Monday, October 22, 2012

အဖေသွားနှင့်ပြီ သမီးလေးရေ



တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီးကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။ သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုးသမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။

ဒါပေမယ့်လည်း ဘ၀ကံနုံချာလွန်းတဲ့အတွက် ဆင်းဆင်းရဲရဲ့ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ်ရောက်လာခဲ့တယ် ။ “ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ
ဆို့နင့်သွားခဲ့ရတယ် ။

“ အေးပါသမီးရယ် အဖေပိုင်တဲ့လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။ လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေးလုပ်လိုက်နဲ့ ချို့တဲ့စွာနေခဲ့ရတယ် ။

လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။ တစ်နေ့တော့ သမီးလေးကိုတွေ့ချင်လွန်းအားကြီးတဲ့ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကိုလိုက်သွားခဲ့တယ် ။ သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ၀မ်းနည်းစွာနဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။

နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူလိုက်လာပြီး ဖခင်ကိုပြောတယ် ။ “ အဖေရယ် ရှက်စရာကြီး သမီးကျောင်းကိုဘာလို့လိုက်လာရတာလဲ ... သမီးကိုတွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာသိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး ” လို့ပြောခဲ့တယ် ။ ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲစိုက်ကြည့်နေခဲ့တယ် ။

အဲဒီလိုနဲ့ . . .

သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ ငါ့အဝေးကနေ ကြည့်ခိုင်းရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။

“ သမီးလေး...

သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို..အဖေ ဟာ တမလွန်မှာ ရောက်နေရောပေါ့ ဒါကြောင့်ဒီစာလေးကို ကြိုရေးထားခဲ့တာပါ .. သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေးမပီကလာပီကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။ အဖေတို့ဆီမှာသောက်ရေကလည်းပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ သောက်ရေ သွားယူခဲ့ဖူးတယ် ။

သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာမငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီးခြိုးခြံချွေတာခဲ့ဖူးတယ် ။ သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့တစ်ခုပါပဲ ။

သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။ သမီးရယ် ...သမီးဆီက အဖေဘာမှမမျှော်လင့်ပါဘူး လူ့ဘ၀ဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကိုပြည့်ပြည့်စုံစုံမထားနိုင်ခဲ့တဲ့အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ သမီးရယ် အဖေတို့ မိဘတွေဆိုတာ သားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်းအဖေတို့ကိုရွေးချယ်ခွင့်မရှိခဲ့ပါဘူး ။ ဘ၀အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘ၀မှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။

သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။ သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ ...

သမီးရေ ...ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ... ”

--------------------------------------------

သက်တန့်ချို
ဖြစ်ရပ်မှန်ဇတ်လမ်းလေးတစ်ပုဒ်ပါ ကျွန်တော်နေခဲ့တဲ့ရွာကလေးမှာဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးတစ်ပုဒ်ပေါ့ ။ အခုတော့ အဲဒီစာဖတ်ပြီး ကတည်းက ဇတ်လမ်းထဲက သမီးလေးဟာ အဲဒီနေ့မှာပဲ ရွာကိုပြန်ပြီး သူ့အဖေ မြေပုံနဲ့မနီးမဝေးက သီလရှင်ကျောင်းလေးမှာ အခုထက်ထိပဲ တရားရိပ်ကို ခိုလှုံနေပါတော့တယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 11, 2012

နန်းခင်ဇေယျာကို Miss Internet အတွက် တရားဝင်လင့်မှာ ကူညီချင်တယ်ဆိုရင်



နန်းခင်ဇေယျာရဲ့ Miss International 2012 Organizing ကော်မတီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနဲ့ အဆက်အသွယ်ရပါတယ် ။ နန်းခင်ဇေယျာက ပေးပို့တဲ့မေးလ်ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ် ။

“ မင်္ဂလာပါ မြန်မာ !!!

