Thursday, April 1, 2021

အလကား လူ



ဘယ်လောက်ပဲ တရားထိုင်ထိုင်
ဘယ်လောက်ပဲ အလှူတွေလုပ်လုပ်
ဘယ်လို ဘွဲ့ထူးတွေပဲရရ
လူလူချင်း .. ကိုယ်ချင်းစာတရားမရှိရင်
သင်ဟာ
" အလကားလူ " ပါပဲ ။

သက်တန့်ချို
1.4.2021

Monday, March 29, 2021

အလင်းနှစ်


အလင်းနှစ်

သံသရာဟာရှည်လျား
ခရီးသွားသူတစ်ယောက်ရယ်ပါ
ရယ်လိုက် ငိုလိုက်
ချစ်လိုက် မုန်းလိုက် နဲ့ပေါ့ ။

ဒီနှစ်ကောင်းကင်မှာ
အလင်းတွေပွင့်ခဲ့သလို
ဒီနွေရဲ့ရိုးပြတ်တွေမှာ
ကဗျာတွေ တိတ်ဆိတ်ငြိမ်သက်လို့ ။

အာရုဏ်မတက်မချင်း
အမှောင်ကိုသည်းခံမယ်
အိပ်မက်တွေ အရောင်ခြယ်တဲ့အခါ
ကျေးဇူးပြု၍ ငါ့ကိုလည်းခေါ်ပါ ။

ဒီတစ်ရက် ဒီတစ်နှစ်မက
နောင် အနာဂါတ်တိုင်းမှာ
ပွင့်လင်းဝေသီ
တေးတွေသီပါစေ .. ။

သက်တန့်ချို
29.3.2021

Saturday, March 27, 2021

မသာယာမိစေနဲ့


သူများမျက်ရည်ကျမှ စားရတဲ့ဘ၀ကို
ဘယ်တော့မှ မမက်မောမိစေနဲ့ ။

သူများ ပူလောင်မှုနဲ့ရင်းရတဲ့အောင်မြင်မှုကို
ဘယ်တော့မှ မတောင့်တမိစေနဲ့ ။

သူများ ရွံ့ရှာမုန်းတီးမှုနဲ့ရတဲ့ အောင်မြင်မှုကို
ဘယ်တော့မှ မသာယာမိစေနဲ့ ။

သက်တန့်ချို
27.3.2021

Thursday, March 25, 2021

လူဆိုးနဲ့လူကောင်း


လူဆိုးက
ကိုယ့်ရှင်သန်ရေးကိုဦးစားပေးတယ်
လူကောင်းက
သူတစ်ပါးရှင်သန်ရေးကိုဦးစားပေးတယ်

လူဆိုးက
ကိုယ့်အတ္တကိုရှေ့တန်းတင်တယ်
လူကောင်းက
သူတစ်ပါးအကျိုးကိုရှေ့တန်းတင်တယ်

လူဆိုးက
ကိုယ့်ကျင့်သိက္ခာကို စွန့်ပယ်တယ်
လူကောင်းက
ကိုယ်ကျင့်သိက္ခာကို ကိုးကွယ်တယ် ။

