Monday, October 10, 2011

သံလမ်း



သံလမ်း

ပြာကျလောက်အောင် လောင်ကျွမ်းနေတဲ့
နွေရာသီရဲ့ အရောင်မဆိုးသော နေ့ရက်များဟာ
တစ္ဆေဆန်ဆန်...ညှိုးလျော်နေပါတယ်...

ပြက္ခဒိန်ထဲက စနေတစ်ရက်ဟာဖြင့်
လွန့်လူးပျင်းတွဲစွာ...ခုန်ပေါက်နေရဲ့
ဟော...... သင်တို့ကြားရဲ့လား
တ၀ုန်းဝုန်း ကျယ်လောင်သံများနဲ့
သူတို့ဟာ...တစ်စင်းပြီးတစ်စင်း
ကျွန်တော့်...ကျောပေါ် ဖြတ်နင်းကျလိမ့်ဦးမယ်

ပြီးတော့......နေ၀င်သွားကြမယ်
ပြီးတော့...နေထွက်လာဦးမယ်
ပြီးတော့..... မိုးတွေရွာ
ပြီးတော့.....နှင်းတွေကျ
ပြီးတော့......
ပြီးတော့......

ကျွန်တော်ကတော့ အေးစက်စက်မျက်နှာထားနဲ့
ထုံးစံအတိုင်းလဲလျောင်းနေရပါဦးမယ်

သက်တန့်ချို
အောက်တိုဘာလ ၉ ရက်နေ့

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 5, 2011

ရွှေနှင့်ကျန်းမာရေး

ရွှေနှင့်ကျန်းမာရေး



ရွှေကို ဟိုးရှေးယခင်ကတည်းကစပြီး အလှအပ ပစ္စည်းတစ်ခုအဖြစ်သာမကပဲ အဖိုးတန် ရတနာတစ်ခုအဖြစ်ပါ လူတွေ ဟာ အစဉ်အဆက်သုံးစွဲခဲ့ကြပါတယ် ။ ရွှေဟာ အက်တမ်အမှတ်စဉ် ၇၉ ရှိပြီး သိပ်သည်းဆကတော့ 20'C မှာဆိုရင် 19.3 g.cm-3 ရှိပါတယ် ။ ရွှေရဲ့ အရည်ပျော်အမှတ် Melting point ဟာ 1062 °C ဖြစ်ပြီးတော့ Boiling point ကတော့ 2000 °C ဖြစ်ပါတယ် ။ ရွှေကို စတင် ရှာတွေတွေ့ရှိချိန်ကတော့ c.a 3000 BC ခန့် ကဖြစ်ပါတယ် ။ ရွှေဟာ metal တစ်မျိုးဖြစ်ပြီး အတုံးအခဲပုံသဏဏ္ဍာန်မှာ အ၀ါရောင်ဖြစ်ပြီးတော့ အသေအချာ ခွဲခြမ်း စိတ်ဖြာကြည့်မယ်ဆိုရင်တော့ အနက်ရောင် ၊ ပတ္တမြားရောင်သို့မဟုတ် ခရမ်းရောင်ရှိပါတယ် ။ ရွှေ ၂၈ ရရမ်ဟာ မြေအောက် 300 square feet ကို ကောင်းစွာ ခံနိုင်ရည်အားရှိပါတယ် ။ အပူနဲ့လျှပ်စစ်ကို ကိုကောင်းစွာ ကူးစက်ပေးနိုင်တဲ့ good conductor ဖြစ်ပြီး ရွှေရဲ့ strength ကို ပိုကောင်းစေဖို့အတွက် လက် ၀တ်ရတနာပြုလုပ်တဲ့အခါမှာ တခြားသော သတ္တုနဲ့ရောစပ်ခြင်း ( alloy) ကို လုပ်ဆောင်ရပါတယ် ။

ကာရတ်ဆိုတဲ့စကားလုံးကတော့ ရွှေစစ် ၂၄ ကာရက် စသဖြင့် ရွှေပါဝင်မှု ရာခိုင်နှုန်း ပမာဏကို ညွှန်း ဆိုသော ဝေါဟာရဖြစ်ပါတယ် ။ ရွှေရဲ့ ဒြပ်ပေါင်းကတော့ auric chloride (AuCl3) နဲ့ chlorauric acid (HAuCl4) တို့ဖြစ်ကြပါတယ် ။

ရွှေနှင့်ပတ်ဝန်းကျင်



ရွှေဟာ တစ်ကမ္ဘာလုံးမှာ background level မှာဆိုရင်တော့ 0.03 g/1000 kg (0.03 ppm by weight) လောက် ထိ ဖြန့်ကျက် တည်ရှိနေပါတယ် ။ ရွှေဟာ စမ်းချောင်းအောက်ခြေတွေ မြေလွှာ အပွင့်အ ချပ်တွေနဲ့ ကြီးမားတဲ့ ကျောက်တုံးကျောက်စိုင်တွေမှာ ကျစ်လစ်သိပ်သည်းစွာ တည်ရှိနေပြီး သူတို့ကို ရွှေကျင် ခြင်းနည်း အားဖြင့် ကျင်ယူရရှိနိုင်ပါတယ် ။ သဘာဝအလျှောက် လွပ်လပ်စွာ ရှာဖွေတွေ့ရှိနိုင်ပြီး သလင်းကျောက် ၊ သံတိုက်ကျောက်နဲ့တခြား သတ္တုတွေနဲ့လည်းဆက်စပ်မှုရှိပါတယ် ။ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ကြည့်မယ် ဆိုရင်တော့ တစ်နှစ်ကို ၂၅၀၀ တန်ထွက်ရှိနိုင်ပါတယ်လို့ ခန့်မှန်းထားကြပါတယ် ။ ရွှေကို အဓိက မိုင်းခွဲရှာဖွေ ကြတဲ့နေရာတွေကတော့ တောင်အာဖရိက ဒါ့ကိုတာ နဲ့ နီဗာတာ တောင်ပိုင်း ၊ ကနေဒါနဲ့ ရုရှားနိုင် ငံတို့ဖြစ်ပါတယ် ။ ရွှေကို ပင်လယ်ရေထဲမှာလည်းရှာတွေ့နိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို အ ကျိုး သက်ရောက် မှု မှမရှိစေဘူးလို့ဆိုပါတယ် ။

