Thursday, December 20, 2012

မိသားစုဆိုတာ



မိသားစုဆိုတာ

- ရန်ပွဲတွေ နေ့စဉ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် ဒါပေမယ့် အိမ်အတွင်းမှာ နေသမျှ လုံခြုံမှုရှိတယ်

- စီးပွားရေးတွေပြေလည်ချင်မှပြေလည်လိမ့်မယ် တစ်ယောက်တစ်လုပ်စီ ဝေမျှစားခြင်းက နွေးထွေးခြင်းကိုဖြစ်စေတယ်

- ဘယ်လောက်ပဲ အတွင်းမှာ မတည့်ကြပေမယ့် အပြင်လူနဲ့ ရန်ဖြစ်တဲ့အခါ မိသားစုဆိုတဲ့ သွေးက ပေါ်လာတတ်တယ်

- ၅၂၈ အေးမြတဲ့ မေတ္တာတွေ ဖွဲ့စည်းတည်ဆောက်ထားတဲ့ စမ်းချောင်းလေးတစ်ခု အိုအေစစ်လေးတစ်ခုဖြစ်တယ်

- တခါတခါ မုန်တိုင်းတိုက်နိုင်တယ် တခါတခါ လေပြင်းတွေကျနိုင်တယ် ဒါပေမယ့် ရင်သွေးတွေကို ဘာမှ မထိခိုက်အောင်ကာကွယ်စောင့်ရှောက်ပေးချင်တာ မိသားစုစိတ်ဓါတ်ပဲ

- မိစုံဖစုံရှိတဲ့ မိသားစု တွေစည်းလုံးပျော်ရွှင်ကြရသလို မိစုံဖစုံမရှိတဲ့ မိသားစုတွေ လည်းဝမ်းနည်းစိတ်ပျက်နေကြပါနဲ့ အနည်းဆုံးတော့ မိသားစု တော်ခွင့်ရှိနေကြသေးတယ် မိသားစု ရှိနေကြသေးတယ်

- အိမ်ကြီးအိမ်ကောင်းနဲ့နေရတာ ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒါပေမယ့် အဲဒီတဲစုတ်လေးကလည်း နွေးထွေးလုံခြုံမှုကိုပေးစေတတ်တယ်

- အစားကောင်းအသောက်ကောင်းတွေ စားချင်မှစားရလိမ့်မယ် ဒါပေယ့် အဲဒီသုံးဦးစပ်ငါးပိရည်ကျိုနဲ့ ဘဲဥချဉ်ရည်ဟင်းက မိဘမေတ္တာကိုဖော်ပြနေလိမ့်မယ်

သင်ရော -- မိသားစုထဲက တစ်ယောက်လား

ဒါဆို သင့်မိသားစု ကို အခုပဲ နွေးထွေးစွာ ချစ်ခင်ယုယလိုက်ပါ ကြင်နာစောင့်ရှောက်လိုက်ပါ ဆုံးရှုံးသွားတဲ့အရာတွေဟာ ဘယ်တော့မှ ပြန်ရလေ့မရှိဘူး ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သေလွန်သွားမှ နောင်တမရစေချင်



Santa Rosa De Temuco - နံနက်ခင်းတစ်ခုမှာ အိမ်တစ်အောင်မှာ မီးလောင်နေပါတယ် ။ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်နေစဉ်မှာ အံ့သြဖွယ်ရာမယုံနိုင်ဖွယ်ရာအဖြစ်တွေကိုတွေ့ခဲ့ရတယ် ။ ကားဗုံးပေါက်ကွဲမှုကြောင့်စဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုအတွင်းကို မိခင်ခွေးမကြီးက သူ့ကလေးတွေကိုကယ်ဖို့အတွက် အသက်စွန့်ပြီးပြေးဝင်သွားခဲ့တယ် ။

အေမန်ဒါလို့ခေါ်တဲ့ဒီခွေးမကြီးဟာ တဟုန်ထိုး မီးလောင်အိမ်ထဲပြေးဝင်သွားပြီး မီးတောက်တွေကြားထဲမှာ သားငယ်ကိုရှာဖွေပါတယ် ။ ပူလောင်ပြင်းပြတဲ့မီးတောက်တွေရဲ့ လောင်ကျွမ်းမှုက သူ့ကိုမမှုစေခဲ့ဘူး သူ့ရဲ့ သားသမီးဇောကို မတားဆီးစေနိုင်ခဲ့ဘူး ။ ပြီးတော့ ဆယ်ရက်သားအရွယ်ရှိသေးတဲ့ သားငယ်ကိုတွေ့တဲ့အခါ အလျှင်အမြန်ကိုက်ချီပြီး မီးတောက်တွေထဲက တဟုန်ထိုးပြန်ထွက်လာခဲ့ပါတယ် ။ ဟော နောက်ထပ် သူ့သားသမီးလေးတွေကျန်နေသေးတယ် သူရပ်လို့မဖြစ်သေးဘူး ။

