Tuesday, May 28, 2013

တချို့လူတွေဖတ်ဖို့















တချို့လူတွေက လုပ်ပိုင်ခွင့်နဲ့ အာဏာကိုဗန်းပြပြီး ကိုယ်နဲ့မဆိုင်တဲ့ professional ပိုင်းမှာ ၀င်စွက်ဖက်တာတွေရှိတယ်

တချို့လူတွေက စိန်နားကပ်ရောင်နဲ့ ပါးပြောင်တာကို မက်မောနေကြတာတွေရှိတယ်

တချို့လူတွေက ကိုယ်က ဘာမှမသိ ဘာမှမတတ်ပေမယ့် လူတွင်ကျယ်လုပ်ရတာကို ၀ါသနာပါသူတွေရှိတယ်

တချို့လူတွေက ကိုယ်အောင်မြင်ဖို့အရေးသူတပါးကို နင်းတက်ရတာလည်း ၀န်မလေးတတ်ကြဘူး

တချို့လူတွေက အိပ်ချင်ယောင်ဆောင်နေလို့ နှိုးရခက်တယ် အသိခေါက်ခက် အ၀င်နက်ကြတယ်  
















လူကြီး

- အသက်ကြီးလာတိုင်းလူကြီးလို့ သတ်မှတ်လို့မရဘူး လက်အောက်ငယ်သားအပေါ် ရင်နဲ့မခြားစောင့်ရှောက်နိုင်မှ လူကြီးလို့ခေါ်တယ်

- အထက်အမြင့်တစ်နေရာမှာနေတိုင်းလူကြီးလို့ သတ်မှတ်လို့မရဘူး တာဝန်ယူနိုင်မှုအပိုင်းနဲ့ ကျောသားရင်သားမခွဲခြားပဲ ကလေးကလားအပြုအမူတွေမလုပ်မှ လူကြီးလို့ခေါ်တယ်

- လူကြီးဆိုပြီး နေရာတကာ နှိပ်ကွပ် လို့ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းရှေ့တန်းတင်နေတာ လူကြီးလို့မခေါ်ဘူး လူငယ်လို့ခေါ်တဲ့လက်အောက်ငယ်သားတွေစကား ကို လေးလေးစားစားနားထောင်ပေးနိုင်မှ လူကြီးလို့ခေါ်တယ်

- လူကြီးဆိုပြီး ဘ၀င်လေဟပ် လို့ ငါခိုင်းတာလုပ် ငါ့သဘောအတိုင်းလုပ်ရမယ်လို့ ထင်နေတဲ့သူတွေကိုလူကြီးလို့မခေါ်ဘူး လူကြီးပီသစွာနဲ့ လူငယ်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံမှုရှိမှသာ လူကြီးလို့ခေါ်တယ်

- လူကြီးဆိုပြီး တစ်သွေးတစ်သံတစ်မိန့် လို့ သတ်မှတ်တာဟာ အာဏာရှင်ပဲ ဘက်ပေါင်းစုံကနေ ရှုမြင်သုံးသပ်ပေးနိုင်မှသာ လူကြီးလို့ခေါ်တယ် ။  
















အခက်အခဲနဲ့ကြုံရတဲ့အခါ ခေါင်းမပူပဲ အေးအေးစဉ်းစားမှသာ အဖြေမှန်ကိုရမယ်

မနက်ဖြန်အတွက်ပဲမကြည့်ပါနဲ့ သဘက်ခါ ကိုပါကြိုတွေးပါ

တခါတလေ လက်လွှတ်လိုက်ရတဲ့အရာတွေက ပိုကောင်းမယ့်အရာတွေရောက်လာစေဖို့ မှတ်ပါ

လူတိုင်းဟာ ကိုယ့်ဘ၀နဲ့ကိုယ်မို့ တခါတလေ မတူညီတဲ့အခြေအနေတွေကြုံလာရင် မှန်တဲ့ဖက်ကိုလိုက်ရမယ်

ဒီနေ့ ၂၄ နာရီကုန်ဆုံးသွားခဲ့ရင် မနက်ဖြန် ၂၄ နာရီမှာ ကိုယ့်အတွက်ကံကောင်းခြင်းတွေမလာဘူးလို့ ဘယ်သူပြောနိုင်လဲ

( သက်တန့်ချို ) 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 27, 2013

ဆရာဝန်ဆိုတာ ...






















ဆရာဝန်ဆိုတာ ...

