Thursday, October 27, 2011

တောရိုင်းထဲမှာ မွေးဖွားလာသော မိန်းကလေးငယ်

တောရိုင်းထဲမှာ မွေးဖွားလာသော မိန်းကလေးငယ်



သူလို ကိုယ်လို ကလေးလေးတစ်ယောက်ပါပဲ ။ ဒါပေမယ့် မိဘ ရင်ခွင် ၊ ကျေးလက် ၊ မြို့ပြ အဲဒီနေ ရာတွေမှာမွေး ဖွားခဲ့တာမဟုတ်ဘူး ။ ဒီပြင်သစ်မိန်းကလေးငယ်လေးရဲ့နာမည်က Tippi တဲ့ ။ သူ့ကို ၁၉၉၀ ခုနှစ်မှာ အာဖရိက Nairobi မှာမွေးဖွားခဲ့တယ် ။ သူဟာ တောတွင်းသဘာဝတွေကို ဓါတ်ပုံရိုက်ကူးနေတဲ့ သူ့မိဘတွေ နဲ့အတူ တောရိုင်းတွေထဲမှာ ကြီးပြင်းလာခဲ့ရတယ် ။ သူတို့ဟာ သူတို့သမီးလေးရဲ့ ငယ်စဉ်ဘ၀ တိရိစ္ဆာန်တွေနဲ့ ယဉ်ပါးကြီးပြင်းလာခဲ့ပုံကို ဓါတ်ပုံမှတ်တမ်းတွေတင်ထားခဲ့တယ် ။ ဒီကလေးငယ်လေး ကတော့ အသက် ၁၀ နှစ်လောက်ရောက် မှပဲ ပြင်သစ်ပြည်ကိုပြန်သွားခဲ့ပါတယ် ။ အောက်ကပုံတွေ ကတော့ တော ရိုင်း တိရိစ္ဆာန်တွေ နဲ့ယဉ်ပါးနေတဲ့သူမ ရဲ့ ပုံအချို့ဖြစ်ပါတယ် ။






































သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 25, 2011

ကျွန်တော်နှင့်ဟောက်ဆာဂျင် ဘ၀ (အပိုင်း ၇ )

ကျွန်တော်နှင့်ဟောက်ဆာဂျင် ဘ၀ (အပိုင်း ၇ )



ဟောက်ဆာဂျင်ဘ၀ အတွေ့အကြုံလေးတွေကို ရေးလာတာ အခုဆိုရင် အပိုင်း ( ၇ ) ကို ရောက်ရှိလို့လာပါပြီ ။ ချွေးသံ တရဲရဲ ပင်ပန်းနွမ်းခွေပြီး ငေါင်တောင်တောင်ဖြစ်ရတဲ့ ဟောက်ဆာဂျင်ဘ၀မှာ ဂျူတီကုတ်ဖြူဖြူလေးကို ၀တ် နားကြပ်လေးကို ခပ်တည်တည်ချိတ်ပြီး လူလုံးပြလိုက်မဟဲ့ ဆိုတာဟာ တကယ်တော့ စိတ်ကူးထဲမှာတင် ဖျက်ကနဲ ပျောက်ကွယ်သွားခဲ့ရပါတယ် ။ အရင်ဆုံး အိုဂျီ ပို့စ်တင် ဆင်းတုန်းက အကြောင်းလေး တစ်ခုကနေ စပြီးပြောချင်ပါတယ် ။ အဲဒီအဖြစ်အပျက်ကို ဘယ်သူ့ကို ပြန်ပြောပြော မယုံကြဘူးခင်ဗျ ။ အေးလေ ယုံချင်စ ရာလည်း ကောင်းမှ မကောင်းပဲကိုး ။ ထုံးစံအတိုင်း အိုဂျီ ၃လမှာ ဟော တစ်ယောက်မွေး လိုက် ဟောတစ်ယောက် ခွဲလိုက်နဲ့ တယ်လည်း ပင်ပန်းခဲ့တာကိုး ။ အဲဒီတုန်းက မှတ်မှတ်ရရ မိုးကလည်း သည်းနေတယ် ။ ကျွန်တော်တို့ Night Duty ကျတဲ့ ညပေါ့ ။ ညနေတုန်းက တည်းက မွေးလိုက် တဲ့လူနာတွေ ဟောတစ်ယောက် ဟောတစ်ယောက် အော်... အမျိုးသမီးတွေ တယ်လည်း မွေးနိုင်ကြ တာပဲလို့ တွေး မိသေးတယ် ။ ( အေးလေ အမျိုးသားတွေက မွေးလို့မှမရပဲကိုး )

