Friday, May 10, 2013
မေမေ့ကို ပိုချိုတာပေးမယ်
တစ်ခါတုန်းက ငါးနှစ်အရွယ် သားငယ်တစ်ယောက်နဲ့ မိခင်ဖြစ်သူတို့ဟာစကားပြောနေကြတယ် ။ မိခင်ဖြစ်သူက သားဖြစ်သူကိုပြောတယ် ။
“ သား မေမေတို့ မေမေတို့ ဟိုးအဝေးကြီးကို သွားလည်ကြတယ်ဆိုပါစို့ အဲဒီအချိန်မှာ နေကအရမ်းပူပြီး ရေကလည်းအရမ်းငတ်နေတဲ့အချိန်ရေဘူးကလည်းမပါဘူးဆိုပါစို့ .. ဒါပေမယ့် သားရဲ့လွယ်အိတ်လေးထဲမှာ ပန်းသီး နှစ်လုံးပါခဲ့မယ်ဆိုရင်သားဘာလုပ်မလဲ ”
သားဖြစ်သူကတခန ကြာလောက်စဉ်းစားပြီါ်ပြန်ဖြေတယ် ။ “ ပန်းသီး နှစ်လုံးစလုံးကို သားတစ်ကိုက်စီ ကိုက်ပစ်မယ် ” တဲ့ ..။
သားဖြစ်သူရဲ့အဖြေကြောင့် မိခင်ဖြစ်သူက စိတ်မကောင်းဖြစ်သွားတယ် ။ မိခင်က သားဖြစ်သူကို အပြစ်တင်ပြီး ပန်းသီး နှစ်လုံးကို တစ်ယောက်တစ်လုံးစီ စားသင့်ကြောင်း ဆုံးမဖို့ စဉ်းစားတယ် ။ ဒါပေမယ့် သူ ရုတ်တရက်စိတ်ပြောင်းသွားပြီး သားဖြစ်သူကို ရင်ခွင်ထဲမှီစေပြီး ဦးခေါင်းကိုပွတ်သပ်လို့ စကားပြောတယ် ။ ဘာလို့သားကလေး က ဒီလိုစကားပြောရတာလဲ သူသိချင်နေမိတယ် ။
“ သား ..ဘာဖြစ်လို့ အဲဒီလို စဉ်းစားပြီးပြောရတယ်ဆိုတာ မေမေ့ကိုပြောပြပါလား ”
သားဖြစ်သူက မိခင်ကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နဲ့ပြန်ဖြေရှာတယ် ။ “ ဟို ... သားက ပန်းသီးနှစ်လုံးလုံးကို တစ်ကိုက်စီကိုက်ကြည့်ပြီး အချိုဆုံး အလုံးကို မေမေ့ကို ပေးမလို့ပါ ”
မိခင်ရဲ့မျက်လုံးတွေထဲမှာ ၀မ်းသာတဲ့မျက်ရည်တွေ စီးဆင်းလာခဲ့ရတယ် ။
====================
ယုံကြည်ပြီးခွင့်လွှတ်တတ်တဲ့စိတ်နဲ့ဆက်ဆံလိုက်ခြင်းဟာ နှစ်သိမ့်ဖွယ်အဖြေကိုရစေပါတယ် ။ အကယ်၍ သာ တခြားမိဘတွေလို သားငယ်ကို ဆူပူပြီးဆုံးမလို့ကတော့ သားငယ်ဆီကနေ ဒီလိုရိုးသားတဲ့အဖြေကိုရမှာမဟုတ်ပါဘူး ။ တစ်ဖက်လူရဲ့စကားကို ဆုံးအောင်ပြောခွင့်ပေးလိုက်တာဟာ အကောင်းဆုံးယုံကြည်ခွှင့်လွှတ်လိုက်ခြင်းဖြစ်ပြီး ရိုးသားမှုကို ဖော်ထုတ်နိုင်စေပါတယ် ။
သက်တန့်ချို
Thinking Concepts စာစုများထဲမှ A love to give MOM အား ဆီလျော်သလိုဘာသာပြန်သည် ။
Saturday, April 20, 2013
လောဘကြီးပါရစေ

ရပ်ကွက်တွေထဲမှာ ဖုန်းတွေ ( CDMA 800 ) ကို ခွဲတမ်းအရ မဲနှိုက်ရမယ်ဆိုပြီး ဆိုင်းဘုတ်တွေထောင်ထားပါတယ်
မှတ်ပုံတင်သန်းကောင်စာရင်းမိတ္တုတွေလိုပါတယ်