မိုးအေးအေးနဲ့ ဒီနေ့ အကြောင်းအရာအချို့ကိုတွေးမိတယ် ။ ကိုယ့်အလုပ်နဲ့ပတ်သတ်တဲ့အရာတွေကိုပါ ..
အော် .ဖြစ်ချင်လိုက်တာ ..ဆေးကျောင်းဝင်ဖို့အရေး ကြိုးစားလိုက်ကြတာ
လူတွေဘာလို့ ဆရာဝန်ဘ၀ကို ဒီလောက်လိုချင်နေကြလဲ မသိ ..ကျုပ်ကတော့ နည်းနည်းမှ မလိုချင်တာအမှန်ပဲ
ငယ်ဘ၀ကတည်းကဖြစ်ချင်တာက လေယာဉ်ပိုင်းလော့သို့မဟုတ် သင်္ဘောကပ္ပတိန် . .
အခုတော့ ဆရာဝန်တစ်ယောက်ဘ၀ . . ကျုပ်စဉ်းစားကြည့်တယ်

ရုပ်ရှင်တွေ ဗွီဒီယိုဇာတ်လမ်းတွေထဲမှာဆိုရင် မင်းသမီးနဲ့မင်းသား ရှိတယ်ဆိုပါတော့
မင်းသမီးကို အိမ်ကသဘောတူတဲ့လူတွေက များသောအားဖြင့်ဆရာဝန်တွေဖြစ်နေတတ်တယ်
ပြီးတော့ အဲဒီကောင်တွေက ဗီလိန်တွေဖြစ်ဖြစ်သွားရော မင်းသားက နောက်ဆုံး မိဘသဘောတူထားတဲ့ ဗီလိန်ကိုကျော်ဖြတ်ပြီးမင်းသမီးကို ရရသွားတဲ့ ဇာတ်ထုပ်တွေများတယ်
ကဲ ဆရာဝန်ဆို ရွံ့ရှာစရာကြီးဘာများကောင်းလို့တုန်း

နောက်ပြီးကျုပ်နဲ့အတူတူ ဆယ်တန်းကတည်းကကျောင်းတက်လာတဲ့ကျုပ်သူငယ်ချင်းတစ်ယောက်
စင်ကာပူထွက်သွားတာ အခု အိမ်ကိုတစ်လ ၁၅ သိန်း သိန်း ၂၀ လောက်ပြန်ပို့နိုင်သတဲ့
ကျုပ်လား မပြောချင်ပေါင်ဗျာ ဆရာဝန်ဆိုရင် လူတွေကဘာလို့များ တိုက်နဲ့တာနဲ့ ကိုယ်ပိုင်ကားကြီးစီးပြီး ဆေးခန်းကိုလာ
ပြီးတော့ ရှိုးနဲ့စမိုးနဲ့လို့များထင်နေကြသလဲမသိ
ကျုပ်နဲ့သိတဲ့ဆရာဝန်တွေ အများစုကတော့ သူလိုကိုယ်လိုပါပဲ ဘာတိုက်နဲ့တာနဲ့မှမရှိ တချို့ဆိုနယ်ကနေလာတက်ရတာဆိုတော့
ပိုတောင်ချို့တဲ့ရှာသေး . . ကျုပ်တို့လည်းဆေးကျောင်းတက်တုန်းကဘဲဥချဉ်ရည်ဟင်းလေး အသုပ်စုံလေး ထမင်းချိုင့်ထဲထည့်ထည့်သွားရတာပါပဲ
ဘာကြောင့်များ လူတွေကဆရာဝန်ဆိုရင် သိပ်ချမ်းသာပြီး အားလုံးပြည့်စုံတဲ့လူလို့ထင်နေကြသလဲဆိုတာကို အံ့သြမိတာ

ကြည့် ... အကောင်းပြောခံရလား . . ဆိုတော့ ဘယ်ကလာ အကောင်းပြောခံရမှာတုန်း
ဆရာဝန်ဖေ့ဘုတ်သုံးတော့ အတော်အချိန်အားနေတယ်ဟုတ်လား ဖေ့ဘုတ်မှာချည်းပဲဆိုပြီး ပြောတဲ့သူတွေကရှိသေး
ဆေးခန်းထိုင်တယ်ဆိုတာက တချို့က တနေကုန်ထိုင်ပေမယ့် တချို့က ဂျီပီချိန်လို့ခေါ်တဲ့ ညနေမှထိုင်တာတွေလည်းရှိတယ်
ဥပမာ ကျုပ်တို့လိုပေါ့ .. ဒီတော့ကာ . .ကျုပ်တို့က ညနေဆေးခန်းချိန်မတိုင်ခင်မှာ တခြားအလုပ်တွေလည်းလုပ်ရသဗျ
အင်တာနက်ကလည်းဝါသနာပါတော့ သုံးသဗျ စာကလည်းရေးချင်တဲ့ပိုးက ထကြွနေတော့ကာ ဖေ့ဘုတ်မှာလည်း ရေးသဗျ
ဒီတော့လည်းအပြောခံရတာပေါ့ဗျာ ..ကဲ ဘာများ ကောင်းလို့တုန်း ဆရာဝန်ဘ၀က

