပြုံးပြလိုက်ပြီးပြန်ပြောလိုက်တယ် ။ “ စိတ်မကောင်းပါဘူး ကောင်လေးရယ် ဒီအသင်းမှာ မင်းထက်တော်တဲ့ကစားသမားတွေချည်းပါပဲ ပြီးတော့ အခုပွဲစဉ် က ဗိုလ်လုပွဲလေ နိုင်ငံအဆင့်ဗိုလ်လုပွဲမှာ ငါဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့မရပါဘူး မင်းကို ဒီအခွင့်အရေးငါမပေးနိုင်ပါဘူး ”
ကောင်လေးက အသင်းနည်းပြကို ထပ်ပြီး အသနားခံခဲ့ပြန်တယ် ။ “ ဆရာ ကျွန်တော် ဆရာ့သိက္ခာကိုမကျစေ ရဘူးလို့ ကတိပေးပါတယ် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကို ကစားခွင့်ပေးပါခင်ဗျာ ” အသင်းနည်းပြက ကောင်းလေးရဲ့ ဒီလို အသနားခံတဲ့ပုံမျိုးကို အရင်က တခါမှမတွေ့ခဲ့ဖူးဘူး ။ သူကပြောတယ် “ ကောင်းပြီလေ မင်း ၀င်ကစားပါ ဒါပေမယ့် မင်းမှတ်ထားဖို့က ဒါဟာ နိုင်ငံအတွက်အရေးကြီးတဲ့ပွဲဖြစ်ပြီး ငါ့ရဲ့ဆုံးဖြတ်ချက် ကို ဆန့်ကျင်ပြီး မင်းကို ယုံကြည်ပေးလိုက်တာဖြစ်တယ် နိုင်ငံဟာ မင်းအပေါ်မှာ မူတည်နေပြီး နိုင်ငံ ရဲ့သိက္ခာနဲံ့ငါ့ရဲ့သိက္ခာကို မကျပါစေနဲ့ ” လို့ပြောလိုက်တယ် ။
ဖိုင်နယ်ပွဲစဉ် ဗိုလ်လုပွဲကိုရောက်လာပါပြီ ။ ကောင်လေးဟာ ပွဲစကတည်းက မြင်းတစ်ကောင်လို ပြေးတယ် အချိန်တိုင်းမှာ ဘောလုံးဟာ သူ့ဆီမှာရှိနေခဲ့ပြီး ပွဲအတွက် အကောင်းဆုံးဂိုးတစ်ဂိုးကို သွင်းပေးနိုင်ခဲ့တယ် ။ ဒါ့အပြင် အဲဒီပြိုင်ပွဲ ရဲ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်းရရှိခဲ့ပြီး ဘောလုံး သူရဲကောင်းတစ်ဦးဖြစ်ခဲ့တယ် ။ သူ့အသင်းဟာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါပြီ ။ နည်းပြက ကောင်လေးဆီပြေးသွားပြီးပြောတယ် “ ကောင်လေး ငါ့ဘ၀မှာ အရင်က ဘာတွေမှားနေခဲ့သလဲတော့မသိဘူး ငါ မင်းဒီလို မျိုးကစားပုံမျိုးကို အရင်က တခါမှမတွေ့ဖူးခဲ့ဘူး ဘာတွေဖြစ်သွားတာလဲ ဘာကြောင့်ဒီလို ကောင်းကောင်းကစားနိုင်သွားရတာလဲ ” ကောင်လေးကပြန်ဖြေတယ် “ ဆရာ ကျွန်တော့်အဖေက ကျွန်တော်ကစားတာကိုဒီနေ့လာကြည့်လို့ပါ ” နည်းပြက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ် ပြီးတော့ ကောင်လေး အဖေအရင်က လာလာထို်င်နေ ကျ နေရာကိုလည်း ကြည့်လိုက်တယ် ။ ဘယ်သူမှ ရှိမနေပါဘူး “ ကောင်လေး မင်းအရင်လေ့ကျင်နေတုန်းက မင်းအဖေလာလာကြည့်နေကျနေရာလေးမှာလည်းမင်းအဖေကိုဒီနေ့ငါမတွေ့ပါလား ”
ကောင်လေးက ပြန်ဖြေပါတယ် ။ “ ဆရာ ကျွန်တော်ဆရာ့ကို အရင်က လုံးဝမပြောဖူးတဲ့အရာတစ်ခုရှိပါတယ် ကျွန်တော့်အဖေက မျက်မမြင်ပါ . . လွန်ခဲ့တဲ့လေးရက်လောက်က အဖေဆုံးသွားခဲ့ပါတယ် ဒီနေ့က အဖေ ကျွန်တော့် ကို ကောင်းကင်ကနေ ပထမဆုံးကြည့်တဲ့နေ့လေ . . . ”
-------------------------------------------------
“ Faith ဆိုတဲ့ယုံကြည်မှုက အရာအားလုံးကိုဖြစ်စေနိုင်တယ် ”
သက်တန့်ချို
DIFFERENT THINGS MOTIVATE DIFFERENT PEOPLE အားခံစားဘာသာပြန်သည် ။

Saturday, September 15, 2012
ကိုယ်တစ်ခြမ်းသေဘ၀မှ ကမ္ဘာ့အပြေးအမြန်ဆုံးဖြစ်လာသူ Wilma Rudolph

Tennessee ပြည်နယ်မှာရှိတဲ့ ဆင်းရဲတဲ့အိမ်ကလေးတစ်လုံးမှာ Wilma Rudolph ဆိုတဲ့ အမျိုးသမီးတစ်ဦး ကို မွေးဖွားခဲ့တယ် ။ အသက် ၄ နှစ်အရွယ်မှာပဲ သူမဟာ အင်ပြင်ကြောင့်အဖျားအပြင်းအထန်ရပြီး အ ဆုတ်ရောင် ရောဂါ တစ်မျိုး ခံစားခဲ့ရတယ်။ အဆုတ်ရောင်ရောဂါ နမိုးနီးယားနဲ့ အင်ပြင်ကြောင့်တစ်ကိုယ် လုံးနီမြန်းပြီး အဖျားကြီးခဲ့တဲ့ သူ့အခြေအနေဟာ တကယ့်ကို သေလုမျောပါးဖြစ်နေခဲ့ရတယ် ။ သိပ်မကြာခင်ပင် Wilma ဟာ ပိုလီယိုကြောင့် ဘယ်ဖက် တစ်ခြမ်းအကြောသေသွားခဲ့ရပြန်တယ် ။ သူဟာ သတ္တု အထိမ်းအချုပ်တွေ ၀တ်ဆင်ခဲ့ရပြီး ဆရာဝန်တွေကတော့ သူဟာ ဘယ်တော့ မှ မြေပြင်ပေါ်ခြေထောက်ထောက်ပြီး ရပ်နိုင်မှာမဟုတ်တော့ဘူးတဲ့ ။ ဒါပေမယ့် သူ့အမေက သူ့ကို အားပေး ခဲ့တယ် ။
“ သမီး . . ဘုရားသခင်က လူတွေကို စွမ်းအားတွေပေးတယ် ယုံကြည်မှုနဲ့ ပန်းတိုင်ကိုပေးထားတယ် သမီး ဘာကိုလိုချင်တာ လဲ လောကမှာ မဖြစ်နိုင်တဲ့အရာဆိုတာမရှိပါဘူး ” သမီးဖြစ်သူ Wilma ကပြန်ပြောတယ် ။ “ ဒီကမ္ဘာမှာ အမျိုးသမီး အပြေးပြိုင်ပွဲတိုင်း သမီးက အပြေးအမြန်ဆုံးလူသားဖြစ်ချင်ပါတယ် အမေ ” တဲ့ ။
အသက် ကိုးနှစ်အရွယ်မှာ ဆရာဝန်တွေရဲ့အကြံပေးစကားကိုဆန့်ကျင်ပြီး သူဟာ အထိမ်းအချုပ် သတ္တုတံတွေ ကို ဖြုတ်ပစ်ခဲ့တယ် ။ ပြီးတော့ ဆရာတွေကို ဒီအထိမ်းအချုပ်တွေ တစ်သက်လုံးမ တပ်ဆင်တော့ဘူး လို့ပြောခဲ့တယ် ။ အသက် ၁၃ နှစ်အရွယ်မှာ ပထမဆုံးအပြေးပြိုင်ပွဲ ၀င်ခဲ့တယ် သူ နောက်ဆုံးမှ ပန်းဝင်လာ ခဲ့တယ် ။ အဲဒီလို နောက်ဆုံပန်းဝင်ဖို့ကို သူ့အနေနဲ့ တစ်ရက်တိတိကြာခဲ့ရတယ် ။ အသက် ၁၅ နှစ်အရွယ် မှာ သူဟာ Tennessee ပြည်နယ် တက္ကသိုလ်ကိုသွားခဲ့ပြီး Ed Temple ဆိုတဲ့ အားကစားနည်းပြနဲ့တွေ့ ဆုံခဲ့တယ် ။ သူက နည်းပြကို “ ကျွန်မ ဒီကမ္ဘာက အပြေးပြိုင်ပွဲတွေမှာ ကမ္ဘာအပြေးအမြန်ဆုံးအမျိုးသမီးဖြစ်ချင်တယ် ” လို့ပြောခဲ့တယ် ။ Temple က သူ့ကိုတစ်ချက် စိုက်ကြည့်ပြီး “ မင်းရဲ့ယုံကြည်မှုနဲ့ ခိုင်မြဲမှုကို ဒီကမ္ဘာပေါ်မှာ မင်းအပြင် ဘယ်သူက မှ မတားဆီးနိုင်ဘူး ငါမင်းကိုကူညီပါ့မယ် ” လို့ပြောလိုက်တယ် ။
သူ အိုလံပစ် အားကစားပြိုင်ပွဲကြီးကို ရောက်ရှိလာခဲ့ပါပြီ ။ အိုလံပစ်ဆိုတာတကယ့်ကို အကောင်းတကာ့ အကောင်းဆုံးတွေချည်းယှဉ်ပြိုင်ရတဲ့ပွဲဖြစ်တယ် ။ Wilma ဟာ Jutta Heine ဆိုတဲ့ ဘယ်သူကမှ မနိုင်ဖူးသေး တဲ့ပြိုင်ဖက်တစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ် ။ ပထမဆုံးပြိုင်ပွဲကတော့ မီတာ ၁၀၀ အပြေးပြိုင်ပွဲဖြစ်တယ် ။ အဲဒီပွဲမှာ Wilma ဟာ Jutta Heine ကို အနိုင်ရခဲ့ပြီး ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့တယ် ။ ဒုယတိယ ပြိုင်ပွဲကတော့ မီတာ ၂၀၀ ပြိုင်ပွဲဖြစ်တယ် ။ Wilma ဟာ Jutta ကို ဒုတိယကအကြိမ် အနိုင်ပြေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ရွှေတံဆိပ်ကို ရခဲ့ပြန်တယ် ။ တတိယပြိုင်ပွဲကတော့ မီတာ ၄၀၀လက်ဆင့်ကမ်း အပြေး ပြိုင်ပွဲဖြစ်ပါတယ် ။ အဲဒီပွဲမှာလည်း သူဟာ Jutta ကို တစ်ကြိမ်းတည်းနဲ့ အနိုင်ပိုင်းနိုင် ခဲ့တယ် ။ လက်ဆင့်ကမ်းပြိုင်ပွဲ ဆိုတာ အပြေးအမြန်ဆုံးလူက နောက်ဆုံး အခေါက်မှာ ပြေးရ တာဖြစ်ပြီး အသင်းတစ်သင်းရဲ့ အားအထားရဆုံး ကစားသမားဖြစ်တယ် ။ ပထမဆုံးလူသုံးယောက် အလှည့်ပြေး သွားခဲ့ပြီး လွယ်ကူစွာပဲ “ တုတ်တို ” လေးကို လက်ဆင့်ကမ်းနိုင်ခဲ့တယ် ။ အခု Wilma ရဲ့ အလှည့်ရောက် လာပါပြီ ။
သူဟာ တုတ်တိုကို ကိုင်လိုက်တယ် ။ ပြီးတော့ စက်ရုပ်တစ်ရုပ်လို ပြေးသွားခဲ့ပြီး Jutta ကိုတတိယအကြိမ် အနိုင်ပိုင်းပြခဲ့ တယ် ။ တတိယအကြိမ်ရွှေတံဆိပ်ကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ် ။ ဒါဟာ သမိုင်းမှာ မှတ်တမ်းဝင် ခဲ့ရပြီဖြစ်တယ် ။ ကိုယ်တစ်ပိုင်းသေဖူးတဲ့မိန်းမတစ်ယောက်ဟာ ၁၉၆၀ ခုနှစ်အိုလံပစ်ပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ အပြေးအမြန် ဆုံး အမျိုးသမီးဖြစ်ခဲ့တယ် ။
ကိုးကား - Adapted from Star Ledger , November 13;1994
Wilma ဆီက ကျွန်တော်တို့သင်ယူစရာတွေအများကြီးရှိပါတယ် ။ “ အောင်မြင်တဲ့လူသားတွေဟာ ပြဿနာ ရှိခြင်းမရှိခြင်းဆိုတဲ့အစိတ်အပိုင်းကို လစ်လျှုရှုပြီး ပန်းတိုင်ကိုပဲ တစိုက်မတ်မတ်ကြည့်ကြတယ် ” လောကမှာ ကိုယ်လိုချင်တာကို တားဆီးနိုင်တဲ့သူဟာ ကိုယ်တစ်ယောက်ပဲရှိတယ် ။ကိုယ်ဖြစ်ချင်တာကို တားဆီးခွင့်ရှိတဲ့သူ ဟာလည်း ကိုယ်တစ်ယောက်ပဲဖြစ်တယ် ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို မှေးမှိန်စေတဲ့အရာမဟုတ်ဘူး ။ အားနည်းချက်ဆိုတာ အောင်မြင်မှုကို လှမ်းတတ်နိုင်ဖို့ အနင်းခံလှေကားတွေပဲဖြစ်တယ် ။
စိတ်ပျက်ဝမ်းနည်းမှုတွေကို အားအင်အဖြစ်ပြောင်းယူလို့ ပန်းတိုင်ကို ရောင်အောင်ပြေးရမယ် ။ လူတိုင်း မှာ ပြည့်စုံခြင်း ဆိုတာ မရှိပါဘူး ။ အားနည်းချက်ကိုယ်စီလူတိုင်းမှာ ရှိကြတယ် ။ ကိုယ့်အားနည်း ချက်ကြောင့် စိတ်ပျက်အားငယ် ၀မ်းနည်းနေမယ့်အစားကိုယ်ဖြစ်ချင်တဲ့အရာကို တစိုက်မတ်မတ် စိတ်ဓါတ်ပြင်းပြ စွာနဲ့ လုပ်ဆောင်ခြင်းကသာ လူသားတစ်ယောက်ရဲ့စွမ်းရည် Ability ဖြစ်တယ် ။ သင်ရော သင့်အားနည်းချက် ကို နင်းပြီး ပြင်းထန်တဲ့ စိတ်ဓါတ်နဲ့ ဖုံးပစ်လိုက်စမ်းပါ ။ အဲဒီအားငယ်မှု စိတ်ပျက်မှုတွေကို သင့်ခြေထောက်တွေနဲ့ နင်းတက်သွားလိုက်ပါ ။ ဟိုးအရှေ့မှာ အောင်မြင်မှုပန်းတိုင်က သင့်ကိုစောင့်ကြိုနေတယ် ။
သက်တန့်ချို
THE WILMA RUDOLPH STORY အား ခံစားဘာသာပြန်သည် ။

