Showing posts with label ရသ၀ထ္ထုတို. Show all posts
Showing posts with label ရသ၀ထ္ထုတို. Show all posts

Tuesday, January 22, 2013

ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန်















ထုံးစံအတိုင်းတွေနဲ့ ပစ္စုပ္ပန်

“ ဟင့်အင်း ကျွန်မ လက်မခံနိုင်ပါဘူး ”
“ ဘာကွ . . မင်းအတွက် တန်ရာတန်ကြေးငါပေးထားပြီးပြီပဲ မင်းက ဘာသောက်ကြီးကျယ်တာလဲ ”
“ အဟက် ဟုတ်ကဲ့ လူကြီးမင်းရဲ့တောင်းဆိုမှုကို ကျွန်မ လက်မခံနိုင်ပါဘူးလို့ပြောပြီးပြီလေ ဒီထက် ရှင်းအောင်ပြောရဦးမလား ကျွန်မ ရှင်နဲ့အလုပ်ဆက်မလုပ်တော့ဘူး ရော့ ဒီမှာ ရှင့်ပိုက်ဆံ ”

သူ့ရှေ့မှ မျက်နှာအဆီအတ၀င်းဝင်းနှင့်လူကြီးကို သူပေးထားသော ပိုက်ဆံတွေနဲ့ပစ်ပေါက်လိုက်ပြီး ရှင်နှောင်း ပြန်ထွက်လာခဲ့လိုက်သည် ။ လူတွေလူတွေ သူတို့အလိုလောဘ တစ်ခုတည်းပဲကြည့်နေကြတယ် ။ သူ့မှာ သတ်မှတ်ထားတဲ့ Rule တွေရှိသည် ။ Prostitute တစ်ယောက် ကငွေပေးတိုင်း ဖျော်ဖြေရမည်ဟု ဘယ်သူကများ သတ်မှတ်ထားပါသလဲ ။ ဘယ်သူမှ မသတ်မှတ်ထားပါဘူး ။ ငွေရတိုင်း ဒီအလုပ်လုက်ခံမယ်လို့ရော ရှင်တို့ကို ဘယ်သူပြောလဲ ။ ကျွန်တော်သတ်မှတ်ထားတဲ့ အကာအကွယ်သုံးရ မယ်ဆိုတဲ့ ကိစ္စကို လက်မခံသရွေ့ ကျွန်မ အသားကိုတောင်ထိလို့မရဘူးမှတ် ။ ဟူး အင်းလေ ဒီတစ်ယောက်အဆင်မပြေလည်း နောက်တစ်ယောက်ပေါ့ ။ စိတ်ညစ်ညစ်နဲ့ ပလက်ဖောင်း တလျှောက် ရှင်နှောင်းရှောက်လာမိသည် ။ အသက် ၃၀ အရွယ် ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်နှင့် သူ့ပုံစံကို ဒီလောကထဲကလူတွေကတော့ သတိထားမိမှာသေချာသည် ။ သေချာတာကတော့ မာနကို အထိမခံ ဆတ်ဆတ်ထိမခံ ကြီးကျယ်လွန်းသော ရှင်နှောင်းကို ယောက်ျားတွေ တန်းတန်းစွဲဖြစ်ကြသည်မှာ သိပ်တော့ မဆန်းလှပေ ။

“ ရွတ် ရွတ် . . ”
အနောက်မှ လှမ်းခေါ်လိုက်သော အသံကို သူ မကြားချင်ယောင်ဆောင်လိုက်သည် ။ အင်း . . . အလုပ်တစ် ခုတော့ ရပြီထင်ပါရဲ့ ။ ငနဲသားက နောက်က လိုက်လာသည် ။

“ ညီမလေး . . ညီမလေး ”
သူ အလှဆုံးပြုံးရင်းနောက်ပြန်လှည့်လို့ဖြေလိုက်သည် ။ “ ဟုတ်ကဲ့ အကို ဘာများလဲဟင် ”
“ ရှင်နောင်းဆိုတာ ညီမလားဟင် ”
“ အော် ဟုတ်ပါတယ်အကို ”
“ အကို့ကို ရဲနောင်တို့ကပြောလို့ပါ ညီမအကြောင်း ညီမ နဲ့အလုပ်ကိစ္စလေးညှိချင်လို့ ခဏလောက် လိုက်ခဲ့ပါလား ”
“ အော် . . ရပါတယ်အကို ကိုရဲနောင်တို့အသိဆို ဖြစ်ပါတယ် ”

ဒီလိုနဲ့ သူတို့ ခပ်ပေါပေါ အအေးဆိုင်တစ်ခုထဲ ဈေးစကားပြောကြသည် ။ လွန်စွာနာမည်ကြီးလှသော သူဌေးကြီးတစ်ဦးကို ပြုစုရမည်တဲ့ ။ အင်းလေ သူဌေးကြီးဆိုတော့လည်း ပိုက်ဆံလေး ဘာလေး မြိုးမြိုးမျက် မျက်ရတာပေါ့လေ ။ အပြန် တက်က်စီလေးဘာလေး ငှားခွင့်တောင်ရ ချင်ရနိုင်သေးတယ် ။ဟတ်ဟတ် . . .ရှင်နှောင်းအတွက် ကံကြမ္မာက ဒီနေ့ မျက်နှာသာပေးပြန်ပြီထင်ရဲ့ ။

လူကုံထန်တွေချည်းနေတဲ့ရပ်ကွက်က တစ္ဆေဆန်စွာ ခြောက်သွေ့ အေးစက်လွန်းလှသည် ။ သူတို့တွေ ဘာလို့များဒီလောက်ချမ်းသာနေကြပါလိမ့် ။ အင်း လေ ငါ ရှေးဘ၀ကကုသိုလ်ကံတရားနည်းခဲ့မိလို့ထင်ပါရဲ့ ။ သူဌေးကြီးအိမ် သို့သွားရာလမ်းတလျှောက် ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီးကိုပဲ ရှင်နှောင်းပြန်တွေးနေ မိလိုက်သည် ။ ရှင်းနှောင်းတို့က မောင်နှမ ၃ ယောက်ဖြစ်သည် ။ အဖေက အိပ်ရာထဲလေဖြတ်ထားတုန်း အမေက ပန်းနာရင်ကြပ်နဲ့ မလုပ်နိုင်မကိုင်နိုင် ကျန်တဲ့ မောင်လေး နဲ့ညီမလေးက ကျောင်းနေအရွယ်တွေ ။ ရှင်နှောင်းသည်သာ ဒီအိမ်ကလေးရဲ့ အားကိုးရာဖြစ်နေတော့ ။ သူများတွေပြောသလိုပဲရှင်နှောင်းလည်း ဘ၀ကိုရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားဖြတ်သန်းချင်ပါသည် ။ စက်ရုံမှာ ၀င်လုပ်သည် ။ အထည်ချုပ် စက်ရုံက ဟိုဖြတ် ဒီဖြတ်နဲ့တစ်လကို ၆ သောင်းလောက်တောင် မတင်ချင် ။ ဒီလိုနဲ့ညနေဖက် အိမ်မှာ အထည်တွေ ယူချုပ်သည် ။ ဆင်းရဲနုံချာလွန်းသော အိမ်ကလေးကို လူတွေက ၀ိုင်းအထင်သေးကြသည် ။ ရှင်နှောင်းဘ၀ကိုပြောင်းလဲစေသောကိစ္စရပ်ကြီးက ရှင်နှောင်းအသက် ၁၈ နှစ်ပြည့်မှာပေါ်လာသည် ။

