Saturday, April 25, 2020

သူတစ်ပါးရဲ့အမြင်နဲ့မရှင်သန်ပါနဲ့

ဘယ်သူ့အမြင်မှ မယုံကြည်နဲ့
ကိုယ့်မျက်စိက အမှန်တရားကို မြင်နေရတာပဲ

ဘယ်သူ့စကားမှ မယုံကြည်နဲ့
ကိုယ့်နားနှစ်ဖက်က အမှန်တရားကို ကြားနေရတာပဲ

ဘယ်သူ့အတွေးအခေါ်မှ မယုံကြည်နဲ့
ကိုယ့်အသိဉာဏ်နဲ့ အမှန်တရားကို တွေးတတ်တာပဲ

သူတစ်ပါး အမြင်နဲ့အသက်ရှင်ရတာ
ရှက်ဖို့ကောင်းတယ် ။

သူတစ်ပါးစကားကို လိုက်ခံစားတတ်တာ
ရှက်ဖို့ကောင်းတယ် ။

သူတစ်ပါးအတွေးအခေါ်ကိုမှီခိုတတ်တာ
ရှက်ဖို့ကောင်းတယ် ။

သက်တန့်ချို
25-April 2020

Friday, April 24, 2020

ကံကောင်းတယ်ဆိုတာ

ဘ၀မှာ သေချာတာ ဘာမှမရှိသလို
ဆုတောင်းတိုင်းလည်းပြည့်မှာမဟုတ်ဘူး ။

မျှော်လင့်တိုင်းလည်းဖြစ်မလာသလို
ဖြောင့်ဖြူးတဲ့လမ်းဆိုတာလည်းရှိမှာမဟုတ်ဘူး ။

မနက်ဖြန်ထိ အသက်ရှင်နေသေးရင်
ကံကောင်းတာပဲ မဟုတ်လား ?

ကိုယ်ချစ်တဲ့သူတွေကို
မြင်နေခွင့်ရသေးရင် ကံကောင်းတာပဲ မဟုတ်လား ?

ဖြတ်သန်းခဲ့တဲ့အချိန်တွေအားလုံး
နောင်တ နည်းခဲ့ရင် ကံကောင်းတာပဲ မဟုတ်လား ?

သက်တန့်ချို
24-April 2020

Thursday, April 23, 2020

လစ်လျုရှုပါ

ကိုယ့်ကို ဒေါသဖြစ်အောင်လုပ်တိုင်း
ဥပက္ခာပြုလိုက်ပါ ။

ကိုယ့်ကို နိမ့်ကျအောင်လုပ်တိုင်း
မျက်နှာလွှဲလိုက်ပါ ။

ကိုယ့်ကို မုန်းတီးအောင်လုပ်တိုင်း
လစ်လျူရှုလိုက်ပါ ။

တစ်ယောက်နဲ့တစ်ယောက်ကျောချင်းခိုင်းဖို့
တစ်စက္ကန့်လောက်ပဲ လိုအပ်သလို

တစ်ယောက်နဲ့တစ်ယောက် ပြန်ရင်းနှီးသွားဖို့
စစ်မှန်ခြင်းတစ်ခုသာ လိုအပ်ပါတယ် ။

သက်တန့်ချို
23-April 2020

မလော့တလော့မဒေါင်းတဒေါင်းဖြစ်နေတဲ့ရန်ကုန်

ကမ္ဘာပေါ်မှာ COVID-19 ရောဂါဖြစ်ပြီး ပိတ်လိုက်တဲ့ Closed cases ပေါင်း အခု ဒီစာရေးတဲ့အချိန်ထိ 906,413 ခုရှိတယ် ။

အဲ့ဒီအထဲကမှ ၈၀% ဖြစ်တဲ့ 722,150 ယောက်က Recover ဖြစ်ပြီးဆေရုံဆင်းသွားကြပေမယ့်
၂၀% ဖြစ်တဲ့လူပေါင်း 184,263 ယောက်ကတော့သေဆုံးသွားကြပါတယ် ။