ဖုန်းအလုံးရေပမာဏက ဆယ်ဂဏန်း လိုချင်သူကရာနဲ့ထောင်နဲ့ချီနေပါတယ်
အဆင်မပြေသေးပါဘူး
တကယ်လိုအပ်တဲ့လူတွေလက်ထဲမရောက်ပဲ ကြားထဲက ပွဲစားတွေနဲ့လုပ်စားတွေလက်ထဲမရောက်သွားဘူးလို့
အားမမခံနိုင်ပါဘူး
လိုချင်သူတွေကတော့ပေါက်လိုပေါက်ငြားလျှောက်လွှာဝိုင်းတင်ကြမှာပါ
ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အခါ အရင်လိုပဲ လိုအပ်ချက်တွေရှိနေဦးမှာပါပဲ
လောဘလေးနည်းနည်းတက်ပါရစေ
၁ ။ အခြေခံလိုအပ်တဲ့ ပမာဏကိုတွက်ချက်ပြီး Infrastructure တွေ တည်ဆောက်ပြီးတဲ့အခါ ရပ်ကွက် အင်အားအလိုက်
ဝယ်လိုအားပမာဏနဲ့ကိုက်ညီတဲ့ရောင်းလိုအားဖြစ်အောင်လုပ်လို့မရဘူးလား
၂ ။ လျှောက်လွာခတွေနဲ့ မိတ္တူကူးခတွေ သက်သာအောင် လွယ်လွယ်ကူကူ ( နိုင်ငံခြားမှာလို ရော့ပတ္တမြား ရော့နဂါး ) ၀ယ်လို့မရသေးဘူးလား
၃ ။ Internet speed တွေကရော သိန်းလေးဆယ်တန် ၊ ဆယ့်ငါးသိန်းတန် ၊ ငါးသိန်းတန် ၊ နှစ်သိန်းတန်ဖုန်းတို့လို အတူတူပဲလား အတူတူဖြစ်မယ်လို့ထင်ပါတယ်
၎ ။ လျှောက်လွှာတင်တဲ့စနစ်ကြီးနဲ့မဲဖောက်တဲ့စနစ်ကို ပယ်ဖျက်ပြီး တကယ်လိုချင်တဲ့သူတွေ ရဲ့ဝယ်လိုအားကို လိုက်မှီအောင်စစ်ပြီး ရောင်းလိုအားကိုတိုးပေးလို့မရဘူးလား
၅ ။ ကြားပွဲစားတွေနဲ့လုပ်စား တွေကြောင့် တကယ်လိုအပ်တဲ့အခြေခံလူတန်းစား တစ်ရပ်ဆီအရောက်ပို့ပေးနိုင်ပါ့မလားဆိုတာ ဘယ်သူ အာမခံပါသလဲ
တွေးမိတာလေးတွေပါ ။ သူမရလို့ငါမရလို့ ဖြစ်ကြဦးမယ် ။ သူကတော့မဲပေါက်လို့ ဖုန်းနှစ်လုံးဖြစ်သွားပြီ ငါကတော့တစ်လုံးမှမရှိဘူး မဲလည်းမပေါက်ဘူး ဒါလေးစောင့်နေပါတယ် လျှောက်လွှာတင်နှိုက်တော့လည်း မဲမပေါက်ဘူး ဆိုပြီး ဒုံရင်း ဒုံရင်းဘ၀ပဲရှိနေတဲ့သူတွေအတွက်ရော . . ။
ကျုပ်လောဘကြီးနေတာပါ တကယ်တော့ ၀ုန်းကနဲ ရောင်းလိုအားကို ပြည်သူတွေအတွက် ပြည့်မှီအောင်လုပ်ပေးဖို့ဘယ်လွယ်ပါ့မလဲလို့ ဆက်သွယ်ရေး ကဏ္ဍကို ဖေးဖေးဆဆ တွေးမိပေးပါတယ်
ဒါပေမယ့်
အရှိန်နဲ့
အဟုန်နဲ့တော့ . . . လုပ်စေချင်နေမိပြီ
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Sunday, April 7, 2013
သား . . အားနာလိုက်တာ . .အဖေ

သား . . အားနာလိုက်တာ . .အဖေ
(၁)
၁၉၈၄
သာမန် မထူးခြားတဲ့ နေ့တစ်နေ့
နှင်းတွေ အေးခဲစွာ ပျံ့ကျဲ
ကျနော်ဟာ ဒီဇင်ဘာ ရင်ခွင်နဲ့အတူ
လူ့လောကထဲ . . . ရောက်ရှိခဲ့
ဒီလိုနဲ့ . .