“ ရှင်နှောင်း မင်းအဖေ ဦးထွန်းခင် ယူထားတဲ့ ပိုက်ဆံက အတိုးရောအရင်းရောဆိုအခု သိန်း ၂၀ ကျော်နေပြီ အဲးဒါမင်းဘယ်လိုဆပ်မလဲ ”

နားထဲမှကြားလိုက်ရသော စကားသံတွေကို သိပ်မယုံချင် ။ အဖေ . . လုပ်ငန်းတွေအဆင်မပြေ တဖြည်းဖြည်း ဆင်း ရဲလာလိုက်တာ အခု အကြွေး တောင် သိန်း ၂၀ တင်နေတယ်တဲ့ ။ သူ ဘယ်လိုရှာ ရမလဲ . . ။ ရှင်နှောင်းမျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုလို့လာခဲ့တယ် ။

“ ကျွန်မ .. .မရရအောင် ပြန်ဆပ်ပါ့မယ် ဦးရယ် . . .”
“ အေးလေပြီးတာပဲ မဟုတ်ရင်တော့ မင်းတို့တစ်အိမ်လုံးငါ့အကြောင်းသိစေရမယ့် ဒီလပိုင်းအတွင်း ကို ကြေအောင် ဆပ်ပါ ”

နားထဲကို မိုးကြိုးတွေများပစ်နေသလား ။ ရှင်နှောင်းငိုယုံမှ လွဲ၍ ဘာများတတ်နိုင်မှာလဲ ။ ဘ၀ဆိုတာ အဲဒီလို ကမောက်ကမနဲ့နေသားမကျ တဲ့အရာတွေနဲ့ဖွဲ့စည်းထားတဲ့ အခွံကြီးသက်သက်မဟုတ်လား ။ အခွံပဲလေ ရှင်နှောင်းအတွက်တော့ဘာမှမရှိတဲ့အခွံကြီးပါပဲ ။ ဒီလိုနဲ့ စဉ်းစားရင်းစဉ်းစားရင်း ရှင်နှောင်း မတွေး တတ်အောင်ဖြစ်လာမိသည် ။ ထိုရက်ပိုင်းအတွင်း ရှင်နှောင်းသူငယ်ချင်း သူဇာ ရောက်ချ လာသည် ။ သူဇာက ပိုက်ဆံတော့အတော်အသင့်ရှိသည် ။

“ ရှင်နှောင်း . .ငါ သတင်းတွေကြားပါတယ်ဟာ နင်စိတ်တော့သိပ်ညစ်မနေပါနဲ့ ငါ အခု လမ်းကြောင်း တစ်ခုတွေ့ထာလို့ နင် ဦးဂျော်နီကိုသိတယ်မဟုတ်လား ငါတို့ လမ်းထိပ်က လူကြီးလေ အဲဒီလူကြီးက ရပ်ကွက်ထဲက ယိုးဒယားအလုပ်သွားလုပ်ချင်တဲ့သူတွေကို ပို့ပေးတယ်တဲ့ နေစရိတ်စားစရိတ်ဖယ်ပြီးရင် အိမ်ကို ၅ သိန်းလောက်ပို့နိုင်တယ်တဲ့ ငါတို့သွားရအောင် နင်သွားမယ် ဆိုရင်ငါနင့်အတွက် အကုန်စီစဉ်ပေး မယ်လေ ”
 “ ဟင် . . နင်. . နင်ပြောတာ တကယ်လား ဟဲ့ ”
“ အေးပေါ့ဟ ”
“ ဒါနဲ့ ဘာလုပ်ရမှာတုန်းဟ ”
“ အထည်ချုပ်စက်ရုံမှာ ဟက်လ်ပါ ပေါ့ဟာ ”
“ အေးဟာ အဲဒါဆို ငါလုပ်ချင်တယ် ငါ့ကိုကူညီပါဦးဟာမဟုတ်ရင်ငါဒီနွံ့ထဲကထွက်လို့ရမှာမဟုတ်တော့ဘူး ”

ဒီလိုနဲ့ . . ဒီလိုနဲ့ပေါ့ ရှင်နှောင်းတစ်ယောက် ယိုးဒယားကို သူဇာနဲ့အတူရောက်သွားခဲ့ပါတယ် ။ ဦးဂျော်နီရဲ့ အထည်ချုပ် စက်ရုံအမည်ခံ စားသောက်ဆိုင်တစ်ခုမှာ သူဟာ တကယ့်ကို အပျော်မယ် တစ်ယောက်ဖြစ်သွားခဲံရတယ် ။ ထွက်ပြေးဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်သူ့ဘ၀က အခွင့်မသာခဲ့ရပါဘူး ။ ငြင်းဆန်မှုတွေ တိုင်းမှာ ခွန်အားကမမျှ . . . မျက်ရည်တို့သာအဖတ်တင်ခဲ့သည် ။ သူများစကား ကိုနားယောင်ပြီး လိုက်လာခဲ့တဲ့ ယုံကြည်မှုတစ်ခုက ရှင်နှောင်းကို ဒီဘ၀ကိုတွန်းပို့ပေးခဲ့သည် ။ ဒီလိုနဲ့ မထူးဇာတ် ကိုခင်းရင်း ရှင်နှောင်းငွေအတော်တန်စုမိတော့ မြန်မာပြည်ပြန်ရောက်လာခဲ့သည် ။ အဖေ . . . ဆုံးသွားပြီ . . . ။ ဘာလို့များ ဒါဏ်ရာတွေချည်းအထပ်ထပ်ပေးနေရသလဲ ရှင်နှောင်းနားမလည်နိုင်တော့ ။ သူ့ဘ၀က အတိတ်က ဖြည့်ဆည်းပေးခဲ့တဲ့ ကုသိုလ်အကုသိုလ်တွေနဲ့သာ ဆိုင်တယ်လို့ ဖြည်တွေးတွေး မိပေမယ့် တခါတလေတော့ လောကကြီးကို ရှင်နှောင်းမကျေနပ်ချင်ပါဘူး ။ အမေ့ ဆေးဖိုး နဲ့ မောင်လေး ညီမလေးတွေ ရဲ့ပညာသင်စရိတ်အတွက် ရပ်ကွက်ထဲ တူတူတန်တန်နေနိုင်ဖို့ ရှင်နှောင်းရဲ့မထူးဇာတ်ကို ရှင်နှောင်းဆက် ကခဲ့ရတယ် ။