မလော့တလော့
မဒေါင်းတဒေါင်း
မတင်းတတင်း လုပ်နေတဲ့ ရန်ကုန်ဟာ
မကြာခင် Epic-Center မဖြစ်လာပါစေနဲ့လို့
လမ်းပေါ်စုစု စုစု ထွက်လာတဲ့ လူစုလေးတွေကို ကြည့်ပြီး သက်ပြင်းချရင်းရေးမိပါတယ် ။



#သက်တန့်ချို
#ttc_status

Monday, April 20, 2020

ငေးကြည့်ယုံပဲတတ်နိုင်ခဲ့တယ်

တချို့လူတွေက လိုလေသေးမရှိအောင်ပြည့်စုံလွန်းတယ်
ငေးကြည့်ယုံပဲတတ်နိုင်တယ် ။

တချို့လူတွေက ပြောစရာအပြစ်မရှိအောင် ကောင်းမွန်လွန်းတယ်
ငေးကြည့်ယုံပဲတတ်နိုင်တယ် ။

တချို့လူတွေက ရှိသမျှ ပိုလျှံနေလောက်အောင်လုံလောက်လွန်းတယ်
ငေးကြည့်ယုံပဲတတ်နိုင်တယ် ။

ဒီလို ငေးကြည့်နေယုံကပဲ
ကိုယ့်ရဲ့ အရှိတရားကို သင်ပေးတယ်
ကိုယ့်ရဲ့ ပစ္စုပ္ပန်ကို သတိရစေတယ်
ကိုယ့်ရဲ့ အသိဉာဏ်ကို သင်ခန်းစာပေးတယ် ။

တချို့သော မျက်ရည်တွေက ခွန်အားဖြစ်စေပေမယ့်
တချို့သော မျက်ရည်တွေက နာကျင်မှုနဲ့ပင်ပန်းစေပါတယ် ။

" ကိုယ်ခေါင်းငိုက်စိုက်ကျနေရတဲ့အခိုက်အတန့်ပေါင်းများစွာမှာ
ကိုယ်ကိုယ်တိုင်ပဲ အားယူပြန်ထရမယ်မဟုတ်လား "

သက်တန့်ချို
20-April 2020

Thursday, April 9, 2020

လူကောင်းဆိုတာ


လူကောင်းဆိုတာ

🌼 ကိုယ့်ကြောင့် သူတစ်ပါးကို မပျက်စီးစေသူ

🌼 ကိုယ့်အမှားကို သိရှိပြုပြင်ပြီးနောက်ထပ်အမှား ထပ်မကျူးလွန်သူ

🌼 လူတော်တစ်ယောက်မဟုတ်ရင်တောင် လူယုတ်မာတစ်ယောက်မဖြစ်အောင်နေထိုင်သူ

🌼 မကောင်းတာကို မကောင်းတာမှန်းသိရှိ ရှောင်ကြဉ်တတ်သူ

🌼 မမြင်ကွယ်ရာမှာ ပျက်စီးခြင်းတရားကို စွန့်လွှတ်တတ်သူ ကိုခေါ်ပါတယ် ။

သက်တန့်ချို
9 April 2020

Tuesday, April 7, 2020

ခေတ်ကိုက ...

ခေတ်ကိုက ...

မျက်နှာချင်းဆိုင်ရမှာထက်
ကျောချင်းသာ ခိုင်းနေကြစို့ ။

ကမ္ဘာ့ကပ်ကြီးက
ဒီတစ်ခါ ရိုးရော ရိုးရဲ့လား
တန်ဖိုးထားတဲ့ လူသားချင်းယုံကြည်မှုပါ
လွင့်စင်ကွဲရှ ။

လူတွေချစ်တယ်ဆိုတာ
တကယ်ပဲ သူတို့ကိုမထိခိုက်သရွေ့တဲ့လား ?