ရွှေနှင့်ကျန်းမာရေး

ရွှေမှုန်တွေကို အကြာကြီးရှုသွင်းမိလို့ဖြစ်စေ ရှုရှိုက်မိလို့ဖြစ်စေ အသက်ရှုလမ်းကြောင်းမှာ မသက်မ သာဖြစ်စေ ပါတယ် ။ ရွှေကို အကယ်၍ မျိုချစားသုံးမိတယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးမရှိပါဘူးလို့ ခန့်မှန်းရပါတယ် ။ အရေပြား မှာ ဆိုရင်တော့ ဓါတ်မတည့်တဲ့လူတွေမှာ ကျိန်းစပ်စပ်နဲ့ ဓါတ်မတည့်သော ဖြစ်စဉ်တွေ ကြုံတွေ့ရနိုင် ပါတယ် ။ မျက်လုံးမှာဆိုရင်လည်း ကျိန်းစပ်စပ်ခံစားရနိုင်ပါတယ် ။ ရွှေကို လေးဖက်နာ အဆစ်အ မြစ်ရောင်ရော ဂါ (Rheumatoid arthritis ) အတွက် ကုသတဲ့နေရာမှာ အသုံးပြုကြပြီး အဲဒါကို Chrysoteraphy လို့ခေါ် ပါတယ် ။ အဲဒါကို သာမန် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ non-steroid anti-infiammatory drugs တွေပေးလို့မသက်သာတဲ့အခါမှာ အသုံးပြုကြပါတယ် ။

ရွှေနှင့်အရေပြားအလှအပ



အထူးသဖြင့် အိန္ဒိယ လူမျိုးတွေအဖို့တော့ ရွှေနဲ့ အလှအပဆိုတာ တွဲစပ်မြင်ယောင်လို့ရတဲ့အ ရာတစ် ခုဖြစ်ပါတယ် ။ ရိုးရာအရ ရွှေကို တန်ဖိုးမြင့်မားစွာရောင်းဝယ်ကြပြီး အလှအပအတွက် ဆင်မြန်းကြပါတယ် ။ ရွှေကို လက်ဝတ်ရတနာအဖြစ် တန်ဖိုးထားဝတ်ဆင်ကြတဲ့နေရာမှာ အိန္ဒိယနိုင်ငံဟာ အထင်ရှားဆုံး ပဲဖြစ်ပါ တယ် ။ ရှေးဟောင်းလူမျိုးစုတွေရဲ့ယုံကြည်မှုအရ ရွှေဟာ Ayurveda ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သဘာဝ အနာ ကျက်စေသော Natural healing အစွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ် ။ ရွှေမှာ အနာရောဂါတွေကို ကုသနိုင် တဲ့ Cures ကို သက်သေပြနိုင်တဲ့မျက်မြင်သက်သေတွေရှိတယ်လို့ အခိုင်အမာ ယုံကြည်ထားကြပါတယ် ။ ရှေးဟောင်းအီဂျစ်လူမျိုးတွေကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှု မျိုးနွယ်စုတွေကလည်းရွှေကို အနာရောဂါ အမျိုးမျိုး မှာ ကုသဖို့ အသုံးပြုကြတယ်လို့ ဆိုပါတယ် ။ Ayurvedic မှတ်တမ်းမှာ ရွှေနဲ့အခြားသော သတ္တုဓါတ်တွေ ကို ရောဂါအမျိုးမျိုမှာအသုံးပြုရတဲ့အညွှန်းတွေကို ဖော်ပြထားပါတယ် ။ ယခု လတ်တလော မှာတော့ ရွှေ ကို နှလုံးရော ဂါအမျိုးမျိုးအတွက်အသုံးပြုကြပြီး သွေးလည်ပတ်မှု စနစ်ကိုကောင်းစေ တယ်လို့ဆို ပါတယ် ။ ရှေး ယခင် ကဆိုရင်တော့ ကိုယ်ဝန်ဆောင်သည်တွေဟာ ဗိုက်ပေါ်မှာ ရွှေနဲ့လုပ်တဲ့ ကြိုးတွေကို ပတ်ထားလေ့ ရှိကြပါတယ် ။ ကလေးငယ်ရဲ့ နှလုံးကိုကောင်းစေပြီး အမေရဲ့ ရေမွှာရည်ကိုလည်း ရွှေ ဓါတ်တွေက လွှမ်းမိုးမှုရှိ တဲ့အတွက်ဖြစ်ပါတယ် ။ ရွှေကို အချို့ဆို သောက်သုံးဖို့ Oral medication အတွက်ပါ ညွှန်လေ့ရှိကြ တယ်လို့ဖော် ပြထားပါတယ် ။

