Showing posts with label ညီမလေးဖတ်ဖို့. Show all posts
Showing posts with label ညီမလေးဖတ်ဖို့. Show all posts

Wednesday, April 30, 2014

ညီမလေးဖတ်ဖို့ (၁၂ )


ညီမလေးဖတ်ဖို့  (၁၂ )

ညီမလေးရေ
ယောက်ျားလေးတစ်ယောက်ရဲ့ရုပ်ဆင်းရူပကာကိုမကြည့်ပါနဲ့
သူ့ရင်ထဲက ခွင့်လွှတ်နိုင်စွမ်း အနည်းအများကိုကြည့်ပါ

ညီမလေးရေ
ယောက်ျားလေးတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ဂုဏ်ကိုမကြည့်ပါနဲ့
သူ့ဆီက ကိုယ်ကျင့်သိက္ခာနဲ့ အကျင့်သီလကိုသာ ကြည့်ပါ

ညီမလေးရေ
ယောက်ျားလေးတစ်ယောက်ရဲ့ ပိုက်ဆံသုံးနိုင်စွမ်းကိုမကြည့်ပါနဲ့
သူတည်ဆောက်လာခဲ့တဲ့ ရိုးသားမှုကိုသာ ကြည့်ပါ

ညီမလေးရေ
ယောက်ျားလေးတစ်ယောက်ရဲ့ စကားချိုချိုတွေကို မမက်မောပါနဲ့
သူစောင့်ထိမ်းနိုင်မဲ့ သစ္စာတရားနဲ့ ကိုယ့်အပေါ် အနစ်နာခံနိုင်မှုကိုသာကြည့်ပါ

ညီမလေးရေ
ယောက်ျားလေးတစ်ယောက်ရဲ့ ပေးဆပ်မှုတွေကိုမကြည့်ပါနဲ့
သူပေးဆပ်ခြင်းရဲ့နောက်ကွယ်က ရယူလိုမှုတွေကို လက်ခံနိုင်ရဲ့လားဆိုတာကိုကြည့်ပါ

ညီမလေးရေ
ယောက်ျားလေးတစ်ယောက်ရဲ့ အားသာချက်တွေကို ရွေးမကြည့်ပါနဲ့
သူ့အားနည်းချက်တွေကို ကိုယ်ဖာထေးပေးနိုင်ရဲ့လား လစ်လျူရှုပေးနိုင်ရဲ့လားဆိုတာကိုသာကြည့်ပါ

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 28, 2013

ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )


ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )

သို့

ညီမလေးရေ ဇွန်လရဲ့နောက်ဆုံးရက်သတ္တပါတ်မှာ ကောင်းကင်မှာ မိုးတိမ်တွေအုံ့ဆိုင်းလို့နေတယ် ။ အခါအားလျော်စွာ ညီမလေးဆီ စာတွေရေးရေးပို့နေတတ်တဲ့အကိုဟာ ဒီတစ်ခါလည်း ညီမလေးဆီကို စာတစ်စောင်ရေးပို့လိုက်ပါတယ် ။ ဒီတစ်ခါစာလေးရဲ့ခေါင်းစဉ်ကိုတော့အကိုက စောင့်လေမျိုးနွယ်လို့ပေးထားပါတယ် ။

ညီမလေးဟာ လူတွေဟာ အသွေးအရောင်ပေါင်းစုံ ဘာသာတရားပေါင်းစုံ နဲ့ စီးဆင်းနေကြတာအလျောက် ယဉ်ကျေးမှုပေါင်းစုံကလည်း ကူးလူးယှက်သွယ်နေကြတာ ညီမလေးအမြင်ပါပဲ ။

ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ်ရောစိတ်ရောယဉ်ကျေးသိမ်မွေ့ခြင်းကိုဆိုလိုပါတယ် ။ ကိုယ်စိတ်နှစ်ပါးလုံးယဉ်ကျေးသိမ်မွေ့နေပါမှ ယဉ်ကျေးမှုလို့ဖွင့်ဆိုရာရောက်တယ် ။ အကိုတို့မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာဆိုရင်ယဉ်ကျေးမှုကို အထိအခိုက်မခံအောင် အမျိုးဘာသာသာသနာကိုအထိအခိုက်မခံအောင် ထိမ်းသိမ်းကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။ ဒါပေမယ့် ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်ဆိုပြီးအချိန်တိုင်း ထိုင်မသိမ်းရင်ဖုံးနဲ့ နေဖို့လည်းမဟုတ်ပြန်ပေဘူး ။ လူဆိုတာ သူ့နေရာနဲ့သူ ဒူးနေရာနဲ့ဒူးတော်နေရာတဲ့တော်နေရတယ် ။ ဥပမာ ညီမလေးဟ ဘုရားစေတီဖူးမျှော်ဖို့ သွားတဲ့အခါ စကတ်တိုဘောင်းဘီတိုနဲ့မသင့်လျော်ဘူး ။ ဒါပေမယ့် ကမ်းခြေသွားတဲ့အခါကျတော့ ကမ်းခြေကအ၀တ်အစားဖြစ်တဲ့ ဘောင်းဘီတိုစကတ်တိုက သင့်တော်နေပြန်တယ် ။ ညီမလေးရေ .. ယဉ်ကျေးမှုကို ထိမ်းသိမ်းဖို့ဆိုတာ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်မှဖြစ်နိုင်မှာပါ ။ ဖရီးစတိုင်ဆိုတာနဲ့ အမြင်မတင့်တယ်တာနဲ့မတူပါဘူး ။ စကက်တိုခြင်းဘောင်းဘီတိုခြင်းဝတ်တာတောင် မိန်းကလေးတစ်ဦးနဲ့တစ်ဦးမတူညီပြန်ဘူး ။ အကိုတို့ နိုင်ငံဟာ အရင်ကတည်းက ထဘီဦးစားပေးဝတ်ဆင်ကြတဲ့အလျောက်အခု လိုယဉ်ကျေးမှုတွေစီးဝင်လာကြတဲ့ခေတ်ထဲမှာ ညီမလေးဝတ်တဲ့ စကတ်တို ဘောင်းဘီတိုဟာ လူတွေမျက်လုံးထဲအဖို့ အမြင်မတင့်တယ်ဘူးဆိုတဲ့အတွေးကိုရောက်စေတတ်တယ် ။

အ၀တ်အစားဟာ တကယ်တမ်းအရေးကြီးသလိုလိုနဲ့တကယ်တမ်းတော့ အ၀တ်အစားထက်ပိုအရေးကြီးတာ အနေအထိုင်ပါညီမလေးရေ ။ ညီမလေးဟာ စကတ်တိုဝတ်ခွင့်ရှိတယ် ဒါပေမယ့်အနေအထိုင်တော့ သိုသိုသိပ်သိပ်နေရမယ် မိန်းကလေးကိုး ။ မြင်ဖူးနေကြပန်းပွင့်လေးတွေကို လူတွေက တန်ဖိုးမထားတတ်ကြပေမယ့် မမြင်ဖူးသေးတဲ့ရှားပါးပန်းပွင့်လေးတွေကိုတော့လူတွေက တန်ဖိုးထားတတ်ကြတယ် ။ ဒီသဘောပါပဲညီမလေး ရေ ။ လူဆိုတာ ရှေ့မှာမြင်နေရတဲ့အကောင်းအဆိုးထဲက ကိုယ်ဘာကိုယူမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ် ။ ဥပမာ ညီမလေးကိုရီးယားကားတစ်ကားကြည့်တယ်ဆိုပါစို့ ။ ကိုရီးယားတွေရဲ့အလုပ်ကြိုးစားမှု အပြိုင်အဆိုင်ရှိမှု သန့ှ်ရှင်းသပ်ရပ်မှု နည်းစနစ်စတာတွေကို အတုယူရမှာဖြစ်ပြီးမိန်းကလေးတွေအရက်သောက်ခန်းတွေ အချင်းချင်းယောက်ျားလုနေတဲ့အခန်းတွေကိုတော့ အတုမယူရဘူးညီမလေး ။ ဒါဟာ လောကကြီးအပေါ် ကိုယ်မြင်တဲ့ရှူထောင့်အပေါ်မူတည်ပါတယ် ။ အခုဆိုညီမလေးလည်း အရွယ်ရောက်လာပြီဆိုတော့ အချိန်တန်ရင် ချစ်တဲ့သူပေါ်လာမယ် ပြီးရင်အိမ်ထောင်တွေဘာတွေကျမယ် သားသမီးတွေမွေးလို့ ညီမလေး၇ဲ့မျိုးရိုးကိုဆက်ပြီးစောင့်ထိမ်းရတော့မယ် ။ ပထမဦးဆုံး လွတ်လပ်ခွင့်ဆိုတဲ့ Freedom အကြောင်းညီမလေးကိုပြောပြချင်ပါတယ် ။

Freedom

အကိုနားလည်ထားတဲ့လွတ်လပ်ခွင့်ဆိုတာသည် လွတ်လွတ်လပ်လပ်ကြီးလုပ်ချင်တာလုပ် မယ်ဖြစ်ချင်တာဖြစ်ဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေတာကို မဟုတ်ဘူးညီမလေး ။ လွတ်လပ်ခွင့်ဆိုတာသည် အပေါ်ယံကြည့်လိုက်ရင်ပေါ့ပါးတယ်ဆိုပေမယ့် အနောက်ကနေ တာဝန်ယူမှုဆိုတဲ့အပိုင်း ပါလာတဲ့အခါ အရမ်းကိုလေးနက်သွားရပါပြီ ။ ညီမလေးဟာ လွတ်လပ်မှုကို မြတ်နိုးတယ်ဆိုရင် ကိုယ့်ကိုယ်ကို နဲ့ကိုယ့်အကျိုးဆက်ကို တာဝန်ယူနိုင်တဲ့သူဖြစ်၇မယ် ။ ညီမလေးရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ဟာ တပါးသူရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အပေါ် ထိခိုက်စေခြင်းမရှိရဘူး ။ လွတ်ပြီးလပ်နေတာမျိုးမဖြစ်ရဘူးညီမလေး ။ လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တာဝန်ယူပြီး ကိုယ့်ရည်မှန်းချက်ကို အမှီအခိုကင်းကင်းအကောင်အထည်ဖော်လုပ်ဆောင်တာကိုဆိုလိုပါတယ် ။ ဒီလိုပဲညီမလေးးလူတွေအားလုံးမှာ အခုတလောလူပြောများနေတဲ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးကိုယ်စီရှိကြတယ် ။ လူမှမဟုတ်ပါဘူး ခွေးမှာရော ကြောင်မှာရော အရာရာမှာ အခွင့်အရေးနဲ့သူ့ လုပ်ပိုင်ခွင့်သူရှိကြတယ် ။ လူတစ်ယောက်ကို ဒါလုပ်ကို လုပ်ရမယ်လို့အတင်းယုံကြည်ခိုင်းလို့မရဘူး ။ လူတစ်ယောက်ကို ဒါယုံရမယ် ဒါမယုံရင် နှိပ်စက်မယ် သတ်ဖြတ်မယ်ဆိုတာဟာလည်း လူ့အခွင့်အရေးနဲ့မညီပြန်ဘူး ။ လူဆိုတာကိုယ့်စိတ်သဘောထားအတိုင်းကိုယ်ယုံကြည်ရာကိုယ်ရွေးချယ်လျှောက်လှမ်းနိုင်ခွင့်ရှိရမယ် ။

ညီမလေးရေ သူများတွေလုပ်လို့လိုက်လုပ်တယ်ဆိုတာ ညီမလေးရဲ့ပင်ကိုယ်အရည်အသွေးညံ့ဖျင်းရာကျပါတယ် ။ ညီမလေးစဉ်းစားကြည့် မွေးလာကတည်းက ဆင်တစ်ကောင်ကိုပြပြီး ဒါဆိတ်ပါလို့ယုံကြည်ခိုင်းရင် အသက်ကြီးလာတဲ့အခါ အဲဒီလူဟာဆင်ကို ဆိတ်လို့ပဲမြင်နေတာမဆန်းပါဘူး ။ အဲဒီလူမှာအပြစ်မရှိပါဘူး ယုံကြည်ခိုင်းတဲ့လူမှာသာအပြစ်ရှိပါတယ် ။ ယုံကြည်မှုကို တည်ဆောက်ချင်ရင်တော့ လေ့လာခြင်း + ဝေဖန်ခြင်း + ဆန်းစစ်ခြင်း + သုံးသပ်ခြင်း = အဖြေထုတ်ခြင်း စတဲ့ညီမျှခြင်းနဲ့သွားရတယ်ညီမလေး ။ ဘာသာတရားဖြစ်စေ လူမှုရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ ဘာကိုပဲ ဖြစ်ဖြစ် ယုံမယုံကြည့်ရတော့မယ့်အခါ ညီမလေး အရာရာကိုလေ့လာပါ ယှဉ်တွဲသုံးသပ်ပါ အကောင်းဆုံးကိုရွေးချယ်ဖို့လိုပါတယ် ။ ညီမလေးရေ လူ့အခွင့်အရေးအရပြောမယ်ဆိုရင် အကိုဟာညီမလေးကို ဘယ်လူနဲ့ယူရမယ် ဘယ်လူနဲ့မယူရဘူးပြောခွင့်မရှိတော့ဘူး ။ ညီမလေးမှာ လုပ်ပိုင်ခွင့် ( Right ) အပြည့်ရှိပြီကိုး ။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စိတ်ကလေးကိန်းဝပ်လာတဲ့အခါ လူဟာ တဇွတ်ထိုးဆန်လာတတ်တယ် ။ မှားနေမှန်းသိရင်တောင်နောက်မဆုတ်ချင်တော့ဘူး ။ ညီမလေးကို အင်္ဂလိပ်ကြီးနဲ့မယူပါနဲ့ တရုတ်ကြီးနဲ့မယူပါနဲ့ အကို့မှာ တားပိုင်ခွင့်မရှိတော့ပါဘူး ။ ဒါပေမယ့်ညီမလေးရေ အကိုတို့ တစ်ချက်ကလေးပြန်စဉ်းစားကြည့်ရအောင်လား ။

စောင့်လေမျိုးနွယ်

ဘယ်လိုပဲ အသားအရောင်ညီတူညီမျှ လူ့အခွင့်အရေးညီတူညီမျှ လို့ဆိုပေမယ့် ဘင်လာဒင်လည်း အမေရိကကို တိုက်ခိုက်ခဲ့တာပါပဲ ။ အိုဘားမားလည်းငြိမ်းချမ်းရေးနိုဘယ်ဆုကိုင်ပြီး ဘင်လာဒင်ကို နှိမ်နှင်းခဲ့တာပါပဲ ။ တို့ကမ္ဘာကြီးဟာ သိပ်ကြောက်ဖို့ကောင်းတယ်ညီမလေး ။ လူ့အခွင့်အရေးလို့ တစာစာအော်နေပြီး အတွင်းမှာ သတ်ဖြတ်နေတာတွေ ဆာလောင်နေတာတွေ မြင်ရတဲ့အခါ အကိုဟာ တဖြည်းဖြည်း လူ့လောကကို မျက်နှာလွှဲချင်နေမိတော့တယ် ။ ညီမလေးရေ .. အကိုတို့မြန်မာလူမျိုးတွေဟာ သိပ်ကို အားနာတတ်တယ် ။ ခင်မင်တတ်တယ် ။ ယုံပြီဆိုရင်အိမ်ပေါင်ပေးရလည်းဝန်မလေးဘူးဆိုတဲ့ လူမျိုးထဲ တို့တွေပါတယ် ။ ဒီလိုအားနာမှု ယုံကြည်မှုတွေနဲ့အတူ တို့နိုင်ငံမှာ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဟာသိသိသာသာကြီးကြီးမားလာခဲ့ရတာ ညီမလေးအမြင်ပါပဲ ။ ညီမလေးရေ ကိုယ်ချစ်တဲ့သူကို လူတိုငူ်းကတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာပါပဲ ။ ဒါပေမယ့်ညီမလေးအနေနဲ့ ရေရှည်တွေးလို့ အိမ်ထောင်ဖက်အထိစဉ်းစားရတော့မယ့်အခါ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးကိုထည့်သွင်းစဉ်းစားပေးပါလို့အကိုကတောင်းဆိုချင်ပါတယ် ။ မျိုးဆက်ပွားတာဝန်ကို ယူထားရတဲ့ညီမလေးဟာ အင်္ဂလိပ်ကြီးယူလိုက်တဲ့အခါ အင်္ဂလိပ်မြန်မာ မျိုးစပ်လေးရလာမယ် ဂျပန်ကြီယူလိုက်တဲ့အခါ ဂျပန်မြန်မာမျိုးစပ်လေးရလာမယ် ။

ဒီလိုတွေအဖြစ်များလာတဲ့အခါ တို့တွေမှာ မြန်မာဆိုတာ နောက်ဆိုကျန်ပါတော့ဦးမလားလို့ တွေးနေမိတယ် ။ မဖြစ်သေးပါဘူး အဝေးကြီးလိုပါသေးတယ်လို့ညီမလေးပြောချင်တာလား ။ အရှည်ကိုတွေးမိရင်တော့ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပြီဆိုတဲ့အကြောင်းညီမလေးကိုသိစေချင်ပါတယ် ။

မြန်မာညီမလေးကမွေးလာတဲ့ရင်သွေးလေးကို အကိုက မြန်မာကလေးငယ်လေးပဲဖြစ်စေချင်တာ အကိုအတ္တကြီးမိတာဆိုလည်းဝန်ခံပါတယ် ။ အကိုက လူ့အခွင်းအရေးချိုးဖောက်မိတယ်ဆိုရင်လည်းအကို ခံပါ့မယ် ။ ဒါက အကိုမြင်ချင်တဲ့ဆန္ဒကိုး ။

မြန်မာညီမလေးက လက်ချိတ်ပြီးလမ်းလျောက်သွားတဲ့ဘေးကောင်လေးနေရာမှာ အကိုက မြန်မာကောင်လေးပဲဖြစ်စေချင်မိတယ် ။ မင်္ဂလာဆောင်တဲ့အခါ ရင်ဖုံးထိုင်မသိမ်းနဲ့သတို့သားကကျက်သရေခေါင်းပေါင်းနဲ့အခါတော်ပေးနေတဲ့မြင်ကွင်းလေး အကို မြင်ချင်မိလှတယ် ။

အကို့အတွေးအမြင်တွေ တစ်ဖက်စွန်းရောက်နေပြီလားတော့မပြောတတ်ပါဘူးညီမလေး ။ အများစုပြောနေကြတဲ့ လူ့အခွင့်အရေးဆိုတာ အကို့အနေနဲ့ စည်းဝါးလွတ် ဖြစ်ပြီး အကိုတို့တမျိုးသားလုံးကိုထိခိုက်မယ့်အရာမျိုးကိုတော့အကိုလက်မခံချင်ပါဘူး ။ မှန်တာပေါ့ ညီမလေးတို့လို မြန်မာအမျိုးသမီးလေးတွေ ရဲ့စိတ်ထဲမှာ အမျိုးကို ချစ်တဲ့စိတ် ဘာသာသာသနာကို ချစ်တဲ့စိတ်လေးရှိပြီး ကိုယ့်အသိလေးနဲ့ကိုယ် စောင့်လေးမျိုးနွယ်ကို ချစ်မြတ်နိုးရင်ဖြင့် အကို့ပူပင်မှုတွေ အေးချမ်းသွားလိမ့်မယ်လို့အကိုမျှော်လင့်မိပါတယ် ။

ဘယ်သူကမှ လာပြင်ပေးလို့မရပါဘူးညီမလေး ။ ဘယ်လိုကန့်သတ်ချက် တွေနဲ့မှလည်း လူတွေကိုပိတ်ပင်လို့မရပါဘူး ။