စကားစမပြောခင်
နောက်ဆုတ်လိုက်ကြ
လက်စမဆွဲခင်
ဦးညွှတ်လိုက်ကြ
ခေတ်ကိုက အဲ့ဒီလို ။

လက်ဆေးပြီး ငါ့တို့မျက်နှာတွေအုပ်ကြမယ်
တစ်ယောက်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို
တစ်ယောက်က မှားမရှုမိဖို့အရေး
လေထုကိုခွဲခြမ်းစိတ်ဖြာသံတွေဆူညံနေတယ် ။

ခေတ်ပျက်ကြီးရဲ့စိန်ခေါ်သံကြားမှာ
ဘယ်သူတွေက လူသားဆန်လဲ
ဘယ်သူတွေက အတ္တကြီးလဲ

အို.. သူငယ်ချင်းတို့ရေ
အိမ်ထဲမှာပဲနေကြပါ
အပြင်မှာ မိစ္ဆာတွေ ကူးခတ်နေကြပုံများ
ခေတ်သစ်ငရဲကို ပျိုးနေကြသလို ။

ဟုတ်တယ် .. ခေတ်ကိုက
Mask တစ်ခု ၅၀၀ ကျပ်
နောက်တစ်ရက်အတွက်
ကျွန်တော်တို့ ဘယ်လို အသက်ဆက်ကြမလဲတဲ့

လူတွေဟာ မူတွေကြား
လူတွေဟာ သူစိမ်းဆန်မှုတွေကြား
လူတွေဟာ အို... ဝေးကွာ ။

ခေတ်ကိုက ..
အောက်ဆီဂျင်ကို လုရှုနေကြရသလို
သေခြင်းရှင်ခြင်းဟာ
အဓိပ္ပါယ်မဲ့မဲ့လာတယ် ။

သက်တန့်ချို
7.4.2020



Stay Home နေနေသူများ ထင်နေတာလေးဖြေကြည့်ပါလား

Stay Home နေနေသူများ ထင်နေတာလေးဖြေကြည့်ပါလား

မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေထက်ယှဉ်ရင် COVID-19 တွေ့ရှိမှုဟာ အလွန်နည်းပါတယ် ။
ဒီလိုနည်းပါးစွာတွေ့ရှိရတဲ့ ရလဒ်အပေါ် သင်ရော ဘယ်လိုထင်ပါသလဲ ။
အောက်က အဖြေ ၁၀ ခုထဲက ဘာဖြစ်မလဲ ဖြေသွားကြည့်ပါလား ။

၁ ။ ကံကောင်းလွန်းနေလို့ ။

၂ ။ Suspect စစ်တဲ့ တစ်နေ့တာအ‌ရေအတွက်နည်းနေလို့ ။

၃ ။ တကယ်ပဲ ပိုးကူးစက်မှုက နည်းပါးနေလို့ ။

၄ ။ Asymptomatic carrier တွေကို မဖော်ထုတ်နိုင်သေးလို့ ။

၅ ။ မြန်မာပြည်သူအားလုံးစည်းကမ်းလိုက်နာပြီး ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်နေလို့ ။

၆ ။ ထိတွေ့ကူးစက်သူ Q ခံရသူအားလုံးကို မစစ်နိုင်သေးလို့ ။

၇ ။ ကမ္ဘာလှည့်ခရီးသွား ဦးရေနည်းခဲ့လို့ ။

၈ ။ အစိုးရကိုင်တွယ်ဖြေရှင်းပုံ နည်းစနစ်မှန်ပြီး တိကျခဲ့လို့ ။

၉ ။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့အချိန်နဲ့တပြေးညီလုပ်ဆောင်ချက်တွေက မှန်ကန်ထိရောက်ခဲ့လို့ ။

၁၀ ။ စစ်နေတဲ့ Criteria လွဲနေလို့ ။

ဒီ (၁၀) ချက်ထဲမှာပါပဲ ကိုယ့်ဘာသာ ထင်နေတဲ့ယူဆချက်လေးတွေရှိရင်ရေးပေးသွားပါဦး ။

#သက်တန့်ချို
#7April2020

Monday, April 6, 2020

Mask တပ်တာနဲ့ပတ်သတ်ပြီး ၅.၄.၂၀၂၀ နေ့စွဲနဲ့ MOHS က ထုတ်ပြန်တဲ့ FAQ တွေကိုဖတ်ပြီးပြီလား ?



Mask တပ်တာနဲ့ပတ်သတ်ပြီး ၅.၄.၂၀၂၀ နေ့စွဲနဲ့ MOHS က ထုတ်ပြန်တဲ့ FAQ တွေကိုဖတ်ပြီးပြီလား ?