ဘယ်သူပြောလဲဟင် . .ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားရင် အဖေ ထောင်ကျသွားမှာပေါ့ အဖြစ်မခံနိုင်ပါဘူး ရှင်နှောင်း ဘ၀ပျက်ရတာ ဘာအရေးလဲ မဟုတ်ဘူးလား ။ ဒါဆို မြန်မာပြည်ရောက်နေပြီပဲ ရိုးရိုးသားသား လုပ်ကိုင်စားပေါ့ ။ ကိုယ်ကိုယ်ကိုယ်ပြန်ထုတ်ရတဲ့မေးခွန်းတွေက တခါတခါခက်လှပါတယ် ။ အင်း လုပ်မှာပေါ့ ရှင်နှောင်း ပိုက်ဆံအတော်စုမိတာနဲ့ တစ်ခြားမြို့ကိုပြောင်းမယ် ။ ကုန်စုံဆိုင်လေးဖွင့်မယ် ။ မောင်လေးနဲ့ညီမလေးကို ပညာတတ်ကြီးတွေဖြစ်အောင်သင်ရမယ် ။ ဟုတ်တယ် မိရှင်နှောင်း ညည်းမျက်ရည်တွေသုတ်လိုက်စမ်း ။ ကိုယ့်ဘ၀ပျက်ရတာ ဘာအရေးလဲအေ . . ကိုယ့်မိသားစုမှာ ကိုယ်မှမကယ် တင်ဘယ်သူကယ်မလဲ ညည်းအမေ ဆေးဖိုးလည်းညည်းသိသားနဲ့ ။

“ ရောက်ပြီခင်ဗျ ဒီအိမ်ပါ ”
ခန်းနားလှတဲ့ ဘန်ဂလိုပုံ့စံအိမ်လေးက တကယ့်ကို သပ်သပ်ရပ်ရပ်ကလေးပါ ။ ရှင်နှောင်းကို အခန်းထဲ အထိလိုက်ပို့ပေးသည် ။ 

အထဲမှာတော့ ထုံးစံအတိုင်း ဆန္ဒအာသီသများသယ်ပိုးထားသော လူ့ခန္ဓာကိုယ်ကြီးတစ်ခု သူ့ကိုစောင့်နေ မည် ။
ထုံးစံအတိုင်းသူ့ကိုမိတ်ဆက်ပြီး ရီဝေေ၀ပြုံးပြမည် ။
ထုံးစံအတိုင်း သူ့ရဲစည်းကမ်းချက် အကာအကွယ်သုံးရမည်ဟု ရှင်နှောင်းပြောမည် ။
လက်ခံလျှင် ထုံးစံအတိုင်း အလုပ်ဖြစ်မည် လက်မခံလျှင် သူ ပြန်ထွက်လာမည် ။
ထုံးစံအတိုင်း ညနေ သွေးသွားစစ်မည် ။
ထုံးစံအတိုင်း အမေ့အတွက်ရင်ကြပ်ရှုဆေးဝယ်ပြီး ကလေးတွေအတွက် စာအုပ် စာတမ်းနဲ့ လိုတာလေးတွေ ၀ယ်ရမည် ။
ထုံးစံအတိုင်း မျက်ရည်တွေကို သုတ်ပစ်ရဦးမည် ။

ဒါပါပဲ လေ . . . .

ဘ၀ဆိုတာ တခါတလေတော့လည်း ထုံးစံအတိုင်းတွေနဲ့ချည်းဖွဲ့စည်းထားတဲ့ ပစ္စုပ္ပန်သက်သက် မဟုတ်ပါ လား ။

သက်တန့်ချို
22 Jan 2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, January 21, 2013

“နယ် လွန် ”

 

“နယ် လွန် ”

ဒီညရဲ့အမှောင်က ခါတိုင်းညတွေထက်ပိုပြီးမှောင်နေသလိုပါပဲ ။ ကျုပ် ရင်တွေတအားခုန်နေတယ် ။ ဟုတ်တယ်လေ ကေသီဆိုတာ ကျုပ် အနှစ်နှစ်အကာလ ချစ်မြတ်နိုးပါတယ်ဆိုပြီး ပိုးပန်းခဲ့ရတဲ့မိန်းမ ။ အဲဒီမိန်းမ က အခု ဒီနေ့ကျုပ်နဲ့ လက်ထပ်ပွဲကြီးပျော်ပျော် ဆင်နွှဲခဲ့တဲ့မိန်းမပေါ့ ။ လက်ထပ် ပွဲဆိုလို့ပြော ရဦးမယ် ။ ကေသီနဲ့ကျုပ်နဲ့တွဲလာခဲ့တာ ၈ နှစ်လောက်ရှိရောပေါ့ ။ သူလည်းပိုက်ဆံစု ကျုပ်လည်းပိုက်ဆံစု နဲ့ ကျုပ်တို့ အတော်အသင့်လေး စုမိပြီဆိုတော့မှ အိပ်ထောင်ပြုဖို့ဆုံးဖြတ်ခဲ့ကြတယ် ။

ဒီနေရာမှာ ပြဿနာက စလာပါလေရောဗျ ။ မင်္ဂလာပွဲတစ်ပွဲဆင်နွှဲတယ်ဆိုတာ အနည်းဆုံးသိန်း ၂၀ လောက် ကုန် ကျတဲ့ကိစ္စ ။ ကျုပ်ကသိပ်သမျောတယ် ဒါပေမယ့် မိန်းကလေး ဖက်ကကြည့်ရင် လည်းတစ်သက်မှာ တစ်ခါပဲ မင်္ဂလာ ဆောင်ရတယ်ဆိုတော့ခမ်းခမ်းနားနား ဆောင်ချင်မှာပေါ့လေ ( တကယ်ဆို တစ်ခါတည်းဆောင်တာအားမရရင် နောက်ထပ်ဆောင်ပေါ့ ) တွေးမိလိုက်တယ် ။ ဒါနဲ့ ထုံးစံအတိုင်း အိမ်ထောင်ပြု ဆိုတဲ့ဝေါဟာရနောက်ခံက မင်္ဂလာပွဲ ၊ လက်မှတ်ထိုး ၊ ဘာညာ ဘာ ညာတွေပေါ့ဗျာ ။ ကျုပ်လည်း သိပ်တော့နားမလည်ပါဘူး ။ ဒီနေရာမှာ လက်မှတ်ထိုးဆိုတဲ့ ကိစ္စကြီး ကိုတော့ ကျုပ်တယ်ပြီး ဘ၀င်မကျလှဘူးဗျို့ ။ ခင်ဗျားတို့စဉ်းစားကြည့် လူယောက်ျား တစ်ဦးနဲ့လူ မိန်းမတစ်ဦး ချစ်ကြည်လူးပြီးဘ၀တစ်ခုကိုတူနှစ်ကိုယ်တည်ဆောက်ဖို့အတွက်တကယ်ပဲ အဲဒီစာရွက်လေး ၂ ရွက်က အရေးကြီးသတဲ့လား ။ ကျုပ်တော့ မထင်ပေါင် ကျုပ်အဖေနဲ့အမေကို တလောက လက်ထပ် စာချုပ်မေးကြည့်တော့ရီတယ် ဘယ်ကလာငါ့သားရယ် အဖေတို့အမေတို့ ရှေ့ ၇ အိမ် နောက်၇ အိမ် ဖိတ်ပြီး အသိအမှတ်ပြုပြီး နေခဲ့ကြတာပဲ ဒါမြန်မာ့ထုံးထမ်းအစဉ်အလာပဲ တဲ့ ။