ဒါနဲ့ မိုးစိမ့်စိမ့်အေးတဲ့ ညအချိန်အခါ သန်းခေါင်ယံ တစ်နာရီလောက်မှာ “ ဆရာတို့ ဆရာတို့ NA လာတယ် ” ဆိုတဲ့နာ့စ် ရဲ့အသံကိုကြားလိုက်ရပါတယ် ။ ( NA- New Attendance လူနာအသစ်) ကျွန်တော်တို့အဖွဲ့ ကငါးယောက်ပါ ။ ယောင်္ကျားလေး သုံးယောက် မိန်းကလေး နှစ်ယောက် ။ ၂ ယောက်တစ်တွဲစီ အလှည့် ကျလို့ တိုင်ပင်ထားပြီးသားပါ ။ ဒီတော့ ကျွန်တော်နဲ့ ဟို ကျွန်တော့်သူငယ်ချင်း ဂျပု ( သိတယ်ဟုတ် သူ့အကြောင်းတွေ ကို အရင်အပိုင်းတွေမှာ ဖော်ပြထားပြီးသားပါ ) တို့ရဲ့ အလှည့်ဆိုတော့ အိပ်ချင်မူးတူးနဲ့ သွားကြည့်ကြပါတယ် ။ လူနာက ကိုယ်ဝန်ဆောင်သည် နေ့စေ့လစေ့ Fit (တက်ခြင်း ) နဲ့လာတာပါ ။ Pressure တိုင်းကြည့်တော့ 220/110 mmHg အဖြေကို သိလိုက်ရပါပြီ ။ မြန်မာလိုဆိုရင်တော့ ကိုယ်ဝန်ဆိပ်တတ်တယ်ဆိုပါတော့ ။ ဆေးပညာ အရတော့ Eclampsia လို့ခေါ်ပါတယ် ။ အရမ်းကိုအ န္တရာယ်များတဲ့အခြေအနေပါပဲ ။ ဒါနဲ့ AS တွေ FA တွေကို အကြောင်းကြားပြီး လိုအပ်သလို ကုသမှုတွေပေးကြရပါတယ် ။ (AS - လက်ထောက်ဆရာဝန် ၊ FA- ပထမလက်ထောက်ဆရာဝန် ) အဲဒီအချိန်မှာ ၀ုန်းဒိုင်းကျဲနေတဲ့အခြေအနေတွေကြောင့် ကျန်တဲ့ ဟောက် ဆာဂျင် ၃ ယောက်ကလည်း ကျွန်တော်တို့ကိုကူဖို့ရောက်လာပါပြီ ။ ဒီလိုနဲ့ လိုအပ်တဲ့ drip တွေချိတ် ဆေးတွေ တိုက် ဆေးတွေထိုး လုပ်လိုက်တာ လူနာက အတော်လေးငြိမ်ကျသွားပါတယ် ။

စစ ရောက်တုန်းကစရင် သတိလစ် ရုန်းကန် နေလို့ ခြေတွေလက်တွေကို ကုတင်တိုင်တွေနဲ့ ချည်ထားရတဲံ အခြေအနေ ပါ ။ အခြေအနေကို စောင့်ကြည့်နေလိုက်တာ မနက် လေးနာရီလောက်အထိ အားလုံးက Stable ပါပဲ ။ ကျွန်တော်တို့လည်း ဘယ်အချိန်ထဖောက်မလဲ စိုးရိမ်တကြီး အခြေအနေနဲ့ပေါ့ ။ လေးနာရီခွဲလောက် ကျတော့ ကျွန်တော် တို့ငါးယောက်ရယ် AS ရယ် FA ရယ် နာ့စ်ရယ် တာဝန်ကျအ ခန်းထဲမှာထိုင်ပြီး စကားပြောနေ ကြပါတယ် ။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ဂျပုက ဗိုက်ဆာလာတာကြောင့် FA ဆီမှာခွင့်တောင်းပြီး သက်သာလက်ဖက်ရည်ဆိုင်ကို ထွက်ခဲ့ကြပါတယ် ။ “ သိပ်မကြာစေနဲ့နော် ငါးခွဲ OT ၀င်ရမယ် ” လို့ AS အစ်မ က လှမ်းပြောခဲ့ပါသေးတယ် ။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်မှာ ပေါ့ဆိမ့်လေးမှာ ရေနွေးကြမ်းလေးသောက်ပြီး ဗိုက်ဖြည့်နေ တုန်း ကျွန်တော်ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ဖြစ်သွားရတယ် ။

“ ဟေ့ကောင် ဟိုဖက်ဝိုင်းမှာ ထိုင်နေတာ ညက အီကလမ်းစီးယားနဲ့ရောက်လာတဲ့လူနာမဟုတ်လား ” “ အေးဟ ဘယ်လို လုပ် လက်ဖက်ရည်ဆိုင်ရောက်နေတာလဲ သက်သာသွားလို့လား ” ဒီလိုနဲ့ကျွန်တော်လည်း မနေနိုင်လို့ လှမ်းမေး လိုက်ပါတယ် ။ “ ဗျို့ အစ်မကြီး ညက တက်ပြီး ရောက်လာတဲ့တစ်ယောက်မဟုတ်လား ” “ ဟုတ်ပါ တယ် ဆရာလေး ဗိုက်ဆာလို့ခွင့်တောင်းပြီးမုန့်လာစားတာပါ ” အဲဒီကတည်းက ကျွန်တော် တို့ နှစ်ယောက်ကြောင်တောင်တောင် ဖြစ်ပြီး နည်းနည်းမသင်္ကာလည်းဖြစ်သွားတယ် ။ သူထိုင်နေတဲ့နေ ရာက မှောင် ရိပ်နည်းနည်း ကျတဲ့အစွန်ထောင့်စားပွဲမှာပါ ။ “ အင်းအင်း မြန်မြန်ပြန်နော် အချိန်မရွေးအန္တရာယ် ရှိတယ်အစ်မကြီး ” “ ဟုတ်ကဲ့ပါ ဆရာလေး ” ဒီလိုနဲ့ ကျွန်တော်တို့လည်း သုတ်သုတ်လေးသောက်ပြီး OG ward ထဲ ၀င်ခဲ့ကြတယ် ။ ၀င်ဝင်ခြင်း မွေးခန်းရှေ့မှာ ငိုနေကြတာကြောင့် တစ်ခုခုဖြစ်ပြီးဆိုတာ သိလိုက်ရတယ် ။ ဒီလိုနဲ့ AS ကို မေးကြည့်လိုက်တော့ “ အင်း.. ညက fit နဲ့ရောကလာတဲ့ တစ်ယောက်အခုလေးတင် expire ဖြစ်သွားပြီ haemorrhage ရသွားပုံရတယ် ကလေးကတော့ FHS လည်းမရတော့ဘူး စလာကတည်းက faith ဖြစ်နေတာ FA ကတော့လူနာတွေကိုရှင်းပြနေတယ် ”