ဝက်ဖြစ်မှတော့မစင်မကြောက်နဲ့လို့ကျုပ်ဆရာတစ်ယောက်ပြောတာကြားဖူးတယ် . .. ကျုပ်ကတော့ အဲ့စကားကြားပြီးကးတည်းက
ဘာမှကို မရွံ့ရှာတတ် မကြောက်တတ်တော့တာ စဉ်းစားကြည့်ဗျာ ဆရာဝန်ဆိုတာ ဒုတိယနှစ်ကတည်းက လူသေကောင်တွေကိုင်ရတွယ်ရ ..
ပြီးတော့ အော် ချစ်သူနယ်မြေ တက္ကသိုလ်ဆိုတာ ကျုပ်တို့ အဖို့တော့ နေ့စဉ်နေ့တိုင်းစာအုပ်နဲ့ မျက်နှာနဲ့မခွာ .. ကျုတိုရီ့ရယ် test တွေနဲ့ပြည့်နေတဲ့
ထောင်ကြီးသဖွယ်ဖြစ်နေတော့ကာ ..ဘယ်မှာလာပျော်ဖို့ကောင်းမှာတုန်း
ဆရာဝန်ဖြစ်ချင်တာပဲ ဒီလောက်တော့ရင်းရမှာပေါ့ ..လို့ ပြောကြမှာပေါ့ ..အေးဗျာ သဘောပြောပြတာပါ ဒါတွေကလည်းကျုပ်ကျော်ဖြတ်ပြီးပါပြီ

ဆေးရုံဆင်းတော့လည်း ကိုင်လိုက်ရတဲ့ အညစ်အကြေးနဲ့သွေးတွေ OG ဆိုပိုဆိုးသေး ကျုပ်တို့မှာ မရွံနိုင်ရှာ ဒါပေမယ့်ကျုပ်ဝန်ခံချင်တာတစ်ခုတော့ရှိသဗျ
ဆရာဝန်တစ်ယောက်ရဲ့စိတ်ဓါတ်တိတိပပ ပေါ်လာတာ ဟာ ဆေးရုံမှာ အလုပ်သင်ဆင်းမှ ပေါ်လာတာ ..
အရင်ကတော့ ဒီလောက်ကြီး ပြင်းပြင်းပြပြ မဖြစ်ဖူးဘူး ..
လူနာတွေနဲ့ထိတွေ့ရတယ် အော်... သနားဖို့ကောင်းလိုက်တာ .. အဖိုးအိုတွေအဖွားအိုတွေ ညည်းညူနေရှာတာ ..
ကျုပ်တို့ဆေးထိုးပေးလိုက်ရင်သူတို့ခမျာ သက်သာသွားတာ .. ဒီတော့လည်းကျုပ်တို့မှာ နေ့မအား ညမအား လူနာတွေနဲ့ထိတွေ့ဆက်ဆံရသပေါ့ ..

ဆရာဝန်တွေအားလုံးရဲ့အကြောင်းကိုတော့ကျုပ် တိတိကျကျမသိပါဘူးဗျာ ..အဲ ..ကျုပ် ခံယူထားသလောက်တော့ကတော့
ကျုပ်လည်း အရမ်းကြီး ၀ါသနာအပါကြီးမဟုတ်ပေမယ့် ကိုယ်ဟာ ဒီဘွဲ့ကိုယူထားပြီးပြီ ဒီလမ်းကိုလျှောက်နေပြီဆိုမှတော့ smart ကျကျလေး အလုပ်ကို လုပ်ချင်တာပါပဲ
ဒီနေရာမှာ လူနာတွေရဲ့အသက်နဲ့ သက်ဆိုင်နေတော့ကာကျုပ်တို့ဟာ ခေတ်နဲ့အမှီ ဆေးဝါးတွေကိုလည်းအမြဲလေ့လာနေရသေးတယ်
အိုဗျာ ..သူများတွေ ညဖက်ဂစ်တာတီးပြီးသီချင်းဆိုချိန် ဘောလုံးပွဲကြည့်ချိန် ဘီယာဆိုင်ထိုင်ချိန် ကျုပ်တို့လား ... ဂျီပီမှာ လူနာတွေနဲ့ အဲဒါတွေအကုန်လုံးလက်လွှတ်လိုက်ရသဗျာ
ဟင် ..ဆရာဝန်ပဲ ဒါတွေ မက်နေရသလား ..လူနာပဲကုပေါ့ လို့ပြောဦးမယ် ..
အေးဗျ ဆရာဝန်ပါပဲ ဒါပေမယ့် ကျုပ်တို့လည်းတခြားသူတွေလို အသက်၃၀ အောက်လူငယ်တွေပဲဆိုတော့ကာ ..
တခါတခါတော့လည်း လွတ်လပ်ပေါ့ပါးစွာ သာမန်လူငယ်တစ်ယောက်ဘ၀ကို ဖြတ်သန်းချင်တာတော့အမှန်ပဲဗျ ..
ကျုပ်ဆေးခန်းထိုင်ရင်းခဏခဏ စဉ်းစာမိတယ် ..
အော်.. အိမ်ရှေ့က အုတ်ခုံလေးမှာ ဂစ်တာ တီးရင်ကောင်းမှာပဲ ..အခုချိန် သူငယ်ချင်းတွေနဲ့မိုးအေးအေး ညဖက်လက်ဖက်ရည်ဆိုင်လေးမှာ လူငယ်သဘာဝ လွတ်လပ်ပေါ့ပါးစွာနေရရင်ကောင်းမှာပဲ စသဖြင့်ပေါ့လေ ..
ဆိုတော့ကာ ..ကျုပ်တို့ဟာ အားလုံးကို ဆုံးရှုံးနေရတဲ့ ကောင်တွေပါ
ဘာမှ လည်းအထင်ကြီးစရာမရှိ ..ဘာမှလည်းမက်မောစရာမရှိ

