Tuesday, April 6, 2010

Bolivia မှာ တွေ့ရတဲ့ ဒိုင်နိုဆောခြေရာများဖြင့် ထူးဆန်းသောနံရံကြီး

Bolivia မှာ တွေ့ရတဲ့ ဒိုင်နိုဆောခြေရာများဖြင့် ထူးဆန်းသောနံရံကြီး

ဒီထူးဆန်းသော နံရံတံတိုင်းကြီးကို Bolivia မှာရှိတဲ့ ဘိလပ်မြေစက်ရုံအနီးမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ် ။ သိပ္ပံပညာရှင်တွေက စေ့စေ့စပ်စပ် စစ်ဆေးပြီးတဲ့အခါမှာတော့ ဒီနံရံကြီးမှာ ထောင် ပေါင်းများစွာသော ဒိုင်နိုဆော အမှတ်ရာတွေကို တွေ့ရတယ်လို့ ဆိုပါတယ် ။


ဒီနံရံတံတိုင်းကြီးဟာ ၈၀ မီတာ အမြင့် ရှိပြီး ဒိုင်နိုဆောအမှတ်အသားပေါင်း ၅၀၀၀ ခန့် တွေ့ရှိရတယ်လို့ ဆိုပါ တယ် ။ နံရံ အရှည်ကတော့ ၁.၂ ကီလိုမီတာ ရှည်လျှားပါတယ် ။ သူတို့ကတော့ ဒီနံရံကြီးကို The Dinasaur Dance Floor လို့ ခေါ်ကြပါတယ် ။ ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကတော့ ခန့်မှန်းရခက်လောက်အောင်ပဲ ထူး ဆန်း နေပါတယ် ။ ဒါပေမယ့် ဘယ်သူမှ စဉ်းစားလို့မရသေးတာကတော့ ဒီနံရံတွေပေါ်ကို ဒိုင်နိုဆောတွေက ဘယ်လိုလုပ်တက်ပြီး ဒီအမှတ်အသားတွေကို ဘယ်လိုထားခဲ့တယ်ဆိုတာပါပဲ ။





ဒီအမှတ်အသားတွေဟာ ရှေးခေတ်သတ္တ၀ါကြီးတွေဟာ အမှန်တကယ်ပဲ ကမ္ဘာကြီးပေါ်မှာ ကျန်ရှိနေ သေး သ လား ဆို တဲ့ အတွေကို ပိုပြီးခိုင်မာစေပါတယ် ။

စာရေးသူ......သက်တန့်ချို (၆.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 5, 2010

Kaliningrad မှ က နေသော သစ်တော

Kaliningrad မှ က နေသော သစ်တော


သင်ဟာ သစ်တောတစ်ခုထဲကို ၀င်သွားမယ်ဆိုရင် ဖြောင့်တန်းနေတဲ့ သစ်ပင်တွေနဲ့ အလားတူ အပင်တွေကိုပဲ တွေ့မြင် နိုင်ပါတယ် ။ ကောင်းပါပြီ ကျွန်တော်တို့ ဆက်ပြီးလေ့လာကြည့်ရအောင် ။ ကမ္ဘာလောကကြီးပေါ်မှာ ပုံ သဏ္ဍာန် မမှန်တဲ့ သစ်ပင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တောအုပ်လေးကို သင့်ကို အလည်ခေါ်သွားပါ့မယ် ။ သင်ဟာ ဒီ တောအုပ်လေးကို လိုက်မယ်ဆိုရင်တော့ သရဲ တစ္ဆေနဲ့ ကြောက်မက်ဖွယ် ပုံသဏ္ဍာန်တွေကိုတော့ ခံနိုင်ရည် ရှိဖို့ လိုပါတယ် ။





ဒီလို အပင်မျိုးတွေကို သင်တွေ့မြင်ရတဲ့အခါ သင်ထိတ်လန့်မိမှာ အမှန်ပါပဲ ။ ဒီတောအုပ်လေးဟာ Kaliningrad မှာ တည်ရှိပါတယ် ။ သစ်ပင်တွေအကုန်လုံးဟာ အဖုတွေနဲ့ ကွေးကောက်နေပြီး ထူးဆန်းတဲ့ အခွေအခေါက် ပုံ သဏ္ဍာန် တွေ ရှိနေတာကြောင့် ဒေသခံလူတွေက Dancing Forest ( ကနေသောသစ်တော ) လို့ခေါ် တွင်ကြ ပါတယ် ။ ဒီသစ်တောကို သင်သွားချင်တယ်ဆိုရင်တော့ Kaliningrad အနီးမှာ ရှိတဲ့ Curonian Spit မှာ တွေ့နိုင်ပါတယ် ။

စာရေးသူ.....သက်တန့်ချို (၅.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, April 3, 2010

ကျွန်ုပ်နှင့် မိစ္ဆာရွာ ( ဇတ်သိမ်းပိုင်း )

ကျွန်ုပ်နှင့် မိစ္ဆာရွာ ( ဇတ်သိမ်းပိုင်း)



မဲမဲသဏ္ဍာန်ကြီးသည် လူ့အရပ်ထက် လွန်စွာ မြင့်မားထွားကြိုင်းပြီး ခန္ဓာကိုယ်တစ်ခုလုံးက အဖုအပိမ့်များ ထွက် နေလေ၏ ။ မျက်နှာကလည်း အထွတ်အထွတ်နှင့် ကြောက်မက်ဖွယ်ရာ သဏ္ဍာန်ရှိလေသည် ။ ထိုမနုသာ လူ့ဘီ လူးကြီးက အလောင်းကောင်ကြီးအား ဓါးနှင့် စိန်ပြေနပြေ ခွာယူစားသောက်နေလေသည် ။ ကျွန်ုပ်တို့ နှစ်ဦး လည်း ဆက်လက်၍ မပုန်းအောင်းတော့ပဲ လူ့ဘီလူးကြီးရှိရာသို့ ထွက်လိုက်လေတော့သည် ။

" ဟေ့ ရပ်လိုက် စမ်း ခင်ဗျားဘယ်သူလည်း မလှုပ်နဲ့ "

ဒေါက်တာ နိုင်ဇော်က သေနတ်နှင့် သေချာစွာ ချိန်ရင်းပြောလေသည် ။ လူ့ဘီလူးကြီးကား လျှင်မြန်စွာဖြင့် ၄င်း၏ ဓါးနှင့် ကျွန်ုပ်တို့ ရှိရာသို့ ပစ်ပေါက်လိုက်လေသည် ။

" ၀ှစ် " " ဒိုင်း "

ဓါးပစ်လိုက်သော အသံနှင့် ဒေါက်တာ နိုင်ဇော်၏ သေနတ်သံတို့မှာ တစ်ထပ်တည်း ကျသွားလေသည် ။

(၆)

ဒေါက်တာနိုင်ဇော်ပစ်လိုက်သော ကျည်ဆံမှာ လူ့ဘီလူးကြီးအား ထိသွားဟန်တန်သည် ။ လူ့ဘီလူးကြီးမှာ ယိုင် ထွက် သွားပြီး နောက် ကျောက်ကလပ်များ နောက်သောက် ပုန်းအောင်း ပျောက်ကွယ်သွားလေတော့သည် ။ ကျွန်ုပ် တို့နှစ်ဦးလည်း အမှောင်ထဲတွင် ရန်သူအား ဆက်လိုက်ခြင်းသည် လွန်စွာ မိုက်မဲလှသည်ဟု ယူဆကာ တည်း ခိုရာ အိမ်သို့သာ ပြန်ခဲ့လေတော့သည် ။

" ဒီကောင်ကြီးက လျှင်တော့ အတော်လျှင်တယ်ဗျ ဒီကောင့်ကို ထိသွားတာတောင် ပျောက်သွားတယ် တောက် .. တစ်ချက်တည်း မထိလိုက်တာ နာတယ်ဗျာ " " ဟုတ်တယ်ဗျို့ ကိုနိုင်ဇော်ရေ နောက်တစ်ခါဆိုရင်တော့ ဒီကောင်ကြီးကို အပိုင်ဖမ်းရမယ်ဗျ "

ကျွန်ုပ်တို့ လည်း ပြောပြောဆိုဆို အတွေးနယ်ချဲ့နေမိလေတော့သည် ။

ညက အိပ်ရေးပျက်သွားသောကြောင့် နေအတော်မြင့်မှ ၂ ယောက်သား နိုးလာကြလေသည် ။ ထိုအခိုက်

" ကယ်ကြပါဦးဗျို့ ဒီမှာ ထွေးညို သတိလစ်သွားလို့ဗျို ကယ်ကြပါဦး "