ဘုရား...ဘုရား ကိုယ့်နားကိုယ်တောင်မယုံနိုင်အောင်ပဲ ကြက်သေသေသွားမိတယ် ။ စိတ်လည်း တကယ် မကောင်းဘူး ရင်ထဲဆို့နင့်သွားတယ် ။ တစ်ညလုံး ကိုယ်တွေနဲ့ သူ တိုက်ပွဲ ၀င်ထားရတာ သေမင်းနဲ့ အခုတော့ သေ မင်း က အနိုင်ရသွားတယ် ။ အမှန်တော့ လူနာက သွေး တိုးရှိလို့ AN visit လာတုန်း က ဆေးရုံ ကို စောစောတက်ဖို့ ရက်ချိန်းပေးထားတဲ့လူနာပါ ။ အဲဒါကို မလာပဲ အခုလို မရှူနိုင်မကယ်နိုင် ကိုယ်ဝန်ဆိပ် တက်မှ ဆေးရုံရောက် Pressure တအားများပြီး expire ဖြစ်သွားရခြင်းပါ ။ ကျွန်တော်နဲ့ ဂျပု တစ်ယောက် မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ် ။အတွေးထဲမှာတော့မေး ခွန်းတွေကိုယ် စီနဲ့ . . . . . .

၁ ။ ဒါဆို ခုနက လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တဲ့ လူနာက ဘယ်သူလဲ ?

၂ ။ သေဆုံးသွားချိန်မှာ ၀ိဥာဉ်အနေနဲ့ သူပထမဆုံးတွေ့ခဲ့တဲ့ ဆရာဝန် ၂ယောက်ကို လာရောက်နှုတ် ဆက်ခြင်း လား ?

၃ ။ ဒီလို ကိုယ်ထင်ပြပြီး မယုံနိုင်စရာအဖြစ်အပျက်ကို သင်တို့ဆိုရင်တော့ ကျွန်တော်တို့ပြောပြခဲ့ရင်ယုံမှာလား ?

ကျွန်တော်ကတော့ ကြုံတွေ့ခဲ့ပြီးပါပြီ ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို မေးကြည့်တော့လည်း “ ဆရာတို့ ထွက်သွား ပြီး ခဏကြာတော့ ပိုက်ဆံရှင်းပြီး ဆရာတို့ ၂ ယောက်နောက် ကနေ OG ward ထဲဝင်သွားတာပဲ ” တဲ့ ။ အဲဒီလူနာ ရှင်းခဲ့တဲ့ပိုက်ဆံ ငါးရာတန်လေးကို လက်ထဲကိုင်လို့ ကျွန်တော်တို့ကို ပြောလိုက်ပါတော့တယ် . . . . ။

သက်တန့်ချို
၂၅ အောက်တိုဘာ ၂၀၁၁

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 24, 2011

ဗီတာမင်အေအကြောင်း သိကောင်းစရာ

ဗီတာမင်အေအကြောင်း သိကောင်းစရာ





ဗီတာမင် အေကို Retinol , Retinal , ဘီတာ ကာရိုတင်းအပါအ၀င် Four carotenoids စသဖြင့် အမျိုးမျိုးခေါ် ဆိုကြပါတယ် ။ ဗီတာမင်အေဟာ မျက်လုံးရဲ့ retina လို့ခေါ်တဲ့ မျက်စိအာရုံခံလွှာအတွက် သီးခြား metabolite အနေနဲ့လိုအပ်တဲ့ ဗီတာမင်တစ်မျိုးလည်းဖြစ်ပါတယ် ။ ဘယ်လိုအရာမျိုးလဲဆိုရင် အလင်းရောင်ကို စုပ်ယူပေး တဲ့ မော်လီကျူးဖြစ်တဲ့ retinal ဖြစ်ပြီး အဲဒီအရာဟာ အမြင်အာရုံ အရောင်တွေနဲ့ အရောင်နိမ့် ( Low light ) များအတွက်ပါ မရှိမဖြစ်လိုအပ်ပါတယ် ။ ဗီတာမင်အေဟာ Retinol ပုံစံကို ဓါတ်တိုးစေခြင်းအားဖြင့် retinoic acid အနေနဲ့လည်း လုပ်ဆောင်ပြီး အဲဒါဟာ epitheilal နဲ့ တခြားဆဲလ်တွေအတွက် အရေးကြီး တဲ့ ဟော် မုန်းနှင့်ဆင်တူသော Growth factor လည်းဖြစ်ပါတယ် ။