ကျုပ်သာ အဲဒီလို ကေသီ့ကိုသွားပြောလို့ကတော့ ပါးတောင်အချခံရမယ် ။ ထားတော့ မင်္ဂလာဆောင် ခါနီးကျတော့ လည်း အိုဗျာ ရှုပ်လိုက်တဲ့ အလုပ်တွေ ဖိတ်စာ တွေ ဧည့်ရေးတွေ ဗီဒီယို ရိုက်ကူးရေးတွေ တကယ့်ကို အလုပ်ရှုပ်တဲ့ပွဲကြီးပါတကား လို့တွေးမိလိုက်တယ် ။ တူနှစ်ကိုယ် အတူနေရဖို့အရေး လူသိ ရှင်ကြားဖိတ်ပြီး ကျွန်တော်တို့ကျွန်မတို့ ညဖက်ကျရင်အတူနေပါတော့မယ်ဆိုပြီး ဟိုလူ့ပြုံးဖြီးဖြီး လုပ်ဒီ လူ့ပြုံးဖြီးဖြီး လုပ်နဲ့ တယ် မသက်သာပါကလား ဟရို့ ။ ပြီးရင် လာလာချေသေး ကိုယ်တွေ ညဖက်အိပ်မယ့်ကုတင်ကြီးကို ဓါတ့်ပုံတွေတဖျပ်ဖျပ်ရိုက် အိုဗျာ ခင်ဗျားတို့တော့မသိဘူး ကျုပ်ဆိုတဲ့ကောင် ကတော့သိပ်ရှက်တာပဲ ။ အိပ်ခန်းထဲဝင်ခါနီး ကြိုးတားတယ်တဲ့ ဘာတဲ့ ပိုက်ဆံမုန့်ဖိုးတွေပေးရသေးတယ် ။ တကယ့်ကို ဗရုတ်သုတ်ခပွဲကြီးပါဗျာ ။ ပြီးတော့ လက်ဖွဲ့တွေကို သတို့သမီးဖက်က လုလိုက်သတို့ သားဖက်က လုလိုက်နဲ့ ကျုပ်တော့ ပထမဆုံး မင်္ဂလာဆောင်တဲ့နေ့မှာပဲ ပထမဆုံး လောကကြီးကို စိတ်ပျက် မိ သွားခြင်းပဲ ။ အော်ပြောရဦးမယ် မင်္ဂလာဆောင်ခါနီး သတို့သားတိုင်း ငိုချင်သလို စိတ်ကြီးဖြစ် လာတယ် တဲ့ ။ ခင်ဗျားတို့တော့မသိဘူးကျုပ်ကတော့အဟုတ်ဗျို့ ။ မင်္ဂလာ ဆောင်ခါနီး ၂ ရက်လောက် အလိုက ကျုပ်သူငယ်ချင်းအိမ်သွားအိပ်တယ် ။

ထုံးစံအတိုင်းသောက်ကြစားကြပေါ့ဗျာ ။ ကျုပ်လေ တစ်ခုခုကိုယ်မကျွမ်း ကျင် တဲ့နယ်ပယ်ထဲစုံပစ်ဝင်လိုက် ရ မှာ ၀န်လေးနေမိသလို  ကျုပ်ရဲ့လွတ်လပ်ခွင့်တွေ ဥပမာ ဘောပွဲကြည့်တာတို့ ကာရာအိုကေသွားတာတို့ လက်ဖက်ရည်ဆိုင်ထိုင်တာတို့ပေါ့ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးသွားမယ် သိပ်ကြောက်တယ် ။ အဲဒီလိုတွေးရင်းကျုပ် အဲဒီသူငယ်ချင်းအိမ်မှာ တကယ်မျက်ရည်ကျလာတယ်ဗျို့ ။ ကျုပ်ဘယ်လောက် ထိတောင်စဉ်းစားသလဲသိလား ထွက်ပြေးဖို့အထိတောင် စဉ်းစားမိလိုက်သေးတးယ်။ ဒါဆို ကေသီ့ကိုမ ချစ်ဘူးလာလိုမေးစရာရှိတယ် ။ ချစ်တာပေါ့ဗျာ ကျုပ်ဘ၀မှာ အဲဒီမိန်းမတစ်ယောက်လွဲလို့ ဘယ်သူ့ကို မှရင်မခုန်သလို သူနဲ့လည်းမခွဲနိုင်ဘူး ။ ဒါပေမယ့်ချစ်တာကချစ်တာပဲဗျ အဲဒီအချစ်တွေက အိမ်ထောင်ပြုပြီးမှ ပျောက်ပျက်ထွက်ကုန်မှာလည်းကျုပ်ဆိုတဲ့အကောင်က စိုးရိမ်နေမိသေးတယ် ။ ကေသီ ကတော့ ထုံးအတိုင်းပါပဲဗျာ ဆူဆူပူပူနဲ့အိမ်ထောင်မကျခင်ကတည်းက ဟိုအကွက်ချ ဒီအကွက်ချနဲ့ နားကိုညီးနေပါရော ။ ခင်းဗျားတို့နဲ့မသိတဲ့ လူတွေကို မင်္ဂလာဆောင်မှာ လိုက်လိုက်ပြုံးပြနေရတာ အတော့်ကို ကိုးလိုးကန့်လန့် နိုင်တယ်လို့များ ခင်ဗျားတို့မထင်မိဘူးလား။ ကျုပ်ကတော့ စိတ်ကိုပျက်ရော ။ နောက် လောလောလတ်လတ်ကျုပ်အကိုတွေလင်မယားက သိပ်ချစ်ပါတယ်ဆိုပြီး အခုတော့ သဘောထားခြင်းမတိုက်ဆိုင်ပါသဖြင့် ဘာညာနဲ့သတင်းစာတွေထဲ မပတ် သတ်တော့ကြောင်း ကြော်ငြာတွေ ထည့်ကွဲကြပြဲကြ ကုန်ဆိုတော့ကား ကျုပ်ဝန်လေးနေမိတာ အပြစ်တော့မဆို သာဘူးမဟုတ်လား ။