Thursday, September 13, 2012
ကြက်ဆင်နှင့်နွားထီး
ကြက်ဆင်နှင့်နွားထီး

တစ်ခါတုန်းက ကြက်ဆင်တစ်ကောင်က နွားထီးတစ်ကောင်ကို စကားပြောတယ် ။ “ ငါ ဒီသစ်ပင်ရဲ့ ထိပ်ဆုံးကို ရောက် ဖူး ချင်လိုက်တာ ” ကြက်ဆင်က သက်ပျင်းချပြီးဆက်ပြောတယ် “ ဒါပေမယ့် ငါ့မှာ လုံလောက် တဲ့ အားအင်မရှိဘူးဖြစ်နေတယ် ” နွားထီးကပြန်ပြောတယ် ။
“ ကောင်းပြီ ဘာလို့ မင်းငါ့ရဲ့ မစင်တွေကို မစားတာလဲ ငါ့မစင်တွေက အာဟာရပြည့်တဲ့ အရာတွေနဲ့ပြုလုပ် ထားတာလေ မင်းအတွက်သစ်ပင်ထိပ်ဆုံးကို ရောက်နိုင်ဖို့ လုံလောက်တဲ့အားအင်တွေပေးစေမှာပါ ”
ကြက်ဆင်က နွားချေးပုံကို နှုတ်သီးနဲ့တတောက်တောက် စူးစမ်းကြည့်လိုက်တဲ့အခါမှာ အဲဒါတွေဟာ သူ့ကို အားအင်ဖြစ်စေတဲ့အရာတွေမှန်းသိသွားတယ် ။ အဲဒီလိုနဲ့ နွားထီးရဲ့မစင်တွေကိုသူစားလိုက်တဲ့အခါ အနိမ့်ဆုံး သစ် ကိုင်းအထိ တက်နိုင်တဲ့ အားအင်ကိုသူရသွားတယ် ။ နောက်ရက်မှာလည်း နွားချေးတွေ များမျာပိုစား လိုက်တဲ့အခါ သူဟာ ဒုတိယ သစ်ကိုင်းကိုရောက်သွားပြန်တယ် ။ နောက်ဆုံး မှာ လေးရက်မြောက်တဲ့အခါ ကြက်ဆင်ဟာ သစ်ပင်ရဲ့ထိပ်ဆုံးဖျားကိုရောက်ရှိသွားပါတယ် ။
ဒါပေမယ့် သစ်ပင်ထိပ်ဖျားမှာ ရောက်နေတဲ့ ကြက်ဆင်ကို လယ်သမားက သတိထားမိသွားပြီး သစ်ပင်အောက် ကို လေးဂွနဲ့ပစ်ချလိုက်ပါတော့တယ် ။
-------------------------------------
မိုက်မဲမှုနဲ့အသုံးမကျတဲ့အရာတွေက သင့်ကို ထိပ်ဆုံးကိုတော့ ရောက်စေလိမ့်မယ် ဒါပေမယ့်အဲဒီနေရာမှာ တော့ သင့်ကိုရေရှည်ရှိမနေစေဘူး ။
ထိပ်ဆုံးကို ရောက်ချင်တယ်ဆိုတာ ကောင်းပါတယ် ဒါပေမယ့် အန္တရာယ်များသလို အချိန်မရွေး အောက် ကို ပြုတ်ကျသွားနိုင်တယ် ။
ကိုယ်ဟာ ထိပ်ဆုံးရောက်လိုဇော တစ်ခုတည်းကိုပဲ မတွက်ထားရဘူး ။ အဲဒီအမြင့်နေရာ မှာရှိတဲ့အန္တရာယ် ကိုလည်းထည့်တွက်ထားသင့်တယ်မဟုတ်လား ။
သက်တန့်ချို
A Turkey and a bull အားခံစားဘာသာပြန်သည် ။

Friday, September 7, 2012
“ ကျေးဇူးပြုပြီး ငါတို့ကိုနမ်းရမှာ မရှက်ပါနဲ့”

ငါတို့အိုမင်းသွားတဲ့အခါ “ ကူညီထောက်ပံ့ ” တယ်ဆိုတဲ့စကားကိုမသုံးပါနဲ့ မင်းတို့ငယ်ငယ်တုန်းက ငါတို့သုံးနှုန်း ခဲ့တာ “ ကျွေးမွေးပြုစု ” တယ်ဆိုတဲ့စကားလုံးပါ ။ ငါတို့ဟာ သားသမီးတွေ ရဲ့ ထောက်ပံ့မှုနဲ့ရပ် တည်ချင် တဲ့သူတွေမဟုတ် ၊ သားမီးတွေကိုသာ လိုအပ်တဲ့အရာမှန် သမျှ ထောက်ပံ ကူညီပေးချင်နေသူတွေပါ ။
ငါတို့ လိုအပ်တာတွေရှိတဲ့အခါ မငြူစူကြပါနဲ့ ။ မင်းတို့ လိုအပ်တာတွေရှိနေတဲ့အခါတိုင်း ငါတို့က “ လိုအပ်ချက် ” လို့ မမြင် ပဲ “ အကောင်းအတိုင်း ” မြင်ပြီး လက်ခံခဲ့ယုံသာမက အရာ ရာချောမွေ့အောင်ဖြည့် ဆည်းပေးခဲ့ကြတာပါ ။
ငါတို့ ဆီး ၊ ၀မ်းတွေမထိမ်းနိုင်လို့ မင်းတို့ သုတ်သင်ရတဲ့အခါ ငါတို့ကို မရွံ့ရှာပါနဲ့ မင်းတို့ ငယ်ငယ်တုန်း ကတည်းက မင်းတို့ ဆီး ၀မ်းတွေကို ဖေဖေရော မေမေရော အိပ်ရေးပျက်ခံလို့ ချစ်ခင်ယုယစွာ သုတ် သင်ပေးခဲ့ကြတာပါ ။
ငါတို့ ချီတုံချတုံနဲ့ တုန်တုန်ရီရီဖြစ်နေတဲ့အခါ မင်းတို့ စိတ်မရှည်မဖြစ်ပါနဲ့။ မင်းတို့ လမ်းမလျှောက် တတ်ခင်ကတည်းက လမ်းလျှောက်တုန်အောင် ခြေမခိုင်သေးတဲ့ကလေးကိုခြေခိုင်အောင် ငါတို့ ပြုစု ထိမ်းကျောင်းခဲ့ကြတာပါ ။
ငါတို့ ဆင်းရဲလို့ မင်းတို့ အပစ်မတင်ပါနဲ့ ။ မိဘတွေက သားသမီးတွေကို ရွေးချယ်ခဲ့တာမဟုတ်သလို သားသ မီးတွေကလည်း မိဘတွေကို ရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ ပါရမီတွေ ရေ စက်တွေကြောင့်သာ ငါတို့အခုဘ၀မှာ နွေးထွေးတဲ့ မိဘနဲ့သားသမီးဘ၀ကိုရနေရခြင်းဖြစ်တယ် ။
ငါတို့ ခေတ်ပေါ် အသုံးအဆောင်တွေမသုံးတတ်လို့ မင်းတို့ မကဲ့ရဲ့ပါနဲ့ ။ မင်းတို့ကို သင်ပေးခဲ့တဲ့ လူ့ဘ၀ သင်ခန်းစာတွေ က ခေတ်ပေါ်အသုံးအဆောင်တွေထက် ပို ခေတ်မှီပါတယ် ။ အဲဒါကို “ လောကနီတိ ” လို့ခေါ်တယ် ။
ငါတို့ စကားများတဲ့အခါ နားငြီးတယ်ဆိုပြီး မင်းတို့ မငြူစူပါနဲ့ ။ မင်းတို့ တွတ်တီးတွတ်တာ စကားလုံးတွေကို ငါတို့ က ကြည့်ပြီး တစ်နေ့တာ မောပန်းတာတွေပြေပျောက်ခဲ့ရတယ် ။
ငါတို့ကို ခြေဆုပ်လက်နယ်ပြုစုရတဲ့အခါ “ ငယ်ငယ်က ပြုစုခဲ့ပေးလို့ အခုပြန်ပြီး ပြုစုပေးရတယ် ” ဆိုတဲ့ အတွေးမျိုးမ၀င် ပါနဲ့ ။ မိဘနဲ့သားသမီးကြားချည်နှောင်ထားတဲ့ မေတ္တာတရားဟာ အပြန်အလှန် သဘော မျိုးမဟုတ်ဘူး ။
ငါတို့ကို ဘာလိုအပ်သလဲလို့ ခဏခဏမမေးပါနဲ့ ။ မင်းတို့ အဆင်ပြေပြေ စိတ်ချမ်းချမ်းသာသာ နဲ့ ဘ၀ကို ဖြတ်သန်းနေ ရတယ်ဆိုရင် ငါတို့ရဲကအကြီးကျယ်ဆုံးချမ်းမြေ့မှုပါပဲ ။
ငါတို့ကို နမ်း ရမှာ မင်းတို့ မရှက်ပါနဲ့ ။ မင်းတို့ငယ်ငယ်တုန်းက ခဏခဏ နမ်းရှိုက်ခဲ့ရတာ ငါတို့ပါ ။ မင်းတို့ အိပ်ပျော်နေ တဲ့အချိန်လေးမှာ ခိုးခိုးနမ်းရတာလည်း ငါတို့ မိဘတွေရဲ့ အကြည်နူးရ ဆုံးအချိန်အ ခိုက်အတန့် လေးတွေပါပဲ ။
သက်တန့်ချို
(မိဘ များကိုယ်စားခံစားရေးဖွဲ့သည် )

Saturday, September 1, 2012
“ မိဘတွေကို ကိုယ်စားခံစားကြည့်ပါ ”
“ မိဘတွေကို ကိုယ်စားခံစားကြည့်ပါ ”

- လူရယ်လို့ဖြစ်လာရင် ပခုံးလက်နှစ်လုံး ဖ၀ါးလက်နှစ်သစ်အရွယ်ကစလို့ မိဘတွေဟာ အအိပ်ပျက် အစားပျက် သားသမီးတွေကို ချစ်ခင်ယုယ ပျိုးထောင်ခဲ့ကြတယ် ။
- ကိုးလလွယ် ဆယ်လဖွားဆိုတဲ့ ကိုယ်ဝန်ဆောင်ချိန်ကာလမှာလား အပူအစပ်တွေရှောင်လို့ သားသမီးတွေ ဒုက္ခမတွေ့စေ ဖို့အတွက် “ ငါ အပူအစပ်တွေစားလိုက်ရင် ငါ့သားသမီးလေးများ ပူစပ်နေမလား မစားတော့ပါ ဘူးလေ ” ဆိုတဲ့ မေတ္တာတရားဟာ များစွာ ကြီးမားခဲ့တယ် ။
- တီတီတာတာ စကားပြောတတ်တဲ့အရွယ်မှာလည်း တစ်နေကုန် အလုပ်ပင်ပန်းနေသမျှ သားသမီးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေက မိဘတွေအတွက် အမောပြေစရာ နှလုံးပီတိဖြစ်ခဲ့ရတယ် ။
- ငယ်ရွယ်စဉ်ပညာသင်တဲ့အရွယ်မှာလည်း သားသမီးတွေ တခြားသူတွေနဲ့ယှဉ်ရင် လူတန်းစေ့ မျက်နှာ မငယ်ဖို့အရေး ကိုယ်က အိမ်မှာ ငါးပိရည်နဲ့စားရပါစေ သားသမီး ထမင်းချိုင့်အတွက် သားသ မီး ကျောင်းဝတ်စုံဖိုးအတွက် သားသမီး စာအုပ်ဖိုးအ တွက် ခြိုးခြံချွေ တာလို့ မြေတောင်မြှောက်ပေး ခဲ့ကြတယ် ။
- လူလတ်ပိုင်းအရွယ် သုံးတတ်ဖြုန်းတတ် မိဘကို ပြန်ပြောတတ်စ အရွယ်မှာလည်း သားသ မီး ပြန်ပြော သမျှကို ငြိမ်ခံ သားသမီး လိုအပ်သမျှကို ဖြည့်ဆည်း ရင်ထဲမှာ ခြေရာတိုင်းလာမှုအတွက် မချိသော်လည်း အပြုံးမပျက် ခွင့်လွှတ်နိုင်စွမ်းရှိသူဟာ မိဘပါပဲ ။
- အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရပ်သားကျ ကိုယ့်အသိုက်ကိုစွန့်ခွာ ပြန်မလာကြတော့တဲ့အခါ မျက်ရည်စက်လက်နဲ့ မျှော်ငေး ဘယ်တော့များ ငါ့ကို ငါ့သားငါ့သမီးလေးတွေပြန် လာတွေ့မလဲ ရယ်လို့ တွေးနေတတ်သူဟာ မိဘပါပဲ ။
- ကြားချင်တာက “ အမေတို့အဖေတို့ နေကောင်းရဲ့လား သားတို့သမီးတို့ သိပ်သတိရပါတယ် ” ဆိုတဲ့စကား တကယ်ကြားရတာက “ အမေတို့အဖေတို့ကို သားတို့ အလုပ်များနေလို့ လာမတွေ့နိုင်သေးပါဘူး ကျန်းမာရေးဂ ရုစိုက်ပါ ပိုက်ဆံပို့လိုက်ပါတယ် ” ဆိုတဲ့စကား ၊ မိဘတွေ ဟာ သားသမီးတွေဆီက ချစ်ခင်မှုကို သာ မျှော်လင့်တတ်သူတွေဖြစ်တယ် ။
- သားဆိုးသမီးဆိုးတွေနဲ့ကြုံရတဲ့အခါ မျက်ရည်စက်လက် ကိုယ်ဒုက္ခရောက်နေတာတောင် ငါ့သားငါ့သမီးလေး အန္တရာယ်တွေ့နေတော့ မှာပဲဆိုပြီး ဗျာများလို့ ပူလောင်သောကရောက်ရသူဟာ မိဘတွေပါပဲ ။
- ဘယ်လောက်ပဲ ယုတ်မာရိုင်းစိုင်းမှုတွေနဲ့ကြုံရပါစေ သားသမီးကို အမြဲကာကွယ်ပေး ၊ နွေးထွေးလို့ ရင်ထဲမှာ သာ မျက်ရည်ဖြိုင်ဖြိုင်ကျရသူဟာ မိဘတွေပါပဲ ။
- ချွေးမဆိုးတွေ သားမက်ဆိုးတွေနဲ့ကြုံရတဲ့အခါ ကိုယ်သားသမီးလေးတွေ အိမ်ထောင်ရေး အဆင်ပြေဖို့အရေး အပြောဆိုခံ အဆဲခံ ငြိမ်နေတတ်ပြီး ဟန်ဆောင်ကောင်းတတ်သူဟာ မိဘတွေပါပဲ ။
- ကိုယ်အသက်ဘယ်လောက်ပဲ အရွယ်ရောက်နေပါစေ ကိုယ့်ကို အမြဲကလေးငယ်လေးတွေ ရယ်လို့ တွေး ထင်နေ တတ်သူဟာလည်း မိဘတွေပါပဲ ။
- မိဘတွေကို ကျေးဇူးဆပ်ပါ ။ ဘာ မျှော်လင့်ချက်မှ မပါတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ကျေးဇူးဆပ်ပါ ။ ခလုတ်ထိမှ အမိမတ မိ ပါစေနဲ့ ။ မလုတ်ထိထိ မထိထိ မိဘကို အမြဲသတိရ ပါ ။ မိဘတွေရင်ထဲ ကိုယ်စားဝင်ပြီး ခံ စားကြည့်ကြပါ ။ အဲဒီအခါ လောကမှာ အမြင့်မြတ်ဆုံးဆိုတာ ကိုယ့်မိဘ နှစ်ပါးဆိုတာ သိလာပါလိမ့်မယ် ။