အစားအစာတွေထဲမှာဆိုရင် ဗီတာမင်အေရဲ့ အဓိကပုံစံဟာ ester ဖြစ်ပြီး မူရင်း retinyl palmitate ဖြစ်ပါတယ် ။ အဲဒီက မှ တဆင့် retinol အဖြစ်ကို intestine လို့ခေါ်တဲ့ အူထဲမှာ ပြောင်းလဲပေးပါတယ် ။ Retinol ဟာ ဗီတာ မင်ရဲ့ သိုလောင်မှုပုံစံအဖြစ် ထမ်းဆောင်ပေးပြီး အသက်ဝင်သော ပုံစံ Active aldehyde form , retinal အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ် ။ ဗီတာမင်အေ ကို အဓိကအားဖြင့် အစားအသောက်တွေထဲမှာ ပုံစံနှစ်မျိုး နဲ့တွေ့ရလေ့ရှိပါတယ် ။

၁ ။ Retinol - တိရိစ္ဆာန်တွေရဲ့အသားကို စားသုံးတဲ့အခါမှာ ဗီတာမင်အေရဲ့ စုပ်ယူထားသော ပုံစံဖြစ်ပြီး အ၀ါရောင် ရှိသော အဆီတွင် ပျော်ဝင်နိုင်သော အရာဖြစ်ပါတယ် ။ သန့်စင်သော အယ်ကိုဟော (Pure alcohol form) ပုံစံ ဟာ မတည်မြဲတဲ့အတွက် ဗီတာမင်ကို တစ်ရှူးတွေမှာဆိုရင် retinyl ester အနေနဲ့ တွေ့ ရလေ့ ရှိပါ တယ် ။ ဒါကိုပဲ အဆင့်အဆင့်ပြောင်လဲထုတ်လုပ်ကြပြီး retinyl acetate သို့မဟုတ် palmitate စ တဲ့ ester တွေ အဖြစ် သောက်သုံးကြပါတယ် ။

၂ ။ The carotenes alpha-carotene, beta-carotene, gamma-carotene;နှင့် the xanthophyll beta-cryptoxanthin - ဒီအရာတွေဟာ ဗီတာမင်အေအဖြစ် အပင်စားတိရိစ္ဆာန်တွေနဲ့အသားစား တိရိစ္ဆာန်တွေ မှာ တာ ၀န်ထမ်းဆောင်ပါတယ် ။ ဒီအရာတွေဟာ ဒြပ်ပေါင်းတွေကို retinal အဖြစ်ပြောင်းလဲဖို့အတွက်လိုအုပ်တဲ့ အင်ဇိုင်းတွေကို ပိုင်ဆိုင်ထားပါသေးတယ် ။



နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အေပမာဏကို အောက်မှာ အသက်အရွယ်အလိုက် ခွဲခြားဖော်ပြပေးထားပါတယ် ။


အသက် စားသုံးရမည့်ပမာဏ
μg/day


မွေးကင်းစကလေး
0–6 months 400*
7–12 months 500*

ကလေး

1–3 years 300
4–8 years 400

အမျိုးသား

9–13 years 600
14–18 years 900
19 – >70 years 900

အမျိုးသမီး

9–13 years 600
14–18 years 700
19 – >70 years 700

ကိုယ်ဝန်ဆောင်သည်

<19 years 750
19 – >50 years 770

နို့တိုက်မိခင်

<19 years 1200
19 – >50 years 1300

Institute of Medicine of the National Academies ရဲ့အဆိုအရာ ` နေ့စဉ် လိုအပ်တဲ့ဗီ တာမင်အေပမာဏဟာ အုပ်စုတစ်ခုမှာ လူအသီးသီးအတွက် အများဆုံး (၉၇ -၉၈%) လောက်ထိ လိုအပ် ပါတယ် ´ လို့ ဖော်ပြထားပါတယ် ။ ကဲ ဒီလိုဆိုရင်ဗီတာမင်အေကို ဘယ်လို နည်းလမ်းတွေ ဘယ်လို အစား အစာတွေ ကနေများရရှိနိုင်မလဲဆိုတာကိုလည်း ဆက်လက် ကြည့်ရှုကြရအောင် ။

