Wednesday, June 7, 2017

" ဘယ်လိုအရာတွေကို သည်းခံရမလဲ "


" ဘယ်လိုအရာတွေကို သည်းခံရမလဲ "

တခါတလေ တချို့သောကိစ္စရပ်တွေဟာ သည်းခံလိုက်ရမလား
သည်းမခံပဲ ဖြေရှင်းလိုက်ရမလားဆိုပြီး ဒွိဟဖြစ်နေတတ်တယ်

ကိုယ်သည်းခံလိုက်လို့ ပတ်ဝန်းကျင်ကလူတွေကိုရော
ကိုယ်ကိုယ်တိုင်ရော ထိခိုက်နစ်နာမှု နည်းသွားစေမယ်ဆိုရင် သည်းခံလိုက်ပါ

ကိုယ်သည်းခံလိုက်လို့ ကိုယ့်မှာလည်းအကျိုးရှိသွားမယ်
သူတစ်ပါးကိုလည်း အပြစ်မဖြစ်စေ ၂ ဦး ၂ဖက် မှာ အဆင်ပြေသွားမယ်ဆိုရင်သည်းခံလိုက်ပါ

ကိုယ်သည်းခံလိုက်လို့ ပြဿနာတစ်ခုက အဆိုးကနေ
အကောင်းဖက်ကို ဦးတည်ပြောင်းလဲသွားနိုင်မယ်ဆိုရင် သည်းခံလိုက်ပါ

ဒီလိုမှ မဟုတ်ပဲ

ကိုယ်သည်းခံလိုက်လို့ ကိုယ့်မှာလည်း စိတ်ဆင်းရဲမယ်
အကုသိုလ်တွေပိုတိုးပြီး မကောင်းတာတွေထပ်ဖြစ်လာနိုင်တယ်ဆိုရင် သည်းမခံပါနဲ့

ကိုယ်သည်းခံလိုက်လို့ အခြေအနေက ပိုဆိုးသွားမယ်
ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နာကျင်စေနိုင်တဲ့ကိစ္စမျိုးဆို သည်းမခံပါနဲ့

ကိုယ်သည်းခံလိုက်လို့ ရောင့်တက်လာပြီး
ကိုယ့်ကို စော်ကားတဲ့အဆင့်ရောက်နိုင်တဲ့ကိစ္စမျိုးဆိုသည်းမခံပါနဲ့

======================

သည်းခံတိုင်းလည်း ကောင်းတာမဟုတ်သလို
အဆိပ်မရှိရင်လည်း လူတွေက ကစားစရာလို သဘောထားတတ်ကြတယ် ။

သက်တန့်ချို
7.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 6, 2017

" စိတ်ဆင်းရဲခြင်းနှင့် စိတ်ချမ်းသာခြင်း "


" စိတ်ဆင်းရဲခြင်းနှင့် စိတ်ချမ်းသာခြင်း "

---------------------------------------------

စိတ်ဆင်းရဲခြင်း အများစုဟာ
ကိုယ့်စိတ်ကိုယ် "မသိ " ပဲ
လောဘနဲ့ ရောင့်ရဲခြင်းကို မချိန်ညှိတတ်လို့ဖြစ်လာတာပါ

စိတ်ချမ်းသာခြင်း အများစုဟာ
ကိုယ့်စိတ်ကိုယ် " သိ " ပြီး
လောဘနဲ့ရောင့်ရဲခြင်းကို ချိန်ညှိနိုင်သူဖြစ်လို့ပါ

အလိုဆန္ဒ နည်းလေလေ စိတ်ချမ်းသာလေလေ
လောဘကြီးလေလေ စိတ်ဆင်းရဲလေလေ
ဆန္ဒ များလေလေ ပူပင်ရလေလေ
ရမ္မက်များလေလေ သိက္ခာကျလေလေ
သိက္ခာကျလေလေ တန်ဖိုးမဲ့လေလေပါပဲ ။