Tuesday, August 28, 2012
ယုံကြည်မှု (TRUST ) ဆိုတာ
ယုံကြည်မှု (TRUST ) ဆိုတာ

တစ်ခါတုန်းက လူတစ်ယောက်ဟာ လက်ထပ်ပြီးစ သူ့ဇနီးနဲ့အတူ နေအိမ်ကို ပြန်လာခဲ့တယ် ။ သူတို့ဟာ အိမ်ကိုရောက်ဖို့အတွက် ကန်ကြီးတစ်ကန်ကို ဖြတ်ရတယ် ။ အဲဒီကန်ကြီးကို လှေတစ်စင်းနဲ့အတူ သူတို့ ဇနီးမောင်နှံ ဖြတ်ခဲ့ကြတယ် ။ ဒါပေမယ့် ရုတ်တရက် လေမုန်တိုင်းတွေ တိုက်လို့ ကန်ထဲမှာ လှိုင်းကြီးလှေကြီးဖြစ် လာခဲ့တယ် ။ အမျိုးသားဖြစ်သူက စိုးရိမ်ပူပန်တတ်သူဖြစ်ပြီး အမျိုးသမီးကတော့ အရမ်းကို ထိတ် လန့် ကြောက်ရွံ့နေခဲ့တယ် ။ သူတို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးပေါ့ ။
လှေကလေးက သေးငယ်ပြီး လေမုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေကပိုပြီးကြီးမားပါတယ် ။ အချိန် မရွေး လင်မယားနှစ်ယောက်စလုံး နစ်မြုပ်သွားနိုင်တယ်မဟုတ်လား ။ ဒါပေမယ့် အမျိုးသားဖြစ်သူက တိတ်ဆိတ် စွာနဲ့ ၀မ်းနည်းနေတယ် ။ ငြိမ်သက်လို့ ငူငူငိုင်ငိုင်ဖြစ်နေခဲ့တယ် ။ ဘာမှမဖြစ်တော့သလိုပေါ့ ။
အမျိုးသမီးဖြစ်သူကတော့ တစ်ကိုယ်လုံးကြောက်လန့်မှုနဲ့ တုန်ခါနေခဲ့ပြီး အမျိုးသားဖြစ်သူကိုမေးတယ် ။ “ ရှင်မကြောက်ဘူးလား ”
ဒါငါတို့ဘ၀ရဲ့ နောက်ဆုံးအချိန်နဲ့တူတယ် ဟိုဖက်ကမ်းစပ် ကို ဘယ်လိုနည်းနဲ့မှပြန်မရောက်နိုင်တော့ဘူး အချို့သော အံ့သြဖွယ်ရာ အဖြစ်အပျက်တွေကသာ ငါတို့ကို ကယ်ဆယ်နိုင်လိမ့်မယ် ဒါမှမဟုတ်ရင် ငါတို့သေ မှာကျိန်းသေပဲ
“ ရှင်မကြောက်ဘူးလား ရှင်ရူးသွားတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား ရှင်က ကျောက်တုံးတစ်တုံးလား တစ်ခုခုပဲ ”
အမျိုးသားဖြစ်သူကရယ်မောလိုက်တယ် ပြီးတော့ ဓါးရှည်ကို ဓါးအိမ်ထဲကနေ ဆွဲထုတ်လိုက်တယ် ။ အမျိုးသမီးဖြစ် သူကပိုပြီးတော့ စိတ်ဝင်စားသွားတယ် ။ သူ ဘာလုပ်ဖို့လဲ ??
ပြီးတော့ သူက အဲဒီဓါးရှည်ကို အမျိုးသမီးရဲ့လည်ပင်းနားကို နီးကပ်စွာထိလိုက်တယ် ။ ပြီးတော့ ထိလုထိခင်လေး အထိ ဓါးကို ထားလိုက်ပြီးနောက်ဆုံးဓါးကို လည်ပင်းနဲ့ထိအောင် ထားလိုက်တယ် ။ ပြီးတော့မေး တယ် “ မင်းကြောက်နေလား ”
အမျိုးသမီးဖြစ်သူကရယ်မောလိုက်ပြီး ပြောတယ် ။ “ ကျွန်မက ရှင့်ကိုဘာလို့ကြောက်ရမှာလဲ ဓါးက ရှင့်လက်ထဲ မှာပဲ ကျွန်မ ဘာလို့ ကြောက်ရမှာတုန်း ရှင်ကျွန်မကို ချစ်တာ သိနေတာပဲ ”
အမျိုးသားက ဓါးကို ဓါးအိမ်ထဲပြန်ထည့်လိုက်တယ် ။ “ အဲဒါ ငါ့အဖြေပဲ ” လို့ ပြောလိုက်တယ် ။
“ ငါ့ကို ဘုရားသခင်ကချစ်တယ်ဆိုတာငါသိတယ် မုန်တိုင်းက သူ့လက်ထဲမှာပဲ ငါလည်းဘာကြောင့်ကြောက်နေ ရမှာလဲ ”
-------------------------------------------
ဘာတွေပဲ မုန်တိုင်းထန်လို့ ဘယ်လောက်ပဲ ဆိုးရွားမှုတွေကြုံတွေ့နေရပါစေ ကောင်းတာတွေဖြစ်လာဖို့ ဆိုတဲ့ အတွေး ကို တွေးပါ ။
အကယ်၍ ကျွန်တော်တို့ အခြေအနေဆိုးတွေက လွတ်မြောက်ခဲ့သည်ဖြစ်စေ မလွတ်မြောက်ခဲ့သည်ဖြစ်စေ ကျွန်တော် တို့ကောင်းဖို့ဆိုတာကို တွေးကြည့်ပါ ။ဘာကြောင့်လည်းဆိုတော့ အရာရာဟာ ဘုရားသခင် ရဲ့လက်ထဲမှာ ရှိနေပြီး ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်တော့မှ မှားယွင်းမှုတွေကို မဖန်တီးဘူး ။ ကျွန်တော်တို့ကသာ လမ်းမှားတွေကို လျှောက်ခဲ့ကြတာဖြစ်တယ် ။
ဒီပုံပြင်လေးရဲ့ သော့ချက်ကတော့ “ လူတစ်ယောက်အတွက် ဘ၀မှာ အသက်ရှင်နေထိုင်ဖို့ လိုအပ်တဲ့ - ယုံကြည်မှု - ကို ဖော်ညွှန်းသွားခြင်းဖြစ်တယ် ။ ယုံကြည်မှု ဟာ သင့်ရဲ့ဘ၀ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် တယ် ။
သက်တန့်ချို
TRUST IN GOD အား မူရင်းအတိုင်း ဘာသာပြန်ခံစားသည် ။

Tuesday, August 14, 2012
ရုန်းကန်မှုတွေက ပေးတဲ့ခွန်အား
ရုန်းကန်မှုတွေက ပေးတဲ့ခွန်အား

တစ်နေ့မှာ လူတစ်ယောက်က လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်ကလေးကိုတွေ့မိတယ် ။ အထဲမှာတော့ လိပ်ပြာဘ ၀မရောက်သေးတဲ့ ပိုးတုံးလုံးလေးပေါ့ ။ အဲဒီလိုတွေ့တဲ့အချိန်ကစပြီး သူက အဲဒီပိုးအိမ်ကလေးကို နေ့တိုင်း ဘယ်အချိန်အကောင်ပေါက်လာမလဲဆိုပြီး ဂရုတစိုက်ကြည့်နေခဲ့တယ် ။ တစ်နေ့မှာတော့ ပိုးအိမ်ထဲက အပေါက်သေးသေး ပေါ်လာခဲ့တယ် ။ အဲဒီလူက ပိုးအိမ်အနားမှာ ထိုင်ချလိုက်ပြီး နာရီပေါင်းများစွာတိုင်အောင် ပိုးအိမ်ထဲ က လိပ်ပြာလေး တွန်းထွက်လာမယ့်အချိန်ကို စောင့်နေခဲ့တယ် ။ အထဲက အကောင်လေးကတော့ အားရှိ သမျှ ရုန်းကုန်ပြီး အပေါက်သေးသေးလေးကနေ ထွက်ဖို့ကြိုးစားနေခဲ့တယ် ။
ဒီလိုနဲ့ကြည့်နေရင်းမှာပဲ အထဲက အကောင်လေးလှုပ်ရှားမှုဟာရပ်တန့်သွားခဲ့တယ် ။ အဲဒီလူထင်လိုက် တာကတော့ လိပ်ပြာဖြစ်မယ့်ပိုးတုံးလုံးလေးဟာ ဒီအပေါက်လေးထဲကနေ မထွက်နိုင်တော့ဘူးပေါ့ ။ ဒါနဲ့ သူက လိပ်ပြာလေးကိုကူညီဖို့ဆုံးဖြတ်လိုက်တယ် ။ ကပ်ကြေးသေးသေးလေးသွားယူပြီး ပိုးအိမ်လေးရဲ့အပေါက်ကို ထိုးခွဲလို့ အပေါက်ချဲ့ပေးလိုက်တယ် ။ လိပ်ပြာလေးဟာ လွယ်ကူစွာပဲ အပြင်ရောက်လာခဲ့တယ် ။
ဒါပေမယ့် လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်ဟာ ၀ဖောင်းနေ ခဲ့ပြီး သေးငယ်ပြီးရှံ့ တွနေတဲ့အတောင် ပံတွေသာ ပါလာခဲ့တယ် ။ အဲဒီလူက လိပ်ပြာလေး အတောင်ပံတွေကြီး လာပြီး သူ့ခန္ဓာကိုယ်ကို သယ်ဆောင်လို့လေမှာ ပျံဝဲနိုင်မယ့်အချိန်ထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် ။
ဒါပေမယ့် အဲဒီလို ဘယ်တော့မှ ဖြစ်မလာခဲ့တော့ဘူး ။
တကယ်တော့ လိပ်ပြာကလေးဟာ ကျန်ရှိနေတဲ့သူ့ဘ၀တလျှောက်လုံး ဒီ လို ၀ဖောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ ရှံ့တွနေ တဲ့ အတောင်ပံတွေကိုသာ ပိုင်ဆိုင်ရပြီး ဖြတ်သန်းရတော့မှာဖြစ်တယ် ။ သူ ဘယ်တော့မှ လေပေါ် မပျံသန်းနိုင်တော့ဘူး ---- ။
--------------------------------------------
အဲဒီလူဟာ လိပ်ပြာကလေးကိုကူညီချင်စိတ် သနားစိတ်ရှိခဲ့ပေမယ့် ပိုးအိမ်ရဲ့ သဘောသဘာဝနဲ့ လိပ်ပြာတွေ အကြောင်းကို နားမလည်ခဲ့ဘူး ။ တကယ်တော့ လိပ်ပြာကလေး ဟာ သေးငယ်တဲ့ အပေါက်လေး ကနေ ရုန်းထွက်လို့ အပြင်ကို ထွက်ဖို့ကြိုးစားခြင်းဖြင့် လိုအပ်တဲ့ အားအင်တွေရရှိလာမယ် ခန္ဓာကိုယ်က ၀ဖောင်းစေ တဲ့အရည်တွေကို ညှစ်ထုတ်လို့ တောင်ပံတွေက နေတဆင့် အားယူပြီး သေးငယ်တဲ့အပေါက်ကလေးကနေ သဘာဝအတိုင်းသာ ရုန်းကန်ပျံသန်းရတာဖြစ်တယ် ။
ကျွန်တော်တို့ရော --- ဘ၀မှာ အခက်အခဲဆိုတာတွေ ရုန်းကန်လှုပ်ရှားရတာတွေ မကြုံတွေ့ခဲ့ဘူးဆိုရင် -- ကျွန်တော် တို့ လိပ်ပြာကလေးလိုပဲ ဘယ်တော့မှ ပျံသန်းခွင့်ရမှာမဟုတ်တော့ဘူး ။
အခက်အခဲနဲ့ ရုန်းကန်လှုပ်ရှားမှုတိုင်းက ဘ၀ခရီးမှာ ကောင်းမွန်စွာ ဖြတ်သန်းဖို့အတွက် ကျွန်တော် တို့ကို ပေးတဲ့ခွန်အားတွေပဲဖြစ်တယ် ။
သက်တန့်ချို
Benefits of Struggling အား ဆီလျှော်သလိုဘာသာပြန်သည် ။

Wednesday, August 1, 2012
မျောက်ကလေးနဲ့သစ်သားပန်းသီးများ
မျောက်ကလေးနဲ့သစ်သားပန်းသီးများ

တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ် ။ သူ ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူ မောလာတဲ့အခါ အနားယူလို့ အဲဒီတောအုပ်ထဲမှာ ပဲ ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာတော့ သူဟာ မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်လာခဲ့တယ် ။ အဲဒီမှာ သူမြင်လိုက်ရတာက အရမ်း ကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့ ပန်းကန်လုံးကြီးကိုပေါ့ ။ သူက လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။
မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီးအနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ မရဘူး ။ ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရလောက်အောင်မာကြောနေတယ် ။ ပန်းသီးတွေ ဟာ တကယ်တော့ သစ်သားနဲ့ပြုလုပ်ထားတာဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။ တခြားမျောက် လည်း အဲဒီပန်းသီးတွေမြင်တဲ့အခါ အလုအယက်ပြေးယူဖို့လာကြတယ် ။ အဲဒီအခါ ပန်းသီးပိုင် ရှင် မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင် ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ် ။ ပန်းသီးတွေ က နေရောင်နဲ့ကြည့် တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင် လုပ်ပေးနေ တယ်လို့ မျောက် ကခံစားနေရတယ် ။ ပန်းသီတွေကိုပဲ သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေ တာကိုတောင် မေ့လျော့သွားခဲ့တယ် ။
သစ်သီးပင်တစ်ပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲကပန်းသီးတွေက လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့ အတွက်သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာ ကိုတောင် သူမချနိုင်ဖြစ်နေခဲ့တယ် ။ တကယ်တော့ သူ နားလည်း မနားရသလို သူ့ ပန်းသီးတွေကို တခြားမျောက်တွေလာလုယူမှာစိုးတဲ့အတွက် အချိန်တိုင်းကာကွယ်နေရတယ် ။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်က ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တောတလျှောက် မှာ လျှောက် သွားနေ ခဲ့ရတယ် ။
ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ် ။ သနားစရာကောင်းတဲ့မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက်စဉ်းစားတယ် ။ သူ မောနေပြီ -- သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ်တက်လို့ သစ်သီးတွေ သူ မခူးနိုင်တော့ဘူး သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေ နဲ့ပဲပြည့်နေခဲ့တယ် ။ အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ ?
သူ့လက်ထဲ သယ်ဆောင်ထားတဲ့ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ် ။ သူ အရမ်းလည်း ပင်ပန်းနေ ခဲ့ပြီး နောက်ဆုံး အသီးပင် ရောက်တဲ့အခါ အဲဒီအပင်က သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည်သဘောပေါက်သွားတယ် ။ သူ့လက်ထဲက သစ်သားနဲ့လုပ်ထားတဲ့ပန်းသီးတွေကို သူ မြေပြင်ပေါ် ပစ်ချလိုက် လို့ သူ့အစာအတွက် သစ်သီးပင်ပေါ်တက်သွားတယ် ။ သူ အခု ပြန်ပြီးပြုံးပျော်နိုင်ပါပြီ ။
----------------------------------------------------
မျောက်ကလေးလိုပဲ ကျွန်တော်တို့ဟာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို ကျွန်တော်တို့ ဘ၀တလျှောက် လုံး သယ်ဆောင်ထားကြတယ် ။ ပုံပြင်လေးရဲ့အဆုံးက ၂ ခုဖြစ်နိုင်တယ် ။ မျောက်ဟာ နောက်ဆုံး သစ်သီး ပင်အောက်မှာ သူ့ပန်းသီးတွေကို မစွန့်ပယ်နိုင်လို့ ရင်မှာ ပိုက်ရင်း သေပွဲ ၀င်သွားခဲ့တယ် ။ နောက်တစ်ခုကတော့ ကျွန်တော်အပေါ် မှာရေးခဲ့သလို ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ ပျော်ရွှင် မှုကို ရွေး ချယ်လိုက်တယ် ။ ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်တဲ့အသုံးမ၀င်တဲ့ သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ်စားနိုင်တဲ့ သစ်သီးပင်အောက်မှာ သေပွဲ ၀င်တယ်ဆိုတာ တကယ်တော့ မဖြစ်သင့် ဘူးမဟုတ်လား ။
ဒါဆို ကျွန်တော်တို့ဘ၀မှာရော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထားမိကြပါလိမ့် ။ စည်းစိမ် ဥစ္စာ တွေလား ၊ စိုးရိမ်ကြောင့်ကျမှုတွေလား ၊ စိတ်ပျက် ၀မ်းနည်းစရာတွေလား ၊ မာန်မာနတွေလား ၊ ဘွဲ့ထူးဂုဏ် သိမ်တွေလား တစ်ခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲ ကျွန်တော်တို့ေ လျှာက်သွားနေမိကြတယ် ။
“ လွှတ်ချသင့်တဲ့အရာကို လွှတ်ချသင့်တဲ့အချိန်မှာ လွှတ်ချနိုင်မှသာလျှင် တကယ့်ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားနိုင်လိမ့်မယ် ”
သက်တန့်ချို
The Monkey With The Wooden Apples အားဘာသာပြန်ခံစားသည် ။

Thursday, July 26, 2012
ကွတ်ကီးသူခိုး
ကွတ်ကီးသူခိုး

တစ်ညမှာ အမျိုးသမီးတစ်ယောက်က လေယဉ်စီးဖို့ လေဆိပ်မှာ စောင့်နေခဲ့တယ် ။ သူမ စီးရမယ့် လေယဉ် မပျံသန်း ခင် နာရီပေါင်းများစွာ စောင့်နေခဲ့ရတယ် ။ ဒါနဲ့သူမဟာ လေဆိပ်မှာရှိတဲ့စတိုင်းဆိုင်ကနေ ဖတ်ချင် တဲ့စာ အုပ်တစ်အုပ်ကို ၀ယ်ပြီး ကွတ်ကီးမုန့်တွေ ထည့်ထားတဲ့ အိတ်ကို သယ်လို့ ထိုင်ခုံတစ်ခုမှာ ထိုင်ချ လိုက်တယ် ။
သူမဟာ စာအုပ်ကို စစဖတ်ခြင်းပဲ အရမ်းကို စိတ်ဝင်စားသွားပြီး စာအုပ်ထဲ နစ်မျောသွားခဲ့ရတယ် ။ ဒါပေမယ့် ဘာတွေဖြစ်နေသလဲဆိုတာတော့ သူမ သတိထားမိလိုက်တယ် ။ အဲဒါကတော့ သူမဘေးခုံမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက အရှက်မရှိစွာ နဲ့ သူမနဲ့သူ့ကြားထဲက ကွတ်ကီးထုပ်ထဲကနေ ကွတ်ကီးတွေနှိုက် စားနေ တာတွေ့လိုက်ရတယ် ။ ဒါပေမယ့်လည်း မြင်ကွင်းကို လစ်လျှူရှုဖို့ သူမကြိုးစားခဲ့တယ် ။
ဒါကြောင့် သူမလည်း ကွတ်ကီးတွေကို အိတ်ထဲက ယူလိုက်စားလိုက် နာရီကိုကြည့်လိုက် စာဖတ်လိုက်လုပ်နေခဲ့တယ် ။ ကွတ်ကီးသူခိုးက လည်းနှိုက်စားနေတဲ့အတွက် ကွတ်ကီးထုတ်က တဖြည်းဖြည်း နည်းလာခဲ့တယ် ။ သူမ ပိုပြီး စိတ်တိုဒေါသထွက်လာခဲ့ပြီး စဉ်းစားလိုက်တယ် ။ “ အင်း ငါသာ သည်းမခံလိုက်ရင်တော့ ဒီလူ့မျက်လုံးတွေကို ထိုးဖောက်မိမှာပဲ ”
ဒီလိုနဲ့သူမကွတ်ကီးတစ်ခုယူစားရင် သူလည်းကွတ်ကီးတစ်ခုယူစားခဲ့တယ် ။ သူမလည်းရုတ်တရက် သူ့လက်ထဲ က ကွတ်ကီးကို လုယူလိုက်လိုက် ။ အမျိုးသားက အရမ်းကို အံ့သြသွားပြီး စိတ်လှုပ်ရှားသွားတယ် ။ အမျိုးသမီးက “ ဟင် သူဘာကြောင့်ဒီလောက်နေနိုင်တာလဲ ငါ့ကိုတောင်းပန်ဖို့တော့ကောင်းတာပေါ့ ” လို့တွေးမိလိုက်တယ် ။
သူမ သည်းခံနိုင်မှုကုန်ဆုံးပြီးတစ်ခုခု တုန့်ပြန်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ သူမစီးရမယ့်လေယဉ် ခရီးစဉ် ကိုကြေငြာ လိုက်တဲ့အတွက် ဖတ်လက်စ စာအုပ်ကို ခရီးဆောင်အိတ်ထဲ ထိုးထည့်လို့ သူမ သက်ပြင်းချ လိုက်ပြီးထထွက်လာခဲ့တယ် ။ သူမပိုင်ဆိုင်တဲ့အိတ်တွေ ကိုသယ်လို့ ဂိတ်ပေါက်ဝဆီလျှောက်လာခဲ့ပြီး ကွတ်ကီး သူခိုးရှိရာကို လှည့်မကြည့်တော့ပဲ ရှေ့ပဲ ခရီးဆက်ခဲ့တယ် ။
သူမ လေယဉ်ပေါ်ရောက်ခဲ့ပါပြီ ။ ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး စာအုပ်ကို ဆက်ဖတ်ဖို့ ခရီးဆောင်အိတ်ထဲက စာအုပ်နှိုက်ယူလိုက်တဲ့အခါ သူမ အရမ်းကိုအံ့အားသင့်သွားခဲ့ရတယ် ။ ဘာကြောင့်လည်းဆိုတော့ သူမ၀ယ်ခဲ့တဲ့ ကွတ်ကီးအိတ်ကို ခရီးဆောင်အိတ်ထဲ တွေ့လိုက်ရလို့ပါပဲ ။
----------------------------------------------------------
ဟုတ်ပါတယ် အမျိုးသမီးဟာ ကွတ်ကီးကို ၀ယ်ပြီး ခရီးဆောင်အိတ်ထဲ ထိုးထည့်လို့ ထိုင်ခုံမှာ ထိုင်ခဲ့တာပါ ။ ပြီးတော့ စာအုပ်ထဲ ဈာဉ်ဝင်သွားတဲ့အချိန်မှာ သူနဲ့ အမျိုးသားတစ်ဦးရဲ့ကြားထဲက ကွတ်ကီးထုပ်ကို သူ့ကွတ်ကီး လို့ ထင်ပြီး နှိုက်စားနေခဲ့တာပါ ။ တချိန်လုံး သူနှိုက်စားခဲ့တဲ့ ကွတ်ကီးတွေဟာ သူ ကွတ်ကီးသူခိုးလို့ထင်ခဲ့တဲ့ လူ ရဲ့ ကွတ်ကီးတွေဖြစ်လို့နေခဲ့တယ် ။
သူတပါးကို တစ်ခုခုစွတ်စွဲဖို့အတွက် ကိုယ့်ဖက်ကိုယ်ရော လုံခြုံပါရဲ့လားဆိုတဲ့မေးခွန်းကို ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ် ။ ဘာကြောင့်လည်းဆိုတော့ တခါတရံ ကိုယ်မှန်တယ်လို့ထင်နေ တဲ့အယူအဆ တစ်ခု ဟာ မှားနေတတ်ကြောင်းတွေ့ရတတ်လို့ပါပဲ ။ တစ်ခုခုကို မပြောခင် တစ်ခုခုကို မဆုံးဖြတ်ခင် အမှန်ဟုတ်ရဲ့ လားလို့ ပြန်လည်စဉ်းစားချင့်ချိန် ဖို့ အရမ်းကိုလိုအပ်ပါတယ် ။ စာဖတ်သူများလည်း သူများ ကွတ် ကီး ကို ကိုယ့်ကွတ်ကီးလို့ မထင်မိစေဖို့နဲ့ သူတပါးကို ရမ်းပြီးမစွပ်စွဲဖို့ အမှန်တရားကို စဉ်းစားချင့် ချိန် တတ်သော သူများဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ။
သက်တန့်ချို
Valerie Cox ရေးသားသော “A Matter of Perspective - A Cookie thief ” အားဘာသာပြန်ခံစားသည် ။

ဘာလို့များကိုယ့်ကိုယ်ကို သတ်သေချင်ရသလဲ ညီမငယ်

တရုတ်ပြည်က အမျိုးသမီးတစ်ယောက်က လက်ထပ်ပွဲ ၀တ်စုံကြီးနဲ့ ခုနှစ်လွှာမြင့်တဲ့တိုက် အပေါ်မှ ပြ တင်းပေါက် ကနေ ခုန်ချဖို့ကြိုးစားရင်းကိုယ့်ကိုယ်ကို သတ်သေဖို့ကြံစည်ခဲ့ပါတယ် ။ အကြောင်းရင်း ကတော့ သူနဲ့လက် ထပ်ပွဲလုပ်မယ့် အမျိုးသားက လက်ထပ်ပွဲကို ရုတ်တရက်ဖျက်သိမ်းခဲ့တဲ့အတွက်ဖြစ်ပါတယ်တဲ့ ။ ပုံမှာမြင်ရတဲ့ အတိုင်း ယောင်္ကျားတစ်ဦးက သူ့ကို ကယ်ဆယ်ခဲ့ပါတယ် ။ ဒီအဖြစ်လေးကို Almost Hit A billion ဆိုတဲ့ပေ့ခ်ျမှာ တင်ထားခဲ့ပါတယ် ။ ဒါလေးတွေ့ပြီးအောက်ပါ စာစုလေးကို ချရေးမိတယ် ။
- ဘယ်လိုကွဲ့  သေချင်သတဲ့လား -- ဘ၀ဆိုတာ နာရီပေါင်းဘယ်လောက်ရှိသလဲ မင်းသိသလား ညီမငယ် -- သေရုံနဲ့ သာအေး ချမ်းရကြေးဆို ငါ - လူတောင်မဖြစ်ချင်တော့ဘူး။
- ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့အရှုံးပေါင်းများစွာဆီကနေ ရင်မဆိုင်နိုင် လို့ ရှောင် တိမ်းခြင်းသာဖြစ်တယ် ။ ယောင်္ကျားတစ်ယောက်နဲ့လက်မထပ်လိုက်ရလို့ အဆိုးရွားဆုံးခံစားမှု ဆို ပါတော့
၁ ။ အရှက်တကွဲအကျိုးနည်းဖြစ်ခြင်း
၂ ။ အသိုင်းအ၀ိုင်းအလယ် မျက်နှာမဖော်လိုခြင်း
၃ ။ ယူကြုံးမရခြင်း
၎ ။ ပူလောင်သောကများခြင်း
၅ ။ စိတ်ဓါတ်ကျခြင်း
အဲဒီငါးချက်ကို ရင်မဆိုင်နိုင်လို့ ရင်မဆိုင်ရဲလို့ အသက်တစ်ခု ချုပ်ငြိမ်းအောင်ကြိုးစားတာ သူရဲဘောကြောင် သူတို့ လုပ်ရပ်သာဖြစ်တယ်ညီမငယ် ။
- ဘ၀ ရဲ့ တန်ဖိုး ဘ၀ရဲ့ အဆုံးသတ်ဆိုတာ သေခြင်းတရားလို့ပြောတာဟာ ခပ်ညံ့ညံ့လူတွေရဲ့ အတွေး အခေါ်ဖြစ်တယ် ။ ဘ၀ရဲ့ တန်ဖိုး ဆိုတာ ကိုယ်ဘ၀တစ်လျှောက်လုံးဘယ်လောက်ထိ တန်ဖိုးရှိရှိနေလာသလဲ ဘယ်လောက်ထိတောင် လူ့လောကအကျိုးသယ်ပိုးလို့ လူပီသစွာ နေနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး တိုင်းတာ တယ် ။ ဘ၀ရဲ့အဆုံးသတ်ဆိုတာ သေခြင်းတရားဆိုတာထက် ပိုနက်ရှိုင်းတယ်ညီမငယ် ။
- မင်းသေသွားယုံနဲ့ မင်းဘ၀ ငြိမ်းချမ်းသွားမယ်လို့ မင်းအာမခံနိုင်ပါသလား ။ မင်းမှာ ဆက်လျှောက်ရမယ့် သံသရာ ခရီးရှည်ကြီးရှိသေးတယ် ။ ဖြတ်သန်း၇မယ့် ဘ၀ပေါင်းများစွာ ရှိသေးတယ် ။ ပေးဆပ်ရမယ့် ၀ဋ်ကြွေးတွေရှိသေးတယ် ။ ကြောက်ဖို့ကောင်းတယ်လို့မင်းမထင်မိဘူးလား ညီမငယ် ။
- သာသနာနဲ့ကြုံတွေ့ရချိန် လူ့ဘ၀မှာ မင်း တန်ဖိုးရှိတဲ့အ နှစ်သာရနဲ့တရားဓမ္မကို မယူဆောင်နိုင်ရင် မင်းဟာ လူဖြစ်ရှုံးကြီး ရှုံးသူသာဖြစ်တယ် ။ ငယ်ငယ်တုန်းက ကိုယ်ကဗျာ စာကြောင်းလေးတွေရွတ်ပြချင်တယ် ။ “ ခွင့်သာ ခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင်ရှိသေးရဲ့လား ” ဆိုသလိုပေါ့ လူ့ဘ၀ဆိုတဲ့ မြင့်မြတ်တဲ့ လူသားဘ၀ ကို ပိုင်ဆိုင်နေပြီးကာမှ ဘာကြောင့်များ စိတ်ခံစားမှုတစ်ခု ၊ အချစ်အမုန်း ပူလောင်သောကတွေနဲ့အချိန်ကုန်ခံပြီး ဘ၀ရဲ့ အနှစ်သာရကိုမေ့လျော့နေရသလဲ ညီမငယ် ။
- သေခြင်းတရားဆိုတာ မင်းထင်နေသလို အဆုံးသတ်တစ်ခုမဟုတ်ဘူး ။ မင်းထင်နေ သလို ငြိမ်းအေး ရာမဟုတ်ဘူး ။ ဘ၀မှာ နေထိုင်ဖို့အချိန်စေ့လို့ တို့တွေ သံသရာမှာ နောက်ဘ၀တစ်ခုကို ကူးပြောင်းဖို့ တံခါးဝ တစ်ခုသာဖြစ်တယ် ။ မင်း ဒီဘ၀မှာ ဘာတွေကို ယူသွားနိုင်လို့ နောက်ဘ၀ကိုကူးမယ့် တံခါးကိုသွားချင်ရသလဲ ။
- အချိန်ကသိပ်နည်းတယ်ညီမငယ် -- ကုသိုလ်တရားနဲ့အကုသိုလ်တရားဟာ ကိုယ်သွားမယ့် သံသရာ တလျှောက် နောက် ကနေ အမြဲ ကပ်လိုက်ပါမယ့် အရိပ်တွေသာဖြစ်တယ် ။ မင်း မှာ အကုသိုလ်တွေ များရင်မင်း ငရဲရောက်မယ် မင်းမှာ ကုသိုလ်တွေများရင်မင်း ကောင်းတဲ့ဘုံဘ၀ကိုရောက်မယ် ။ မင်းအခုအချိန်ထိ ဘာတွေ များ လုပ်နေခဲ့သလဲ ပြန်ဆန်းစစ်ကြည့်ပါ ။