ဗီတာမင်အေကို သဘာဝအလျှောက် အစားအစာတွေ အများစု မှာ တွေ့ရလေ့ရှိပါတယ် ။

- အသည်း ( အမဲအသည်း ၊ ၀က် ၊ ကြက် ၊ ငါး ၊ ကြက်ဆင် ၊ ငါးကြီးဆီ ) စတာတွေမှာ ဗီတာမင်အေ 6500 μg 722% ပါဝင်ပါတယ် ။
- အ၀ါရောင်ပန်းပွင့်သော အလေ့ကျပန်းပင် Dandelion greens မှာ ဗီတာမင်အေ 5588 IU 112% ပါဝင်ပါတယ် ။
- မုန်လာဥ၀ါ မှာဆိုရင်တော့ ဗီတာမင်အေ 835 μg 93% ပါဝင်ပါတယ် ။
- ပန်းဂေါ်ဖီစိမ်းမှာဆိုရင်တော့ ဗီတာမင်အေ 800 μg 89% ပါဝင်ပါတယ် ။ အတွင်းသား ထက်စာ ရင်အ ရွက်တွေက ပိုပြီးဗီတာမင်ဓါတ်များတယ်လို့ USDA database က ပြောဆိုထားပါတယ် ။
- အာလူး မှာတော့ ဗီတာမင်အေ 709 μg 79% ပါဝင်ပါတယ် ။
- ထောပတ်မှာတော့ ဗီတာမင်အေ 684 μg 76% ပါဝင်ပါတယ် ။
- ကိုက်လန်မှာတော့ 681 μg 76% ပါဝင်ပြီး ဒေါက်ခွမှာတော့ 469 μg 52% ပါဝင်ပါတယ် ။ ဗီတာမင်အေကို ရရှိနိုင်တဲ့အခြားအစားစာတွေကတော့ ရွှေဖရုံ ၊ အ၀ါရောင် ဒိန်ခဲ ၊ သခွာမာသီး ၊ ဥအမျိုးမျိုး ၊ တရုတ်ဆီးသီး ၊ papaya ၊ သရက်သီး ၊ ပဲအမျိုးမျိုးနဲ့ နို့ စသည်တို့ဖြစ်ပါတယ် ။

ဗီတာမင်အေက ခန္ဓာကိုယ်မှာ ဘာတွေ ဆောင်ရွက်ပေးသလဲ ?

ဗီတာမင်အေဟာ ခန္ဓာကိုယ်ထဲမှာ များစွာ သော လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပေးပါတယ် ။

က ။ အမြင်အာရုံ

ဗီတာမင်အေက အမြင်အာရုံမှာ ပါဝင်ပတ်သတ်မှုဟာ တကယ်တော့ Retinal form နဲ့ ဆက်နွယ်မှုရှိပါတယ် ။ မျက်လုံး ထဲမှာ 11-cis-retinal ကို rhodopsin ( အချောင်းပုံစံ ) နဲ့ iodopsin ( ကတော့ချွန်ပုံစံ ) အရာတွေက ၀ိုင်းရံ ထားပါတယ် ။ အလင်းရောင်က မျက်လုံးထဲဝင်လာပြီဆိုရင် 11-cis-retinal ဟာ "trans" form တွေအဖြစ်ပြောင်းလဲသွားရပါတယ် ။ အဲဒီ "trans" retinal တွေဟာ opsin ကနေ ပုံရိပ်အရောင် ချွတ်ခြင်းဆိုတဲ့ Photo bleaching ဆိုတဲ့ အဆင့်မှာ ခွဲခွာသွားပါတယ် ။ အဲဒီကမှတဆင့် ဦးနှောက် ထဲမှာရှိတဲ့ အမြင်အာရုံ စင်တာ ကို အမြင်အာရုံကြော Optic nerve တွေကတဆင့် အာရုံကြော အချက်ပြ မှု (Signal ) တွေ ထုတ်လွှင့်စေပါတယ် ။ Opsin ကနေခွဲခွာပြီးတဲ့အခါမှာ အဲဒီ "trans"-retinal တွေဟာ recylce ပြန်ဖြစ်ပြီး အင်ဇိုင်းတွေရဲ့အကူအညီနဲ့ 11-"cis"-retinal ပုံစံကို ပြန်လည်ရောက် ရှိလာပါတယ် ။ 11-"cis"-retinal ရဲ့ နောက်ဆုံးအဆင့်ပြောင်းလဲခြင်းဟာ opsin နဲ့ပြန်လည် ပူးပေါင်းပြီး အမြင်အာရုံခံလွှာမှာ rhodopsin တွေပြန်လည်ဖြစ်ပေါ်လာဖို့ဖြစ်ပါတယ် ။ တကယ်တော့ rhodopsin ဟာ အလင်းနိမ့် စူးစိုက်ရခြင်း Low light (contrast) တွေကိုကြည့်ဖို့ လိုအပ်ပြီးအထူးသဖြင့် ညမှောင်နေတဲ့အခါမျိုးမှာဖြစ်ပါတယ် ။ ဗီတာ မင်အေတွေ သာ ချှို့တဲ့ခဲ့ရင် rhodopsin ကို တားဆီးသလိုဖြစ်ပြီး ပထမဆုံး လက္ခဏာကတော့ ညဖက် မမြင်ရ ခြင်း ( night blindness ) ကို စတင်ခံစားရမှာဖြစ်ပါတယ် ။

- ဂျင်းန် Gene transcription
- ကိုယ်ခံအားတက်စေခြင်း ( Immune)
- သန္ဓေသားလောင်း ဖွံ့ဖြိုးစေခြင်းနှင့် မျိုးပွားမှုအား ထောက်ပံ့ပေးခြင်း
- အရိုး၏ ဇီဝဖြစ်ပျက်မှုများ
- သွေးထုတ်လုပ်ခြင်းဖြစ်စဉ် (Haematopoiesis)
- အရေပြားနှင့် ဆဲများသေဆုံးခြင်းဖြစ်စဉ်
- ဓါတ်တိုးဆန့်ကျင်ပေးခြင်း ( Antioxidant activity ) စသည်တို့ဖြစ်ပါတယ် ။