အေမန်ဒါ နောက်ထပ်တစ်ခေါက်ထပ်ဝင်သွားပြန်တယ် ဒီလိုနဲ့ သူ့ကလေးတွေ မကုန်မချင်း အထဲကိုဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ မိခင်ခွေးမရဲ့ သတ္တိတွေ မျက်ရည်ကျရလောက်အောင် ထက်မြစူးရှနေခဲ့တယ် ။ မီးသတ်သမားတွေ သူတို့မျက်စိသူတို့မယုံနိုင်ဖြစ်ခဲ့ရတယ် ။ အများစုက ဒီလောက်ရဲရင့်သတ္တိကောင်းတဲ့ခွေးကိုမမြင်ဖူးလို့ပဲဖြစ်တယ် ။

ခွေးကလေးတွေအကုန်လုံးကို အန္တရာယ်ကင်းတဲ့နေရာသယ်ဆောင်ပြီးတဲ့အခါ အေမန်ဒါဟာသူတို့ဘေးမှာ လှဲချလိုက်ပြီး ( လူတွေမှာဆို အရေးပေါ်အသက်ကယ်နည်း လို့ပြောလို့ရတဲ့ ) ခွေးကလေးတွေ့ကိုလျှာနဲ့ရက်ပေးခြင်း ချော့မြူခြင်းတွေကိုပြုလုပ်နေခဲ့တယ် ။ မျက်မြင်တွေ့သူတွေဟာ အရေးပေါ် တိရိစ္ဆာန်ကုသရေးတွေကို အမြန်ခေါ်ပြီး ခွေးမကြီးနဲ့ခွေးသားပေါက်ကလေးတွေကို ဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ကြတယ် ။ ခွေးပေါက်လေးတစ်ကောင်ပြင်းပြင်းထန်ထန် မီးလောင်ဒါဏ်ရာရခဲ့တာကလွဲလို့ ခွေးတွေအကုန်လုံးအသက်ရှင်ခဲ့ကြပါတယ် ။

ကျေးဇူးပါတယ်တယ် ရဲရင့်တဲ့မိခင်အေမန်ဒါရေ !!!!!!!

------------------------------------------------------

ကမ္ဘာပေါ်မှာ သားသမီး အသက်အန္တရာယ်ကို မိမိအသက်ပေးပြီး ကယ်ဝံ့တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာ သားသမီး ဒုက္ခရောက်နေချိန်မှာ အမြဲအားပေးအဖော်ရှိနေပေးတတ်တာ မိဘတွေပဲဖြစ်တယ်
ကမ္ဘာပေါ်မှာသားသမီး အတွက် အရာအားလုံကို စွန့်လွှတ်စွန့်စားဝံ့သူဟာ မိဘတွေပဲဖြစ်တယ်

အချိန်ရခိုက်လေး မိဘကျေးဇူးကိုမမေ့ကြပါနဲ့ ဘ၀ဆိုတာ တိုတိုလေးပါ သေလွန်သွားမှာ နောင်တတွေရ ပန်းစည်းတွေအုတ်ဂူမှာသွားပေးနေကြမယ့်အစား မသေသေးခင် မိဘတွေဆန္ဒကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးကြခြင်းအားဖြင့်မိဘကျေးဇူးဆပ်နိုင်ကြပါစေ ။

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, December 17, 2012

17.12.1984















17.12.1984

အဲဒီနေ့တုန်းက နှင်းတွေ ကျနေတာတဲ့ နှင်းတွေ အေးနေတဲ့ နေ့မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ကလေးလေးတစ်ယောက် မွေးဖွားခဲ့တယ် ။ အဲဒီကလေးလေးက မွေးတုန်းက ရုပ်အရမ်းဆိုးလွန်းတော့ သူ့မိခင်တောင်လန့်သွားတယ်ဆိုပဲ ။ ဒါပေမယ့်မိခင်မေတ္တာနဲ့ သားငယ်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ အသက် ၂ နှစ်ကျော်တော့ ၀၀ထွားထွားဖြူဖြူဖွေးဖွေး လေးဖြစ်လာလို့ လူတွေအားလုံးက တရုတ်ကြီးလို့ ချစ်စနိုးခေါ်ခဲ့ကြတယ် ။ ဒီလိုနဲ့ကလေးလေးဟာ ကာကွယ်ဆေးတွေထိုးရမယ့်အချိန်ရောက်လာခဲ့တယ် ။

