Thursday, September 18, 2014

ဘာကိုမှ စိတ်ဓါတ်မကျပါနဲ့

ဘာကိုမှ စိတ်ဓါတ်မကျပါနဲ့

လူအမျိုးမျိုး စိတ်အထွေထွေမို့
အတွေးအမြင်တွေလည်း ကွာခြားနိုင်ပါတယ်

အတွေးအမြင်တွေကွာခြားနိုင်သလို
ထင်မြင်ယူဆချက်နဲ့ ကောက်ချက်ချမှုတွေလည်း ကွာခြားနိုင်ပါတယ်

ခဏခဏ ရေးခဲ့ဖူးသလို ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့

လာထား ....
မိုးကောင်းကင်လောက်ပဲကျယ်ပြန့်မလား
ပင်လယ်ကြီးလောက်ပဲနက်မလား
တောင်တန်းတွေလောက်ပဲမြင့်မလား
အခက်အခဲ ဆိုရင် ရင်ကော့ကြိုလို့ ရင်ဆိုင်ပစ်လိုက်စမ်း

ရှောင်ပုန်းတယ်ဆိုတာ အားနည်းခြင်းတစ်မျိုးပဲ
ကိုယ့်အားနည်းချက်ကို ထုတ်ဖော်မပြသနဲ့
တုန်းတိုက်တိုက် ကျားကိုက်ကိုက် အရာရာကို ရင်ဆိုင်ရဲတဲ့ခွန်အားဆိုတာ
ကိုယ့်မှာ ရှိရမယ် ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 13, 2014

တန်ဖိုး


ပြောပြီးသား စကားကို ပြန်မနှုတ်ပါနဲ့
ပေးပြီးသား ကတိကို ပြန်မဖျက်ပါနဲ့

လျှောက်ပြီးသားလမ်းကို ပြန်မကွေ့ပါနဲ့
ထွေးပြီးသား တံတွေးကို ပြန်မကြည့်ပါနဲ့

စွန့်ပစ်ပြီးသား ပစ္စည်းကို ပြန်ကောက်မယူပါနဲ့

ဘယ်အရာပဲဖြစ်ဖြစ်
ခပ်လွယ်လွယ်ပြော
ခပ်လွယ်လွယ်လုပ် တဲ့လူဟာ
တန်ဖိုးမဲ့နေတတ်တယ် ။ 

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အနေမတတ်ရင် အသေခက်တတ်တယ်

ကိုယ်ရွေးထားတဲ့ လမ်း
ကိုယ်လျှောက်နေတဲ့လမ်း
မှားမှားမှန်မှန် ကိုယ့်မှာ ပဲ တာဝန်ရှိတယ်

ဘ၀ဆိုတာ တိုတိုလေးမို့
နေတတ်အောင်နေပါ
အနေမတတ်ရင်
အသေခက်တယ်ဆိုတဲ့စကားတောင်ရှိသေးတယ်မဟုတ်လား

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 12, 2014

စိတ်ချမ်းသာမှုကို ဘယ်အရာနဲ့မှ မလဲမိစေနဲ့





 မိမိတွင် မရှိအပ်သော အရာများ

- မောက်မာလွန်းသော မာနတရား
- ဆင်ခြင်နိုင်စွမ်းကင်းမဲ့သော လုပ်ရပ်
- နေရင်းထိုင်ရင်း ဘ၀င်မြင့်မှု
- လူလူခြင်း လူလို့မထင်ပဲ သနားစရာ သတ္တ၀ါလို ကြည့်တတ်သော မျက်လုံး
- ကိုယ်ဟာ အရာအားလုံးအတွက်အရေးပါတယ် ကိုယ်မရှိရင်မဖြစ်ဘူးဟု ထင်နေတတ်ခြင်း

