Tuesday, November 3, 2009

ကြောင်လူသားလား ကျားလူသားလား

ကြောင်လူသားလား ကျားလူသားလား




ခံယူချက်ဟာ လူတစ်ယောက်ကို ရူးသွပ်သွား စေနိုင်လောက်အောင် ပြောင်းလဲစေနိုင်ပါသတဲ့ ။ လူတစ်ယောက်ဟာ သူ့ရဲ့ သွားကိုလည်း ပြုပြင်ခဲ့တယ် သူ့ရဲ့နှုတ်ခမ်းကိုလည်း ခွဲစိတ်ခဲ့တယ် မျက်နှာကိုလည်း ခွဲစိတ်မှုပြုလုပ်ခဲ့တယ် Facial surgery ပေါ့ ။ ရည်ရွယ်ချက်ကတော့ သူ့ကိုယ်သူ လူကျား တစ်ကောင် Human tiger အဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ် တဲ့ ။

Dennis Avner အသက် ၅၀ နှစ်ဟာ အမေရိကန် အင်ဒီးယန်းအနွယ်ဝင်ဖြစ်ပြီး သူဟာ သူ့ကိုယ်သူ ကြီးမားတဲ့ကြောင်တစ်ကောင်ဖြစ်ဖို့ အတွက် မရေမတွက်နိုင်တဲ့ ငွေကြေးပမာဏကို အသုံးပြုခဲ့ပါတယ် ။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ အခါမှာတော့ သူ့ကိုယ်သူ ကျားတစ်ကောင်ဖြစ်ဖို့ အတွက် နည်းလမ်းကို ရှာဖွေဖို့အတွက်ပါပဲတဲ့ ။

Avner ရဲ့ ခန္ဓာကိုယ် ခွဲစိတ်ပြုပြင်မှုမှာ သူ့ရဲ့ အပေါ်နှုတ်ခမ်းကို ခွဲခြင်း Bifurcation (splitting) နားရွက်ကို ခွဲစိတ်ပြုပြင်ခြင်း ပါးမှာ စီလီကွန်ထည့်ခြင်း အရှေ့ဦးခေါင်းပိုင်း အစားသွင်းခြင်း သွားဖြည့်ဆည်းခြင်း Tooth filing တက်တူးထိုးခြင်း နှင့် မျက်နှာပြင်မှာ ပါးသိုင်းမွှေးများထည့်သွင်းဖို့အတွက် ခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ခဲ့ပါတယ် ။

ကြောင်လူသားဟာ ကျားတစ်ကောင်နဲ့တူအောင် နေ့စဉ် အသားတွေပဲစားခဲ့ပါသတဲ့ ။



Tonopah , Nevada မှ Avnerဟာ သူ့ကိုယ်သူ Stalking Cat ဆိုတဲ့ Indian နာမည် ကိုပြောင်းခဲ့ပါတယ် ။ သူ့ရဲ့ ကိုယ်ပိုင် ၀က်ဘ်ဆိုက် (http://stalkingcat.com/)မှာ ကျွန်တော်ဟာ Huron မျိုးနွယ်ဖြစ်ပြီးရှေးကျလှတဲ့ မျိုးနွယ်စုတွေရဲ့ အယူအဆအရ ကျနော့ကိုယ်ကျနော် ကျားတစ်ကောင်အဖြစ်ပြောင်းလဲ ခဲ့ပါတယ်လို့ သူက ပြောဆိုခဲ့ပါတယ် ။ လူသားကျား aficionado ကတော့ သစ်ပင်တွေတက်ရာမှာ ပျော်မွေ့နေပြီး အသားကိုသာနေ့စဉ်စား သုံးပါတယ် ။ နေ့စဉ်နေ့တိုင်းကျား တစ်ကောင်ရဲ့ နေထိုင်မှု ဘ၀ပါပဲလို့ဆိုပါတယ် ။ တဖန်သူက နေမင်းကိုကြည့်ပြီး ကျနော့်ကို ကျားတစ်ကောင်ရဲ့ ကိုယ်အပူချိန်နဲ့ သဘာဝကို ပေးတော်မူပါလို့လည်း တောင်းဆိုပြန်ပါတယ် ။