သက်တန့်ချို
25.3.2021

Monday, March 22, 2021

ခေါင်းဆောင်ခြင်းတူပေမယ့် .. မြင့်မြတ်ပုံခြင်းကွာတယ်


လူချင်းတူပေမယ့်
ရှင်သန်ပုံခြင်းကွာတယ် ။

အသက်ရှုပုံခြင်းတူပေမယ့်
ခံယူချက်ခြင်း ကွာတယ် ။

ခေါင်းဆောင်ခြင်းတူပေမယ့်
မြင့်မြတ်ပုံခြင်းကွာတယ် ။

သက်တန့်ချို
22.3.2021
Photo Credit to original creator

Friday, February 26, 2021

သင်ရွေးတဲ့လမ်းဟာ... သင့်သမိုင်းပါပဲ


ယုတ်မာမှုကို ယုတ်မာမှုလို့ မမြင်တာဟာ
သင်ကိုယ်တိုင် လူယုတ်မာ ဖြစ်နေလို့ပါ ။

မတရားမှုကို တရားတယ်လို့မြင်နေတာ
သင်ကိုယ်တိုင် မတရားတဲ့သူဖြစ်နေလို့ပါ ။

ကောက်ကျစ်မှုကို ဖြောင့်မတ်မှုလို့မြင်နေတာ
သင်ကိုယ်တိုင် ကောက်ကျစ်သူဖြစ်နေလို့ပါ ။

သင်ရွေးတဲ့ လမ်းဟာ
နောင်တချိန်မှာ .. သင့်သမိုင်းဖြစ်လာမှာပဲ ။

သက်တန့်ချို
26 Feb 2021

Tuesday, February 23, 2021

မမေ့ကြေး


မမေ့ကြေး

(၁)
အာဏာမက်သူတို့ဟာ
သေနတ်မောင်းကိုဖြုတ်
ပြည်သူ့ဝိဉာဉ်တွေနှုတ်ခဲ့ကြပြီ ။

၂၀၂၁ ရဲ့ အမှောင်ခြမ်းမှာ
ရှင်သန်ခြင်းတွေပျောက်ဆုံး
မုန်းတီးစိတ်တွေသာ ရုန်းကန်ခဲ့ရ
ဘ၀တွေက အထပ်ထပ်အခါခါ .. သေတယ် ။

(၂)
ဘယ်သူကထင်ထားမှာလဲ
လူငယ်တစ်ယောက်ခေါင်းကို ချိန်ပစ်ရက်မယ်လို့
ဘယ်သူက တွေးထားမှာလဲ
လူတွေအသက်ကို နှုတ်ယူရက်မယ်လို့
ညီမလေးရေ .. ညီလေးရေ ..
နောင်တမလွန်မှာ
ချမ်းမြေ့ကြည်သာ အိပ်စက်ပါစေကွယ် ။

အာဏာရှင်ဆိုသူတွေဟာ
နတ်ဆိုးဘွဲ့ခံသူတွေသက်သက်
ဘာကြောင့် ..
ငါတို့ မျက်ရည်တွေ ကျနေမလဲ 


ရှင်သန်ခြင်းဟာ မျှတမှုအတွက်ဆိုရင်
ငါတို့သွေးတွေကို စတေး
ဒီတေးကို ပြိုင်တူဆိုကြမယ်
" ကမ္ဘာ ... မကြေ ... "

(၃)
မဝယ်နဲ့
အကြောက်တရားကိုထည့်ရောင်းနေတာ
မစားနဲ့
အကြောက်တရားကို အချိုထည့်ထားတာ
(သူတို့ဟာ)
ကမ္ဘာကြီးကို မျက်နှာပြောင်တိုက်
လူမိုက်လုပ်နေကြတာမဟုတ်လား

လမ်းဟောင်းတွေပေါ်
လူသစ်တွေမလျှောက်ကြဘူး
နွေဦးရာသီရဲ့
အမဲဖျက်ပွဲသက်သက်မှာ
Fair Play အော်သံတွေကိုစိတ်နာတယ်

(၄)
မိုးတွေကောင်းတုန်း
ရွာထားနှင့်ကြပါ
အကြင်နာတရားမရှိတဲ့ ကမ္ဘာမှာ
လူဖြစ်လာခဲ့ကြရ
လက်နက်ရှိသူက
လက်နက်မဲ့သူကို လှောင်ရယ်သတဲ့လား
မင်းတို့ .. တကယ်ပျော်ကြပါစေ ။