ကိုယ့်အသိစိတ်နဲ့ခံယူချက်မှာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်ကလေးကိန်းအောင်းပြီး စောင့်လေမျိုးနွယ်ကို အသီးသီး လက်ခံကျင့်သုံးကြရင်ဖြင့် မြန်မာဆိုတာ ကမ္ဘာတည်သရွေ့တည်တံ့နေဦးမှာပါပဲ ။

ှညီမလေးရေ .. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ ... ယုံကြည်ရာကို ရဲဝံ့ပြတ်သားစွာ လျှောက်လှမ်းနိုင်တဲ့ မြန်မာအမျိုးသမီးလေး စောင့်လေမျိုးနွယ်ကို ချစ်ခင်ဦးထိပ်ထားတဲ့ အမျိုးသမီးလေးတစ်ဦးဖြစ်ပါစေကွယ် ။

အကို
သက်တန့်ချို
28.6.2013



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, January 15, 2013

ဆေးကျောင်းတက်တိုင်းဆရာဝန်ဖြစ်လိမ့်မယ်ဘယ်သူပြောလဲ

 ဆေးကျောင်းတက်တိုင်းဆရာဝန်ဖြစ်လိမ့်မယ်ဘယ်သူပြောလဲ


ကျွန်တော့်ဆီကို ဆေးကျောင်းတက်နေတဲ့ ဒုတိယနှစ်ကျောင်း သူတစ်ယောက်အောက် ပါအတိုင်းစာ ပို့ထားတယ် ။ ကျွန်တော်လည်းတချိန်က အဲဒီလိုခံစားခဲ့ရဖူး လို့ကိုယ်ချင်းစာ တဲ့အတွက် စာပြန်ပေး လိုက်ပါတယ် ။

Dear sir, can i ask u some advice for i am so disappointed n depressed this medical student life?i wanna know how can i pass it.there r too much to study but we have a little time..whole day is full of lecture , tuotorial ,pratical n tution...when i return home im so tired n fell asleep n morning again n so day after day i get no lesson..n then i wanna give up..i have no courage to continue ...so plz give me some advice to pass it for u also r a doctor.. n i hope u understand me. plz reply me sir i will

be waiting for ...don't
ignore me sir ....i've never writte

7:08am

sorry sir i ve never written it before so forgive me when i was something wrong

Thanks a lot to u sir

7:17am

im a second mb student im not too much inteligent when i know my fri can do n more get lesson than me i fell more upset by myself besides im too weak n health is not wealth always ill...so compare with others i ever late in study ...i admire ur letters n admire u so i request u to give advice me...Thanks sir

with great respects

--------------------------------------------------------
ညီမရေ . . မှန်တာပေါ့ ဆေးကျောင်းသူ ဆေးကျောင်းသားဘ၀ဆိုတာ သူများတွေထင်ထားသလို ပန်းခင်းလမ်း မဟုတ်သလို ပျော်စရာ ရွှင်စရာ တက္ကသိုလ်ကြီးတစ်ခုလည်းမဟုတ်ပါဘူး ။ ကန်ဘောင် မှာ လေညှင်းလေးတွေခံပြီး တီတီတာတာ နဲ့တက္ကသိုလ်ရဲ့ အနှစ်သာရ ဆိုလား အဲဒါတွေခံစားနေ ရတဲ့အထဲ မှာ ဆေးတက္ကသိုလ်တစ်ခုတော့မပါဘူးညီမရေ ။ ညီမအခုဖြစ်နေ တဲ့ခံစားချက်တွေ က ဆေးကျောင်း သူ ဆေးကျောင်းသားတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ depression တစ်မျိုးပါပဲ ။

“ ငါ အောင်ပါ့မလား ”
“ ငါ သူများတွေ လို ဘာလို့ စာမကျက်နိုင်တော့တာလဲ ”
“ ငါရွေးခဲ့တဲ့ တက္ကသိုလ်က မှန်ကန်တဲ့ဆုံးဖြတ်ချက်မှ ဟုတ်ရဲ့လား ” စသဖြင့်ပေါ့ ။ တချို့ကတော့ ယတိပြတ်ဆုံးဖြတ်လိုက်ပြီးဆေးကျောင်းက ထွက်လို့ တခြား လိုင်းတွေကူးသွားတာလည်းရှိပါတယ် ။ လူအများစုထင်နေကြတာက ဆေးကျောင်းတက်ရင် ဆရာဝန်ဖြစ်မယ်တဲ့ ။ အဲဒီ စကားမှားကြောင်း ကို ဆေးကျောင်းတက်နေတဲ့သူတွေရော ဆရာဝန်ဖြစ်ပြီးသားလူတွေရော သိပါလိမ့်မယ် ။ တစ်နှစ်တစ် တန်းတောင်အောင်အောင်မနည်းကြိုးစားပြီး ဆပ်ပလီမထိအောင် ရုန်းကန် လို့ နောက် ဆက်တွဲ မတက် ချင်လို့ အသေအလဲ လုပ်ကြရတာ ဆေးကျောင်းသားဘ၀တွေပါ ။

ဒီနေရာမှာ “ ဆရာဝန်ဖြစ်ချင်စိတ် ” ဆိုတဲ့အကြောင်းလေးနည်းနည်းပြောချင်တယ် ။ ဆေးကျောင်း တက်တဲ့ သူတော်တော်များများမှာ တချို့ ဆရာဝန်ဖြစ်ချင်စိတ်ရှိကြပေမယ့် တချို့ကတော့ ဆရာဝန်ဖြစ် ချင်စိတ်လုံးဝမရှိကြဘူး ။ တချို့ကတော့ ဖြစ်ချင်သလား မဖြစ်ချင်သလား ကိုယ့်ကိုယ်ကို မသိတဲ့လူတွေ လည်းရှိတယ် ။ အဲဒီလိုလူတွေထဲမှာ ကျွန်တော်လည်းအပါအ၀င်ပေါ့ ။ ဆရာဝန်ဖြစ်ချင်စိတ်ဟာ ပီပီပြင်ပြင်ဖြစ်ပေါ် လာတာ တကယ်တော့ House surgeon ဆင်းတဲ့အချိန်ပါပဲ ။ လူနာတွေနဲ့ ထိတွေ့ရတဲ့အခါမှ လူနာတွေကို စာနာလာတယ် သနားလာတယ် နားလည်လာတယ် လူ့အသက် ကယ် ရတဲ့ပီတိ ကို သိလာတယ်။ အဲဒီတော့ ဆရာဝန် စစ်စစ် ဖြစ်ချင် စိတ် ဟာ ပေါ်ထွက်လာကြစမြဲပါပဲ ။

ညီမရေ . . . ဆယ်တုန်းတုန်းကကြိုးစားခဲ့လို့ ဆေးတက္ကသိုလ်မှာ အရည်အချင်းမှီပါတယ်ဆိုပြီး ခွင့်ပြုလို့ ကိုယ်တောင် တက်နေရပြီပဲ ။ သူများလုပ်နိုင်ရင်ကိုယ်လဲလုပ်နိုင်ရမှာပေါ့ ။ သူများကျက်နိုင်ရင် ကိုယ်လဲ ကျက်နိုင် ရမှာပေါ့ ။ ဆေးကျောင်းကစာတွေက အများကြီးဆိုတာ မှန်ပါတယ် ။ ကျောင်းစာတွေ ချည်းဖိကျက်နေလို့ချည်းမဖြစ်ပြန်ဘူး ။ ကျွန်တော်ကတော့ စကားလေးတစ်ခု ပဲ လက်ဆောင်ပေး ချင်ပါတယ် ။ ဆေးကျောင်းအောင်ဖို့က သိပ်တော့မခက်လှဘူး ဒါပေမယ့်ဆေးစာတွေကို ပိုင်နိုင်ဖို့ဆိုတာ ကတော့ ခက်လှတယ် ။ ဆရာဝန်ဖြစ်ပြီးတော့ Parmaco (ဆေးဝါးဗေဒ ) မပိုင်တဲ့သူတွေ Patho (ရောဂါဗေဒ ) မပိုင်တဲ့သူတွေ တပုံကြီးပါပဲ ။ ကျွန်တော်ပြောချင်တဲ့စကားကတော့

“ အမြဲတမ်း မျက်စိဖွင့်နားဖွင့်နေပါ ” ဆိုတာပါပဲ ။ ဘယ်တော့မှ အိမ်ထဲမှာပဲအောင်းပြီးစာမကျက်ရဘူး ဆရာမတွေ ဆရာတွေနဲ့ရင်းနှီးစွာနေရမယ် ။ နှစ်စကတည်းက ကိုယ့်ဘာသာတွေကို မှန်မှန်ဖတ်သွားရမယ် ။ ကျက်စရာ မလိုဘူးနော် ဒီလောက်များတဲ့စာတွေကို အပိုင် ဆယ်တုန်းကလို ကျက်နေရရင်သေရချည်ရဲ့ ။ ဖတ်ပါ အကြိမ်အရေအတွက်များများ ပြီးရင် ကိုယ့်ရဲ့ own english နဲ့ပဲပြန်ရေးရမယ်မဟုတ်လား ။ အဓိကကတော့ note လေးတွေထုတ်ပြီးကျက်တဲ့အလေ့အကျင့်မွေးပါ ။ ဒီခေါင်းစဉ်လာရင် ဒီ နုတ်လေးကို ပုံဖော်လိုက်တာနဲ့ တစ်ပုဒ်လုံးထွက်ကျလာသလိုမျိုးဖြစ်အောင်ပြင်ဆင်ရမယ် ။

စာမေးပွဲအောင်ဖို့ဆိုတာ စာ + လက်တွေ့ ၂ ခုပေါင်းမှ ရမယ် ဆိုတာ ညီမလည်းသိမှာပါ ။ လက်တွေ့ဟာ မခက်ခဲဘူး အမှတ်ကို များအောင်လုပ်ရမယ် ။ စာကတော့ သူမသာ ကိုယ်မသာပါပဲ ဘာမှသိပ်မထူးဘူး ။ နောက်တစ်ခုက မေးခွန်းဟောင်းတွေ ဘယ်ကျောင်းက ဖိုင်နယ်မေး ခွန်းထုတ် မှာလဲလေ့ လာ မေးခွန်းဟောင်းတွေ စာအုပ်ကလေးတွေနဲ့ထွက်လာတတ်တယ် စုံစမ်းပြီး ၀ယ်ထား လေ့လာ ။

အစအဆုံး အလွတ်ကျက်နေလို့ကတော့ရူးရင်ရူးမရူးရင်လည်း ဆေးကျောင်းထွက်ချင်စိတ်ပေါက်သွားမှာပေါ့ ။ ဆရာဝန်ဖြစ်ရတာ အတိုက်အခံများတယ် အကျိုးမရှိဘူး မချမ်းသာဘူးဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် ညီမအနေနဲ့ လူတစ်ယောက်ရဲ့အသက်ကို ကယ်ဖူးသွားတဲ့အခါ ဒါမှမဟုတ် ရောဂါခံစားနေ ရတဲ့လူ တစ်ယောက်ကို ဝေဒနာလျော့ပါးအောင်လုပ်ပေးနိုင်တဲ့အခါ ညီမဆရာ ၀န်ဖြစ် ချင်စိတ်နဲ့ ဇွဲသတ္တိတွေက ပီပီပြင်ပြင်ထွက်ပေါ်လာပါလိမ့်မယ် ။

ဘာပဲဖြစ်ဖြစ် ၀က်ဖြစ်မှ တော့ မစင်မကြောက်နဲ့လို့ ကျွန်တော် ခဏခဏ အားပေးဖူးတယ် ။ ကိုယ်ကိုယ် ကိုယ်ရော သူငယ်ချင်းတွေရော စာမေးပွဲရာသီဟာ စိတ်ကျရောဂါအဖြစ်အများဆုံးပဲ ။ ပျော်ပျော်နေပါ အရမ်းကြီးစိတ်ဖိစီးမှုမထားနဲ့ ။

တစ်ခုလေးပဲမှတ်ထားပါ ။

- ငါ ဆရာဝန်စစ်စစ်ဖြစ်ရမယ်
- သူများတွေလုပ်နိုင်ရင်ငါလည်းလုပ်နိုင်ရမယ်
- ဆေးစာတွေကို စာမေးပွဲအောင်ယုံမဟုတ်ပဲ လက်တွေ့မှာ အသုံးချဖို့အတွက် အခုကတည်း က သေချာကျက်ရမယ်
- ဒီအလုပ်နဲ့ငါ မချမ်းသာဘူး ဒါပေမယ့် ရလာတဲ့ပီတိက ဘာနဲ့မှ အဖိုးမဖြတ်နိုင်ဘူး
- ကိုယ့်မိဘတွေရဲ့ငွေကြေးတွေ ကိုယ့် အချိန်တွေ အလဟဿမဖြစ်စေရဘူး
- ဆေးကျောင်းသူဆေးကျောင်းသားကြီးတွေဆိုပြီးငါ့မှာ ဘ၀င်မြင့်ဖို့ အချိန်ဖြုန်းဖို့အချိန်မရှိဘူး ဘာလို့လည်း ဆိုတော့ ငါတစ်နှစ်တစ်တန်း မှန်မှန်အောင်ချင်တယ်
- ပန်းတိုင်ပြေးလမ်းပေါ်ငါတက်ခဲ့ပြီးပြီ ဆက်ပြေးရတော့မှာပဲ စတဲ့စိတ်တွေကိုမွေးမြူထားပါညီမရေ ။

“ အောင်မြင်ပါစေ ဆရာဝန်စစ်စစ်ဖြစ်လို့ လူသားကောင်းကျိုးကိုသယ်ပိုးနိုင်တဲ့သူတစ်ယောက်ဖြစ်နိုင်ပါစေ ”

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 24, 2012

ညီမလေးဖတ်ဖို့ (၉)

ညီမလေးဖတ်ဖို့ (၉)



ညီမလေးရေ -- နေလို့မှ ကောင်းရဲ့လား ညီမလေးဆီ စာလည်းမရေးဖြစ်တာအခုဆို လပေါင်းများစွာကြာခဲ့ပြီပေါ့ ။ အလုပ်တွေက တစ်ဖက် ၀ါသနာပါတဲ့ စာပေခရီးကတစ်ဖက် နဲ့ တို့တွေ ခရီးတွေသွားနေလိုက်ကြတာ ။ သူများတွေကတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ပန်းတိုင် ဆိုတာ ထားကြတယ် ညီမလေးရေ ။ အကိုကတော့ ဒီလိုမဟုတ်ပါဘူး ။ ကိုယ့်မှာ Limit ဆိုတဲ့ ဒီလောက်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူးလေ ။ အကိုဟာ သွားနိုင်သမျှ သွားမယ် ရောက်နိုင်သမျှ ရောက်အောင်သွားမယ် ရိုးရိုးလေးပါပဲ ။ ဒီတစ်ခေါက် ညီမလေးအတွက်ရေးပေးတဲ့စာမှာတော့ ညီမလေးအတွက် အသုံးဝင်မယ် ထင်တဲ့အချက်အ လက်လေးတွေ ကို တတ်နိုင်သမျှ စီရီလို့ စာတစ်ပုဒ်အဖြစ်ချရေးပေးလိုက်ပါတယ် ။ အခုရက်ပိုင်း မိုးကလည်း အရမ်း ကို သည်းနေတာပေါ့ ညီမလေးရယ် ။

ညီမလေးရေ မင်းရဲ့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကြင်ကြင်နာနာဆက်ဆံပေးပါ ။ ဘာကြောင့်လည်းဆိုတော့ သူတို့ဘာလို့ မင်းနဲ့ မိတ်ဆွေဖြစ်ရသလဲ မင်းနဲ့ ရန်သူဖြစ်ရသလဲဆိုတဲ့ အချက်အလက်တွေအကုန်လုံးကို မင်းမသိနိုင်တဲ့အတွက်ဖြစ်တယ် ။ တခါတလေ မင်းမှန်တယ်လို့ ကိုယ့်ဖက်ကနေထင်နေတဲ့အရာတွေဟာ သူတပါးဖက်ကကြည့်ရင်တော့ မှားနေတတ်တယ်မဟုတ်လား ။ ဒါကြောင့် လူဆိုတာ ကိုယ့်ဖက်က တစ်ဖက် တည်းဘယ်တော့မှ မကြည့်ရဘူးလို့ ဆိုခဲ့ကြတာပေါ့ ။

ညီမလေးရေ ဘ၀ဆိုတာ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ ခရီးရှည်ကြီးတစ်ခုပေါ့ ။ အဲဒီခရီးရှည်ကြီးထဲ ကိုယ်တစ်ယောက် တည်းစ တင်လျှောက်လှမ်းတော့မယ်ဆိုတာနဲ့ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲ စရာတွေ လည်းမ လွဲမသေ ကြုံတွေ့လာရလိမ့်မယ် ။ ဒါတင်ဘယ်ကလိမ့်မလဲ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရတဲ့ တိုက်ပွဲတွေ လည်း မင်းဆင်နွှဲရလိမ့်မယ် ။ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ဘ၀ခရီးရှည်ကို လျှောက်လှမ်းဖို့အတွက် ညီမလေးမှာ ယုံကြည်မှု တွေ မေတ္တာတရားတွေ ခံနိုင်ရည်ရှိမှုတွေနဲ့ တွေးတောနားလည်နိုင်မှု ဆင်ခြင်သုံးသပ်နိုင်မှုတွေ အများကြီးလိုအပ်တယ်မဟုတ်လား ။

ညီမလေးရေ လောကမှာ သိသင့်သိထိုက်တဲ့အရာတွေကို သိနေရအောင် ကြိုးစားရမယ် ။ လောကကြီးကနေ သင်ကြားပေးနေ တဲ့ သင်ခါးစာတွေကို ခါးသီးသည်ဖြစ်စေ ချိုမြိန်သည်ဖြစ်စေ ခံယူနိုင်စွမ်းရှိနေရမယ် ။ ညီမလေးသိထား ဖို့ကတော့ လောကကြီးမှာ လူတိုင်းဟာ သမာ သမတ် မကျနိုင်ဘူးဆိုတာပါပဲ ။ မှန်ကန်တဲ့အတိုင်း လုပ်နေတဲ့သူတွေရှိသလို မမှန်မကန်ပဲ လုပ်နေတဲ့ လူမှားတွေလည်း အများကြီးရှိသေး တယ်ဆို တာ ညီမလေးသိဖို့လိုတယ် ။ ညီမလေးရေ ဒါတင်ဘယ်ကလိမ့်မလဲ လောကကြီးက သိပ်ကို အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးနိုင်တယ် ။ လောကထဲမှာ လူဆိုးတစ်ယောက်ရှိအောင် လူစွမ်းကောင်း တစ်ယောက်ရှိတယ် ။ ကောက်ကျစ်တဲ့ ခေါင်းဆောင် တစ်ယောက်ရှိရင် လေးစားအ တုယူကြည်ညိုရ တဲ့ခေါင်းဆောင်ကောင်း လည်းရှိတယ် ။ ညီမလေးသိထားဖို့က ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိ တိုင်းမှာ ကိုယ့်ကို ကူညီစောင့်ရှောက်ပေးမယ့် မိတ်ဆွေတစ်ယောက်တော့အနည်းဆုံးရှိတယ်ဆိုတာပါပဲ ။