မျက်စိသူငယ်နားသူငယ်ကောင်လေးရဲ့အစပါကွယ်
အဆင်မပြေမှုနဲ့ အိပ်မက်ဆိုးတွေကို အချိုးချ
နေသား မကျလိုက်တာ . .အဖေ
ချွေးသံရွဲရွဲ့ နဲ့ အိပ်မက်တိုင်းမှာ မိသားစုအတွက်
ရက်ဆက်မပြတ် ကြိုးစားမှုတွေထက်
ဘာတွေကများ တန်ဖိုးရှိဦးမလဲ
( ၂ )
သား . .သွား . .ဝေးဝေးမှာ သွားဆော့စမ်း
ဂရုဏာတရားနဲ့ အဖေ့ ခြိမ်းခြောက်မှုအောက်
ကျနော်ကျပျောက်ခဲ့သော . . . အသိတရားမှာ
အရာရာ . . မိုးနဲ့မြေ
တရားနဲ့ မဖြေနိုင်သေး
မမေ့နိုင်တဲ့အတိတ်ခါးခါးထဲ
ကျနော်ခွေယိုင်လုဆဲ . .
အဖေ့ကမ်းလက် . ..
ရက်ဆက်မပြတ်သတိရတယ်အဖေ
ငါ့သားကြီးအတွက် . . ဘိုအုန်းသီးစက်ဘီးတဲ့
အဖေက တည်ငြိမ်တယ်
အဖေက ရင့်ကျက်တယ်
အဖေက သားဆိုးကိုခွင့်လွှတ်တယ်
ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ်ခွှင့်လွှတ်သင့်လား
ဖြေပါ အဖေ
(၃)
ဟေ့ . .ငါ့သား ၄ ဘာသာနဲ့ ဂုဏ်ထူးကွ
ဂုဏ်ယူဝင့်ကြွား
အေ့ဖကို သား . .အားနာလိုက္တာ အေဖ
သားပြောသမျှကို နာခံ
သားလိုသမျှကို ဖြည့်ဆည်း
အခုတော့ . .
သံသရာမှာ ခရီးရှည်ကြီးထွက်သွားခဲ့ပေါ့ . . .
ညှိုးနွမ်းမှုနဲ့အဖေ့မျက်နှာမှာ စကြ၀ဌာလောက် အားမာန်တွေရှိတယ်
ငြိမ်းအေးမှုနဲ့အဖေ့သွင်ပြင်မှာ ပင်လယ်ကြီးလောက် မေတ္တာတရားတွေရှိတယ်
ရင့်ကျက်မှုနဲ့ အဖေ့စကားသံတွေမှာ ကောင်းကင်ကြီးလောက် ကျယ်ပြန့််နက်ရှိုင်းတယ်
ဘာတွေနဲ့ ဖြည်ဆည်ရဦးမလဲ အဖေ . . .
(၄)
အဖေလိုသမျှ သား . .ဖြည့်ဆည်းပေးနိုင်ခဲ့ရဲ့လား
အဖေ မှန်သမျှသား . . လိုက်မှန်နိုင်ခဲ့ရဲ့လား
အဖေ့လို တရားနဲ့ ဓမ္မ ချိန်ခွင်အောက်
သား. . လျှောက်လှမ်းနိုင်ရဲ့လား
အခုတော့အဖေ . .
နေရိပ်ထဲက နေပူရောက်သွားသလိုမျိုး
လေပြည်ထဲက မုန်တိုင်းတိုက်သွားသလိုမျိုး
အရုပ်ကြိုးပျက်
သား ညတွေ . .နက်သထက် နက်လာပြီပေါ့ အဖေ
အဖေက သွေးအေးတယ်
သားကို ချစ်လိုက်တာလို့ ယုယမှုမရှိဘူး
ကျနော်က လည်းသွေးအေးတယ်
အဖေ့ကို ချစ်လိုက်တာလို့ ထွေးပွေ့ မှုမရှိဘူး
အဖေနဲ့သားကြား ဘယ်လိုစကားတွေကများ
ချစ်ခြင်းမေတ္တာကို ဖော်ကြူးနိုင်မတဲ့လဲ
အလိုပါဘူးအဖေ . .