(၅)
ငါတို့ရင်ဘတ်ထဲမှာ
ကျည်ဆံရာတွေကိုယ်စီနဲ့
သွေးဝိဉာဉ်ကို တိုင်တည်ကြမယ်

မမေ့ကြေး
နောင်တစ်ချိန်မှာ
ပေါ့ပေါ့ပါးပါး ရယ်မောနေရသည့်တိုင်

မမေ့ကြေး
ဖေဖော်ဝါရီ ၁ ရက်နေ့ပြန်ရောက်သည့်တိုင်

မမေ့ကြေး
အသက်တွေကြီးလို့ မှတ်ဉာဏ်တွေပျောက်သည့်တိုင်
ငါတို့အားလုံး
ဘယ်တော့မှ မမေ့ကြေးကွယ် ။

သက်တန့်ချို
23-Feb 2021

Thursday, February 18, 2021

အမှားဖက်မှာမနေပါနဲ့

ဓမ္မနဲ့အဓမ္မကြားမှာ
ဘယ်တော့မှ ကြားမနေပါနဲ့ ။

တရားမှုနဲ့မတရားမှုမှာ
ဘယ်တော့မှ ကြားမနေပါနဲ့ ။

ရိုးသားသူနဲ့ယုတ်မာသူကြား
ဘယ်တော့မှကြားမနေပါနဲ့ ။   

အမှန်နဲ့အမှားကြားမှာ
အမှန်မပြောဝံ့သူဟာ
အမှားဖက်မှာ နေသူနဲ့အတူတူပါပဲ ။

#JustForMyanmar

Tuesday, February 16, 2021

We lost internet , We lost democracy



❌Internet Data နဲ့ Wifi တွေကို
မနက် ၁ နာရီကနေ နောက်နေ့ ၉ နာရီထိ
နေ့တိုင်းဖြတ်တောက်နေတာကို ရှံ့ချပါတယ် ။
ညပိုင်းအင်တာနက် connection နှင့်လုပ်ရသော လုပ်ငန်းပေါင်းများစွာကို
ဆိုးရွားစွာ ထိခိုက်နစ်နာမှုဖြစ်စေပါတယ် ။

❌ထောင်သားတွေသာမလွှတ်ပေးခဲ့လျှင်
ရပ်ကွက် မြို့နယ်တိုင်း လုံခြုံရေး စိုးရိမ်စရာမရှိသလို
လူထုကင်းလည်းစောင့်နေရစရာအကြောင်းမရှိပါ ။

❌Internet Data သည် မိမိပိုက်ဆံနဲ့မိမိဝယ်သုံးတာဖြစ်သလို
ဘယ်သူကမှ အလှူ လာလုပ်ထားတာလည်းမဟုတ်ပါ

❌Wifi Connection များသည်လည်း
လစဉ် ငွေပေးပြီး ၂၄ နာရီစာ ဝယ်သုံးတာဖြစ်တဲ့အတွက်
ဒီလို သတင်းအမှောင်ချဖို့ရည်ရွယ်ချက်နဲ့
အင်တာနက်များဖြတ်တောက်ခြင်းကို ပြင်းထန်စွာ ဆန့်ကျင်ပါတယ် ။

#SaveMyanmar
#WhatsHappeningInMyanmar
Photo Credit:

အာဏာရှင်

✍️မတရားမှုကိုနှစ်သက်ပြီး
အနိုင်ကျင့်တတ်သူက
လူဆိုးလုပ်တယ် ။

✍️ကောက်ကျစ်စဉ်းလဲသူပြီး
ကတိမတည်တတ်သူက
လူယုတ်မာလုပ်တယ် ။

✍️လိမ်ညာယုတ်မာတတ်ပြီး
ငရဲသွားမယ့်သူက
အာဏာရှင်လုပ်တယ် ။

#သက်တန့်ချို
16 Feb-2021

Monday, February 15, 2021

ပြည်သူအပေါ် တကယ်ပဲ စေတနာရှိခဲ့ရင် ....



တကယ်ပဲ စေတနာရှိခဲ့ရင် . .