ညီမလေးရေ ဘ၀ကို ဖြတ်သန်းတဲ့အခါ ကိုယ်အလကားရတဲ့ ပိုက်ဆံ တစ်ထောင်ထက် ကိုယ့်အရည်အချင်းနဲ့ ကိုယ်တိုင်ရှာတဲ့ငွေတစ်ရာက ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ မှတ်ထားပါ ။ လောကမှာ ဖြစ်ပျက်သမျှ အဆိုးတွေ အရှုံးတွေကို အပြုံးမပျက်ပဲ ညီမလေး ခံယူတတ်မှသာ ကိုယ်အောင်မြင်တဲ့အချိန် မှာ ပျော်ရွှင်မှု အစစ်ဆိုတာ ဘာလဲဆိုတာ မင်းသိလာပါလိမ့်မယ် ။ ညီမလေးရေ လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မနာလို ၀န်တိုစိတ် မစ္ဆေရ စိတ်တွေ ကင်းနေမှ သူတပါးရဲ့အဆင်ပြေမှု အောင်မြင်မှုကို မုဒိတာ ပွားနိုင်မှ ကိုယ့်စိတ်ဟာ ဖြူစင်အေးချမ်းနေမယ် ။ ကိုယ်ဘာပဲလုပ်လုပ် မအောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကြုံလာရတဲ့အခါ အရှုံးဒါဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်လို့ အောင်မြင်တဲ့အထိရောက်အောင် ဆက်လက်ကြိုးစားရမယ်ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှုကို ညီမလေးရဲ့ စိတ်နှလုံးသားထဲမှာ မွေးမြူထားပါ ။ နောက်ထပ်သိထားဖို့ကတော့ ညီမလေးဟာ မှန် လို ကျင့်ကြံနိုင်ရင်အကောင်းဆုံးပါပဲ ။ သိမ်မွေ့ယဉ်ကျေးသူနဲ့တွေ့တဲ့အခါ သိမ်မွေ့စွာ ဆက်ဆံတတ်ပြီး မာကျောခက်ထန်သူနဲ့တွေ့တဲ့အခါ ကိုယ်လည်း မာကျောနေဖို့လိုတယ် ။

ညီမလေးရေ လောကကြီးထဲမှာ ဘာကိုပဲလုပ်လုပ် အများလုပ်တိုင်းလိုက်မလုပ်မိပါစေနဲ့ ။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ကိုယ်တိုင်ယုံကြည်လို့ သူများစကားတွေကိုလည်းနားစွင့်လို့ အမှန်နဲ့အမှား အကောင်းနဲ့အဆိုး အကျိုးနဲ့ အကြောင်း ကို ညီမလေးခွဲခြားချင့်ချိန်တတ်ဖို့လိုတယ် ။ ကိုယ်မျက်ရည်ကျတာဟာ ရှက်စရာမဟုတ် ဘူးညီမလေး ဒါပေမယ့် ရှုံးနိမ့်တဲ့အခါမှာလည်းကိုယ်ဟာ ကျက်သရေရှိနေဖို့တော့လိုတယ် ။ အရှုံးထဲ ကနေ ပြန်မထနိုင်ပဲ အရှုံးကို လက်ခံလိုက်ရခြင်းသာ ညီမလေးအတွက်တကယ့် ဆုံးရှုံးမှုကြီးဖြစ်တယ် ။ ကိုယ့်နောက် ကွယ် မှာ ကိုယ့်အတင်းကိုပြောတတ်တဲ့သူတွေ ကိုယ့်မကောင်းကြောင်အမြဲ ကုန်းချော ပြောနေတဲ့ သူတွေကို ဂရုစိုက်ဖို့မလိုပါဘူးညီမလေးရေ ညီမလေးအနေနဲ့ စကားကို အရမ်းချိုချိုသာ သာ ပြောတတ် တဲ့သူတွေနဲ့တွေ့ရင်သာ သတိထားဖို့လိုတယ် ။ စကားချိုလွန်းတဲ့သူတွေရဲ့ စိတ်အတွင်းသဏ္ဍာန် မှာ ကောက် ကျစ် မှုတွေနဲ့သာ များသောအားဖြင့် ပြည့်နေတတ်ကြတယ် ။ ညီမလေးရေ ကိုယ့်ရဲ့ ဦးနှောက် က တွေးတောနိုင် မှု စွမ်းရည်ကို ကြေးအမြင့်ဆုံးပေးတဲ့သူထံသာ ရောင်းချပါ ။ ဒါပေမယ့် ညီမလေးရဲ့နှလုံးသား ကိုတော့ ဘယ်တော့မှ ဈေးနှုန်းမသတ်မှတ်လိုက်ပါနဲ့ ။ လောကကြီးမှာ နှလုံးသား ၀ိဥာဉ်ကို သတ်မှတ်လောက်နိုင် တဲ့ ငွေကြေးသတ်မှတ်ချက် စံ ဆိုတာမရှိဘူး ။

ညီမလေးရေ ဘယ်တော့မှ ကိုယ့်ကိုယ်ကို သူတပါးနဲ့ မနှိုင်းယှဉ်ပါနဲ့ ။ လောကကြီးမှာ အမြဲ ပဲ ကိုယ့်ထက် သာတဲ့သူ တွေရှိသလို အမြဲပဲ နိမ့်ကျနေတဲ့သူတွေဆိုတာရှိတယ် ။ အဓိက ကိုယ်ယှဉ်ပြိုင်ရမှာက ကိုယ့်ကိုယ်ကို ပဲဖြစ်တယ် ။ ကိုယ်အရင်က ကြိုးစားထားတဲ့ စံချိန်တွေထက် လာမယ့် ရက်တွေမှာ ချိုးနိုင်အောင် ကိုယ့်အရည်အ ချင်းကိုပဲ ကိုယ် ယှဉ်ပြိုင်ကြိုးစားရမှာဖြစ်တယ် ။ လောကကြီးမှာ တချို့သောကိစ္စတွေဟာ အလောင်းအစား လုပ်ရတဲ့အရာမျိုးနဲ့ဆင်တူတယ် ။ ကိုယ့်ဖက်က နိုင်တဲ့အခါ ရှုံးတဲ့အခါရှိသလို ကိုယ်ကစားရမယ့်အလှည့်ကို သူများကို ပေးကစားရတာတွေလည်းကြုံရလိမ့်မယ် ။ ညီမလေးရေ မီးဒါဏ်ကို နာနာ ခံနိုင်မှသာ သံမဏိကောင်း ကို ရနိုင်ပါတယ် ။ ကိုယ့်မှာ အမြဲ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်ကို မွေးမြူလေ့ကျင်ဖို့လိုသလို ကိုယ်နာကျင်ရတဲ့အခါ မှာ ကိုယ့်မျက်ရည်တွေကို ခွန်အားအဖြစ်ပြောင်းလဲပစ်ဖို့လည်း မှာလိုက်ပါရစေ ။

ညီမလေးရေ စာတွေဖတ်ရလို့ ငြီးငွေ့နေပြီလား ။ မှတ်သားသင့်တဲ့အရာကို မှတ်သား ၊ လိုက်နာသင့်တဲ့ အရာကိုတော့ လိုက်နာလို့ လောကကြီးမှာ အရည်အချင်းရှိတဲ့ လူ ပီသတဲ့လူသားတစ်ယောက် အဖြစ် နေ ထိုင်ကျင့်ကြံ ရင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးလေး တစ်ဦးဖြစ်ပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ပါတယ် ။

အကို

သက်တန့်ချို
AUGSUT 2 0 1 2

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, November 11, 2011

ညီမလေးဖတ်ဖို့ ( အပိုင်း ၈)

ညီမလေးဖတ်ဖို့ ( အပိုင်း ၈)




သို့

ညီမလေးရေ . . . နိုဝင်ဘာလရဲ့ အေးစက်မှုဟာလည်း တစ်ရက်ထက်တစ်ရက် တိုးတိုးပြီး လောကကြီးထဲ မသိမ သာလေး ၀င်ရောက်လာခဲ့တယ် ။ ရာသီအကူးအပြောင်းမို့ လူတွေဟာ နေလို့ထိုင်လို့ သိပ်မကောင်းကြဘူး ။ ဖျားနာ မှုတွေနဲ့ တို့ကမ္ဘာကြီးဟာလည်း တကယ်တော့ “ အိုမင်း” နေပါပြီ ။ ကမ္ဘာတ၀ှမ်းမှာ ဘေးဒုက္ခတွေ ဆိုက်ရောက်ကြ ။ ဟိုနေရာမှာ ရေတွေလွှမ်း ဒီနေရာမှာ တောင်တွေပြို ပင်လယ်ဒီရေတွေမြင့်တက်လာခဲ့ကြ ။ ဘာကြောင့်များ တို့ကမ္ဘာကြီးက ဒီလို ၀ဋ်ဆင်းရဲတွေ ခံနေကြရပါလိမ့် ။ သေသေချာချာ စဉ်းစားကြည့်ရင်တော့ တို့ကမ္ဘာကြီးကို ဖျက်ဆီးတာ တို့လူသားတွေပဲပေါ့ ညီမလေးရယ် ။ ညီမလေးစဉ်းစားကြည့်ပါ ။ လူတွေဟာ ကိုယ့် အတ္တ ကိုယ့်ကိုယ်ကျိုးအတွက် ဆို ကမ္ဘာမြေကိုတောင် စတေးဖို့ ၀န်မလေးကြတဲ့ ကြောက်မက်ဖွယ် လူသားတွေ ဖြစ်လာကြပြီ ။ ကမ္ဘာကြီးရဲ့ အပူရှိန်ဟာလည်း တဖြေးဖြေးမြင့်သထက်မြင့်တက်လာခဲ့တယ် ။

ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေက စက်ရုံကြီးတွေ ဆောက် ၊ ပြီးရင် ကာဗွန်ဒိုင်အောက်ဆိုက်လို့ခေါ်တဲ့ ဓါတ်ငွေ့ တွေကို ထုတ်လွှတ်ကြတယ် ။ တို့ကမ္ဘာကြီးရဲ့ လေထုနဲ့ ရေထုကို ညစ်ညမ်းခြင်းတွေဖြစ်စေကြတယ် ။ Chemical တွေနဲ့ အဆိပ်အတောက်တွေကို ပင်လယ်တွေ မြစ်တွေထဲ စွန့်ပစ်ကြလို့ ငါးတွေရေသတ္တ၀ါတွေ အစုလိုက်အပြုံလိုက်သေကြတယ်ဆိုတဲ့ သတင်းတွေ နေရာအနှံ့ကြားနေရတယ် ။ နိုင့်ထက်စီးနင်း အနိုင်ကျင့် မှုတွေနဲ့ မေတ္တာတရားခေါင်းပါးလာကြတဲ့ လူသားတွေရဲ့ လူ့ဘ၀ ဆိုတာကြီးက တကယ်ပဲနေပျော် ဖို့မှကောင်းရဲ့လားလို့ အကိုတော့တခါတခါတွေးမိတယ် ။ ညီမလေးရေ . . အင်တာနက်စာမျက်နှာတစ်ခုမှာ တလော က သတင်းလေးတစ်ခုဖတ်လိုက်ရတယ် ။ ကလေးလေးတစ်ယောက်ကို ကားတိုက်သွား တာ ကို ဘေး နား ကနေ စာနာမှုကင်းမဲ့တဲ့ နှလုံးသားနဲ့ အပြုံးမပျက် ဖြတ်သွားကြတယ်ဆိုတဲ့ လူမဆန်မှုတွေ အကြောင်း ။ ဘယ်လို နှလုံးသားတွေနဲ့များ သူတို့ နေစိမ့်ခဲ့ကြတာပါလိမ့် ။ တို့တတွေဟာ ကမ္ဘာကြီးအပေါ် အတူတူ ခိုလှုံနေကြတဲ့ လူသားတွေ ပီပီ အဒီလောက်ကြီးအထိတော့ မေတ္တာတရား မခေါင်းပါးသင့်ကြဘူးလို့ အကိုတော့ မြင်မိတာပါပဲ ။ အခုနောက်ပိုင်းလူတွေဟာ ပိုပိုပြီး သူစိမ်းဆန်လာကြတယ်ညီမလေး ။ နေရာ တကာ ခေါင်းပုံဖြတ်မှုတွေနဲ့ လူသားအချင်းချင်း နွေးထွေးကြင်နာတဲ့ အပြုအမူလေးတွေဆိုတာ တကယ့်ကို ရှားပါး တဲ့အရာတစ်ခုဖြစ်လာကြပြီ ။

ညီမလေးရေ . . . စည်းကမ်းသည်လူ့တန်ဖိုး ဆိုတဲ့ စကားကိုလူတွေဟာ တွင်တွင်ကျယ်ကျယ်သုံးကြတယ် ။ ဒါပေမယ့် တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဖို့ကြတော့ အတော့်ကို ခက်ခဲနေကြတယ် ။ ကွမ်းမထွေးရဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ တို့မြန်မာတွေ ထွေးထားတဲ့ ကွမ်းတံတွေးတွေ လူပိုမတင်ရလို့ စာတမ်းကြီးတွေ ချိတ်ထား တဲ့ အထူးကားကြီးတွေပေါ်မှာ ငါးပိသိပ် ငါးချဉ်သိပ် ပြည့်ကြပ်ညပ်အောင်တင်တဲ့ မထူးကားကြီးတွေ တက်စီမီတာတွေတပ်ပြီး မီတာနဲ့မောင်းတဲ့ကားတစ်စီးမှမရှိတဲ့ ရန်ကုန်မြို့ကြီး အိုစုံလို့ပါပဲညီမလေးရေ ။ အရှက်တရားတွေနဲ့ သိမ်မွေ့လွန်းပါတယ်ဆိုတဲ့ တို့မြန်မာတွေအကြောင်း နည်းနည်းတော့ ဖောက် သည်ချ ချင်သေး တယ်ညီမလေးရေ ။ စင်ကာပူက သူငယ်ချင်းတစ်ယောက်ကပြောတယ် စင်ကာပူက MRT တွေထဲ အနမ်းမိုးတွေရွာ အချစ်တွေတိုးနေကြတဲ့စုံတွေကို သူမကြည့်ရဲဘူးတဲ့ ။ ဘာလို့လည်းဆိုတော့ အများစုက မြန်မာတွေဖြစ်နေကြလို့တဲ့ ။ နောက်ပြီး မြန်မာတွေ အများစု တွေ့ဆုံကြတဲ့ အများစုရှိကြတဲ့ ပင်နီဆူးလား ပလာဇာဆိုလား အဲဒီကို မြန်မာတွေမသွားချင်ကြတော့ဘူးတဲ့ ။ ဘာလို့လည်းဆိုတော့ အဲဒီကိုသွား ရင်မြန်မာတွေ မှန်း သိသွားကြမှာစိုးလို့တဲ့ ။ မြန်မာစစ်စစ်ကြီးတွေက စင်ကာပူကျွန်းလေးပေါ်မှာ မြန်မာ စကား မပြောကြဘူးတဲ့ တတ်နိုင်သမျှ အင်္ဂလိပ်ပဲပြောကြတယ်တဲ့ ။ မြန်မာမှန်းသိရင်အထင်သေးကြမှာစိုးလို့တဲ့ ။ တချို့ က စကားပြောရင်းနဲ့ ညှပ်ညှပ်ပြီးပြောကြသေးတယ် “ ဘာတဲ့ကွာ မြန်မာလို ဘယ်လိုခေါ်မလဲ ငါမေ့နေလို့ ” တဲ့ ။

ညီမလေးရေ ဖြစ်သင့်ရဲ့လားဟင် ။ တို့တတွေဟာ မြန်မာတွေစစ်စစ်ပါ ။ ကောင်းလည်း တို့ဟာ မြန်မာပဲ ဆိုးလည်း တို့ဟာ မြန်မာတွေပဲလေကွယ် ။ တိုင်းတပါးမှာ မြန်မာအချင်းချင်း တွေ့ရင်ရှောင်ကြတယ်တဲ့ ။ ဘာလို့လည်းဆို အကူအညီတောင်းကြမှာစိုးလို့တဲ့ ။ ခါးသီးလိုက်တာညီမလေးရယ် ။ ဘာပြန်ပြော ရမှန်းမသိအောင်ကို အဲဒီစင်ကာပူက သူငယ်ချင်းမျက်နှာကို စိုက်ကြည့်နေရင်း အကို တိတ်ဆိတ်ဆွံ့အခဲ့ရတယ် ။ သူ များနိုင် ငံမှာ စကပ်တိုလေးတွေ ဘောင်းဘီတိုလေးတွေဝတ်တာကို လိုက်ပြီး အပစ်ပြောနေ ရလောက် အောင်တော့ အ ကို အမြင်မကျဉ်းပါဘူး ။ ဒါပေမယ့် မြန်မာ ဖြစ်ပြီး မြန်မာလို့ပြောရမှာ မြန်မာ စကားပြော ရမှာ မြန်မာတွေစုဝေးတဲ့နေရာမသွားချင်တာ နောက်ဆုံး မြန်မာမဖြစ်ချင်တာ အဲဒါတွေ အတွက်တော့ အကို ၀မ်းနည်းပါတယ် စိတ်မကောင်းလည်းဖြစ်မိပါတယ် ။ တို့တတွေဟာ ခေတ်မှီပါတယ်ဆိုတဲ့ ကမ္ဘာ့ အနောက်တိုင်းနိုင်ငံကြီးသားတွေနဲ့ယှဉ်ရင် အရာရာမှာ သိမ်နေနေရသေးတယ်ဆိုတာ အကိုလက် ခံပါတယ် ။ ဒါပေမယ့် မြန်မာဖြစ်ရတာ ရှက်စရာမဟုတ်ဘူး ညီမလေးရေ ။ စင်ကာပူ လိုနိုင်ငံ မပြောပါနဲ့ဦး တို့မြန်မာပြည်က အထူးကားကြီးစီးတဲ့တစ်နေ့မှာပေါ့ ။ အလိုလေးစုံတွဲတစ်တွဲဟာ ကားပေါ်မှာ လူမရှိဘူးများ မှတ်နေကြသလားမသိပါဘူးကွယ် ။ အနမ်းမိုးတွေရွာ နှုတ်ခမ်းချင်း ထိတွေ့လို့ ဘေးက ကြည့်နေ ကြတဲ့သူတွေ ကတောင် မျက်နှာပြန်လွှဲနေရတဲ့အထိ တို့မြန်မာပြည်ကြီး အဲဒီလိုကြီး တိုးတက် လာကြတာ လားဟင် ။ ကိုယ့်ဟာကိုယ်နမ်းတာဘာဖြစ်လဲကွာလို့ပြောစရာတော့ရှိပါတယ် ။ ဘာမှတော့ မဖြစ် ဘူးပေါ့ နေရာဒေ သ ကာလ ဆိုတာလည်းရှိသေးတယ်မဟုတ်လား ။ သူတို့နမ်းနေကြတယ် ဘေးမှာ ကဆူးလေ စေတီတော်ကြီး အမြင်မ တင့်တယ်တာကို ပြောချင်တာပါကွယ် ။

အခုလေး သတင်းလေးတစ်ခု ထပ်ကြားရတယ် ။ ထိုင်းနိုင်ငံမှာ ရေကြီးလို့ မြန်မာဖက်ပြန်ကူးလာတဲ့ ဒုက္ခသည်တွေ ကို ပွဲစားတွေက လုပ်စားနေကြတယ်တဲ့ ။ အို . . ယုံတောင်မယုံကြည်နိုင်ဘူး ။ ဒုက္ခဖြစ်လို့ ကိုယ့်နိုင် ငံကို ပြန်ခိုလှုံလာတဲ့ သူကို အဝေးရောက်သားသမီး ပြန်လာရင် ပြန်ကြိုဆိုတဲ့ မိခင်တစ်ယောက်လို ပြန်ပြီးနွေးထွေးရမယ်မဟုတ်လားကွယ် ။