သံသရာအဆက်ဆက် ကျနော်တို့ပြန်တွေ့ကြဦးမှာပေါ့
(၅ )
ငါ့သားကြီးလာရင်ဘာဖြစ်ရမယ်ဆိုတာထက်
ငါ့သားကြီးလာရင် လူပီသရမယ်ဆိုတာပဲအဖေသင်ပေးခဲ့
လောဘ ဒေါသမောဟကိုပယ်
သားအတွက်ဆို ပီတိကိုစားသုံး
အခုတော့ အဖေ လူလုံးမှ လှခဲ့ရဲ့လား
သား . .
အားနာလိုက်တာ အဖေ
အဖေက သစ္စာဒီပက ယောဂီ
ဝိပဿနာကိုပွားများ
တရားကိုမြင်ရင် ခန္ဓာကိုစွန့်ရသတဲ့
မြင့်သထက်မြင့်တဲ့ဘုံဘ၀ကိုရောက်ဖို့များ
အဖေ ဒီခရီးကိုသွားခဲ့သလား
သား . . . မှားနေခဲ့တာလား အဖေ
(၆ )
ကျနော့်ဆီမှာ ၂ ပေမီးချောင်းလေးရှိတယ်
၎ ပေ မီးချောင်းလေးပြောင်းတပ်တော့အဖေကပြောတယ်
အခန်းက လင်းလွန်းတယ်ကွာတဲ့ . .
ကျနော့်ဆီမှာ ရိုးရိုးစက်ဘီးလေးတစ်စီးရှိတယ်
ဂီယာနဲ့ဘီးလေး ပြောင်းလိုက်တဲ့အခါအဖေကပြောတယ်
ငါက ရိုးရှင်းတာပဲကြိုက်တာကွာ . .တဲ့
ကျနော့်ကြမ်းခင်းပြောင်သလင်းမှာ
ကော်ဇောလေးထပ်ခင်းမိတဲ့အခါ အဖေကပြောတယ်
ငါက အေးမြတဲ့ သင်ဖြူးဖျာလေးပဲကြိုက်သတဲ့
ကျနော့်ဆီမှာ ချစ်ခြင်းတရားတွေရှိတယ်
အဖေ့ကို ထုတ်ဖော်မပြ
အဖေက . . .သူမြင်နိုင်ပါတယ်တဲ့
လောကကြီးကလည်း မတရားလိုက်တာအဖေ
(၇)
သေသူကို ရှင်သူတို့ မျက်ရည်ခတဲ့ပွဲ
သွားသူကို ကျန်သူတို့ နှုတ်ဆက်တဲ့ပွဲ
ထားသူကို နေခဲ့သူတို့ လက်ပြသူတို့ပွဲ
ပကတိ ဆိတ်ငြိမ်မှုနဲ့ကျနော့်ရင်ထဲ
အဖေနဲ့အတူ တစ်ခရီးတည်းသွားချင်လိုက်တာ . .
တရားရှာ ကိုယ်မှာ သိသတဲ့
အမှားရှာရင် အမှန်မှာတွေ့သတဲ့
အဖေချပြသွားတဲ့ မြေပုံလမ်းညွှန်မှာ
သား . . အယောင်ယောင်အမှားမှား
ဆူးနဲ့ခလုတ်ကို နင်းချ
ဒီဘ၀ဟာ ဒါဏ်ရာတွေ ပရပွနဲ့
အဆင်သင့်မဖြစ်သေးခင် နိဂုံးချုပ်ရ
အို . .ခါးလိုက်တာ . . အဖေ
(၆)
သွားပါတော့လို့မနှင်ရက်
ထားပါတော့လို့မပြောရက်
ဒီရက်နဲ့ဒီမနက်တိုင်းမှာ
နေ့တာကလည်းရှည်တယ်
ပြဿဒါးဟာ နတ်ဆိုးဆန်တယ်
နာရီတိုင်းဟာ သုဿန်ဆန်တယ်
မီးခိုးခေါင်းတိုင်ဖြူဖြူမှာ
သင်္ခါရတရား ဟာ လှပစွာပဲ
ကျနော့်ကို ငြိမ်သက်ဆွံ့အသွားစေတယ်
တစ်နေ့တော့ပြန်ဆုံကြရမှာပေါ့အဖေ
သံသရာဆိုတာရှည်ပါတယ်
လူ့လောကီ ဘုံဘ၀မှာ
ကျနော်တို့ကြုံရသမျှဟာ
အခွံချည်းသက်သက်
အငှား ခန္ဓာ တွေနဲ့
အငှား အယောင်အဆောင်တွေဟာ
တစ်နေ့တော့ ထားခဲ့ရမှာ ပ . .