#သက်တန့်ချို
6.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 5, 2017

မျက်နှာပေါ်က အမာရွတ်



တစ်ခါတုန်းက စိတ်ပိုင်းဆိုင်ရာ သုတေသနပညာရှင် လည်းဖြစ်  မိတ်ကပ် ပညာလည်း ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးက သူ အသစ်တီထွင်ထားတဲ့ မိတ်ကပ် ကို စမ်းသပ်ဖို့အတွက် အခကြေးငွေပေးပြီး စမ်းသပ်ခံတွေကို ခေါ်ယူလိုက်တယ် ။
အဲ့ဒီအထဲမှာ ဈေးသည်တွေ အရောင်းဝန်ထမ်းတွေ ကုမ္ပဏီလုပ်ငန်းလုပ်နေတဲ့သူတွေ ဘဏ်ဝန်ထမ်းတွေ အသီးသီးလာရောက်ကြတယ် ။
ဒီလိုနဲ့ လူ အယောက် ၅၀ လောက်ပြည့်တဲ့အခါ အခန်းကျယ်တစ်ခုတည်းကို ခေါ်သွားပြီး မိတ်ကပ်အသစ်နဲ့ လူတစ်ယောက်ချင်းစီကို အမာရွတ်တစ်ခုစီ ဖန်တီးပေးခဲ့တယ် ။
ပြီးတော့ မှန်သေးသေးတစ်ချပ်နဲ့ ကိုယ့်မျက်နှာပေါ်က အမာရွတ်ကို ပြပြီး အဲ့ဒီမိတ်ကပ်စမ်းသပ်ချက်ကို " အမာရွတ် စမ်းသပ်ချက် " လို့ခေါ်ကြောင်း မိတ်ကပ်ပညာရှင်ကရှင်းပြတယ် ။

စမ်းသပ်ခံရတဲ့လူတွေက သူတို့ မျက်နှာပေါ်က အမာရွတ်အစစ်နဲ့ခွဲမရအောင်တူတဲ့မိတ်ကပ်ကို ကြည့်ပြီး အကုန်အံ့သြမင်သက်ကုန်ကြတယ် ။ တစ်ယောက်ချင်းစီကို မှန်နဲ့ပြပြီးတဲ့အခါ မှန်ကို ပြန်သိမ်းလိုက်တယ် ပြီးတော့ အချောသပ်အနေနဲ့နောက်ဆုံးအဆင့်မိတ်ကပ်ကို တစ်ယောက်ပြီးတစ်ယောက် လိမ်းချယ်ပေးခဲ့တယ် ။
ပြီးတာနဲ့ မိတ်ကပ်ဆရာက အဲ့ဒီလူတွေကို အောက်ပါအတိုင်းမှာခဲ့တယ် ။
" ခင်ဗျားတို့အားလုံး ကိုယ့်လုပ်ငန်းခွင်အသီးသီးကို ပြန်သွားကြပါ မျက်နှာကို မှန်လုံးဝမကြည့်ပါနဲ့ ၁ နာရီကြာတဲ့အခါ ဒီအခန်းထဲကို ပြန်လာခဲ့ပါ အဲ့ဒီအခါ ဒီ ၁ နာရီအတွင်းလူတွေက ခင်ဗျားတို့ကို ဘယ်လို ဆက်ဆံသလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးပါ " ဆိုပြီးမှာလိုက်ပါတယ် ။