ကျွန်မ နန်းခင်ဇေယျာ ပါ အခုလို ၀ိုင်းပြီးအားပေးတဲ့အတွက်ရော Vote လုပ်ပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ် Thai beauty fan page က တကယ်တော့ တရားဝင် vote ပေးရမယ့်လင့်မဟုတ်ပါဘူး တရားဝင်vote ပေးရမယ့်လင့်ကို မျှဝေပေးချင်ပါတယ် ။

အခုအောက်မှာပေးထားတဲ့လင့်ဟာ တစ်ကမ္ဘာလုံး တစ်ကမ္ဘာလုံးက Miss Internet အတွက် ၀ိုင်းပြီး ပေးကြတဲ့ လင့်ဖြစ်ပါတယ် ။ ဒါကြောင့် Official မဟုတ်တဲ့လင့်တွေကို Share မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ။ အရင်ဆုံးအောက်ပါလင့်ကိုသွားပါ ။

http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660/  ကိုဖွင့်လိုက်ပါ အဲဒီမှာ အလယ်မှာ ကျွန်မရဲ့ပုံရှိပါတယ် ။ အဲဒီပုံလေးကို Click နှိပ်လိုက်ပါ ။ Favourites တွေဘာတွေလုပ်စရာမလိုပါဘူး ။ သူတို့လိုချင်တာက ကြည့်ရှုသူအရေအတွက် VEIWS ကိုဖြစ်ပါတယ် ။

အခု ကျွန်မ ဓါတ်ပုံမှာ ၁၁၆၀၀၀ ကြိမ်ရှိပြီး တခြားတိုင်းပြည်ကသူတွေကတော့ ၁၉၀၀၀၀ ရှိပါတယ် ။ ဒါကြောင့် အားလုံးဝိုင်းပြီးကူညီကြပါဦး ။ ကျွန်မ ဖေ့ဘုတ်အကောင့်က ဖွင့်လို့မရတော့ပါဘူး Hacking လုပ်ခံရတယ်လို့ထင်ပါတယ် ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီသတင်းလေးကိုဝေမျှပေးပါ ။ ဒါကြောင့် ကျေဇူးပြုပြီး တခြားနေရာတွေလိုက်ပြီး Vote လုပ်နေရင်အချိန်ကုန်ပြီး Views အရေအတွက်တက်လာမှာမဟုတ်ပါဘူး အခုပေးထားတဲ့လင့်ကသာ တရားဝင်ဖြစ်ပါတယ် ။

ကျေးဇူးတင်ခြင်းများစွာဖြင့်

နန်းခင်ဇေယျာ ”

(ကျွန်မရဲ့ဖေ့ဘုတ်အကောင့်ကို မသုံးနိုင်တဲ့အတွက် ၀မ်းနည်းစွာနဲ့တောင်းပန်ပါတယ် ဒါပေမယ့် မေးလ်ကနေတဆင့် Update တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ် )

------------------------------------------------------

သက်တန့်ချို - “ အခုနည်းကပိုတောင်လွယ်သွားသေးတယ် ပုံကိုကလစ်နှိပ်တာနဲ့ view count တစ်ခုတက်သွားမယ် ဘာမှလုပ်စရာမလိုဘူး ကြည့်တဲ့အကြိမ်အရေအတွက်တက်အောင်သာ http://www.flickr.com/photos/64086169@N03/sets/72157631640709082/with/8062634660/  ကိုနှိပ်ပြီး ခဏခဏ view count တက်နေအောင်သူ့ပုံကို click နှိပ်ပေးဖို့ပဲလိုတယ် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Sunday, October 7, 2012

ချစ်သူဖတ်ဖို့









 

ချစ်သူဖတ်ဖို့

ချစ်သူ့ထံပါး . . တခမ်းတနား ရေးဖြစ်တဲ့ ကဗျာ
ဝေါဟာရ တွေဟာ ခံစားချက်တွေနဲ့အညီ စီးဆင်းခဲ့
ဘယ္လို သခါၤရတရားကမ်ား . . .
သတိရခြင်းတွေကိုငြိမ်သက်စေလိမ့်မလဲ ။