လူနာကို လူလို့မြင်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့တော့ကျုပ်အမြဲကြိုးစားတယ်
လူနာကို ဆေးကုရင် ကိုယ့်မိဘလို့သဘောထားကုလို့ ကျုပ်ဆရာတစ်ယောက်ပြောဖူးတယ် .. သူတို့ကိုပေးမယ့်ဆေး ကို ကိုယ်ဆိုရင်ရောသောက်မှာလားလို့ အမြဲတွေးပါတဲ့ မှန်လိုက်တာ ..
ကျုပ်လား ..အရမ်းကြီးတော့မချမ်းသာချင်ပါဘူးဗျာ ..ဘ၀ဆိုတာကလည်း ချမ်းသာ ကြွယ်ဝ နေလို့ကော စိတ်ချမ်းသာနေရတဲ့အရာမှမဟုတ်တာ ..
ကျုပ်စားဖို့သောက်ဖို့လှူဖို့တန်းဖို့ လောက်လေးရနေရင်ပဲ မဆိုးပါဘူး
လူနာတွေ...ဟာ သိပ်သနားဖို့ကောင်းတယ် .. ဆေးခန်းတစ်ခါပြရဖို့အရေးကို သူတို့ရောဂါကို ကြိတ်မှိတ်ခံစားပြီး ပိုက်ဆံပြည့်တဲ့အချိန်အထိစောင့်
ငွေလေး ထောင့်ငါးရာ နှစ်ထောင်လောက်ရှိမှ ဆေးခန်းကိုရောက်လာကြတယ် .. တကယ်တော့ ဆေးဝါးတွေရဲ့တန်ဖိုးကို သိနေတဲ့ကျုပ်အဖို့တော့
မတန်တဆကြီးယူဖို့ဆိုတာ တော်တော့်ကို မသတီစရာကောင်းတဲ့ကိစ္စပါ ..ကျုပ် အဖို့ တခြား စီးပွားရေးနဲ့သာ ချမ်းသာအောင်လုပ်ချင်လုပ်မယ် ဆရာဝန်အလုပ်နဲ့တော့ တစ်သက်လုံးချမ်းသာအောင်မလုပ်ဘူးလို့ ဆုံးဖြတ်ထားသဗျ

ကျုပ်ဟာ ရည်မှန်းချက်သိပ်ကြီးကြီးမားမားလည်းမရှိပါဘူး အထူးကုဆရာဝန်ကြီးတွေလုပ်ပြီး (ကျုပ်မကြိုးစားချင်တာ အပျင်းကြီးတာလို့စွပ်စွဲချင်လည်းလွတ်လပ်စွာစွပ်စွဲနိုင်ပါတယ်လေ ) လူနာသီးသန့်တွေ့ဆုံကုရတာထက်
အခြေခံလူတန်းစားတွေနဲ့ နဖူးတွေ့ဒူးတွေ့တွေ့ရတဲ့ ဂျီပီ ဘ၀ကိုပဲ ကျုပ်မက်မောသဗျ ..
ကျုပ်ဟာ professional ကြီးလည်းမဟုတ်ပါဘူး .. ဒါပေမယ့်ကျုပ်အမြဲတွေးနေမိတာက ဆရာဝန်ဘ၀ဟာ ကျုပ်တို့ငယ်ငယ်က ကြားနေသလို မြင်နေရသလို ဘာမှ ကြီးကျယ်ခမ်းနားတဲ့ ဘ၀ကြီးလည်းမဟုတ်ပါလားလို့ ..
တခါတခါတော့လည်း ကိုယ်ဟာ ဒီဘွဲ့ကြီးကိုင်ထားပြီးမှ တခြား စီးပွားရေးနယ်ပယ်တွေမှာကိုယ့်ထက်အောင်မြင်ချမ်းသာတာတွေတွေ့ရတော့ အားကျမိတာတော့အမှန်ပါပဲ ..
အော် ...ဆရာဝန်..ဆရာဝန် ...
လူနာတွေဆီကရတဲ့ ပီတိကလွဲလို့
လူနာနဲ့ ရင်းနှီးစွာ အားကိုးယုံကြည်မှုရတဲ့ဘ၀ကလွဲလို့
ဘာများ ကောင်းလို့လည်းဗျာ ..။