ဒီလိုနဲ့ စမ်းသပ်ခံ လူ အယောက် ၅၀ ဟာ သူတို့လုပ်ငန်းခွင်အသီးသီး ကိုပြန်သွားကြပြီး ၁ နာရီကြာတဲ့အခါ မိတ်ကပ်ပညာရှင်ရဲ့အခန်းကျယ်ထဲကို ပြန်လည်စုဝေးရောက်ရှိလာကြပါတယ် ။ ဒီအခါ မိတ်ကပ်ပညာရှင်က တစ်ယောက်ချင်းစီကို သူတို့ တွေ့ကြုံခဲ့ရတာတွေ မေးမြန်းတဲ့အခါ အသီးသီးက အောက်ပါအတိုင်းဖြေခဲ့ကြတယ် ။
" ကျွန်တော့်ကို အလုပ်ထဲကလူတွေက ရွံရှာသလိုကြည့်ကြတယ်ဗျာ မျက်နှာက အမာရွတ်ကြောင့် ထင်တယ် "
" ကျွန်မ ကို ကျွန်မဘေးက သူငယ်ချင်းက မတူသလို မတန်သလိုကြည့်တယ် ရှင့်မိတ်ကပ်အမာရွတ်အစွမ်းက တော်တော်ကြီးတာပဲ "
" ကျုပ်ဗျာ တစ်လမ်းလုံးရှက်လိုက်တာ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ကျုပ် မျက်နှာပေါ်က အမာရွတ်က တော်တော်ရုပ်ဆိုးတယ် "
" ဈေးသည်တစ်ယောက်အနေနဲ့ ကျွန်မကို လေသံမာမာ နဲ့ပြောတဲ့ ဈေးဝယ်သူတွေကို အများကြီးတွေ့ဖူးတယ် ဒါပေမယ့် ဒီနေ့ ပိုဆိုးသလိုပဲ ကျွန်မ မျက်နှာပေါ်က အမာရွတ်တုကြောင့်ပဲဖြစ်မယ် "

သဘောတရားချင်း တူညီတဲ့ အဖြေအသီးသီးကို လူအယောက် ၅၀ က ဖြေခဲ့ကြပြီး လူတွေနဲ့ ဆက်ဆံရေးမပြေလည်တာ လူတွေက သူတို့ကို ရှောင်ဖယ်တာဟာ မျက်နှာပေါ်က အမာရွတ်တုရဲ့ အစွမ်းကြောင့်လို့ ပြောခဲ့ကြတယ် ။ အဲ့ဒီအခါ မိတ်ကပ် ပညာရှင်က အားလုံးကို ပြုံးပြပြီး နံရံပေါ်မှာ ကာထားတဲ့ လိုက်ကာကြီးတစ်ခုကို ဖွင့်ပြလိုက်ပါတော့တယ် ။
လိုက်ကာနောက်မှာ နံရံအပြည့်မှန်ချပ်ကြီးတစ်ခုရှိပြီး လူအားလုံးဟာ သူတို့မျက်နှာတွေကို သူတို့ ထိတ်လန့်စွာ မြင်တွေ့ခဲ့ရတယ် ။

ဘာကြောင့်လဲဆိုတော့ " သူတို့အားလုံးရဲ့မျက်နှာပေါ်မှာ ဘာ အမာရွတ်မှ မရှိပဲ နဂို ရုပ်ရည်အတိုင်းရှိနေလို့ပါပဲ " မိတ်ကပ်ပညာရှင်က မှန်ချပ်နဲ့တစ်ဦးချင်းစီပြပြီးနောက်ဆုံးအဆင့်အချောသတ်တဲ့အခါ သူလိမ်းချယ်ထားတဲ့အမာရွတ်တုကို ပြန်ဖျက်ထားခဲ့တဲ့အတွက်ဖြစ်ပါတယ် ။
လူအယောက် ၅၀ စလုံးဟာ ငေးငေးငိုင်ငိုင်ဖြစ်သွားကြပြီး တစ်စုံတစ်ခုကို သူတို့ သဘောပေါက်လိုက်ကြပါတော့တယ် ။

=============================================

တကယ်တော့ ကိုယ့်ဘ၀မှာ ကိုယ့်ကိုယ်ကို ဘယ်လိုသဘောထားသလဲဆိုတဲ့အမြင်ဟာ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုရှုမြင်သလဲဆိုတဲ့အမြင်နဲ့ တိုက်ရိုက်အချိုးကျပါတယ် ။
ပတ်ဝန်းကျင် က ကိုယ့်ကိုမြင်တဲ့အမြင်ဆိုတာ .. တကယ်တော့ ကိုယ့်ကိုယ်ကို မြင်နေတဲ့အမြင်ပါပဲ ။