ဒါတွေဟာ ဘယ်သူ့မှာတာဝန်ရှိတာလဲ ညီမလေးရယ် ။ ဂျာနယ်တွေထဲမှာတွေ့တွေ့နေရတယ် မိခင်အိုကြီးတွေကို လာရောက် စွန့်ပစ်ထားခဲ့ကြသူတွေ ။ အမှိုက်ပုံတွေထဲ ဖျာနဲ့လိပ် အိပ်ရာနာကြီးတွေနဲ့ ယင်တွေကိုက် ကြွက်တွေ ကိုက် အိုး ဒါဏ်ရာတွေ ပရပွနဲ့ နေ၀င်အိပ်တန်းတက်ချိန် မီးစာ ကုန်ခမ်းချိန်ဟာ မအေးချမ်းကြပါလားကွယ် ။ အဲဒီလို စွန့်ပစ်ခံရတဲ့ အဘွားတစ်ယောက်ရဲ့ညီမကို အဆက်အသွယ် ရလို့ ဖုန်းဆက်ကြတော့ ဘာမှ မပတ်သတ်တော့လို့ တာဝန်မယူနိုင်ပါဘူး တဲ့ကွယ် ။ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ပြုစုရတဲ့ဒုက္ခ မစင်တွေ ပေ ဆီးတွေ စိုရွှဲ့ အနံ့အသက်တွေကြား ဒီလို အရာတွေကို အကိုနားလည်ပါတယ်ကွယ် ။ ဒါပေမယ့် အကိုတို့ လည်းတချိန် အဲဒီဘ၀ကို ပြန်သန်းကြရဦးမယ်မဟုတ်လားကွယ် ညီမလေးရေ ။ ဒီတော့ တတ်နိုင်သမျှ ဘိုးဘွားတွေကို ကြည့်ရှုစောင့်ရှောက်ရမယ့်တာဝန်က တို့တွေမှာ ရှိကြတယ်ညီမလေး ။ စွန့်ပစ်တဲ့အထိ လူမသိသူမသိ လာရောက်ပစ်ချထားတဲ့အထိတော့ မဖြစ်သင့်ဘူးကွယ် ။ သူတို့ဖက်ကကြည့်ရင်ရော လူဟာ အသက်ငယ်ရာကနေ မကြီးချင်ပါဘူး အဘိုးကြီးတွေ အဘွားကြီးတွေမဖြစ်ချင်ပါဘူး ဆိုပြီးရွေးချယ် ခွင့်ရှိလို့လားညီမလေးရေ ။ ရွေးချယ်ခွင့်မရှိပါဘူး သနားညှာတာစိတ် ကိုယ်ချင်းစာစိတ်တွေနဲ့သာ တို့တွေ ဘ၀ကို ဖြတ်သန်းကြရမယ်ညီမလေးရေ ။

ညီမလေးရေ ဘယ်သူတွေ တရားပျက်ပျက် ကိုယ်မပျက်စေနဲ့ ဘယ်သူတွေ မိုးခါးရေသောက်သောက် ကိုယ်မသောက်မိစေနဲ့ ။ ပြင်ပပုံသဏ္ဍာန်တွေကိုကြည့်ယုံနဲ့ လူတွေရဲ့အတွင်းစိတ်ကိုမမြင်နိုင်ကြဘူး ။ ထဘီလေး ၀တ် အကျီင်္ရင်ဖုံးလေးနဲ့ မိန်းကလေးစိတ်ထဲမှာ ညစ်ညမ်းနေတဲ့စကားလုံးတွေ ယုတ်မာကောက် ကျစ်တဲ့စိတ် ထားတွေရှိနိုင်သလို စကပ်တိုလေး ၀တ် ခေတ်ဆန် ဆန် နေတတ်တဲ့မိန်း ကလေး တစ်ယောက် မှာလည်း ဂါရ၀တရားနဲ့ မေတ္တာနွေးနွေးတွေ ရှိနေနိုင်ပါတယ် ။ နောက်ဆုံးပြောချင်တာကတော့ မြန်မာ တရုတ် ကုလား မွတ်စလင် စစ်သား ဆရာဝန် အင်ဂျင်နီယာ ၀န်ကြီး သမ္မတ ချမ်းသာ ဆင်းရဲ ယောင်္ကျား မိန်းမ ကလေး လူကြီး လူငယ် အားလုံး ကို စိတ်ထဲ ကဖျောက် ကြည့်လိုက် လောကမှာ ကောင်းတာလုပ်တဲ့ သူနဲ့မကောင်း တာလုပ်တဲ့သူနဲ့ဆိုပြီး လူနှစ်မျိုးပဲရှိပါတယ် ။ ကောင်း တာတွေလုပ်ရင်လူကောင်းဖြစ်မယ် မကောင်းတာတွေလုပ် လူဆိုးဖြစ်မယ် ။ ညီ မလေးရော လော ကကြီးမှာ လူကောင်းလုပ်ချင်လား လူဆိုးလု ပ်ချင်သလား ကွယ် ။

သက်တန့်ချို
(၁၁/၁၁/၁၁)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 27, 2011

ညီမလေးရေ...မိုးတွေသည်းနေတယ်

ညီမလေးရေ...မိုးတွေသည်းနေတယ်





(၁)

ညီမလေးရေ...
မိုးတွေသည်းနေတယ်...
ကောင်းကင်ကြီးမှာ...သက်တန့်ရောင်စဉ်တွေပေါ်ထွန်းတိုင်း
ပျော်နေတတ်တဲ့..ညီမလေး..
ခပ်ရေးရေးပုံဖော်မိတဲ့အတွေးထဲ..
နွေးနွေးထွေးထွေးမှရှိရဲ့လား ..

(၂)

ညီမလေးရေ...
ဘ၀ဆိုတာ..ဆုတောင်းယုံတစ်ခုတည်းနဲ့
လင်းကနဲ ရှင်းကနဲ မြင့်မားလာတတ်တဲ့
ခပ်ပေါပေါအရာတစ်ခုမဟုတ်ခဲ့ဘူး
ရိုးသားပါမှ ... ကြိုးစားပါမှ
တို့ ဘ၀တွေ..တိုးပွားလာရမယ်

(၃)

တချို့တွေကရိုင်းတယ်
ကောက်ကျစ်တဲ့ မာယာမျက်နှာဖုံးတွေနဲ့
အပြုံးချိုချိုတွေ ကိုယ်စီချိတ်ဆွဲလို့
သိုးတွေလို ဖြူစင်နေပြတယ်
ငါ့... ညီမလေးရေ
ခေတ်..စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း
ကိုယ့်ဘ၀ကိုယ် မမေ့ဖို့ပဲလိုတယ်

(၄)

လှိုင်းဘယ်လောက်ကြီးကြီး...လှေအောက်ရောက်စမြဲ
ဇွဲကြီးသူတို့ဟာ အောင်ပွဲခံစမြဲတဲ့
ဆင်းရဲ...ချမ်းသာ..ဒီနှစ်ဖြာကြား
ဗျာများမနေစေနဲ့
တချိန်... တို့အားလုံးရဲ့ မရဏ ပန်းတိုင်မှာ
ဘယ်လိုမှတ်တမ်းမျိုးကို ရေးထွင်းချင်ခဲ့သလဲ
ဘယ်လိုမှတ်တိုင်မျိုးကို စိုက်ထူချင်ခဲ့သလဲ
ခပ်ရဲရဲသာတွေးဖို့လိုတယ်

(၅)

ညီမလေးရေ...
အချစ်ဆိုတာကိုလည်း အလွယ်မယုံနဲ့
အလွယ်ယုံလို့...ပုံမှားမိသူတွေ
ပြောင်းလဲတတ်တဲ့ ၁၅၀၀ သဘောတရားမှာ
ညီမလေးတစ်ယောက်...အလိုက်သင့်မှ စီးမျောနိုင်ရဲ့လား
ရင်ခုန်ခြင်းကို ဘ၀ဆိုတဲ့ အသိနဲ့ ထိမ်းချုပ်လို့
အချစ်နဲ့ ဦးနှောက်ကို ညီမျှခြင်းချ
အတည်တကျ..ချစ်ခြင်းနဲ့သာ ဆုံဆည်းရစေ

(၆)

ညီမလေးရေ....
စိတ်ပျက်ဝမ်းနည်းမှုတွေကြုံတိုင်း
ကောင်းကင်ကြီးကိုမော့ကြည့်လှဲ့
ဟိုးမှာ..ဖြာလင်းနေတဲ့ သက်တန့်ရောင်စဉ်တွေ
ဘယ်တော့မှ အရှုံးမပေးဘူး
ဘယ်တော့မှ ဒူးမထောက်ဘူး
ဘယ်တော့မှ.......
ဘယ်တော့မှ........
တို့ဘ၀တွေကို အရှုံးမပေးဘူး

(၇)

ခပ်လွယ်လွယ်နဲ့တော့
အဖိုးတန်မျက်ရည်တွေကို မကျမိစေနဲ့
ဘ၀တိုင်းမှာ စုတ်ချက်ဒါဏ်ရာတွေဆိုတာရှိတယ်
ပိုက်ဆံ .. ဂုဏ် .. ဓန နဲ့ ဒီဖျားယောင်းမှုတွေက
လူတွေရဲ့ စိတ်ဓါတ်ကိုသေးသိမ်စေတယ်
ဘ၀ဆိုတာကိုက..သတိတစ်ချက်လွတ်တာနဲ့
ဟိုး...ချောက်နက်ထဲ...ကျဆင်းသွားတတ်တယ်

(၈)

ညီမလေးရေ
ပန်းကလေးတွေပွင့်ဖူးတိုင်း
ပျားပိတုန်းတွေ ရစ်ဝဲလေ့ရှိတယ်
အိမ်ထောင်ပြုခြင်းဆိုတာ
လွတ်လပ်ခြင်းတစ်ဝက်ဆုံးရှုံးပြီး
တာဝန် နှစ်ဆ ပိုယူရတဲ့
လူနှစ်ဦးပေါင်းစပ်ခြင်းဖြစ်တယ်
ခပ်လွယ်လွယ်လေးမတွေးနဲ့
ဒါဟာ..ဘ၀ရဲ့အစသာဖြစ်တယ်

(၉)

မွန်းကြပ်မှုတွေကြုံလာတိုင်း
လရောင်အောက်ကို ထွက်လာလှဲ့
ကြယ်လေးတွေသီချင်းဆိုလို့
လမင်းဟာ အမြဲပြုံးတယ်..
ဓမ္မ နဲ့ အဓမ္မ ကို အတူယှဉ်တွဲ
အမှန်တရားကို သိအောင်ကြံ
တကယ့်ရန်သူက လောဘ
မော ဟ နဲ့ မာန်မာနကိုပယ်
စကားကိုလည်းမလွယ်နဲ့
တရားကိုလည်းမပယ်နဲ့
ဒုက္ခနဲ့ သုခကို ညီအောင်ညှိလို့
ငါ့...ညီမလေး ငြိမ်းချမ်းပါစေ

(၁၀)

တသွင်သွင်စီးဆင်းနေတဲ့ စမ်းရေတွေကြား
ရေလှိုင်းသံလေးတွေ တေးသီဆိုနေကြတယ်
အခက်အခဲဆိုတာကို ပျက်ရယ်ပြုလို့
ညီမလေးတစ်ယောက် အေးချမ်းပါစေ
ဘ၀အမောတွေ ကိုမျက်ကွယ်ပြုလို့
ညီမလေးတစ်ယောက် ချမ်းမြေ့ပါစေ
အလှတရားတွေ ပေါကြွယ်ဝလို့
ညီမလေးတစ်ယောက် လင်းလက်ပါစေ ...

သက်တန့်ချို
27 August 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 30, 2011

ညီမလေးဖတ်ဖို့ ( ၆)

ညီမလေးဖတ်ဖို့ ( ၆)





ညီမလေးရေ...ဇွန်လရဲ့ နောက်ဆုံးရက်သတ္တပတ်မှာ မိုးတွေဟာ အုံ့အုံ့သည်းသည်းရွာသွန်းနေလေရဲ့ ။ လမ်း မပေါ်မှာလည်း ရေတဖွေးဖွေး လူတွေဟာ ဟိုမှ ဒီ ၊ ဒီမှဟိုကို သုတ်သီးသုတ်ပြာနဲ့ သွားလာနေကြတယ် ။ တခါတခါတော့လည်း စဉ်းစားမိတယ် ညီမလေးရေ ...တို့တွေမွေးဖွားလာရခြင်းရဲ့ ပန်းတိုင်ဆိုတာကိုပေါ့ ။ တချို့ရဲ့ ပန်းတိုင်က ဆရာဝန်ကြီးဖြစ်ဖို့ တချို့ကလည်းသူဌေးကြီးဖြစ်ဖို့ တချို့ကလည်းအောင် မြင်ကျော်ကြား ချင်လို့ တချို့ကလည်း ချစ်သူနဲ့အတူနေရဖို့တဲ့ ...ရယ်စရာတော့အကောင်းသားညီမလေးရေ ..တကယ့်ပန်း တိုင်အစစ်ဟာ သေဆုံးခြင်းဆိုတဲ့အရာကို လူတွေက ဖြစ်ချင်တာတွေ လုပ်ချင်တာတွေနဲ့ ဖုံးအုပ်ပြီး မေ့လျော့ပေါ့ဆနေကြတယ် ။ ဟုတ်တယ် တို့တတွေရဲ့ပန်းတိုင်ဟာ သေဆုံးခြင်းပဲ ညီမလေးရေ ။ ဒီတော့ မသေခင်အချိန်လေးမှာ ဖြတ်သန်းရမယ့်နေ့ရက်တွေဟာ အဓိပ္ပါယ်ရှိဖို့သာ လိုတာပါ ။ ကြီးကြီးမာားးကြီးတွေတွေးမနေပါနဲ့ ညီမလေးရေ တကယ်တော့ဘ၀ဆိုတာ နေ့စဉ်ကိုယ်လုပ်တဲ့အလုပ် ကိုယ်ကျေနပ်ရင်ပဲ နေပျော်ဖို့ ကောင်းနေပါပြီ ။

ညီမလေးရေ ..သီးချိန်တန်သီးပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားပုံရှိတယ် ။ လူရယ်လို့ ဖြစ်လာရင် သူ့အသက်အရွယ် အပိုင်းအခြားအလိုက် တာဝန်ထမ်းဆောင်ရမယ် ။ ဒါဟာ ဘယ်သူကမှပေးအပ်ထားတာမဟုတ်ဘူး ။ သဘာဝတ ရားကြီးက ပေးအပ်ထားတဲ့ တာဝန်သာလျှင်ဖြစ်တယ် ။ အသက် ၁၆ နှစ် ၁၇ နှစ်ဟာ အိမ်ထောင်ပြုသားမွေး လုပ်ရမယ့် အရွယ်မဟုတ်ဘူး ။ ပညာရှာရမယ့်အရွယ်ဖြစ်တယ် ။ ၂၂ နှစ်မှသည် ၂၅ နှစ်အတွင်း အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးအချိန်ဖြစ်တယ် ။ ၂၂ နှစ်ကျော်သွားရင်တော့ ပန်းလေးတစ်ပွင့်ဟာ ရင့်မှည့်ချိန်လွန်လာပါပြီ ။ အခု ၂၁ ရာစုမှာတော့ ၃၀ ကျော်မှ အိမ်ထောင်ပြုနေတာတွေကိုလည်း တွေ့နေရတာပါပဲ ။ ဆိုးကျိုးကတော့ အသက်ကြီးမှ အိမ်ထောင်ပြုတဲ့အတွက် ကလေးယူဖို့ အခက်ကြုံလေ့ရှိတယ် ။ အခက်အခဲအ များကြီးတွေ့ ရလေ့ရှိတယ် ။ မိခင်တစ်ယောက်အနေနဲ့ အန္တရယ်ရှိတဲ့ risk တွေအများကြီးရှိတယ် ။

ညီမလေးရေ ... အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ပြုဖို့ လိုအပ်လာပြီဆိုရင် အိမ်ထောင်ရေး သဘော တရားတွေကို နားလည်ဖို့လိုလာပြီ ။ အိမ်ထောင်ပြုခြင်းနဲ့ပတ်သတ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဒီလိုဖတ်ဖူးတယ် ။

“ တစ်ကြိမ်အိမ်ထောင်ပြုခြင်းဟာ သဘာဝတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်တယ် ။ နှစ်ကြိမ်အိမ်ထောင်ပြုခြင်းဟာ မိုက်မဲမှု တစ်ခုသာလျှင်ဖြစ်တယ် ။ သုံးကြိမ်အိမ်ထောင်ပြုခြင်းဟာ ရူးသွပ်မှုတစ်ခုသာလျှင်ဖြစ်တယ် ” တဲ့ ။ ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ညီမလေးစဉ်းစားကြည့်နိုင်မှာပါ ။

ညီမလေးရေ ... အိမ်ထောင်ပြုရင်အချို့က အချစ်ရှိရင်ပြည့်စုံပြီတဲ့ ။ အချို့က ငွေကြေးပြည့်စုံဖို့ လိုအပ်တယ်တဲ့ ။ အချို့က နားလည်မှု ရှိရမယ်တဲ့ ။ မပြည့်စုံဘူးညီမလေးရေ ။ တကယ်တော့ အိမ်ထောင်ပြုခြင်းဆိုတာ အလွန်စ နစ်ကျတဲ့ အစိတ်အပိုင်း ၄ ခုပေါင်းစပ်ထားတဲ့ Equation တစ်ခုသာလျှင်ဖြစ်တယ် ။ ကဲ အိမ်ထောင်ပြုခြင်း ညီမျှခြင်းကို ကြည့်ကြရအောင် ။

အိမ်ထောင်ပြုခြင်း = အချစ် (၂၅%) + တစ်ဦးနှင့်တစ်ဦးနားလည်မှု (၂၅%) + ငွေကြေးပြည့်စုံလုံလောက်မှု (၂၅%) + နှစ်ဖက်မိဘအသိုင်းအ၀ိုင်းနှင့်အဆင်ပြေမှု (၂၅%)

စဉ်းစားကြည့် ညီမလေးရေ .. အိမ်ထောင်တစ်ခုဟာ အချစ် ၁၀၀% နဲ့တကယ်ပဲ သာယာပြည့်စုံသတဲ့လား ။ တူနှစ် ကိုယ်တဲ့အိုပျက်မှာ ထမင်းရည်လျှက်ရပါစေရဲ့ ဆိုတဲ့စကားဟာ ရုပ်ရှင်တွေ ၀ထ္ထုတွေထဲမှာသာ အ၇မ်း ဖတ် လို့ ကောင်းတဲ့စာစုတစ်ခုဖြစ်တယ် ။ လက်တွေ့ဘ၀မှာတော့ အပေါစား ဟာသတစ်ခုသာလျှင်ဖြစ်တယ် ။ အချစ်ဆိုတာဟာ ငွေကြေးမပြည့်စုံမှု ၊ နှစ်ဖက်မိဘအသိုင်းအ၀ိုင်းနဲ့အဆင်မပြေမှု ၊ နားလည်မှုမပေးပဲ ချုပ်ချယ်မှုတွေနဲ့ကြုံလာရင် လုံးပါးပါး လျော့နည်းပျောက်ကွယ် သွားတတ်တဲ့ အရာဖြစ်တယ် ။ လူတွေဟာ သမီးရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ကို အတူတူပဲလို့ ထင်နေကြတယ် ။ မတူဘူးညီမလေးရေ ။ ပြဒါးတစ်လမ်း သံတစ်လမ်း သာလျှင်ဖြစ်တယ် ။ ရည်းစားဘ၀ဟာ စိတ်ကူးယဉ်ဆန်သလောက် ၊ အိမ်ထောင် ပြုခြင်းဟာ လက်တွေ့ဆန်တယ် ။ တကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ ကြုံတွေ့လာရမယ့် အခက်အခဲတွေ ကို အတူတကွ တိုက်ပွဲဝင်ဖို့အတွက် ရဲဘော်ရဲဘက် လက်တွဲခြင်းသာဖြစ်တယ် ။