မိုးအေးအေးနဲ့ အတွေးများသွားတယ် ။

သက်တန့်ချို
၂၆ မေ ၂၀၁၃
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘဝ























ဘဝ

များများစားစားရှိစရာမလိုဘူးထင်ပ
ကိုယ်ထင်ရင်ကုတင်ရွှေနန်း
ကဲ . . ဆေးစက်တွေကို ကျဲချင်သလို ကျဲ ချလိုက်စမ်းကွဲ့
ကျရာ ဇာတ်ရုပ်မှာ ပီပြင်အောင်သာ သရုပ်ဆောင်ကြရအောင် . .

လှိုင်းလား လေ လား
ပင်လယ်လား သမုဒ္ဒရာလား
ဓါးတွေ ဖြန့်ခင်းထားသတဲ့လား
လျှောက် . .
လျှောက် . . . ရဲရဲသာ ဆက်လျှောက်ကြရအောင်ကွဲ့
ဘ၀ဆိုတာ ခြေခင်းလက်ခင်းသာတဲ့ ပန်းဥယျာဉ်တော့မဟုတ်ခဲ့

ပျော်စရာကြီးပါ
ရယ်မောတတ်သူတို့မှာ
ခါးသီးမှုမရှိ
နာကျင်မှုမရှိ
မျက်ရည်မရှိ
အားလုံး ထက်မသာရင်တောင် . .
အားလုံးထက် လူပီသရမယ် တဲ့ . .။

နေ့မှာမြင်တယ် ညမှာပျောက်တယ်
ဘ၀ဆိုတာ ဖျက်ကနဲလင်းခွင့်ရတဲ့ မီးစာတစ်ခုများလား
ထူးပြီးကျတဲ့မျက်ရည်တွေ အဓိပ္ပါယ်ရှိပါစေကွဲ့
အားမာန်အသစ်နဲ့သာ ရှေ့ဆက်
အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်

နေတတ်ရင်တော့ ကျေနပ်စရာ
အခင်းအကျင်းနဲ့ ဒီဘ၀မှာ
ပျော်ပျော်သာ နေပါ
ဆင်းရဲချမ်းသာ ဂုဏ်ဓန
အားလုံး မြေကြီးထဲသွားရမှာပ
ဘာများ မက်မောနေရမလဲ

ဘဝ
ဆိုင်ရာပိုင်ရာ အမည်နာမတစ်ခုနဲ့
ဆိုင်ရာပိုင်ရာ
ကောင်းကင်တစ်ခု ..
ကမ္ဘာတစ်ခု ..
အိပ်မက်တစ်ခု ..
အားငယ်ဝမ်းနည်းမှုတွေစွန့်ပစ်လိုက်
ငါတို့ အလိုက်အထိုက် စီးမျောကြရအောင် ..။

( သက်တန့်ချို )
Photo : ဒီဇိုင်နာ နဂါး


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 25, 2013

ကိုယ်ပိုင်ဆိုင်ထားတဲ့အရာက တန်ဖိုးမရှိဘူးထင်နေတာလား















 တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သစ်ခုတ်သမားတစ်ဦးရှိပါတယ် ။ သူဟာေ န့တိုင်းတောထဲကိုသွားပြီး ထင်းတွေခုတ်လို့ အသက်မွေးဝမ်းကျောင်းပြုတယ် ။ တစ်နေ့တော့ သစ်ခုတ်သမားဟာ တောထဲဝင်လာရင်း မျက်စိလည်လမ်းမှားလို့ အတွင်းပိုင်းကိုရောက်သွားခဲ့တယ် ။ အဲဒီရောက်သွားရင်း သစ်ပင်တစ်ပင်အောက်မှာ ဒါဏ်ရာရပြီး ပြုတ်ကျနေတဲ့ငှက်တစ်ကောင်ကို တွေ့ခဲ့တယ် ။

ငှက်ကလေးဟာ တစ်ကိုယ်လုံး ငွေမှင်ရောင်ဖြစ်နေတဲ့အပြင် တဖိတ်ဖိတ်တောက်ပနေလျှက်ရှိတယ် ။ ထင်းခုတ်သမားက “ တစ်သက်နဲ့တစ်ကိုယ် ဒီလိုလှပတဲ့ငှက်မျိုးမတွေ့ဖူးဘူး အိမ်ကို ဆေးကုဖို့ သယ်ပြီးမွေးထားရမယ် ” လို့တွေးပြီး ငှက်ကလေးကိုအိမ်ကိုယူဆောင်လာခဲ့တယ် ။ အိမ်ရောက်လို့ ငွေရောင်ငှက်ကလေးကို ဆေးကုသပေးနေတဲ့အချိန်မှာ ငှက်ကလေးက နေ့စဉ် သစ်ခုတ်သမားကို သီချင်းဆိုဆိုပြပါတယ် ။ သာယာနာပျော်ဖွယ်ကောင်းလွန်းလှတာကြောင့် သစ်ခုတ်သမားဟာ ပျော်ရွှင်ကြည်နူးနေခဲ့ရတယ် ။