လေ့လာစမ်းသပ်မှုတွေအရ ရွှေဟာ ဘတ်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့အစွမ်းရှိယုံသာမကပဲ အရေပြာထဲး ကို အောက်ဆီဂျင်မော်လီကျူးတွေ သယ်ယူပို့ဆောင်တဲ့နေရာမှာလည်းကူညီပေးပါတယ် ။ ဆဲလ်တွေရဲ့လုပ်ဆောင်မှုကိုလည်း အကျိုးသက်ရောက်စေမှုဖြစ်ပြီး စွမ်းအင်ပမာဏကိုရရှိစေပါတယ် ။ ဒါဟာ အရေပြားကို တောက်ပနေစေမှာဖြစ်ပြီး ဆဲလ်တွေကို အသစ်ပြန်လည်ဖြစ်နေစေမှာဖြစ်ပါတယ် ။ အရေပြား ရဲ့ နုပျိုလန်းဆန်းနေမှုဟာ ဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ဖြစ်လာတဲ့ ဖြစ်စဉ်အပေါ် မူတည်နေပါတယ် ။ ဒီလို Cell renewal process ကလည်း အကြောင်းအချက်များစွာအပေါ်မူတည်နေပါတယ် ။ Ultraviolet ရောင် ခြည် တွေနဲ့ ဓါတုလေထု ညစ်ညမ်းစေသောအရာတွေကြောင့် အဆိပ်အတောက် နဲ့ ဘေး ထွက် ပစ္စည်းတွေ များလာခြင်းဟာ ဆဲအသစ် တစ်ခုကနေ တစ်ခုကို ကူးပြောင်းတဲ့နေ ရာမှာ နှေးကွေးစေ ပါတယ် ။ ဓါတ် တိုး ဖြစ်စဉ်တွေကနေ ကိုလာဂျင်အမျှင်တွေကို ထိခိုက်စေပြီး ကိုလာဂျင်ဆိုတာကတော့ အရေ ပြားအောက် က ထောက်ပံ့ထားတဲ့ တစ်ရှူးတွေဖြစ်ပါတယ် ။ Pure gold ဟာ oxidation damage ကို လျော့ နည်းစေပြီး အရေပြားကို တင်းရှင်းနုပျို နေစေပါတယ် ။

ရွှေဟာ Lymphatic drainage နဲ့ သွေးလည်ပတ်မှုစနစ်ကိုလည်းကောင်းမွန်စေပြီး အရေပြားကို ဖြူစင်ဝင်း မွတ်စေတဲ့နေရာမှာ မလိုလားအပ်တဲ့ toxins နဲ့ wastes တွေကို ဖယ်ရှားပေးပါတယ် ။ ဒါကြောင့် ရွှေ ဟာအ ရေပြားရဲ့ ပုံမှန်မှန်လုပ်ဆောင်ချက် functions တွေကို ကောင်းမွန်စေပြီး ကျန်းမာတဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်ခြင်းကို အားပေးတာကိုတွေ့ရပါတယ် ။

နောက်ဆုံး ဘီဘီစီ သတင်းဌာနမှာဖော်ပြထားတဲ့ သတင်းလေးကိုလည်း ဖော်ပြပေးချင်ပါတယ် ။ ကင်ဆာကုသ မှုကိုလေ လာတဲ့ စမ်းသပ်မှု အသစ်တွေအရ ငွေနဲ့ရွှေဟာ အရင်တွေးထင်ထားတာတွေထက်ပိုပြီး တန်ဖိုးရှိလို့လာ ပါပြီ ။ နယူးဇီလန်နဲ့ အော်စတြေးလျှ မှ လေ့လာ သူတွေက ရွှေနဲ့ ငွေဒြပ်ပေါင်းတွေ အသုံးပြုပြီးလုပ်ထား တဲ့ဆေးတွေ ဟာ ကြွက်တွေမှာ သားဥအိမ်ကင် ဆာဆဲလ်တွေကို သတ်နိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ် ။ ကင်ဆာ ဆဲလ်တွေကို ၀န်းရံထားတဲ့ mitochondrial အမြှေးပါးမှာ protein energy force ကို ပျက်ဆီးစေတဲ့ ဆေးတွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ် ။ ပရိုတိန်းအမြှေးပါးဟာ သာမန်ဆဲလ်တွေထက် ကင်ဆာ ဆဲလ်တွေမှာပိုမိုပြီး အားပြင်းမြင့်မားလေ့ရှိပါတယ် ။ သားဥအိမ်ကင်ဆာဆဲလ်တွေဟာ ကင်ဆာကု သဆေးဖြစ်တဲ့ Cisplatin နဲ့မကုသနိုင်ခြင်းဟာ Cisplatin ဟာ DNAမှာ အလုပ်မလုပ်ပဲ no charge ဖြစ်တဲ့အတွက်ဖြစ်ပါတယ် ။ Auckland University မှ သိပ္ပံပညာရှင်က chemotherapy ရဲ့ ဘေးထွက် ဆိုးကျိုးဟာ တခါတရံမှာ ဆေးတွေရဲ့ သီးခြားကင်ဆာဆဲလ်တစ်ခုချင်းစီကို တိုက်နိုင်တဲ့ အစွမ်းမရှိခြင်းကနေ ဖြစ်ပေါ် လာရတယ်လို့ဆိုပါတယ် ။ ရွှေနဲ့ ငွေဒြပ်ပေါင်းကုသမှုတွေဟာ ပျို့အန်ခြင်းကဲ့သို့ ဘေးထွက် ဆိုးကျိုးများ မရှိဘူးလို့ ယုံကြည်ကြပါတယ် ။ Berners-Price ဒြပ်ပေါင်းတစ်ခုရဲ့ ပြင်းအားနဲ့ပျော့အားဟာ သီးခြားဆဲလ် တစ်ခုချင်းစီကို တိုက်ခိုင်နိုင်မှု level ကိုပြောင်းလဲစေနိုင်တယ်လို့ဆိုပါတယ် ။

အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ရွှေဟာ တန်ဖိုးရှိ သတ္တုတစ်မျိုးဖြစ်တာနဲ့အညီ သဘာဝ ပတ်ဝန်း ကျင်ကို အန္တရာယ်မပေးခြင်း ၊ ကျန်းမာရေးအတွက် အများစု အထောက်အကူပေးနိုင်ခြင်း လက်ဝတ် ရတနာ အလှအပရေးရာအတွက်သာမကပဲ အရေပြားချောမွတ်ဖြူဝင်စေဖို့အတွက်ပါ အထောက်အ ပံ့ပေးတဲ့အ တွက် အလွန်ကို အသုံးဝင်တဲ့ သတ္တုတစ်မျိုးဖြစ်ကြောင်းတင်ပြလိုက်ရပါတယ် ။