ဗီတာမင်အေ ချို့တဲ့ခြင်းအကြောင်း

ဗီတာမင်အေချို့တဲ့ခြင်းဟာ ကမ္ဘာတ၀ှမ်းလုံးမှာဆိုရင် အသက်ငါးနှစ်အောက်ကလေးတွေမှာ သုံးပုံတစ် ပုံလောက် မှာ ဖြစ်ပွာတးယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ် ။ နှစ်စဉ် ငါးနှစ်အောက်ကလေး 670 000 မှာ ဆိုရင် ခန့်မှန်းခြေ 250,000–500,000 အရေအတွက်ရှိတဲ့ ကလေးတွေဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ နှစ်စဉ် ဗီတာမင်အေ ချို့တဲ့မှုကြောင့် မျက်စိ မမြင်ရခြင်း ( Blind ) ကို ခံစားနေရပါတယ် ။ အထူးသဖြင့် အရှေ့တောင် အာရှ နဲ့ အာဖရိကမှာ ဖြစ်ပါတယ် ။ ဗီတာမင်အေ ချို့တဲ့ခြင်းဟာ Primary သို့မဟုတ် Secondary လည်းဖြစ်နိုင် ပါတယ် ။ Prinary Vitamin A deficiency ကိုတော့ ကလေးတွေနဲ့ လူကြီးတွေမှာ အထူးသ ဖြင့်သစ်သီးနဲ့အရွက်တွေကနေရရှိတဲ့ provitamin A carotenoids နဲ့ အသားတွေကနေရရှိတဲ့ Preformed Vitamin A တို့ ကို လုံလောက်စွာ စားသုံးခြင်းမရှိတဲ့ လူတွေမှာ ဖြစ်ပွားလေ့ရှိပါတယ် ။ မိခင်နို့တိုက်ကျွေး ခြင်းကို စောစောစီးစီးရပ်လိုက်တဲ့ ကလေးတွေမှာလည်း ဗီတာမင်အေ ချို့တဲ့ခြင်းကို ခံစားရနိုင်ပါတယ် ။ Secondary Vitamin A deficiency ကတော့ lipids လို့ခေါ်တဲ့အဆီတစ်မျိုးကို ကြာရှည်စွာ စုပ်ယူနိုင်မှု ကင်းမဲ့ခြင်း (chronic malabsorption of lipids) နဲ့ ဆက်နွယ်မှုရှိပါတယ် ။ သည်းခြေရေ ထုတ်လုပ်ခြင်း နဲ့စွန့်လွှတ်ခြင်း လည်းချို့ယွင်းပြီး အထူးသဖြင့် ဆေးလိပ် အကြာကြီးသောက်နေတဲ့သူတွေ ၊ နှစ်ရှည် အရက်သောက်သုံးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။ ဇင့်ဓါတ်ချို့တဲ့ခြင်းဟာလည်း ဗီတာမင် အေ စုပ်ယူခြင်း ၊ ပို့ဆောင် ခြင်း နဲ့ ဇီဝဖြစ်ပျက်မှုတို့ကို ပျက်ယွင်းစေပါတယ် ။ ဘာကြောင့် လည်းဆိုတော့ ဇင့်ဟာာ ဗီတာမင်အေ ကို ပို့ဆောင်ပေးတဲ့ ပရိုတိန်းတွေ ထုတ်လုပ်တဲ့နေရာမှာ မရှိမဖြစ်လို အပ်ပြီး retinol ကနေ retinal အဖြစ် ပြောင်း တဲ့နေရာမှာလည်း ပူးပေါင်းပါဝင်သူ cofactor အဖြစ်ဆောင် ရွက်ပေးတဲ့အတွက်ဖြစ်ပါတယ် ။

ဗီတာမင်အေချို့တဲ့ပြီဆိုရင် အရင်ဆုံး အလင်းရောင်နည်းလာပြီး ညဖက်မမြင်ရခြင်း Night blindness ကို ခံစားရနိုင်တယ်ဆိုတာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ် ။ Persistent deficiency (အလုံးစုံချို့ယွင်းခြင်း ) မှာဆိုရင်တော့ များစွာ သော ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ် ။ အချို့ကတော့အမြင်အာရုံပြောင်းလဲလာခြင်း xerophthalmia ကို ခံစားရပါတယ် ။ အရင်ဆုံး မျက်လုံးခြောက်သွေ့လာပြီး သာမန် မျက်ရည်ထုတ်ခြင်း အချွဲရည် ထုတ်သော အလွှာ epithelium ကို keratinized epithlium ကနေ အစားထိုးလဲလှယ်လိုက်ပါတယ် ။ မျက်မှေးတက်တယ်လို့လည်းခေါ်ကြပါတယ် ။ မျက်လုံးထဲမှာ သေးငယ်သော အဖြူဆံ ကလေးများ ( Bitot's spots ) ကလေးများပေါ်လာပြီး နောက်ဆုံး မျက်ကြည်လွှာ တစ်ခုလုံးဟာ ပျက်ဆီးသွားခြင်း keratomalacia အဖြစ် ရောက်ရှိပြီး လုံးဝမမြင်ရတော့သောအဆင့် total blindness အဖြစ်ကိုရောက်ရှိပါတယ် ။ တခြားပြောင်းလဲမှုတွေကတော့ ကိုယ်ခံအားကျဆင်းလာတဲ့အခါ နားအတွင်း ပိုးဝင်ခြင်း ၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၊ Meningococal ရောဂါ စတာတွေပါ ပူးတွဲခံစားလာရပါတယ် ။ ဗီတာမင်အေကိုသာ မပိုလျှံစေပဲ လုံလုံလောက်လောက်စားသုံးမယ်ဆိုရင် ကိုယ်ဝန်ဆောင်သည် ၊ နို့တိုက်မိခင်တွေသာမက သန္ဓေသားဖွံ့ဖြိုး မှုအတွက်ပါ အလွန်အကျိုးရှိစေပါတယ် ။ မွေးပြီးမှ ဗီတာမင်အေချို့တဲ့တာကိုတွေ့ရပြီဆိုရင်တော့ ဗီတာမင်အေ ဖြည့် စွက်တိုက်ကျွေးပေမယ့်လည်းပြန်လည် ဖြည့်တင်းဖို့ မလွယ်တော့ပါဘူး ။