ဒါပေမယ့် ကြောင်တွေဟာ ကျားတွေကဲ့သို့ ၂၄ နာရီစလုံးမနေနိုင်ပါဘူး ။ ထို့အတူ လူတွေလည်း အတူတူပါပဲ ။ ကွာခြားချက်ကတော့ သူဟာ ရုံးတစ်ရုံးမှာ အလုပ်လုပ်နေရပြီးကိုယ်ပိုင် တီဗွီလိုင်းတွေဖြစ်တဲ့ Larry King live , VH 1's , Totally Obsessed နဲ့ Kerrang ကိုလည်း တည်ထောင်ထားပါတယ် ။ သူက အဓိကကွာ ခြားချက်ကတော့ ကြောင်တစ်ကောင်နဲ့ တူနေခြင်းဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ် ။

သူရဲ့ နောက်ဆုံးလူထုကို သူ့ပုံစံပြသဖို့အတွက် လုပ်ဆောင်မှုတွေကတော့ Ripley's Believe It Or Not! museum အစီအစဉ်ဖြစ်ပြီး ဒီအပတ်မှာပဲ London's Piccadilly Circusမှာ ဖွင့်လှစ်ခဲ့ပါတယ် ။ ကျားတစ်ကောင်ရဲ့ မျက်လုံးနဲ့ တူအောင်လို့ Dennis ဟာ အစိမ်းရောင် ခွဲစိတ်ထားတဲ့ Irises တွေကို အသုံးပြုခဲ့ပါတယ် ။ ကဲဒါဆို တကယ့်ဘ၀မှာ တော့ Cat Man ဟာ Cat Women ကိုဘယ်လို ရှာဖွေမှာပါလဲ ။ ဒါဟာ အရမ်းခက်ခဲပြီး မဖြစ်နိုင်ပါဘူး ။ ကျနော့်အတွက်ကတော့ မိန်းမအများစုလက်ခံနိုင်တဲ့ လူသားဆန်မှုထက် ကျားတစ်ကောင်ဖြစ်နေရခြင်းကို ပိုနှစ်သက်ပါတယ်လို့ သူက ပြောဆိုခဲ့ပါတယ် ။

စာရေးသူ....သက်တန့်ချို.....(၁၁း၀၆ ည ၂.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကြီးမားတဲ့ Truck ကားကြီးတွေ

ကြီးမားတဲ့ Truck ကားကြီးတွေ

အလွန်ကိုကြီးမားတဲ့ ထရပ်ကားကြီးတွေဖြစ်ပါတယ် ။ အရင်ကတော့ ဒီလောက်ကြီးတဲ့ ထရပ်ကားကို မမြင်ဖူးပါဘူး ။ လူအရပ်နဲ့ ယှဉ်ပြထားတာကိုကြည့်ရင် ဘယ်လောက်ထိကြီးမှန်း သိသာနိုင်ပါတယ် ။ အော် .. အရပ်ပုတဲ့ သူတွေအတွက်တော့ ဒွတ်ခ ။ ဘယ်တတ်နိုင်မလဲလေ ... ခုံခုပြီး တက်ကြပေါ့ ဟီး ။









စာရေးသူ......သက်တန့်ချို......(၁၁း၁၀ ည ၂.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ထူးဆန်းသော စက်ဘီး ပုံသဏ္ဍာန်

ထူးဆန်းသော စက်ဘီး ပုံသဏ္ဍာန်



ဒီ Forkless- Cruiser စက်ဘီင်္းကို Olli Erkkila က တီထွင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ သူက သူ့ရဲ့ Graduation project ကို Finland မှာရှိတဲ့ Institute of Design in Lahti မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ စိတ်ကူးထဲကနေ တစ်ခေါက်လောက်စီးကြည့်လိုက်ပါ ။ ဖောက်မပါတဲ့ စက်ဘီးဆိုတော့ ထူးဆန်းတဲ့ အတွေ့အကြုံကို ပေးမှာ အမှန်ပါပဲ ။

စာရေးသူ......သက်တန့်ချို.....(၁၁း၁၅ ည ၂.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, November 2, 2009

