Showing posts with label သော့ကလေးများ ၂. Show all posts
Showing posts with label သော့ကလေးများ ၂. Show all posts

Thursday, February 27, 2020

လိုက်မခံစားနဲ့

လူတိုင်းကိုအရေးပေးပြီး
ကိုယ့်ကိုလစ်လျူရှုတာကို လိုက်မခံစားနဲ့

လူတိုင်းကကံကောင်းပြီး
ကိုယ်က ကံဆိုးနေတာကို လိုက်မခံစားနဲ့

လူတိုင်းကိုဖော်ရွေပြီး
ကိုယ့်ကို စိမ်းကားတာကို လိုက်မခံစားနဲ့

လူတွေရဲ့ ချစ်ခြင်း မုန်းခြင်းတွေကို လိုက်မခံစားနဲ့

လူတွေရဲ့ မလိုတမျိုး လိုတမျိုး မျက်နှာထားတွေကို လိုက်မခံစားနဲ့

လူတွေရဲ့ ကိုယ့်အပြစ်လွတ်ချင်စိတ်တွေကို လိုက်မခံစားနဲ့

လူတွေရဲ့  အပြစ်ပြောချင်စိတ်တွေကို လိုက်မခံစားနဲ့

လူတွေရဲ့ ပြောင်းလဲတတ်ခြင်းတရားကို လိုက်မခံစားနဲ့

အရာရာကို နှလုံးသားနဲ့လိုက်ခံစားမိသူဟာ ပင်ပန်းဆင်းရဲတတ်တယ်

လောကကြီးမှာ မှန်လိုကျင့်တာ စိတ်ချမ်းသာဆုံးနည်းလမ်းပါပဲ ။

သက်တန့်ချို
27-Feb 2020

Tuesday, February 25, 2020

နေဝင်ချိန်ရောက်ခဲ့ရင်

သင့်ကို စွန့်ခွာသွားလို့ ဝမ်းနည်းမနေနဲ့
သင်လည်းတစ်နေ့ အကုန်လုံးကို စွန့်ခဲ့ရမှာ ။

သင့်ကို လမ်းခွဲသွားလို့ မျက်ရည်ကျမနေနဲ့
သင်လည်းတစ်နေ့ အချစ်အမုန်း အားလုံးကို လမ်းခွဲခဲ့ရမှာ ။

သင့်ကို နာကျင်စေခဲ့လို့ မုန်းတီးမနေနဲ့
အရာရာဟာ ကံကြမ္မာအတိုင်းဖြစ်ပျက်နေကြတယ် ။

" နေဝင်ချိန်ဆိုတဲ့ တစ်နေ့ရောက်လာခဲ့ရင်
အရာရာကို ထားခဲ့ရမယ် "

သက်တန့်ချို
25-Feb 2020