Monday, July 23, 2012
ဖြူစင်နက်ရှိုင်းခြင်းများစွာဖြင့် --- မေ

(၁)

(၁)
“ တိတ်စမ်းကွာ မေ မင်းယူခံချက်တွေကို ငါလက်မခံနိုင်ဘူး ငါက ခံစားချက်တဲ့လူ ကွ ငါ့မှာလည်း ငါ့လုပ်ပိုင်ခွင့်လေးအနည်းငယ်လောက်ရှိတယ်လို့ မင်းမထင်မိဘူးလား မင်း..ကွာ ” “ သိပါတယ် ကို ..ကို မေ့ကို ဘယ်လောက် ထိချစ်တယ်ဆိုတာ မေသိပါတယ် မေတို့ နှစ်ယောက်အတွက်အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာ ကိုသိလား ” တိုးတိတ်စွာ ပြောနေသော မေ့ကို ကြည့်ရင်း ကျွန်တော် ပြို ကျတော့ မတတ် ဖြစ်နေခဲ့ရတယ် ။ မေ ဆိုတာ ကျွန်တော့်အချစ်ဆုံး မိန်းမသားတစ်ဦး ဖြစ်သည်ဟု ကျွန်တော့်နှလုံးသားကို အထပ်ထပ်မေးနေစရာမလို ကျွန်တော် အတွက်ကျိန်းသေလွန်းနေသည် ။
“ မေ --နည်းနည်းလောက်ပြန်စဉ်းစားပါကွာ ဒီငွေက မေ့အတွက်ဘယ်လောက် အရေးကြီးပြီး အသုံးလိုတယ်ဆိုတာ ကိုယ်သိပါတယ် ကိုယ့်စကားကို ဒီတစ်ခါတော့နားထောင်ပေးပါကွာနော် ” “ မရဘူးကို --ကိုမေ့ ကို မစော်ကားနဲ့ ကို့ကို မေဘယ်လောက်ချစ်လဲဆိုတာ ကိုသိပါတယ် ကို အားလုံးထက် ပိုသိပါတယ် မေက ကိုယ့်အတွက် အရိပ်ကလေးပဲဖြစ်ချင်တယ် ရေကြည်တစ်စက်ပဲဖြစ်ချင်တယ် ကို့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဘယ်လိုအရာမျိုးကိုမဆို မေ လုပ်မှာမဟုတ်ဘူး ” “ တောက် !! မေရာ မင်းခေါင်း မာလိုက်တာ ” “ မတတ်နိုင်ဘူးကို အဲဒါ မေ ဆိုတဲ့မိန်းမသားတစ်ဦးရဲ့ ခံယူချက်ပဲ ကို့ကို တစ် ခုတော့ပြော ချင်တယ် မေ ကို့ကို ချစ်ခဲ့တယ်ဆိုတာ အရိုးသားဆုံးနဲ့ အနက်ရှိုင်းဆုံးချစ်ခဲ့တာပါ ကို့ကို အသည်းပေါက် မတတ်ချစ်တဲ့မိန်းမတစ်ယောက်ဆိုတာတော့ကို နားလည်ပေးပါ ကို့မှာမေ့ကို အချစ်ကလွဲလို့ ဘာမှပေး ပိုင်ခွင့်မရှိဘူး ”
ကျွန်တော် ဆက်မပြောချင်တော့ မေ့အခန်းထဲမှ ထွက်လာခဲ့သည် ။ အပြင်ဖက်မှာ မိုးက တိတ်ဆိတ်စွာ ပျင်းတိပျင်း ရွဲရွာကျနေသည် ။ လောကကြီးက ဒီလိုလည်းဖြစ်တတ်ပါလား ။ မိုးရေထဲမှာ ကျွန်တော် လမ်းလျှောက်နေရင်း ခြေလှမ်းတို့က ဘယ်ကိုလှမ်းနေမှန်းမသိ ။ ကျွန်တော့် အိတ်ထဲတွင် ငွေ ငါးသိန်းပါသည်။ ကျွန်တော် ဘာတွေ ဆက်တွေးမိလည်းမသိတော့ မိုးရေထဲခေါင်းငိုက် စိုက်ချလျှောက်လာ ရင်းကျွန်တော် သတိထားမိတဲ့အချိန် ကျွန်တော့်ရှေ့မှာ အရက်တစ်ခွက်ရှိနေသည် ။ အရက်ဆိုင်ထဲ ကျွန်တော်သတိလက်လွတ် ၀င်ခဲ့ခြင်းဖြစ်မည် ။ ရှေ့မှ အရက်ခွက်ကို မော့ချလိုက်သည် ။ ပြင်းရှပူလောင်သော အရေတွေက လည်ချောင်းတစ်လျှောက်စီးကျသွားသည် ။ ကျွန်တော့်ရင်ထဲကအပူက အရက်ထက်ပိုပူလောင်မှန်း ကျွန်တော် တစ်ယောက်သာ အသိဆုံးဖြစ်မည် ။ မိုးကလည်း အပြင်မှာ ပိုလို့တောင်သည်းလာသည် ။ မေ့ကို ကျွန်တော် စတွေ့ခဲ့ချိန်ကို ပြန်တွေးမိသည်။ အရာရာသည် ကြည်လင်ပြတ်သားစွာ ကျွန်တော့် ဦးနှောက်မှ ပုံရိပ်များအဖြစ် ထင်ကျန်ဆဲပင်ဖြစ်သည်။
(၂)
“ အဲဒါမေတဲ့ --- မင်းကပ်ကြည့်ပါလား ကျော် ” “ ဟာ ကွာ မင်းတို့ကလည်း ငါ့ကို ဘာထင်နေလဲ မင်းတို့အတင်းခေါ် လာလို့ ငါ ဘီယာ လိုက်တိုက်တာနော် ငါ့ဟာငါ တောင် အလုပ်က ပိနေလို့ စိတ်ညစ်ရတဲ့အထဲ ဒါတွေငါမစဉ်းစားချင်သေးပါဘူးကွာ ” “ ဟ ငကျော် မင်းကွာ -- မင်းဒီလောက်အလုပ်ပိနေလို့ စိတ်သက်သာ ရာရအောင် ငါတို့က အကြံပေးတာကို ကြည့်စမ်းမေ့ကို ဟို ဖက်စားပွဲဝိုင်းမှာ ထိုင်နေတယ် မေက ဒီဆိုင်မှာ star ကွ သူ့ကို လိုချင်လို့ကပ်နေသူတွေမှ အများကြီး ပြီးတော့ မေ့ အကြောင်းငါတို့အ ကုန်စုံစမ်းပြီး သွားပြီ မေက စားသောက်ဆိုင်မှာ သီချင်းဆိုတယ် ညဉ့်ငှက်မလေးဆိုပေမယ့် အပေါစားမဟုတ်ဘူးကွ မေတို့ကဆင်းရဲတယ် သူ့အဖေအမေ ဒုက္ခိတကြီးတွေကို သူတစ်ယောက်တည်း ခန္ဓာကိုယ်ရင်းပြီးလုပ်ကျွေးနေတာ မင်းသိလား မင်းလည်း သနားကြင်နာတတ်တဲ့ နှလုံးသားရှိပါတယ်ကွာ မင်းမေ့ကို ကူညီရာလည်းရောက်မင်းလည်း အပမ်းပြေ မကောင်းဘူးလား ” သူတို့ ဒီလောက်ညွှန်းနေမှတော့ မေ့ကို ကျွန်တော် ကြည့်မိလိုက်သည် ။ သူတို့ပြောသည်မှာ မလွန်ကြောင်း ကျွန်တော်၏ မှင်သက်ငေးမောကြည့်မိခြင်းက သက်သေခံရာရောက်သွားသည် ။မေ အရမ်းလှသည် ။ သူဘယ်လောက်လှကြောင့် ကျွန်တော် လည်းကဗျာ ဆရာမဟုတ်၍ မဖွဲ့တတ် ။ မျက်လုံးမျက်ဖန်နှင့် နီထွေးသော နှုတ်ခမ်းတို့က လိုက်ဖက်စွာ မာကြောသေသပ်သည့်မိန်းမတစ်ယောက်ဟု ကျွန်တော် မှတ်ချက်ချမိသည် ။ မေ့ရဲ့တစောင်းထိုင်နေသည့်အလှက ခန္ဓာကိုယ်အလှကိုပေါ်လွင်စေသည် ။ ထိုခြုံငုံကြည့်မိသည့် တခဏ ကျွန်တော့် စိတ်ထဲ ဘာကိုမှန်းမသိ နှမျော တသသည့် စိတ်များဝင်လာသည် ။အို.. ငါနဲ့ဘာဆိုင်လို့တုန်း ။ ကျွန်တော် ရှေ့မှ ဘီယာခွက်ကို မေ့ချလိုက်သည် ။
ကျွန်တော်၏ အမူအရာကို သူငယ်ချင်းများက ရိပ်မိသွားဟန်တူသည် ။ “ တစ်ခုတော့ပြောမယ်နော် ကျော် မင်းကို ငါတို့ မေ့ကို ပြပေးတယ်ဆိုတာက မင်းဘ၀တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံပစ်လိုက်ဖို့မဟုတ်ဘူးနော် မင်းအဲဒီလောက် မိုက်မဲတဲ့သူ မဟုတ်ဘူးတာလည်းငါတို့သိပါတယ် မင်းဘ၀ရဲ့ မွန်းကြပ်မှုတွေ အတွက် ခဏတာ အပမ်းဖြေယုံလောက် ဆိုတာ မင်းသဘောပေါက်ထားဖို့လိုတယ် ” ကျွန်တော် ဘာမှသူတို့ကို ပြန်မပြောမိဘူး ။ သူတို့စကားသံတွေကလည်း ကျွန်တော့်နားထဲ ၀င်လာလိုက် ထွက်သွားလိုက် ။ ပြီးတော့ အုပ်စုလိုက် ဘီယာသောက် စကားတွေဖောင်ဖွဲ့ပြောခဲ့ကြသည် ။ ကျွန်တော့်အမူအရာတွေ တိတ်ဆိတ်သွားပြီး ကျွန်တော်မိန်းမော သလိုဖြစ်နေတာကိုတော့ သူတို့ သတိထားမိဟန်မတူ ။ ဒီလိုနဲ့ ည ၁၁ ခွဲလောက် ကျွန်တော်တို့ ဘီယာဆိုင်မှ ထွက်ခဲ့ကြသည် ။ မေ့ကို လည်း တခြားသူတွေလို ရင်းနှီးအောင် အနားခေါ် ထိုင်ခိုင်းတာမျိုးကျွန်တော်မလုပ်ခဲ့ ။ မလုပ်ရက်ဆိုတာကပိုမှန်မည် ။
(၃)
ကားငှားရန် ကျွန်တော်တို့ အုပ်စု ဘီယာဆိုင်မှ ထွက်၍ လမ်းမပေါ်တက်ခဲ့ကြသည် ။ သိပ်ကြာကြာမလျှောက် ရသေး ။ ဓါတ်တိုင်အောက်မှ မြင်ကွင်းက သိပ်မလှ ။ အမျိုးသမီးတစ်ယောက်ကို အမျိုးသားသုံးယောက်က ထိကပါးရိကပါးလုပ်နေသည် ။ ရှင်းရှင်းပြောရလျှင် ဈေးငြှိနေကြခြင်းလား ဘာလား ကျွန်တော်လည်းမပြောတတ် ။ ရုန်းရင်း ဆန်ခတ်ဖြစ်နေကြသည်ကိုတော့ ကျွန်တော်မြင်လိုက်သည် ။ အမျိုးသမီးက ခါးခါးသီးသီးငြင်း ဆန်နေသည်ကိုလည်း ကျွှန်တော်တွေ့လိုက်သည် ။ ကျွန်တော်တို့ အနားရောက်သွားချိန် ထို အမျိုးသမီး မှာ မေဖြစ်နေကြောင်း ကျွန်တော်သိလိုက်သည် ။ သိလိုက်ရသိတခဏ အသံများဆူညံသွားကာ ဘာတွေဖြစ် ကုန်မှန်းကျွန်တော်သဲသဲကွဲကွဲမသိလိုက်တော့ ။ ထိုးကြကြိတ်ကြခြင်းလည်းဖြစ်နိုင်သည် ။ ကျွန်တော် အသိစိတ်ပြန် ၀င်လာချိန်တွင် မေက နံဘေးတွငိုနေသည် ။ ကျွန်တော့် သူငယ်ချင်းတွေက ဟို ၃ ကောင်နောက် ဆက်လိုက်သွားသည် ။ ကျွန်တော့်လက်တွင် သွေးတွေစိုရွဲနေသည် ။ ခေါင်းက မူးနောက်နေသည် ။ ခဏကြာတော့ သူငယ်ချင်းတွေပြန်ရောက်လာသည် ။ “ ငကျော် မင်းကွာ ဘာမပြောညာမပြောနဲ့ ဒီလောက် လုပ်ရလားကွ မသကာ လူသေသွားရင်ဘယ်လိုလုပ်မလဲ ငါတို့ကြည့်ရတဲ့လူတောင် ကြက်သီးထတယ် ” ကျွန်တော် ဘာမှပြန်မပြောမိ ။ မေ့ကို သာစူးစိုက်ကြည့်မိသည် ။ မေ့မျက်နှာကို အနီးကပ်ကြည့်မိ သည့်အတွက် မေ့မျက်ဝန်းတွေမှာ အရမ်းဖြူစင်လှကြောင်းအကြိမ်တစ်သန်းကြေး ကျွန်တော်လောင်းရဲသည် ။
ကျွန်တော့်လက်မှာ ဒါဏ်ရာနှင့်မို့ အိမ်ပြန်လို့မဖြစ် ။ ကျွန်တော့်မာတာ မိခင်က ကျွန်တော်ရန်ဖြစ်သည် သတင်းကြားလျှင် မိုးမီးလောင်သွားနိုင်သည် ။ ဒီတော့ အမေ့ကို သူငယ်ချင်းအိမ်မှာ အိပ်မည်ဟု ဖုန်းဆက်၍ ကျွန်တော်တို့အဖွဲ့ ဟော်တယ်သို့တစ်ညတာ အိပ်ရန် ထွက်ခဲ့ကြလေသည် ။ မေ က ကျွန်တော့်ဒါဏ် ရာတွေကို ဆေးထည့်ပေးသည် ။ ကျွန်တော်နာသည်ဟု မထင်မိ ။ လူက ထုံတုံတုံကြီးဖြစ်နေသည်ဟု ခံစားမိသည် ။ “ ဟို ဒီကလူကို တော့ အရမ်းအားနာပါတယ်ရှင် အရမ်းလည်းကျေးဇူးတင်ပါတယ် ” “ ကျွန်တော့်ကို ကျော်လို့ ခေါ်နိုင်ပါတယ် ” “ ဟုတ် အကို ကျော် သူတို့က ကျွန်မကို အတင်းလိုက်ခဲ့ဖို့ခေါ်တယ် ကျွန်မ ဒီနေ့လိုက် လို့မဖြစ်ဘူး အမေနေမကောင်းလို့ ကျွန်မ အမေ့အတွက်ဆေးဝယ်ပြီးပြန်ရမယ်လေ ဒီအလုပ်က ကျွန်မအလုပ်ဆိုပေမယ့် ကျွန်မလိုက်လို့မဖြစ်ဘူးအဲဒါကြောင့် ငြင်းဆန်ရင်းကနေ အခုလိုဖြစ်ကုန်ကြတာပါပဲ ” “ ရပါတယ် ” “ ဟို -- ကျွန်မ ဘာထပ်လုပ်ပေးရဦးမလဲ ဟို တစ်မျိုးမထင်ပါနဲ့နော် ဒါဏ်ရာသက်သာရဲ့လား ” “ဟုတ်ကဲ့သက်သာပါတယ် မေ အိမ်ပြန်တော့ ကျွန်တော်ရပြီ ဟေ့ ထွန်းဝင်း မေ့ကို ကားငှားပြီးအိမ်ပြန်ပို့ပေးလိုက်ပါကွာ ” “ အေးအေးသူငယ်ချင်း ” “ ကျေး..ကျေးဇူးတင်လိုက်တာအကိုရယ် အကို့ကျေးဇူးမမေ့ပါဘူး ” ဒီလိုနဲ့ ထိုတစ်ညက မေနှင့် ကျွန်တော်ဆုံစည်းခွင့်ရခဲ့သည် ။
(၄)
ကျွန်တော့်အတွေးတွေက ရှေ့မှ အရက်ခွက်ဆီပြန်ရောက်လာသည် ။ မေနှင့် ကျွန်တော်ဆုံဆည်းခဲ့ခြင်းက ချစ်ခြင်းတစ်ခုလား ကျိန်စာတစ်ပုဒ်လား ကျွန်တော်မသိချင်တော့ ။ သိဖို့လည်းမလိုအပ် ကျွန်တော်သတိ ထားမိချိန်တိုင်းမေ့ကို စူးနင့်စွာ ချစ်ခဲ့မိပြီဆိုတော့ ကျိန်းသေလွန်းသည် ။ အဲဒီတုန်းက ကျွန်တော်က ဘာမပြောညာ မပြောနှင့် ထိုလူသုံးယောက်ကို ထိုးကြိတ်ခဲ့သည်ဟုဆိုသည် ။ တစ်ယောက်ဆီမှ ဓါးနှင့်ပြေးလာသည်ကို ကျွန်တော်က မရှောင်ပဲ လက်နှင့်ကာကာ ပြန်ထိုးသည်ဟုဆိုသည် ။ ကျွန်တော် ထို အချိန်များတွင် အသိစိတ်မရှိဟု ထင်သည် ။ ကျွန်တော့်စိတ်ထဲတွင်မေ့ကို စော်ကားသော ထိုလူ၃ ယောက်ကို အမှုန့်ကြိတ်ပစ်ချင်စိတ်သာများနေသည် ။ လဲကျနေသော လူတစ်ယောက်ကို ကျွန်တော်သေလောက်အောင် ထိုးကြိတ်နေချိန်တွင် တခြားသူတစ်ယောက်မှ တုတ်နှင့်၇ိုက်ရန်ပေးလာရာ သူငယ်ချင်းများက ၀င်ကူပေး၍သာ ကျွန်တော် ကံကောင်းသွားရသည် ။ ထားလိုက်ပါတော့ မေ -- ကျွန်တော်ခင်ဗျားအကြောင်းတွေပဲတွေးပါရစေ စတင်ဆုံစည်းချိန်ဟာ အမှတ်တရဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ မေနဲ့ ရှိနေတဲ့အချိန်တိုင်းက အမှတ်တရချည်းပါပဲ ။ အဲဒီနောက်ပိုင်းမေနဲ့ကျွန်တော် ရင်းနှီးခဲ့ကြတယ် ။ ကျွန်တော်လည်းဘီယာ ဆိုင်ခဏ ခဏရောက်ခဲ့တယ်ဆိုပါတော့ ။ မေက ကျွန်တော့်ကိုပြောတယ် သူ့ကို ခင်တယ်ဆိုရင် ဘီယာဆိုင်ကို ခဏခဏ မလာပါနဲ့ပိုက်ဆံကုန်ပါတယ် လာစေချင်သည့်အချိန်နဲ့နေရာကိုသာချိန်းပါ သူ လာမည်ဟုဆိုသည် ။