နင်ရော . . နေမှကောင်းရဲ့လား
သွားရတဲ့ခရီးကရှည် . . လေက ကြမ်း . . လှိုင်းကထန်
ပျံသာပျံပါ . . အချစ်ရယ်
ကောင်းကင်ကကျယ်တယ် . . ။

အိပ်မက်တွေထဲမှာ ခဏခဏလည်းကြယ်တွေကြွေတယ်
ငါလည်း ခဏခဏ ဆုတောင်းခဲ့ရ
ဒီဘ၀ မှာ ချစ်သူအတွက် ပေးဆပ်ခြင်းသက်သက်သာ ဖြစ်ရလို
သူမ . . ဘယ်တော့မှ မငိုပါစေနဲ့ ။

အလွမ်းရယ် မြတ်နိုးခြင်းရယ်
တမေ့တမော သတိရခြင်းတွေ ပေါင်းစုဆုံတဲ့အခါ
ချစ်သူအတွက် ...
အသက်ထက်ဆုံး ဆုတောင်း လို
သူမအတွက် ဘယ်တော့မှ ကောင်းကင်မပြိုပါစေနဲ့ ။

သက်တန့်ချို
7 Oct 2012

Friday, October 5, 2012

ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ



ကိုယ်လုပ်နိုင်တာကို လုပ်ကို လုပ်ရပါမယ်ဗျာ 

တစ်ခါတုန်းက လူတစ်ယောက်ဟာ တောကြီးမျက်မည်းထဲမှာ ခရီးသွားနေခဲ့တယ် ။ သူဟာ သူ့ဆွေမျိုးတွေရှိတဲ့ရွာကို သွားဖို့အတွက် အခုလို တောကြီးမျက်မည်းထဲကနေ ဖြတ်သွားမှ သာ အမြန်ဆုံးရောက်နိုင်မှာဖြစ်တယ် ။ သူ သွားတဲ့လမ်းတလျှောက်မှာရှိတဲ့ ခြုံပုတ်တွေကို ရှင်းလင်းပြီး သွားတဲ့အခါ တစ်နေရာရောက်တော့ ပျားစားငှက်တစ်ကောင်ကိုတွေ့လိုက်ရတယ် ။ ပျားစားငှက်ဟာ ထူးထူးဆန်းဆန်း မြေပြင်ပေါ်မှာ လှဲနေပြီးခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားတာတွေ့လိုက်ရတယ် ။

အဲဒီလူက အံ့သြလွန်းလို့ ပျားစားငှက်ကိုမေးလိုက်တယ် ။ “ ဘာလို့ မြေပေါ်မှာ လှဲအိပ်ပြီး ခြေထောက်နှစ်ချောင်းကို မိုးပေါ် ထောင်ထားရတာလဲ ” ပြီးတော့ သူကဆက်ပြောတယ် ။ “ ဒီလိုသာ မြေကြီးပေါ်လှဲနေရင် တောကောင်တွေ ကြံ့တွေ ဆင်တွေ ဖြတ်သွားတဲ့အခါ မင်းကို နင်းသွားမှာပေါ့ မင်းသေသွားမှာပေါ့ ” ဆိုပြီး ငှက်ကလေးကို သတိပေလိုက်တယ် ။

ငှက်ကလေးကပြန်ပြောတယ် ။ “ ဟာ ခင်ဗျား ဒီလောက်ကြီးကျယ်တဲ့သတင်းကို မကြားမိသေးဘူးလား ခင်ဗျားတို့ လူသားတွေက ဒီလိုသတင်းကိုပိုတောင်သိသင့်တာပေါ့ မကြာခင် မိုးပြိုကျတော့မှာဗျ မြေကြီးပေါ် ပြိုကျတော့မှာ ” လို့ ငှက်ကလေးက ထိတ်လန့်စွာပြောလိုက်တယ် ။ “ ဒီသတင်းကို သစ်တောက်ငှက်ဆီကရတာပါ ” လို့ ငှက်ကလေးကဆက်ပြောတယ် ။