Reference links
1.http://www.lenntech.com/periodic/elements/au.htm
2.http://www.beauty-cosmetic-guide.com/gold.htm
3.http://news.bbc.co.uk/2/hi/health/168004.stm

သက်တန့်ချို
အောက်တိုဘာ ၅ ရက်နေ့

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 4, 2011

တဟွတ်ဟွတ်နဲ့ဆိုးတဲ့ချောင်း

တဟွတ်ဟွတ်နဲ့ဆိုးတဲ့ချောင်း



ချောင်းဆိုးခြင်းကို မခံစားရဖူးတဲ့လူရယ်လို့ မရှိပါဘူး ။ ချောင်ဆိုးခြင်းကို အင်္ဂလိပ်လိုတော့ cough လို့ ခေါ်ပြီး လက်တင် ဘာသာအရတော့ tussis လို့ခေါ်ပါတယ် ။ ချွဲသလိပ်တွေ ၊ ယားယံစေတဲ့အရာတွေနဲ့ ပြင်ပ ဖုန်မှုန့် နဲ့ ပိုးမွှားတွေ တွေကို သန့်စင်ပေးစေဖို့အတွက် ခဏခဏ ချောင်းဆိုးပေးခြင်းအားဖြင့် ကူညီပေးပါတယ် ။ ချောင်း ဆိုးခြင်းကို သေချာလေ့လာကြည့်မယ်ဆိုရင် ဖြစ်စဉ် ၃ခု နဲ့ဖွဲ့စည်းထားတာကိုတွေ့ရပါတယ် ။ ပထမကတော့ ရူသွင်းခြင်း Inhalation ဖြစ်ပြီး ဒုတိယကတော့ ပိတ်ထားတဲ့ glottis ကိုဆန့်ကျင်ပြီး အားနဲ့ ရှူထုတ်ခြင်း (forced exhalation) ဖြစ်ပါတယ် ။ နောက်ဆုံးအဆင့်ကတော့ glottis ကိုဖွင့်ပြီး အဆုတ်ထဲမှ လေတွေကို လွှတ်ထုတ် လိုက်ခြင်းဖြစ်ပါတယ် ။ ဒီအခါမှာ ကျယ်လောင်သော အသံထွက်ပေါ်လာပါတယ် ။ ချောင်းဆိုးချင်းဟာ အစီစဉ်တ ကျ ထိမ်းချုပ်လို့ရနိုင်တာရှိသလို ထိမ်းချုပ်လို့မရနိုင်လောက်အောင် ဆိုးနေတာတွေလည်းရှိပါတယ် ။

ခဏခဏချောင်းဆိုးနေပြီဆိုရင်တော့ ရောဂါတစ်ခုခုရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေတာဖြစ်ပါတယ် ။ များစွာသော ဗိုင်းရပ်စ်တွေနဲ့ ဘတ်တီးရီးယားတွေဟာ ကူးစက်ခံရတဲ့လူကို ဒုက္ခပေးပြီး ချောင်းဆိုးစေလေ့ရှိပါတယ် ။ ဒီလိုချောင်း ဆိုးခြင်းကတဆင့် ရောဂါပိုးမွှားတွေကို တခြားလူတွေကို ကူးစက်စေခြင်းနည်း လမ်းတစ်ခု လည်းဖြစ် ပါ တယ် ။ အများစုမှာတော့ ချောင်းဆိုးခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာပိုးဝင်ခြင်း ( Respiratory tract infection) ကြောင့်ဖြစ်ပြီး အသက်ရှုကြပ်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ လေထု ညစ်ညမ်းခြင်း ၊ ပန်းနာ ရင်ကြပ်ရောဂါ ၊ အစာအိမ်နှင့်အူလမ်းကြောင်းမအီမသာဖြစ်၍ ပြန်လည်ပျို့အန်ခြင်း ( GERD) ၊ နာတာ ရှည် လေ ပြွန်ရောင်ခြင်း ၊ အဆုတ် အလုံးအကြိတ်များ ၊ နှလုံးပျက်ဆီးသောရောဂါနဲ့တခြား ACE Inhibitors ကဲ့ သို့သောဆေးများက ချောင်းဆိုးခြင်းကိုပိုပြီးဆိုးဝါးစေပါတယ် ။



ချောင်းဆိုးခြင်းကို ကုသခြင်းကတော့ ဖြစ်စေတဲ့အကြောင်းအရာလိုက်အပေါ်မူတည်ပါတယ် ။ ဥပမာ ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် ACE inhibitors ဆေးများအား ဖြတ်ခြင်း ။ အချို့သောလူနာများကတော့ ပြင်ထန်သော ရောဂါများကို ကြောက်လန့်တတ်ကြတဲ့အတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း (reassurance) လုပ်ဖို့လိုပါတယ် ။ ချောင်းဆိုးပျောက်ခြင်းကိုသက်သာစေတဲ့ Codeien သို့မဟုတ် Dextromethorphan လိုမျိုးဆေးတွေကိုတော့ တခါတရံညွှန်းကြပါတယ် ။ဒါပေမယ့်လည်း အကျိုးသက်ရောက်မှုက အနည်းငယ်ပဲရှိပါတယ် ။ တခြားကုသမှုကတော့ လေ၀င်ပေါက် ရောင်ရမ်းခြင်း (airway inflammation) ကို အဓိကထားကုသခြင်း သို့မဟုတ် ချွဲသလိပ် များကို ပိုမို စွန့်ထုတ်နိုင်ရင် ကြိုးစားခြင်းပဲဖြစ်ပါတယ် ။ ချောင်းဆိုးတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တဲ့အတွက် အလွန်အမင်း ဖိနှိပ်စရာတော့မလိုပါဘူး ။