စူးစူးဝါးဝါး အောလိုက်သောအသံသည် ကျွန်ုပ်တို့ တည်းခိုရာ အိမ်မှ ၂ အိမ်ကျော်လောက် ဖြစ်သည်ဟု ခန့်မှန်း ရလေသည် ။ သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း အိမ်ပေါ်မှ အမြန်ဆင်းကာ အသံလာရာဆီသို့ ပြေးထွက် ခဲ့ကြလေတော့သည် ။ အသံလာရာဆီကို ရောက်တော့ လူများက ၀ိုင်းအုံ၍ ကြည့်နေကြလေသည် ။

" ကဲကဲ ခဏလောက်လမ်းဖယ်ပေးပါခင် ကျွန်တော်တို့ ကြည့်ပါရစေ "

ကျွန်ုပ်က ပြောပြောဆိုဆို လူအုပ်ထဲသို့ ပြေးဝင်လိုက်သည် ။ လူအုပ်ကြီးက ကျွန်ုပ်တို့ နှစ်ဦးအား လမ်းဖယ် ပေးကြလေသည် ။ သတိလစ်သော မိန်းကလေးအား စမ်းသပ်ကြည့်လိုက်သောအခါ အသက်ပျောက်နေပြီ ဖြစ်သည် ။ ဒေါက်တာနိုင်ဇော်က

" အင်းဗျာ စိတ်တော့ မကောင်းပါဘူး လူနာက အသက်မရှိတော့ပါဘူး ဘယ်လိုဖြစ်တာလည်း ပြောပါဦးဗျာ "

" ဗျာ..ဖြစ်မှ ဖြစ်ရလေ ညီမလေးရယ် ..ဒီလိုပါဗျာ ထွေးညိုက လွန်ခဲ့တဲ့ နှစ်ရက်ထဲက ဗိုက် အရမ်း အောင့် နေပါတယ် ။ ဆရာလေးတို့ကို သွားပြဆိုတော့လည်း ရှက်လို့ မပြရဲဘူးတဲ့ ဒီမနက်ကြတော့ ၀မ်းတွေလည်း အရမ်း သွားပါတယ် ၀မ်းသွားတော့ ဆံပင်ချည်တွေလည်း ပါလာပါတယ် ဗိုက်လည်း အရမ်းအောင့်ပြီး သွေးတွေလည်း မြင်မကောင်းလောက်အောင် ဆင်းပါတယ် ဒါနဲ့ သူလည်း ဗိုက်ကို ဖိပြီး သတိလစ်သွားရတာပါခင်ဗျာ " " အင်း ဖြစ်မှ ဖြစ်ရလေဗျာ မရှက်သင့်တဲ့အရာကို မှဗျာ.." " တောက်..ဒါ ဟို မိန်းမကြီးလက်ချက်ပဲ ဖြစ်ရမယ် ဒင်းပြုစားလို့ ဆံပင်ချည်တွေ ပါတာဖြစ်ရမယ် " " ကဲ ကဲ..ခဏလေး နေပါဦးဗျာ ဘာကြောင့်သေရသလဲဆိုတာ ကျွန်တော်တို့ ဖော်ထုတ်ပေးပါ့မယ် ဒါပေမယ့် ခင်ဗျားတို့ဖက် က တစ်ခုကူညီရမယ် ခင်ဗျားနဲ့ ဒီမိန်းကလေးက ဘာတော်သလဲဗျ " " ကျွန်တော့် ညီမ ၀မ်းကွဲပါဆရာ " " ကဲဒါဆို ကျွန်တော်တစ်ခုပြောပြမယ် ကျွန်တော်တို့ အမှန်တရားပေါ်အောင် ဖော်ထုတ်ပေးပါ့မယ် ဒါပေမယ့် ဒီအလောင်းကို ရင်ခွဲစစ်ဆေးဖို့ (Post Modern ) လုပ်ဖို့လိုပါတယ် ...အဲဒါပြုလုပ်ဖို့ ကျွန်တော်တို့ကို ခွင့်ပြုပါ "

ရွာသားများအားလုံး အတန်ကြာ တိတ်ဆိတ်သွားကြ၏ ။ အတန်ကြာမှ သေဆုံးသူမိန်းမပျို၏ အစ်ကိုက

" ခွင့်ပြုပါတယ် ဆရာတို့ ကြိုက်သလိုလုပ်ပါ အမှန်တရားကို သိချင်ပါတယ် ခင်ဗျာ "

ဟုပြောလေသည် ။ သို့နှင့် ကျွန်ုပ်တို့ နှစ်ဦး ၊ သေဆုံးသူမိန်းကလေး၏ အစ်ကို ၊ သူကြီး နှင့် ရွာသူရွာသားအချို့ တို့ကို ခေါ်ဆောင်ကာ ရင်ခွဲစစ်ဆေးခြင်း ( PM ) အား ရွာ၏ထုံးစံအရ ရွာထဲတွင် ပြုလုပ်ရန် မဖြစ်နိုင် သော ကြောင့် ရွာ မြောက်ဖက်ရှိ ကျောက်ကလပ်များ ရှိရာသို့ အလောင်းအားသယ်ဆောင်ကာ ထွက်လာ ခဲ့လေ တော့ သည် ။

(၇)

မွန်းတည့်ချိန်ရောက်ပြီ ဖြစ်သော်လည်း အပူရှိန်က ပူသင့်သလောက် မပူပဲ ကောင်းကင်တစ်ခွင် အုံ့ဆိုင်းကာ နေသည် ။ လူသေအလောင်းအား ရွာမြောက်ဖက်ရှိ ကျောက်ကလပ်ကြီးတစ်ခုပေါ်တင်၍ ကျွန်ုပ်က စတင်ပြီး ရင်ခွဲစစ် ဆေးခြင်း (PM) ကို စတင်၍ ပြုလုပ်လေသည် ။ ကျွန်ုပ်၏ ဓါးသွားက အလောင်းကောင်၏ ၀မ်းဗိုက်အလွှာများကို တစ်လွှာပြီး တစ်လွှာ ဖြတ်သန်းသွားလေသည် ။ မကြာမီ ၀မ်းဗိုက်အတွင်းမှ ပုပ်အက်အက် အနံ့များနှင့်အတူ အရည်များ စီးကျလာသည် ။ အရည်များကို ဖယ်ရှားပြီးသည်နှင့် တွေ့လိုက်ရသော မြင်ကွင်း ကြောင့် ရွာသားအားလုံး ကြက်သေသေသွားကြသည်။ မြင်ကွင်းကား ၀မ်းဗိုက်အတွင်းရှိ သားအိမ် ၊ သားဥ အိမ်နှင့် အူနံရံများတွင် ဆံချည်မျှင်များ သွားများ ၊ အရိုးများ တွယ်ကပ်နေကြခြင်းပင် ဖြစ်သည် ။ ကျွန်ုပ်တို့ နှစ်ဦးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရမှ သက်ပြင်း ချနိုင်ကြပေသည် ။ ရွာသားများကား လွန်စွာ ကြောက်ရွံ့ ထိတ်လန့် နေကြသည် ဖြစ်ရာ စကားပင် မပြောနိုင်ရှာပေ ။ သို့နှင့် ဒေါက်တာနိုင်ဇော်က


" ကဲကဲ..ရွာသားများခင်ဗျား အခုဆိုရင် အဖြေမှန်ကို သိရပါပြီ အခုတော့ အလောင်းကို ပြန်ပိတ်လိုက်ရအောင် ရွာ ရောက်တော့ ကျွန်တော်တို့ ရှင်းပြပါ့မယ် "

ဟုပြောလိုက်လေသည် ။ သို့နှင့် ကျွန်ုပ်လည်း ရွာသားများကို ရှင်းပြရန် သားဥအိမ်ကို ယူဆောင်ပြီး ၀မ်းဗိုက်ကို ပြန်ပိတ်ကာ ရွာ၏ ထုံးစံအတိုင်း ကျောက်ကလပ်ပေါ်တွင် တင်၍ ပြန်ခဲ့ကြလေတော့သည် ။

ရွာလူကြီး၏ နှိုးဆော်မှုဖြင့် သူကြီးအိမ်တွင် တစ်ရွာလုံးနီးနီး စုရုံးနေကြလေ၏ ။ ဒေါက်တာနိုင်ဇော်ကစ၍

" ဒီလိုပါခင်ဗျာ အခုဒီရွာလေးမှာ ခဏခဏ အဖြစ်များနေတဲ့ ဆံပင်ချည်တွေ အန်တယ် ဆံပင်ချည်တွေ ၀မ်း သွားတယ် ဆိုတာ တကယ်တော့ စုန်းကဝေ အတတ်နဲ့ ဘာမှ မဆိုင်ပါဘူးခင်ဗျာ ။ ဒီသားဥအိမ်ကို ကြည့်ပါ ခင်ဗျာ ။