ခရီးသွား လူက ငှက်ကလေးကို သနားဂရုဏာသက်စွာကြည့်ပြီးပြောလိုက်တယ် ။ “ ဟင် ..မင်းရဲ့ခြေထောက်လေးတွေက သေးသေးလေးတွေနဲ့ အားအင်ကလည်း ချိနဲ့ပါဘိသနဲ့ ဘယ်လိုလုပ်ပြီး ဒီမိုးကောင်းကင်ကြီးကို ထမ်းထားနိုင်မှာလဲ ” လို့ သနားတဲ့ဟန်နဲ့ပြောလိုက်တယ် ။ ငှက်ကလေးက ပြုံးပြီးတော့ပြန်ဖြေတယ် ။

“ မှန်ပါတယ်ဗျာ ခင်ဗျားပြောတာမှန်ပါတယ် ကျွန်တော့်ခြေထောက်လေးတွေဟာ သေးငယ်ပြီး အားအင်ကလည်းချည့်နဲ့ကောင်းချည့်နဲ့ပါလိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ ကိုယ်လုပ်နိုင်တာကို ကိုယ်တတ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ် ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ ” လို့ ပြန်ပြောလိုက်ပါတော့တယ် ။

----------------------------------------------------

ဒီနေရာလေးမှာ ဒီသတင်း မှန်တယ် မမှန်ဘူး ငှက်ကလေးဦးနှောက်ရှိတယ်မရှိဘူး ကျွန်တော်တို့စဉ်းစားစရာမလိုပါဘူး ပုံပြင်ကပေးချင်တဲ့ အသိဟာ Reality ဆိုတဲ့ အစစ်အမှန်ဖြစ်မှုနဲ့ Reason ဆိုတဲ့အကြောင်းပြချက်တွေမဟုတ်ပါဘူး ။

တစ်ခုခု ပြဿနာ ဘေးဒုက္ခကြုံလာတဲ့အခါ ကိုယ့်အတွက်ဘယ်လောက်ပဲ မျှော်လင့်ချက်တွေကင်းမဲ့နေပါစေ ကိုယ့်အတွက် အဲဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဘယ်တော့မှ ကျွန်တော်တို့လက်မြှောက်အရှုံးမပေးရပါဘူး ။ ငှက်ကလေးပြောသလိုပဲ ကျွန်တော်တို့ ကိုယ်လုပ်နိုင်တာကို လုပ်ကိုလုပ်ရပါမယ်ဗျာ။ ဥပမာဗျာ AIDS ရောဂါကြီး တစ်ကမ္ဘာလုံးမှာပျံ့နှံ့နေတယ် ဘယ်လို မှကုသဖို့မဖြစ်နိုင်ဘူးဆိုပြီးလက်လျော့မနေရဘူး ။ ကိုယ်လုပ်နိုင်တာ ဘာရှိလဲ ကျန်းမာရေးအသိပေးခြင်းလား ကာကွယ်ခြင်းလား သူငယ်ချင်းတွေကို ပြောပြခြင်းလား အဲဒီလို လုပ်နိုင်တာလေးလုပ်ခြင်းအားဖြင့်ကျွန်တော်တို့ ရှင်သန်နေရပါမယ် ။

သက်တန့်ချို
The Bee Eater အား ခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

စတီးချောင်းကို ပုံသွင်းနိုင်တဲ့အရာ



 စတီးချောင်းကို ပုံသွင်းနိုင်တဲ့အရာ

ဟိုး ရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ အလွန်ကို မာကြောတဲ့ စတီးချောင်းကြီးတစ်ခုရှိခဲ့တယ် ။ လူတွေက အဲဒီစတီးချောင်းကြီးကို ဒီအတိုင်းထားမယ့်အစား အသုံးဝင်မယ့်ပစ္စည်းတစ်ခုခုအဖြစ် ပုံသဏ္ဍာန်ပြောင်းပြီး အသုံးပြုလိုကြတယ် ။ ပထမဆုံး ပုဆိန်တစ်ခုနဲ့စမ်းသပ်ခဲ့တယ် ။