အဲဒီတုန်းက သူ့မိခင်က ကလေးလေးငိုမှာစိုးလို့ဆိုပြီးကာကွယ်ဆေးထိုးခံရမယ့် သားငယ်ကို ရင်မှာပိုက်ပြီး လူတွေနဲ့ ဝေးရာနေရာလေးမှာ သွားပြီးပုန်းရှောင်နေခဲ့တယ် ။ သားငယ်ငိုသံကိုမကြားရက်တဲ့မိခင်မေတ္တာကြောင့်မိုလား ကလေးငယ်ရဲ့ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်တဲ့အစွမ်းကြောင့်လား မသိ အသက်ကြီးတဲအ့ထိ ကြီးကြီးမားမားရောဂါတော့မရှိခဲ့ဘူး ။ ဒါပေမယ့် မွေးကင်းစကနေ အသက် ၇ နှစ်လောက်ထိ ကိုယ်အပူကြီးရင် တက် တက်တဲ့ ရောဂါရှိခဲ့တယ် ။ ဒီတော့ ဆေးရုံကနေ ခါးဆီဖောက်ပြီး ရောဂါရှာရမယ်လို့ပြောတယ် ။ ခါးဆီဖောက်ရင် အောက်ပိုင်းချိတတ်တယ် ခါးဆီဖောက်ရင်အကြောဆွဲတတ်တယ် စတဲ့ ရပ်ကွက်ထဲက လွဲမှားနေတဲ့ ယုံတမ်းစကားတွေကြောင့် ကလေးငယ်မိခင်ရဲ့ အကိုဖြစ်သူက ကလေးကို ပိုက်ပြီး ဆေးရုံကနေ ခိုးဆင်းသွားခဲ့တယ် ။ အဲဒီကစပြီး ကလေးလေး ဘာရောဂါမှမဖြစ်တော့ပြန်ဘူး ။

မှတ်မှတ်ရရ ကလေးလေး ၁၀ နှစ်လောက်မှာပေါ့ ဖခင်ဖြစ်သူ က သူငယ်ချင်းတွေနဲ့စကားပြောနေတုန်း သူက စားချင်တာ မစားရလို့ ဖခင်ကိုသွားပြီး ဂျီကျတယ် ။ ဒီတော့ဖခင်ဖြစ်သူက “ သား . . သွား ဟိုး မှာသွားဆော့ချေ အဖေဒီမှာ စကားပြောနေတယ် ” လို့ သတင်းစာကို လိပ်ပြီးခြောက်လိုက်တာ ကလေးငယ်က အကြောက်လွန်သတိလစ်ပြီးဆေးရုံရောက်သွားပြန်တယ် ။ အဖေဖြစ်သူက အ၇မ်းကို စိတ်ထိခိုက်သွားပြီးကလေးလေးကို အဲဒီတုန်းက ခေတ်စားနေတဲ့ ဗိုလ်အုန်းသီး စက်ဘီးကလေးဝယ်ပေးခဲ့ပြန်တယ် ။ ကလေးလေးဘ၀မှာ အသက်ကြီးတဲ့အထိ တစ်ခါက လွဲလို့ ရန်မဖြစ်ခဲ့ဘူး ။ အဲဒီတစ်ခါက မိုးရာသီကြီးမှာပေါ့ ။ ကလေးတွေ အချင်းချင်း ဂေါ်လီရိုက်ရင်း ဂေါ်လီလုကြရင်းမတော်တဆ ရန်ဖြစ်ကြတယ် ။ ကလေးငယ်လေးက သူ့သူငယ်ချင်းကို အုတ်ခဲနဲ့ ခေါင်းကို ထုလိုက်တာ ငါးချက်လောက်ချုပ်ရတယ်ပြောတယ် ။ အဲဒီတုန်းက သူ့အဖေအမေကလည်း အရမ်းးကို တောင်းပန်ရပြီး ကျေအေးဖို့မနည်းပြောယူခဲ့ရတယ် ။ အဲဒီကတည်းကစလို့ သူ ဘယ်တော့မှ ရန်မဖြစ်ခဲ့တော့ဘူး ။