ငွေကြေးတစ်ခုတည်းနဲ့ အိမ်ထောင်တည်ဆောက်ဖို့ မလုံလောက်သလို နားလည်မှု ရှိယုံနဲ့လည်း အိမ်ထောင်ရေး ဟာ အဓိပ္ပါယ်မရှိလှဘူး ။ ကဲ တစ်ယောက်နဲ့တစ်ယောက် လည်းချစ်တယ် ။ ငွေကြေးလည်းရှိတယ် ။ နှစ်ယောက် စလုံးလည်း နားလည်မှုရှိပါတယ် ။ ဒါပေမယ့် သူ့မိဘ ကိုယ့်မိဘ ကတောက်ကဆနဲ့ ဟိုစောင်းမြောင်း ဒီစောင်းမြောင်း ယောက္ခမ တွေနဲ့ မတည့်ဆိုရင်တော့ တယ်မနှိပ်လှဘူး ညီမလေးရေ ။ ဒီတော့ အထက်မှာပြောခဲ့တဲ့ Equation ပြည့်စုံနေမှ အိမ်ထောင်တစ်ခုဟာ အဓိပ္ပါယ် သက်ဝင်နေမယ် ။ ဒီလိုမှ မဟုတ်ခဲ့ရင်တော့ လွယ်လွယ်နဲ့တွဲ လွယ်လွယ်နဲ့ကွဲ တစ်ခုလပ် တစ်လင်ကွာဆိုတဲ့ ဂုဏ်ပုဒ်သာ လျှင် အဖတ် တင်လိမ့်မယ် ။

အခုနောက်ပိုင်းမှာ ထိုးဖောက်ဝင်ရောက်လာတဲ့ အနောက်တိုင်းယဉ်ကျေးမှုတွေမှာ တို့လူမျိုးတွေအတွက် ရင်လေး စရာတွေ အများကြီးပါပဲ ။ ကိုရီးယားကားတွေကြည့်ပြီး သားသမီးတွေဟာ အဖေနဲ့အမေကို အာပုကျိတွေ အိုမားတွေ လုပ်နေကြပြီ ။ ယောင်္ကျားလေးတွေ (အထူးသဖြင့် လူငယ်လေးတွေ) ကိုယ့်ရိုးရာ ၀တ်စုံဖြစ်တဲ့ ပုဆိုးဝတ်ရမှာကိုပဲ ရှက်သလိုလို ရွံ့သလိုလိုနဲ့ ညီမလေးရေ ။ ဘယ်လောက်တောင် ရင်လေး စရာကောင်းသလဲ ။ ညီမလေးဟာ မြန်မာသမီးပျိုလေးတစ်ယောက်လို့  ကိုယ့်ကိုယ်ကိုယ် ခံယူထားရင် လိုအပ်တဲ့ အခါ မြန်မာ့ရိုးရာ ထဘီကို ဂုဏ်ယူစွာ ၀တ်ဆင်လိုက်ဖို့ မမေ့ပါနဲ့ ။ ခောတ်နောက်ကျတာမဟုတ်ဘူး ညီမလေးရေ ။ ခေတ်ဟာ ခေတ်ပဲ မြန်မာဟာ မြန်မာပဲ မြန်မာလူမျိုးဟာ ယဉ်ကျေးသိမ်မွေ့တယ် ။ တစ်ဖက်သား ကို ရိုင်းပင်းကူညီတယ် ။ ရိုသေလေးစား မြတ်နိုးတန်ဖိုးထားတတ်တဲ့ ချစ်စရာ လူမျိုးတွေဖြစ်တယ် ။

“ မြန်မာဖြစ်ရတာရှက်လိုက်တာကွာ ” ဆိုတဲ့ နိုင်ငံခြားရောက်မြန်မာအချို့ဆီက အသားထဲလောက် ထွက်တဲ့စကား သံတွေ ခဏခဏကြားနေရတယ် ။ မဖြစ်စေနဲ့ညီမလေးရေ ။ သူများတွေအရှက်မရှိ စကပ် အတိုလေးတွေ အတွင်းခံ မပေါ့်တပေါ် ၀တ်တာမြင်ယုံနဲ့ကိုယ်က လိုက်ဝတ်ရမှာတဲ့လား ။ လိုက်ဝတ်သင့်သလား ။ ဒီအတိုင်းဆို တို့လူမျိုးဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပြီ ။ လူတိုင်းလူတိုင်း ညီမလေးအပါအ၀င် ကိုကြီးက အစ အလေးအနက် ကို ပြုပြင်ဖို့လိုအပ်နေပြီ ။

ကိုရီးယားဟာ သူ့ယဉ်ကျေးမှု ၊ သူ့ ရေမြေနဲ့ သူနဲ့လိုက်ဖက်တဲ့ အ၀တ်အစားတွေဝတ်တယ် ။ သူတို့ ယဉ်ကျေး မှုကိုတန်ဖိုးထားတယ် ။ နိုင်ငံခြားတိုင်းတပါးယဉ်ကျေးမှုကို အ၀င်မခံဘူး ။ အင်္ဂလန် ၊ ဂျပန် ထိုနည်း လည်းကောင်းပဲ ။ ကဲ တို့လူမျိုးတွေ သူများ အိုပါးဆို လိုက်ပြီး အိုပါးတယ် ။ သူများ ဆံပင်ကောက် ရင်လိုက်ကောက် တယ် ။ သူများ အတိုဝတ်ရင်လိုက်ဝတ်တယ် ။ ထဘီဝတ်တဲ့မိန်းကလေး ဟာ အတော်လေးကို ရှားပါးနေပြီ ။ စိတ်မကောင်းစရာပါပဲ ။ ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်စေနဲ့ညီမလေးရေ ။

ဟိုးနောင်လာမယ့် တစ်ခေတ်မှာပေါ့ ။ မြန်မာအတွေအကုန်လုံး ရိုးရာ ပုဆိုး ၊ ထဘီကိုပဲ ချစ်ခင်မြတ်နိုး စွာ ရေမြေသဘာဝ အလိုက် ရာသီဥတုအလိုက် ၀တ်ဆင်နိုင်ကြပါစေ ။ ညီမလေးရေ.. စာလည်း အတော်ရှည် သွားပြီမို့ ဒီလောက်နဲ့ပဲ နားပါရစေ ။ ရင်ထဲမှာ ပြောချင်တာတွေကတော့ အများကြီးပဲပေါ့ ။ နောက်ဆုံးမှာချင်တာ တစ်ခုကတော့ ညီမလေးဟာ မြန်မာသမီးပျိုလေးတစ်ယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့ ။

မိုးအေးအေးမှာ နွေးနွေးထွေးထွေးနဲ့ ငြိမ်းချမ်းပါစေ ညီမလေးရေ ..။

ကိုကြီး

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 21, 2011

ညီမလေးဖတ်ဖို့ (၅)

ညီမလေးဖတ်ဖို့ (၅)




သို့

ညီမလေးရေ ... ပူပြင်းတောက်လောင်တဲ့ နွေရာသီကြီးမှာတောင်မှ အချိန်အခါမဟုတ် မိုးက တအုန်းအုန်း ရွာနေ လိုက်တာ မိုးတွင်းကြီးအတိုင်းပါပဲ ။ ရာသီဥတုတွေဖောက်ပြန်တော့ လူတွေလည်း ကျန်းမာရေးတွေ ချို့တဲ့ ရောဂါ ဘယတွေ ၀င်နဲ့ အတော်လေးကို ဒုက္ခရောက်ကြရတာပေါ့ ။ ညီမလေးရော နေကောင်းပါရဲ့လား ။ ဒီတစ်ခေါက် စာလေးမှာလည်း ညီမလေးအတွက် သိမှတ်ဖွယ်ရာလေးတွေနဲ့ ဘ၀ ဆိုတဲ့ တိုက်ပွဲလေး အကြောင်း ကို တွေးမိတာလေးတွေကို စာရွက်ဖြူလေးပေါ် ချရေးပေးလိုက်ပါတယ် ။

ညီမလေးရေ ..။ တစ်ချို့ကပြောကြတယ် ဘ၀ဆိုတာ ခက်ခဲကြမ်းတမ်းတယ်တဲ့ တစ်ချို့တော့ ဘ၀ဆို တာ ချောမွေ့ နေတဲ့ ပန်းခင်းလမ်းကြီးပါတဲ့ ။ ဒီလိုပါပဲ ဘယ်အကြောင်းအရာမဆို လူတွေက ရှူထောင့်မျိုးစုံ က မကြည့်ကြပဲ မိမိဖက်က (ကိုယ်မြင်နေရတဲ့) အပိုင်းကနေချဲ့ပြီး မှတ်ချက်တွေ ချလေ့ရှိတယ် ။ တကယ်တော့ ဘ၀ဆိုတာ တို့တွေ ဖြတ်သန်းခဲ့ကြရတဲ့ ၊ ဖြတ်သန်းနေရတဲ့ ၊ ဖြတ်သန်းရတော့မယ့် နေ့ရက်တွေပဲမဟုတ်ပါလား ။ တို့တွေအား လုံးဟာ ဆိုးတာတွေလည်း ကြုံခဲ့ရသလို ကောင်းတာတွေလည်း ကြုံခဲ့ရတယ် ။ ပျော်ရွှင်စ ရာတွေတွေ့ ရင် ဟားတိုက်ရယ်မောမိသလို ၀မ်းနည်းစရာတွေတွေ့ရင်လည်း မျက်ရည်တွေဖြိုင် ဖြိုင်ကျပြီး ငိုကြွေးခဲ့ကြရတယ် ။

ညီမလေးရေ တကယ်တော့ ဘ၀ဆိုတာ သူ့ဘာသာသူ အစီစဉ်တကျဖြစ် ပျက်နေတဲ့ Program ကြီးတစ်ခုဖြစ်တယ် ။ အဲဒီအစဉ်ထဲမှာ နေသား တကျမဖြစ်ပဲ ဘေးချော်သွားတဲ့လူတွေကတော့ ကြမ်းတမ်းတဲ့ ဘ၀ကိုရရှိပြီး အစီအစဉ်တကျ အလိုက်သင့်စီးမျောနိုင်တဲ့သူကတော့ သာမန်မဆိုးဝါးတဲ့ ဘ၀ကိုရရှိတာပေါ့ ။ ဒီနေရာမှာ တစ်ခုပြောရဦးမယ် ။ ကြမ်းတမ်းတဲ့ဘ၀ကို ညီမလေးအနေနဲ့ ဘယ်လိုခံ ယူထားပါသလဲ ။ ဥပမာ ငယ်ငယ်လေးကတည်းက ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့ နေရတာကို ကြမ်းတမ်း တယ်လို့ဆို လိုတာလား ။ ဒါမှမဟုတ် သူများတွေကားစီးနိုင်လို့ ကိုယ်မစီးနိုင်သူများတွေ ဖုန်းကိုင်နိုင်လို့ ကိုယ်မကိုင်နိုင်တာကို ကြမ်းတမ်းတယ်လို့ ဆိုလိုတာလား ။

ညီမလေးရေ ငယ်ငယ်လေးကတည်းက ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာ တို့တွေလုံးဝပြုပြင် ဖန်တီးလို့မရ တဲ့ မွေးရာပါ အမွေတွေပဲဖြစ်တယ် ။ တစ်ချို့ ဒါကို ကျေးဇူးရှင်မိ ဘတွေကို စော်ကား တတ်ကြသေး တယ်ညီမလေး ရေ ။ အမေတို့ ကြောင့် အဖေတို့ကြောင့် ကျွန်တော်တို့ ဒီဘ၀မှာ ဆင်းရဲရတာ ကျွန်တော်တို့သာ သူဌေးမကြီးတစ်ဦး ဗိုက်ထဲဝင်စားခဲ့ရင် အခုချိန်သူဌေးသားလေးဖြစ်နေမယ်ဆိုသတဲ့ ။ ညီမလေးရေ .. အဲဒီလိုပြောကြေးဆိုရင် မိဘတွေဗိုက်ထဲကို ၀င်စားဖို့ တို့တွေက ရွေးချယ်ခဲ့တာလား သူတို့က လာကွာမင်း ငါတို့နဲ့အတူလာနေဆိုပြီး ရွေးချယ်ခဲ့ကြတာလား ။ အမှန်တော့ တို့ ဘာသာရေးအရဆိုရင် အရာအားလုံးဟာ ကံကံ၏အကျိုးတရားတွေပဲညီမလေးရေ ။ မိဘတွေဟာ သားသမီးတွေကို ရွေးချယ်ခွင့်မရှိသလို သားသမီးတွေ ကလည်း မိဘတွေကို ရွေးချယ်ခွင့်မရှိဘူး ။

ရေစက်ပါတဲ့ ကံတရားတွေနဲ့ တို့တွေဟာ ဒီကမ္ဘာကြီး ပေါ်က ဒီနိုင်ငံလေးပေါ် ဒီမြို့ ဒီရပ်ကွက် ဒီအိမ်လေးထဲမှာ အတူလာရောက် အမျိုး တော်စပ်နေကြရတာဖြစ်တယ် ။ ညီမလေးရေ တို့တွေ နေထိုင်ရမယ့် ရက်တွေကို လက်ချိုးရေတွက်ကြည့်ပါ ။ ကြောက်စ ရာကောင်းလောက်အောင် နည်းပါးတာကို တွေ့ရလိမ့်မယ် ။ ဒီအတောအတွင်း တို့တွေ လုပ်စရာတွေ လုပ်သင့် တာတွေအ ကုန်လုပ်ခဲ့ကြပြီးပြီလား ။ တို့တွေဟာ လူသားတစ်ဦးအနေနဲ့ ဘာတွေကို တာဝန်ကျေခဲ့ပြီးပြီလဲ ။ မိဘအပေါ် ၊ သူငယ်ချင်းအပေါ် ၊ မိတ်ဆွေအပေါ် ၊ ဆရာသမားအပေါ် စသဖြင့်ပေါ့ ။ ပြန်တွေးကြည့်ပါဦး ညီမလေးရေ ။

ညီမလေးရေ... လူဆိုတာ အမှားနဲ့မကင်းနိုင်တဲ့ အမျိုးဆိုတာ ညီမလေး လက်ခံရလိမ့်မယ် ။ ငယ်ငယ်လေး ကတည်းက မမှားဖူးတဲ့လူဆိုတာ ကမ္ဘာပေါ်မှာမရှိပါဘူး ။ ဒါပေမယ့် အဲဒီကိုယ်လုပ်ခဲ့တဲ့အမှားကို လက်ခံပုံခြင်း ကျတော့ တစ်ဦးနဲ့တစ်ဦး မတူကြဘူးညီမလေးရေ ။ တစ်ချို့ က အမှားလေးတစ်ခု လောက်လုပ်ပြီးတာနဲ့ ငါလုပ်ခဲ့တာတော့မှားသွားပါပြီ နောင်တရပါပြီ စသဖြင့် ယူကြုံးမရဖြစ်ဘူး တမှိုင်မှိုင်တထွေထွေနဲ့ ငေးတွေးနေပြီး အင်းနောက်တော့လည်း တစ်တက်စားလည်းကြက်သွန် နှစ်တက်စားလည်းကြက်သွန်ပါပဲကွာဆိုပြီး အမှားတွေ ကို ဆက် တိုက်လုပ်လေ့ရှိတယ် ။ အဲဒီလိုလူမျိုးဟာ အဖတ်ဆယ်မရတဲ့ လူအမျိုးအစားလို့ခေါ်တယ် ။ နောက်တစ် မျိုး ကတော့ အင်း ငါလုပ်ခဲ့တာမှားနေပါလား အင်းငါ နောက်ဆက်ပြီးမမှားတော့ဘူးဆိုပြီး ကိုယ့်အမှားကိုယ် ပြန်သုံးသပ်ပြီး ရှေ့ဆက်မမှားတော့ပဲ နေထိုင်လေ့ရှိတယ် ။

ဒီလိုလူမျိုးကတော့မဆိုး ဘူး ။ သူက အမှားကို အမှားမှန်းတော့ သိတယ်ဒါပေမယ့် အမှန်ပြင်လား ဆိုတော့လည်း မဟုတ်ဘူး နောက်မမှားရင်ပြီးတာပဲဆိုပြီးအေးအေး လူလူ ပဲနေလေ့ရှိတယ် ။ နောက်ဆုံးတစ်မျိုး ကတော့ အင်း ငါလုပ်ခဲ့တဲ့အလုပ်ဟာ မှားနေတယ် ဘယ်နေရာတွေမှာမှားနေလဲ ငါအဲဒါကို ရှေ့ဆက်မ မှားရအောင် ပြန်ပြင်ရ မယ်ဆိုပြီး မိမိမအမှားကို ပြန်သုံးသပ်ပြီး အမှန်ကိုပြင်လို့ ဘ၀ကို လျှောက်လှမ်းကြတယ် ။ ဒီလိုလူမျိုး ကတော့အတော်ဆုံးပေါ့ ။ ကဲ..ညီမလေးရော အမှားတစ်ခုခုလုပ်ပြီးရင် အမှားကို ဘယ်လိုပုံစံမျိုး နဲ့လက်ခံပြီး ဘယ်လိုလူအမျိုးအစားထဲမှာ ပါဝင်ချင်ပါသလဲ ။

ညီမလေးရေ ... လူတွေဟာ ကိုယ်အတိတ်မှာကြုံရတဲ့ အရာတွေကို တချိန်ချိန်မှာ အပြစ်ပြန်တင်လေ့ရှိကြတယ် ။ ငါတော့မှားပါပြီ ငါအဲဒီတုန်းက အဲဒီလို မလုပ်ခဲ့ရင်ကောင်းသား ကွာ အခုတော့ ဒီလိုဖြစ်နေရတယ် စသဖြင့် လူတွေ ဟာ ကိုယ့်ကိုယ်ကိုယ်အပစ်တင်ရင်းအချိန်တွေကုန်ဆုံးနေကြရတယ် ။ တကယ်တော့ မိမိကိုယ်ကိုယ် အပစ်တင်ခြင်း ဆိုတာ လူညွှန့်တုံးစေတဲ့အပြုအမူတစ်ခုပဲညီမလေးရေ ။ လူဟာ အတိတ်မှာ ကြုံခဲ့သမျှအရာတွေ ကို ဒါတွေအားလုံးဟာ အခြေအနေနဲ့အချိန်အခါ အရဖြစ်ပျက်ခဲ့တာပဲ ။ အဲဒီတုန်းက အဲဒီလို အခြေအနေပေးခဲ့လို့ ငါ ဒီလိုလုပ်ခဲ့တာစသဖြင့် မိမိကိုယ်ကိုယ် အပစ်မ တင်ပဲ ဖြေသိမ့်နိုင်ရမယ် ။ ညီမလေး အဲဒီလို ပြန်တွေးကြည့် တဲ့အခါ ကိုယ်လုပ်ခဲ့တဲ့အရာမှန်သမျှဟာ အခြေအနေနဲ့အချိန်အခါပေးလို့ လုပ်ခဲ့တာချည်းပဲဆိုတာ သိလာလိမ့် မယ် ။ အဲဒီအခါမှာ မိမိကိုယ်ကိုယ်အပစ်တင်မှု လျော့နည်းလာပြီး စိတ်ဟာလည်း ကြည်လင်လန်း ဆန်းလာပါ လိမ့်မယ် ။