အမျိုးအစားများ

ချောင်းဆိုးခြင်းကို သူ့ရဲ့ ကြာချိန် ၊ ပုံစံ ၊ အကြိမ်အရေအတွက် ပေါ်မူတည်ပြီးအမျိုးအစားခွဲခြားပါတယ် ။ ကြာချိန် (duration) ကတော့ လတ်တလော acute (sudden onset) အဖြစ် ချောင်းဆိုးခြင်း ၃ ပတ်အောက်ကို သတ် မှတ်ပါ တယ် ။ အကယ်၍ ၃ ပတ်နဲ့ ၈ ပတ်ကြားချောင်းဆိုးနေပြီဆိုရင်တော့ subacute အဖြစ်သတ် မှတ်ပါတယ် ။ ၈ ပတ်ထက်ကျော် ပြီးချောင်းဆိုးနေမယ်ဆိုရင်တော့ chronic လို့ သတ်မှတ်ပါတယ် ။ ချောင်း ဆိုးခြင်း ဟာ ချောင်းခြောက် (productive /dry ) သို့မဟုတ် ချွဲချောင်း ( ချောင်းဆိုးသောအခါ ချွဲပါခြင်း ) လို့ ခွဲထားနိုင်ပါတယ် ။

ချောင်းဆိုးခြင်းဟာ ညဖက်မှသာလျှင်ချောင်းဆိုးခြင်း Nocturnal cough ဖြစ်နိုင်သလို နေ့ရော ညရောတချိန် လုံးဆိုးနေတာလည်းဖြစ်နိုင်ပါတယ် ။ ချောင်းဆိုးခြင်းရဲ့ လက္ခဏာတွေအ များကြီးရှိတဲ့အ နက်လူကြီးတွေ အတွက် ရော ဂါအမည်သတ်မှတ်ဖို့မလွယ်ပေမယ့် ကလေးတွေကို ရောဂါအမည်တပ်ခြင်း diagnosis မှာတော့ အလွန်အ သုံးဝင်ပါတယ် ။ စူစူရှရှပြတ်တောက်ပြတ်တောက် ချောင်းဆိုးခြင်း (Staccato cough ) ဟာ Chlamydia pneumonia ကြောင့်ဖြစ်နိုင်သလို တဟွတ်ဟွတ်နဲ့ချောင်းဆိုးခြင်း (barky cough) ဟာ သူငယ် နာချောင်းဖြစ်တယ်လို့ ယေဘူယျသတ်မှတ်ပါတယ် ။ ကလေးတွေမှာချောင်းဆိုးခြင်းကတော့ ပုံမှန် ဇီဝ ကမ္မ ဖြစ် စဉ်ကြောင့်ဆိုးခြင်းဖြစ်နိုင်သလို နောက်ခံရောဂါတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ် ။ ကျန်းမာနေ တဲ့ ကလေး တစ်ယောက်မှာ တစ်နေ့ ဆယ်ကြိမ်လောက်ချောင်းဆိုးခြင်းဟာ ဘာရောဂါမှ မရှိပဲ ပုံမှန်ဖြစ်စဉ် တစ်ခု လည်းဖြစ်နိုင်ပါတယ် ။ Acute နဲ့ Subacute ချောင်းဆိုးခြင်းယေဘူယျကတော့ အသက်ရှုလမ်းကြောင်းထဲ ဗိုင်းရပ်စ်ပိုး ၀င်ခြင်းကြောင့်ဖြစ်နိုင်ပါတယ် ။ နာတာ ရှည်ချောင်းဆိုးနေ တဲ့လူကြီးတစ်ယောက်မှာတော့ (ဥပမာ ၈ ပတ်ထက်ကျော်ချောင်းဆိုးနေခြင်း ရဲ့ ၉၀% ကျော်ဟာ ပန်းနာရင်ကြပ် ၊ လေပြွန်ရောင်ခြင်း ၊ GERD စသည်တို့ကြောင့်ဖြစ်နိုင်ပါတယ် ။

ချောင်းဆိုးခြင်းကို အဖြစ်များစေသောအချက်များ



Postnasal drip

နာခေါင်းရဲ့အနောက်ဖက်ထဲကို နှာရည်များစီးဝင်ပြီးလည်မျို (throat) အနောက်ဖက်ထဲ စီးဝင်ခြင်းအားဖြင့် အဲဒီအရည်တွေဟာလ ည်ချောင်းကို မသက်မသာဖြစ်စေခြင်း ချောင်းဆိုးခြင်းကို ပိုဆိုးစေပါတယ် ။ အဲဒါကို Postnasal drip လို့ခေါ်ပါတယ် ။ Postnasal drip ဟာ အလာ့ဂျစ်ရှိတဲ့သူတွေ ၊ အအေးမိဖျားနာသူများ ၊ နာမွှန်ခြင်း အစရှိတဲ့သူတွေမှာအဖြစ်များပါတယ် ။ လက္ခဏာတွေကတော့ နှာရည်ယို ခြင်းနှာမွှန်ခြင်းတို့ဖြစ်ပြီး လည်မြိုရဲ့ အနောက်ဖက်မှာ အရည်တွေရှိနေတဲ့ ခံစားမှုကိုရရှိမှာဖြစ်ပါတယ် ။ ဒါကြောင့် အဲဒီအရည်တွေကို ဖယ်ရှား ဖို့အတွက် ခန္ဓာကိုယ်ကနေချောင်းဆိုးစေခြင်းအားဖြင့် ခဏခဏ ကြိုးစားနေမှာဖြစ်ပါတယ် ။ ဒါပေ မယ့်လည်းတချို့သောလူနာတွေမှာတော့ Silent postnasal drip ကိုခံစားရပြီး ဘာလက္ခဏာမှ ခံစားရ တာမျိုးမ ရှိတာလည်း ဖြစ်နိုင်ပါတယ် ။