တစ်နေ့တော့ သစ်ခုတ်သမားရဲ့ အိမ်နီးနားချင်းကငွေရောင်ငှက်ကလေးကိုမြင်တော့ပြောတယ် ။

“ ဒီငွေရောင် ငှက်ထက်လှတဲ့ရွှေရောင်ငှက်ကလေးကို တောနက်တစ်နေရာမှာတွေ့ဖူးပါတယ် အသံကလည်းပိုချိုပြီးသာယာနာပျော်ဖွယ်ကောင်းပါတယ် ” သစ်ခုတ်သမားဟာ အိမ်နီးနားချင်းရဲ့ ပြောတာကိုကြားပြီး ရွှေရောင်ငှက်ဆိုတာလည်းရှိပါသေးလားလို့တွေးမိလိုက်တယ် ။ ဒီတော့ အဲဒီရွှေရောင်ငှက်ကလေးကိုမြင်ချင်စိတ်ပြင်းပြလာခဲ့တယ် ။

ငွေရောင်ငှက်ကလေးဆိုပြတဲ့သီချင်းသံတွေကိုလည်းအရင်လို နားမထောင်ဖြစ်တော့ပဲ ရွှေရောင်ငှက်ကလေးကိုတမ်းတရင်းပဲအချိန်ကုန်နေခဲ့ရတယ် ။ နေ့တိုင်းလည်း မျက်နှာမသာမယာနဲ့မပျော်ရွှင်တော့ပါဘူး ။ တစ်နေ့တော့ ညနေခင်းအချိန်မို့ နေ၀င်ဆည်းဆာအချိန်ကလှပနေခဲ့တယ် ။ သစ်ခုတ်သမားက အင်း . . ရွှေရောင်ငှက်ကလေးသာဆို ဒီလို နေ၀င်ချိန် နေရောင်အောက်မှာ အရမ်းလှမှာပဲလို့တွေးနေမိတယ် ။ ဒါဏ်ရာပျောက်ကင်းစပြုနေပြီဖြစ်တဲ့ငွေရောင်ငှက်ကလေးက အိမ်ကနေထွက်ခွာဖို့အတွက် သစ်ခုတ်သမားဆီသွားပြီး နောက်ဆုံးအကြိမ် အဖြစ် သီချင်းဆိုပြခဲ့တယ် ။

သီချင်းသံပြီးတော့သစ်ခုတ်သမားကပြောတယ် “ ငွေရောင်ငှက်ကလေးရဲ့အသံကကောင်းပေမယ့် ရွှေရောင်ငှက်ကိုတော့မှီမှာမဟုတ်ပါဘူး အမွှေးအတောင်တွေကလှပေမယ့်ရွှေရောင်ငှက်လောက်တော့လှမှာမဟုတ်ပါဘူး ” လို့ပြောလိုက်တယ် ။ ငှက်ကလေးက ကျေးဇူးတင်တဲ့အနေနဲ့ သစ်ခုတ်သမားကို ၃ ကြိမ်လှည့်ပတ်ပျံသန်းပြီးနေ၀င်တဲ့အနောက်အရပ်ဆီပျံသန်းသွားပါတယ် ။

ငွေရောင်ငှက်ကလေးပျံသန်းတာကိုကြည့်နေရင်း သစ်ခုတ်သမားဟာ ရုတ်တရတ် သူ တသသဖြစ်နေရတဲ့ အိပ်မက်ထဲကရွှေရောင်ငှက်ကလေးဖြစ်နေတာကို အံ့သြစွာတွေ့လိုက်ရတယ် ။ သူအမြဲတောင့်တနေရတဲ့ရွှေရောင်ငှက်ကလေးဟာ သူ့ဘေးမှာ အစဉ်အမြဲရှိနေခဲ့တာကို သူမသိခဲ့ဘူး ။ ငှက်ကလေးကတော့ အနောက်အရပ်ဆီပျံသန်းပျောက်ကွယ်သွားပါပြီ ။ တကယ်တော့ငွေရောင်ငှက်ကလေးဟာ ဒါဏ်ရာအနာတရဖြစ်နေချိန်မှာ အရောင်ဖျော့ပြီး ငွေရောင်ပြောင်းနေခြင်းဖြစ်ပြီး နေပြန်ကောင်းလာတဲ့အခါ နေရောင်အောက်ထွက်လိုက်တဲ့အခါ မူလ ရွှေရောင်ငှက်ကလေးအဖြစ်ပြန်ပြောင်းသွားတာဖြစ်ပါတယ် ။

