Thursday, March 23, 2017

တန်ဖိုးမဲ့တဲ့အရာတွေအတွက် တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်းတီးမိစေနဲ့


 ကိုယ့်ကို စွန့်ခွာသွားတဲ့လူကို သတိရနေမယ့်အစား
ကိုယ့်ကို ဂရုစိုက်တဲ့သူကို တန်ဖိုးထားပါ

ကိုယ့်ကို မေ့သွားတဲ့လူကို တမ်းတနေမဲ့အစား
ကိုယ့်ကို အမြဲ သတိရနေတဲ့လူကို တန်ဖိုးထားပါ

ကိုယ့်ကို စော်ကားတဲ့လူကို ဒေါသထွက်နေမယ့်အစား
ကိုယ့်ကို ကျေးဇူးတင်နေတဲ့သူကို တန်ဖိုးထားလိုက်ပါ

ဘ၀က .. သိပ်တိုတောင်းပါတယ်
တန်ဖိုးမဲ့တဲ့အရာတွေအတွက် တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်းတီးမိစေနဲ့ ။

သက်တန့်ချို
23.3.2017

ဘ၀ စာမေးပွဲ


 ခက်ခဲကြမ်းတမ်းတဲ့လမ်းတိုင်းက လှပတဲ့ပန်းတိုင်ကို ဦးတည်နေတာပါ

အခက်အခဲကို မကြုံတွေ့ဖူးခဲ့ရင် ကြံ့ခိုင်သန်မာခြင်းကို နားလည်မှာမဟုတ်ဘူး

တကယ်တော့ အခက်အခဲတိုင်းဟာ ...

ကိုယ့်အတွက် ... အရာရာကို ကျော်ဖြတ်နိုင်ဖို့ စစ်တဲ့ " ဘ၀ စာမေးပွဲ " တွေပါ ..။

ကိုယ့်ဖက်က ရှောင်မပြေးဖို့ပဲလိုတယ် ။

သက်တန့်ချို
23.3.2017

Wednesday, March 22, 2017

မရှက်ပါနဲ့



မသိတာကို မေးဖို့မရှက်ပါနဲ့
ကိုယ်မသိလို့ အမှားလုပ်မိမှာထက်
မေးလိုက်တာက ပိုကောင်းတဲ့နည်းလမ်းဖြစ်တယ်

ကောင်းတဲ့အမူအကျင့်ကို အတုယူဖို့မရှက်ပါနဲ့
မကောင်းတဲ့အကျင့်စရိုက်တွေစွဲကပ်လာမှာထက်
သူတပါးရဲ့ကောင်းတဲ့အကျင့်ကို အတုခိုးတာကောင်းပါတယ်

ကိုယ့်အမှားကိုယ် တောင်းပန်ရမှာ မရှက်ပါနဲ့
ကိုယ်မှန်နေသလို နေနေတာထက်
ကိုယ့်ကိုယ်တိုင်သိနေတဲ့ကိုယ့်အမှားကို ၀န်ခံတောင်းပန်လိုက်တာကလိပ်ပြာသန့်ပါတယ်

လူ့ဘ၀ကို ဖြတ်သန်းတဲ့အခါ ရှက်သင့်တာနဲ့မရှက်သင့်တာ ခွဲခြားတတ်ဖို့လိုပါတယ်

သက်တန့်ချို
22.3.2017

အပေါ်ယံမျက်နှာပြင်ကိုကြည့်ပြီး ကောက်ချက်မချမိစေနဲ့

တခါတုန်းက သင်္ဘောတစ်စီးပေါ်မှာ စုံတွဲ တစ်တွဲ ခရီးတစ်ခုကို အတူ လိုက်ပါစီးနင်းလာခဲ့ကြတယ် လမ်းမှာ မမျှော်လင့်ပဲ မိုးသက်မုန်တိုင်းတစ်ခု နဲ့ကြုံရပြီး သူတို့စီးလာတဲ့ သဘောင်္ နစ်မြုပ်ဖို့အချိန်ကြုံလာခဲ့တယ်

အဲ့ဒီအခါ အရေးပေါ် အသက်ကယ်လှေကို လူတွေ အားလုံးအလုအယက်နဲ့ဝိုင်းတက်ကြတာပေါ့  ။ ဒီလိုနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ သူတို့ စုံတွဲ အတွက် အသက်ကယ်လှေ တစ်စီးပေါ်မှာ လူတစ်ယောက်စာ နေရာကိုတွေ့ခဲ့ရတယ်

အဲ့ဒီအခါ ယောက်ျားဖြစ်တဲ့သူက မိန်းမဖြစ်သူကို ဘေးဖယ်ပြီး အသက်ကယ်လှေပေါ်ကို တစ်ဦးတည်းခုန်ဆင်းသွားခဲ့တယ် ။ မိန်းမဖြစ်တဲ့သူက နစ်မြုပ်နေတဲ့သဘောင်္နဲ့အတူ .. ရေထဲမြုပ်သွားပြီး မမြုပ်ခင်လေးမှာ သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောခဲ့တယ် ..။

သူ့ယောက်ျားကို ဘာအော်ပြောခဲ့တယ်လို့ထင်ပါသလဲ .........??