Asthma and seasonal cough

ပန်းနာရင်ကြပ်ဟာ လူကြီးတွေမှာ နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ ဒုတိယ အဖြစ်အများ ဆုံးအချက် ဖြစ်ပါတယ် ။ ကလေးတွေမှာလည်းအဖြစ်များပြီး အသက်ရှူတဲ့အခါ တရွှီရွှီမြည်မယ် အသက်ရှူရခက်ခဲလာမယ် အချို့သောလူတွေကတော့ အဲဒါကို cough cariant asthma လို့ ခေါ်ကြပြီး ချောင်းဆိုးခြင်းဟာ အဲဒီမှာဆို ရင်ပန်းနာရင်ကြပ်ရဲ့တစ်ခုတည်းသော လက္ခဏာလည်းဖြစ်ပါတယ် ။ ပန်းနာ ရင်ကြပ်နဲ့ ဆက်နွယ်နေ တဲ့ ချောင်း ဆိုးခြင်းဟာ ရာသီအလိုက်ချောင်းဆိုးခြင်း ( Seasonal cough) လည်းဖြစ်နိုင်ပြီး အသက်ရှု လမ်းကြောင်း အပေါ်ပိုင်းပိုးဝင်ခြင်း နဲ့ဆက်နွယ်ပါတယ် ။ ဒါ့အပြင် အေးခြင်း ၊ ခြောက်သွေ့ သောလေ များ နှင့် ထိတွေ့ခြင်း ၊ အခိုးအငွေ့တွေနဲ့ ရေမွှေးရနံ့လိုမျိုးတွေကိုရှူရှိုက်မိရင် ပိုဆိုးလာပါတယ် ။

ချောင်ဆိုးခြင်းနှင့်ပြန်လည်ပျို့အန်ခြင်း ( Acid reflux)

GERD လို့ခေါ်တဲ့ အစာအိမ်နဲ့အူလမ်းကြောင်းမကောင်းတဲ့အတွက် အက်ဆစ်ဓါတ်များခြင်းကြောင့် ပြန်လည် ပျို့အန်ခြင်း ဟာ အစာအိမ်နဲ့ လည်မျိုနဲ့ ဆက်သွယ်ထားတဲ့ အစာရေမြိုပြွန် ( Oesopahgus) အတွင်းကို အက် ဆစ်တွေ ပြန်လည်ပျို့အန်ခြင်းကို ခေါ်ပါတယ် ။ ချောင်းဆိုးတဲ့လူအများစုဟာ acid reflux ကြောင့် ဖြစ်နိုင်ပြီး ရင်ပူခြင်း (heart burn )သို့မဟုတ် ပါးစပ်ထဲ ချဉ်စုပ်တဲ့အရသာကိုခံစားရမှာဖြစ်ပါတယ် ။ နာတာရှည်ချောင်း ဆိုးခြင်းကိုဖြစ်စေတဲ့အခြားအကြောင်းအချက်တွေကတော့

- အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း (Respiratory tract infection)
- ACE Inhibitors ဆေးများသောက်နေခြင်း (၂၀% ထိ လူနာတွေမှာ chronic cough ကိုဖြစ်စေပါတယ်)
- နာတာရှည်လေပြွန်ရောင်ခြင်း (Chronic bronchitis)
- အဆုတ်ကင်ဆာ စသည်တို့ဖြစ်ပါတယ် ။

စမ်းသပ်စစ်ဆေးခြင်းများ

ချောင်းဆိုးခြင်းကိုစမ်းသပ်စစ်ဆေးဖို့အတွက် ဆရာဝန်ကနေ လက္ခဏာတွေကိုမေးမြန်းပြီး စမ်းသပ်မှုပြုလုပ် မှာဖြစ်ပါတယ် ။ အကယ်၍ ချောင်းဆိုးတာ ၈ ပတ်ကျော်နေပြီဆိုရင်တော့ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း (Chest X-Ray) ကိုညွှန်လေ့ ရှိပါတယ် ။ စမ်းသပ်မှုနဲ့ ရောဂါ ရာဇ၀င် လက္ခဏာတွေကိုမူတည်ပြီးတော့ ဆရာဝန် ကနေ ဆေးဝါးပေးကုသမှာဖြစ်ပါတယ် ။ အကယ်၍ ဆေးဝါး နဲ့သက်သာလာပြီ ဆိုရင်တော့တခြား စမ်းသပ် စစ်ဆေး စရာမလိုတော့ပါဘူး ။ မသက်သာဘူး ၊ ရောဂါအမည်က ရှင်းရှင်း လင်းလင်း မဖြစ်ဘူးဆို ရင်တော့ တ ခြား စမ်းသပ်မှုတွေပြုလုပ်ဖို့လိုပါဦးမယ် ။ ဥပမာ ( Lung Function tests , Acid reflux testing ) စသည် တို့ဖြစ်ပါတယ် ။

