Tuesday, September 24, 2013
ဗွက်တောလမ်းနှင့် ပီတိတရား
ဗွက်တောလမ်းနှင့် ပီတိတရား
မနက် ၂ နာရီအချိန်မို့ ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံမျှပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည် ။ တခါတရံ ကြောင်တွေအိမ်ခေါင်မိုးအပေါ် ဆော့ကစားသံကလွဲလို့ဘာသံဆို ဘာမှမကြားရ ။ “ ဆရာ ..ဆရာ ” “ ဒုန်း ..ဒုန်း ..ဒုန်း ” ခြံတံခါးကို ဖွင့်သံတွေကြားနေရည် ။ အိပ်မက်လာ ဘာလားမသိတော့ ဆက်ပြီးမှိန်းနေလိုက်သည် ။ သို့သော်မရ အိမ်ရှေ့မှ ခေါ်သံတွေက ပိုပို ကျယ်လောင်လာသည် ။
“ ဆရာ ..ဆရာ လူနာပင့်ချင်လို့ ဆရာ ” အင်း မဖြစ်ချေတော့ဘူး မိုးကလည်းအေးစိမ့်စိမ့်မို့ အိပ်ယာကနေ တကယ်ပင်မထချင် ။ သို့သော် ထမှဖြစ်တော့မည်ဟူသော အသိကြောင့် အိပ်ယာထဲကလူးလဲထပြီး အိမ်ရှေ့ထွက်ကြည့်မိသည် ။
“ ဟုတ် .. ဆိုပါဦးခင်ဗျ ”
“ လူနာ ပင့်ချင်လို့ဆရာ တစ်ခါက ဆရာရောက်ဖူးပါတယ် ကန်ဇွန်းကွင်းထဲမှာလေ အဲဒီဦးလေး အခု အရမ်းမောပြီးရင်ဘတ်တွေအောင့်နေလို့ ”
“ ဟုတ်ကဲ့ ဆေးခန်းမှာ ဆေးသတ္တာယူရအောင်လိုက်ခဲ့ကြပါ ”
“ ဟုတ်ကဲ့ဆရာ ”
လူနာလာပင့်လာခေါ်တာက လူသုံးယောက် အမျိုးသား နှစ်ယောက်နှင့်အမျိုးသမီး ၁ ယောက် ။ သုံးယောက်စလုံးဖိနပ်မစီးထားကြတာ မြင်တော့ အရေးပေါ်ပဲ ဘာများဖြစ်နေပြီလဲဟူသော စိုး၇ိမ်စိတ်က၀င်လာသည် ။ ခြေလှမ်းတို့ကိုမြှင့်ပြီး နားကြပ် သွေးပေါင်ချိန်တိုင်းကိရိယာနှင့် ဆေးသေတ္တာတို့ကိုယူပြီး လိုက်လာခဲ့လိုက်သည် ။ ဒီလိုနှင့် အမြန်လျှောက်လာကြရင်း ၂ လမ်းကျော်လောက်ရောက်တော့ လမ်းချိုးတစ်ခုထဲဝင်ရသည် ။အိမ် နှစ်အိမ်ကြားက လမ်းကြားလေးဟု ခေါ်လျှင်ပိုမှန်မည် ။ ထို လမ်းကြားလေးဆုံးလျှင် ကန်ဇွန်းရွက်တွေ စိုက်ထားသော လယ်ကွင်းပြင်ကြီးရှိသည်ဟု ကျွန်တော်သိထားသည် ။
“ ဆရာ ပုဆိုးတိုတို ၀တ်လိုက်ပါလား ”
“ ဟင် ဘာဖြစ်လို့လဲ ”
“ ဟို ..လေ အားတော့နာပါတယ်ဆရာရယ် ဖိနပ်လေးပါချွတ်လိုက်ပါ ”
“ ဗျာ .. ဘာ ..ဘာဖြစ်လို့လဲဟင် ”
“ ဗွက်ပေမှာစိုးလို့ပါဆရာ ဖိနပ်နဲ့သွားလို့မရပါဘူး ”