......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
စာဖတ်သူအများစု ဖြေတဲ့အဖြေက .. " နင့်ကို ငါ မုန်းတယ် " လို့ဖြစ်မယ်ထင်ပါတယ် တကယ်တော့ မိန်းမ ဖြစ်တဲ့သူ ယောက်ျားကို အော်ပြောသွားတဲ့စကားကတော့ " ငါတို့ ကလေးကို ဂရုစိုက်ပါ " လို့ဖြစ်ပါတယ် ။ ဇာတ်လမ်းက မပြီးဆုံးသေးပါဘူး ။ ယောက်ျားဖြစ်တဲ့သူဟာ အသက်ကယ်လှေနဲ့အတူပါသွားပြီး အသက်ရှင်ခွင့်ရခဲ့တယ် ။

အိမ်ရောက်တဲ့အခါ တစ်ဦးတည်းသော သမီးငယ်လေးကို ပြုစုပျိုးထောင်ရင်း အချိန်တွေကုန်လွန်ခဲ့တယ် ။ ဒီလိုနဲ့အသက်အရွယ်အိုမင်းပြီး သေဆုံးသွားပါတော့တယ် ။

တစ်နေ့မှာ သမီးဖြစ်သူက သူ့အဖေ ပစ္စည်းတွေ သိမ်းဆည်းပေးရင်းမထင်မှတ်ပဲ မှတ်စုစာအုပ်တစ်အုပ် ကိုတွေ့ခဲ့တယ် ။ အဲ့ဒီစာအုပ်ထဲမှာ သူ့အမေက မကုသနိုင်တဲ့ မကြာခင် သေဆုံးရတော့မယ့် ရောဂါ တစ်ခုရှိနေကြောင်းကို အရင်ကြိုတင်သိနှင့်ပြီးသားဖြစ်ပြီး သင်္ဘော နစ်မြုပ်ချိန်မှာ ဖခင်ဖြစ်သူဟာ တစ်ခုတည်းသော ရှင်သန်နိုင်မယ့်အခွင့်အရေးကို သမီးငယ်အတွက်ရယူခဲ့ရတယ်လို့ရေးထားပါတယ် ။

ဒါ့အပြင် ဖခင်ရဲ့ စကားလုံးထဲမှာ ... ကျွန်တော် .. သဘောင်္နစ်မြုပ်သွားတဲ့ ပင်လယ်ကြမ်းပြင်အောက်မှာ မိန်းမနဲ့အတူ လိုက်ပါ သွားချင်ခဲ့တယ် ဒါပေမယ့် သမီးငယ်ရှေ့ရေးအတွက် ကျနော် အသက်ရှင်သန်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ ကျနော် ရွေးချယ်လိုက်တဲ့ လမ်းကို သူ .. လည်းသဘောတူမယ်လို့ထင်ပါတယ် ... လို့ရေးထားတာ ကိုတွေ့လိုက်ရတယ် ။

---------------------------------------------

ဒီကမ္ဘာကြီးမှာ အရာရာဟာ အကောင်းနဲ့အဆိုးဒွန်တွဲ နေတဲ့အပြင်နားလည်ဖို့ခက်ခဲတဲ့ ကန့်လန့်ကာနောက်ကွယ်က အဖြစ်အပျက်တွေ အများကြီးရှိပါတယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း လူတစ်ဖက်သားအပေါ် အပြည့်အ၀ နားလည်နိုင်ခြင်းမရှိပဲနဲ့ အပေါ်ယံမျက်နှာပြင်ပေါ်မှာ သာအစောတလျင်ကောက်ချက်ချမိခြင်းမပြုဖို့လိုပါတယ် ။


သက်တန့်ချို
22.3.2017
ှSource : Moralstories26



Thursday, December 17, 2015

၃၁ နှစ်ပြည့်

 ၃၁ နှစ်ပြည့်


စာမရေးဖြစ်တာလည်းကြာပြီ ကြာတာမှ တော်တော့်ကိုကြာပြီ ။ ဒါပေမယ့် အမြဲချစ်ခင်မြတ်နိုးရတဲ့စာမျက်နှာမှာ အချိန်နဲ့အမျှ သူငယ်ချင်းများကို သတိရလျှက်ရှိပါတယ် ။

ဒီနေ့ ပေါ့ပါးအေးချမ်းမှုနဲ့အတူ ငြိမ်သက်ချမ်းမြေ့စွာနဲ့ ကျော်ဖြတ်ပြီး စိတ်ထဲမှာ ကိုယ်မွေးဖွားလာတဲ့နေ့တစ်ရက်မို့ စိတ်လှုပ်ရှားခြင်းများစွာနဲ့ ကြည်နူးလျှက်ရှိပါတယ် ။

ထွေထွေထူးထူး နဲ့အောင်အောင်မြင်မြင်နဲ့ဘာမှ ဖြစ်မလာသေးပေမယ့် ကိုယ်ဖြတ်သန်းနေရတဲ့အနေအထားနဲ့ ကိုယ်ကျော်ဖြတ်နေရတဲ့ခရီးလမ်းတလျှောက်မှာ ကျေနပ်အေးချမ်းလျှက်ရှိပါတယ် ။

နှစ်စဉ်နှစ်တိုင်း ဆုတောင်းပေးနေကြအတိုင်း ချစ်ခင်သူများ စာဖတ်သူများ သူငယ်ချင်းများအားလုံးကိုဆုတောင်းပေးချင်ပါတယ်

ဒီနေ့ဒီရက်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်
ရေလိုအေးလို ပန်းလိုမွှေးပါစေ
သွားလေရာလာလေရာခလုတ်မထိဆူးမငြိ၍
လိုအင်ဆန္ဒပြည့်ဝကြရပြီး
အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်တဲ့
အမျိုးကောင်းသား အမျိုးကောင်းသမီးများ
သူငယ်ချင်းကောင်းများ ဖြစ်ကြပါစေ ဗျာ ။

ချစ်ခင်ခြင်းများစွာဖြင့်

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................