သူ့ဘ၀က မချမ်းသာဘူး သူတို့စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက် စီးပွားလေးတက်လာလိုက် မီးကလောင်သွားလိုက်နဲ့အခုတော့ ဒုံရင်းကဒုံရင်း အဲဒီကလေးလေးက ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကစည်းကမ်းတွေနဲ့ထိမ်းချုပ်ထားတယ် ။ အဖေတို့ ပညာမတတ်ခဲ့လို့ သားတို့ဆင်းရဲရတာသားတို့ကိုတော့ အဖေပညာ သင်ပေးမယ်ဆိုပြီးကျောင်းစာကိုသာဖိဖိစီးစီး လိုက်စားစေခဲ့တယ် ။သူများတွေ ဘောလုံးကန်နေတဲ့အချိန် အဲဒီကလေးငယ်ဟာ စာတွေထိုင်ကျက်နေရတယ် ။ သူများတွေ ဂိမ်းဆော့နေချိန် အဲဒီကလေးလေးဟာ သင်္ချာတွေထိုင်တွက်နေရတယ် ။ ဒီလိုနဲ့ . . . .

ကလေးလေး ကိုးတန်းကျောင်းသားကြီါ်ဖြစ်လာတယ် ။ ကျူရှင်ယူဖို့မလွယ်တဲ့သူ့ဘ၀မှာ အတန်းထဲက စာတွေကသာအဓိကဖြစ်လာခဲ့တယ် ။ ဒီလိုနဲ့ ဆယ်တန်းမှာတော့ ဆရာကောင်းသမားတွေ နဲ့ဆုံပြီး သူ့ဘ၀ အလင်းရောင်စရလာတယ် ။ မှတ်မှတ်ရရအဲဒီတုန်းက ၀ူခုံးဇတ်လမ်းတွဲတွေလာတော့သူလည်းအရမ်းကြိုက်တယ် ။ ဒါပေမယ့် ငါးမိနစ်ထက်သူ့မှာ ပိုကြည့်ခွင့်မရခဲ့ဘူး သူ့အတွက်စာကသာ မျှော်လင့်ချက်တစ်ခုမဟုတ်လား ။ အတန်းထဲမှာလည်း သူ့ကို ဘယ်သူကမှ အထင်မကြီးသလို သူ့အတန်းထဲကအဆင့်ကလည်း လူ ၇၅ ယောက်မှာ သူက ၇၀ လောက်ချိတ်နေတာကိုး ထားပါတော့ . . . အဲဒီလိုနဲ့ ဆယ်တန်းစာမေးပွဲအောင်စာရင်းရောက်လာခဲ့တယ် ။

အောင်သွားပါတယ်... ကလေးငယ်ကလေးက အင်္ဂလိပ်စာဂုဏ်ထူးကလွဲလို့ အမှတ်ကောင်းကောင်းနဲ့ ၄ ဘာသာ ပါတော့ မိဘတွေ မျက်ရည်တွေကျရတာပေါ့ ။ ဆေးကျောင်း . . .သူ တက်ခွင့်ရသွားတယ် ဆရာဝန်ဖြစ်သွားတယ် ဆေးတွေကုနေနေတယ် စာတွေရေးနေတယ် . . .။

သူ့ဘ၀မှာ ကောင်းတာတွေကြုံခဲ့ရသလို ဆိုးတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ ပျော်ရွှင်စရာတွေကြုံခဲ့ရသလို စိတ်ညစ်စရာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အောင်မြင်တာတွေကြုံခဲ့ရသလို ဆုံးရှုံးလက်လွှတ်လိုက်ရတာတွေလည်းကြုံခဲ့ရတယ်
သူ့ဘ၀မှာ အထက်တန်းလွှာဆိုတာကိုမသိဘူး အဆင့်အတန်းဆိုတာကိုနားမလည်ဘူး သူက အကုန်လုံးကို လူတွေလို့ပဲမြင်နေတယ်