မတတ်သာတော့ဘူး ဒီနေရာရောက်မှ ကျွန်တော်မလိုက်တော့ဘူးဟု၍ ပြောလို့လည်းမရတော့ ရှေ့မှာ လူနာကအရေးကြီးနေပြီ ပေါက်တဲ့နှဖူးမထူးတော့ပြီ မို့ ဆေးကျောင်းတုန်းက ဆရာကြီးများသင်ပေးထားသော “ ၀က်ဖြစ်မှတော့မစင်မကြောက်နှင့် ” ဟူသော စကားပုံကို ရင်ဝယ်ပိုက်ပြီး ပုဆိုးကို ဒူးအထက်နားအထိပြင်ဝတ်လိုက်သည် ။ဖိနပ်ကိုချွတ်ပြီး မြေသားမာမာပေါ်တင်ထားခဲ့သည် ။ ဒီအချိန်ကြီးပျောက်တော့မပျောက်လောက်ပါဘူး ။ သို့နှင့် ကျွန်တော်၏ ဗွက်တောခရီးကားစတင်ခဲ့ပေသည် ။ လူနာလာပင့်သော လူများက ကျွန်တော့်အားတွဲရှာသည် ။ ကျွန်တော်လည်းမလျှောက်တတ် ။ တစ်လှမ်းလှမ်းလိုက်တိုင်း ခြေမျက်စိအထက်နားအထိ ဗွက်များက နစ်ဝင်သွားသည် ။ ၅ မိနစ်ခဲ့လျှောက်ပြီးတော့ ၀ါးလုံး လေးလုံးလောက်စီထားသော ၀ါးတံတားလေးတစ်ခုကိုတွေ့ရသည် ။
ခနော်နီခနော်နဲ့တံတားလေးမို့ ကျွန်တော်ဖြစ်ပါ့မလားတွေးမိသေးသည် ။ မထူးတော့ပြီမို့ ၀ါးတံတားအပေါ် ခြေတစ်ဖက်လှမ်းတင်လိုက်သည် ။ ဟန်ချက်ပျက်ကာ ချော်ထွက်သွားသော်လည်း ဘေးမှ လူက အချိန်မှီလက်လှမ်းကိုင်လိုက်သောကြောင့် လဲတော့မကျသွား ။ ညကလည်းတိတ်ဆိတ်စွာ မှောင်ရီလျှက်ရှိသည် ။ လယ်ကန်သင်းရိုးတလျှောက်ဖြတ်သန်းတိုက်ခတ်လာသော လေပြေများအား ခံစားမကြည်နူးနိုင်အား ။ ခြေတစ်လှမ်းပျက်လျှင် ဗွမ်းကနဲ မြောင်းထဲကျမည့်ကိန်းမို့ ဘုရားတကာ လျှောက်လှမ်းနေရသည် ။ ကျွန်တော်ကအလယ်မှာ ရှေ့မှာ လူတစ်ဦး နောက်မှာ လူနှစ်ဦးကျွန်တော့်ကို ညှပ်ကာ ဖြည်းဖြည်းချင်းလာခဲ့ကြသည် ။ တစ်ချက်တစ်ချက် မလှမ်းရဲလောက်အောင်ဖြစ်နေတာကလွဲလို့ ချော်ချော်ထွက်သွားတာကလွဲလို့ အဆင်ပြေစွာပင်တစ်ဖက်တံတားထိပ်သို့ရောက်လာခဲ့သည် ။ လူနာအိမ်ကိုတော့လှမ်းမြင်နေရပြီ သို့သော် ဖြတ်သွား၇မည့် ဗွက်တောကြီးကား တမျှော်တခေါ်ပင် ။
ကျွန်တော်အခုချိန်တွေးနေတာတစ်ခုပဲရှိသည် ။ လူနာဆီအမြန်ရောက်ဖို့အမြန်သွားရမည် ။ ဗွက်များထဲတွင်ပုလင်းကွဲများ ဖန်ကွဲစများရှိနိုင်သည် ။ ခြေထောက်လည်း အခန့်မသင့်လျှင်ဟက်တက်ကွဲသွားနိုင်သည် ။ မတော်တဆ ဘေးနားလယ်ကန်သင်းရိုးများမှ မြွေများလည်း ကျွန်တော့်ခြေထောက်ကို ကိုက်နိုင်သည် ။ မျှော့များလည်းရှိနိုင်သည် ။ကျွန်တော်အလွန်ကြောက်တတ်ပါသည် ။ သို့သော် ကျွန်တော့်မှာ ထိုအရာများအတွက် ကြောက်လန့်နေချိန်မပေးနိုင်ပါ ။ နှလုံးအောင့်သော လူနာဖြစ်ပါက အချိန်မရွေး အသက်ဆုံးနိုင်သောကြောင့် အမြန်ဆုံးရောက်ဖို့သာလိုသည် ။ ကျွန်တော့်ရှေ့တွင်ပင် နှလုံးနှင့်ပတ်သတ်သော လူနားများ ဆုံးပါးသွားကြတာမြင်ဖူးသည် ။ နှလုံးသွေားကြောပိတ်ရာမှာ နှလုံးပုပ်သော အဆင့်ထိရောက်သွားလျှင် လူနာအတွက်အခြေအနေမကောင်းနိုင်ပါ ။ ကြိုးစားပမ်းစား လျှောက်သွားလိုက်တာ မိနစ် ၂၀ လောက်ကြာတော့ လယ်ကန်သင်းအလယ်က တဲအိမ်ကလေးသို့ရောက်လာသည် ။ အရှေ့တွင်စည်ပိုင်းကြီးချထားပေးတာမြင်ရသည် ။
အိမ်ရှင်မိန်းကလေးများ ဦးကြီးများက ခြေထောက်ကို အတင်းဆေးပေးနေသောကြောင့်အမြန်တားမြစ်ရသည် ကိုယ့်ဘာသာရေတွေဆေးရင်း ပြောင်အောင်တော့မဆေးနိုင်ပါ ရွံ့ဗွက်အနံ့များကလှိုင်လှိုင်ထနေပါသည် ။ တဲ ပေါ်အမြန် တက်မိတော့ ဒုန်း ..ဆို နှဖူးနှင့်တဲ အမိုးတိုက်မိကာ အီစလံဝေသွားသည် ။ ကြယ်တွေလတွေမြင်သွားသလားမပြောတတ် ။
“ ဟာ ဆရာရယ် အားနာလိုက်တာ ဗျာ ကျွန်တော်တို့တဲက အရမ်းနိမ့်တယ် ဆရာ့ကိုသတိပေးဖို့မေ့သွားတာ ” တဲ့ အင်း မတတ်နိုင်ပါလေ လူနာကို ကြည့်တော့ထိုင်နေသည် ။ အောက်ဆီဂျင်ပြတ်လတ်သော လက္ခဏာရှိသည် ။ နှုတ်ခမ်းများက ပြာနှမ်းနှမ်း ။ အသက်ရှူနှုန်းက နည်းနည်းမြန်နေသည် ။ သွေးပေါင်ချိန်ကတော့ပုံမှန်ပင် ။ ပြီးခဲ့သော အပတ်ကစစ်ထားသော အဖြေများရှိသည်ဟုပြောသည် ။ ကျွန်တော်လူနာကိုစမ်းသပ်ရင်းယူကြည့်လိုက်တော့ ECG အဖြေက ပုံမှန်ဖြစ်သည် ။ ဓါတ်မှန်မှာတော့ နှလုံးကြီးပြီး လေပြွန်ယောင်သည်ဟုရေးထားသည် ။
“ လူနာကို အောက်ဆီဂျင်ပေးဖို့လိုတယ် လိုအပ်တဲ့ဆေးထိုးဆေးသောက်တွေ ကျွန်တော်လုပ်ပေးခဲ့မယ် ဆေးရုံတင်နိုင်ပါသလား ”
“ မတင်နိုင်ပါဘူး ဆေးရံတက်ဖို့ အဆင်မပြေပါဘူး ဆရာ ဆရာကြည့်ပြီးတော့ကောင်းသလိုသာစီမံပေးပါ ဒီနေရာကို ဘယ်လိုဆရာဝန်မျိုးကိုမှ ပင့်လို့မရပါဘူး ဆရာကိုလည်းအရမ်းအားနာလှပါတယ် ဆရာခိုင်းသမျှ ကျွန်တော်တို့လုပ်ပါ့မယ် ”
“ အောက်ဆီဂျင်အရင်ပေးဖို့လိုပါတယ် ရင်ဘတ်က အရင်ကတည်းကအောင့်နေကြလား အခုမှ အောင့်တာလား ဘယ်ကစပြီးအောင့်တာလဲ ”
“ အရင်ကတော့သိပ်အောင့်လေ့မရှိဘူးဆရာ ၄ ရက်လောက်ရှိပြီချေင်းအရမ်းဆိုးပြီး အခု ဒီညနေလေးမှ ချောင်းဆိုးလိုက်တာ ရင်ဘတ်ကအောင့်သွားတာပါ ”
“ တစ်ယောက်က အောက်ဆီဂျင်သွားငှားပါ ဆေးရုံမျက်စောင်းထိုးလေးက ဆိုင်မှာ အောက်ဆီဂျင်ဘူးငှားတယ် မှတ်ပုတင်ယူသွား မယူသွား၇င် စပေါ်ငွေ တစ်သောင်းပေးခဲံရမယ် ဘူးကြီးသားငှားလာခဲ့ပါ ”