ဒါဟာ ရောဂါတစ်ခုကြောင့် ဖြစ်ရတာပါ ။ လူသားတွေဟာ မမွေးဖွားခင်တုန်းက မိခင်ဝမ်းဗိုက်ထဲမှာ Ectoderm , Mesoderm , Endoderm ဆိုတဲ့ အလွှာသုံးလွှာကနေ ပေါင်းစပ်ပြီး လူရယ်လို့ ဖြစ်လာရတာပါ ။ အလွယ်နား လည်အောင် ရှင်းပြရရင် အဲဒီလို ပေါင်းစပ်တဲ့အခါ မှာ တစ်စုံတစ်ခု မှားယွင်းပြီးတော့ အရေပြားအောက်မှာ အရေ အိတ်ကလေးတွေပါလာပါတယ် ။ ဒီအိတ်ကလေးတွေကို ခွဲစိတ်ပြီးတော့ လည်း ဖယ်ရှားပစ်လို့ရပါတယ် ။ ဒီအိတ်က လေးတွေကို Dermoid Cyst လို့ခေါ်ပါတယ် ။ ဒီကောင်က တစ်နည်းပြောရရင် အဲဒီအ ရေ အိတ်ရှိတဲ့နေရာမှာ ပုံမမှန်တဲ့အရာတွေ ဥပမာ သွားတွေ ၊ ဆံပင်ချည်တွေ ၊ အရိုးတွေ စသဖြင့် လာပြီး တွယ် ကပ်ငြိပါတယ် ။ ဒီအရေအိတ်ဟာ ၀မ်းဗိုက်ပိုင်းမှာ တည်ခဲ့မယ်ဆိုရင် သားဥအိမ်တွေ ၊ သားအိမ်တွေ အူတွေမှာ တွယ်နိုင်ပါတယ် ။ ဒါကို Teratoma လို့လည်းခေါ်ပါသေးတယ် ။ အခု ဒီသေသွားတဲ့ ကလေးမလေးဟာ သားဥအိမ်မှာ Teratoma ဖြစ်တာ ဖြစ်ပါတယ် ။ ဒီသားဥအိမ် ပေါက်သွားတဲ့အခါ ဗိုက်အလွန်အမင်းအောင့်ပြီး သွေးတွေဆင်း ပြီးတော့ ပိုးဝင် ( Infection ) ကြောင့်ဝမ်းတွေသွားပြီး သွေးလန့် ( Shock ) ကြောင့်ဆုံးရတာ ဖြစ်ပါတယ် ။ ဒီ Dermoid Cyst တွေဟာ အရေပြားအောက်က မည်သည့်နေရာမှာမဆို ဖြစ်ပွားနိုင်ပါတယ် ။ သူ့ကို ကုသချင်တယ်ဆိုရင်တော့ ခွဲစိတ်ပြီး ဖယ်ရှားမှသာ ရပါတယ် ။ ဒါပေမယ့် ဒီDermoid Cyst တွေဟာ ဒီတစ်ရွာ တည်းမှာ ပဲ ဘာကြောင့် အဖြစ်များစေသလဲဆိုတာကတော့ မကြာခင် ကျွန်တော်တို့ စုံစမ်းဖော်ထုတ်ပြီး ပြောပါ့ မယ်ခင်ဗျာ "

" ဟယ်ထူးဆန်းလိုက်တာ တစ်ခါမှ မကြားဖူးပါဘူး "

" ဟုတ်ပါ့အေ ကျုပ်တို့ ဖြင့် ဟိုမိန်းမတွေ ပြုစားတယ်ပဲ ထင်နေတာ ခုမှပဲ ရှင်းသွားတော့တယ် "

စသဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုကြလေသည် ။ ပြီးနောက် ကျွန်ုပ်တို့ကို အမှန်တရားကို သိခွင့်ရ သည့်အ တွက် အထူးပင် ကျေးဇူးတင်နေကြပြီး စိတ်ရှင်းလင်းစွာ အသီးသီး ပြန်သွားကြလေတော့သည် ။

" ကိုသက်တန့်ရေ ဒီ Disease ရဲ့ Cause ကိုတော့ ရှာမှ ဖြစ်မယ်ဗျို့ ဒါဟာ ရွာသားတွေရဲ့ Lifestyle နဲ့လည်း ပတ်သတ်နေမှာပဲ သူ့ရဲ့ Source ကို ရှာရမယ်ဗျို့ "

" ဟုတ်ပါ့ကိုနိုင်ဇော်ရေ ကျွန်တော်လည်း အဲဒီလိုပဲ တွေးမိတာပဲ ဒီရွာမှာ ဘာကြောင့် Dermoid Cyst တွေ အဖြစ်များနေပါလိမ့် "

(၈)

သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း တောင်တောင်အီအီ စဉ်းစားပြီး အတွေးနယ်ချဲ့နေမိလေတော့သည် ။ ညနေ စောင်း နေ၀င်ချိန်တွင် လူ့ဘီလူးကြီးအား စုံစမ်းရန် ကျောက်ကလပ်များ ရှိရာသို့ တစ်ခေါက် သွား ရောက်ခဲ့ကြသေးသည် ။ သို့သော် ယင်းကားပေါ်မလာပါချေ ။ ဤတွင် ရွာရှိပြုစားသူများ အကြောင်းလည်း ဖော်ပြရန် လိုပေသည် ။ ယင်းတို့ကား ကျွန်ုပ်တို့ နှစ်ဦး ရွာကလေးသို့ စစရောက်ခြင်းနေ့တွင် နှစ်မြို့ဟန် မရှိခဲ့ကြချေ ။ အချို့ကား စုန်းတိုက်မည် ကဝေတိုက်၍ မောင်းထုတ်ပစ်မည်ဟု ကွယ်ရာတွင် ခြိမ်း ခြောက် ခဲ့ကြသေးသည် ။ သို့သော် ကျွန်ုပ်တို့ နှစ်ဦးကား စုန်း ၊ ကဝေ ၊ ပြုစားခြင်း အတတ်များကို အယုံအကြည်မ ရှိကြသူများ ပီပီ ၄င်းတို့၏ စကားများအား ဂရုစိုက်ခဲ့ကြခြင်း မရှိခဲ့ပေ ။

ကျွန်ုပ်တို့ နှစ်ဦးလည်း ဇွဲကောင်ကောင်းနှင့် နောက်တစ်နေ့ ညတွင် ကျောက်ကလပ်များ ရှိရာသို့ တိတ်တဆိတ် ထွက်ခွာခဲ့ကြလေတော့သည် ။ ဒေါက်တာနိုင်ဇော်ကား လက်စွဲတော် သေနတ်နှင့် ကျွန်ုပ်တွင်ကား ခြေနှစ်ချောင်းတွင် ကပ်လျှက် ချည်ထားသော ဓါးမြှောင်နှစ်ချောင်းသာလျှင် ပါရှိလေသည် ။ သို့နှင့် နာရီပြန် တစ်ချက် တီးခါနီးသောအခါ ကျွန်ုပ်တို့နှစ်ဦးလည်း စိတ်လျော့စပြုလာလေသည် ။ ခြင်မှက်များကလည်း ကျွန်ုပ်တို့ နှစ်ဦးအား လွန်စွာ နှိပ်စက်ကြကုန်၏ ။ ထိုအခိုက် မဲမဲသဏ္ဍာန်ကြီးကား ယမန်နေ့က ကျွန်ုပ်တို့ တင်ထားခဲ့သော အလောင်းကောင်ကြီး ရှိရာသို့ ချဉ်းကပ်လာလေသည် ။ ဒေါက်တာနိုင်ဇော်က ထွက်၍ ရင်ဆိုင်မည် ပြုရာ ကျွန်ုပ်က တားလိုက်ပြီး အမှောင်ထဲမှ ကျွန်ုပ်၏ ဓါးမြှောင်တစ်လက်ကို ဆွဲယူလိုက်ပြီး မဲမဲ သဏ္ဍာန်ကြီး၏ ခြေထောက်ရှိရာသို့ ပစ်လိုက်လေသည် ။

" ၀ှီး "

" ဒုတ်"

ဓါးမြှောင်က ပစ်မှတ်ဆီသို့ တည့်တည့်စိုက်ဝင်သွားဟန်တူ၏ ။ မဲမဲသဏ္ဍာန်ကား ခွေကျသွားပြီး ပြန်မထ နိုင်တော့ပေ ။ ကျွန်ုပ်တို့နှစ်ဦးလည်း လျှင်မြန်စွာ ပြေးသွားပြီးလျှင် ယင်းမဲမဲသဏ္ဍာန်အား ညှပ်၍ ဖမ်းလိုက် လေ သည် ။ အလို...မဲမဲသဏ္ဍာန်ကား အခြားမဟုတ် ကျွန်ုပ်တို့လို လူသားစစ်စစ် ပင်ဖြစ်လေ၏ ။ ယင်း၏ ပေါင်တွင် ကား ကျွန်ုပ် ပစ်လိုက်သော ဓါးမြှောင်ကားနစ်ဝင်လျှက် ။ သို့သော် ထိုလူကား သာမန်လူတို့ထက် ကြီးထွား နေသည်ကား အံ့သြစရာပင် ။