ဒါလေးတွေကို ယုံပါတယ် ။

ဒါလေးတွေကို ယုံပါတယ် ။

ကိုယ်ယုံကြည်ရတဲ့ အရာလေးတွေကို တဂ်ထားခြင်းဖြစ်ပါတယ် ။ တဂ်သူကတော့ တယ်ရင်းကြီး ပန်းရင့်ရောင်ဖြစ်ပါတယ် ။ လူဆိုတာ ကိုးကွယ်ယုံကြည်မှုရှိမှ အသက်ရှည်ရှည်နေထိုင် နိုင်ပါတယ်တဲ့ ။ လူတိုင်းလူတိုင်းမှာ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာ တစ်ခုတော့ ရှိကြစမြဲပါပဲ ။ ဒီလိုယုံကြည်မှုဟာ ယနေ့မှ ၀ုန်းကနဲဆိုပြီး ပေါ်ပေါက်လာရခြင်း မဟုတ်ပါဘူး ။ ဟိုး ယခင်ကတည်းက လူသားတွေဟာ မြေကိုကိုးကွယ်ကြတယ် .. မီးကို ကိုးကွယ်ကြတယ် .... လေကို ကိုးကွယ်ကြတယ် ... သစ်ပင်ကိုကိုးကွယ်ကြတယ် ... ရုပ်ထုကို ကိုးကွယ်ကြတယ်... ။ အမျိုးမျိုး အဖုံဖုံပေါ့ ။ တစ်ချို့ကလည်း ပြောတယ် ။ လူဟာ အလုံးစုံကို သိသွားရင် အရာအားလုံးကို သိသွားရင် ဘာသာမဲ့ဖြစ်သွားတတ်တယ်တဲ့ ... ။ ကဲဒါဆို ကျနော်ကလည်း ဘာတွေကို ယုံကြည်ပါသလဲ ။

၁ ။ ကိုယ်ပြုလုပ်ခဲ့သမျှ ကောင်းခြင်းဆိုးခြင်းတွေဟာ တစ်ချိန်မှာ ကိုယ့်ဆီကို တနေရာရာကနေ တနည်းနည်းနဲ့ ပြန်လာတတ်ပါတယ် ။