အာဏာသိမ်းတပ်မတော်သည် တကယ်ပဲ ပြည်သူအပေါ် စေတနာရှိခဲ့ရင်

၁ ။ အင်တာနက်တွေဖြတ်တောက်ခြင်းမလုပ်ရပါဘူး သတင်းလွတ်လပ်စွာ စီးဆင်းခွင့်ကို တားဆီးခြင်းဟာ သတင်းအမှောင်ချခြင်းနဲ့တူတူပါပဲ ။

၂ ။ စစ်ကားတွေနဲ့ တင့်ကားတွေနဲ့ဟန်ရေးမပြရပါဘူး တည်ငြိမ်အေးချမ်းရေးထက် အကြောက်တရားကိုသာ ပိုကြီးစိုးစေပါတယ် ။

၃ ။ ဒီလိုအချိန်မှာ ထောင်သားတွေကို မလွှတ်ပေးရပါဘူး ။ ယခင် NLD အစိုးရလက်ထက်တုန်းက အပြစ်သားတွေကိုထိုက်သင့်တဲ့အပြစ်ဒါဏ်ပေးထားတာမို့ ဘယ်လိုအကြောင်းနဲ့မှ အပြစ်သားတွေကို ပြန်လွှတ်ပေးတာ ယုတ္တိမရှိပါ ။ ဒီအချက်ကသာ မြို့ရွာ ၊ ရပ်ကွက် တည်ငြိမ်အေးချမ်းရေးကို အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်ပြီး အန္တရာယ်အပေးနိုင်ဆုံးဖြစ်ပါတယ် ။

၄ ။ နောက်ဆက်တွဲ ဒီလွှတ်လိုက်တဲ့ထောင်သားတွေကနေတဆင့် မီးကွင်းပစ်တာ ရပ်ကွက်တွေထဲမှာ ခိုးကြောင်ခိုးဝှက်ဝင်နေတာတွေကြောင့် ပြည်သူကနေ ကိုယ့်လုံခြုံရေး နဲ့ကိုယ့်ကင်းကိုယ်စောင့်ရတဲ့အခြေအနေဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းလူတိုင်းသိပါတယ် ။ ပြည်သူအပေါ် စေတနာရှိရင် ဒါလုပ်သင့်လားမလုပ်သင့်ဘူးလူတိုင်းသိပါတယ် ။

၅ ။ Electronic ဥပဒေကို လိုသလို ပုံသွင်းပြီး မခြိမ်းခြောက်ရပါဘူး ။ ဒါဟာ အကြောက်တရားကို ထည့်သွင်းပြီး လူတွေကို ဘာမှမလုပ်နဲ့လို့ပြောလိုက်တာနဲ့အတူတူပါပဲ ဒါဟာ စေတနာလား ?

၆ ။ သတင်းထောက်တွေနဲ့ NLD အားပေးသူတွေကို ဖိအားပေး ဖမ်းဆီးတာတွေမလုပ်ရပါဘူး ။ လူတွေကို ကြောက်အောင်လုပ်ပြီး ငါလုပ်တာ အမှန်ပဲ ယူဆနေသရွေ့ ပြည်သူက တပ်မတော်သည် တကယ်ပဲ စေတနာရှိပါတယ်လို့ မြင်လာစရာအကြောင်းမရှိပါ ။

၇ ။ မဲ စာရင်းကွာဟမှုကို ဖြေရှင်းချင်ရင် အခြားနည်းကိုသုံးရပါမယ် ။ ဘယ်ဖက်မှမပါတဲ့ third party - specialist တွေကို ခေါ်ယူဖြေရှင်းစေတာမျိုး ။ ငါတို့တောင်းဆိုတာ လက်မခံလို့ အာဏာသိမ်းလိုက်တယ်ဆိုတာမျိုးက မြန်မာ့တပ်မတော်ရဲ့ နိုင်ငံတကာ အမြင် နဲ့ပုံရိပ်တွေအပေါ် ဆိုးရွားစွာ ထိခိုက်စေပါတယ် ။ ရှင်းရှင်းပြောရရင် မတတ်သာလို့ UN လာပါ US လာပါပြောနေကြပေမယ့် တကယ်တော့ရှက်စရာကြီး ။ တပ်မတော်ကသာ ပြည်ကို တကယ်ကာကွယ်ပေးပြီး စစ်မှန်တဲ့ ပြည်သူ့အစိုးရကို ထောက်ခံပေးရင် ဘယ်လောက်ကောင်းမလဲ ။