အသားအရေတို့က ရိရွဲလျှက် ရှိပြီး မျက်နှာက အထွတ်အထွတ်များနှင့် ။

" ခင်ဗျား ဘယ်သူလည်း ဘာလို့ ဒီအလောင်းကောင်တွေကို လာစားနေရတာလဲ "

ဒေါက်တာနိုင်ဇော်က သေနတ်နှင့်ချိန်ပြီးမေးလိုက်ရာ ထိုလူ့ဘီလူးကြီးက

" ဟုတ်..ဟုတ်ကဲ့ ခဏလေးပါခင်ဗျာ ကျုပ်အကြောင်းကို အပြည့်အစုံ ပြောပြပါ့မယ် အခုဒီဓါးကိုတော့ နှုတ်ပေး ပါဗျာ နာလွန်းလို့ပါ "

ဟုပြောရာ ကျွန်ုပ်လည်း ဓါးမြှောင်ကို ဆွဲနှုတ်လိုက်ပြီး လက်ကိုင်ပုဝါနှင့် သွေးတိုက်အောင်ဆို့ကာ ဆီးပေး လိုက်လေသည် ။

" ဒီလိုပါခင်ဗျာ ကျုပ်နာမည်က ဘဒင်ပါ ကျုပ်က အရင်ကတည်းက ဒီရွာနဲ့မတည့်လို့ ရွာပြင်မှာ တစ်ယောက် တည်း နေတဲ့သူပါ ကျုပ်က အရက်ကို ငယ်ငယ်ကတည်းက စသောက်ခဲ့ပါတယ် ရွာအပြင်က တဲမှာ အရက် သောက်ပြီဆိုရင် တောပစ်ပြီး ရလာတဲ့ တောကောင်သားတွေနဲ့ မြည်းလေ့ရှိပါတယ် .. တစ်နေ့တော့ ကျုပ် ဘာသား ကောင်မှ ရမလာခဲ့ဘူး ဒါနဲ့ အရက်ချည်းပဲ ဇွတ်မှိတ်သောက်ခဲ့တယ် ။ ဒီလိုနဲ့ ရေချိန်ကိုက်လာတဲ့အခါမှာ ကျုပ်ရင် တွေ ပူလွန်းလို့ အမ်ြညးရှာမယ်ဆိုပြီး ထွက်လာခဲ့ပါတယ် ။ ဒါနဲ့ တောင်ကလပ်တွေနားလည်း ရောက် ရော တောကောင်တစ်ကောင်သေနေတာတွေ့ပြီး ကျုပ်လည်း အားရ၀မ်းသာနဲ့ မီးကင်ပြီး မြည်းခဲ့ပါတယ် ။ နောက် တစ်နေ့ ကျုပ်နိုးလာတော့ ညက ကျုပ်မြည်းခဲ့တာ တောကောင်မဟုတ်ပဲ လူသေအလောင်း ဖြစ်နေ ပါတယ် ။ ဒါပေမယ့် အရသာက ထူးလွန်းလို့ ကျုပ်စွဲလမ်းခဲ့မိပါတယ် ။ ဒါနဲ့ နောက်ပိုင်း ရွာက လူသေတွေ လာပစ် တိုင်း ကျုပ်ခိုးပြီး စားခဲ့ပါတယ် ။ နောက်ပိုင်း အစိမ်းစားတဲ့အဆင့် ထိရောက်လာခဲ့ပါတယ် ။ မစားရမနေနိုင်လို့ လူသေ တွေ လာမပစ်လို့ ကြာသွားတဲ့အခါ ရွာမြောက်ပိုင်း အစွန်ကကလေးတစ်ယောက်ကိုတောင် ကျုပ်...ကျုပ် ..သတ်ပြီး စားမိပါတယ်ဗျာ လူသားစားတဲ့နေ့ကစပြီး လူလည်း ဖောသွပ်ယောင်ကိုင်းလာခဲ့ပါတယ် ။ တစ်ကိုယ် လုံး အဖုအပိမ့်တွေ ထွက်ပြီး အသားအရေလည်း ရိရွဲလာခဲ့ပါတယ် ။ အခုခင်ဗျားတို့တွေ့တဲ့အတိုင်း ခန္ဓာကိုယ်က ကြီးထွားနေတာပါပဲ "

ဟု ရှည်လျှားစွာ ရှင်းပြလေသည် ။

ထိုအခါမှ ကျွန်ုပ်တို့လည်း လူသေအလောင်းများ ပျောက်ဆုံးနေခြင်း အဖြေကို တိတိကျကျ သိရလေတော့သည် ။ သို့နှင့် ကျွန်ုပ်တို့လည်း ဘဒင်အား ခေါ်ဆောင်ကာ သူကြီးထံသို့ အပ်နှံလိုက်လေသည် ။ ရွာသူရွာ သားများအားလည်း ခေါ်စေ၍ ဘဒင်အကြောင်းကို ရှင်းပြလိုက်လေတော့သည် ။ ထိုအခါမှ ရွာသူရွာ သား များစိတ်တွင် တစ်ချိန်လုံး ခြောက်လှန့်နေခဲ့သော လူသားစား သရဲအကြောင်းကို ရှင်းရှင်းလင်းလင်း သိသွား ကာ " ဟင်း " ချနိုင်ကြပေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးအားလည်း ကျေးဇူးအထပ်ထပ် တင်နေ ကြပေ တော့ သည် ။

သို့နှင့် ကျွန်ုပ်တို့ကား နောက်ဆုံး ပြသာနာ တစ်ခုကိုသာ ဖြေရှင်းရန်ကျန်ပေတော့သည် ။ နောက်ရက်များမှစ၍ ကျွန်ုပ်နှင့် ဒေါက်တာနိုင်ဇော်တို့သည် Dermoid Cyst အဖြစ်များခြင်း၏ အကြောင်းကို လိုက်ရှာကြရာ တစ်ပတ် တိတိ တိုင် အောင်အစရှာမရပဲ ဖြစ်နေလေတော့သည် ။ တစ်နေ့သောအခါ ကျွန်ုပ်တို့ နှစ်ဦးသည် စိတ်ပြေ လက်ပျောက် ငါးမျှားရန်အတွက် ရွာတောင်ဖက်ရှိ စမ်းချောင်းလေးသို့ ရောက်လာခဲ့တော့သည် ။ စမ်းချောင်းသို့ ရောက်သောအခါ ဒေါက်တာနိုင်ဇော်က

" အလို.. ကိုသက်တန့်ရေ ဒီစမ်းချောင်းက ကြည်လှချည်လားဗျို့ အောက်ခြေကို မြင်နေရတယ် ဟိုအောက် ခြေက ကျောက်တုံး ဖြူဖြူကြီးတွေက ဘာကျောက်တွေတုန်း "

" မသိဘူးဗျ ဆင်းကြည့်ရမှာပဲ "

ဟု ကျွန်ုပ်က ပြောပြောဆိုဆို ငါးမျှားတံများချပြီး ရေထဲသို့ ဆင်းလိုက်လေသည် ။ စမ်းချောင်းဟုဆိုသော်လည်း ရေအောက်ကြမ်းပြင်ထိဆိုလျှင် အတောင် ၂၀ မျှ နက်ပေသည် ။ ကျွန်ုပ်လည်း ရေအောက်ကြမ်းပြင်ထိငုပ်ကာ ကျောက်တုံး တစ်တုံးကို သယ်ယူခဲ့လေသည် ။ ကမ်းစပ်သို့ရောက်လျှင် ကျွန်ုပ်တို့ နှစ်ဦးစလုံး လွန်စွာအံ့အား သင့်သွားကြလေသည် ။ အဘယ့်ကြောင့်ဆိုသော် ထိုကျောက်တုံးကား တစ်ချိန်က ကျွန်ုပ်တို့ နှစ်ဦး ပေါင်း၍ သုတေသန ပြုလုပ်ခဲ့ဖူးသော Arsenic ဟုခေါ်သော ဓါတ်ငွေ့ အဆိပ်တစ်မျိုးထွက်သည့် ကျောက်ပင် ဖြစ်လေ သည် ။ ထိုအခါမှ ကျွန်ုပ်တို့လည်း ပြသာနာကြီး၏ အဖြေကို နှစ်ဦးစလုံး ရိပ်မိသွားလေတော့သည် ။ သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း ကျောက်တုံး ကို ယူကာ သူကြီးအိမ်သို့ ထွက်ခဲ့လေတော့သည် ။

(၉)

သူကြီးအိမ်သို့ ရောက်သော် ရွာသူရွာသားများအား စုဝေးစေ၏ ။ ထို့နောက် ကျွန်ုပ်ကပင်စတင်၍

" ရွာသား တွေကို ခေါ်ရခြင်းအကြောင်းကတော့ ဒီရွာမှာ ဆံပင်ချည်တွေအန်တယ်ဆိုတဲ့ Dermoid Cyst ရောဂါ အဖြစ်များ စေတဲ့အကြောင်းကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါပြီ ရွာသားတွေကို တစ်ခုမေးချင်တာက သောက် ရေသုံးရေတွေကို ဘယ်ကရပါသလဲ "