ချောင်းဆိုးခြင်း၏ နောက်ဆက်တွဲပြဿနာများ

ချောင်းဆိုးခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း acute နဲ့ chronic ဆိုပြီးခွဲခြားထားပါတယ် ။ လတ် တလော နောက်ဆက်တွဲပြဿနာတွေကတော့ မူးဝေခြင်း ( အကယ်၍ ချောင်းဆိုးခြင်းဟာ ရှည်ကြာခြင်း နဲ့ အားစိုက်ထုတ်ရတာဆိုရင်တော့ သတိလစ်ခြင်းကိုကြုံရနိုင်ပါတယ် ) ၊ ညဖက်အိပ်မပျော်ခြင်း ၊ အန်ခြင်း ၊ မျက်လုံးနီရဲလာခြင်း ( Subconjunctival haemorrhage ) ၊ ချောင်းဆိုးစဉ်ဝမ်းသွားခြင်း ၊ အမျိုးသမီးများတွင် သားအိမ်ကျွံ့ခြင်း ၊ ချောင်းဆိုးစဉ်ဆီးသွားခြင်း စတာတွေ ကြုံရနိုင်ပါတယ် ။ ဒါ့အပြင် အလွန်အမင်း အားစိုက် ထုတ်ရမှုကြောင့် အူကျွံ့ခြင်းနဲ့တကွ မောပန်းနွမ်းနယ်ခြင်း အောက်ပိုင်းနံရိုးများအက်ခြင်း ၊ နံရိုးနုရောင်ခြင်းများ ကြုံရနိုင်ပါတယ် ။

Reference Links

http://www.uptodate.com/contents/patient-information-chronic-cough-in-adults
http://en.wikipedia.org/wiki/Cough

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သူမနှင့် မျှော်လင့်ခြင်းအလင်းတန်းများ



သူမနှင့် မျှော်လင့်ခြင်းအလင်းတန်းများ

နံနက်ခင်းရဲ့နေခြည်
သူမအပေါ် ဖြာဆင်းနေပုံက
ဒရမ်သံ..ခပ်ကြမ်းကြမ်းကို
ဖောက်ခွဲတီးခတ်ရသလိုမျိုး
ကမ္ဘာမြေကို တုန်ဟီးမိန်းမောစေတယ်

အကြည့်တစ်ချက်...
အဲဒီ အကြည့်လေးတစ်ချက်နဲ့
ဆိတ်ဖလူးပန်းရနံ့တွေသင်းဝေခဲ့
မျှော်လင့်ခြင်းအလင်းတွေ
လင်းဝေဖြာခဲ့
သူမ ဆံနွယ်ခက်ကလေးတွေ
ကျွန်တော့်ရင်ထဲ..ညို့ညို့ဝေေ၀

မျက်ဝန်းကလေးတွေ ၀င့်လက်သောတခဏ
လှုပ်ခတ်တုန်ခါသံများ (အိုး ) ရင်ထဲအထိအောင်
အေးခဲသောရေကြည်များနွေးစေ
အခါခါလည်း...ပင့်သက်ဝေ
ကျွန်တော့်အကြောင်းများလည်း
...(သူ)...တွေးနေစေ....

သက်တန့်ချို
၎ ၊ ၁၀ ၊ ၂၀၁၀

(ကဗျာတွေ အခုတလော အရမ်းပဲ ရေးချင်နေမိတယ် ဒါနဲ့ပဲ .........)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 3, 2011

ဝမ်းသာရပါတယ် ဧရာဝတီရယ်

ဝမ်းသာရပါတယ် ဧရာဝတီရယ်




ဧရာဝတီမြစ်ကြီး ပျက်ဆီးမယ့်အရေး တွေးတွေးပြီး ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်သောကတွေ များခဲ့ရပါတယ် ။ ၀မ်းသာ စရာသတင်း.. . မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းတော့မယ်တဲ့ ။ မယုံရဲသေးပါဘူး ဒါနဲ့ အစိုးရက အတိအ လင်းသတင်းကြေငြာချက်ကို စောင့်နေတုန်း အောက်တိုဘာ ၁ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွေမှာ

“ မိမိတို့ အစိုးရလက်ထက် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားမည် ”

ဆိုတဲ့ သတင်းကို ခေါင်းစီးကြီးနဲ့ ဖတ်လိုက်ရ တဲ့အတွက် အလွန်အမင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပါတယ် ။ တထိတ်ထိတ် မက်ခဲ့ရတဲ့ ဧရာဝတီရဲ့ အိပ်မက်ဆိုးတွေ နံနက်ခင်းနေရောင်ခြည်ရဲ့ လင်းဖြာမှုနဲ့ အတူ ဝေး လွင့်ပျောက်ကွယ်သွားခဲ့ရပါပြီ ။

“ မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထား ၊ ပြည်သူ များ၏ စိုးရိမ်ပူပန်မှုများကို အလေးထားဖြေရှင်းဆောင်ရွက်ပေးရန်တာဝန်ရှိ ”

ဆိုတဲ့ အစိုးရသစ်ရဲ့ စကားကိုကြားလိုက်ရတော့ ကျွန်တော်တို့ စိတ်အတွင်းသဏဏ္ဍာန်တွေထဲမှာ မြူတွေနဲ့ ဖုံးအုပ်နေ တဲ့ မျှော်လင့်ခြင်းတွေ တဖျက်ဖျက်လင်းလက်လာခဲ့ရသလိုပါပဲ ။ အဲဒီပေးပို့ချက် သ၀ဏ်လွှာ အပိုဒ် ၈ ကို ပြန် လည်ဖော်ပြရမယ်ဆိုရင်

“ နှစ် ၃၀ လျှပ်စစ်မဟာ ဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ်စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံ ၃ ခုအပါအ၀င် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ် ၄ သောင်းကျော် ထုတ် လုပ်နိုင် သည့် အလားအလာများရှိပါသည် ။ အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ ၊ မလိခ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအ၀င်ဖြစ်ပါသည် ”

လို့ ဖော်ပြထားတာတွေ့ရပါတယ် ။ ဒါကိုဖတ်ခြင်းအားဖြင့် မြစ်ဆုံစီမံကိန်းဟာ နှစ် ၃၀ လျှပ်စစ်မဟာ ဗျူဟာ စီမံကိန်း ထဲမှာ ပါဝင်ပြီး ဟိုးယခင်ထဲက Planning တွေလုပ်ထားကြောင်းသိနိုင်ပါတယ် ။ ဒါ့အပြင် မြစ်ဆုံ စီမံကိန်းနဲ့ပတ်သတ်လို့ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကို အောက်ပါအတိုင်းဖော် ပြထားတာတွေ့ ရပါ တယ် ။