၈ ။ CDM သမားတွေကို ဖိအားပေးတာမျိုးက စေတနာလို့မခေါ်ပါဘူး ။ Fully CDM ဖြစ်ရင် တိုင်းပြည်ရဲ့ ယန္တရားပျက်မယ် အစိုးရလုပ်ငန်းတွေနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းအသေး၊အကြီးအကုန်ပျက်မှာပါ ။ ဒါကို မသိလို့ လုပ်နေကြတာမဟုတ်ဘူး သိသိကြီးနဲ့ဘာလို့ တစ်တိုင်းပြည်လုံး CDM ကို ဖိအားပေးနေကြတာလဲ ? ရှင်းပါတယ် စစ်တပ်အုပ်ချုပ်တာမခံချင်လို့ပေါ့ အခုတောင်ကြည့်စရာ MWD, MRTV စတဲ့စစ်တပ် lobby လိုင်းတွေပဲရှိတော့တာမဟုတ်ဘူးလား ။ ရုပ်သံလိုင်းမှာ ပြည်သူတွေအနားယူနေတယ် အားကစားလုပ်နေတယ်လွှင့်ပြီး ညဖက်ကျတော့မာရှယ်လော ထုတ်တာတွေက ရယ်စရာတွေပါ ။

၉ ။ ရှင်းရှင်းပြောရရင် စစ်တပ်သည် ( အာဏာမသိမ်းခင်ကထိ ) NLD အစိုးရနဲ့ level တူလို့တောင်ပြောလို့ရသေးတယ် စစ်တပ်ပိုင်ဆိုင်မှုတွေကိုလည်း ဘယ်သူမှ စစ်မရ စစ်ခွင့်လည်းမပေး ပြီးတော့ စစ်တပ်ကိုလည်း ဘယ်ပြည်သူကမှ ရန်လုပ်နေတာမဟုတ် ၂၅% လွှတ်တော်ထဲ ဝင်နေတာတောင် ပြည်သူသည် စစ်တပ်ကို ဒီလောက်မုန်းတီးတဲ့အခြေအနေမဟုတ်သေးဘူး ။ အခု အာဏာသိမ်းလိုက်ပြီး ပြည်သူတင်ထားတဲ့ခေါင်းဆောင်တွေကို ဖမ်းထားခြင်းကမှ ( နဂို စစ်တပ်ကို ကြည်ညိုရင်းစွဲရှိ ) တဲ့လူတွေတောင် စစ်တပ်မုန်းတီးရေးဖက်ကို ပြောင်းသွားကြတာ ဘယ်သူမပြုမိမိမှုပါပဲ ။

၁၀ ။ တကယ်ပဲ ပြည်သူအပေါ် စေတနာရှိတာလား ဒါဆိုရင် ပြည်သူတင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို အာဏာပြန်ပေးလိုက်ပါ ။ စစ်တပ်က တိုင်းပြည်ကာကွယ်ရေးကို ဂရုစိုက်ပါ ။ မဲကွာဟချက်ကို အခြားနည်းနဲ့အဖြေရှာပါ ။ ပြည်သူရဲ့စိတ်အခံသည် (ယခင်က ) တပ်မတော်ကို တိုင်းပြည်ကာကွယ်ရေးအတွက် အားကိုးစိတ်ရှိနေကြတာ လူတိုင်းသိတယ် ဒါပေမယ့် အခု အာဏာသိမ်းလိုက်ခြင်းက တိုင်းပြည်ကာကွယ်ရေးထက် မိမိ အာဏာ တည်မြဲ ရေးကို ဦးတည်ကြောင်း ပေါ်လွင်သွားတဲ့အတွက် (တပ်မတော်ကိုယ်စား )  အလွန်ရှက်ရပါတယ် ။