" ရွာတောင်ပိုင်းက စမ်းချောင်းက ရတာပါဆရာ "

ရွာသားများက ၀ိုင်းဖြေကြ၏ ။

" ဒါဆို ဒီစမ်းချောင်းက အဓိက တရားခံပါပဲ ဒီလိုပါ ကျွန်တော်တို့ ဒီစမ်းချောင်းအောက်ခြေကနေ ဒီကျောက် တုံးကို ရရှိခဲ့တာပါ ဒီလိုကျောက်တုံးမျိုးတွေ ရေအောက်ကြမ်းပြင်မှာ အများကြီး ရှိနေပါသေးတယ် ။ ဒီကျောက် တုံးမျိုးတွေ ရေအောက်ကြမ်းပြင်မှာ အများကြီး ရှိနေပါသေးတယ် ဒီကျောက်တုံးက အလွန်အန္တရာယ်များတဲ့ Arsenic ဆိုတဲ့ အဆိပ်ဓါတ်ငွေ့ရည် တစ်မျိုးကို ထုတ်ပေးတဲ့ကျောက်ပါ ။ ထုတ်လွှတ်တဲ့ ပမာဏ နည်းတဲ့အတွက် သောက်သုံး သူအချို့မှာ ဘာလက္ခဏာမှ မပြပေမယ့် ဒီကောင်က အချို့လူတွေမှာ အဆိပ်အ တောက်ဖြစ်စေပါတယ် ။ Dermoid Cyst ဟာ မိခင်ဝမ်းထဲမှာ ကတည်းက အလွှာသုံးလွှာပေါင်းစည်းမှုမှာ မှားယွင်း ပြီး အရည်အိတ်ဖြစ်ပေါ်လာတယ် ဆိုပေမယ့် ဒီ Arsenic နဲ့ တွေ့မှသာလျှင် အလွန်လျှင်မြန်စွာ ပွားများတဲ့ Teratoma အဆင့်ကို ရောက်ပါတယ် ။ ဒီရေကို သောက်နေကြတော့ Dermoid Cyst အခံရှိတဲ့ အချို့မိန်း မတွေမှာ Teratoma အဆင့်ပြောင်းပြီး ဆံပင်ချည်တွေအန် ဗိုက်တွေအောင့်ပြီးသေဆုံးရတာပါပဲ ဘာပြုစား တာ စုန်းကဝေ ကြောင့်မှ မဟုတ်ပါဘူး ခင်ဗျာ ဒီစမ်ချောင်းကိုလည်း အခုကစပြီး အသုံးမပြုပါနဲ့ ရေတွင်း ရေကန်တူးပြီး အသုံးပြုစေလိုပါတယ်ခင်ဗျာ "

ဟု ရှင်းပြလိုက်သောအခါ ရွာသူရွာသားများအားလုံး တအံ့တသြ ဖြစ်ကြလေသည် ။

" ဟင်း...တော်သေးတာပေါ့ဗျာ ဒီရေတွေ ဆက်သောက်နေလို့ကတော့ တစ်ရွာလုံး မျိုးပြုတ်ကုန်မှာ ဆရာတို့ ရောက်လာ ပေလို့ပဲ ဗျာ ..ဆရာတို့ နှစ်ယောက်ဟာကျုပ်တို့ တစ်ရွာလုံးရဲ့ ကျေးဇူးရှင်တွေပါဗျာ "

ဟုသူကြီးကပြောလေသည် ။ သို့နှင့် တစ်ရွာလုံးက ကျွန်ုပ်တို့ နှစ်ဦးအား ၀ိုင်း၍ ကျေးဇူးတင်ကြလေတော့သည် ။

(၁၀)

နောက် တစ်နေ့ရောက်သောအခါ ရွာမှာ အေးချမ်းသွားပြီ ဖြစ်၍ ကျွန်ုပ်တို့ နှစ်ဦးလည်း ခရီးဆက်ထွက်တော့မည် ဖြစ်ကြောင်း ပြောလေရာ တစ်ရွာလုံးက မျက်ရည်စက်လက်နှင့် ၀ိုင်းပြီး ပို့ဆောင်ကြရှာလေသည် ။ ဘဒင်အား သူကြီး က ရွာ၏ထုံးစံအရ မည်သို့ စီရင်လိုက်သည်ကို ကျွန်ုပ်တို့နှစ်ဦး မသိရှိခဲ့ပေ ။ ဤသို့ဖြင့် စောကလုံ ရွာလေး အား နောင်တွင် မိစ္ဆာရွာဟု မည်သူမျှ မခေါ်တွင်ကြတော့ပဲ " စောကလုံရွာ " ဟုသာ ပြန်လည်ခေါ်ဝေါ်ကြပြီး ရွာကလေးသည် အယူဝါဒလွဲများ စုန်း ၊ ကဝေ ယုံကြည်မှုများ ပပျောက်ကာ အေးချမ်း သာယာ လေတော့ သတည်း....။

( မှတ်ချက် ။ ။ Dermoid Cyst ၏ ဖြစ်စဉ်မှာ မွေးရာပါဖြစ်ခြင်း သားဥအိမ်တွင် ဆံပင်ချည်များ ၊ သွားများ ၊ အရိုးများကပ်ပါခြင်း စသော လက္ခဏာများ ဖြစ်သည့် Teratoma ၊ အရေပြားအောက်တွင် မွေးကတည်းက အိတ်ကလေး များ Cysts များပါရှိလာခြင်းတို့မှာ အမှန်ဖြစ်သော်လည်း ကျန်သည့် အပိုင်းများမှာ ဇတ်လမ်း သဘောအရ ဖြည့်စွက်ထားခြင်း ဖြစ်သည် ။ ကျေးလက်တောရွာများ၏ စုန်း၊ ကဝေ ၊ ပြုစားခြင်း အယူအဆ လွဲများအား တင်ပြလိုခြင်းသာ ဖြစ်ပေသည် ။ )

စာရေးသူ......သက်တန့်ချို (စာပြီးချိန် ၉း၂၅ မိနစ် နံနက် ၃.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, April 2, 2010

ကျွန်ုပ်နှင့် မိစ္ဆာရွာ ( အပိုင်း ၁)

ကျွန်ုပ်နှင့် မိစ္ဆာရွာ ( အပိုင်း ၁)


(၁)

ကရင်ပြည်နယ် ဇွဲကပင်တောင်ခြေနှင့် မိုင် ၂၀၀ မျှဝေးသောနေရာတွင် လူသူအရောက်အပေါက်နဲသော ရွာ ကလေး တစ်ရွာ ရှိလေသည် ။ ရွာကလေး၏ မူလအမည်မှာ စောကလုံ ရွာ ဖြစ်၏ ။ အချိန်ကာလ ကြာမြင့် လာ သော အခါ စောကလုံရွာကလေးအား မည်သူတစ်ဦးတစ်ယောက်ကမျှ စောကလုံရွာ ဟု မခေါ်ကြတော့ပဲ မိစ္ဆာရွာ ဟုသာ ခေါ်ဝေါ်ကြလေသည် ။ စင်စစ် မိစ္ဆာရွာကို ခြုံကြည့်ရလျှင် လူသူအရောက်အပေါက်နည်းသော ချိုင့်ဝှမ်း ထဲတွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ရွာတောင်ဖက်တွင် စမ်းချောင်းလေးတစ်ခု ရှိ၏ ။ ထိုစမ်း ချောင်း လေးကို ရွာသားများက ငှက်မလွတ်ချောင်း ဟုခေါ်တွင်ကြကုန်၏ ။ နွေရာသီနှင့် ဆောင်းရာသီတွင် တည်ငြိမ်အေး ဆေးသလောက် မိုးရာသီတွင်ဒေါမာန်ကြီးစွာဖြင့် စီးဆင်းတတ်သောကြောင့် ချောင်းပေါ်မှ ဖြတ်ပျံသော ငှက်ပင် မလွတ်ပဲသေရသည်ကို အစွဲပြု၍ ငှက်မလွတ်ချောင်းဟု ခေါ်ခြင်းဖြစ်သည် ။ ရွာ၏အနောက်ဖက်တွင် တောကြီး မျက်မည်းသာရှိ၍ အရှေ့ဖက်တွင်မူ ကိုင်းပင်များစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြလေသည် ။ ရွာမြောက် ဖက်တွင်မူ ကြီးမားလှသော တောင်စွယ်တောင်တန်းများဖြင့် ပြည့်နှက်လျှက်ရှိပေသည် ။ ထိုမြင်ကွင်းများသည် မိစ္ဆာရွာအား အပေါ်မှ စီးကြည့်လျှင် ချိုင့်ဝှမ်းပတ်လည်တွင် မြင်ရသော အရာများပေတည်း ။