ဗီတာမင်အေကို အလွန်အကျွံသောက်သုံးမိခြင်း ( ဗီတာမင်ဓါတ်အများအပြားထည့်ထားသော အားဆေးများ ) ကနေတဆင့် မွေးရာပါ ချို့ယွင်းချက် birth defects များဖြစ်ပေါ်စေနိုင် တဲ့အတွက် နေ့စဉ်လို အပ်တဲ့ပမာဏ ထက်ပိုပြီးသောက်သုံးဖို့ မသင့်ပါဘူး ။ ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်သုံးခြင်း အားဖြင့် လည်း ဗီတာမင်အေ ကို တားဆီးသလိုဖြစ်ပြီး ကလေးမှာ Fetal alcohol syndrome ရှရှိနိုင်ပါတယ် ။ ဗီတာမင်အေကို များပြားစွာ အလွန်အကြူးသောက်သုံးမိရင်တော့ ပျို့ခြင်း ၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ အန်ခြင်း ၊ အမြင်အာရုံေ၀၀ါးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အမွှေးကျွတ်ခြင်း ၊ ကြွက်သားများအားနည်းခြင်း ၊ ၀မ်းဗိုက်နာခြင်း ၊ နုံးခွေးခြင်း နဲ့ စိတ်အာရုံခံစားမှုပြောင်းလဲခြင်း စသည်တို့ဖြစ်ပါတယ် ။ ဗီတာမင်အေ အများ အပြား ကို အကြာကြီးသောက်သုံးမိရင်တော့ အမွှေးကျွတ်ခြင်း ၊ အာခံတွင်းများ ခြောက်သွေ့ခြင်း ၊ ဖျားခြင်း ၊ ညဖက် အိပ်မပျော်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ကိုယ်အလေးချိန်ကျခြင်း ၊ အရိုးကျိုးအက်လွယ်ခြင်း ၊ သွေးအား နည်းခြင်း နဲ့ ၀မ်းသွားခြင်းစသည်တို့ဖြစ်ပွားတတ်ပါတယ် ။ ဒါဟာ ဗီတာမင်အေ အဆိပ်အတောက်ဖြစ်ခြင်းရဲ့ လက္ခဏာများလည်းဖြစ်ပါတယ်လို့ဖော်ပြရင်း ဗီတာမင်အေအကြောင်းသိကောင်းစရာဆိုတဲ့ ဆောင်းပါးကို အဆုံး သတ်လိုက်ရပါတယ် ။

Reference : http://en.wikipedia.org/wiki/Vitamin_A

သက်တန့်ချို

(For Living Life Journal Cover Story)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................


Saturday, October 22, 2011

တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ



တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ

ဟိုးအဝေးမှာ
ကြယ်စင်တွေ..သူတို့စွမ်းသလောက်
မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ
ကျွန်တော်ရော...မေမေ့အတွက်
ဘယ်လို သစ္စာတရားတွေနဲ့
ဘယ်လို မေတ္တာတရားတွေနဲ့
“ လင်း ” ပြခဲ့ပြီးပြီလဲဟင် ...

မေမေ
ကျွန်တော်တို့အရပ်မှာ
နေတွေမပွင့်ဘူး .. လတွေမသာဘူး
အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့
ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ
ဂါရ၀တရား နဲ့ ရိုသေမှုဟာ
လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့
မေမေသင်ကြားခဲ့သမျှ
ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့
ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ

မေမေ
အဲဒီကောင်းကင်ကြီးအောက်
ကျွန်တော်တို့ မိုးရေတွေ အတူသောက်ခဲ့ကြဖူးတယ်
တနယ်တခြားမှာ
သူတို့ဟာ ဘာကြောင့်များ “ စိမ်း ” သွားကြတာလဲဟင်
ကျွန်တော်တို့ဟာ မြန်မာတွေပါမေမေ
ရွှေတိဂုံဘုရားကြီးရှိတယ်
ဇွဲကပင်တောင်ရှိတယ်
ဧရာဝတီမြစ်ကြီးရှိတယ်
ပုဂံ ရှိတယ်
ဂူဂဲလ်လောက်တော့ပွင့်နိုင်တဲ့ အင်တာနက်လိုင်းကြီးတွေရှိတယ်
တခါတခါ ပိုက်ဆံများရှိလို့ကတော့
လူပေါ်လူကျော်လည်း လုပ်နိုင်သေးတယ်မေမေရဲ့