တခါတခါ မေ့ဆီက ဘာကို လိုချင်တာလဲဟု ကျွန်တော် စဉ်းစားမိသည် ။ ခန္ဓာကိုယ်လား လိင်ဆန္ဒသွေး သားတောင့်တမှုလား ဂရုစိုက်မှုလား တစ်ခုမှမဟုတ် မေ့ဆီက ကျွန်တော် ဘာမှမလိုချင်ဟု ကျွန်တော် သိလိုက်ရသည့်ခဏ ကျွန်တော့်ခန္ဓာကိုယ်အေးစက်သွားခဲ့ရသည် ။ ဒါဆိုမေ့ကို ကျွန်တော်ဘာလို့ချစ်ခဲ့ရတာလဲ ။ ဟင့်အင်းအချစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူးမဟုတ်လား ။ မေဟာ လူတကာ တံတွေးနဲ့ထွေးချင်တဲ့ အကျင့်ပျက်မဆိုပါတော့ ဒါပေမယ့် မေဟာ ပိုင်းလုံးမဟုတ်ဘူး ။ ချူမစားတတ်ဘူး ။ သူ့လုပ်အားခ ခန္ဓာကိုယ်ရင်းရငွေထက်ပိုမယူဘူး မေစည်းကမ်းကြီးတာ ကျွန်တော်အသိဆုံးဖြစ်သည် ။ မေက ကျွန်တော့်ကို အရှင်းဆုံးပြောထားသည် ။ ကျွန်တော်လိုအပ်တာမှန်သမျှ သူတတ်နိုင်တာအ ကုန်ပေးမည် ခန္ဓာကိုယ်ကအစ ဘ၀ တစ်ခုလုံးအဆုံးပေါ့ ဒါပေမယ့် ကျွန်တော့်ဖက်က ငွေတစ်ကျပ်မှစ၍ မည်သည့်အရာမှ ပေးပိုင်ခွင့်မရှိ ချစ်ခြင်းတစ်ခုနဲ့တင် သူ့ဘ၀ တစ်ခုလုံးလုံလောက်သည်ဟုဆိုသည် ။ မေ့ကို ကျွန်တော်ဘယ် လိုနားလည်ရမှန်းမသိ ။ မေ က အတော်ခေါင်းမာသည် ။
(၅)
အမေ ဆေးရုံတင်ရမယ် အကို ဆိုတဲ့စကားကြားတော့ သူနဲ့ရင်းနှီးဖြူစင်စွာ ပတ်သတ်ခဲ့သည် ကျွန်တော်စိတ်မပူပဲနေပါ့မလား ။ ဒီနေရာမှာ ဖြူစင်ဆိုတဲ့စကားကိုသုံးမိလို့ မအံ့သြလိုက်ပါနဲ့ ။ ကျွန်တော်မေ့ လက်ကလေးမှ လွဲ၍ မေ့ နှုတ်ခမ်း မေ့ပါးပြင်မှ မနမ်းဖူးပါ ။ မနမ်းရက်၍သာဖြစ်သည် ။ မေနှင့်ကျွန်တော် ဆိတ်ကွယ်ရာ များတွင် အကြိမ်ပေါင်းများစွာ အတူရှိဖူးသည် ။ ဒါပေမယ့် မေ့ကို လွန်ကြူးဖို့နေနေ သာသာ မေနဲ့အတူရှိနေချိန်တိုင်းရင်ခုန်သံတွေမြန်လာပြီး လူတစ်ကိုယ်လုံးအေးစက်လာလွန်း၍ ကျွန်တော် အနား သိပ်မကပ်ရဲ ။ မေ့ကို ကျွန်တော်အသည်းပေါက်မတတ်ချစ်သည် ။ မေ့ကို ကျွန်တော် တတ်စွမ်းသလောက်ကူညီချင်သည် ။ ကျွန်တော်နှင့်မေ စသိကတည်းကစ၍ ကျွန်တော့်ပိုက်ဆံ တစ်ပြားတစ်ချပ် မှ မေမသုံးခဲ့။ ယုတ်စွအဆုံး အအေးဆိုင်ထိုင်၍ အအေးဖိုးရှင်းလျှင်ပင် မေက ၂ ယောက်စာရှင်းသည် ။ ကျွန်တော်အတင်းပြောလျှင် သူ့ဖို့သူရှင်းပြီး ထထွက်သွားတတ်သည် ။ ဘယ်လိုနားလည်ရမှန်းမသိတော့ ။ တချို့က အပုပ်ချပြောသည်များလည်းရှိသည် ။ မေက ကျွန်တော့်ကို ချူစားနေသည်တဲ့ ။ မေ--ချူစားလား မချူစားလား ကျွန်တော်အသိဆုံးပင်မဟုတ်ပါလား ။ ဒီတခါ မေ့ ရဲ့ မိခင်ဆေးရုံတက်ဖို့လိုသည်ဆိုတော့ ကျွန်တော် ကူညီချင်သည် ။ မေ့မှာ ၀င်ငွေမကောင်းမှန်းကျွန်တော်သိသည် ။ ကျွန်တော်နှင့်စတွေ့ ကတည်းက မေက သီချင်းဆိုခြင်းတစ်ခုသာလုပ်တော့သည် ။ ညဖက်ခေါ်လျှင် မလိုက်တော့ ။ ကျွန်တော့်ကို အားနာ၍ဖြစ်သည်ဟုလည်းပြောတတ်သည် ။ ဘာကြောင့်မှန်းကျွန်တော်မသိ ။ အမှန်ဆို မေသူ့အလုပ် သူလုပ်တာ ကျွန်တော်ဘာမှပြောစရာမရှိ ။ ရွံ့စရာလည်းမရှိ ။ တိုက်ခန်းကြီးပေါ်တွင် လင်ငယ်နေပြီး ဖဲရိုက် အရက်သောက်ကာ ပျက်ဆီးနေသော အထက်တန်းလွှာ မိန်းမများထက်စာလျှင် မေ့လို မိဘကို ခန္ဓာကိုယ်ရင်း၍ လုပ်ကျွေးသော အလုပ်ကပို၍ မြတ်သည်ဟု ကျွန်တော် တခါတရံတွေးမိသည် ။
မေ့ဆီ ကျွန်တော် ငွေငါးသိန်းယူ၍ ရောက်လာခဲ့သည် ။ မေက လက်မခံ ခါးခါးသီးသီးငြင်းဆန်ခဲ့သည် ။ ဆေးရုံစရိတ် စကနှင့် ထွေလီကာလီ ငွေဘယ်လောက်ကုန်မှန်း ကျွန်တော်နားလည်သည် ။ ကျွန်တော် ဘာကို မှ ဆက်မတွေးချင်တော့ပါဘူး ။နောက်ဆုံး အရက်ခွက်ကိုမော့ချပြီး ကျွန်တော် အိမ်ကို ပြန်လာခဲ့တယ် ။ မိုးကလည်း အဲဒီနေ့က အရမ်းကို သည်းလွန်းနေခဲ့ပါတယ် ။
နိဂုံး
အရက်ဆိုင်က ပြန်လာပြီးတော့ ကျွန်တော် အသည်းအသန်ဖျားနေခဲ့တယ် ။ နမိုးနီးယားဆိုလား အအေးမိပြီး အဆုတ်ယောင်တာတဲ့ ။ ကျွန်တော် တစ်ပတ်လောက်တော့ အပြင်မထွက်ဖြစ် မေ့ဆီလည်းမရောက်ဖြစ် ။ မေ အဆင်ပြေရဲ့လား မေ့မိခင်ရော ဆေးရုံတင်ရသည် ဆိုတာ အဆင်ပြေရဲ့လား မေ့ရဲ့ဘ၀လေး ဘယ်တော့မှအေး ချမ်းပါ့မလဲ ။ မှန်တာပြောရလျှင်မေ့ကို ကျွန်တော် လက်ထပ်မည်ဖြစ်သည် ။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာ လူနှစ်ဦးပေါင်းစပ်ခြင်းဟု သာမန်ရိုးရိုးတွေးသည့်အထဲတွင်ကျွန်တော်မပါ ။ ကျွန်တော်တို့လက်ထပ်ဖို့ ကျွန်တော့် အသိုင်း အ၀ိုင်း တစ်ခုလုံးကို ဆန့်ကျင်ရလောက်သည့်အထိ ကျွန်တော့်မှာ အချိန်ယူဖို့လိုသည် ။ မေကတော့ ခါးခါးသီး သီးငြင်းဆန်မှာသေချာသည် ။ မဖြူစင်တော့သည့် ခန္ဓာကိုယ်ကို ကျွန်တော့်ကို မပေးချင်ဟု သူခဏခဏ ပြောဖူးသည် ။ တခဏတာ ပျော်ရွှင်ရဖို့အတွက်ဆို အချိန်မရွေး သူ့ဖက်က ကို့အတွက် အဆင်သင့်ပါဟု မေ ခဏခဏပြောဖူးသည် ။ ကျွန်တော့်အတွက် ဘာမှ အရေးမကြီး မေ့ကို ကျွန်တော် လက်တွဲကာ ရင်ဆိုင် သွားဖို့သာ စိတ်ကူးရှိသည် ။ ကျွန်တော်မေ့ကို သတိရစိတ်က ထိမ်းမရနိုင်တော့ အဖျားပျောက်နေပြီလား မပျောက်သေးဘူးလား ကျွန်တော်မတွေးမိတော့ မေ့အိမ်ကလေးသို့ ကျွန်တော်ထွက် လာခဲ့တော့သည် ။ တစ်ပတ်လောက် ကြာသွားသည်ဆိုသော်လည်း ဒီလမ်းကလေးက ကျွန်တော့်အတွက် အရင်လိုပါပဲ ။ ဘေးအိမ်ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း ကျွန်တော့်ကို စပ်စုကြသည်ထင်သည် ။ ရှိပါစေ လူ့သဘာဝအတိုင်းပေါ့မေ သူတို့ မေနဲ့ကို့ကို ဘယ်လောက်ကဲ့ရဲ့နိုင်မှာတဲ့လဲ ။
မေ့အိမ်ရှေ့ကိုရောက်တော့ ကျွန်တော့်ခြေလှမ်းတို့ တုံ့ကနဲရပ်သွားရသည် ။ အိမ်တံခါးကို သော့ ခတ်ထားသည် ကို တွေ့လိုက်ရသည် ။ မေ-- မေ --အော် မေ ဆေးရုံများရောက်နေမလား ။ ကျွန်တော်မေ့ ဘေးအိမ်က အဒေါ်ကြီးကိုမေးမိသည် ။ “ အန်တီ ဒီအိမ်က မေနဲ့ သူ့ မိဘတွေ ဘယ်သွားလဲသိလားခင်ဗျ ” “ အော် မောင်ရင် အင်း မင်းမလာတာ တစ်ပတ်လောက်ရှိပြီမဟုတ်လား အင်းလေ တစ်ပတ်ဆိုတဲ့အချိန်ကလည်း ကိစ္စတော်တော်များများကိုပြောင်းလဲပစ်နိုင်တာပဲလေ -- မေ့ရဲ့ အမေ ဖျားပြီး ၂ ယောက်လောက်ပဲ အစာအိမ်သွေး အန်ပြီး ဆေးရုံပေါ်မှာ ဆုံးသွားတယ် ကျန်ခဲ့တဲ့ အဖေဒုက္ခိတကြီးကို မေက ခေါ်ပြီး ဒီအိမ်လေးကို ပြန်အပ်ခဲ့တယ်ကွဲ့ သူမောင်ရင် လာရင်ဖတ်ဖို့ဆိုလား စာအိတ်တစ်အိတ်ပေးခဲ့တယ် ခဏနော် အဒေါ်သွားယူပေးမယ် ” ကျွန်တော် မတ်တပ်ရပ်နေတဲ့နေရာမှာ မလှုပ်မယှက်ရပ်နေမိတယ် ။ ခဏကြာတော့ အဒေါ်ကြီးပြန်ထွက်လာပြီး ကျွန်တော့် လက်ထဲ စာအိတ်တစ်အိတ်လှမ်းပေးခဲ့တယ် ။ စာအိတ်က ကျွန်တော်နှစ်သက်တဲ့အေ၇ာင် အပြာရောင်ကလေးပါပဲ ။ စိတ်အိတ်ပြာပြာလေး ထဲမှာ မေဘာတွေ များရေးထားမလဲ ကျွန်တော် အလောတကြီး သိချင်စိတ်နဲ့ဖွင့်ဖတ်မိလိုက်တယ် ။
“ ကို --
အမေ ဆုံးသွားတယ် ကွယ် အဖေ့ကို မေ ဆက်လက်ပြုစုစောင့်ရှောက်ဖို့မေ့မှာ တာဝန်ရှိတယ်လေ ကို့ကိုလည်း ၀န်ထုပ်ဝန်ပိုး ဒုက္ခမဖြစ်စေချင်ပါဘူး ကိုတစ်နေ့ကျရင် မေ့ကို လက်ထပ်မယ်လို့ပြော မှာမဟုတ် လား မေသိပါတယ်ကွယ် ဒါပေမယ့်ကို့ကို မေလက်မထပ်နိုင်ဘူးလေ ဘာကြောင့်လည်းမမေးပါနဲ့ ကို အိမ်ထောင်ပြု တယ်ဆိုတာ လူနှစ်ဦး ပေါင်းစည်းခြင်း သက်သက်မဟုတ်ဘူးကို -- အသိုင်းအ၀ိုင်းတွေပါ ပါတယ်လေ ကို့အသိုင်းအ၀ိုင်းကို မေ့ကိုချစ်တဲ့စိတ်နဲ့ ကို ဆန့်ကျင်ရမှာ မေမလိုမလားဘူး ကို ဘယ်သူံ့ကို မှ ဒူးမထောက်ရဘူး အထူးသဖြင့် မေဆိုတဲ့မိန်းမတစ်ယောက်အတွက်နဲ့ကို့အချိန်တွေအများကြီး ကုန်နေခဲ့ရ တာ မေအား နားနေမိတယ် နောက်မဖြစ်စေရပါဘူးကိုရယ် မေ လေ --ကို့ကို သိပ်ချစ်တယ်သိလား ကို့ကိုသိပ်ချစ် လွန်းလို့ပဲ ကိုနဲ့ အဝေးဆုံးကို မေ ထွက်သွားခဲ့ပါပြီ မေ့ ကိုကိုလိုက်မရှာပါနဲ့နော် ရှာလည်းတွေ့မှာမဟုတ်ဘူးလေ ဘာလို့လည်းဆိုတော့ မေက ပုန်းနေတဲ့သူပဲ ကိုး မေလေ ကို့အနားမှာတော့ အမြဲရှိနေမှာပါကို့ရဲ့အရိပ်ကလေးတစ်ခုအဖြစ်နဲ့ပေါ့ ကို အချိန်တန်ရင် ကိုနဲ့သင့်တော်မဲ့ အမျိုးသမီးတစ်ယောက် နဲ့အိမ်ထောင်ပြုလိုက်ပါနော် တစ်ချိန်က ဖြူစင်စွာ ပတ်သတ်ခဲ့ဖူးတဲ့ေ မဆိုတဲ့ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ကို ကို့နှလုံးသားနဲ့ဦးနှောက်ထဲကနေ ထုတ်ပစ်လိုက်ပါကွယ် --
မေ့အတွက်တော့ ဘ၀မှာ အရေးအကြီးဆုံးနဲ့ အသိစေချင်ဆုံးက တစ်ခုပဲရှိတယ်
ကို့ ကို မေ သိပ်ချစ်တယ်
မေ ”
ဒါပါပဲ -- အရာအားလုံးပြီးဆုံးသွားပြီလို့ သိလိုက်ရချိန် ကျွန်တော့်လက်ထဲမှာ စာရွက်ကလေးရှိမနေတော့ဘူး ကျွန်တော့် အသိစိတ်ဟာလည်း ကျွန်တော့်ခန္ဓာကိုယ်မှာ မရှိနေတော့ဘူး ။ ကျွန်တော် ဘယ်အရာကိုမှ လည်းသဲသဲကွဲကွဲမမြင်ရတော့ဘူး ။ ကျွန်တော့် မျက်ဝန်းမှာ မျက်ရည်တွေစီး ကျနေတယ်ဆိုတာတော့ ကျွန်တော် သတိထားမိလိုက်ပါတယ် ။
ရှိစေတော့မေ --
ထားပါတော့ကွယ် ထားပါတော့ ---
ချစ်ခဲ့တယ်ဆိုလည်းထားပါတော့
မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုကိုမှ ဥာဉ့်နက်သန်းခေါင်ထမက်ခဲ့မိသတဲ့လား
သွားမယ်ဆိုလည်း -- ငါမမြင်နိုင်တဲ့နေရာဆီ
ထားမယ်ဆိုဆိုလည်း -- ငါမလိုက်နိုင်တဲ့နေရာဆီ
မေ --
ကောင်းကင်ထက်က ကြယ်တွေငါ့ကို လှောင်ပြုံးပြုံးတယ်
သူတို့အပြုံးကို ငါ သိပ်မုန်းတယ် မေရယ်
မင်းငါ့ကို ဘယ်လောက်ချစ်သလဲ သူတို့မသိဘူး
ငါမင်းကို ဘယ်လောက်ချစ်သလဲ သူတို့မသိဘူး
ရှိပါစေတော့မေရယ်
တခဏတာ ဆုံစည်းခွင့်လေးတစ်ခုကိုပဲ မက်မောစွာ ငါသိမ်းဆည်းလို့
ဆုလာဘ်တစ်ခုလို့ မှတ်ထင်ထားတယ်
ခြားသွားခဲ့တဲ့ ကမ္ဘာနှစ်ခြမ်းမှာ
မင်းရယ်ငါရယ် ---- မြတ်နိုးတွယ်တာခြင်းရယ်
ဟိုးအဝေးမှာ တစစီပြန့်ကျဲလို့ မေရယ်
ဘာရယ်မဟုတ်ခဲ့ပါဘူးကွယ် --
မိုးကလည်း သည်းလွန်းနေခဲ့တယ် ။