ထူးဆန်းသည်မှာ မိစ္ဆာရွာတွင် ဘုန်းကြီးကျောင်းမရှိပေ ။ ဘုန်းကြီးကျောင်းမရှိ၍ အခြားဘာသာ ကိုးကွယ် သလား ဟု မေးရအောင်လည်း မည်သည့်ကိုးကွယ်ပူဇော်ပသမှုမှ မရှိပေ ။ ပကတိ အရိုးခံလူများသာ ဖြစ်ကြလေ ၏ ။ စောကလုံရွာလေးအား မိစ္ဆာရွာဟု အမည်တွင်စေသော အရာများကား ဤသို့တည်း ...။

(၂)

ညအမှောင်ယံကား မဟူရာ ပိတ်ကားချပ်ကြီးနှယ်.. ။ ပိန်းပိတ်အောင်မဲမှောင်နေ၏ ။ မိစ္ဆာရွာလေးတွင် လူသံ မဆိုထားနှင့် ခွေးအူးသံ ပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏ ။ ညဉ့်ငှက် အော်သံ များကိုကား တခါတရံမှသာ ကြားရတတ်၏ ။ ထိုအခိုက် ရွာအလယ်ခေါင်တွင် အမှောင်ထုကိုခွင်း၍ မီးတုတ်များ ကိုင်ဆောင်ထားကြသော ရွာသားငါးဦးတို့သည် ၀ါးလုံးများကို လျှို၍ လူသေအလောင်းတစ်လောင်းကို ထမ်းကာ ရွာမြောက်ဖက်သို့ ဦးတည်၍ သွားနေ၏ ။

" သေချာထမ်းပါကွာ ဖိုးခွားရ မင်းဟာက တဖြည်းဖြည်းလေးလာပြီ " " အေးကွ စောလွင်ရ ဒီအလောင်းကလည်း တဖြည်းဖြည်းလေးလာတယ်ကွ သွက်သွက်လေး လျောက်ရ အောင် ကွာ "

အထက်ပါအသံများ ကြားရပြီးနောက် ခြေသံများမှ အပမည်သည့်အသံမျှ မကြားရတော့ပေ ။ မိစ္ဆာရွာတွင် သင်္ချိုင်းကုန်းမရှိခြင်း ပင်ဖြစ်၏ ။ ရွာသားများသည် လူသေလျှင် ရွာ၏ မြောက်ဖက်တွင်ရှိသော တောင်စွယ် တောင်ကလပ်များပေါ်တွင် ငှက်စာအလို့ငှာ အလောင်းများကို လာ၍ ပစ်ကြလေ၏ ။ ယခုလည်း ရွာထဲရှိ လူသေ အလောင်းတစ်လောင်းအား ညဖက်ကြီးသွား၍ ပစ်ကြဟန်တူ၏ ။ တဖြည်းဖြည်းနှင့် တောင်ကလပ်များနှင့် နီးလာ လေသည် ။ ရွာသားတစ်ဦးက အလောင်းတင်ရန် တောင်ကလပ်အား လိုက်လံကြည့်ရှူလေသည် ။ အချို့ကျောက် တောင်များပေါ်တွင် လူအရိုးစုများကို အများအပြားတွေ့ရလေသည် ။

" ကဲဖိုးခွေးရေ ဒီကိုသယ်လာဟေ့ ဒီမှာ လွတ်တယ် ဒီနေရာမှာပဲ ထားခဲ့မယ်ဟေ့ " " ဟုတ်ကဲ့ ဟုတ်ကဲ့အဘ "

ပြောပြောဆိုဆို ရွာသားလေးယောက်သည် အလောင်းကြီးအား မနိုင့်တနိုင်ထမ်း၍ တောင်ကလပ်ပေါ်တွင် တင် လိုက် လေသည် ။

" အားပါး အတော်လေးသကွာ ၂ ယောက်စာမို့ထင်တယ်ကွ " " အေးကွာ နန်းမူသနားပါတယ် သူ့ခမျာ မီးမဖွားနိုင်လို့သာ သေရရှာတာ အသက်ကဖြင့် ငယ်ငယ်လေး ရှိသေး တယ် "

ထိုသို့ပြောဆိုပြီးနောက် ဖိုးခွားက အလောင်းအားကြည့်လိုက်ရာ

" အောင်မလေး " " ဘာဖြစ်တာလည်းဟ " " ဟို...ဟိုမှာ မျက်လုံးကြီးပွင့်နေတယ် " " အာကွာ ဒါများ အဆန်းလုပ်လို့ ပြန်ပိတ်လိုက်ရသားနဲ့ "

ပြောသာပြောလိုက်ရသော်လည်း စောလွင်ကျောရိုးတလျောက် ကြက်သီးထသွားမိလေ၏ ။ အလောင်းကို နေရာ တကျထားပြီး ငါးယောက်သား ပြန်လှည့်ထွက်လာခဲ့၏ ။ ခပ်လှမ်းလှမ်းအရောက်တွင် နောက်မှအသံကြား၍ ငါး ယောက်သား ပြိုင်၍ လှည့်ကြည့်လိုက်ရာ အလောင်းကောင်ကြီးကို စားသောက်နေဟန်ရှိသော မဲမဲ သဏ္ဍာန် ကြီးကို တွေ့လိုက်ကြရလေတော့သည် ။

" သ...သရဲ... အောင်မလေး... သရဲဗျို့... သရဲခြောက်တယ်ဗျို့.." " ကယ်ကြပါဦးဗျ သ...သရဲ "

အသံမျိုးစုံအော်ဟစ်ပြီး ငါးယောက်သား ရွာဖက်ဆီသို့ ဦးတည်ပြေးလွှားလာခဲ့၏ ။ ရွာသို့ရောက်သော် မောပန်း နေပြီဖြစ်၍ တော်တော်နှင့် စကားမပြောနိုင်သေး ။ အမောပြေတော့မှ သူတို့ထဲတွင် အသက်အကြီးဆုံး အဘဦး ဟန်သာက အကျိုးအကြောင်းပြောပြလေသည် ။ တစ်ကြိမ်တစ်ခါမျှ မကြုံဖူး၍ ရွာသားများစိတ်ထဲတွင် သို့လော သို့လော နှင့် တွေးတောကြောက်ရွံ့ကုန်ကြလေတော့သည် ။ ရွာပတ်ဝန်းကျင်တွင်ကား အမှောင်ထုသည် တိတ်ဆိတ် စွာ ဆက်လက်ကြီးစိုးလျှက်.... ။

(၃)

နံနက်မိုးလင်းသည်နှင့် ရွာသူကြီးက သရဲခြောက်ခံရသော ရွာသားငါးယောက်အား ခေါ်ဆောင်လျှက် ရွာမြောက်ဖက်ရှိ ကျောက်ကလပ်များ ရှိရာသို့ သွားရောက်ကြည့်ရှူကြလေသည် ။ ဘုရား...ဘုရား.... သူတို့ ညက တင်ထား ခဲ့သော အလောင်းကောင်ကြီးက လတ်တလောအသားများကို နွှာ၍ စားသောက်ထားသည့်နှယ် ။ အရိုးစုလေး သာ ကျန်ရစ်တော့သည် ။ သွေးများကား မြင်မကောင်းလောက်အောင် ရွှဲစိုနေ၏ ။ လူသေထားသည်မှာ ၂၄ နာရီ မပြည့်သေး၍ သွေးများက ခဲမနေပဲ အိုင်ထွန်းနေတုန်းရှိသေးသည် ။ ရွာသားများလည်း အဖြေရှာမရပဲ ညည်းငြူကြလေသည် ။

" အေးကွ တို့ရွာမှာ ဒါမျိုးတစ်ခါမှ အရင်တုန်းကမ ဖြစ်ဖူးပါဘူး ငှက်စားရအောင်လည်း ဒီလောက် မြန်မြန်ကုန်နိုင်မယ်မထင်ဘူး ..ကဲ ငါတို့ ပြန်ရအောင်ဟေ့ "

အပြန်လမ်းက တိတ်ဆိတ်ခြောက်သွေ့လွန်းနေ၏ ။ သူတို့ထွက်ခွာသွားရာသို့ မျက်လုံးနီနီကြီးတစ်စုံက ချောင်း မြောင်း ကြည့်ရှူနေသည်ကိုမူ ရွာသားများ မသိလိုက်ပါချေ ။

နွေခေါင်ခေါင်မို့ အပူကား တလျှပ်လျှပ်နှင့်အစွမ်းကုန်ပူပြင်းနေ၏ ။ ရော်ရွက်ဝါတို့က သစ်ပင်ကြီးများဆီမှ တ ဖျောက် ဖျောက် ကြွေဆင်းလျှက် ရှိကုန်၏ ။

" အား..ဗိုက်အောင့်တယ်အမေရေ..လုပ်ပါဦး " " ဟဲ့ နင်မချစ်ဥ ပြုတ်ရည်သောက်ထားတယ်မဟုတ်လား တကတည်း " " အား..မနေနိုင်တော့ဘူး အမေရ ဗိုက်ကထိုးအောင့်လာပြီ အန်လည်း အန်ချင်တယ်..ဝေါ့.."