တကယ်ဆို လူနှစ်ယောက်လက်ထပ်တယ်ဆိုတာသိပ်တော့လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ ။ တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ဆိုတာ ဘယ်နှစ်နှစ်တွဲတွဲ သိဖို့က မလွယ်သေးဘူး ။ ချစ်လှပါတယ် ဆိုပြီးအနှစ်ငါးဆယ်လောက်ပေါင်းနေတဲ့လင်မယားတွေတောင် တချိန်မှာ လှို့ဝှက်အကြောင်းတွေဘွားက နဲပေါ်ပြီး ကွဲကြပြဲကြတာတွေရှိသေးတယ်မဟုတ်လား ။တကယ်တော့ လင်မယားဆိုတာ အရင် ဆုံးပေါင်းကြည့် ရမယ် ဟုတ်တယ် ဒီလိုပြောလိုက်လို့ ခင်ဗျားတို့က နှမသားချင်းမစာနာဘူးပြောဦးမယ် ။ကျုပ်တော့တခါတလေ နိုင်ငံခြားက အယူအဆတွေသိပ်ကြိုက်တယ် ဘာတဲ့ Living together ဆိုတာလေ ။ သူတို့တွေက အတူနေလိုက်ကြတယ် တကယ့်လင်မယားတွေလို လက်မထပ်ရသေးခင်ကြားထဲ စိတ်သဘော ထားခြင်းမတိုက်ဆိုင်ရင်လမ်းခွဲပြီးနောက်တစ်ယောက်ရှာယုံပဲ ။ လိုအပ်ရင်ကလေးတွေ ဘာတွေမွေး လိုက်သေးတယ် ။တစ်ယောက်စိတ်ထား ကိုတစ်ယောက်သိကြပြီ ဆိုတော့မှ လက် ထပ်ကြ တယ် ။ ဒီတော့အဲဒီလို စုံတွဲတွေက ကွဲတာရှားတယ်မဟုတ်လား ။ ဒီမှာတော့ဒီလိုမဟုတ်ပေါင် အခုကြိုက်အခုယူ ပြီးရင်အခုကွဲ ပိုတောင်ဆိုးနေသလိုပါပဲမဟုတ်လား ။ ထားပါတော့ဗျာ ကျုပ်လည်း သိပ်တော့မထူးပါဘူး ကေသီ့ကို ချစ်လွန်းလို့ အချိန်လည်းတန်နေပြီဆိုတော့ လက်ထပ်ယူခဲ့ တယ် ပျော် သလိုလိုပါပဲ တကယ်ပျော်လားမပျော်ဘူးလားတော့ကျုပ်ကိုယ်ကျုပ်မသိနိုင်ဘူးပေါ့လေ ။

ကေသီကတော့ပျော်တယ်ထင်ပါတယ် ။ ကျုပ်နံရံက နာရီကိုလှမ်းကြည့်လိုက်တယ် ၁၁ နာရီခွဲ ။ ဒီစာကြည့်ခန်း ထဲမှာ ကျုပ်ထိုင်နေတာ အတော်ကြာပြီ ။ ကေသီလည်းအခန်းထဲမှာ ကျုပ် ကိုစောင့်နေလောက်ပြီ။ ထုံးစံအတိုင်းမင်္ဂလာဦးညပေါ့ဗျာ ။ ခက်တာက ကျုပ် အဲဒီမင်္ဂလာဦးအခန်းထဲ မ၀င်ချင်ဘူးဖြစ်နေတယ် ။ ဘာလို့လည်းကျုပ်ကိုယ်ကျုပ်မသိဘူး ။ အထဲဝင်ပြီး သတို့သမီးကို နမ်းမယ် ပြီး ရင် အတူနေမယ် အာဗျာ တကယ့်ကို ပျင်းစရာအလုပ်ကြီးပဲ ကျုပ်လိင်စိတ်သား စိတ်ကုန်နေ တာတော့မဟုတ်ပါဘူး ဒါပေမယ့် . .ဘယ်လိုပြောရမလဲဗျာ ကျုပ် ရဲ့ ပထမဆုံးညကြီးကို ဒီလို ပေါတောတော မကုန်ဆုံးချင်သလို ကျုပ် ..မပြောတတ်တော့ပါဘူး ။ ဘယ်သူကများ မင်္ဂလာဦးညမှာ သတို့သမီးနဲ့အတူနေရမယ်လို့ သတ်မှတ်ထားခဲ့ကြသလဲမသိပါဘူး ။ တကယ်ဆိုဒီနေ့က ကျုပ်သိပ်ကြိုက်တဲ့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရှိတယ်ဗျ ။ ကျုပ် သိပ်ကြည့်ချင်တယ် ။ ဒါပေမယ့် မင်္ဂလာဦးညဆိုတော့ကြည့်လို့မရဘူးပေါ့ဗျာ ပွဲကလည်း ၁ နာရီကျော်မှလာမှာ အဲဒီမှာတင်ကျုပ်ရဲ့ လွတ်လပ်ခွင့်တစ်ခု ကဆုံးရှုံးသွားရပြန်ပြီ။ မထူးပါဘူးလေ ကျုပ်စိတ်ဒုံးဒုံးချပြီး အခန်းထဲဝင်လာခဲ့တယ် ။

ကေသီ ဟိုဖက်လှည့်ပြီး လှဲနေတယ်ကုတင်ပေါ်မှာ ။ သူအိပ်မပျော်မှန်းကျုပ်သိတာပေါ့ ။အခန်းထဲကနာရီ စက်သံက တချောက်ချောက် အခန်းမီးကပြာလဲ့လဲ့ တကယ့်ကိုစိတ်လှုပ်ရှားဖွယ်ရာပါပဲ ။ကျုပ်လည်း စိတ်လှုပ်ရှားနေပါတယ် ကေသီ့ကိုမဟုတ်ဘူးဗျို့ ဒီအခြေအနေကြီးကို အာဗျာ ဇာခြင်ထောင်အ ထဲက ကေသီ့ကိုယ် လုံးလေးကိုပဲ တိုးဖက်ပြီးအိပ်လိုက်ရမလား ကျုပ်စိတ်တွေတအား ညစ်လာပြီ ကျုပ်ဒီအခန်းထဲမ ၀င်ချင်ဘူး ဒါပြီးရင်ကျုပ်ဘ၀ကသွားပြီလေ အိမ်ထောင်သည်ကြီးဖြစ်သွားပြီ ဟုတ်တယ်မဟုတ်လား ။ ကေသီ့ကိုယ်လေးတစ်ချက်လှုပ်သွားတယ် ။ ကျုပ်အသက်တောင်မရှုရဲဘူး ။ ဟုတ်တယ်လေ ကျုပ်ရောက်နေမှန်းသိရင် . . . . ။