“ ဟုတ်ကဲ့ဆရာ ”
“ ရပ်ကွက်ထဲမှာအသိရှိလား လူနာကို ရပ်ကွက်ထဲကအိမ်တစ်အိမ်မှာထားပါလား အရေးအကြောင်းဆို လွယ်အောင်လို့ ”
“ ရှိပါတယ်ဆရာ အခု လူနာက ဘယ်လိုမှမထနိုင်လို့ပါ သူသက်သာလာတာနဲ့ကျွန်တော်တို့ရွေ့ပါ့မယ် ”
“ ဒီနေရာက လေသိပ်တိုက်တယ် နွေးနွေးထွေးထွေးထားပါ ကျွန်တော်ဆေးထိုးပေးပြီးသောက်ဆေးတွေလည်းပေးခဲ့မယ် လိုအပ်တဲ့ကုသမှုတွေလုပ်ပေးခဲ့မယ် ကျွန်တော့်ဖုန်းနံပါတ်လည်းပေးခဲ့မယ် အရေးအကြောင်းဆို ဖုန်းဆက်ပါ အောက်ဆီဂျင်ပေးမယ့်ဝန်ထမ်းတစ်ဦးအိမ်ကိုလိုက်လုပ်ပေးပါတယ် တစ်ခါတည်းခေါ်ခဲ့ပါ အဆင်မပြေရင် ကျွန်တော့်ဖုန်းကိုဆက်ပါ ကျွန်တော်ပြောပေးပါ့မယ် ”
ဒီလိုနဲ့လူနာကို လိုအပ်သော ကုသမှုများပေးခဲ့သည် ။ “ ကျေးဇူးတင်ပါတယ် ဆရာ ရယ် ” အထပ်ထပ်ပြောနေသည် ။ သောက်ဆေးများလည်းပေးပြီးနောက် အပြန်ခရီးကိုကျွန်တော်တွေးကြည့်မိသည် ။ အော် .. အလာတုန်းက ဗွက်တောကြီးကိုပြန်ဖြတ်ရဦးမှာပါလား ။ ကမ္ဘာသူကမ္ဘာသားများကတော့အေးချမ်းစွာအိပ်ပျော်နေပြီထင်သည် ။ မအိပ်ပျော်နိုင်သော လူတစ်စုထဲမှာ ကျွန်တော်ရယ်လူနာရှင်နဲ့လူနာရယ် အပြန်ခရီးအတွက် စတင်ခဲ့ကြသည် ။ အပြန်ခရီကတော့ သိပ်လောစရာမရှိတော့ မြွေမကိုက်ပါစေနဲ့မျော့မတွယ်ပါစေနဲ့ ပုလင်းကွဲမရှပါစေနဲ့လူနာ သက်သာပါစေ ဟူသော ဆုကြီးလေးခုကို တတွတ်တွတ်ရွတ်ပြီးသကာလ ဗွက်ခရီးလမ်းကိုစတင်ခဲ့ပါတော့သည် ။ သတိထားနေ၍လားမသိ ဒူးလည်းလည်းလဲကျသည် ။ ဘိုင်းကနဲလည်းချောကြသည် ။ တစ်ကိုယ်လုံးလည်းဗွက်တွေနဲ့မြင်မကောင်း ။ ကံကောင်း၍သာ ၀ါးလုံးတန်း တံတားပေါ်မှ ပြုတ်မကျခြင်းပင်ပြုတ်ကျရင်တော့ရေလည်းမကူးတတ် ။ ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ဗွက်အလိမ်းလိမ်း ဗွက်တွေက တစ်ကိုယ်လုံးပင် ။
အိမ်ပြန်ရောက်တဲ့အထိ “ အားနာပါတယ်ဆရာရယ် ဟုသာ အထပ်ထပ်ပြောနေသော လူနာရှင်များအား ” “ ရပါတယ်ခင်ဗျ အားနာစရာမလိုပါဘူး ” ဟုသာ ပြောပြီး အိမ်ရှေ့အုတ်ကန်တွင်ရေဆေးသည် ။ တစ်ခါတည်းရေချိုးမှဖြစ်မည်ဟုတွေးပြီးမနက် ၂ နာရီခွဲ နဲ့ ၃ နာရီကြား ခန့်မှန်းခြေ ၃ နာရီလောက်ရှိပြီထင်သည် ရေချိုးလိုက်သည် ။ဗွက်နံ့များကမပျောက်ချင် လူနာသက်သာပါစေဟုသာဆုတောင်းနေမိသည် ။