ပုဆိန်ရဲ့အသွားနှစ်ဖက်က စတီးကို အကြိမ်ကြိမ်ပွတ်တိုက်သော်လည်း ဘယ်လို မထူးခြားမှုရှိမလာခဲ့ဘူး ။ ပုဆိန်ရဲ့အသွားတွေတုံးလာပြီး အစတွေပဲ့ထွက်ကုန်တဲ့အတွက် လူတွေက လက်လျော့လိုက်ကြပြီး လွှနဲ့စမ်းသပ်ကြပြန်တယ် ။ လွှကလည်း သူ့တာဝန်အတိုင်းရှေ့တိုးနောက်ဆုတ်နဲ့စတီးချောင်းကြီးကို တိုက်ဖြတ်ပါတယ် ။

ဒါပေမယ့် လွှ အသွားတွေ သာတုံးသွားပြီး တချို့က ကွေးကောက်တွန့်လိပ်သွားကြတယ် ။ အဲဒီအခါလူတွေက “ တူ ” နဲ့စမ်းသပ်ကြပြန်တယ် ။ ပထမဆုံးအကြိမ် စတီးချောင်းကို တူ နဲ့ရိုက်လိုက်တဲ့အချိန်မှာပဲ တူရဲ့ ခေါင်းဟာ နှစ်ခြမ်းကွဲသွားပါတော့တယ် ။ ဒီတော့လူတွေက နောက်ဆုံးမီးတောက်မီးလျှံတွေနဲ့စမ်းသပ်ကြပြန်တယ် ။

မီးတောက်တွေနဲ့စတီးကိုရစ်ပတ်ပြီး အပူပေးကြတယ် ။ စတီးချောင်းဟာ မီးလျှံတွေနဲ့တွေ့တဲ့အခါ တဖြည်းဖြည်းပျော့ပြောင်းလာတယ် ။ အဲဒီလို ပျော့လာတဲ့အခါမှ စတီးချောင်းကို လိုတဲ့ပုံစံအတိုင်း ကွေးချီဆန့်ချီလုပ်ပြီးပုံသွင်းခဲ့ကြတယ် ။ နောက်ဆုံးမှာတော့ မာကျောပါတယ်ဆိုတဲ့စတီးချောင်းဟာ မီးတောက်ရဲ့အလိုရှိရာပုံသဏ္ဍာန်အတိုင်းလိုက်နာပြီးပုံဖော်ပေးရရှာပါတော့တယ် ။

----------------------------------------------------------

ရက်စက်တဲ့ အင်အားတစ်ခုအပေါ် အနိုင်ယူလိုတဲ့အခါ နူးညံ့ပျော့ပြောင်းမှု ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုနဲ့သာ ပြောင်းလဲမှုတွေဖြစ်စေပေါ်စေပြီးအနိုင်ယူရပါမယ် ။ ဘယ်လောက်ပဲ မာကျောခက်ထန်နေပါစေ ဘယ်လောက်ပဲ ကြမ်းတမ်းဆိုးသွမ်းနေပါစေ အဲဒါကို အနိုင်ယူမယ့် မီးတောက်လိုမျိုးအရာကတော့ တစ်နေ့ ပေါ်လာမှာ မလွဲပါပဲ ။ အဲဒီအခါ မာကျောတဲ့အရာမှန်သမျှဟာ မီးတောက်လို အရာရဲ့ စီမံမှုအောက်နာခံပြီးလိုသလို ပုံသွင်းခံရမှာ အသေအချာပါပဲ ။

သက်တန့်ချို
The Right Tool By Aesop အားခံစားဘာသာပြန်သည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................