စာအရှည်ကြီးတွေဆိုတော့ အစအဆုံး တော်တော်များများ မဖတ်ရသေးလောက်ဘူး ။

အောက်မှာ လိုရင်းတိုရှင်းပဲပြန်ရေးထားတယ် ဖတ်ကြည့် ။

၁ ။ COVID က 60-140nm ရှိတဲ့အကောင်ကြီး ဗိုင်းရပ်စ်အမျိုးအစား ဒါကြောင့် ချောင်းဆိုး ၊ နှာချေရင် droplets တွေက ၃ပေ-၆ပေထိလွင့်နိုင်တယ် ။

၂ ။ လေထဲကနေတဆင့်ကူးစက်ဖို့ Aerosol transmission ဖြစ်ဖို့အတွက် 10 micrometer အောက်ဖြစ်ပြီး လေထက်ပေါ့ဖို့လို့လိုတဲ့အွက် လေထဲလွင့်ကူးဖို့အခြေအနေနည်းတယ်လို့ဆိုတယ် ။

၃ ။ Mask ၃ မျိုးရှိတယ်

က ။ Surgical Mask ( 10 micrometer အထက် droplest တွေကာကွယ်နိင် )

- ခွဲခန်းအပြင် အသက်ရှုလမ်းကြောင်းကနေတဆင့်ကူးတတ်တဲ့ရောဂါကာကွယ်တဲ့နေရာတွေမှာ သုံးတယ် ။

- Surgical Mask ထဲကို ပြင်ပကအမှုန်အမွှားတွေ ၂၅% ဝင်နိုင် ။ ရောဂါပိုးအကောင် ၁၀၀ ရှိရင် ၂၅ ကောင်ပဲဝင်တဲ့သဘော ။

- Surgical Mask တပ်ပြီး ချောင်းဆိုးရင် ကိုယ့်ဆီကအမှုန်အမွှားတွေ အပြင်ကို ၅၀%ရောက်နိုင် ။ ကိုယ့်မှာ အကောင် ၁၀၀ ရှိရင် အကောင် ၅၀ အပြင်ကိုရောက်နိုင်တဲ့သဘော ။

ခ ။ N95 (လေထဲက ရောဂါအမှုန်အမွှားတွေကို ၉၅% ကာကွယ်နိုင်တယ်

- သာမန်ပြည်သူများတပ်ရန်အကြံမပြု ။ High risk ကျန်းမာရေးဝန်ထမ်းတွေသာ တပ်ရမယ် ။

- N95 ထဲကို ပြင်ပအမှုန်အမွှားတွေ ၁% သာဝင်နိုင် ။ ရောဂါပိုးအကောင် ၁၀၀ ရှိရင် ၁ ကောင်ပဲဝင်နိုင်တဲ့သဘော ။

- N95 တပ်ပြီးချောင်းဆိုးရင် ကိုယ့်ဆီကအမှုန်အမွှားတွေအပြင်ကို ၃၀% ရောက်နိုင် ။ ကိုယ့်မှာ ပိုး ၁၀၀ ရှိရင် အကောင် ၃၀ အပြင်ရောက်နိုင်တဲ့သဘော ။

 ဂ ။ Cloth Mask ( ချည် ၊ လီနင် သားနဲ့လုပ်ထားတဲ့ အဝတ်နှာခေါင်းစည်း ) အမေရိကန် CDC ကတော့ ပိုးမွှားဝင်ရောက်ကာကွယ်ခြင်းနိမ့်ပေမယ့်ပြန်လျှော်ဖွပ်သုံးနိုင်တဲ့အတွက် cloth mask သုံးနိုင်ကြောင်းပြောထားတယ် ။

- Cloth Mask အတွင်းကိုအပြင်က အမှုန်အမွှားတွေ ၃၃% ဝင်နိုင် ။ ရောဂါပိုးအကောင် ၁၀၀ ရှိရင် ၃၃ ကောင်ဝင်နိုင်တဲ့သဘော ။