“ (၁) ကချင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသော ( Land Mark ) ဖြစ်သည့် မြစ်ဆုံ သဘာဝ အလှအပပျောက်ကွယ်သွားနိုင်ခြင်း ၊
(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသားကျေးရွာများ ရေနစ်မြုပ်၍ ၄င်းတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဆုံးရှုံးပျက်ဆီးသွားနိုင်ခြင်း ၊
(၃) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ် ၍ စီးပွားဖြစ် စိုက်ပျိုးထား သည့် ရော်ဘာ စိုက်ခင်းများနှင့်ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း ၊
(၄) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များ အရည်ပျော်ခြင်း ၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည် ပျက်စီးပြီး ဆည်အောက် ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကျေပျက်ဆီးမှု ရှိနိုင်ခြင်း ၊
(၅) ဧရာဝတီမြစ်ကြီးထိခိုက်ပျက်ဆီးနိုင်ခြင်း ”

ဟုတ်ပါတယ် ။ တသွေမတိမ်းပါပဲ ။ ပြည်သူတွေရင်ထဲမှာ ခံစားနေရတာ ဒီထက်ပိုတဲ့ အချက်တွေသာ ရှိချင်ရှိမယ် မလျော့ ပါဘူး ။ ဒါကို ဒီမိုကရေစီဖော်ဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ပြည်တွေကိုယ် စားပြည်သူတွေ ရဲ့ နှလုံးသားနဲ့ရင်ဘတ်ထဲ ၀င်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ် ။ ဖြစ်သင့် တဲ့အရာတစ်ခုဖြစ်သွားရတာမို့ ဧရာဝတီအတွက် လတ်တလော စိတ်အေးရပါပြီ ။ ဒီနေရာမှာ လတ်တလော လို့ ပြောရတာ အကြောင်းရှိပါတယ် ။ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းတာမဟုတ်ပါဘူး ။ ရပ်ဆိုင်း ထားတယ်လို့ ဖော်ပြထားတာပါ ။ ဒါဆို တစ်ချိန် ဆက်လုပ်ကြဦးမှာလား ...ဒါမှမဟုတ် ဘာတွေဆက်ဖြစ်ဦးမှာလဲ အတွေးပေါင်းများစွာက ဆက်လက်ရှိနေဦးမှာပါ ။ လောလောဆယ်တော့ ကျွန်တော်တို့ စိတ်တွေ လွတ်လပ်ပေါ့ ပါးခဲ့ရပါပြီ ။

နောက်တစ်ချက်က “ အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တ ကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ” လို့ဖော်ပြထားပါတယ် ။ သဘာဝ အရင်းအမြစ်အလှအပတွေနဲ့ စီမံကိန်း တစ်ခုကထွက်လာမယ့်ဆိုးကျိုးတွေ ၊ ဒေသခံပြည်သူတွေရဲ့ သဘောထားတွေ ၊ နောက်ဖြစ်လာမယ့် Consequences တွေကို ချိန်ထိုးတွက်ဆပြီးမှ အန္တရာယ်အကင်းဆုံး စီမံကိန်းတွေကို သာဆက် လက်လုပ်ဆောင် သွားမယ်လို့ပြောတာဖြစ်တယ်လို့ ယူဆပါတယ် ။

ဆက်လက်ပြီး ပြည်သူတွေရင်ထဲဝင်မကြည့်ပဲ ထင်ရာစိုင်းကြမယ့် လူတွေကိုလည်း နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဘယ်လိုများ ဆက်လက်ဆောင်ရွက်သွားမလဲဆိုတာ ကျွန်တော်တို့အားလုံး မျက်လုံးတွေဖွင့် နားတွေစွင့်နေ ကြပါဦးမယ် ။

- နိုင်ငံတော်၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နှောက်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ ။

- နိုင်ငံတော်၏ စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး

စတဲ့ အချက်လေးတွေ ကျွန်တော်တို့အားလုံး အလေးထား ထိမ်းသိမ်းသွားရမှာဖြစ်ပါတယ် ။

ဧရာဝတီအရေးမှာ တက်တက်ကြွကြွ ပြည်သူတွေဖက်က အမြဲရပ်တည်ပေးခဲ့တဲ့ EMG ၊ မြစ်ဆုံစီမံကိန်းကနေ အမျိုးသားစည်းလုံးညီညွှတ်ရေးကို အမြတ်ထုတ်ရမယ်ဆိုတဲ့ အမေစု (ဒေါ်အောင်ဆန်းစုကြည်) ၊ နိုင်ငံတစ်ဝှမ်းမှ အနုပညာရှင်များ ၊ စာရေးဆရာများ ၊ ဧရာဝတီကိုချစ်မြတ်နိုးကြောင်း ပို့စ်တွေကို စည်းလုံးညီညွှတ်စွာ ဘလော့ဂ်တွေ ကို တင်ပေးခဲ့ကြတဲ့ ဘလော့ဂါအသီးသီးကို ဧရာဝတီ မြစ်ကြီးကိုယ်စား အထူးပဲ ကျေးဇူး တင်ရှိပါတယ် ။ အုတ်တစ်ချုပ်သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့ရခဲ့တဲ့ ဘလော့ဂ်တစ်ခုအနေနဲ့လည်း အမြဲဂုဏ်ယူပါတယ် ။ နောက် လည်း အရေးကြုံလာပါက ကျွန်တော်တို့အားလုံး သွေးစည်းညီညွှတ်ကြပါစို့ ။ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပါစေဟု တောင်းဆုများ ထပ်ခါထပ်ခါ ပြုရင်း . . . . .

သက်တန့်ချို
3rd Oct 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................