ကိုယ့်အပေါ်ကိုယ်မြင်တာ မပြောင်းသရွေ့ .. မကောင်းသရွေ့ အဆိုးမြင်နေသရွေ့ .. ပတ်ဝန်းကျင်ကြောင့် ဆိုတဲ့ အကြောင်းပြချက်ကို ပဲ သင်ဆုပ်ကိုင်ထားနေမိလိမ့်မယ် ။
တကယ်တော့ ကျွန်တော်တို့အားလုံး ပူပန်နေကြရတာ ၀မ်းနည်းနေကြရတာ စိတ်တွေ မကြည်မလင်ဖြစ်နေကြရတာတွေအားလုံးဟာအချိန်တော်တော်များများ  ကိုယ့် စိတ်ကြောင့် ကိုယ်ဖြစ်နေတာပါပဲ ။

#သက်တန့်ချို
5.6.2017 #ttckeys
Source : Magic Scar on the face 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သူ့နေရာနဲ့သူ ... ကိုယ့်နေရာနဲ့ကိုယ်


 သူ့နေရာနဲ့သူ ... ကိုယ့်နေရာနဲ့ကိုယ်

ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ်
သူ့နေရာနဲ့သူ ကိုယ့်နေရာနဲ့ကိုယ်နေပါ

သိပ်ချမ်းသာတဲ့လူတစ်ယောက်ဟာ
သိပ်ဆင်းရဲတဲ့ လူတစ်ယောက်ဘ၀ကို နားမလည်နိုင်သလို

သိပ်ပူလောင်နေတဲ့လူတစ်ယောက်ကလည်း
သိပ်အေးချမ်းလွန်းတဲ့ လူတစ်ယောက်ဘ၀ကိုနားမလည်နိုင်ဘူး

လိုချင်တာရနေတဲ့လူတစ်ယောက်ကလည်း
အရာရာကို ဆုံးရှုံးနေရတဲ့လူတစ်ယောက်ဘ၀ကိုနားမလည်နိုင်ပါဘူး

လူတွေရဲ့ မှတ်ချက်တွေအားလုံးကို ဂရုပြုမနေပါနဲ့
ကိုယ့်ဘ၀ကို ကိုယ်သာ နားလည်နိုင်ဆုံးပါပဲ ။

#သက်တန့်ချို
5.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 1, 2017

( အချစ်ကို သီသောဖဲကြိုးဝါကနေစကြပါစို့ )




( အချစ်ကို သီသောဖဲကြိုးဝါကနေစကြပါစို့ )

"အချစ် " ဆိုတာ အရိပ်မဲ့ဘာသာဗေဒ
ကိုယ်သင်ကြားခွင့်ရတဲ့ ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်အကြောင်း
ဘယ်လိုကြည့်ကြည့်
သူ့ကောင်းကင်မှာ အလင်းနဲ့ ဖြူစင်ခြင်းသာ ။

သစ္စာရှိစေ
မြတ်နိုးခြင်းရှိစေ
တွယ်တာခြင်းလည်းရှိစေ
နွေမှာ နှင်းတွေဝေသလို
မိုးမှာလည်း အလွမ်းတွေ ဝေတယ်
" အချစ် " ဆိုတာ ဖဲကြိုးဝါ
" အချစ် " ဆိုတာ သံစဉ်တစ်ပုဒ်
" အချစ် " ဆိုတာ တဖွဲဖွဲ ကျနေသော မိုးရေစက်
ညဉ့်ယံ ...ရေ .. ဘယ်လောက်ထိ "နက် " ဦးမလဲ ။