- Cloth Mask တပ်ပြီးချောင်းဆိုးရင် ကိုယ့်ဆီကအမှုန်အမွှားတွေ အပြင်ကို ၉၀%ရောက်နိုင် ။ ကိုယ့်မှာ ရောဂါပိုး ၁၀၀ ရှိရင်အကောင် ၉၀ အပြင်ရောက်နိုင်တဲ့သဘော ။

အသေးစိတ်အရှည်ကြီးဖတ်ချင်ရင် တော့ MOHS Page မှာသွားဖတ်ပါ ။

ထပ်ပြောပါ့မယ် Physical distancing ခေါ်ခေါ် Social Distancing ခေါ်ခေါ် ၃ ပေခွာတာထက် ၆ ပေခွာကြပါ ။

Droplets က ပိုးရှိသူချောင်းဆိုးရင် ၃ပေကနေ၆ပေအကွာထိရောက်နိုင်ကြောင်း အတိအလင်းဆိုထားပါတယ် ။

သက်တန့်ချို
6.4.2020


Saturday, April 4, 2020

Blame လုပ်မှာလား Care လုပ်မှာလား


Blame လုပ်မှာလား Care လုပ်မှာလား

တစ်ခါတစ်ခါ လူတွေကပြောရတော်တော်ခက်ပါတယ် ။ အထူးသဖြင့် ကျွန်တော်တို့လူ့အသိုင်းအ၀ိုင်း Society မှာ ပိုဆိုးတယ် ။

ကိုယ့်ကို ထိခိုက်လာမယ့်အရာကိစ္စမျိုးဆိုရင် အသည်းအသန်ကာကွယ်တတ်ပြီး blame လုပ်တဲ့ပုံစံပြောင်းသွားတာတွေတွေ့နေရတယ် ။

ဒီ COVID လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သည် Airborne ပုံစံဖြစ်လာလို့လေကနေတဆင့်တောင် အလွယ်တကူ ကူးလာတဲ့သဘောရှိတယ် ။

ဒီအတွက်လည်း CDC ကအခုဆို Mask တပ်ဖို့ပြောပါပြီ ။ ဒီတော့ ပိုခက်သွားတာက source ရှာရတာပါ ။ Contact ရှာမရပဲ ကူးစက်ခံရသူတွေ မြန်မာပြည်မှာတွေ့လာရပြီ ။

ဒီနေရာမှာအဓိကရေးချင်တာက Blaming Culture ကိုပါ ။ ၁၄ ရက် Q လုပ်နေတဲ့သူတွေဟာ တရားခံတွေမဟုတ်သလို မတော်တဆ ကူးစက်ခံနေရသူတွေကလည်းတရားခံမဟုတ်ပါဘူး။

ဒီတော့ ရောဂါကူးစက်ခံရသူတွေကို blame လုပ်တာ ရွံသလိုလိုဆက်ဆံတာ နှိမ်တာတွေဟာ အလွန်ရှက်ဖို့ကောင်းပါတယ် ။

တရားခံအစစ်တွေက ဘယ်သူလဲသိလား ?

- ကိုယ့်မှာ ရောဂါရှိနေမှန်းသိရက်နဲ့ ၁၄ရက် Q မလုပ်ပဲ လုပ်အုပ်ကြား မသိသလို သွားနေသူတွေ

- ကိုယ့်ဟာ Travelling history ရှိသားနဲ့ စစ်မိသည်ဖြစ်စေ မစစ်မိသည်ဖြစ်စေ Q 14 days Home Stay မနေပဲ အပြင်လျှောက်ထွက်နေကြသူတွေ

- ဆရာဝန်တွေသူနာပြုတွေမေးတဲ့အခါ ကိုယ့်ရဲ့ history ကို လိမ်ညာဖြေခဲ့သူတွေ

အခြားနိုင်ငံတွေမှာလို history အမှန်မပြောသူတွေကို ဒါဏ်ပေးတဲ့စနစ်လည်း စသင့်နေပါပြီ ။

အခုအချိန်မှာ Q ခံနေရသူတွေရော Confirmed case တွေရောကို စနစ်တကျ Care လုပ်ပြီး စိတ်ဓါတ်ခွန်အားပေးမှအဆင်ပြေပါမယ် ။