ကျုပ် ခြေသံကို ဖွပြီး အခန်းအပြင်ကို ပြန်ထွက်ခဲ့တယ် ။ ၁၂ နာရီထိုးဖို့ ၁၅ မိနစ်ပဲလိုတော့တယ် ။ ကျုပ် ထမင်းစားခန်းထဲဝင်လာခဲ့တယ် ။ ပြီးတော့ နံရံကပ်ဘီဒိုအပေါ်က ပုလင်းပြားလေးယူပြီး ခွက်ထဲ ထည့်လို့ သောက်ချ လိုက်တယ် ။ အား...ပူလိုက်တာ . . . .စိတ်တွေလည်းညစ်လိုက်တာ.....။ အချိန်တွေကြာလေလေ သတို့သမီးကိုအားနာလာလေလေပဲ ။ ကျုပ်လေ အခု ဒီအိမ်ထဲကနေ ၀ုန်းကနဲ ခုန်ဆင်းပြီးပြေးထွက်သွားချင်လိုက်တော့တယ် ။ စိတ်ကို ပြန်တင်းပြီး လူကလည်းရီဝေေ၀ဖြစ်လာတယ် ။ အခန်းတံခါးကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်တယ် ။ ကေသီ အိပ်နေတာလား မအိပ်နေတာလား ကျုပ်မသိတော့ ဘူး ။ ကျုပ် မျက်နှာကို အံ့အားတကြီးလက်နဲ့ သုတ်လိုက်တော့ ဟင်..မျက်ရည်တွေပါလား ။ ငါဘာလို့ငိုနေမိပါလိမ့် ။

ကျုပ်ဘာကိုမှ မတွေးချင်တော့ဘူးဗျာ . . .နံရံပေါ်က အိပ်ခန်းမီးကို ကျုပ် ချောက်ကနဲ ပိတ်ချလိုက်ပါတော့ တယ် ။ အဲဒါဟာ ဘ၀တစ်ခုစတာလား ဘ၀တစ်ခုဆုံသွားတာလား စည်းတစ်ခုရဲ့ နယ်လွန် ကိုရောက်သွား တာလား ကျုပ်မတွေးတတ်တော့ပါဘူး ။

သက်တန့်ချို
21 Jan 2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 28, 2012

ူစံတင်

ူစံတင်



လည်ချောင်းထဲမှာ ဘာမှမရှိအောင်ခြောက်ကပ်တိတ်ဆိတ်လို့နေတယ် ။ ပတ်ဝန်းကျင်ကလည်း တကယ့်ကို တစ္ဆေဆန်ဆန်ပါပဲ ခြောက်ကပ်လို့နေတယ် ။ စဉ်းစား --- စံတင် မင်းစဉ်းစားစမ်း အခုအချိန်ဟာ မင်းဘ၀ အတွက် အရေးအကြီးဆုံးအချိန်လို့လည်းပြောလို့ရတယ် ။ ဦးစံတင်တစ်ယောက် အခန်းတစ်ခု ထဲ သော့ တစ်ချောင်း ကိုင်ရင်းချီတုံချတုံဖြစ်နေသည် ။ အခုအချိန်က သူ့ဘ၀အတွက် သူ့မိသားစုအတွက် တကယ့်ကို အရေးကြီးနေတဲ့အချိန် ။ သော့တံကို ပြန်ယူရင်းဦးစံတင် ထိုင်ခုံနောက်ကိုမှီရင်းထိုင်ချလိုက်သည် ။ နံရံမှာကပ် ထားသော နာရီကို ကြည့်မိတော့ ညတစ်နာရီတိတိ ။ အတွေးတွေက တောင်ရောက်လိုက်မြောက်ရောက်လိုက် နဲ့ သူ့အသိကို သူ ပြန်ကပ်မရသလိုမျိုးဖြစ်နေသည် ။

(၁)

“ရွှီး...ဖြောင်း...ဖြောင်း ” ကျယ်လောင်စွာ တီးလိုက်သော လက်ခုပ်သံတွေက ခန်းမတစ်ခုလုံးပြည့်လျှံသွား သယောင် ။ ဒီနေ့က တစ်နှစ်တာ စံပြ ၀န်ထမ်းကောင်းဆုအတွက် ဦးစံတင် ကိုပေးအပ်သောနေ့ဖြစ်ပြီး ဂုဏ်ယူ စွာ ၀င့်ကြွား ခဲ့သော သူ့ကိုယ်သူပြန်မြင်ယောင်နေမိသည် ။ ။ ကုမ္မဏီစီးပွားရေးကို ကိုယ့်စီးပွားရေးလို သဘောထားပြီး ရိုးသားကြိုးစားခဲ့သော ဦးစံတင် ၊ သူဌေး၏ လူယုံတော်ဖြစ်ယုံသာမက နောက်ဆုံး သူဌေးပိုင်ဆိုင်သော ငွေသန်းပေါင်းများစွာ ရှိသောမီးခံသေတ္တာ ပါ ကိုင်ခွင့်ရသော ဦးစံတင် ။ ပိုက်ဆံဆို၍ တစ်ပြားတစ်ချပ်မှ မလျော့ နောက်ဆုံး မီးခံသေတ္တာထဲ ငွေဘယ်လောက်ရှိသည်ကိုပင် ဦးစံတင်က အသိဆုံး အလုပ်ရှင်သူဌေးပင်သူ့လောက်သိမည်မထင် ။ ထိုနေ့က စံပြ၀န်ထမ်းကောင်းဆုကို လက်ခံယူပြီး အိမ်ပြန် လာတော့ သားသမီးနှင့်ဇနီးရှေ့မှာ ပြောခဲ့တာတွေ သူပြန်တွေးနေမိသည် ။