ကျနော် နားလည်ပါတယ်အဖေ . .
(၇)
သေခြင်းဆိုတာ အဆုံးသတ်မဟုတ်
အစ တစ်ခုရဲ့ နိဂုံး ပိုင်းသာဖြစ်တယ်
သေခြင်းဆိုတာ အမှောင် ထု မဟုတ်
အလင်းတစ်ခုရဲ့ အာရုဏ် ဦးသာဖြစ်တယ်
သေခြင်းဆိုတာ ငိုကြွေးခြင်းမဟုတ်
ပြီးဆုံးခြင်းအတွက် ငြိမ်သက် တိတ်ဆိတ်ခြင်းသာဖြစ်တယ်
အဖေသေသွားတဲ့ ဘာများပါသွားသလဲ
ကျနော်သေသွားလည်း ဘာများ ပါလာမလဲ
ရှင်စဉ်ဘ၀က ပြုခဲ့သမျှ
အကောင်းအဆိုး ကုသိုလ်အကုသိုလ်သာ
အရိပ်မကွာ ထပ်ချပ်လိုက်
အသိဥာဏ်ကို အမိုက်မှောင်တော့ မဖုံးပါဘူး အဖေ
(၈)
အဲဒီနေ့လည်ခင်းဟာ ကောင်းကင်ဖြူဖြူမှာ တိမ်ဖုံးသွားတဲ့အခိုက်
ကျနော့်ကမ္ဘာမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲမိုးတွေရွာတယ်
မငိုပါဘူးအ ဖေ . . ကျနော် မငိုပါဘူး
ရင့်ကျက်တည်ငြိမ်မှုကို လိုချင်တဲ့အဖေ့အတွက်
ကျနော်မငိုပါဘူးအဖေ
ဆင်ခြင်သုံးသပ် လို့ အမှန်တရားကိုလက်ခံဖို့အတွက်
ကျနော်မငိုပါဘူးအဖေ
ဘ၀ဆိုတာ တိုတိုလေးနဲ့ကပြရတဲ့ဇာတ်
ကျနော်တို့အားလုံး မကြာခင် တစ်ခန်းရပ်ကြရမယ်
သား တွေသမီးတွေ မြေးတွေ အားလုံးထားခဲ့
တစ်ယောက်တည်းခရီးဆက်ကြမယ်
သုဿန်တစပြင်မှာ အငှားခန္ဓာတွေထားခဲ့
ပြာပုံဘ၀နဲ့ အဆုံးသတ်ကြရမယ်
ဒါဟာ . . ဘ၀ ပါပဲကွယ်
(၉)
သွားနှင့်တော့အဖေ
နောင်ဘ၀ဆိုတာရှိခဲ့ရင်သာ အဖေ့သားပြန်လုပ်ခွင့်ပေး
ကျနော် လိမ္မာပါ့မယ်အဖေ
နောင်ဘ၀ဆိုတာသာရှိခဲ့ရင် အဖေ့သားပြန်လုပ်ခွင့်ပေး
ကျနော့်အတွက် ဂုဏ်ယူရပါစေမယ်အဖေ
နောင်ဘ၀ဆိုတာသာရှိခဲ့ရင် အဖေ့သားပြန်လုပ်ခွင့်ပေး
ိကျနော် မြေ၀ယ်မကျ နားထောင်ပါ့မယ်အဖေ
နာရီတွေက အချိန်မှန်ပါပဲ
မနက်နေ့ညလည်း အချိန်မှန်ပါပဲ
နွေမိုးဆောင်းကလည်း အချိန်မှန်ပါပဲ
လူတွေကလည်း သေဆုံးနေကြဆဲ
လူတွေကလည်း မွေးဖွားနေကြဆဲ
လူတွေကလည်း ရှင်သန်နေကြဆဲ
စောလည်းမစော နောက်လည်းမကျ
ဒီခရီးက သွားတော့သွားရမှာပါပဲ
လစ်ဟာသွားတဲ့ကွက်လပ်တစ်ခုအတွက်
အဖေ နှစ်သက်တဲ့ . . တရား ဓမ္မ တွေနဲ့
သား ဆက်လက်ရှင်သန်နေဦးမှာပါအဖေ . . ။
သက်တန့်ချို
အဖေ့အတွက် နောက်ဆုံးခရီးလိုက်ပါပို့ဆောင်တုန်းက ကျွန်တော့်စိတ်ထဲမှာ ရွတ်ဖြစ်ခဲ့တဲ့ ရေးဖြစ်ခဲ့တဲ့ကဗျာလေးပါ ။
(အဖေ ဆုံးရှုံးသွားတဲ့ သားသမီးများ အားလုံးကိုယ်စား ရေးဖွဲ့ခဲ့ပါတယ် )
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Wednesday, March 27, 2013
နွယ် . . . နှင့် . . ရင်

နွယ် . . . နှင့် . . ရင်
ကြယ်ရောင်လင်းနေတဲ့ ညချမ်းက
အချိန်အခါမဟုတ် အိပ်မက်တွေကို ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်
နေ့ရယ် ညရယ် အတိတ်ရယ် အိပ်မက်ရယ်
ထိပ်ထားရယ် . .