မနေ့က တော်တော်နှင့်အိပ်မပျော် ခြေထောက်တွေက အားစိုက်ရ၍လားမသိ ကျင်သလိုလို ထုံသလိုလိုနှင့်ပူရှိန်းရှိန်းဖြစ်နေသည်။
===================================
ဒီနေ့ မနက် တော့ ကျွန်တော့်ဆီ ဖုန်းဝင်လာပါသည် ။
“ ဆရာ ..ညက လူနာလာပင့်တဲ့ကန်ဇွန်းခင်းက အိမ်ကပါ ညက ဆရာကုပေးတဲ့လူနာ ကောင်းသွားပြီဆရာ အခုသက်သာနေပြီ ရပ်ကွက်ထဲလည်း ချီမပြီးရွေ့ထားလိုက်ပါပြီ ကျေးဇူးတင်ပါတယ်ဆရာ ဒီညနေဆရာဆေးခန်းပြန်ခေါ်လာခဲ့ပါ့မယ် ကျေးဇူးအရမ်းတင်ပါတယ်ဆရာ ” တဲ့ ။ ဖုန်းနံပါတ်ကတော့ PCO ဖုန်းဖြစ်သည် ။
ဟုတ်ကဲ့ ကျွန်တော် ဗွက်တောဖြတ်ရကျိုးနပ်ခဲ့ပါသည် ။ ကြည်နူးမိသော ပီတိနှင့်ဒီစာကိုရေးလိုက်ပါသည် ။ ဘ၀တူများကိုလည်းမှာချင်ပါသည် ။
“ ၀က်ဖြစ်မှတော့မစင်မကြောက်ကြပါနဲ့စားသာစားလိုက်ပါလေ ”
သက်တန့်ချို
24.9.2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, June 28, 2013
ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )
ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )
သို့
ညီမလေးရေ ဇွန်လရဲ့နောက်ဆုံးရက်သတ္တပါတ်မှာ ကောင်းကင်မှာ မိုးတိမ်တွေအုံ့ဆိုင်းလို့နေတယ် ။ အခါအားလျော်စွာ ညီမလေးဆီ စာတွေရေးရေးပို့နေတတ်တဲ့အကိုဟာ ဒီတစ်ခါလည်း ညီမလေးဆီကို စာတစ်စောင်ရေးပို့လိုက်ပါတယ် ။ ဒီတစ်ခါစာလေးရဲ့ခေါင်းစဉ်ကိုတော့အကိုက စောင့်လေမျိုးနွယ်လို့ပေးထားပါတယ် ။
ညီမလေးဟာ လူတွေဟာ အသွေးအရောင်ပေါင်းစုံ ဘာသာတရားပေါင်းစုံ နဲ့ စီးဆင်းနေကြတာအလျောက် ယဉ်ကျေးမှုပေါင်းစုံကလည်း ကူးလူးယှက်သွယ်နေကြတာ ညီမလေးအမြင်ပါပဲ ။
ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ်ရောစိတ်ရောယဉ်ကျေးသိမ်မွေ့ခြင်းကိုဆိုလိုပါတယ် ။ ကိုယ်စိတ်နှစ်ပါးလုံးယဉ်ကျေးသိမ်မွေ့နေပါမှ ယဉ်ကျေးမှုလို့ဖွင့်ဆိုရာရောက်တယ် ။ အကိုတို့မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာဆိုရင်ယဉ်ကျေးမှုကို အထိအခိုက်မခံအောင် အမျိုးဘာသာသာသနာကိုအထိအခိုက်မခံအောင် ထိမ်းသိမ်းကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။ ဒါပေမယ့် ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်ဆိုပြီးအချိန်တိုင်း