“ဒီမယ် အေးမေရဲ့ ကျုပ်ဆိုတဲ့ စံတင်က နာမည်ကိုက အဖေက သူတပါး စံတင်ရလောက်အောင် ကိုယ်ကျင့်သိက္ခာကောင်းရအောင် မှည့်ပေးခဲ့တာ ကျုပ်တစ်သက်လုံး ဘယ်တော့မှ သူများစီးပွားပျက်အောင်မ လုပ်ဘူး မခိုးဘူး မ၀ှက်ဘူး မလိမ်ဘူး အဲဒါကျုပ်ရဲ့ သစ္စာတရားပဲ ” တချိန်က အဲဒီလို သူ့ဇနီးသည်အေးမေကို သူပြောခဲ့ဖူးသည် ။ သားသမီးတွေကိုလည်း သူတပါးပစ္စည်းမခိုးဖို့ မ၀ှက်ဖို့ လျှာပေါ်မြက်ပေါက်ရင်ပေါက်နေပါစေ ဘယ်တော့မှ ကိုယ့်စိတ်ဓါတ်ကိုကိုယ်မဖျက်ဆီးဖို့ အကြိမ်ကြိမ်ဆုံးမခဲ့သော စံတင် ။ အခု တော့ ဥာဥ့်နက် သန်းခေါင် သူဌေးရဲ့မီးခံသေတ္တာရှိရာအခန်းထဲ သူတစ်ယောက်တည်းရှောက်ရှိနေသည် ။ သူ ဘာဆက်လုပ် ရမလဲ ။ နှဖူးမှ စီးကျလာသော ချွေးစက်တွေက ကြမ်းပြင်ပေါ်သို့ ပေါက်ကနဲ ကျဆင်းသွားသည် ။ သက်ပြင်းမော ကို ချရင်း ဦးစံတင်တစ်ယောက် လေးပင်နေသော ခေါင်းကို ခါယမ်းလိုက်သည် ။

(၂)

“ အဖေ အဖေ့ကို သမီးပြောစရာရှိတယ် ” “ အင်း ပြောလေသမီးရဲ့ ” စကားနိဒါန်းခံနေကတည်းက သမီးဖြစ်သူ ပြော မည့်စကားကို ဦးစံတင် ကြိုတင်ခန့်မှန်းလို့ရနေသည် ။ ထင်သည့်အတိုင်းပါပဲ ။ “ သမီး ကျူရှင်အတွက် ငွေ လိုနေလို့အဖေရဲ့ အခုက သမီးမလိုက်နိုင်တဲ့ဘာသာအတွက် ကျူရှင်ထပ်ယူဖို့လိုနေလို့ ပါအဲဒါ ငွေ တစ်လကို ၇ သောင်းလောက်ကျမယ်တဲ့ အဖေ ” “ အင်း...” ဦးစံတင် အင်း..ချလိုက်သောအသံက သိပ်မပီပြင်ချင် ။ “ အင်းပါသမီးရယ်..စိတ်ချပါ အဖေကြိုးစားပြီးရှာပေးပါ့မယ် ” ပျော်ရွှင်စွာ ထွက်သွားသော သမီးဖြစ်သူရဲ့ နောက်ကျောပြင်ကို ကြည့်ရင်းဦးစံတင် သက်ပြင်းမောကိုချလိုက်သည် ။ သူ့လစာက တစ်လမှ တစ်သိန်း ၂ သောင်းကျပ်သာရသည် ။ အိမ်စရိတ် မီးဖိုချောင်စရိတ်နဲ့ ထွေလီကာလီတွေဖယ်လိုက်ရင် တစ်လတစ် လလှောက်ငအောင် မနည်းသုံးနေရသည် ။ ဒီကြားထဲ ကလေးတွေရဲ့အဖိုးဖြစ်သူ သူ့အဖေ မှာ လည်း လေဖြတ်ထား၍ ဦးစံတင်က တတ်နိုင်သလောက် ဓါတ်ဆာလေး ဆေးလေးတွေ နဲ့ကုပေးနေရသေး သည် ။ အတွေးတွေမှမဆုံးခင် သားဖြစ်သူ က၀င်လာသည် ။

“ အဖေ အဖေ့ကိုကြည့်ရတာ နေမကောင်သလိုပဲ မျက်နှာမှိုင်နေပါလား ” “ မဟုတ်ပါဘူးသားရယ် အဖေအလုပ် ကိစ္စ စဉ်းစားနေတာပါ ” “ အဖေ့အလုပ်ကအဆင်ရောပြေရဲ့လားဟင် ” “ ပြေပါတယ် သားရယ် ဒီလိုပါပဲ ” “ အင်း..အဆင်ပြေရင်ပြီးတာပါပဲအဖေရာ သားအဖေ့ကိုပြောစရာရှိတယ် သားအဖေ့ ကို ပြောစရာ ရှိလို့အဖေ ရ ဒီလို ပါ အခု သားအထက်တန်းကျောင်းပြောင်းတော့ အိမ်နဲ့လည်းအတော်ဝေးသွားတယ်လေ အဖေသိတဲ့အတိုင်း အထက်တန်း ကျောင်းက ဆိုင်ကယ်နဲ့သွားမှ အဆင်ပြေမှာအဖေရ သားသူငယ် ချင်းတွေအကုန် လုံးဆိုင်ကယ်တွေနဲ့သွားရတာသားတစ်ယောက်တည်း စက်ဘီးလေးစီးနေရတယ် အချိန်လည်းကြာသလို အရမ်းဝေးတော့နေ့တိုင်း အဆင်မပြေဘူးအဖေရာ အဲဒီတော့သားကို ဆိုင်ကယ်လေးတစ်စီးလောက် ၀ယ်ပေး ပါလားအဖေရာနော် လုပ်ပါ သားမျက်နှာလည်းငယ်တယ်အဖေရ ရွယ်တူတွေကြားမှာ စက်ဘီးစီးတာ သားတစ်ယောက်တည်းရယ် ” မျက်နှာငယ်လေးနဲ့ပြောနေသော သားဖြစ်သူကိုကြည့်ရင်း ဦးစံတင်ရင် ထဲဆို့နင့် သွားသည် ။ “ အေးပါသားရယ်အေးပါ အဖေအကောင်းဆုံးစီစဉ်ပေးပါ့မယ် ” ကတိပေးပြီး ရင် ဖြစ်အောင် လုပ်တတတ်တဲ့ စံတင် ကဲမင်းဘာလုပ်မလဲ စဉ်းစားစမ်း လစာရတာကတ စ်သိန်း ၂ သောင်း တစ်လတစ်လ ဘာမှမ စုဖြစ် ။ ဒီအတိုင်းစားစရီတ်လမ်စရိတ် အဖေ ကြီး ဓါတ်စာ နဲ့ ထွေလီကာလီတွေကို မနည်းလောက်အောင် သုံးနေရတဲ့ စံတင် ။

(၃)