ကိုယ်က သူ့ကို မကောင်းကြံရင် ကိုယ့်ဆီလည်း အဲဒီမကောင်းမှုက ပြန်လာတတ်တာပါပဲ ။ ဒါကိုတော့ ကျွန်တော် ယုံကြည်လက်ခံထားပါတယ် ။ ဒါနဲ့ပတ်သတ်ပြီး ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် ။ ဟိုးရှေးရှေး တုန်းကပေါ့...။ တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး ရှိသတဲ့ ။ အဲဒီ ဘုရင်ကြီးမှာ အသိဥာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပရောဟိတ်ကြီးတစ်ဦး ရှိသတဲ့ ။ သူဟာ ဗဟုသုတ ပြည့်စုံလွန်းတဲ့အတွက် တိုင်းသူပြည်သားအားလုံးက ချစ်ခင်လေးစားကြတာပေါ့ ။ သူတို့တိုင်း ပြည်မှာ ကိုးကွယ်ဆည်းကပ်နေတဲ့ ရဟန်းတစ်ပါးလည်း ရှိပါသတဲ့ ။ ဘုရင်ကြီး က သက်တော် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သားတော်လေးကို အိမ်ရှေ့အရာပေးထားပါတယ် ။ ဘုရင်ကြီးရဲ့ ပရောဟိတ်ကြီးက ကျော်ကြားလွန်းအားတဲ့အတွက် ဘုရင်ကြီးရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်းမှေး မှိန်လာပါတယ် ။ အဲဒီတော့ ဘုရင်ကြီး ကပရောဟိတ်ကို အမျက်မှန်ဒေါသ ပွားပါတယ် ။ အဲဒါနဲ့ပရောဟိတ်ကြီး သေဆုံးအောင် အစာအဆိပ်ခတ်သတ်ဖို့ ကြံစည်ပါတယ် ။ တစ်နေ့တော့ ပရောဟိတ်ကြီးကို ခေါ်ပြီး မောင်မင်းစားဖို့ဆိုပြီး မုန့်လုံးတွေ ပေးတော်မှုလိုက်တယ် ။ အဲဒီမုန့်လုံးတွေမှာတော့ အဆိပ်တွေခပ် ထားတာပေါ့ ။ ပရောဟိတ်ကြီးကလည်း သူ့ဘုရင်က သူ့ကို ဒီလိုစိတ်သဘော ထားနေမှန် မထင်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာနဲ့ လက်ခံလိုက်တယ် ။ အပြန်လမ်းတလျောက်မှာ သူက ဒီအစားအစာတွေကို သူတို့ကိုးကွယ်တဲ့ ရဟန်း ကြီးကို ဦးဦးဖျားဖျား ဆပ်ကပ်လိုတဲ့အတွက် ကျောင်းသင်္ခန်းကို လှမ်းလာပါတယ် ။ ကျောင်းကို ရောက်တော့ ရဟန်းတော်ကို ဆပ်ကပ်တာပေါ့ ။ အဲဒီအချိန်မှာပဲ တောကစားရာကပြန်လာတဲ့ ဘုရင်ကြီးရဲ့ သားတော်က ရဟန်းဆီမှာ ဗိုက်ဆာလွန်းတဲ့အတွက် စားစရာစွန့်ပေးပါရန် တောင်းပန်လျောက်ထားပါတယ် ။ ရဟန်းကလည်း အတော်ပဲပေါ့ ခုနလေးကတင် ပရောဟိတ်ကြီး လာကပ်ထားတဲ့ မုန့်တွေကို စွန့်လိုက်ပါသတဲ့ ။ သားတော်လည်း ဗိုက်ဆာဆာနဲ့ စားလိုက်ပါတယ် ။ စားပြီးမ ကြာခင်မှာပဲ ပါးစပ်က အမြုပ်တွေထွက်လာပြီး သေဆုံးသွားပါတယ် ။ ရဟနုးနဲ့ ပေ၇ာဟိတ်ကြီးလည်း အလွန်ထိတ်လန့်သွားပြီး နန်းတော်ကို သယ်ဆောင်သွားပါတယ် ။ ဘုရင်ကြီးဆီလည်းရောက်ရော... ပေ၇ာဟိတ်ကြီးက အရှင်မင်းမြတ်စွန့်တော်မူတဲ့ မုန့်ကို ရဟန်းတော်အားဆပ်ကပ်ကြောင်း ထိုမှတဆင့် သားတော်ရောက်လာပြီး မုန့်စွန့်ရန်လျောက်ထားတဲ့အတွက် ဘုရင်ကြီး ကျွေးသော မုန့်ကို သားတော်အားကျွေးမိပါကြောင်း လျောက်ထားသတဲ့ ။ ဒီအခါမှ ဘုရင်ကြီးလည်း အလိုလေး ကိုယ်ပြုသောကံ ကိုယ့်ထံပြန်လာပါ၏တကား ..လို့ ပြောဆိုပြီး ရင်ကွဲနာကျကာ သေဆုံးသွားပါတဲ့ ။သူများမကြောင်းကြံ ကိုယ့်ဘေးဒါဏ်ဆိုတဲ့ အတိုင်းပါပဲ ။

၂ ။ ကံကံ၏ အကျိုး

ကျနော်က ကံကံ၏ အကျိုးကိုယုံပါတယ် ။ ကံဆိုတာ အလုပ်ဖြစ်တဲ့အတွက် ကိုယ်က ကောင်းသောအလုပ် မွန်မြတ်သောအလုပ်လုပ်ရင် ကိုယ့်ကံကလည်း ကောင်းသောကံ မွန်မြတ်သောကံ တွေ ရောက်လာပါတယ် ။ ကိုယ်ကယုတ်ညံ့နေပြီဆိုရင်တော့ ကံဆိုးကံယုတ်တွေ ရောက်လာမှာဖြစ်ပါတယ် ။ ရှေးဘ၀က ကုသိုလ် သီလကြောင့် ဒီဘ၀မှာ ဆင်းရဲ ချမ်းသာ ရုပ်ဆိုး ရုပ်ချော ကွဲပြားနေရပေမယ့် ဒီဘ၀မှာ ကုသိုလ်နဲ့အလုပ်ကို ကောင်းအောင်ကြိုးစားရင် ကံက ကိုယ့်ဖက်မှာ အလိုလို ရောက်ရှိလာမှာ ဖြစ်ပါတယ် ။