မေမေ
မဝေးတော့တဲ့တစ်နေ့မှာပေါ့
ကျွန်တော်တို့ မျှော်လင့်ခြင်းတွေကိုယ်စီထုပ်ပိုး
မနိုးသော အိပ်မက်များ ကိုယ်စီနဲ့
မေမေ့အိမ်ကလေးကို ပြန်လာခဲ့မှာပါ
နှင်းဆီရနံ့တွေလွှမ်းနေတဲ့
မေမေ့ ပန်းခင်းလေးထဲ
ကျွန်တော့်ကို မျှော်နေမလားမေမေ
မေမေ့ ရင်ခွင်တံခါးကိုခေါက်
ကျွန်တော် သားချော့တေးတွေ ပြန်ကြားယောင်မိတယ်
လူကလေးရယ်..အိပ်ချိန်တန်..ဗျိုင်းရှေ့ကပျံ
ကျွန်တော့်မျက်ဝန်းတွေထဲ
အခါမလပ် အုံ့ဆိုင်း ရစ်သိုင်းနေဆဲပါ မေမေရယ်

မေမေ
ဒီမြေဒီရေဟာ ကျွန်တော့်အတွက်တော့
တမာခါးတွေစိုက်ပျိုးထားတဲ့ ပူပြင်းစူးရှ
ကန္တာရသက်သက်ရယ်ပါ မေမေ
တခမ်းတနား အဆောက်အအုံတွေနဲ့
မီးရထားဖြူဖြူကြီးတွေနဲ့
သူတို့ဟာ စက်ရုပ်တွေများလားမေမေ
အချိန်တန်အိပ် အချိန်တန်စား
ဘ၀ဟာ နေခြင်းလား... သေခြင်းလား
ဘယ်လို အသိတရားမျိုးတွေနဲ့
ကျွန်တော်ဆက်နေထိုင်ရမလဲဟင် မေမေ

မေမေ
နံနက်ခင်းနိုးထခါစ မေမေ့လက်ရာထမင်းကြော်နဲ့
ပဲပြုတ်ဆီဆမ်းကို ကျွန်တော်တအားလွမ်းတယ်မေမေ
ကျွန်တော့်ကို ဆူပါဦးမေမေ
ကျွန်တော့်ကို ရိုက်ပါဦးမေမေ
တခမ်းတနား အဆောင်အယောင်တွေကို
ကျွန်တော်မုန်းတီးနေခဲ့တာကြာပါပြီ
ဘ၀က လှိုင်းထန်လည်းပဲ
မေမေ့ ၀ဲဂရက်ထဲပဲ ကျွန်တော်လွန့်လူးပျော်မွှေ့ချင်တယ်
မေမေ့ လှေငယ်လေးပဲ ကျွန်တော် လှော်ခတ်ချင်တယ်
အို... မေမေရယ်
မဝေးတော့တဲ့ တစ်ရက်မှာပေါ့
ကျွန်တော် အရောက်ပြန်ခဲ့မှာပါ
ခွင့်လွှတ်ခြင်းတရားတွေ နဲ့ မေမေ့ ရင်ခွင်နွေးနွေးကြား
ကျွန်တော် အိပ်စက်ခိုလှုံပါရစေဦးနော်

(အဝေးရောက် “ သား ” များ ကိုယ်စား ခံစားရေးဖွဲ့ပါတယ် )

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, October 21, 2011

င်္Facebook Fan Page တွင် တပြိုင်နက်တည်းဖတ်ရှုနိုင်စေရန်

Facebook Fan Page တွင် တပြိုင်နက်တည်းဖတ်ရှုနိုင်စေရန်





အခုအချိန်ကစပြီး ဘလော့ဂ်မှာတင်သမျှ ပို့စ်အားလုံးကို တပြိုင်နက်တည်း Facebook Fan Page မှာ တင်ပေး သွားမှာဖြစ်ပါတယ် ။ ဒါကြောင့် ဘလော့ဂ်ဝင်ဖို့အခက်အခဲရှိသူများ ၊ အချိန်မရသူများ နဲ့ ဖေ့ဘုတ်ကနေ မခွာချင်သူများအဖို့ ကျွန်တော့်ရဲ့ အသစ်ပြုလုပ်ထားတဲ့ Fan Page မှာ ဆေးပညာဆိုင်ရာများ ထူးဆန်းထွေလာများ သုတ ရသများကို တပြိုင်နက်တည်းဖတ်ရှူနိုင်ပြီဖြစ်ပါတယ် ။ မိမိရဲ့ Home မှာ တင်သမျှ ပို့စ် ပေါ်ဖို့အတွက်ဆိုရင်တော့ Like လုပ်ထားဖို့တော့လိုပါတယ် ။

Fan Page Link - ဒီနေရာလေးကိုနှိပ်ပြီးသွားနိုင်ပါတယ် ။



သက်တန့်ချိုဘလော့ဂ် စလုပ်ကတည်းက အမြဲအားပေးခဲ့သော သူငယ်ချင်းများ စာဖတ်သူများအား အထူးလေးစားကျေးဇူးတင်ပါတယ်ခင်ဗျာ ။

သက်တန့်ချိုး)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................