တစ်နေ့လုံးနီးပါး ဦးစံတင် စဉ်းစားနေသည် ။ ဒီပြဿနာ ဒီအခက်အခဲတွေကို ဘယ်လို ပြေလည်အောင် သူ ဖြေရှင်းရမလဲ-- ရုတ်တရက်သူ့မျက် လုံးထဲ ငွေအထုပ် လိုက် ငွေအစည်းလိုက်မြင်ယောင်လာသည် ။ ဟင်..သူမြင်နေတာ သူ့ သူဌေးရဲ့ မီးခံသေတ္တာထဲက ငွေတွေပဲ ဒါ..ဒါဆို မီးခံ့သေတ္တာ ထဲက ငွေ တစ်ထုပ်လောက်ယူပြီးဖြေရှင်းလိုက်ယုံနဲ့ အားလုံးပြေလည်သွားနိုင်သည် ။ ငွေငါးသိန်း ဆယ် သိန်းလောက်နဲ့ သူဌေးကလည်း လျော့လို့လျော့မှန်းတောင်သိမှာမဟုတ် ။ ပြီးရင် သူ့လစာထဲက နည်းနည်းစီပြန်ဖြည့် ထားရင်ရ တာပဲမဟုတ်လား ။ ခွေးကောင် စံတင် ခွေးသူတောင်းစားစံတင် မင်း ဘာတွေ စဉ်းစားနေလဲ မင်းတစ် သက်လုံး စောင့်ထိမ်းလာတဲ့ သီလသိက္ခာ သမာဓိ ဘာတဲ့ လူတကာ စံတင်လောက်တဲ့ စံတင် ဟုတ်လား ထွီး..ရွံ့ပါ့ကွာ ..ဟင်းမဖြစ်သေးဘူး ငါ့သိက္ခာ ငါ့ သမာဓိ ငါစောင့်ထိမ်းတဲ့သီလ ငါအကျိုးခံလို့မဖြစ်ဘူး ။ တွေးနေရင်းဦးစံ တင်မျက်ဝန်းထဲ သားငယ်နဲ့သမီးငယ် မျက်နှာလေးတွေက ၀င်ရောက်လာပြန်သည် ။ သူတို့လေးတွေခမျာ သူ့ကြောင့်လူတကာ နှင့်ယှဉ် သူငယ်ချင်းတွေနဲ့ယှဉ်လျှင် မျက်နှာငယ်နေရရှာသည် ။ မဖြစ်သေးပါဘူး သူ့မှာ ဖခင်တစ်ယောက်အနေနဲ့ သားသမီးအပေါ်ဖြည့်ဆည်းပေးဖို့ တာဝန်ရှိသည် ။ သူ လုပ်ကိုလုပ်ရမည် ။ ထိုင်ခုံမှ ၀ုန်းကဲထပြီး ဦးစံတင် မီးခံသေတ္တာနားသွားပြီး သော့ကို ဖွင့်လိုက်သည် ။

“ ချလောက် ” သော့ပွင့်သွားသံက သူ့ဦးခေါင်းကို မိုးကြိုးအစင်းစင်းပစ်ချသလို ။ သူခေါင်းနဘမ်းကြီးသွားသည် ။ ဟင်..ငါဘာတွေ လုပ်နေမိတာပါလိမ့် ဘုရားဘုရား ငါ ကံငါးပါးထဲက တစ်ပါးချိုးဖောက်နေတာပဲ ...(ကဲ စံတင်မင်းဘာတွေစဉ်းစာေးနတာလဲ မင်းသားသမီးတွေ မျက်နှာမငယ်ရဖို့မင်းမှာ တာဝန်ရှိတယ်)....စံတင်... စဉ်းစား စမ်း မင်း အကျင့်သိက္ခာသွားပြီနော် တစ်သက်လုံး မင်းနာမည်ကိုတောင်ပြောင်းလိုက်တော့ စံတင်မဟုတ်ပဲ မစံတင်လို့ မင်းကွာ အတော် သောက်သုံးမကျတဲ့ကောင် ..( ကဲ စံတင်လုပ်လေကွာ ..မင်း ဘာစဉ်းစားနေလည်း ကြည့်စမ်း မင်းမိသားစု ဘယ်လောက်တောင်ကျပ်တည်းနေလဲ ကဲနောက်ဆုံးမင်း အဖေကြီးအတွက်ဆေးဖိုးလည်းဒီလ ပေးဖို့မရှိတော့ဘူး မင်းတို့တင်နေတဲ့အကြွေးတွေကြည့်စမ်း အတိုးတွေ ကနက် သထက်နက်လာနေပြီ ဘယ်လိုဆပ်မလဲ ” “အားးးးးးးးးးးးးးး” အတွေးထဲမှာ ဦးစံတင် တစ်ယောက်ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည် ။

နောက်ဆုံး ဆုံးဖြတ်ချက်ကိုသူချလိုက်သည် ။ သူ လုပ်သည်မှာ မှန်သည်လား မှားသည်လည်းသူမသိချင်တော့ အခုအချိန် အမြန် ဆုံးဖြစ်လိုသည်မှာ သူလူ့လောကထဲက ပျောက်ကွယ်သွားချင်နေမိသည် ။

(၄)

“ ဟင်...ဒီ..ဒီငွေထဲ ဘယ်ကရလာသလဲကိုစံတင် ” “ သူဌေးက ဘောနပ်ပေးလိုက်တာပါကွာ စံပြဆုအတွက်ရယ် ဒီနှစ်အ တွက် ဘောနပ်ပေးလိုက်တာ ” “ ဘောနပ်က ဒီလောက်ရစရာရှိလို့လားကိုစံတင် ရှင်မဟုတ်တာတော့မ လုပ်ပါဘူးနော် ” “ တော်ကွာ..တိတ်စမ်းအေးမေ မင်းငါ့ကိုဘယ်လိုကောင်ထင်နေလဲ ငါတစ်သက်လုံး မဟုတ် တာမ လုပ်ဘူးကွ ” ဒေါသတကြီးတခါမှ မအော်စဖူးအော်ဟစ်ကာ သူအိပ်ခန်းထဲ ၀င်လာခဲ့သည် ။ ဇနီးသည် က နားမလည်စွာ ကျန်ခဲ့ရင်း တိတ်ဆိတ်သွားသည် ။

ခုတင်ပေါ်လှဲချလိုက်ရင်း ဦးစံတင် မျက်ဝန်းမှာေ၀၀ါးလာသည်။ ဟင်...သူ မျက်ရည်တွေကျနေတာလား ....။ အရှင်ဘုရား တပည့်တော် ...ခွင့်လွှတ်ပါဘုရား တစ်သက်လုံးစောင့်ထိမ်းထားတဲ့ကံကို တစ်ညအတွင်းမှာ တပည့်တော်ချိုးဖောက်မိပါပြီဘုရား...။ ဦးစံတင်စိတ်ထဲမှရေရွတ်ရင်းမျက်လုံးကို အသာမှိတ်လိုက်သည် ။ တွဲခိုနေသော မျက်ရည်စတွေက ပါးပြင်ပေါ်ကို စီးကျသွားတော့သည် ။

သက်တန့်ချို
28/6/2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................