၃ ။ အနန္တော အနန္တ ငါးပါး ဂုဏ်ကျေးဇူး

ဘုရား တရား သံဃာ မိဘ ဆရာ ဆိုတဲ့ ငါးပါးရဲ့ ဂုဏ်ကျေးဇူးကို လွန်စွာ ယုံကြည်ပါတယ် ။ ကိုယ်က တကယ်ပဲ ဘုရားရှင်ကို ယုံကြည်တာလား ဒါမှမဟုတ် မိဘအဆက်ဆက်က ကိုးကွယ်လာလို့ ဆက်ပြီးကိုးကွယ်တာလား ဆိုတာကိုတော့ပြန်ပြီး စစ်ကြည့်ဖို့လိုတာပေါ့ ။ ဘုရားရှင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖူးပွင့်လာတဲ့အတွက် တစ်ချို့က ဒီသက်သေ အထောက်အထားတွေ ကျမ်းဂန်တွေကို မယုံကြည်ကြဘူး ။ ဘာပဲဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်မိမိကိုးကွယ်တဲ့ ဘာသာ ကိုတော့ ထဲထဲဝင်ဝင်လေ့လာ သင့်ပါတယ် ။ ကျနော်လည်း လေ့လာနေပါတယ် ။ လူတိုင်းမငြင်းနိုင်တဲ့အချက်ကတော့ ကိုယ် ဘေးဒုက္ခတွေ ကြုံလာတဲ့အခါ ဘုရားတရားသံဃာ မိဘဆရာ ငါးပါးကို တမ်းတမိလိုက်တာနဲ့ ရင်ထဲမှာ အေးချမ်းသွားပြီး ဒုက္ခတွေ ငြိမ်းအေးသွားတာကိုတော့ ကျနော်လည်း ၀န်ခံပါတယ် ။ ဒါကြောင့် ဘာပဲကိုးကွယ်ကိုးကွယ် ယုံကြည်ယုံကြည် အနှစ်ချုပ်ကတော့ ငြိမ်းချမ်မှုနဲ့ သနားကြင်နာချစ်ခင်မှု ပဲဖြစ်ပါတယ် ။

စာရေးသူ.....သက်တန့်ချို.....(၂း၀၀ မနက် ၂.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်.....

ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်.....

နှင်းနဲ့မာယာ ဘလော့က အစ်မနှင်း က တဂ်ထားခြင်းဖြစ်ပါတယ် ။ သိပ်ကိုကောင်းတဲ့ တဂ်လေးပါ ။ ဘာလို့လည်းဆိုတော့ အဲဒီရှုထောင့်ကနေ တစ်ခါမှ မစဉ်းစားဖူးလို့ဖြစ်ပါတယ် ။ လူ့သက်တမ်းက အခုဆိုရင် တဖြည်းဖြည်း ဆုတ်ယုတ်လာလိုက်တာ ပျမ်းမျှဆို အလွန်ဆုံးရှိလှ နှစ် ခြောက်ဆယ်ပေါ့ ။ ကမ္ဘာပျက်တာကို ကျနော်တို့ တကယ်ပဲ ကြုံတွေ့ရမှာလား။နှစ်က ၂၀၁၂ တဲ့ ။ အတော့ကို နီးကပ်နေပြီ ။ ကောလဟာလပဲ ဖြစ်ဖြစ် တကယ်ပဲ ဖြစ်ဖြစ် စိတ်ဝင်စားစရာတော့ ကောင်းပါတယ် ။ ငါဘာတွေလုပ်မလည်းဆိုတဲ့ အသိလေးတစ်ခု.........
..... ..........။ ဘယ်ရှုထောင့်ကနေကြည့်ကြည့် မဖြစ်နိုင်တာကို လုံးဝလက်ခံထားပေမယ့် ..အကယ်၍သာ ပေါ့နော်.. ......... .............။ ကမ္ဘာပျက်မယ့်နေ့မှာ.................................................................