Friday, July 20, 2012
အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ
အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ

ဆရာမ က ကျောင်းသားတွေကို ဂိမ်းတစ်ခုကစားဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။
ကျောင်းသားတစ်ယောက်ဆီကို အတန်းထဲကို အာလူးအနည်းငယ်ပါတဲ့အိတ်တစ်အိတ်စီ သယ်ဆောင် လာကြဖို့အ တွက် ဆရာမက ကျောင်းသားတစ်ဦးဆီကိုပြောလိုက်တယ် ။ အာလူးတစ်ဦးဆီမှာ သူတို့မုန်းတဲ့သူ ငယ်ချင်းတွေနာမည်ကိုရေးခိုင်းလိုက်တယ် ။ ပလပ်စတစ် အိတ်ထဲမှာ အာလူးဘယ်လောက် ပါလာမလဲ ဆိုတာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သူတို့လူဘယ်နှစ်ယောက်ကို မုန်းနေလဲဆိုတဲ့အပေါ် မူတည်ပါတယ် ။
ဂိမ်းကစားတဲ့နေ့ရောက်တဲ့အခါ ကျောင်းသားတိုင်းက သူတို့မုန်းတဲ့လူနာမည်တွေရေးထားတဲ့ အာလူး တွေကို အိတ်ကလေးတွေထဲထည့်ပြီးယူဆောင်လာကြတယ် ။ တချို့က အာလူး ၂လုံးပါတယ် တချို့ကတော့ အာလုံး ၃ လုံးပေါ့ တချို့ဆို အာလုံး ငါးလုံးအထိတောင်ပါလာခဲ့တယ် ။ ဆရာမက ကျောင်းသားတွေကိုပြောလိုက်တယ် ။
“ တပည့်တို့ အခုပါလာတဲ့အာလူးတွေထည့်ထားတဲ့အိတ်ကလေးတွေကို တစ်ပတ်တိတိ တပည့်တို့ဘယ်ကို သွားသွား ယူသွားရမယ် နောက်ဆုံးအိမ်သာထဲသွားရင်တောင် ဒီအိတ်ကလေးကိုယူသွားရမယ် ” လို့မှာကြား လိုက်တယ် ။
ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့တယ် ။ ကျောင်းသားတွေက အချိန်ကြာလာတော့ ပုပ်အက်လာတဲ့ အာလူးတွေကြောင့် မနှစ်မြို့စရာ အနံ့တွေကို စတင်ပြီး စောဒက တက်လာခဲ့ကြတယ် ။ ဒါ့အပြင် အာလူးငါးလုံးယူလာတဲ့ကျောင်းသားဆိုရင် အိတ်ကြီးကြီး သယ်ရတဲ့အတွက် အဆင်မပြေဘူးဖြစ်နေခဲ့တယ် ။ တစ်ပတ်ပြီးတဲ့ အခါ ကျောင်းသားတွေသက်သာခွင့်ရသွားကြတယ် ။ ဘာလို့လည်းဆိုတော့ သူတို့ကစားပွဲ ကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ဖြစ်တယ် ။
ကျောင်းသားတွေက သူတို့ကြုံရတဲ့ဒုက္ခတွေအတွက် မချင့်မရဲဖြစ်ပြီး ပြဿနာတွေကို စောဒကတက်ခဲ့ကြတယ် ။ ဒီလို လေးလံပြီး အနံ့အသက် မကောင်းတဲ့အိတ်ကြီးကို သူတို့ ဘယ်နေရာသွားသွား သယ်ဆောင် သွားရတယ်ဆိုတာကိုပေါ့ ။
ဆရာမက ကျောင်းသားတွေအားလုံးကိုစုဝေးစေပြီး အခုပြီးဆုံးသွားတဲ့ကစားပွဲရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ကိုပြောပြခဲ့တယ် ။
“ တပည့်တို့ အာလူးတွေအပေါ်မှာ ကိုယ်မုန်းတဲ့သူနာမည်ကို ရေးထွင်းခိုင်းခြင်းဟာ တပည့်တို့ နှလုံးသားထဲမှာ တပည့်တို့ မုန်းနေတဲ့ လူတွေရဲ့ နာမည်တွေအကြောင်းအရာတွေကို ထည့်သွင်းထားခြင်းနဲ့တူတယ် ။ အာလူးတွေကို တပည့်တို့သွားလေရာ အိတ်နဲ့ထည့်ပြီးသယ်ဆောင်သွားရသလို တပည့်တို့ မုန်းနေတဲ့ လူတွေကို တပည့်တို့က နှလုံးသားထဲထည့်ပြီးသယ်ဆောင်သွားကြတယ် ။ အချိန်ကြာလာတော့ အာလူးတွေကပုပ်ပြီး ဆိုးရွားတဲ့အနံ့တွေထွက်လာသလို တပည့်တည်းလည်း ကိုယ်သူတပါးအပေါ် ထားရှိတဲ့အမုန်းတွေကြောင့် အပုပ်နံ့တွေ ထွက်ပြီးနှလုံးသားတွေက မဖြူစင်ကြတော့ဘူး ။ တစ်ပတ်အတွင်းမှာတောင် တပည့်တို့အာလူး ပုပ်တွေရဲ့ဆိုးရွားတဲ့ရနံ့တွေကို ခံခဲ့ကြရတယ်မဟုတ်လား ။ ဒါဆို နှလုံးသားထဲ ထည့်သွင်းမိတဲ့အမုန်းတွေကို ဘာကြောင့်များ တစ်သက်လုံးသယ်ဆောင်သွားကြမလဲ ။ တစ်ပတ်ပြီးနောက်အာလုံးတွေကို ပစ်လိုက်ရတဲ့အခါ ရရှိလာတဲ့ ပေါ့ပါးလန်းဆန်းမှုမျိုးကို တပည့်တို့ပြန်တွေးကြည့်ကြပါ ။ ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးသလဲ ။ ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်နှလုံးသားကို ၀န်ထုပ်ဝန်ပိုးဖြစ်ပြီးပုပ်စော်နံမှု မဖြစ် ပါစေနဲ့”
---------------------------------------------------------
ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်ကိုယ်ကို ၀န်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့ ။ အာလူးပုပ်တွေကို လွှင့်ပစ်လိုက်သလို သင်လည်း အမုန်းတွေကို စွန့်ပစ်လိုက်ပါ ။ သင်သာမစွန့်ပစ်နိုင်ခဲ့ရင် သင်ဘယ်သွားသွား အဲဒီအမုန်းတွေကို သင့်နှလုံးသားကသယ်ဆောင်သွား၇လိမ့်မယ် ။အ ချိန်ကြာလာတဲ့အခါ အာလူးတွေပုပ် သွားသလို သင့် နှလုံးသားမှာလည်းအမုန်းတွေကြောင့် မာကြောခက်ထန်မှုတွေနဲ့ ပူလောင်မှုတွေ သာကြုံတွေ့ ရလိမ့်မယ် ။
ဒီနေ့ကစပြီး
သင့်ရဲ့ အမုန်းတွေထည့်ထားတဲ့ နှလုံးသားကို စွန့်ပစ်လိုက်ပါ စာဖတ်သူ ။
သက်တန့်ချို
The Game အား ဘာသာပြန်ခံစားသည် ။