ညီမလေးရေ ... ကြောင်ကလေးတွေဟာ သူတို့ တာဝန်ဖြစ်တဲ့ သခင်ကို ပွတ်သီးပွတ်သပ်ပြုလုပ်ခြင်း ကြွက် ခုတ်ခြင်း စတဲ့ တာဝန်တွေကြေကြတယ် ။ ခွေးကလေးတွေဟာလည်း အိမ်ကိုလုံအောင်စောင့်ပြီး သူခိုးအန္တရာယ် မှ ကာကွယ်ပေးခြင်းဖြင့် တာဝန်ကျေကြတယ် ။ ကဲ တိရိစ္ဆာန်လေးတွေတောင် မိမိတာဝန် ကျေကြတယ်ဆိုရင် တို့ လူသားတွေရော ဘာတာဝန်တွေကျေပြီးပြီလဲ ။ အနည်းဆုံးတော့ လူပီသမှုဆိုတဲ့ အရာကိုတော့ တာဝန်ကျေရလိမ့်မယ်ညီမလေးရေ ။ တို့တွေဟာ အသိဥာဏ်ပြည့်ဝ ရင့်သန်တဲ့ လူသားတွေဖြစ်တယ် ။ စိတ်ရူးစိတ်မူး တွေနောက်ကို မလိုက်ပဲ ကိစ္စတစ်ခုခုကို လုပ်တော့မယ်ဆိုရင် ဒါငါလုပ်သင့်သလား ၊ ငါလုပ်လို့ သင့်တော်ရဲ့ လား စသဖြင့် အကျိုးအကြောင်း အဆိုးကောင်းကို ဝေဖန်ပိုင်းခြားနိုင်ရမယ် ။ ဒီလိုမှမဟုတ်ပဲ မိမိစိတ်အာရုံခံစားမှု တစ်ခုတည်းနောက်ကိုလိုက်ပြီး မှားသည်မှန်သည် မခွဲခြားပဲ ဆုံးဖြတ်လုပ်ဆောင်မယ်ဆိုရင် တို့တွေဟာ တိရိစ္ဆာန်တွေနဲ့ဘာမှမထူးခြားတဲ့ လက်နှစ်ချောင်းခြေနှစ်ချောင်း ခေါင်းတစ်လုံးပါသော သတ္တ၀ါတွေ သာ ဖြစ်လိမ့်မယ် ။

လူသားဆန်မှုဆိုတဲ့နေရာမှာ အများကြီးအကျုံးဝင်တယ်ညီမလေးရေ ။ မစော်ကားသင့်တဲ့ လူကို မစော်ကားရဘူး ၊ မလိမ်သင့်တဲ့လူကိုမလိမ်ရဘူး ၊ သတ္တ၀ါတွေကို မညှင်းဆဲရဘူး ၊ မိဘဘိုး ဘွားတွေ ကို မစော်ကားရဘူး ၊ တစ်ဦးနဲ့တစ်ဦး ယုတ်မာကောက်ကျစ်ကုန်းချောမှုတွေမလုပ်ရဘူး ၊ သူတစ်ပါးစိတ်ဆင်း ရဲမှုဖြစ်စေမယ့် အရာတွေမလုပ်ရဘူး ၊ မိမိစိတ်ချမ်းသာဖို့အတွက် လူအများ စိတ်ဆင်းရဲရမယ့် ကိစ္စမလုပ်ရဘူး ၊ မေတ္တာတရားနဲ့ အရာအားလုံးကိုခွင့်လွှတ်သည်းခံပေးရမယ် ၊ လူလူချင်းရိုင်းပင်းကူညီရမယ် စသဖြင့် အများ ကြီးဆိုတော့ ရေးမယ်ဆိုရင် ရေးလို့ကုန်မယ်မထင်ဘူး ညီမလေးရေ .. ။ ။

ညီမလေးရေ .. မေတ္တာတရားဆိုတာဟာလည်း တို့ကမ္ဘာမြေကြီးအတွက် အလွန်ကို လှပတဲ့ ရောင်စဉ်လေး တစ်ခုပဲဖြစ်တယ် ။ မေတ္တာ မှာ လူတွေ တွင်တွင် ကျယ်ကျယ်အသုံးပြုနေကျတဲ့ အချစ်လိုမျိုး ရယူလိုမှု အတ္တတွေ ရမ္မက်တွေ ရာဂမီးတွေ ပူပြင်းမှုတွေ မပါဘူး ညီမလေးရေ ။ အေးငြိမ်းသန့်စင်ပြီး တစ်ပါးသူ အပေါ် ကောင်းကျိုးအစဉ်လိုလားတဲ့ အေးမြတဲ့ စိတ်အလျှင်လေးတစ်ခုသာဖြစ်တယ် ။ ဒါကို လူတွေ က ရောထွေး ပြီး မတူညီတဲ့အအေးနဲ့အပူကို ရောခေါ်ပြီး ချစ်ခြင်းမေတ္တာလို့ သုံးနှုန်းကြတယ် ။ အချစ်မှာ အသွားအပြန် ရှိတယ်ညီမလေးရေ ။ ကိုယ်က ချစ်မိပြီဆိုရင်သူ့ဆီက အချစ်ကိုပြန်လိုချင်လာရော ၊ မရရင်လည်း ပူဆွေးသော ကတွေရောက်ပြီး ပရိဒေ၀ မီးတွေ တောက်လောင်လေ့ရှိကြတယ် ။ မျက်ရည်တွေဖြိုင်ဖြိုင်ကျ မစားနိုင်မသောက်နိုင်နဲ့ ဘယ်လောက်တောင်ဆိုးဝါးတဲ့ စိတ်ခံစားမှုတစ်ခုပါလဲ ။ အဲ..မေတ္တာ ဆိုတာကတော့ အဲဒါနဲ့ပြောင်းပြန်ပေါ့ကွယ် ။

ကိုယ်ကမေတ္တာထားလိုက်လို့ ကိုယ့်အပေါ်မှာ ပြန်ပြီး မေတ္တာထားပါစေဆိုတဲ့ စိတ်မျိုး လောဘမျိုးမရှိဘူး ။ သူ့ဖက်က တုံ့ပြန်လာမယ့် response ကို မျှော်ကိုးတဲ့စိတ်မျိုးမရှိဘူးပေါ့ ။ ဒါကြောင့် မေတ္တာတရားကို လက်ကိုင် ထားပါညီမလေးရေ ။ ဘ၀မှာ အခက်အခဲတွေကြုံရတိုင်းလည်း စိတ်မ ပျက်စေနဲ့ ။ အစီအစဉ်တ ကျဖြစ်ပျက်နေတဲ့ လောကကြီးမှာ အလိုက်သင့်စီးမျောနိုင်အောင်ကြိုးစားပါ ။ မိမိကိုယ် ကိုယ်လည်း အပစ်မတင် ပါနဲ့ ။အ မှားကိုသိရင်လည်းအမှန်ပြင်ပြီးလျှောက်လှမ်းနိုင်တဲ့ လူပီသသော ညီမလေး တစ်ယောက်ဖြစ် ပါစေလို့ ဆုတောင်းပေးရင်းအဆုံးသတ်လိုက်ပါတယ်ကွယ်.. ။

ရေလိုအေး၍ ပန်းလို လန်းပါစေ ညီမလေးရေ ...။

ကိုကြီး

သက်တန့်ချို

စာအုပ်လေးနဲ့လိုချင်သူများအောက်မှာ download ဆွဲနိုင်ပါတယ် ။




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, January 29, 2011

ညီမလေးဖတ်ဖို့ (၄)

ညီမလေးဖတ်ဖို့ (၄)

ညီမလေးရေ...စ်တွေလည်းတစ်နှစ်ပြီးတစ်နှစ်ပြောင်းလို့....နှစ်သစ်တစ်နှစ်ကိုရောက်ရှိလာခဲ့ပြန်ပြီ။အ သက်တွေ ကြီး လာ တာနဲ့အမျှ တို့တွေအားလုံး ဘယ်လောက်များ ရင့်ကျက်ခဲ့ကြပြီလဲ ။ ဘ၀ ဆိုတဲ့အရာကို လူတိုင်း လူတိုင်းက ကိုယ်ကြုံတွေ့ခဲ့တဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်တတ်
ကြတယ်...ညီမလေးရေ....အဆင်ပြေချော့မွေ့ခြင်းဟာလူတိုင်းလိုချင်တောင့်တကြတဲ့အရာဖြစ်ပေမယ့်အခက်အခဲဆိုတာကလည်း တို့တွေ ချွန်မြလာစေမဲ့ ဓါးတစ်လက်သာဖြစ်တယ် ။ တို့တွေအား လုံးလျှောက် ခဲ့ကြတဲ့ လမ်းတွေတလျှောက် ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်ရအောင် ။ ဆိုးတာတွေ ဘယ်လောက် များ လုပ်ခဲ့ကြပြီးပြီလဲ ။ ကောင်း တာတွေ ဘယ်လောက် များ လုပ်ခဲ့ကြပြီးပြီလဲ ။

ညီမလေးရေ...ပန်းတိုင်းမှာ အလှကိုယ်စီရှိကြတယ် ။ ပန်းခြံထဲက တယုတယ စိုက်ပျိုးထားတဲ့ ပန်းပွင့်ဟာ လှပသ လို တောတောင်ထဲက ဘယ်သူမှ ပြုပြင်ဖန်တီးထားခြင်းမရှိတဲ့ ပန်းရိုင်းလေးတွေမှာလည်း သူ့အလှနဲ့ သူရှိကြ တယ် ။ ဒါပေမယ့် အဲဒီပန်းကလေးတွေရဲ့ တန်ဖိုးဟာ သူ့ရဲ့အလှ အပတင်မဟုတ်ပဲ လောကကြီးအတွက် ဘယ်လောက် များအလှဆင်ပေးနိုင်မလဲ ၊ အသုံးဝင်မလဲဆိုတာနဲ့အန္တရာယ်ရှိမရှိ ဆိုတာတွေအပေါ် မူတည် တယ်လေ ။ ညီမလေး...နှင်းဆီတစ်ပွင့်ရဲ့ တန်ဖိုးဟာ သူ့ရဲ့လှပတဲ့ပွင့်ဖတ်ပွင့်ချပ်တွေမဟုတ်ဘူး ။ အန္တရာယ်တွေကနေ သူ့ကိုယ်သူကာကွယ်ပေးမဲ့ချွန်ထက်ထက် ဆူးချွန်တွေသာဖြစ်တယ် ။ အဲဒီလိုပဲ မိန်းကလေး တစ်ယောက်ရဲ့တန်ဖိုးဟာလည်း အပေါ်ယံအရေပြားအလှအပက အဓိကမကျဘူး ညီမလေးရေ...။ ဒါတွေဟာ မတည်မြဲတဲ့အရာတွေသာဖြစ်တယ် ။ မိန်းကလေးတစ်ယောက်ရဲ့ တကယ့်အစစ်အမှန်တန်ဖိုးဟာ အသိပညာ ၊ အတတ်ပညာ၊ ယဉ်ကျေးသိမ်မွေ့မှုနဲ့ ခံယူချက်သဘောထားတွေသာဖြစ်တယ် ။ အဲဒီခံယူ ချက်တွေမှာ လူတစ်ဖတ်သားအပေါ်နားလည်ခွင့်လွှတ်ပေးနိုင်မှု ၊ သနားကြင်နာမှုနဲ့ မေတ္တာစေတနာ ထားခြင်းတွေ ပါဝင်တယ် ။ ညီမလေးလည်း တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်အောင်ကြိုးစားပါ ။ နေထိုင်ပါ ။ ဖြတ်သန်း ပါကွယ်...။

ညီမလေးရေ...လောကမှာ ဒေါင်းယောင်ဆောင်သောကျီးတွေအများကြီးရှိကြတယ် ။ တကယ်တော့ ကိုယ်ဟာ ဒေါင်းဖြစ်စေ ၊ ကျီးဖြစ်စေ ရှက်နေဖို့မလိုအပ်ပါဘူး ။ ကိုယ်ဟာ သူဌေးဖြစ်နေ လို့ဘ၀င်မြင့်ဖို့မလို အပ်သလို ဆင်းရဲနေလို့လည်း အားငယ်ရှက်ရွံ့နေစရာမလိုအပ်ဘူးလေ ။ဘ၀မှာ ပျော်စရာတွေ ချည်းကြုံကောင်းကြုံရလိမ့်မယ် ။ ၀မ်းနည်းစိတ်ညစ်စရာတွေချည်းပဲလည်း ကြုံကောင်းကြုံရလိမ့်မယ် ။ ဒါပေမယ့် ညီမလေးမှတ်ထားဖို့က လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် ရွေးချယ်ခွင့်မရှိဘူး ။ ကိုယ်ဖြစ်နေ တဲ့ကြုံတွေ့ နေရတဲ့ အရာဟာ ကိုယ့်ဘ၀သာလျှင်ဖြစ်တယ် ။ လူတစ်ချို့ဟာ ယဉ်ကျေးတယ် ။ တစ်ချို့ဟာ ရိုင်းစိုင်းတယ် ။ တစ်ချို့ကကောက်ကျစ်တယ် ။ တစ်ချို့က ယုတ်မာတယ် ။ လူတွေနဲ့ ဆက်ဆံ တာများ လာလေလေ တစ်ယောက်အကြောင်းတစ်ယောက်သိလေလေပါပဲ ။ "Few words are best" တဲ့ညီမလေး ။
စကားနည်းခြင်းဟာလည်း အကောင်းဆုံးအရာပါပဲ ။

တို့တွေကြုံတွေ့နေရတဲ့ အရာအတော်များများ ၊ အခက်အခဲအတော်များများဟာ စကားမှားလို့ ဖြစ်တာ ၉၀% ကျော်ပါဝင်တယ်ညီမလေး ။ ဒီတော့ လူတွေနဲ့ဆက်ဆံတဲ့အခါမှာ စကားကိုပြောသင့်မပြောသင့် ချင့်ချိန် ဆက်ဆံတာ အကောင်းဆုံးပါပဲ ။ လူတစ်ချို့က လူတစ်ချို့ရဲ့ဘ၀ကိုနင်းပြီး ဘ၀ကိုတည်ဆောက်တယ် ။ လူတစ်ချို့က ကိုယ့်ဘ၀ကိုယ်အနင်းခံပြီး သူများဘ၀ကိုတည်ဆောက်ပေးတယ် ။ ဒုတိယအမျိုး အစားမဖြစ်နိုင် တာတောင်မှ သူများဘ၀ကို မနင်းမိစေနဲ့ကွယ်..။ တကယ်တော့တို့တွေအားလုံးဟာ ဒီဘ၀မှာ ခဏတာ လာဆုံကြတဲ့ ဧည့်သည်တွေပါပဲ ။ အဲဒီခဏလေးအတွင်းမှာပဲ တွေ့ကြတယ် ၊ ချစ်ကြတယ် ၊ ကြိုက်ကြတယ် ၊ မုန်းကြတယ် ။ ဘာတွေပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ ထွက်ခွာသွားရမှာပါပဲ ။ ကမ္ဘာကြီးကတော့ တို့တွေရှိရှိမရှိရှိ
ဆက်လက်လည်ပတ်နေဦးမှာပါပဲ ။ ခဏတာတွေ့ဆုံကြတဲ့အချိန်လေးမှာ ဘာလို့များ သူများကို စိတ်ဆင်း ရဲစေမလဲ ။ ကိုယ့်ကိုယ်ကိုယ်ရော စိတ်ဆင်းရဲစေမလဲ ။ လေးနက်ခြင်းဟာ ဘ၀အတွက်လိုအပ်သလို တခါတ ခါ ပေါ့ပါးဖို့လည်းလိုအပ်တယ် ။ လူရယ်လို့ ဖြစ်လာတော့ တို့တွေလူပီသဖို့ လိုတယ်လေ ။

ညီမလေးရ...အတွေးအခေါ်သဘောတရားတွေရေးနေလို့ စိတ်ညစ်နေပြီလား ။ နောက်ဆုံးမှာချင် တဲ့အချက် ကတော့ လောကမှာ လုပ်သင့်တဲ့အရာရှိတယ် ။ မလုပ်သင့်တဲ့အရာရှိတယ် ။လုပ်ကိုမလုပ် ရမယ့်အ ရာတွေ ရှိတယ် ။ ရိုးရိုးလေးနဲ့ ဘ၀ကိုဖြတ်သန်းရတာလည်း ပျော်စရာကောင်းပါတယ် ။ ညီမလေးရေ... လုပ်သင့် တဲ့အရာတွေကို အသက်အရွယ်အပိုင်းအခြားအလိုက် မလုပ်မိတာတာတောင်မှ မလုပ် ရမဲ့ အရာတွေကိုတော့ မလုပ်မိစေနဲ့ကွယ်...။ ငါ့ရဲ့..ညီမလေး...ရေလိုအေးလို့ ပန်းလိုလန်း ပါစေ...။ လောက အ လယ် ၀င့်ထည်နိုင်ပါစေကွယ်...။

အကိုသက်တန့်ချို

ညီမလေးဖတ်ဖို့ အပိုင်း ၁ ၊ ၂ ၊ ၃ အား Label ထဲမှ ညီမလေးဖတ်ဖို့ ဟူသော လင့် တွင်ဝင်ရောက် ဖတ်ရှုနိုင် ပါသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 18, 2010

ညီမလေးဖတ်ဖို့ (၃)

ညီမလေးဖတ်ဖို့ (၃)




သို့

ညီမလေးရေ...