-------------------------------------------------------

ကိုယ်ပိုင်ဆိုင်ထားတဲ့အရာက တန်ဖိုးမရှိဘူးထင်နေတာလား
ကိုယ်ရရှိထားတဲ့ဘ၀က အဖိုးမတန်ဘူးထင်နေတာလား
ကိုယ့်အနားမှာရှိတဲ့ အဖိုးတန်တဲ့အရာတွေဟာ တန်ဖိုးမရှိဘူးလို့ထင်နေတာလား
ဒါဆိုသင်ဟာ သစ်ခုတ်သမားလို အတွေးမျိုးဝင်နေတဲ့သူပါပဲ

ကိုယ့်အနားမှာရှိနေတဲ့အရာတစ်ခု အဝေးရောက်သွားမှ နှမျောတသမဖြစ်ပါစေနဲ့
ကိုယ့်အိပ်မက်ထဲက အရာက လက်တွေ့မှာထက်ပိုသာနေတယ်လို့လည်းမတွေးထင်ပါနဲ့
တကယ်တော့ သစ်ခုတ်သမားလို အိပ်မက်ထဲကအရာကဘေးမှာရှိနေတဲ့အရာထက်ပိုသာတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်

ကိုယ့်အနားမှာရှိတဲ့ . . .
မိဘ ဆွေမျိုး ၊ ချစ်သူ  ၊ လင်ယောက်ျား ၊ မိန်းမ ၊ မိတ်ဆွေကောင်းတို့ကို တန်ဖိုးထားပါ
အမေကျော်ပြီးဒွေးတော်လွမ်းတာဟာ အနားမှာ တန်ဖိုးမရှိတဲ့အရာကို သတိမထားမိပဲ ဆုံးရှုံးသွားမှ နောင်တရတတ်တာမျိုးပါ

လူတိုင်းလူတိုင်း ကိုယ်ပိုင်ဆိုင်တဲ့အနားမှာရှိတဲ့အရာတွေကို တန်ဖိုးထား နိုင်ကြပါစေ ။

သက်တန့်ချို
A Golden Bird အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, May 22, 2013

စိုးကြီး .. သို့ .. ပေးစာ



















စိုးကြီး .. သို့ .. ပေးစာ

(၁)

စိုးကြီး
အရှေ့မှာ အညှီတစ်သိုက်ဖြတ်သွားတယ်
အနောက်မှာ မြွေဟောက်တွေလိုက်သွားတယ်
ယုန်မလေးဟာ ကျားမကြီးဖြစ်သွားပြီ
ရောက်နေတဲ့အရပ်ကနေ မင်းဆက်သွားပါ
ငါ့စာကို မြင်ရင်မင်းအကြောင်းပြန်ပါ

စိုးကြီး
ဒီနေ့ခေတ်နဲ့ မနေ့ခေတ်နဲ့မတူတော့ဘူး
မင်းတို့ငါတို့လွတ်လပ်ရေးရပြီးကြပြီ
မင်းတို့ငါတို့ စိတ်တွေသာ မလွတ်လပ်သေးကြတာ
ကျိန်စာမိနေတဲ့ ကျမ်းပုရပိုဒ်ကို ငါတို့အတူရွတ်ဆိုခဲ့ကြ
အခုထိတော့ စစ်ပွဲတွေက မသေကြသေးဘူး

( ၂)

စိုးကြီး
ဦးသိန်းစိန်ကိုဘပြောင်လို့ခေါ်တာသူစိတ်မဆိုးဘူး
ဒေါ်စုကို သမ္မတမဖြစ်ထိုက်ဘူးလို့ပြောတာ သူစိတ်မဆိုးဘူး
လော်ဘီတွေတော်ကီတွေငါမသိဘူး သူငယ်ချင်း
မင်းတို့ငါတို့ဟာ အသားထဲကလောက်တွေမဖြစ်လို့
မင်းတို့ငါတို့ဟာ ကိုယ်စီးတဲ့မြင်းအထီးမှန်းအမမှန်းသိဖို့
မင်းတို့ငါတို့မျက်နှာတွေပေါ်က မျက်နှာဖုံးတွေ ချွတ်ထားလိုက်ကြ ။

စိုးကြီး
လစ်ဘရယ်ဆိုတာ မင်းသိလား
ဆိုရှယ်လစ်ဆိုတာမင်းသိလား
ဒီမိုကရေစီဆိုတာမင်းသိလား
အကြမ်းဖက်တယ်ဆိုတာမင်းသိလား
ငှက်ပျောဖက်နဲ့တစ်နေ့ထမင်းတစ်နပ်ပဲစားရတယ်ဆိုတာမင်းသိလား
ငှက်ဖျားမိလို့ သေသွားတဲ့ စစ်သားတွေမင်းသိလား
မိုင်းနင်းမိလို့ခြေတစ်ဖက်ပျက်သွားတဲ့လူတွေမင်းသိလား
သီတာထွေးကိုမင်းသိလား
မင်းဟာ တကယ်တော့ ဘုတ်အုပ်ကြီးပဲစိုးကြီး
အဲဒါမင်းတို့ငါတို့လို လူတွေ ပဲ
လူတွေ ။