အခုတော့ သူ . . .သူ့ကိုယ်သူအားပေးနေတယ် အသက် ၂၈ ကဲ မင်းဘာဆက်လုပ်မှာလဲကလေးငယ်ရေ . . . . စာရေးဆရာဘ၀ ငယ်ငယ်က စာစီစာကုံးတွေမှာ အဖြစ်ချင်ဆုံးဘ၀ မှာသူ စာရေးဆရာလို့ထည့်ရေးတိုင်းဆရာမတွေ က သူ့လက်ထိပ်ကလေးတွေကိုခေါက်ခဲ့တယ် ။ ဆရာဝန်ကြီးအင်ဂျင်နီယာကြီးဖြစ်ချင်တယ်လို့မရေးလို့တဲ့ ။ စာရေးဆရာဖြစ်ချင်တာ သူ့အမှားလားလို့ ကလေးငယ် ခဏခဏစဉ်းစားဖူးတယ် ။ အဲဒီလိုနဲ့ သူအခု စာရေးဆရာ ပေါက်စနလေးဖြစ်လာခဲ့တယ် ။ ဒါပါပဲ ဘ၀ဆိုတာ အရှည်ကြီးသွားနေရတဲ့ခရီးမဟုတ်ဘူး တိုတိုလေးပဲမဟုတ်လား ။ ရေလိုက်ငါးလိုက် ပျော်လိုက်ရွှင်လိုက် ငိုလိုက်ရီလိုက် ၀မ်းနည်းလိုက် ၀မ်းသာလိုက် ဘ၀ ဇတ်ဆရာစေညွှန်ရာက ပြ ကြလို့ . . . တဖြည်းဖြည်းမိုင်တိုင်တွေဖြတ်ကျော်လာခဲ့ရတာ အတော်တောင်ကြာခဲ့ပြီပေါ့ ။

ကဲ ကလေးရေ . . . “ ဟက်ပီးဘတ်ဒေး ” ပါ မင်းရဲ့ တနင်္လာ ၂၄နာရီဟာ မင်းအသက်ကြီးသွားတယ်ဆိုတာပြနေတယ် မင်းဘယ်လောက်ရင့်ကျက်နေပြီလဲဆိုတာမေးနေတယ် မင်း ဘာတွေလုပ်နေသလဲဆိုတာ ဆန်းစစ်နေတယ် မင်း . . ရှေ့ဆက်ဖို့ခွန်အားတွေ ရှိရဲ့လားလုံလောက်ရဲ့လား မင်းရဲ့ဘေးမှာတော့ မင်းရဲ့မိတ်ဆွေတွေအများကြီးပဲကွဲ့ ကဲ ကလေးရေခေါင်းမော့ရင်ကော့လို့ လောကကြီးကို ရဲရဲသာကြည့်လိုက်စမ်း ။ ကောင်းကင်ပြင်ကြီးဘယ်လောက်လှလိုက်သလဲ မင်းရဲ့ ဒီတစ်ရက်တာဟာ တခြားနေ့တွေလိုပဲ ဘာမှမထူးခြားဘူး ဒါပေမယ့်မင်းကိုယ်မင်း အသိပေးရမယ် အချိန်တွေ မရှိတော့ဘူး အချိန်တွေပြန်ဝယ်မရတော့ဘူး မင်းကိုယ့်ကိုယ်အားရကျေနပ်မိရဲ့လား ။

“ ဟက်ပီးဘတ်ဒေးပါ ကလေးငယ်ရေ ”

ဒီလိုနဲ့ .. . ဒီတနင်္လာဟာလည်း ဘာမှထူးမခြားနားစွာ သမာရိုးကျ ပဲ တခြားနေ့တွေလို ကုန်ဆုံးကျော်ဖြတ်သွားဦးမှာပါပဲ ။

သက်တန့်ချို
မှတ်ချက် - အထက်ပါစာထဲမှ ကလေးငယ်ဆိုသူမှာ ယခုစာရေးနေသော သက်တန့်ချိုပင်ဖြစ်သည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 14, 2012

ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး














ခါးကုန်းကြီးနှင့် ပေါင်မုန့်တစ်လုံး
 
တစ်ခါတုန်းက အမျိုးသမီးတစ်ဦးဟာ သူ့အိမ်မိသားစုဝင်တွေနဲ့ စားဖို့အတွက်ရယ် အရမ်းကို ဆာလောင်နေ တဲ့ ခရီးသွားတွေ စားဖို့ရယ် အတွက် ပေါင်မုန့်တွေ အမြဲဖုတ်နေခဲ့တယ် ။ အဲဒီအမျိုးသမီး ဟာ ပေါင်မုန့်အပို တစ်လုံးကို အမြဲ ပဲ ပြတင်းပေါက်တံခါးဘောင်မှာ တင်ထားခဲ့ပြီး မည်သူမဆို ဆာလောင်နေခဲ့ရင်အဝေးကို ယူသွားနိုင်အောင် စီစဉ်ထားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ကျောကုန်းမှာ ဘုကြီး တစ်လုံးရှိနေ တဲ့ခါး ကုန်းကြီးတစ်ယောက်က လာလာပြီး အဲဒီပေါင်မုန့် ကို အဝေးယူယူသွားလေ့ရှိတယ် ။ ကျေးဇူး တင်စကားတွေနဲ့ဖော်ပြရမယ့် အစားသူဟာ အောက်ပါစကားတွေကိုပဲ တတွတ် တွတ်ပြောနေလေ့ ရှိတယ် ။