၁ ။ ဘယ်သူတွေနဲ့ ရှိနေချင်ပါလိမ့် ။

ကိုယ့် ချစ်သူ၊ မိသားစုနဲ့ ဘလော့သူငယ်ချင်းတွေ ။ လောဘတော့သိပ်မကြီးပါဘူး ဟီး ...။ ကိုယ့်ရဲ့ အနီးစပ်ဆုံးပတ်ဝန်းကျင်က အဲဒီသုံးခုပဲ လေ အမှန်ပြောရရင် အိမ်နီးနားချင်း တွေကိုတောင် ဘလော့သူငယ် ချင်းတွေလောက် မရင်းနှီးဖူးဘူး ။

၂။ ဘာတွေခံစားနေရမလဲ။

သိပ်တော့ ထွေထွေထူးထူး မရှိပါဘူး ။ ကိုယ်တစ်ယောက်ထဲတောင်သေရဦးမှာပဲ တကမ္ဘာလုံးဆိုတော့ သိပ်ပြီးထူးထူးခြားခြား ခံစားရမှာမဟုတ်ပါဘူး ။ ပုံမှန်ပဲ စားလိုက် အိပ်လိုက် ရုံးသွားလိုက် ဆေးကုလိုက် ချစ်ခြင်းကဗျာတွေ ချစ်သူနဲ့ သီကုံးလိုက်ပေါ့ ။ ဟဟ ။

၃ ။ ပြင်ဆင်ထားတာလေးတွေ ။

ကိုယ်သွားရင် ဘာတွေပါလာမှာပါလိမ့် ။ မိသားစုလား သူငယ်ချင်းတွေလား ချစ်သူလား ... ။ ဘာမှမပါ လာနိုင်ဘူးလေ ။ တကယ်ပါလာမှာကတော့ ဒါနနဲ့ သီလ ကုသိုလ်ပဲပေါ့ ။ ဒါကြောင့် လမ်းဘေးမှာ အသက်ကြီးကြီးတွေ တောင်းစားတာတွေ့ရင် မမြင်ချင်ယောင်ဆောင်နေလေ့မရှိဘူး ။ ကျနော့မှာ ၁၀၀ ပါလာရင် ၅၀ ပေးခဲ့တယ် ။ ကျန်တဲ့ ၅၀ ကတော့အပြန်လမ်းစရိတ်ကိုး ဟီး.... ။

၎ ။ ၀မ်းနည်းမိမှာလား ။

လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး ။ ကိုယ်တို့အားလုံးရဲ့နောက်ဆုံး ပန်းတိုင်က သေခြင်းတရားလေ ။ သူက စောစောရောက်လာတော့လည်း ပန်းတိုင်ကို စောစောရောက်တာပေါ့ ။ ချောသည် ရုပ်ဆိုးသည် ပျိုသည် အိုသည် ချမ်းသာသည် ဆင်းရဲသည် အယုတ်အလတ်မရွှေး နောက်ဆုံးကတော့ .....သင်္ချီုင်းပါပဲ ။

၅ ။ ကြောက်လန့်မိမှလား ။

ဟဟဟဟ ကြောက်ရအောင် သူက ဘာမိုလို့တုန်း ။ သေခြင်းလေ ကျနော်တို့ရဲ့ မိတ်ဆွေကြီးပေါ့ ။ မေ၇ာက်ဖူးတဲ့ နယ်ပယ်ဒေသတွေဆီ သူက ရောက်အောင်ခေါ်သွားမှာမို့ သူ့ကိုတောင် အထူးကျေးဇူးတင်ရအုန်းမှာ ။ တိုင်းကျူး သေမင်းရေ...ခင်ဗျားရှိနေလို့သာ လူတွေ လောဘဒေါသ မောဟတွေ ဆက်လက်မလောင်ကျွမ်းနိုင်တာ .... ။