ပြောပြောဆိုဆို အန်ချလိုက်သော သမီးဖြစ်သူ အေးမေကြောင့် အမေဖြစ်သူ စိတ်ပူပန်သွားသည် ။ ခက်သည်က သူတို့ရွာ တွင် ဆရာဝန်မဆိုထားနှင့် ဆေးမှူးပင် အရောက်အပေါက်နည်းလှသော အလွန်ခေါင်သည့် ရွာပင် ဖြစ်သည် ။

" ဟဲ့အေးမေ...နင် ဟိုတနေ့က ဒေါ်အိုဇာနဲ့ ရန်ဖြစ်ထားတယ်ဟုတ် မဟုတ်မှ လွဲရော ညည်းကို ဟိုကပြုစား လိုက်ပြီ ထင်တယ် ငါအတန်တန်မှာထားရဲ့နဲ့အေ.. ဟိုတလောကတင် သူနဲ့ မတည့်တဲ့ နန်းမူတောင် မီးမဖွားနိုင် လို့ သေသွားတာ ဘာကြာသေးလို့တုန်း ညည်းအေ မဖြစ်သေးပါဘူး သူ့ကို သွားတောင်းပန်လိုက် " " အို ဒီအဖွားကြီးကို ဘာလို့ တောင်းပန်ရမှာတုန်း မတောင်းပန်နိုင်ပါဘူး "

စိတ်ပူပန်စွာ ပြောနေသော မိခင်ဖြစ်သူကို ပြန်လည်ပြောဆိုရင်း သူမအန်ထားသော အောက်ကို ငုံ့ကြည့်လိုက်တော့

" အား..."

စူးရှစွာ အော်လိုက်သော အသံကြောင့် မိခင်ဖြစ်သူက ပြေးပြီး လာကြည့်လေသည် ။

" ဟဲ့ ...ဆံပင်ချည်တွေပါလား အောင်မလေး ကယ်ကြပါဦးတော့ "

အော်ဟစ်လိုက်သော အသံကြောင့် အိမ်နီးနားချင်းများ လာေ၇ာက်ကြည့်ရှူကြရာ ခဏတွင်းပင် လူအုပ်ကြီး ဖြစ်သွားလေသည် ။

" ဟဲ့ ပြုစားခံရတာ ဟဲ့ " " ဒေါ်အိုဇာကြီး လက်ချက် စြဖ်မှာပေါ့အေ " " အိုအေ သူက အဲဒီလောက်တောင်စွမ်းလို့လား " " စွမ်းလို့ပဲ နန်းမူ ကိုယ်ဝန်ကြီးနဲ့ သေသွားတာ မတွေ့ဘူးလား "

ရွာသူရွာ သားများကား တစ်ယောက်တစ်ပေါက် ပြောဆိုကြကုန်၏ ။

ထိုသို့ ဖြင့် ရက်များက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးလာခဲ့သည် ။ တစ်ပတ်တိတိပြည့်သောနေ့တွင် အေးမေ တစ် ယောက်ကား ဗိုက်အလွန်အမင်းအောင့်ကာ သွေးများဆင်းပြီး အသက်ပါဆုံးရလေတော့သည် ။ ရွာသူရွာ သားများ၏ စိတ်ထဲတွင်ကား စုန်း ၊ ကဝေ အတတ် ပြုစားခြင်းအတတ်ကို အလွန်အမင်း ယုံကြည် သွားကြ လေတော့သည် ။ ရွာထဲတွင် ပြုစားခြင်းအတတ်ကို တက်ကြသူများမှာ ဒေါ်အိုဇာတစ်ဦးတည်း မဟုတ်ပေ ။ လူ ၁၀ ယောက်ခန့်မျှ စုန်းအတတ်ကို တတ်မြောက်ကြသည်ဟု အယူရှိကြလေသည် ။ ထိုသို့ စုန်းအတတ်ကို တက်သူ များနှင့် ရန်မဖြစ်ရအောင် နေကြရလေသည်။ ထိုသို့မဟုတ်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပေ သည် ။ တခါကလေည်း အေးမေသေဆုံးပြီး နောက် ၃ ရက်မြောက်နေ့တွင် ရွာထဲရှိ ဒေါ်သူဇာနှင့် ကိုဖိုးခွေးတို့ စကားများ ရန်ဖြစ်ကြလေသည်။ ဒေါ်သူဇာကား အောက်လမ်းပညာကို တဖက်ကမ်းတက်သည်ဟု အယူရှိကြ လေသည် ။ ထိုသို့စကားများပြီး နောက်တစ်ရက်တွင် ကိုဖိုးခွေးကား ပိုးထိ၍ သေဆုံးရလေ၏ ။ ဤသို့ လူများ တစတစ သေဆုံးဖန်များလာသောအခါ စောကလုံရွာကလေးအား လူများက မိစ္ဆာရွာဟု ခေါ်တွင်ကြ ကုန်လေ တော့သည် ။

(၄)

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပျက်ပြီး နှစ်လခန့်ကြာသောအခါတွင် မိစ္ဆာရွာသို့ လူနှစ်ဦး ရောက်ရှိလာ လေသည် ။ တစ်ဦးမှာ ဒေါက်တာ နိုင်ဇော်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကျွန်ုပ်ပင် ဖြစ်လေသည်။ ဒေါက်တာ နိုင်ဇော်မှာ အထူးကုဆရာဝန်တစ်ဦး ဖြစ်သော်လည်း ဆရာဝန်များပေါများသော မြို့ကြီးပြကြီးများတွင် မနေပဲ ကျေးလက် တောရွာများသို့ လှည့်လည်ဆေးကုနေသော ဆရာဝန်တစ်ဦး ဖြစ်ပေသည် ။ ဒေါက်တာနိုင်ဇော်မှာ စွန့်စားသွား လာရခြင်းကို လွန်စွာ ၀ါသနာပါလှပြီး တိုက်ရည်ခိုက်ရည်နှင့် ပြည့်စုံသော လွန်စွာ ဗဟုသုတနှင့် ပြည့်စုံသော ၊ ယောင်္ကျား ပီသလှသော ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်၏ ။ သူသည် လူနာနှင့်တွေ့လျှင် နူးညံ့ သော ဆရာဝန်တစ်ဦး ဖြစ်ပြီး ရန်သူနှင့် တွေ့လျှင် ရက်စက်တတ်သော ကျားရဲတစ်ကောင် အသွင်ရှိ လေသည် ။ ကျွန်ုပ်သည်ကား ထူးဆန်းအံ့သြဖွယ်ရာများကို ၀ါသနာပါလွန်းသည် ဖြစ်၍ ဒေါက်တာနိုင်ဇော်နှင့် အတွဲမိကာ မြန်မာပြည်တစ်ဝှမ်း လှည့်လည်သွားလာနေကြခြင်း ဖြစ်၏ ။ ထို့ပြင် ကျွန်ုပ်သည်လည်း စွန့်စားဝံ့သော ရဲရင့် လှသော ဆရာဝန်တစ်ဦး ဖြစ်သည်ကိုမူ အထူးဖော်ပြရန်လိုမည်မထင်ပေ ။

ကျွန်ုပ်တို့ နှစ်ဦးရောက်ရောက်ခြင်း မိစ္ဆာရွာကလေးအား တိတ်ဆိတ်ခြောက်သွေ့နေလေ၏ ။ ထိုအခိုက် လူလေး ယောက်မှာ စောင်နှင့် ပတ်ထားသော အရာတစ်ခုကို ၀ါးဖြင့် လျှိုထမ်းကာ ရွာမြောက်ပိုင်းသို့ သုတ်သုတ် သုတ် သုတ် လျောက်သွားလေ၏ ။ ကျွန်ုပ်တို့လည်း လမ်းဖယ်ပေးလိုက်ပြီး ရွာလူကြီးအိမ်သို့ မေးမြန်းစုံစမ်းပြီး သွား ရောက်ကြလေသည် ။ ရွာလူကြီးကား သဘောမနောကောင်းသော လူကြီးတစ်ဦး ဖြစ်လေသည်။ နာမည်မှာ ဦးထွန်းလူဖြစ်၏ ။

" ဒီလိုပါ သူကြီး ကျွန်တော်တို့ နှစ်ယောက်က နယ်လှည့်ဆေးကုနေတဲ့ ဆရာဝန်နှစ်ဦးပါ နောက်ပြီးေ တာတောင် ရေမြေ သဘာဝတွေကို လေ့လာချင်ကြတာနဲ့ ခရီးထွက်နေကြတာပါ ကျွန်တော်တို့ကို ဒီရွာလေးမှာ ခေတ္တခဏ တည်းခို ခွင့် ပြုပါခင်ဗျာ "