ထိုင်မသိမ်းရင်ဖုံးနဲ့ နေဖို့လည်းမဟုတ်ပြန်ပေဘူး ။ လူဆိုတာ သူ့နေရာနဲ့သူ ဒူးနေရာနဲ့ဒူးတော်နေရာတဲ့တော်နေရတယ် ။ ဥပမာ ညီမလေးဟ ဘုရားစေတီဖူးမျှော်ဖို့ သွားတဲ့အခါ စကတ်တိုဘောင်းဘီတိုနဲ့မသင့်လျော်ဘူး ။ ဒါပေမယ့် ကမ်းခြေသွားတဲ့အခါကျတော့ ကမ်းခြေကအ၀တ်အစားဖြစ်တဲ့ ဘောင်းဘီတိုစကတ်တိုက သင့်တော်နေပြန်တယ် ။ ညီမလေးရေ .. ယဉ်ကျေးမှုကို ထိမ်းသိမ်းဖို့ဆိုတာ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်မှဖြစ်နိုင်မှာပါ ။ ဖရီးစတိုင်ဆိုတာနဲ့ အမြင်မတင့်တယ်တာနဲ့မတူပါဘူး ။ စကက်တိုခြင်းဘောင်းဘီတိုခြင်းဝတ်တာတောင် မိန်းကလေးတစ်ဦးနဲ့တစ်ဦးမတူညီပြန်ဘူး ။ အကိုတို့ နိုင်ငံဟာ အရင်ကတည်းက ထဘီဦးစားပေးဝတ်ဆင်ကြတဲ့အလျောက်အခု လိုယဉ်ကျေးမှုတွေစီးဝင်လာကြတဲ့ခေတ်ထဲမှာ ညီမလေးဝတ်တဲ့ စကတ်တို ဘောင်းဘီတိုဟာ လူတွေမျက်လုံးထဲအဖို့ အမြင်မတင့်တယ်ဘူးဆိုတဲ့အတွေးကိုရောက်စေတတ်တယ် ။
အ၀တ်အစားဟာ တကယ်တမ်းအရေးကြီးသလိုလိုနဲ့တကယ်တမ်းတော့ အ၀တ်အစားထက်ပိုအရေးကြီးတာ အနေအထိုင်ပါညီမလေးရေ ။ ညီမလေးဟာ စကတ်တိုဝတ်ခွင့်ရှိတယ် ဒါပေမယ့်အနေအထိုင်တော့ သိုသိုသိပ်သိပ်နေရမယ် မိန်းကလေးကိုး ။ မြင်ဖူးနေကြပန်းပွင့်လေးတွေကို လူတွေက တန်ဖိုးမထားတတ်ကြပေမယ့် မမြင်ဖူးသေးတဲ့ရှားပါးပန်းပွင့်လေးတွေကိုတော့လူတွေက တန်ဖိုးထားတတ်ကြတယ် ။ ဒီသဘောပါပဲညီမလေး ရေ ။ လူဆိုတာ ရှေ့မှာမြင်နေရတဲ့အကောင်းအဆိုးထဲက ကိုယ်ဘာကိုယူမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ် ။ ဥပမာ ညီမလေးကိုရီးယားကားတစ်ကားကြည့်တယ်ဆိုပါစို့ ။ ကိုရီးယားတွေရဲ့အလုပ်ကြိုးစားမှု အပြိုင်အဆိုင်ရှိမှု သန့ှ်ရှင်းသပ်ရပ်မှု နည်းစနစ်စတာတွေကို အတုယူရမှာဖြစ်ပြီးမိန်းကလေးတွေအရက်သောက်ခန်းတွေ အချင်းချင်းယောက်ျားလုနေတဲ့အခန်းတွေကိုတော့ အတုမယူရဘူးညီမလေး ။ ဒါဟာ လောကကြီးအပေါ် ကိုယ်မြင်တဲ့ရှူထောင့်အပေါ်မူတည်ပါတယ် ။ အခုဆိုညီမလေးလည်း အရွယ်ရောက်လာပြီဆိုတော့ အချိန်တန်ရင် ချစ်တဲ့သူပေါ်လာမယ် ပြီးရင်အိမ်ထောင်တွေဘာတွေကျမယ် သားသမီးတွေမွေးလို့ ညီမလေး၇ဲ့မျိုးရိုးကိုဆက်ပြီးစောင့်ထိမ်းရတော့မယ် ။ ပထမဦးဆုံး လွတ်လပ်ခွင့်ဆိုတဲ့ Freedom အကြောင်းညီမလေးကိုပြောပြချင်ပါတယ် ။