“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

ဒီလိုနဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ ခါးကုန်းကြီးက ရောက် လာပြီး ပေါင်မုန့်ကို ယူသွားတယ်ပြီးတော့ လည်းအဲဒီစကားကို ထပ်ခါထပ်ခါညည်းတွားပြောဆိုနေခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”
 

 အမျိုးသမီးဟာ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်လာခဲ့တယ် ။ “ အတော် ယဉ်ကျေးမှုမရှိတဲ့လူ . .ကျေးဇူးတင်စကားတော့မဟုတ်လောက်ဘူး ” လို့ သူမကိုယ်ကိုယ်ညည်းတွားပြောဆိုလိုက်တယ် ။ “ နေ့တိုင်း ဒီခါးကုန်းကြီးဟာ ဒီစကားကို ပဲ ထပ်ခါထပ်ခါပြောနေတယ် သူဘာကိုဆိုလိုတာပါလိမ့် ”

ပြီးတော့ အမျိုးသမီးဟာ ဘာလုပ်တယ်ထင်ပါသလဲ ။ အမျိုးသမီးဟာ သူ့အတွက်ပြင်ဆင်ထားမယ့် ပေါင်မုန့် ထဲမှာ အဆိပ်တွေခပ်ထားခဲ့တယ် ပြီးတော့ ပြတင်းပေါက်ဘောင်ပေါ်မှာ တင်ထားခဲ့တယ် ။ သူ့လက်တွေ ကတော့ တုန်ယင်နေခဲ့ပါတယ် ။

“ ငါ ဘာတွေများလုပ်မိပါလိမ့် ” သူ့ဘာသာသူတွေးမိလိုက်တယ် ။

ရုတ်တရက်ချက်ခြင်းပဲ သူဟာ အဲဒီပေါင်မုန့်ကို ကောက်ယူပြီး မီးဖိုထဲ ပစ်ထည့်လိုက်တယ် ပြီးတော့ တခြားပေါင်မုန့်တစ်လုံးထပ်ဖုတ်ပြီး ပြတင်းပေါက်ဘောင်ပေါ်တင်ထားခဲ့တယ် ။

ထုံးစံအတိုင်းပါပဲ ခါးကုန်းကြီးရောက်လာပြန်တယ် ပြီးတော့ ပေါင်မုန့်ကို ယူလိုက်ပြီး ပြောနေကျ စကားတွေကိုပြောဆိုခဲ့တယ် ။ “ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

ခါးကုန်းကြီးက သူ့ခရီးသူဆက်တယ် ။ အမျိုးသမီးရဲ့စိတ်ထဲမှာ ခုနက လတ်တလောဖြစ်ပျက်ခဲ့တဲ့ အပြုအမူ အဖြစ်အပျက်တွေကို သတိမမူမိပဲ ချမ်းမြေ့စွာ ရှေ့ဆက်သွားခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ အမျိုးသမီး ဟာ ပြတင်းဘောင်ပေါ်မှာ ပေါင်မုန့်ကို တင်ပေးထားခဲ့ပြီး အဝေးမှာ ရောက်နေတဲ့ သားဖြစ်သူ အတွက် ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းနေခဲ့တယ် ။ လပေါင်းများစွာကြာတဲ့အခါ သူဟာ သားဖြစ်သူ ရဲ့သတင်းကို မကြားရတော့ပဲ အဆက်အသွယ်ပြတ်သွားပါတော့တယ် ။ ဒါကြောင့် သားဖြစ် သူ ဘေးအန္တရာယ်ကင်းစွာပြန်လာနိုင်ဖို့အတွက်ဆုတောင်းနေခဲ့တယ် ။

ညနေခင်းတစ်ခုမှာတော့ အိမ်တံခါးကို လာခေါက်သံကြားလိုက်ရတယ် ။ ဒါကြောင့် အမျိုးသမီးက တံခါးကို ဖွင့်လိုက်တဲ့အခါ အရမ်းကို အံ့သြသွားခဲ့ရတယ် ။ သူဟာ သူ့သားကို တံခါးဝမှာ တွေ့လိုက်ရလို့ပဲဖြစ်ပါတယ် ။ သားဖြစ်သူဟာ အရွယ်ရောက်လာပြီး ပိန်ချုံးသွားပါတယ် ။ အ၀တ်အစားတွေက စုတ်ပြတ်နေပြီး တွန့်ကြေနေခဲ့တယ် ။ သားဖြစ်သူဟာ ဆာလောင်နေပုံရပြီး အားလည်းနည်းနေနေခဲ့တယ် ။