ခေတ်ဟာ ပြောင်းသွားခဲ့ပါပြီ ။ စက္ကန့်အတွင်းမှာ ကမ္ဘာ့တောင်ဖက်ခြမ်းက ကိစ္စကို မြောက်ဖက်ခြမ်းကနေ တိုက်ရိုက်မြင်နိုင်နေတဲ့အခြေအနေပါ ။ နိုင်ငံတကာ အကူအညီတွေလည်းမတောင်းချင်ပါဘူး ။ ပြည်သူအပေါ် စေတနာတကယ်ရှိရင် စေတနာရှိကြောင်း ထင်ဟပ်စေမယ့်လုပ်ရပ်တွေကိုလုပ်မှသာ စေတနာတကယ်ရှိကြောင်း ပြည်သူမှ အသိအမှတ်ပြုမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ် ။

သက်တန့်ချို
15-Feb 2021
Photo Credit : Wikipedia

Monday, February 8, 2021

အရှိန်မပျက်ပါစေနဲ့


❌တပ်ဟာ ဘယ်တော့မှ အချင်းချင်းအာဏာသိမ်းမှာမဟုတ်ဘူး အခု အခြေအနေအရ ဖြစ်နိုင်ချေလည်းမရှိဘူး
❌အမေစုကိုလည်း လွှတ်ပေးမှာမဟုတ်ဘူး သမ္မတကိုလည်းလွှတ်ပေးမှာမဟုတ်ဘူး စိတ်ကူးလည်းမရှိဘူး
❌တစ်သွေးတစ်သံ တစ်မိန့်မို့ ပြည်သူနဲ့ပူးပေါင်းဖို့မမြင်ပါ မရှိပါ possibilities နည်းပါတယ် ပြည်သူနဲ့ပထမဆုံးပူးပေါင်းတဲ့ ရဲ ၊ စစ်တပ်ဟာ နိုင်ငံတကာနဲ့မြန်မာအသိုင်းအဝိုင်းမှာ
အလွန်ဂုဏ်ပြုခံရပါလိမ့်မယ်
❌နိုင်ငံတကာကလည်းဖိအားပေးယုံလောက်ပဲရပြီး အတွင်းထဲထိဝင်စွက်ဖက်မှာမဟုတ်ဘူး စွက်ဖက်မယ်ဆိုရင်တောင်အချိန်အတိုင်းအတာတစ်ခုထိစောင့်ရမယ်
❌ လေယာဉ်တင် သင်္ဘောကြီးလည်းမေ့ထားပါ UN လည်းမေ့ထားပါ
❌ Red ribbon campaign - support ပေးကောင်းပေးနိုင်ပါလိမ့်မယ် but it's failure ပါ no effective ပါ zero result ပါ need to change CDM ပါ
❌ဆန္ဒပြတာကောင်းတယ် ဒါပေမယ့် ဘယ်လောက်ပြပြ final result မထွက်သေးဘူး ဖိအားတော့ ၉၀% ပေးနိုင်တယ် ဆက်လုပ်ရမယ် ✅
❌သံပုံးတီးတာလည်းဆက်လုပ်ရမယ် result မထွက်ပေမယ့် ၉၀% pressure. ပေးနိုင်တယ် ဆက်လုပ်ရမယ် ✅
❌twitter trending & facebook hashtag တွေက ထိရောက်တယ် final result မဟုတ်ပေမယ့် 90% လောက်ထိရောက်တယ် ဆက်လုပ်ရမယ် ✅
ဝုန်းကနဲ ယန္တရားကြီးတခုလုံးပြိုကျအလဲလဲ အပြိုပြိုနဲ့ 100% ထိရောက်ပြီး အချိန်တိုအတွင်း result ထွက်မှာက
✅CDM မှတပါးအခြားမရှိပါ ✅
On ground (10%)+ On air (5%)+ CDM (85% ) = 100% success လို့မြင်ပါတယ်