Saturday, July 14, 2012
ကော်ဖီစေ့လိုလူ
ကော်ဖီစေ့လိုလူ

တစ်ခါတုန်းကပေါ့ ။ ကောင်မလေးတစ်ယောက်က သူ့မိခင်ဆီသွားပြီး သူမဘ၀ အကြောင်း အရာအားလုံးဟာ သူမအတွက် ခက်ခဲပြီး ပြဿနာမျိုးစုံကြုံတွေ့နေရကြောင်းသွားပြောခဲ့တယ် ။ ဘယ်လို ဖြေရှင်း ရမှန်းလည်းမ သိခဲ့သလို အခုအချိန်မှာ အရာရာကို အရှံပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကိုပြောဆိုခဲ့တယ် ။ အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက်ရန်မူလိုစိတ်နဲ့ ရုန်းကန်လှုပ်ရှားလိုစိတ်တွေသာ ပြည့်နေဲ့တယ် ။ ပြဿနာ တစ်ခုဖြေရှင်းလို့မပြီးခင်မှာပဲ နောက်ပြဿနာတစ်ခုက သူမကို အသင့်စောင့်ပြီးကြိုနေတတ်တယ် ။
သူမမိခင်က အဲဒီအကြောင်းတွေကြားရတဲ့အခါ ကောင်မလေးကို မီးဖိုချောင်ထဲခေါ်ဆောင်သွားခဲ့တယ် ။ မိခင်က အိုးသုံးလုံးထဲမှာ ရေထည့်ပြီး မီးပြင်းပြင်းအပေါ်မှာ တင်လိုက်တယ် ။ မကြာခင်မှာ အိုးတွေက ဆူပွက်လာခဲ့တယ် ။ ပထမဆုံး အိုးမှာ မိခင်က မုန်လာဥတွေထည့်လိုက်တယ် ။ ဒုတိယအိုးမှာ ကြက်ဥတွေထည့်လိုက်တယ် ။ နောက်ဆုံး တတိယအိုးမှာတော့ ကော်ဖီစေ့တွေထည့်လိုက်တယ် ။ ပြီးတော့ အိုး၃ အိုးစလုံးဆူပွက်နေတဲ့အထိ သူမမိ ခင်က ကောင်မလေးကို ဘာစကားမှ မပြောစေပဲ ထိုင်ကြည့်နေစေခဲ့တယ် ။ မိနစ် ၂၀ လောက်ကြာပြီး တဲ့အခါ မီးဖိုတွေကို ပိတ်ပစ်လိုက်တယ် ။ မုန်လာဥတွေကို ဆယ်ယူပြီး ပန်းကုန်လုံး အလွတ်တစ်ခုထဲထည့်တယ် ။ ကြက်ဥတွေကိုလည်း အပြင်ကို ဆယ်ထုတ်လိုက်တယ် ပြီးတော့ ပန်းကန်လုံးအလွတ်ထဲထည့်တယ် ။ ဟင်းခတ်တဲ့ယောက်ချိုဇွန်းနဲ့ ကော်ဖီတွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲထည့်လိုက်တယ် ။ ပြီးတော့ မိခင်က သမီးဖြစ်သူကောင်မလေးဖက်လှည့်ပြီးမေးလိုက်တယ် ။ “ သမီးဘာမြင်လဲ မေမေ့ကိုပြော ”
“ မုန်လာဥ ၊ ကြက်ဥ နဲ့ ကော်ဖီ ” လို့ ကောင်မလေးပြန်ဖြေတယ် ။
မိခင်က ကောင်မလေးကို နီးကပ်စွာ ခေါ်ယူလိုက်ပြီး မုန်လာဥတွေကို ကိုင်ကြည့်ဖို့ပြောတယ် ။ ကောင်မလေးက ကိုင်ကြည့်ပြီးပျော့ပျောင်းနေတယ်ဆိုတာ ခံစားမိလိုက်တယ် ။ ပြီးတော့မိခင်က ကောင်မလေးကို ကြက်ဥကို ကိုင်ခိုင်းပြီး ခွာ ခိုင်းတယ် ။ အခွံကိုခွာပြီးတဲ့အခါ ပြုတ်ထားတဲ့မာကြောသော ကြက်ဥကိုတွေ့လိုက်တယ် ။ နောက်ဆုံး မိခင်က ကော်ဖီကို တစ်ငုံလောက် သောက်ဖို့ပြောခဲ့တယ် ။ ကောင်မလေးကပြုံးပြီးကော်ဖီကို စမ်းသပ်ပြီးသောက်တဲ့အခါမွှေးကြိုင်တဲ့ ရနံ့တွေရှိတယ်ဆိုတာ သတိပြုမိခဲ့တယ် ။ ကောင်မလေးက မိခင် ကိုမေးတယ် ။ “ အဲဒါဘာကိုဆိုလိုတာလဲဟင် အမေ ”
မိခင်က ဒီပစ္စည်းသုံးမျိုးကို လက်ရှိ အရှိတရားပေါ်မူတည်ပြီး ရှင်းပြခဲ့တယ် ။
“ ဒီအရာ ၃ ခုလုံးက ဆူပွက်နေတဲ့ရေမှာ ဓါတ်ပြုခဲ့တာခြင်းအတူတူပါပဲ ။ ဒါပေမယ့် မတူညီသော ဖြစ်စဉ် ဓါတ်ပြုခြင်း (Reaction ) တွေဖြစ်ခဲ့တယ် ။ မုန်လာဥရဲ့ နဂိုဂုဏ်သတ္တိဟာသန်မာတယ် ၊ မာကြောတယ် အလွယ်တ ကူ မကျိုးနိုင်ဘူး ဒါပေမယ့် ဆူပွက်နေတဲ့ရေနဲ့ ထိတွေ့လိုက်တဲ့အခါ ပျော့ပြောင်းလာာပြီး အားနည်း လာတယ် ။
ကြက်ဥကတော့ ကွဲအက်လွယ်တယ် ။ သူ့အတွင်းမှာ အရည်တွေနဲ့ဖွဲ့စည်းထားတဲ့ အပြင်အလွှာပါးလေးရှိတယ် ဒါပေ မယ့် ဆူပွက်နေတဲ့ရေမှာ ထည့်ပြီး ပြုတ်လိုက်တဲ့အခါ အတွင်းပိုင်းဟာ မာကျောလာခဲ့တယ် ။
ဒါပေမယ့်လည်း မြေကြီးပေါ်က ရတဲ့ကော်ဖီစေ့တွေကတော့ အတုယူဖွယ်ရာပါပဲ ။ ဆူပွက်နေတဲ့ရေ ထဲထည့်ပြီး တဲ့အခါ သူတို့ဟာ အဲဒီရေကို မွှေးကြိုင်တဲ့ ကော်ဖီရည်အဖြစ်ပြောင်းလဲနိုင်ခဲ့တယ် ။ ကဲ သမီးကရော ဘယ်လို လူမျိုးလဲကွယ် ” လို့ မိခင်က သမီးကိုမေးခဲ့တယ် ။
________________________________________________________
သင်တို့ရောတွေးဖူးကြလား ? မုန်လာဥလို လူလား ၊ ကြက်ဥလိုလူလား ၊ ကော်ဖီစေ့လို လူလား ?
ပြဿနာတွေ အခက်အခဲတွေနဲ့ ဘ၀မှာ ကြုံတွေ့နေရတဲ့ လောကဓံတွေကို ကျွန်တော်တို့ က ဆူပွက်နေ တဲ့ရေတွေအဖြစ်မှတ်ယူကြပါစို့ ။ ကိုယ်ဟာ နဂိုကတည်း ကစိတ်ဓါတ်မာကျောသူ အလွယ်တကူ အရှုံးမပေး သူ ဖြစ်ပေမယ့် ဒီလို ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ မုန်လာဥ လိုမျိုး ပျော့ပြောင်းသွားမလား ။ အလွယ်တကူ ဆူပွက်နေတဲ့ ရေ ရဲ့ ဓါတ်ပြုခြင်းကိုခံလိုက်ပြီး ကိုယ့်ရဲ့ ဂုဏ်သတ္တိကိုပျက်ပြယ်စေမှာလား ။
ဒါမှမဟုတ်ကိုယ်ဟာ ကြက်ဥတစ်လုံးဖြစ်တယ်ဆိုပါစို့ ။ နဂိုကတည်းကကိုယ့်အ တွင်းစိတ် ဟာ ပျော့ပြောင်း တယ် နူး ညံ့ တယ် ဒါပေမယ့် အခက်အခဲ ပြဿနာပေါင်းစုံနဲ့ကြုံတွေ့လာတဲ့အခါ ကိုယ့်အတွင်းစိတ်ဟာ အဲဒီလော ကဓံတွေကြောင့် မာကျောခံစေမှာလား ။ ရိုင်းစိုင်းကြိမ်းကြုတ်စေမှာလား ။
ကဲ ကိုယ်ဟာ ကော်ဖီစေ့လေးလိုကျင့်ကြံမလား ။ ဘယ်လိုပဲ ခက်ခဲတဲ့လောကဓံ နဲ့ ပြဿနာတွေ နဲ့ကြုံတွေ့နေ ပါစေ အဲဒီပြဿနာတွေကို အကောင်းဆုံး နစ်မျောပျော်ဝင်လို့ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ကော်ဖီ ရည်လေးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ် ။ ဘယ်လောက်ပဲ ဆူပွက်နေတဲ့ ရေဖြစ်ပါစေ ကိုယ့် နဲ့တွေ့ တဲ့အခါ မွှေးကြိုင် တဲ့ ရနံ့လေးနဲ့ အရသာရှိတဲ့ ကော်ဖီရည်လေးဖြစ်အောင်သာ စွမ်းဆောင်ကြပါစို့ ။
ဒါကြောင့် အခက်အခဲ ပြဿနာ ပေါင်းစုံနဲ့လောကဓံရဲ့ရိုက်ပုတ်မှုတွေကြုံလာရတဲ့အခါ
၁ ။ ကိုယ်ဟာ အားပျော့သွားသူ အရှုံးပေးသွားသူမဖြစ်ရဘူး
၂ ။ ကိုယ်ဟာ ရိုင်းစိုင်းသွားသူ မာကြောခက်ထန်သွားသူမဖြစ်ရဘူး
၃ ။ အရာရာကို အကောင်းဆုံးဖြေရှင်းလို့ မွှေးကြိုင်တဲ့ ကော်ဖီရနံ့အရသာလေး ထွက်ပေါ်လာနိုင်အောင် ကြိုး စားနေ ထိုင်ကြပါစို့ ။
သက်တန့်ချို
Carrots, eggs, and coffee အား ဘာသာပြန်ခံစားသည် ။ Author : Unknown

Friday, July 13, 2012
ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီးအမှန်ကိုပြောနိုင်စွမ်းရှိရမယ်

ဆေးရုံတစ်ခုမှာပေါ့ ။ ဓါတ်မှန်နဲ့ပတ်သတ်တဲ့သင်ခန်းစာကိုပို့ချပြီးနောက် ပရော်ဖက်ဆာက စာမေးပွဲစစ်ဖို့ ဆုံးဖြတ် လိုက်တယ် ။
ဓါတ်မှန်ငါးချပ် ချထားတယ် ။ ပထမဆုံးဓါတ်မှန်လေးချပ်က မူမမှန်တဲ့အဖြေတွေ ရှိနေပြီး နောက်ဆုံး တစ်ချပ် ကတော့ ပုံမှန် ဘာရောဂါမှမရှိတဲ့ဓါတ်မှန်ဖြစ်တယ် ။ ပရော်ဖက်ဆာက ကျောင်းသားတွေဆီကို သူ့ လက်ထောက် ကနေတဆင့် သတင်းအတုလွှင့်ခိုင်းလိုက်တယ် ။ နောက်ဆုံးဓါတ်မှန်က မွေးရာပါနှလုံးရောဂါ (TOF ) ရှိ သူရဲ့ဓါတ်မှန်ဖြစ်တယ်လို့ပေါ့ ။
ပထမဓါတ်မှန်လေးချပ်ဟာ အရမ်းကိုရှုပ်ထွေးပြီးကျောင်းသားတွေက ခေါင်းတွေရှုပ်ထွေးသွားကြတယ် ။ ပြီးတော့ မတူညီ တဲ့ရောဂါအမည်တွေတပ်ကြပြီးဖြေရှင်းချက်တွေပေးကြတယ် ။
နောက်ဆုံးဓါတ်မှန်ကိုတော့ ကျောင်းသားအားလုံးလိုလိုက မွေးရာပါနှလုံးရောဂါ (TOF ) လို့ ယုံကြည် စွာဖြေဆိုခဲ့ကြတယ် ။
ဒါပေမယ့်ကျောင်းသားတစ်ယောက်ကတော့ နောက်ဆုံးဓါတ်မှန်ကိုကြည့်ပြီးတဲ့အခါ ပုံမှန်ဓါတ်မှန်တစ်ချပ်ပါပဲ ဘာရောဂါမှ မရှိဘူးလို့ဖြေခဲ့တယ် ။ အဲဒီကျောင်းသားကို အတော်ဆုံးကျောင်းသားအဖြစ် ပရော်ဖက် ဆာကရွှေး ချယ်ခဲ့တယ် ။
@@@@@@@@@@@@@@@@@@@@@@@@@@@@
၁ ။ ကောလဟာလကိုမယုံပါနဲ့
၂ ။ မူမမှန်တဲ့အဖြေတွေကို မဖြတ်သန်းခင် ပုံမှန်ဖြစ်တဲ့အဖြေကိုရအောင်ရှာပါ
၃ ။ စာမေးပွဲဆိုတဲ့အခြေအနေအတွင်းမှာ ပုံမှန်တွေးခေါ်စိတ် (Commonsense ) ကိုမပျောက်သွားစေနဲ့
လူဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရမယ် ။ ဘယ်လောက်ကြီးပဲ ဒီအကြောင်းအရာတစ်ခုဟာ ဒါကြောင့်ဖြစ် တယ် လို့ သတင်းကြီးနေပေမယ့် ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီး အမှန်ကိုပြောနိုင် စွမ်းရှိရမယ် ။ အများယောင်လို့လိုက်မယောင်မိစေနဲ့ ။ အနည်းဆုံးတော့ကိုယ်ဟာ Abnormal ကို မရှာနိုင်တာတောင်မှ Normal ကိုတော့ရှာနိုင်တာပဲမဟုတ်လား ။
သက်တန့်ချို
The best student chosen by Professor of Medicine အား Dr. Indrajit Rana ရေးသားသည်ကို ဘာ သာပြန်သည် ။

Subscribe to:
Posts (Atom)