၆ ။ ကိုယ်နဲ့အတူဆောင်ထားချင်တာ..ရှိနေချင်တာ ။

အဆောင်လက်ဖွဲ့တွေလား ။ ကျနော့်အတွက်တော့ အလိုအပ်ပါဘူး ။ ဘာမှလည်း ရှိမနေချင်ဘူး ... ။ ပေါ့ပေါ့ပါးပါးလေးပဲ လေတိုက်တိုင်းလွင့်သွားတဲ့ သစ်ရွက်လေးတွေလို...ဘယ်ဆီကိုရောက်ရောက်.................။ ဒါပေမယ့် တစ်ခုလေးတော့ ရင်ထဲသိမ်းထားချင်တယ်...အဲဒါကတော့ လောက သစ္စာတရား............။

၇ ။ ဘာတွေရေးမိမလဲ ။

ထုံးစံအတိုင်း ထူးထူးဆန်းဆန်းလေးတွေ..... ။ ကဗျာလေးတွေ.....ဒါပါပဲ ဒီထက်တော့ပိုမယ်မထင်ဘူး ။

၈ ။ ဘာတွေများတွေးနေမိမလဲ ။

ချစ်သူ အဆင်ပြေရဲ့လား ။ ချစ်ခြင်းရဲ့ ကဗျာတွေ ...ငါကုသခဲ့တဲ့လူနာတွေကျန်းမာရဲ့လား ဘာတွေဆေးတွေ မှားပေးမိသလည်း သက်သာပါရဲ့လား ကွန်နက်ရှင်ကောင်းပါ့မလား ။ လူတွေလူတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များသွေး ပျက်နေကြမှာပါလိမ့် ။

၉ ။ ဒီလိုအချိန်မှာ ဂုဏ်ယူရမှာ ။

ဟုတ်တာပေါ့ တစ်သက်လုံးမှာ ကျနော်လုပ်ချင်တဲ့ အရာက သူငယ်ချင်းတွေစုပြီး ပျိုးခဲ့တဲ့ ပန်းဥယျာဉ်လေးပဲ ။ နာမည်က ပန်းပျိုးသူတို့ အလင်္ကာတဲ့ ။ အဲဒီအတွက် ကမ္ဘာပျက်သွားလည်း လေလှိုင်းပေါ်မှာ ကဗျာစာအုပ်လေး ရှိနေတုန်းပဲ ။ ကျနော်အမြဲတမ်း ဂုဏ်ယူနေတယ် ။

၁၀ ။ ရှာကြံပြီးဖြေသိမ့်လိုက်ပါ့မယ် ။

အင်း....ငါတတ်နိုင်သလောက် တော့ လူသားဆန်ခဲ့တာပဲလေ ။ ဘာလို့ဆို လောကကြီးမှာ လူသားမဆန်ပဲ အရိုင်းဆန်တဲ့ လူတွေ အများကြီးကို လူမှန်ရင် ခံစားတတ်ရမယ် ကြင်နာသနားတတ်ရမယ် ဖေးမရမယ် ကူညီရမယ် ။ ကိုယ်အသက်ရှုလိုက်တိုင်း သူများရဲ့ ရှင်သန်မှုပဲ ဖြစ်သင့်တယ် ။ တချို့ကတော့ တကယ့်ကို စက်ရုပ်ဆန်လွန်းတယ် ။

၁၁ ။ ကျူးရင့်ချင်တဲ့ ဥဒါန်း ။

အော်...ဘ၀..ဘ၀ ...ဒီလိုပါပဲ သူစေစားရာအထိသွားနေရဦးမှာပဲ သူက သေဆိုသေ ပျက်ဆိုပျက် ... ဟက်ဟက်....။

၁၂ ။ မှာချင်တဲ့မှာတမ်း ။

နေရာတိုင်း နေရာတိုင်းမှာ ငြိမ်းချမ်းရေးတည်ဆောက်ကြပါ ။ စစ်ပွဲတွေကို ရပ်တန့်ကြပါ ။ ကိုယ်က ပေါင်မုန့်တစ်လုံးစားနေတယ်ဆိုရင် ဆာလောင်နေတဲ့ ကလေးငယ်ကို တစ်ခြမ်းဖဲ့ကျွေးလိုက်ပါ ။ ငြိမ်းချမ်းရေး တရားတွေ ကမ္ဘာမြေပေါ်မှာ ပျံ့လွင့်နိုင်ပါစေ ............။

စာရေးသူ.....သက်တန့်ချို......(၁၁း၁၁ ည ၁.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................