 နိုင်ငံတကာမှာ ဒီရောဂါကူးစက်ခံရသူအချို့ လူမှုဝန်းကျင်က စွန့်ပယ်နေကြလို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုတွေဖြစ်လာကြပါပြီ ။ ဒါက blaming လုပ်ခြင်းရဲ့ အကျိုးဆက်ပါ ။

အခုအချိန်မှာ COVID-19 ကို အသက်သာဆုံးကြုံနေရတဲ့နိုင်ငံအနေနဲ့ Q လုပ်နေသူတွေနဲ့ မတော်တဆ contact ရှိသူတွေ Confirmed လူနာတွေကို Victim တွေလိုသဘောမထားပဲ လူကိုလူလို့ပဲမြင်ကြပါ ။

ဘာကြောင့်လည်းဆိုတော့ ဒီအခြေအနေအရဆိုရင် ခင်ဗျားတို့ရော ကျွန်တော်တို့ရောတစ်ချိန်ချိန်မှာ Q ခံရသူ ဖြစ်နိုင်သလို contact မိသူတွေ confirmed ဖြစ်သူတွေဖြစ်သွားနိုင်ပါတယ် ။

ဒါကြောင့် အခုကတည်းက Victim blaming society ကို ပယ်ဖျက်ကြပါလို့ တိုက်တွန်းလိုပါတယ် ။

သက်တန့်ချို
4.4.2020

သင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရင် ဘာဖြစ်မှာလဲ ?



သင့်ခန္ဓာကိုယ်ထဲကို Coronavirus ဝင်ရင် ဘာဖြစ်မှာလဲဆိုတာကို ရှင်းလင်းတဲ့ animation နဲ့ Necleus Medical Media က အခုလိုဖော်ပြပေးထားပါတယ် ။ စိတ်ဝင်စားသူများ လေ့လာနိုင်ပါတယ် ။

သင်နဲ့သင့်ကလေးတွေကို Coronavirus ရန်ကနေဘယ်လိုကာကွယ်မလဲ ?

Dr.Panda Toto TIme ဆိုတဲ့ Channel က ရှင်းလင်းထားတဲ့ နားလည်လွယ်ကူတဲ့ သင်နဲ့သင့်ကလေးတွေကို COVID-19 ကနေ ဘယ်လိုကာကွယ်မလဲဆိုတဲ့ Video ဖြစ်ပါတယ် ။

Friday, April 3, 2020

မြင်ရတာလေးတွေလွဲနေလို့ပါ






သက်ဆိုင်ရာတာဝန်ရှိသူများ တည့်မတ်ပေးစေချင်ပါတယ် ။

Non Contact infrared Thermometer သုံးရင် လူနာ သို့မဟုတ် ကိုယ်တိုင်းမယ့်လူရဲ့ နဖူး သို့မဟုတ် နားထင်ရဲ့  3 to 15 cm အကွာတိုင်းရပါတယ်

ဒါတောင် အရေပြားရဲ့ thermal sensitivity ပေါ်မူတည်ပြီး ယေဘူယျပဲ အပူချိန်မြင့်မမြင့်ပြောနိုင်တာမို့ ပုံထဲကလို အဝေးကြီးတွေကနေတိုင်းနေရင်တော့ အချိန်ကုန် လူပန်း ပြီး တိုင်းတာနဲ့မတိုင်းတာ ဘာမှထူးမှာမဟုတ်ပါကြောင်း ။

သက်တန့်ချို
3.4.2020

Credit : မူရင်း ဓါတ်ပုံပိုင်ရှင်

Thursday, April 2, 2020

ဘာလို့ Mask တပ်ခိုင်းတာလဲသိလား ?

ဘာလို့ Mask တပ်ခိုင်းတာလဲသိလား ?