(၃ )

စိုးကြီး
နိုင်ငံခြားက ဒေါ်လာတွေက အပျိုရည်ကို ၀ယ်ယူလို့ရသလားကွ
နိုင်ငံခြားကဒေါ်လာတွေက ဂုဏ်သိက္ခာကို ၀ယ်ယူလို့ရသလားကွ
နိုင်ငံခြားက ဒေါ်လာတွေက မျက်နှာဖုံးတွေ ၀ယ်ယူလို့ရသလားကွ
တို့ဟာ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်
တို့ဟာ ဆင်ကန်းတောတိုး တဇောက်ကန်းကောင်တွေ
ငါတို့ပြည်ပျက်တော့မယ်ပြောတဲ့ ပါးစပ်တွေလိုက်ပိတ်ကွာ စိုးကြီး

ခြဆိုတာ စားလို့ရသမျှ အကုန်စားတယ်စိုးကြီး
စရိုက်ဆိုတာ ခံယူချက်သဘောထားပေါ်မူတည်တယ်စိုးကြီး
မင်းတို့ငါတို့ အရူးလုပ်ခံရတဲ့ သိန်း လေးဆယ်တန်တွေ
အခု ထောင့်ငါးရာဖြစ်သွားပြီစိုးကြီး
မင်းတို့ငါတို့ ပိတ်ပင်ခံထားရတဲ့ဘလော့စပေါ့တွေ
အခု ပွင့်သွားပြီ စိုးကြီး
မင်းတို့ငါတို့ ကျယ်ကျယ်လောင်လောင် မအော်ရဲတဲ့ ဗိုလ်ချုပ်နာမည်
အခု ဂျာနယ်မျက်နှာဖုံးတွေမှာပါလာပြီစိုးကြီး
စစ်မရောက်ခင်မြှားမကုန်ချင်စမ်းပါနဲ့
ငါတို့ဟာ သူခိုးပြေးမှ ထိုးကွင်းပြတဲ့ကောင်တွေမဟုတ်ဘူး

( ၄ )

စိုးကြီး
ရေကြည်ရာမြက်နုရာဆိုတဲ့စကားကို ငါအသည်းနာတယ်
မင်းတို့ငါတို့ တိုင်းပြည်မှာ မီးအချိန်ပြည့်မလာဘူး ( မှန်တယ် )
မင်းတို့ ငါတို့တိုင်းပြည်မှာ မိုးပျံတံတားကြီးတွေမရှိဘူး (မှန်တယ် )
မင်တို့ငါတို့တိုင်းပြည်မှာ မိုးနည်းနည်းရွာတာနဲ့ရေတွေဝပ်တယ် ( မှန်တယ် )
မင်းတို့ငါတို့တိုင်းပြည်မှာ တယ်လီဖုန်းပြောဆိုခတွေဈေးကြီးတယ် ( မှန်တယ် )
စဉ်းစားကြည့်စိုးကြီး

မြန်မာပြည်မှာ ရွှေတိဂုံဘုရားကြီးရှိတယ်
မြန်မာပြည်မှာ အင်းလေးကန်ရှိတယ်
မြန်မာပြည်မှာ ဦးပိန်တံတားရှိတယ်
မြန်မာပြည်မှာ အထင်ကရအဆောက်အအုံတွေရှိတယ်
မြန်မာပြည်မှာ ရိုးသားတဲ့ အပြုံးတွေရှိတယ်
ရေကြည်မှ မြက်နုတာမဟုတ်ပါဘူး
ကိုယ်ထင်ရင်ကုတင်ရွှေနန်းကြီးပဲ စိုးကြီး

( ၅ )

စိုးကြီး
အခုတလော ဆန္ဒတွေခဏခဏပြတယ်
အခုတလော မိုးတွေခဏခဏရွာတယ်
အဇ္ဈတ္တနဲ့ မာနတို့မျဉ်းပြိုင်ထဲ
စတေးခံလူသားတွေကို မြင်မိရဲ့လား

စိုးကြီး
သမ္မတ ခေါင်းထဲမှာ ဘာတွေးနေလဲ မင်းမြင်လား
ဒေါ်စုခေါင်းထဲမှာ ဘာတွေမြင်နေလဲမင်းတွေးမိလား
ငါတို့ . . ငါတို့တွေ ဘာဆက်ဖြစ်ကြမလဲ မင်းသိလား
ခေါင်မလုံရင်တော့ ငါတို့တစ်အိမ်လုံးစိုမယ်
ယိုင်နဲ့နဲ့အိမ်ကလေးတော့
လေပြင်းတွေကြောင့်မပျက်စီးစေချင်ဘူး ကွာ

( သက်တန့်ချို )



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................