" အေးဗျာ ဆရာတို့ ရောက်လာတာဖြင့် ကျူပ်တော့ သိပ်အားရှိတာပဲ ဒီရွာလေးကို လူတွေက မိစ္ဆာရွာလို့ ခေါ်ကြ တယ် စုန်းကဝေ ပြုစားတာတွေ များတယ်ဆိုပြီး တော်ရုံလူတွေ မလာဝံ့ကြဘူးဆရာ အင်း.. .ပြော ရမှာတော့ အားနာပါတယ် ဆရာလေးတို့ရယ် လူနာတွေကလည်း အခုတလော တအားများလာတယ် နောက်ထူး ဆန်းတာ တွေ လည်း ကြုံနေရတယ်ဆရာ " " ဆိုစမ်းပါဦး သူကြီးရဲ့ ဘယ်လိုထူးဆန်းတာတုန်း " "ဒီလိုဗျ အခုတလော ရွာမြောက်ဖက်က တောင်ကလပ်တွေမှာ လူသေအလောင်းတွေ ပျောက် ပျောက်နေ တယ် ဗျနောက်ပြီး ရွာမြောက်ပိုင်းက ညိုအေးရဲ့ သားလေးလည်း ပျောက်သွားတယ်ဗျ အခုထိ ရှာမတွေ့သေးဘူး " " ဟုတ်ကဲ့ပါသူကြီး ကျွန်တော်တို့ အတတ်နိုင်ဆုံး အကူအညီပေးပါ့မယ် ခင်ဗျာ "

ကျွန်ုပ်က ပြောလိုက်သောအခါ သူကြီးက အလွန်အမင်း ၀မ်းသာကာ ကျွန်ုပ်တို့ နှစ်ဦးတည်းခိုရန် ရွာထဲရှိ အိမ်အ လွတ် တစ်လုံးသို့ ပို့ဆောင်ပေးလေသည် ။

" ကဲ ..ကိုသက်တန့်ရေ ဒီညတော့ တောင်ကလပ်တွေပေါ်က အလောင်တွေကိစ္စ သွားပြီး စုံစမ်းရအောင်ဗျာ နေ့လယ် က လူတစ်ဦး သွားပစ်ထားတယ်ဆိုတော့ ဒီည သွားကြည့်ရင် အဖြေတစ်ခုခုတော့ တွေ့မှာပဲဗျ "

ဟု ဒေါက်တာနိုင်ဇော်က လက်စွဲတော်သေနတ်ကို တိုက်ချွတ်ရင်း ပြောလေရာ ကျွန်ုပ်က

" သွားကြတာပေါ့ ကိုနိုင်ဇော်ရယ် ကဲ ကျွန်တော်တို့လည်း ခရီးပမ်းလာတယ်ဆိုတော့ တရေးတမော အိပ် လိုက် ကြရအောင် "

ဟုပြောလိုက်လေသည် ။ ထို့နောက် ကျွန်ုပ်လည်း အိမ်ရှေ့ဝါး ကွပ်ပစ်လေးပေါ်တက်၍ ဇရက်မင်းစည်းစိမ်ကို ခံယူ လိုက်လေတော့သည် ။ နွေဦးလေရူးကို ကျော်လွန်ပြီး မိုးရာသီရောက်လာတော့မည် ဖြစ်၍ ကောင်းကင်တွင် သိပ်၍ မပူပြင်းပဲ တိမ်များက အုံ့ဆိုင်းနေ၏ ။ လေတဖြည်းဖြည်းနှင့် အိပ်လိုက်ရာ မကြာမီ အိပ်ပျော်ခြင်း သို့ ရောက် လေတော့သည် ။

(၅)

ညနေရီတရော နွားရိုင်းသွင်းချိန်မို့ ကောင်းကင်က လိမ္မော်ရောင်ဖက်သို့ သန်းနေ၏ ။ မကြာမီနေ၀င်ကာ လော ကတစ်ခွင် အမှောင်ဓါတ်က ကြီးစိုးပေတော့မည် ။ ကျွန်ုပ်တို့လည်း စကားတပြောပြောနှင့်လျောက်လာရာ မကြာ မီ တောင်ကလပ်များ ရှိရာသို့ ရောက်လာခဲ့တော့သည် ။ နေက လုံး၀၀င်သွားပြီ ဖြစ်၏ ။ ထို့နောက် ဒေါက်တာ နိုင်ဇော်ကား သူ၏ သေနတ်ကို အဆင်သင့် ကိုင်ထားပြီး ကျောက်ကလပ်များ ရှိရာသို့ တဖြည်းဖြည်းလှည့်လည် ကြည့်ရှူနေ၏ ။ အချို့ကျောက်တောင်များပေါ်တွင် လူသေအလောင်းများပင် မတွေ့ရတော့ပဲ အရိုးစုများသာ တွေ့ရလေသည် ။ အချို့ကျောက်တောင်များအပေါ်တွင်မူ အရိုးပင်မတွေ့ရတော့ပေ ။ ထိုအခိုက် အစွန်ဖက်ရှိ ကျောက်ကလပ်ပေါ်တွင် မဲမဲသဏ္ဍာန် တစ်ခုကို တွေ့လိုက်ရ၍ ကျွန်ုပ်တို့ နှစ်ဦးကား တိုးကပ်၍ သွား ကြည့်ကြလေသည် ။ ကျောက်ကလပ်ပေါ်တွင်တင်ထားသော အရာမှာကား အလောင်းကောင်ကြီးပင် ဖြစ်လေ၏ ။ ထိုအလောင်းကောင်ကြီးကား အတွင်းကလီစာများ မရှိတော့ချေပြီ ။ အူများပွင့်ထွက်၍ တစ်စုံတစ်ဦးက စားထားသကဲ့သို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေ၏ ။ ထိုအခိုက် ကျွန်ုပ်တို့ နှစ်ဦးကျောဖက်မှ အသံဗလံများ ကြားလိုက်ရ၍ နှစ်ဦးသား ကျောက်ဆောင်အကွယ်သို့ အမြန်ပုန်းနေလိုက်ရလေသည် ။ အလို....မြင်လိုက်ရသော မြင်ကွင်းကား အလွန်ပင် အော့နှလုံးနာဖွယ်ရာ ကြောက်မက်ဖွယ် ကောင်းလှတော့သည် ။

အပိုင်း (၂)ကို ဆက်လက် စောင့်မျှော် ဖတ်ရှူကြပါရန် ။

စာရေးသူ.....သက်တန့်ချို (၂.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 1, 2010

အိန္ဒိယနိုင်ငံမှ ဆက်လက်ကြီးထွားနေသော သက်ရှိတံတား

အိန္ဒိယနိုင်ငံမှ ဆက်လက်ကြီးထွားနေသော သက်ရှိတံတား


ယနေ့လို ခေတ်ကြီးထဲမှာ ကိရိယာ တန်ဆာပလာမပါပဲနဲ့ လူတွေအတွက် အသေးငယ်ဆုံး တံတားလေးတစ်ခု တည်ဆောက် မယ်ဆိုရင်တောင်မှ လွယ်ကူလှတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပါဘူး ။ သဘာဝတရားကြီးက ကျွန် တော် တို့ကို အံ့သြဖွယ်ရာတွေ ဆောင်ယူလာပေးပါတယ် ။ အိန္ဒိယနိုင်ငံမှ မိုးသစ်တောတွေထဲမှာ သဘာဝ အ လျောက်ရှင်သန်ကြီးထွားနေတဲ့ တံတားတစ်စင်းကို ဖော်ပြပေးလိုက်ပါတယ် ။







အိန္ဒိယမှ Cherraphunji , Meghalaya မှာ သဘာဝအလျောက် ရှင်သန်ကြီးထွားနေတဲ့ သက်ရှိတံတားရဲ့ ပုံတွေ ကို သင်တွေ့မြင်နိုင်ပါတယ် ။ Ficus elastica ဆိုတာကတော့ သဘာဝအလျောက် ဒုတိယအမြစ် (secondary roots) တွေကို ပွားများစေတဲ့ အပင်တစ်မျိုး ဖြစ်ပြီး အဲဒီအပင်တွေ စုပေါင်းခြင်းအားဖြင့် တံတားတစ်စင်း ဖြစ်ပေါ် နေတာကို အံ့သြဖွယ်ရာ တွေ့မြင်ရပါလိမ့်မယ် ။ အချို့သော လူမျိုးစုတွေဟာ မိုးရသီ ရေလွှမ်းမှုတွေနဲ့ ကြုံတွေ့ ရတဲ့အခါ ဒီအပင်တွေကို အသုံးပြုပြီး တကယ့်တံတား ဖြစ်အောင်လည်း ပြုလုပ်ကြပါသေးတယ် ။

စာရေးသူ.....သက်တန့်ချို (၁.၄.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................