မိမိတွင် ရှိသင့်သော အရာများ

- အရာရာကို သတိနှင့် ထိမ်းချုပ်စဉ်းစားနိုင်စွမ်း
- မာန်မာနကို လိုအပ်သော အခါမှသာ ထုတ်သုံးတတ်ခြင်း
- အမြင့်ဘယ်လောက်ရောက်ရောက် ကိုယ်တက်ခဲ့တဲ့အောက်ခြေဘ၀ကို မမေ့မလျော့ခြင်း
- ရယူခြင်းထက် ပေးဆပ်ခြင်းကိုသာ ဦးစားပေးတတ်ခြင်း
- လူကို လူလို့မြင်တတ်ခြင်း နှင့်ကိုယ်ချင်းစာ တရားပြည့်စုံခြင်း

စည်းစိမ်ဥစ္စာ ချမ်းသာမှုက မျက်မှောက်ကာလမှာ အရေးကြီးကောင်းကြီးပါလိမ့်မယ်
ဒါပေမယ့် သင့် စိတ်ချမ်းသာမှုနဲ့တော့ မလဲမိစေနဲ့

တစ်ခါတစ်လေ ကိုယ်စိတ်ချမ်းသာမယ်ထင်လို့ ရွေးလိုက်မိတဲ့ အပေါ်ယံချမ်းသာမှုတွေက
ကြာလာလေလေ စိတ်ဆင်းရဲမှုတွေဖြစ်လာလေ
ကိုယ်လဲလိုက်တဲ့ စိတ်ချမ်းသာမှုနဲ့ ယှဉ်ကြည့်ရင် မတန်ဘူးဆိုပြီးနောင်တရလာလေလေ ဖြစ်တတ်တယ် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 11, 2014

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်လေးစားနိုင်ဖို့





လူတချို့က ကိုယ် အနိုင်ရဖို့အတွက် ကိုယ့်သိက္ခာကိုရောင်းစားတတ်တယ်
လူတချို့က ကိုယ် ပျော်ရွှင်အဆင်ပြေဖို့အတွက် ကိုယ့်သိက္ခာကိုရောင်းစားတတ်တယ်

လူတချို့က ကိုယ် အသာစီးရဖို့အတွက် သူတစ်ပါးအားနည်းချက်ကိုဖော်ထုတ်တတ်တယ်
လူတချို့က ကိုယ် အာသီသပြေဖို့အတွက် သူတစ်ပါးမကောင်းကြောင်း ပြောတတ်ကြတယ်

အားသာချက်အားနည်းချက်ကိုယ်စီရှိနေကြတဲ့ လူ့ဘ၀မှာ
ဘယ်သူကမှ ထူးပြီးမြင့်မြတ်မနေသလို
ဘယ်သူကမှ ထူးပြီး နိမ့်ကျမနေပါဘူး

ကိုယ်သွားရာလမ်းတလျှောက်ထင်ကျန်ခဲ့တဲ့ခြေရာတွေကို
ကိုယ်ပြန်လှည့်ကြည့်ရဲတဲ့ သတ္တိ သင့်မှာရှိပါစေ

ကိုယ်တက်ခဲ့တဲ့လှေကားတစ်လျှောက် ကိုယ်နင်းခဲ့တဲ့ လှေကားထစ်တွေကို
ပြန်လည်ငုံ့ကြည့်ရဲတဲ့ သတ္တိသင့်မှာရှိပါစေ

ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပြန်မကြည့်ရဲ ကိုယ်ပြန်မတွေးရဲ ကိုယ်ပြန်တာဝန်မယူရဲဘူးဆိုရင်
သင်ဟာ တရားမျှတမှုမရှိ တဲ့ လူ့အမှိုက်ပင်ပါပဲ ။

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်လေးစားနိုင်ဖို့
ကိုယ့်သိက္ခာကိုယ်ပြန်ဦးညွှတ်နိုင်ဖို့
ကိုယ့်ဆန္ဒတွေကို ချိုးနှိမ်ပါ
ကိုယ့်လုပ်ရပ်တွေကို ဖြူစင်ပါစေ ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................