သားဖြစ်သူက အမျိုးသမီးကိုမြင်တဲ့အခါ ပြောတယ် “ အမေ ကျွန်တော်ဒီမှာရောက်နေတာ အရမ်းကို အံ့သြဖို့ကောင်းလှပါတယ် ကျွန်တော် ဒီနေရာရောက်ဖို့ တစ်မိုင်လောက်အလိုမှာ အရမ်းကို ဆာလောင်ပြီး မေ့လဲသွားခဲ့ရတယ် ကျွန်တော် သေမယ်လို့ ကိုယ့်ကိုယ်ကိုတွက်လိုက်တယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ အသက်ကြီးကြီးခါးကုန်းကြီးတစ်ယောက်ရောက်လာခဲ့တယ် ။ ကျွန်တော်သူ့ဆီက အစာအနည်း ငယ်ကျွေးးဖို့ အသနားခံခဲ့တယ် သူက ကျွန်တော့်ကို ကြင်နာစွာနဲ့ ပေါင်မုန့်တစ်လုံးလုံးကျွေးခဲ့တယ်အမေ သူက ကျွန်တော့်အသက်ကိုကယ်လိုက်တာပါပဲ ” သူက ဆက်ပြောတယ် “ ကျွန်တော်နေ့တိုင်း ဒီကိုမလာခင်စားနေရတာတွေခါးကုန်းကြီးရဲ့စေတနာတွေပါပဲ ”

အဲဒီစကားကြားတဲ့အခါ အမျိုးသမီးရဲ့မျက်နှာဟာ ပန်းရောင်ပြောင်းပြီးနီရဲသွားတယ် ။ သူ အမှားအကြီးကြီး လုပ်မိမလို့ လက်တစ်ကမ်းပဲ လိုတော့တယ်မဟုတ်လား ။ ခါးကုန်းကြီးရဲ့စကားကိုအမြင်ကပ်လို့ တစ်မနက် မှာပေါင်မုန့်ထဲအဆိပ်တွေ ခပ်ဖို့ ကြံစည်ခဲ့ဖူးတယ် ။ နောက်မှ အမြင်မှန်ရပြီးပေါင်မုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ခြင်းဟာ အခုတော့ သူ့ရဲ့ချစ်လှစွာသောသားဖြစ်သူရဲ့အသက်ကိုကယ်တင်လိုက်နိုင်ခြင်းဖြစ်တယ်လို့ အံ့သြတုန်လှုပ်စွာတွေးနေမိတယ် ။ အဲဒီနောက်မှာ အမျိုးသမီးဟာ ခါးကုန်းကြီးပြော တဲ့စကားအနက်အဓိပ္ပါယ်ကိုနားလည်လာခဲ့တယ်

“ သင်လုပ်ခဲ့သမျှဟာ သင့်ထံ ပြန်လာလိမ့်မယ် သင်ကောင်းတာလုပ်ရင် သင့်ဆီပြန်လာမှာပါပဲ ”

------------------------------------------------

သိပ်မှန်တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ ။ လူတွေဟာ သူတပါးကို မကောင်းကြံစည်ကြမယ် ကုန်းချောကြမယ် တိုက်ခိုက်ကြမယ် အနိုင်ယူကြမယ် စတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ပူကျွမ်းလောင်မြိုက်နေလေ့ရှိကြတယ် ။ တကယ်တော့ ကိုယ်သွားလေရာကိုယ့်အရိပ်ကလိုက်ပါနေသလို ကိုယ်လုပ်နေသမျှ အလုပ်တွေရဲ့ အကျိုးအပစ်တွေကို တာဝန်ယူ ရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ် ။ သင်သာ သူတပါးကိုမကောင်းကြံစည်ရင် အဲဒီ ဒဏ်ကို သင် ဟာ မလွဲမသေ ပြန်ခံစားရမှာပါပဲ ။ ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်း ကိုယ်ချင်းစာတရားလက်ကိုင်ထားလို့ စာနာနားလည်ခွင့်လွှတ်နိုင်ကြရင် လူသားအချင်းချင်း မနာလို မုန်းတီး စိတ်တွေမထားကြဘူးဆိုရင်တော့ ကမ္ဘာလောကကြီးဟာ သာယာချမ်းမြေ့နေမှာ အမှန်ပါပဲ ။