အခုရက်ပိုင်းအတွင်းမိုးကလည်းမစဲတော့ပဲ သည်းသည်းမဲမဲကို ရွာနေတော့တာပဲကွယ် ။ ဒီတစ်ညလုံး ထုံးစံ အတိုင်းပေါ့ မိုးကတဖွဲဖွဲလေး ရွာနေပြန်တယ်လေ ။ မိုးတွေရွာနေလို့ ကောင်းကင်ကြီးက မဲမှောင်မှိုင်း ညှို့နေ ပေမယ့် လမင်းကြီးကိုတော့ ရေးရေးလေး တွေ့နေရတယ်ကွဲ့ ။ေ၀၀ါးနေတဲ့ လမင်းကြီးကို ငေးကြည့်ရင်း ညီမလေး အတွက် စာတစ်စောင်ကိုရေးလိုက်ပါတယ် ။ ဒီတစ်ခါ ပထမဆုံးပြောချင်တာကတော့ မိန်းကလေး တွေသိသင့်တဲ့ ယောင်္ကျားအမျိုးအစားတွေပေါ့ကွယ် ။ လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို ယောင်္ကျား အမျိုး အစားတွေလည်း အများကြီးရှိသကွဲ့ ။ အကြမ်းဖျင်းအားဖြင့် ၄ မျိုးရှိတယ်လို့ မှတ်ထားလိုက်ပါ ညီမလေး ။

၁ ။ ခြင်္သေ့ကဲ့သို့ ယောင်္ကျား

အရမ်းကိုပဲ တည်ကြည်ရဲဝံ့ပြီး မိမိအပေါ် နှစ်နှစ်ကာကာ ချစ်ခင်လေးစားလေ့ရှိတယ် ။ အန္တရာယ်တစုံတရာ အသက် ဘေးနဲ့ကြုံတွေ့တာတောင်မှ ဘယ်တော့မှ သစ္စာမဖောက်ပဲ မိမိကြင်သူအပေါ် အသက်စွန့်ပြီး ကာကွယ် ပေးလေ့ရှိတယ် ။ ယောင်္ကျားဝတ္တရားငါးပါးနဲ့ အညီနေထိုင်သလို မိမိရဲ့ပါရမီဖြည့်ဖက်အပေါ် လေးနက် တည်ကြည်တဲ့စိတ်ထားရှိသူပေါ့ကွယ် ။ ညီမလေးသာ အဲဒီလို ယောင်္ကျားမျိုးနဲ့ဆုံတွေ့ခဲ့ရရင် တစ်သက်လုံး လက်တွဲ မဖြုတ်ပဲ ခိုင်ခိုင်မြဲမြဲ လက်တွဲလိုက်ပါ ။ ညီမလေးအကျိုးကိုသာ လိုလားတဲ့ ယောင်္ကျားမြတ် အမျိုးအ စားဖြစ်ပါတယ် ။

၂ ။ မျောက်ကဲ့သို့ ယောင်္ကျား

ဒီလို ယောင်္ကျားမျိုးဟာ မျောက်လို့ ဆိုသကဲ့သို့ အငြိမ်မနေတတ်ပေဘူး ညီမလေးရေ ။ မျက်လုံးကလည်း အလွန်ကစားပြီး တစ်ကိုင်းပြီးတစ်ကိုင်းသာရာကို ကူးလေ့ရှိတယ် ။ မိန်းကလေးတစ်ယောက်ကို အတည်တကျ တွဲလိုတဲ့ စိတ်ထားမရှိပဲ ချောတဲ့နောက် ကောက်ကောက်ပါအောင်လိုက်လေ့ရှိတယ် ။ ကိုယ်က ဘယ်လောက်ပဲ သစ္စာရှိရှိ သူကတော့ အမြဲတမ်း သစ္စာဖောက်နေမှာပါပဲ ။ ဒီလို ယောင်္ကျားမျိုးနဲ့ဆုံဆည်းရရင်တော့ ဝေးဝေးက ရှောင်ပေတော့ ညီမလေးရေ ။

၃ ။ မြေခွေးကဲ့သို့ယောင်္ကျား

အလွန်ကို ကောက်ကျစ်စဉ်းလဲပြီး ယောင်္ကျား စင်စစ်ဖြစ်ပါလျှက် သူတပါး အကျိုးကို အမြဲပျက်ဆီး ရာပျက်ဆီး ကြောင်းကြံစည်နေတတ်တဲ့ ယောင်္ကျားမျိုးပေါ့ကွယ် ။ တစ်ချိန်လုံး ကိုယ့်အနီးမှာ ရှိတဲ့ ကြင်သူ မိတ်တွေတွေကို ကုန်းချော ရန်တိုက်ပေးလိုစိတ်ရှိတဲ့ စိတ်ထား ယုတ်ညံ့တဲ့ ယောင်္ကျားမျိုးပေါ့ကွယ် ။ မြေခွေးဆိုသလိုပဲ တစ်ကောင် တည်းတော့ ရန်မထောင်ဝံ့ဘူး ။ အမျိုးတူစရိုက်တူတွေတွေ့ပြီ ဆိုရင်ဖြင့် ကမ်းကုန်အောင် ဆိုးတတ်တဲ့ ယောင်္ကျားမျိုးပေါ့ ။ ဒီလို ယောင်္ကျားမျိုး ကြုံရရင်တော့ ဒူးနဲ့မျက်ရည်သုတ်ဖို့မ လွဲပါဘူး ။ ဝေးဝေးက သာ ရှောင်ပေတော့ ညီမလေးရေ ။

၎ ။ ကြောင်ကဲ့သို့ ယောင်္ကျား

အမြင်မှာကြည့်ရင်တော့ ပွတ်သီးပွတ်သပ်နဲ့ ကိုယ့်ကို ချစ်ခင်ကြင်နာယုယ သလိုပဲပေါ့ကွယ် ။ ဒါပေမယ့် တကယ် တမ်းကျတော့ သူတို့ကို သခင်လို ပြုစုရပြီး အရမ်းကို ဂျီးများတတ်တဲ့ ယောင်္ကျားမျိုးပေါ့ ။ အရမ်းကို ကြောက်တတ် လေ့ရှိပြီး အန္တရာယ် တစုံတခုနဲ့ကြုံတဲ့အခါ မိန်းမနောက်ကွယ်ထဲက ၊ ပုဆိုးခြုံထဲက လက်သီးပုန်းပြတတ်တဲ့ ယောင်္ကျား မျိုးပေါ့ ။ စိတ်ဓါတ်က အားကိုးလောက်စရာမရှိတဲ့အတွက် ပယ်ချသင့်တဲ့အမျိုးအစားပေါ့ကွယ် ။

ဒီလောက်ဆို ညီမလေးလည်း လောကမှာ ဘယ်လိုယောင်္ကျားမျိုးကိုရွေးချယ်သင့်တယ်ဆိုတာနဲ့ သိသင့်တဲ့ ယောင်္ကျား အမျိုးအစာေးတွအကြောင်းကို သိလောက်ရောပေါ့ကွယ် ။ နောက်ပြောချင်တဲ့အကြောင်းကတော့ " အချစ် ၊ အိမ်ထောင်ပြုခြင်းနဲ့ ဘ၀ " ဆိုတာပါပဲ ။ ညီမလေးလည်း ဘ၀မှာ မလွဲမသေကြုံရမယ့်အရာမို့ အလေး အနက်စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ပါတယ် ။

အချစ်ဦးဆိုတာ လူတိုင်းကိုယ်စီ အရူးအမူး ဖြစ်ခဲ့ကြတဲ့အရာပေါ့ ။ လူတိုင်းလည်း အချစ်ဦးကိုယ်စီ ရှိခဲ့ကြဖူး လိမ့်မယ် ။ ဒါပေမယ့်ကွယ် အချစ်ဦးနဲ့ ပေါင်းစပ်ခွင့်ရတဲ့ လူကတော့ အရမ်းကို ရှားပါးပါလိမ့်မယ် ညီမလေးရေ ။ မိန်းကလေးဆိုတာ ပန်းကလေးတစ်ပွင့်နဲ့တူတယ် ညီမလေးရဲ့ ။ ပန်းကလေးတွေဟာ လှပနေတဲ့အချိန်မှာ လိုချင်ဆွတ်ခူးယူလိုသူတွေ များပြားနေလေ့ရှိပြီး ခြောက်သွေ့ညှိုးလျော်သွားတာနဲ့တပြိုင်နက် စွန့်ပယ်ခြင်းခံရပြီး စိတ်ဝင်စားမှုလည်း လျော့နည်းသွားတတ်လေ့ရှိတယ် ။ ဒါဟာ မပြောင်းလဲတဲ့ နိယာမ တရားတစ်ခုပေါ့ကွယ် ။ ဒီတော့ အဲဒီပန်းကလေး အစွမ်းကုန်ပွင့်ဖူးလှပနေတဲ့အချိန်မှာ မလွဲမသေ လက်ခံကြုံတွေ့ရမှာကတော့ အိမ် ထောင်ပြုခြင်းဆိုတဲ့အရာပေါ့ ။ အဲဒီမှာတင် အယူအဆ ၂ ခုပေါ်လာတယ်ညီမလေးရေ ။ အရမ်းကို စိတ်ဝင် စားဖို့ကောင်းပါတယ် ။

ပထမတစ်ခုကတော့ အချစ်နဲ့ဘ၀ဟာအတူတူပဲတဲ့ ။ အချစ်ဆိုတာ ဘ၀ဖြစ်ပြီး ကိုယ်ချစ်တဲ့သူနဲ့ အိမ် ထောင်ပြုခြင်းဟာ အကောင်းဆုံးပဲတဲ့ ။ အချစ်နဲ့ဘ၀ဟာ တစ်သားတည်းပေါ့ကွယ် ။ အဲဒီအယူအ ဆ ပိုင်ရှင် တွေဟာကိုယ်ချစ်တဲ့သူနဲ့သာ ပေါင်းစည်းပြီး ဆင်းရဲတွင်းထဲ ခုန်ဆင်းရပါလေ့စေ ၊ ထမင်းရည်ပဲ အတူလျှက် ရပါလေ့စေ မောင်နဲ့မယ် မခွဲတမ်း အတူဆိုတဲ့ လူစားမျိုးတွေပေါ့ကွယ် ။ အဆင်ပြေကျရင်တော့ အကောင်း ဆုံးပေါ့ ။ အိမ်ထောင်ပြုပြီးခါမှ လင်နဲ့မယား လျှာနဲ့သွားဆိုသလို အခန့်မသင့်လို့ အဖုအထစ်လေးတွေဖြစ်လာရင် နင့်ကြောင့် ငါ့ကြောင့်ဆိုပြီးစိတ်မကောင်းစရာတွေ ကြုံရလေ့ရှိတယ်ညီမလေး ။

ဒုတိယတစ်ခုကတော့ အချစ်ကို အချစ်လို့ပဲမြင်ပြီး ဘ၀ကို ဘ၀လို့ပဲ မြင်တဲ့ အမျိုးအစားပေါ့ကွယ် ။ အချစ်ဆိုတာ သီးသန့် နှလုံးသားထဲမှာပဲရှိပြီး ကြင်သူနဲ့ ပေါင်းရသည်ဖြစ်စေ ၊ မပေါင်းရသည်ဖြစ်စေ အချိန်တန်ရင်တော့ ဘ၀ အတွက် အိမ်ထောင်ပြုလေ့ရှိတယ် ။ ဘ၀ကို အကောင်းဆုံးတည်ဆောက်ပြီး အချစ်ကိုတော့ တစ်သက်လုံး နှလုံးသားထဲ သိမ်းထားတတ်တဲ့ လူစားမျိုးပေါ့ ။ သူတို့ခံယူချက်က ဘ၀အတွက် အိမ်ထောင်ပြုပြီး အချစ်ကိုတော့ နှလုံးသားထဲက သီးသန့်နယ်မြေလို့ ခံယူထားသူတွေပေါ့ ။

အဲဒီ ၂ ခုလုံးကိုကြည့်မယ်ဆိုရင် ပထမတစ်မျိုးက နှလုံးသားကိုဦးစားပေးပြီး ဒုတိယတစ်မျိုးကတော့ဦးနှောက်ကို ဦးစားပေး တာ တွေ့ရပါတယ် ။ အချစ် ၊ အိမ်ထောင်ပြုခြင်းနဲ့ ဘ၀ဟာ တစ်ထပ်တည်းကျခဲ့ရင်တော့ ဘာများ ပြောစရာလိုပါသေးသလဲ ။ အကောင်းဆုံးပေါ့ ။ ဒါပေမယ့် လောကကြီးမှာ အကောင်းကြီးပဲဆိုတာ ဘယ်တော့ မှရှိမနေဘူး ဆိုတဲ့ မူအတိုင်း တကယ်ကြုံတွေ့ရတဲ့အခါ အဲဒီ အယူအဆ ၂ ခုထဲက တစ်ခုကို ရွေးရလေ့ရှိပါတယ် ။ ကဲ... ဘာကို ရွေးချယ်ရလဲ ???? ပထမအယူအဆက နှလုံးသားကို ဦးစားပေးတဲ့အတွက် အမှားများနိုင်သလို တကယ်အမှားကြုံတွေ့ခဲ့ရင်လည်း ငါအချစ်အတွက် မှားတာပဲလေ ခံနိုင်ပါတယ်ဆိုပြီး ဖြေသိမ့်တတ်ကြပါတယ် ။

နှလုံးသားကို ဦးစားပေးပြီး ဘ၀ကို တည်ဆောက်ရင် တကယ်ပဲ တစ်သက်လုံး စိတ်ချမ်းသာ မှာတဲ့ လား ။

ဒုတိယအယူအဆကတော့ ဦးနှောက်ကို ဦးစားပေးပြီး ဘ၀ကို တည်ဆောက်တဲ့အတွက် အမှားနည်းနိုင်ပေမယ့် တကယ်ကိုယ်ချစ်တဲ့သူနဲ့ မဆုံဆည်းရတဲ့အတွက် လူဟာ စက်ရုပ်ဆန်သွားတတ်ပါတယ် ။ ဘ၀မှာတော့ ဦးနှောက်ကို အသုံးပြုတဲ့အတွက် အောင်မြင်မှုကို သိမ်းပိုက်ကောင်းသိမ်းပိုက်နိုင်တယ် ။ ဒါပေမယ့် အချစ်ဆို တဲ့အရာဟာ အိပ်မက်တစ်ခုလိုပဲ မှေးမှိန်ပျောက်ကွယ်သွားလေ့ရှိပြီး နှလုံးသားထဲမှာပဲ ထွန်းလင်းနိုင်တဲ့ မီးလုံး လေးတစ်လုံးပေါ့ ။

ဦးနှောက်ကို ဦးစားပေးပြီး ဖြစ်သင့်တာတွေ လုပ်သင့်တာတွေဝိုင်းရံလို့ ဘ၀ကို လှလှပပ တည်ဆောက်ခြင်းဟာ တကယ်ပဲ တစ်သက်လုံး စိတ်ချမ်းသာမှာတဲ့လား ။

ဘာကို ရွေးချယ်ပြီး ဘာကိုဆုံးဖြတ်သင့်သလဲ ၊ ဘယ်လိုလုပ်ရမလည်းဆိုတာ ညီမလေးလည်း ပညာတွေတတ် သင့်သလောက်တတ်ပြီမို့ ကိုယ့်ဘာသာတွေးတော ဆုံးဖြတ်နိုင်ပါစေကွယ် ။ တစ်ခုမှာချင်တာကတော့ ကိုယ်ဆုံးဖြတ်လိုက်တဲ့ ကိစ္စတစ်ခုဟာ နောင်တစ်ချိန်မှာ နောင်တရမယ့် အရာမျိုးတော့ မဖြစ်ပါစေနဲ့ ။

စာလည်းအတော်ရှည်သွားပြီဖြစ်တဲ့အတွက် ညီမလေးလည်း ငြီးငွေ့လောက်ရောပေါ့ ။ ဘ၀မှာ အေးမြဖြူစင်ပြီး မြင် တိုင်းတင့်တယ်တဲ့ ပန်းကလေးတစ်ပွင့် ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း စာကို အဆုံးသတ်လိုက်ပါတယ်ကွယ် ။

ညစဉ်ညတိုင်း ..ညီမလေး အိပ်မက်လှလှမက်ပါစေ..............။

သက်တန့်ချို
17 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 21, 2010

ညီမလေးဖတ်ဖို့ (၂)

ညီမလေးဖတ်ဖို့ (၂)



သို့

ညီမလေးရေ...

မိုးတွေကလည်း အုံ့အုံ့သည်းသည်း ကောင်းကင်တခွင်လုံး မှောင်မှိုင်းညှို့လို့....။ မိုးစက်သံတွေ တဖြောက် ဖြောက်ကိုငေးရင်း ညီမလေးအတွက် စာတစ်ပုဒ်ကို ရေးလိုက်ပါတယ် ။ တို့တွေနေထိုင်တဲ့ လောကကြီးက တခါတ ခါတော့လည်း ရီချင်စရာ အကောင်းသားကွဲ့ ။ ဖြစ်ချင်တဲ့ ဘ၀မှာထက် ဖြစ်နေတဲ့ ဘ၀မှာပဲ အသား ကျစီးမျောနေရသူတွေ ကိုယ်သွားချင်နေတဲ့လမ်းထက် သွားသင့်တဲ့လမ်းကို ရွေးချယ်လိုက်ရသူတွေ အို... ဒုနဲ့ဒေးပေါ့ ။ အဲဒီလို ထော်လော်ကန့်လန့်နဲ့ ဘ၀ဆိုတဲ့ အင်္ကျီကြီး ၀တ်ပြီး ခပ်တည်တည် ချီတက်နေကြတဲ့ လူသား တွေထဲမှာ တို့တွေလည်း အပါအ၀င်ပေါ့ ။ အခုဆို ညီမလေးဟာ အသက် ၂၀ ၀န်းကျင်ဆိုတော့ လောက ကြီးအကြောင်း ဘာမှမသိသေးတဲ့ သူငယ်နှပ်စားလေး တယောက်မဟုတ်သလို လောကကြီးအကြောင်း နောကြေ အောင်သိတဲ့ လူကြီး တစ်ယောက်လည်း မဟုတ်ပြန်ဘူး ။ ဒါပေမယ့် ဒီအရွယ်ဆိုတာ လောကမှာ ဘယ်လို ခံယူချက်တွေကို လိုက်နာ ကျင့်သုံးရမလည်းဆိုတဲ့အတွေးတော့ စပြီးကိန်းဝပ်နေသင့်ပြီပေါ့ ။

လောကကြီး ဟာ တကယ်တော့ ပဉ္စလက်ဆန်တယ် ညီမလေးရေ ။ မျက်လှည့်ပြတာလည်း သိပ်ကို ကျွမ်းကျင်ပေါ့ ။ တခဏလေးအတွင်းမှာပဲ အရမ်းချမ်းသာတဲ့ လူတစ်ယောက်ကို ၀ုန်းကနဲ ဆင်းရဲသား လေး ဖြစ်အောင် ဆင်းရဲသားလေးတစ်ယောက်ကို ၀ုန်းကနဲ ချမ်းသာသွားအောင် ကျန်းမာနေတဲ့ လူတစ်ယောက်ကို စက္ကန့်ပိုင်း အတွင်း ရောဂါတွေ ဖိစီးလာအောင် သူကစွမ်းဆောင်ပေးနိုင်တယ် ညီမလေး.. ။ ဒါ့ကြောင့် တချို့ကပြောတာပေါ့ ။ လောကကို အရွဲ့မတိုက်နဲ့ လောကအမှန်တရားဆိုတာ ရှိတယ်တဲ့ ။ စိတ်ထားကောင်းပြီး ခံယူချက်မှန်တဲ့ လူကို လောကတရားက စောင့်ရှောက်လေ့ရှိသလို စိတ်ထားယုတ်ညံ့ပြီး ခံယူချက်မမှန်တဲ့ လူကို လောကတရားက ဒါဏ်ခတ်လေ့ရှိတယ် ။ အဲဒီသဘောတရားနဲ့ ပတ်သတ်ပြီး ညီမလေးကို အကိုဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ် ။ နား မျက်စိနဲ့ ခံစားတာထက် နှလုံးသားနဲ့ ခံစားပေးပါညီမလေး ။

ဟိုး တချိန်တုန်းကပေါ့ ... မြို့လေးတစ်မြို့ ရှိသတဲ့ ။ အဲဒီမြို့လေးမှာ ဆေးရုံ ဆေးခန်း ကစားကွင်း ပန်းခြံနဲ့ နေချင့် စဖွယ် ကောင်းတဲ့ မြို့လေးတစ်မြို့ ဖြစ်တာကြောင့် စဉ်ဆက်မပြတ် စည်ကားလျှက်ရှိတာပေါ့ ။ ဒါပေမယ့် အဲဒီမြို့ က လူတွေဟာ မြို့ရဲ့ အနောက်ဖက် ကိုတော့ ယောင်လို့တောင် မသွားကြပါဘူး ။ ဒါကြောင့် မြို့လေးရဲ့ အနောက် ဖက်ပိုင်းဟာ တိတ်ဆိတ် ခြောက်ကပ်နေတာပေါ့ ။ အကြောင်းရင်းကတော့ အဲဒီမြို့လေး ရဲ့အ နောက်ဖက်မှာ လူ့လောကရဲ့ နောက်ဆုံးနေ၀င်ချိန်တွေ ၊ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ လူသားတွေ သေမယ့် ရက်ကို စောင့်စားနေရတဲ့ လူနာတွေ( ဥပမာ ကင်ဆာရောဂါ ခံစားနေရပြီး နောက်ဆုံး အချိန်ရောက်နေတဲ့သူ ) တွေကို သီးသန့်ထားတဲ့ ဆေးရုံတစ်ရုံ ရှိတယ်တဲ့ ။ အဲဒီဆေးရုံမှာ လူနာ ၁၀ ယောက်လောက်ရှိသတဲ့ ။ သူတို့တွေရဲ့ မျက်နှာဟာ အစဉ်သဖြင့် ညှိုးနွမ်းနေတတ်ပြီး မျက်နှာမှာ ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ပူဆွေး သောကရောက်ခြင်း စတဲ့ ခံစားချက်တွေ မရှိတော့ပဲ စက်ရုပ်တွေလို အချိန်တန်စား ၊ အချိန်တန်အိပ်နဲ့ သေမယ့် ရက်ကို စောင့်စားကြတယ်တဲ့ ။