ငါ့ကို . . . နွယ်ပါ . .
အသိခေါက်ခက်အ၀င်နက်ခဲ့တာပ
အိပ်မက်ကောင်းကင်မှာသာ . . .
နင့်အတွက် မျှော်လင့်ခြင်းတွေ တပွေ့တပိုက်
ခက်တာပဲ . .
ငါကလည်း ညနေခင်းတစ်ခုတောင် ရူးသွပ်ခုံမင်နေရသူ
တခဏတာ လင်းလက်ခွင့်ပေမယ့်
တစ်ဘ၀စာ ပျော်ရွှင်ခြင်းတွေအတွက်
နင်က ဘုရားပေးတဲ့ ဆုလာဘ်ပါ
နီးနီးလေးမှာလား
ဟိုးအဝေးကြီးမှာလား
သံသရာအဆက်ဆက်
အမှောင်က ဘယ်လောက်ပဲနက်ပါစေ . . .
ထိပ်ထားနဲ့ပတ်သတ်သမျှ နေမ၀င်သရွှေ့
ငါတို့ အိပ်မက်တွေမမေ့ကြေး
မဝေးပါရစေနဲ့
တွေးဆမှုလေးတစ်ခုနဲ့တင် ရင်မှာပူတယ်
ဒီလူက . . . အရာရာ နတ္ထိ
ဘ၀ဆိုတာ ဘာဆိုဘာမှ မသိချင်တဲ့ကောင်
အမှောင် ထုထဲ . . နင်းကာဆင်း . .
တစ်ခါမှလည်း မလင်းခဲ့ရ . .
ထိပ်ထားရေ . .
ထိပ်ထားရေ . .
နွယ် . . တဲ့ . .ရင်မှာ
မလွယ်တဲ့ . . . အသိ. .
ငြိငြိ. .သော . . .မိုး . . .
တိုး. . .တိုး. . .ရွာ စေ . . ကွယ်
သက်တန့်ချို
၂၇.၃.၂၀၁၃
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, March 5, 2013
သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို
သူက . . ဖခင်ကောင်း . . စနစ်ဟောင်းကိုတော်လှန်နေသူ
သူက သာမန်ရိုးရိုးကြီးပဲ
သူက သာမန်ဦးလေးကြီးပဲ
သူက သာမန်နဲ့မတူတဲ့ စိတ်ထားတော့ရှိတယ်
ခေတ်ပြောင်းတော်လှန်ရေးကို ဦးဆောင်လို့
စနစ်ကောင်းတွေကို စတင်ခဲ့
မြေစမ်းခရမ်းပျိုးကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကိုစေတနာရှိတာ
သူ့မျက်လုံးတွေမှာပေါ်တယ်
သူ့အပြုံးတွေမှာပေါ်တယ်
သူ့လုပ်ရပ်တွေမှာပေါ်တယ်
သူ့မှာ အခက်အခဲတွေရှိတယ်
သူ့မှာအားနည်းချက်တွေရှိတယ်
သူက အသက်ကြီးနေပြီ
သူက ပါးရေနားရေတွန့်နေပြီ
သူ့မှာ မသန်စွမ်းတဲ့နှလုံးသားကို
ဘက်ထရီအကူအညီနဲ့ခုန်စေလို့
သူ့စိတ်ဖိစီးမှုကိုဘယ်သူကများ
စာနာနားလည်ပေးမလဲ
သူက လူလိမ်လို့အပြောခံရတယ်
သူက ရွှေပန်းနဲ့အကြိုခံရတယ်
သူက မျက်ရည်အကြိမ်ကြိမ်ကျတယ်
သူ့မိသားစုမှာ သူက ဖခင်ကောင်း
သူ့တိုင်းပြည်မှာ သူက ခေါင်းဆောင်ကောင်း
စနစ်ဟောင်းကို သူရဲဝံ့စွာတော်လှန်တယ်
သူက သာမန်လူသားတစ်ယောက်ပဲ