တစ်နေ့မှာ ..
ကဗျာတစ်ပုဒ်ရေးမယ်
နှုတ်မရသော သံယောဇဉ်တွေ ( ထပ်ခါ ) တိုးပါစေ
ရှုံးနိမ့်ခဲ့ရတဲ့ နှလုံးသားခံတပ်ကို အပိုင်စီးပါ
ပြီးရင် ... ဒီခရီးကို အတူသွားကြစို့ အချစ်ရဲ့
တကယ့် ကောင်းကင်ပြာမှာ လရောင်တွေ ဖြာကျနေလိုက်တာ ... ။

ဆောင်းခိုငှက်တစ်ကောင်ရဲ့ အတောင်ခတ်သံပါ
ကိုယ်ဟာ ဒီလို သက်ဝင်မြတ်နိုးမှုမျိုးနဲ့
ခုန်ဆင်းဖောက်ထွက်ကျလာမယ့် အသက်ဝိဥာဉ်ကို
မက်မက်မောမော နမ်းရှိုက်မယ်
နေပါစေ .. .နေပါစေ ...
ကံကြမ္မာဆိုတာ ဆွံ့အမှုတွေပြည့်နေတဲ့ တောအုပ်တစ်အုပ်ပါကွယ် ။

အစစ..အရာရာ မိုင်ပေါင်း များစွာ ဝေးနေတဲ့အခါ
အမှောင်တွေ တဖြည်းဖြည်းနက်လာဦးမလား
( အချစ်ရေ ... မင်းဖို့ ကိုယ့် နှလုံးသားစိုက်ခင်းမှာ အလွမ်းတွေ စိုက်ပျိုးထားခဲ့ )
၃၆၅ ရက်ကို တစ်ရက်စွန်းတဲ့အထိ
ဒီ သံယောဇဉ် ကိုပဲငြိနေခဲ့ရ
ဘ၀ဆိုတာ ... လှပ ခဲ့ရပုံ များ ။

လှတယ်
ကိုယ့် ကဗျာတွေ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ "အချစ်" ရေ
ဒါဏ်ရာ ဆိုတာ ... ဓါးတစ်လက်ရဲ့ အထုပ္ပတ္တိပါပဲ
ကိုယ်ဟာ မနေ့ကပဲ သေဆုံးခဲ့ရ
ကိုယ်ဟာ မနေ့ကပဲ ရှင်သန်ခဲ့ရ
ခွင့်လွှတ်ခြင်းနဲ့ မြတ်နိုးခြင်းကို တိုက်ယူခဲ့ရ
( ဒီပွဲမှာ ) ဘယ်သူရှုံးပြီးဘယ်သူရှင်သွားသလဲ ကွယ်

" အချစ် စစ် " ဆိုတဲ့အကြောင်း မသိသေးသရွေ့တော့
ကြယ်တွေ ငိုနေကြဦးမှာပဲ
ကြည့်တတ်ရင် ...ရင်ဘတ်ထဲက မင်းနာမည်တွေ မြင်နိုင်မှာပါ
လက်တမ်းပုံပြင်ဆိုတာ .. ကိုယ်ထင်သလောက် လဲ မခမ်းနားခဲ့ပါဘူး
တကယ်ဆို တမ်းတမိတဲ့သူကိုသာ ရှင်ခွင့်ပေးပါ

ဘယ်လို ဥတုမျိုးမှ ကိုယ့်အတွက် ပန်းတွေ ပွင့်ကြမလဲ
ကိုယ်ဟာ သက္ကရာဇ်တွေကို မရေတွက်ချင်တဲ့ကောင်ပါ
နက်ဖြန်ခါ မဟုတ်သေးတောင်
မိုးတွေ တစ်စက် စိတ်ပါလက်ပါ ရွာနေသေးတဲ့တစ်နေ့
တို့ တွေရဲ့ မြို့တံခါး .. ပွင့်လာမှာ အသေအချာ ။

#သက်တန့်ချို
1.6.2017 #ttcpoems
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................