သက်တန့်ချို

[The Woman and the Bread] အားခံစားဘာသာပြန်သည် ။
 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တကယ်ချစ်ဖို့သာခက်တယ်


တကယ်ချစ်ဖို့သာခက်တယ်

တစ်ခါတုန်းက အရမ်းကိုဆင်းရဲ့တဲ့ လူတစ်ယောက်ဟာ ဇနီးဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ် ။ တစ်နေ့မှာ ဇနီးဖြစ်သူက သူ့ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို ဖြီးသင်ဖို့အတွက် ဘီးလေး တစ်ချောင်း လိုချင်တဲ့အကြောင်းပြောခဲ့တယ် ။ ယောင်္ကျားဖြစ်သူက ဘီးအသစ်တစ်ချောင်းမ၀ယ်ပေးနိုင်တဲ့အတွက် အလွန်ဝမ်းနည်းသွားပြီး မ၀ယ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း ပြောခဲ့တယ် ။

သူက သူ့ရဲ့ကြိုးပျက်ဆီးနေတဲ့လက်ပတ်နာရီလေးကို ထုတ်ပြပြီး အဲဒီလက်ပတ်နာရီလေးပြင်ဖို့တောင် ငွေမရှိတဲ့အကြောင်းကို သေချာရှင်းပြခဲ့တယ် ။ အမျိုးသမီးဖြစ်သူက

ယောင်္ကျားဖြစ်သူကို ပြုံးပြီး နားလည်စွာ ကြည့်နေခဲ့တယ် ။ ပြီးတော့ယောင်္ကျားဖြစ်သူက အလုပ်ကိုသွားခဲ့တယ် အလုပ်သွားတဲ့လမ်းက နာရီ ဆိုင်တစ်ခုမှာ သူ့ရဲ့ ကြိုးပြတ်နာရီလေးကို ရတဲ့ဈေးနဲ့ရောင်းချခဲ့တယ် ။ ပြီးတော့ သူ့ဇနီးသည်အတွက် ဘီးလေးတစ်ချောင်းဝယ်လာခဲ့တယ် ။ သူဟာ လက်ထဲမှာ ဇနီးဖြစ်သူကို ပေးဖို့ ဘီးကလေးကိုင်ရင်း အိမ်ကိုပြန်လာခဲ့တယ် ။

အိမ်ရှေ့ရောက်တဲ့အခါ ဇနီးဖြစ်သူကိုကြည့်ပြီး သူဟာ အရမ်းကို တုန်လှုပ်အံ့သြသွားခဲ့ရတယ် ။ ဇနီးဖြစ်သူဟာ ဦးခေါင်းထက်က ဆံပင်အရှည်ကြီးကို တိုတိုလေးညှပ်ထားတဲ့အတွက်ဖြစ်တယ် ။ သူမဟာ ဆံပင်အရှည်ကြီးကိုဖြတ်ရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ယောင်္ကျားဖြစ်သူအတွက် လက်ပတ်နာရီကြိုးလှလှလေးတစ်ခုဝယ်ပေးထားခဲ့တယ် ။

နှစ်ဦးစလုံးရဲ့မျက်ဝန်းတွေကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ် ။ သူတို့လုပ်ရပ်တွေအတွက် တစ်ဦးကိုတစ်ဦး ၀မ်းနည်းလို့မဟုတ်ပေမယ့် သူတို့တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ အချစ်တွေကို အချင်းချင်းနားလည်သွားလို့ဖြစ်ပါတယ်

--------------------------------------------------

ချစ်တယ်ဆိုတာက မခက်ခဲပါဘူး တကယ်ချစ်တတ်ဖို့ တကယ့်ကိုချစ်မိသွားဖို့ဆိုတာကတော့ စိတ်ထဲကနှစ်နှစ်ကာကာ ရင်ခုန်သံတွေနဲ့ သီဖွဲ့ထားဖို့လိုပါတယ် သင်ရော သူ့ကို တကယ်ချစ်ပါသလား . . . ဘယ်တော့ မှ သူမျက်ရည်ကျအောင်မလုပ်မိပါစေနဲ့ ဘယ်တော့မှ သူ့ကို အဝေးထွက်သွားခွင့်မပေးပါနဲ့ စစ်မှန်တဲ့ချစ်ခြင်းအားဖြင့် သူ့ကို နွေးထွေးစွာ ပွေ့ဖက်ထားလိုက်ပါ ။

သက်တန့်ချို
the beauty of love.. အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................