Friday, February 5, 2021

ဓမ္မနဲ့ အဓမ္မမှာ ကြားနေဆိုတာ မရှိဘူး


ဓမ္မနဲ့ အဓမ္မမှာ ကြားနေဆိုတာ မရှိဘူး ...ဆိုတာသိပ်မှန်ပါတယ်

အလုပ်တွေပဲ ဖိလုပ်နေလို့ စာရေးခြင်းကို အချိန်အတန်ကြာရပ်နားထားတဲ့ စာမရေးဖြစ်တော့တဲ့ကိုယ်ဟာ
ဒီလို အဓမ္မကနေ ဓမ္မကို အနိုင်ယူနေတဲ့အချိန်မှာ ဓမ္မဖက်ကနေ ပါဝင်ခွင့်ပြုပါ

ကိုဗစ်ကာလကြီးမှာ လူတွေအားလုံး
အတော်လေးရုန်းကန်ကြရပါတယ်
စီးပွားရေးတွေကလည်းမပြေလည်ပါဘူး
လုပ်ငန်းတွေလည်ပတ်အောင်ကျားကုတ်ကျားခဲလုပ်ကြရပါတယ်
တချို့ ဘ၀ပျက်သွားသူတွေလည်းရှိသလို ပျက်လုနီးနီးတွေလည်းရှိနေပါတယ်

ကပ်ရောဂါဆိုးကြီးဖြစ်နေတဲ့ကာလဖြစ်တဲ့အပြင် အဓမ္မကြီးစိုးနေတဲ့ကာလမှာ
ကီးဘုတ်ပေါ်တင်ပြီး စာပြန်စရေးတဲ့အနေနဲ့ ရေးဖြစ်တဲ့ကဗျာတစ်ပုဒ်ပါ

" အမှောင်ထု "

သူတို့ဟာ
အာဏာကိုခုတုံးလုပ်
​တိရိစ္ဆာန်ရုပ်ကို ပြခဲ့ကြပြီ

သွေးတွေနီတဲ့နေ့
တေးတွေသီမယ့် တစ်နေ့
အာဏာရှင်တွေဝေးစေရမယ်

တခုတ်တယ ပျိုးထားတဲ့
ဒီမိုကရေစီ ပန်းကိုချေနင်း
ဒါမင်းတို့ သတင်း ပါ

ပြည်သူအပေါ်မိုက်ရိုင်း
ဒါမင်းတို့ သမိုင်းပါ

လောကပါလ တရားမှာ
ဓမ္မ နဲ့ အဓမ္မဆိုတာရှိတယ်
သေနတ်မောင်းကိုတေ့
အလောင်းတွေတွေ့မှ
အာဏာရှင်စနစ်ဆိုးကိုသိမယ်

ခေါင်းငုံ့ထားသူဟာ
ဘယ်တော့မှ အမှန်တရားကိုမမြင်နိုင်ဘူး

ရှင်နေတာတောင် သေဆုံးနေသလိုမျိုး
အိပ်မက်တွေ ပဲ့ကျိုးကုန်တယ်

နေဝင်ညကိုကူးဖြတ်နေတုန်း
ရောင်နီမလာခင်ပဲ
ဒီမိုကရေစီဟာအညွန့်ချိုးခံခဲ့ရ
ငါတို့ ဘယ်သူ့ကို တိုင်တည်ရမလဲကွယ်

သက်တန့်ချို

5.2.2021

Photo Credit to Original Artist