Mask တပ်တာနည်းတဲ့ အီတလီ - ၁၃၁၅၅ သေဆုံး
လူတိုင်းကိုယ်စီ Mask တပ်တဲ့ ထိုင်ဝမ်မှာ - ၅ ယောက်သေဆုံးတဲ့

Mask တပ်တာနည်းတဲ့ စပိန် မှာ ၉၃၈၇ သေဆုံးပြီး
လူတိုင်းကိုယ်စီ Mask တပ်တဲ့ ဂျပန်မှာ - ၅၇ ယောက်သေဆုံးတဲ့

Mask တပ်တာနည်းတဲ့ အမေရိကမှာ ၅၁၁၀ သေဆုံးပြီး
လူတိုင်းကိုယ်စီ Mask တပ်တဲ့ တောင်ကိုရီးယားမှာ ၁၆၉ ယောက်သေဆုံးတဲ့

အရင်က WHO နဲ့ U.S Surgeon General ကပြောတယ် Mask တွေက COVID-19 ပျံ့နှံ့မှု တားဆီးရေးမှာ အသုံးမဝင်ပါဘူးတဲ့ ဒါကြောင့် ကိုယ့်မှာ ဖျားနာ‌ချောင်းဆိုး နဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေမရှိရင် mask တွေကို လုယက်မဝယ်ကြပါနဲ့ဆိုတယ် ။
အောက်မှာ ဖတ်ကြည့်

If you do not have any respiratory symptoms, such as fever, cough, or runny nose, you do not need to wear a medical mask. When used alone, masks can give you a false feeling of protection and can even be a source of infection when not used correctly. ➡️https://t.co/0nyHux1SgN pic.twitter.com/JDQhnowx3p
— World Health Organization Western Pacific (@WHOWPRO)

တကယ်မှန်ရဲ့လား ? လေ့လာမှုတွေအရ Mask တပ်ခြင်းကြောင့် COVID-19 ကြောင့်သေဆုံးမှုကိုအောက်ပါနည်းလမ်း ၃ ချက်နဲ့လျော့ကျစေနိုင်ပါသတဲ့ ။

၁ ။ ရောဂါပိုးကူးစက်ခံနေရသူတွေကြောင့် ပိုးပျံ့နှံ့ခြင်းကို နည်းစေနိုင်ခြင်း ။ Mask က virus particles တွေကို အတွင်းမှာ ပိတ်မိအောင်လုပ်တယ် ဒီ Virus particles တွေကို airborne ဖြစ်မလာအောင်ကာကွယ်ပေးစတယ် ပြီးတော့တခြားသူတွေကိုကာကွယ်ပေးနိုင်တယ် ။

၂ ။ ရောဂါပိုးမကူးစက်ခံရသေးတဲ့သူတွေကိုလည်း new infection ရစေခြင်းကိုနည်းစေတယ် ။ အပြင်ဖက်မှာ ပျံ့နေတဲ့ airborne virus particles တွေကို ရှူသွင်းခြင်းကနေ ကာကွယ်ပေးပြီး သင့်ကို သင် ကာကွယ်ပေးနိုင်တယ် ။

၃ ။ လက်ကနေတဆင့်မျက်နှာကိုထိတွေ့ခြင်းကို ကန့်သတ်ပေးတယ် ။ Mask တပ်ခြင်းအားဖြင့် ညစ်ပေးနေတဲ့ ပိုးကပ်နေနိုင်တဲ့ လက်နဲ့ ခန္ဓာကိုယ်အဆုတ်ထဲကို မျက်နှာကိုထိတွေ့ခြင်းမှမတဆင့်မဝင်နိုင်အောင် physical barrier အနေနဲ့ တားဆီးပေးနိုင်ပါတယ် ။

Czech Republic နိုင်ငံမှာ မတ်လ ၁၈ ရက်နေ့ကတည်းက လူထု ကို Mask ဝတ်ဖို့တိုက်တွန်းပြီး အပြင်ထွက်တာနဲ့ mask တပ်စေတယ် ။ ဒီတော့ သူတို့နိုင်ငံမှာ Confirmed Case ခုထိ ၃၅၈၉ ပဲရှိပြီး သေဆုံးသူ  ၃၉ ယောက်ပဲရှိပါသေးတယ် ။ ဒိန်းမတ်လည်းအလားတူပါပဲ ။