သူ့မှာ အစွမ်းထက်တန်ခိုးတွေမရှိဘူး
စေလိုရာစေ ဖြစ်စေရာဖြစ်
စနစ်ကို ချက်ချင်း ပြောင်းဖို့မလွယ်ဘူး
အရာရာကို အသိနဲ့သတိကို စုံတွဲလို့
ဒီမိုကရေစီကိုသူဖော်ဆောင်နေတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဒေါ်စုရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ကိုမင်းကိုနိုင်ရှိတယ်
သူ့မှာ တိုင်းပြည်အတွက်လက်တွဲမယ့် ပြည်သူတွေရှိတယ်
သူ့မှာ မြန်မာပြည်ကိုချစ်စိတ်ရှိတယ်
သူ့ရင်ခုန်သံဟာ တိုင်းပြည်အတွက် သွေးတစ်စက်
အဖက်ဖက်ကနေ သူကြည့်ရှာတယ်
မောနေပါပြီ
သူသွားနေတဲ့ခရီးတိုင်းမှာ တိုင်းပြည်အတွက်
မျက်နှာလည်းငုံ့ခဲ့ရ မျက်ရည်လည်းကျခဲ့ရ
ကလင်တန်ကို ရိုသေခဲ့ရ
အိုဘားမားကိုရိုသေခဲ့ရ
ယင်လတ်ကိုရိုသေခဲ့ရ
ဘယ်သူကများ ဒီအဖိုးအခကိုသိနိုင်မလဲ
သူ . . မောနေပါပြီ
အနာဂါတ်က မှောင်ပြပြ
တတ်စွမ်းသမျှ အလင်းပေးချင်တဲ့သူ
သူ့ပုံစံက လှောင်စရာကောင်းနေလို့လား
သူ့ မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့လား
သူ့အပြုံးတွေက အရေခြုံတွေမို့လို့လား
သူ့မှာ သူမတတ်နိုင်တဲ့ တွန်းအားတချို့
သူ့မှာ သူကယ်ဆယ်နေရတဲ့ ဒုက္ခတချို့
သူ့မှာ သူ ထမ်းတင်နေရတဲ့ အနာဂါတ်တချို့
နံနက်ခင်းတိုင်းမှာ ခင်ဗျားတို့ ကျွန်တော်တို့လို
ပျော်ရွှင်စွာ နေနိုင်ကြရဲ့လား
သူ . . လင်းစေချင်တယ်
အမှောင်တွေကို . . . ဖယ်ခွာချလို့
တိုင်းပြည်အတွက်ချစ်စိတ်
သူ့ နေ့ရက်တိုင်းအတွက် ထိပ်မှာ ရှိတယ်
သူ့လက်တစ်စုံဟာ တိုင်းပြည်အတွက်
သူ့ ခြေထောက်တစ်စုံဟာ တိုင်းပြည်အတွက်
အဖက်ဖက်ကနေ လေးစား
အကြွေးများနဲ့တိုင်းပြည်ကိုကယ်တင်
မြန်မာပြည်ရဲ့ အရှင်ပါ
သူဘယ်လောက်ထိ ဆက်လုပ်ခွင့်ရမလဲ
တစ်နှစ်. . .နှစ်နှစ်. . .သုံးနှစ် . . .
ဇရာက လုပ်နိုင်ခွင့်ကိုတားဆီးတယ်
ဖိအားက လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတယ်
ဘယ်တော့မှ စိတ်မပျက်ဘူး
ဘယ်တော့မှ လက်မှိုင်မချဘူး
သူချစ်တဲ့ပြည်အတွက်
စနစ်ဟောင်းကို ဦးဆောင်တော်လှန်နေတဲ့သူ ။
သက်တန့်ချို
အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)