အဲဒီ ၁၀ ယောက်ထဲမှာ ထူးခြားတာက ၂ ယောက်က အခြားလူနာတွေနဲ့ မတူဘူး ။ သူတို့ ၂ ယောက်က အချင်းချင်း စကားတွေပြောလိုက် ရယ်လိုက်မောလိုက်နနဲ့ တခါတခါ သူတို့ဟာ ဘ၀ရဲ့ နောက်ဆုံး အချိန်တွေကို ဖြတ် ကျော်နေတဲ့ လူတွေပါလားဆိုတာကိုတောင် မေ့နေကြသတဲ့ ။ သူတို့ ၂ယောက်ဟာ အခန်းတစ်ခန်းထဲမှာပဲ အတူ နေကြရသတဲ့ ။ တစ်ယောက်က ပြတင်းပေါက်နားက ကုတင်မှာနေရပြီး သူက အဆုတ်ကင်ဆာကို ခံစားနေ ရတဲ့ လူပေါ့ ။ တခါတခါ အမောဖောက်လာရင် သူတို့ ၂ ယောက်ကြားက ဘဲလ်ကို နှိပ်ပြီး ဆရာဝန်တွေကို အကြောင်းကြား အောက်ဆီဂျင်ပေးလိုက်ရင် ပြန်ပြီး သက်သာလာပါတယ် ။ နောက်တယောက်ကတော့ လူကီးမီး ယား ဆိုတဲ့ သွေးကင်ဆာ ရောဂါကို ခံစားနေရတဲ့သူပေါ့ ။ သူကတော့ အခန်းရဲ့ အတွင်းဖက်မှာ နေရပြီး အဆုတ်ကင်ဆာ ဖြစ်တဲ့သူနဲ့ပဲ အဖော်ပြုနေရတာပေါ့ ။

တစ်နေ့တော့ လူကီးမီးယား လူနာက ပြတင်းပေါက်နားက လူနာကိုမေးပါတယ် ။

" သူငယ်ချင်းရေ... ရာသီဥတု သာယာရဲ့လားကွာ "

" အေးကွာ ဒီနေ့တော့ ရာသီဥတုက သာယာသလားမမေးနဲ့ ကောင်းကင်ကြီးက ပြာလဲ့လို့ ငှက်လေးတွေက တိမ်တိုက် တွေကြားမှာ ဆော့ကစားနေကြတယ် "

" အဲဒီပြတင်းပေါက် ဟိုဖက်မှာ ဘာတွေရှိသလည်း သူငယ်ချင်း ငါ့ကိုပြောပြပါကွာ "

" ဒီပြတင်းပေါက်အပြင်ဖက်မှာ စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကြီးရှိတယ် သူငယ်ချင်း အဲဒီမြက်ခင်းပေါ်မှာ အရမ်း လှပတဲ့ ပန်းဥယျာဉ်ကြီးရှိတယ်ကွ အိုကွာ.. ကလေးတွေ ဆော့ကစားနေလိုက်ကြတာ ပျော်စရာကြီး နောက် လိုက်ပြောင်လိုက်နဲ့ သူတို့ ရေခဲမုန့်တွေလည်း ၀ယ်စားကြတယ်ကွ ဟော.. ဒန်းတွေလည်းစီးကြတယ် ရောင်စုံ ပူပေါင်းတွေနဲ့ပေါ့ "

" ဟုတ်လား ပျော်စရာကြီး နေမှာပေါ့နော် "

" အေးပေါ့ သူငယ်ချင်းရဲ့ တို့တွေလည်း တနေ့တော့ အဲဒီကစားကွင်း ပန်းဥယျာဉ်ကြီးမှာ သွားကစားကြတာပေါ့ "

ပြန်ပြောသတဲ့ ။

အဲဒီလို နေ့တိုင်းနေ့တိုင်း ပြတင်းပေါက်နားက လူနာကို မေး အပြင်ဖက်က မြင်ကွင်းတွေကို စိတ်ကူးထဲမှာ ပုံဖော်ရင်း လူကီးမီးယား လူနာက တွေးသတဲ့ ။

" အင်း ..ငါလည်းသူ့လို ပြတင်းပေါက်နားမှာ နေရရင် အပြင်ဖက်က လောကကြီးကို နေ့တိုင်းတွေ့ခွင့်ရမှာပဲ ဒီ တော့ သူ့နေရာကိုရအောင် ငါတခုခု ကြံစည်ရမယ် "

ဆိုပြီး စဉ်းစားသတဲ့ ။ သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူမျှော်လင့်ထားတဲ့ အချိန်ဟာ ရောက်လာပါတော့တယ် ။ အ ဆုတ်ကင်ဆာ လူနာဟာ သွေးတွေအန်ပြီး အသည်းအသန်အမောဖောက်ပါတော့တယ် ။ ခါတိုင်းဆို လူကီး မီးယား လူနာက ဆရာဝန်ခေါ်တဲ့ ဘဲလ်ကို နှိပ်ပြီး အောက်ဆီဂျင်ရအောင်အကူအညီပေးလေ့ရှိတယ် ။ ဒီတခါ တော့ သူက အကြံအစည်နဲ့ဆိုတော့ လူခေါ်ဘဲလ်ကို မနှိပ်ပဲ မသိချင်ယောင် ဆောင်နေလိုက်သတဲ့ ။ သိပ်မကြာ ခင်မှာပဲ အောက်ဆီဂျင်မရတဲ့အတွက် အဆုတ်ကင်ဆာ လူနာဟာ ငြိမ်ကျပြီး သေဆုံးသွားပါတော့တယ် ။ အဲဒီတော့မှ လူကီးမီးယား လူနာက ဘဲလ်ကို နှိပ်ပြီး ဆရာဝန်တွေကို အကြောင်းကြားပါတယ် ။ ဆရာဝန် တွေရောက်လာတဲ့အခါ လူနာက အသက်မရှိတော့တဲ့အတွက် သယ်ထုတ်သွားကြပါတယ် ။ အဲဒီအခါ လူကီးမီး ယားလူနာကတော့ သူတော့ ပြတင်းပေါက်နားက ကုတင်ကိုရပြီဆိုပြီး ပျော်နေတာပေါ့ ။

နောက်တစ်နေ့ မနက်ရောက်တဲ့အခါ ဆေးရုံဝန်ထမ်းတွေက လူကီးမီးယားလူနာကို ပြတင်းပေါက်နာကို ရွှေ့ပေး လိုက်သတဲ့ ။ အဲဒီအခါ သူက ၀မ်းသာသွားပြီး အလွန်လှပတဲ့ ပြင်ပရှုခင်းတွေကို ကြည့်မယ်ဆိုပြီး ပြတင်းပေါက် အပြင်ဖက်ကို လှမ်းကြည့်လိုက်သတဲ့ ။ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူဟာ အရမ်းကို တုန်လှုပ်သွားပြီး အံ့သြသွားတဲ့အတွက် ကြက်သေသေသွားမိပါတယ် ။ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ ပြတင်းပေါက် အပြင် ဖက်မှာ အုတ်နံရံကြီး တချပ်ပဲ ရှိနေလို့လေ ။ သူမျှော်လင့်ထားသလို ပန်းဥယျာဉ်တွေ မြက်ခင်းစိမ်းတွေ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ကလေးတွေ ရောင်စုံဘောလုံးတွေ မရှိပါဘူး ။ တဆက်တည်းမှာပဲ သူနားလည် လိုက်တာကတော့ အဆုတ်ကင်ဆာလူနာဟာ သူစိတ်ချမ်းသာဖို့အတွက် မရှိတဲ့ မြင်ကွင်းတွေကို စိတ်ကူးနဲ့ ပုံဖော်ပြီး သူ့ကို နေ့တိုင်း ကြည်နူးပျော်ရွှင်ရအောင် ပြောပြနေခဲ့တယ်ဆိုတာပါပဲ ။ ဘ၀မှာ နောက်ဆုံး နေ၀င်ချိန် ကို ဖြတ်သန်းနေရတဲ့ လူချင်းအတူတူ တဖက်လူ စိတ်ချမ်းသာအောင် ဝေဒနာကြားကနေ သာယာလှပတဲ့ လောကကြီး ကို ပုံဖော်ပေးခဲ့တဲ့ အဆုတ်ကင်ဆာ လူနာကို တွေးရင်းသူဟာ အလွန်အမင်းကို နောင်တရ သွားသတဲ့ ။ နောက်မှ သူသိရတာက အဆုတ်ကင်ဆာလူနာဟာ မျက်စိကွယ်နေတဲ့လူ ဖြစ်တယ်ဆိုတာပါပဲ ။

" ဘုရားရေ.. ဒါ..ဒါဆို သူဟာ တချိန်လုံး ကျွန်တော်စိတ်ချမ်းသာဖို့ အတွက် မြင်ကွင်းတွေကို ပုံဖော်ပေး ခဲ့တာပေါ့... ဒါ..ဒါ ကို ကျွန်တော်သူ့ကို ကျွန်တော့်ရဲ့ လောဘ အတ္တတစ်ခုကြောင့် သေစေမိခဲ့တယ် "

ဆိုပြီး အရမ်းကို ယူကြုံး မရ ဖြစ်သွားတာပေါ့ ။ ပုံပြင်လေးကတော့ ဒါပါပဲ ညီမလေးရေ....။

ဟုတ်တယ်ကွဲ့.... ။ လောကကြီးမှာ တချို့လူတွေဟာ တဖက်သားရဲ့ စေတနာကို မမြင်တတ်ကြဘူး ညီမလေး ရေ... ။ နေရာတခုရဖို့အတွက်ဆိုရင်လည်း ဘာပဲလုပ်ရလုပ်ရ ၀န်မလေးတတ်ကြဘူး ညီမလေးရေ...။ အကိုပြော တဲ့ပုံပြင်လေးကို မှတ်ထားပြီး ညီမလေးလည်း သူတပါးကို အနည်းဆုံးတော့ စိတ်ချမ်းသားစေနိုင်တဲ့ လူတစ် ယောက်ဖြစ်အောင်ကြိုးစားပါ ။ ဒါဆို ညီမလေးဟာ ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်ကို ရောက်ခဲ့တာတောင်မှ သန့်စင် မွန်မြတ်နေမှာပါကွယ်...။ ကဲ.. စာလည်း အတော်လေးကို ရှည်သွားပါပြီ ။ နောက်တခါရေးမယ့် ညီမလေး ဖတ်ဖို့စာမှာတော့ လောကကြီးမှာ ညီမလေး သိသင့်သိထိုက်တဲ့ ယောင်္ကျားတွေအကြောင်း ၊ အိမ်ထောင်ပြုခြင်းနဲ့ အချစ် ၊ အရက်သေစာနဲ့ ကိုယ်ကျင့်တရားတွေအကြောင်းကို ပြောပြပါဦးမယ် ။

ညီမလေးရေ....မိုးတွေသည်းသည်းရွာနေတဲ့ လောကကြီးထဲမှာ ညီမလေးရဲ့ ဘ၀လေး အမြဲထာဝရ ရွှင်လန်း ချမ်းမြေ့နေပါစေကွယ်...။

သက်တန့်ချို
21 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 31, 2010

ညီမလေးဖတ်ဖို့ (၁)

ညီမလေးဖတ်ဖို့ (၁)



သို့

ညီမလေးရေ...

သိပ်မကြာတော့တဲ့အချိန် အတွင်းမှာပဲ တို့နေထိုင်တဲ့ လောကတခွင်ဟာ မှောင်အတိကျပြီး ငွေရောင် လမင်း ကြီးက အလင်းတွေဖြန့်ကျက်ပေးတော့မယ်ကွဲ့ ။ ဒီလိုပါပဲ.. လူ့ဘ၀ဆိုတာလည်း ခဏတာ တာဝန်တွေ ထမ်း ဆောင်ပြီးတဲ့အခါမှာ နားကြရတာပဲမဟုတ်လား ။ တခါတလေတော့လည်း ကိုယ်တစ်ယောက်တည်း စဉ်းစား မိတယ် ။ တို့တွေရဲ့ အသက်ရှင်နေထိုင်မှုက ဘာလဲ ? တို့တွေ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်နဲ့ ဘယ်ပန်း တိုင်ထိ ရောက်အောင် အရောက်သွားကြရမှာလဲ ? လူ့ဘ၀ဆိုတာ တိုတောင်းတယ်ဆိုတဲ့ အယူအဆကို တို့တွေ အခု ကြီးပြင်းလာတဲ့ အသက်အရွယ်အရ လက်ခံရလိမ့်မယ် ညီမလေး.. ။ ဘာဖြစ်လို့လည်းဆို ဟိုးငယ်ငယ်က အကြောင်းအရာတွေကို ပြန်တွေးကြည့်မိတဲ့အခါတိုင်း မနေ့တနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ထင်ရလို့ပေါ့ကွယ် ။ အဲဒီတော့ ဒီလိုတိုတောင်းတဲ့ ဘ၀လေးအတွင်းမှာပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချင်ခင်ကြတယ် ၊ မုန်းတီးကြတယ် ၊ တိုက်ခိုက်ကြတယ် ၊ နောက်ဆုံး သေဆုံးကြရတယ် ။ ဟုတ်တယ် .. ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ လောက အမှန်တရားပဲ ။

ဒီတော့ တချို့ကပြောကြတယ် ။ နောက်ဆုံး အသက်ရှင်နေထိုင်မှုရဲ့ ပန်းတိုင်ဟာ သေခြင်းတရားဆိုရင် ဘာလို့ အလုပ်လုပ်ဖို့ ၊ အောင်မြင်မှုပန်းတိုင်တွေရရှိအောင် ကြိုးစားဖို့ လိုအပ် လဲလို့ ပြောကြတယ် ညီမလေး.....။ ကိုယ်ကတော့ အဲဒီလို ကြားမိတိုင်း ဟားတိုက်ပြီး ရယ်မောမိတယ် ။ ဟုတ်တယ်လေ.. တို့တွေအားလုံးဟာ လူသားတွေအားလုံးဟာ ဒီမြေပြင်ပေါ်ကို အဓိပ္ပါယ်မဲ့ သေဆုံးဖို့ ရောက်လာကြရတာမှမဟုတ်ပဲ ။ " တန်ဖိုး " ဆိုတဲ့အရာကို တစ်ဦးချင်းစီ ပြသနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့အစွမ်းလေးနဲ့ တခြားသူတွေရဲ့ ဘ၀အရည်အသွေးတွေကို တဖက်တလမ်းက နိုင်သလောက် မြှင့်တင်ပေးနိုင်မှသာ တို့တွေရဲ့ ဘ၀ဟာ တန်ဖိုးရှိတဲ့ ရှင်သန်နေထိုင်မှု ဖြစ်တော့မှာပေါ့ ။

နောက်တစ်ခုကတော့ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းဆိုတဲ့အရာပေါ့ ညီမလေးရေ... ။ သေခြင်း တရားဆိုတာ တကယ်တော့ ကိုယ်မရောက်ဖူးတဲ့ နယ်ပယ်ဒေသတစ်ခုကို မျက်ဝါးထင်ထင် တွေ့ရမယ့် စွန့်စား ခြင်း တစ်ရပ်ပဲပေါ့ ။ ညီမလေးရေ... စဉ်းစားမိရဲ့လား.. ကိုယ်သိပ်ချစ်ရတယ်ဆိုတဲ့ မိဘ မောင်နှမ ၊ ချစ်သူ ၊ သူငယ် ချင်းတွေ တစ်နေ့...ခွဲခွာသွားရင် ၀မ်းနည်းစွာနဲ့ ငိုကြွေးနေမှာလား ။ ဒါဆို ပြောင်းပြန်ရော စဉ်းစား ကြည့်ဖူးလား ညီမလေး... ။ ကိုယ်ကအရင် သူတို့ကို ခွဲခွာသွားရရင်ရော ။ သူတို့ကို ကိုယ့်အတွက်နဲ့ ၀မ်းနည်း ပူဆွေးသောကရောက်ပြီး ငိုကြွေးစေမှာလား ... ။ ကိုယ်သာဆိုရင်တော့ အဲဒီလို မဖြစ်စေချင်ပါဘူး ။

တစ်ခါတုန်းက တိဗက်တောင်ကြားမှာ ထူးဆန်းတဲ့ ရွာလေးတစ်ရွာ ရှိတယ် ။ အဲဒီရွာလေးရဲ့ ထုံးစံက လူသေ တဲ့အခါမှာ ဗုံတွေတီးပြီး မီးပုံပွဲတွေဆင်နွှဲပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိပါတယ် ။ သူတို့အယူအဆကတော့

" ပူလောင်ရှုပ်ပွေလီတဲ့ လူ့လောကကနေ သေခြင်းတရာကို ရရှိတဲ့လူဟာ အလွန်ကို ကံကောင်းတဲ့လူဖြစ်ပြီး လက်ရှိ ခံစားနေရတဲ့ ဆင်းရဲသောကတွေနဲ့ ဝေးတဲ့ ဘ၀သစ်တစ်ခုကို မကြာခင်ရောက်ရှိတော့မှာမို့ သေဆုံး သူအတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရခြင်းဖြစ်ပါတယ် " တဲ့... ။

ကိုယ်တော့ အဲဒီအယူအဆလေးကို သိပ်ပြီးသဘောကျတယ် ညီမလေး ။ ဟုတ်တယ် သေတယ်ဆိုတာ အဆုံး သတ်သွားတာမှမဟုတ်ပဲ ။ သံသရာတလျောက်မှာ ဘ၀ ၊ ဘ၀တွေ အသစ်အသစ်တွေ အများကြီးနဲ့ ကျင် လည်ရ ဦးမယ်လေ ။

" လူ့ဘ၀ဆိုတာ တို့တွေ ခဏတာ လာရောက်တွေ့ဆုံရတဲ့ ဘူတာရုံလေးတစ်ခုပါပဲ အချိန်တန်ရင်တော့ ရထား ကြီးက ဒီဘူတာရုံကနေ ထွက်ခွာသွားမှာပဲလေ ... "

အဲဒီအတွေးအမြင်တွေရပြီးကတည်းက ကိုယ့်မှာ ၀မ်းနည်းပူဆွေးတတ်တဲ့ မျက်ရည်မရှိတော့ဘူး ။ သူတို့ (သေဆုံးသွားသူ) ဘ၀အသစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ မေတ္တာအပြည့်နဲ့ ဆုတောင်းပေးနေမိတယ် ။ နောက် တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းပေါ့ ညီမလေးရေ... ။ အချစ်ဆိုတဲ့အရာကို ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့ အချစ်နဲ့ မေတ္တာဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။ ညီမလေး နားလည်အောင် အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့ စိတ်တစ်ခုတော့ ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။ အဲဒီအချစ်မှာပဲ ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။ တိုက်ခိုက်တာရှိတယ် ။ လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့ လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။

မေတ္တာဆိုတာ ကတော့ အချစ်နဲ့ ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ် ..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။ မေတ္တာ စစ်စစ်မှာ ရယူလို တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး တိုက်ခိုက်လိုစိတ်မရှိဘူး ။ မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ် ယောက်ရဲ့ ကောင်းကျိုးကိုသာ အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ ပေါ့ကွယ် ။

ညီမလေးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တွေ့ပြီဆိုရင် သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့ မေတ္တာ စစ်စစ်သာ ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ် ။ တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ကောက်ယူလိုက် ပင်လယ် ရေထဲကို လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင် လူတစ်ယောက်ရောက်လာပြီး သူမရဲ့ လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။

" ဒီမယ် မိန်းကလေး ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့ မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ် ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင် အကုန်သေကြရတော့မှာပဲ "

အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း

" ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့် ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး အသက်ရှင်ခွင့်ရသွားမယ်လေ "

လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။

ဟုတ်ပါတယ် ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။ ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့ နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း... အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။

သက်တန့်ချို
31 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................