ရောဂါကူးစက်မှုကို ကျွမ်းကျွမ်းကျင်ကျင်ထိမ်းချုပ်နေနိုင်ပြီဖြစ်တဲ့ တောင်ကိုရီးယားနဲ့ဟောင်ကောင်ကဘာပြောသလဲဆိုရင် " Face Masks တွေက ကျယ်ကျယ်ပျံ့ပျံ့သုံးမယ်ဆိုရင် SARS-CoV-2 ပျံ့နှံ့မှုကို နှေးစေတဲ့နေရာမှာ အထိရောက်ဆုံးဖြစ်ပါတယ် ဘာကြောင့်လည်းဆိုတော့ mask တွေက လက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူတွေကနေတဆင့် အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိပဲ လူကောင်းတွေဆီကူးစက်ခြင်းကို တားဆီးပေးနိုင်ပါတယ် " တဲ့ ။

United States လိုနိုင်ငံမှာတောင် mask တွေပစ္စည်းပြတ်တာ အဓိကပြဿနာတစ်ခုဖြစ်နေတယ် ။ သောကြာနေ့တုန်းက survey အရတော့ မြို့ပေါင်း ၂၁၃ မြို့ရဲ့ ၉၂%ဟာ frist responders နဲ့ medical personnel တွေအတွက်လုံလောက်တဲ့ face masks supply မရှိသေးပါဘူးလို့ဆိုတယ် ။

အချုပ်အနေနဲ့ပြောရရင် မြန်မာနိုင်ငံအတွက် အစိုးရအနေနဲ့ အခုကတည်းက ဒါလေးတွေလုပ်ပေးရင်ကောင်းပါမယ်

 " Mask တပ်ကြပါဆိုတာထက် Mask မဖြစ်မနေတပ်ပါ " ဆိုတာမျိုး ဒီအတွက်လည်း mask တစ်ခုကို ၅၀၀ ကနေ ၁၀၀၀ ကြားပေးဝယ်နေရတဲ့ issue တွေမရှိအောင် စျေးမြင့်တာတွေမမြင့်အောင်စီစဉ်ပေးဖို့လိုပါမယ် ။

Social Distancing ကို အင်တိုက်အားတိုက်ခုကတည်းက ကြပ်မတ်လုပ်ဆောင်စေချင်ပါတယ် ။ ကြေငြာချက်ထုတ်တာမျိုးမဟုတ်ပဲ လိုရင်းတိုရှင်း လူတစ်ယောက်နဲ့ တစ်ယောက် ၆ ပေကွာ လျောက်ပါဆိုတာမျိုး ။

အလုပ်တွေ ပိတ်ကြပါ ဆိုတာထက် အိမ်မှာနေရင်း WORK FROM HOME လုပ်လို့ရတဲ့အလုပ်တွေကို ခွဲထုတ်ပြီး traffic လျော့ကျစေဖို့စနစ်တကျ လုပ်ဆောင်ဖို့ တိုက်တွန်းတာမျိုး ( ဥပမာ စင်ကာပူလို )

လူစုလူဝေးရှိတဲ့နေရာ မသွားပါနဲ့ဆိုတာထက် လူဘယ်ယောက်ထက်ပိုစုဝေးရင် ဒါဏ်ကြေးဘယ်လောက်ဆိုတာမျိုး ။

လိုအပ်ရင် Contact ရှိနေတဲ့ Crowded city တွေကို အချိန်အပိုင်းအခြားနဲ့အသွားအလာကန့်သတ်တာမျိုး ( Community Quarantine )  ။

နိုင်ငံတော်အခြေအနေကိုအားနာပေမယ့် ဆုံးဖြတ်စရာရှိတာတွေကိုမြန်မြန်ဆုံးဖြတ်ပြီး Super Spreader တွေ Massive Spreading တွေကို အချိန်ရှိတုန်းလေး တားကြရအောင်ပါ ။

သက်တန့်ချို
2.4.2020

လေ့လာချင်ရင်
https://www.maskssavelives.org/?fbclid=IwAR2oMkwnDvM0V-UV0bZD6awY19fWWtlI3c2g7d8ZNXdfjWZjtQvo3T1FII0
https://www.npr.org/sections/health-shots/2020/03/31/824560471/should-we-all-be-wearing-masks-in-public-health-experts-revisit-the-question
https://www.worldometers.info/coronavirus/