Freedom
အကိုနားလည်ထားတဲ့လွတ်လပ်ခွင့်ဆိုတာသည် လွတ်လွတ်လပ်လပ်ကြီးလုပ်ချင်တာလုပ် မယ်ဖြစ်ချင်တာဖြစ်ဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေတာကို မဟုတ်ဘူးညီမလေး ။ လွတ်လပ်ခွင့်ဆိုတာသည် အပေါ်ယံကြည့်လိုက်ရင်ပေါ့ပါးတယ်ဆိုပေမယ့် အနောက်ကနေ တာဝန်ယူမှုဆိုတဲ့အပိုင်း ပါလာတဲ့အခါ အရမ်းကိုလေးနက်သွားရပါပြီ ။ ညီမလေးဟာ လွတ်လပ်မှုကို မြတ်နိုးတယ်ဆိုရင် ကိုယ့်ကိုယ်ကို နဲ့ကိုယ့်အကျိုးဆက်ကို တာဝန်ယူနိုင်တဲ့သူဖြစ်၇မယ် ။ ညီမလေးရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ဟာ တပါးသူရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အပေါ် ထိခိုက်စေခြင်းမရှိရဘူး ။ လွတ်ပြီးလပ်နေတာမျိုးမဖြစ်ရဘူးညီမလေး ။ လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တာဝန်ယူပြီး ကိုယ့်ရည်မှန်းချက်ကို အမှီအခိုကင်းကင်းအကောင်အထည်ဖော်လုပ်ဆောင်တာကိုဆိုလိုပါတယ် ။ ဒီလိုပဲညီမလေးးလူတွေအားလုံးမှာ အခုတလောလူပြောများနေတဲ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးကိုယ်စီရှိကြတယ် ။ လူမှမဟုတ်ပါဘူး ခွေးမှာရော ကြောင်မှာရော အရာရာမှာ အခွင့်အရေးနဲ့သူ့ လုပ်ပိုင်ခွင့်သူရှိကြတယ် ။ လူတစ်ယောက်ကို ဒါလုပ်ကို လုပ်ရမယ်လို့အတင်းယုံကြည်ခိုင်းလို့မရဘူး ။ လူတစ်ယောက်ကို ဒါယုံရမယ် ဒါမယုံရင် နှိပ်စက်မယ် သတ်ဖြတ်မယ်ဆိုတာဟာလည်း လူ့အခွင့်အရေးနဲ့မညီပြန်ဘူး ။ လူဆိုတာကိုယ့်စိတ်သဘောထားအတိုင်းကိုယ်ယုံကြည်ရာကိုယ်ရွေးချယ်လျှောက်လှမ်းနိုင်ခွင့်ရှိရမယ် ။
ညီမလေးရေ သူများတွေလုပ်လို့လိုက်လုပ်တယ်ဆိုတာ ညီမလေးရဲ့ပင်ကိုယ်အရည်အသွေးညံ့ဖျင်းရာကျပါတယ် ။ ညီမလေးစဉ်းစားကြည့် မွေးလာကတည်းက ဆင်တစ်ကောင်ကိုပြပြီး ဒါဆိတ်ပါလို့ယုံကြည်ခိုင်းရင် အသက်ကြီးလာတဲ့အခါ အဲဒီလူဟာဆင်ကို ဆိတ်လို့ပဲမြင်နေတာမဆန်းပါဘူး ။ အဲဒီလူမှာအပြစ်မရှိပါဘူး ယုံကြည်ခိုင်းတဲ့လူမှာသာအပြစ်ရှိပါတယ် ။ ယုံကြည်မှုကို တည်ဆောက်ချင်ရင်တော့ လေ့လာခြင်း + ဝေဖန်ခြင်း + ဆန်းစစ်ခြင်း + သုံးသပ်ခြင်း = အဖြေထုတ်ခြင်း စတဲ့ညီမျှခြင်းနဲ့သွားရတယ်ညီမလေး ။ ဘာသာတရားဖြစ်စေ လူမှုရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ ဘာကိုပဲ ဖြစ်ဖြစ် ယုံမယုံကြည့်ရတော့မယ့်အခါ ညီမလေး အရာရာကိုလေ့လာပါ ယှဉ်တွဲသုံးသပ်ပါ အကောင်းဆုံးကိုရွေးချယ်ဖို့လိုပါတယ် ။ ညီမလေးရေ လူ့အခွင့်အရေးအရပြောမယ်ဆိုရင် အကိုဟာညီမလေးကို ဘယ်လူနဲ့ယူရမယ် ဘယ်လူနဲ့မယူရဘူးပြောခွင့်မရှိတော့ဘူး ။ ညီမလေးမှာ လုပ်ပိုင်ခွင့် ( Right ) အပြည့်ရှိပြီကိုး ။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စိတ်ကလေးကိန်းဝပ်လာတဲ့အခါ လူဟာ တဇွတ်ထိုးဆန်လာတတ်တယ် ။ မှားနေမှန်းသိရင်တောင်နောက်မဆုတ်ချင်တော့ဘူး ။ ညီမလေးကို အင်္ဂလိပ်ကြီးနဲ့မယူပါနဲ့ တရုတ်ကြီးနဲ့မယူပါနဲ့ အကို့မှာ တားပိုင်ခွင့်မရှိတော့ပါဘူး ။ ဒါပေမယ့်ညီမလေးရေ အကိုတို့ တစ်ချက်ကလေးပြန်စဉ်းစားကြည့်ရအောင်လား ။
စောင့်လေမျိုးနွယ်
ဘယ်လိုပဲ အသားအရောင်ညီတူညီမျှ လူ့အခွင့်အရေးညီတူညီမျှ လို့ဆိုပေမယ့် ဘင်လာဒင်လည်း အမေရိကကို တိုက်ခိုက်ခဲ့တာပါပဲ ။ အိုဘားမားလည်းငြိမ်းချမ်းရေးနိုဘယ်ဆုကိုင်ပြီး ဘင်လာဒင်ကို နှိမ်နှင်းခဲ့တာပါပဲ ။ တို့ကမ္ဘာကြီးဟာ သိပ်ကြောက်ဖို့ကောင်းတယ်ညီမလေး ။ လူ့အခွင့်အရေးလို့ တစာစာအော်နေပြီး အတွင်းမှာ သတ်ဖြတ်နေတာတွေ ဆာလောင်နေတာတွေ မြင်ရတဲ့အခါ အကိုဟာ တဖြည်းဖြည်း လူ့လောကကို မျက်နှာလွှဲချင်နေမိတော့တယ် ။ ညီမလေးရေ .. အကိုတို့မြန်မာလူမျိုးတွေဟာ သိပ်ကို အားနာတတ်တယ် ။ ခင်မင်တတ်တယ် ။ ယုံပြီဆိုရင်အိမ်ပေါင်ပေးရလည်းဝန်မလေးဘူးဆိုတဲ့ လူမျိုးထဲ တို့တွေပါတယ် ။ ဒီလိုအားနာမှု ယုံကြည်မှုတွေနဲ့အတူ တို့နိုင်ငံမှာ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဟာသိသိသာသာကြီးကြီးမားလာခဲ့ရတာ ညီမလေးအမြင်ပါပဲ ။ ညီမလေးရေ ကိုယ်ချစ်တဲ့သူကို လူတိုငူ်းကတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာပါပဲ ။ ဒါပေမယ့်ညီမလေးအနေနဲ့ ရေရှည်တွေးလို့ အိမ်ထောင်ဖက်အထိစဉ်းစားရတော့မယ့်အခါ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးကိုထည့်သွင်းစဉ်းစားပေးပါလို့အကိုကတောင်းဆိုချင်ပါတယ် ။ မျိုးဆက်ပွားတာဝန်ကို ယူထားရတဲ့ညီမလေးဟာ အင်္ဂလိပ်ကြီးယူလိုက်တဲ့အခါ အင်္ဂလိပ်မြန်မာ မျိုးစပ်လေးရလာမယ် ဂျပန်ကြီယူလိုက်တဲ့အခါ ဂျပန်မြန်မာမျိုးစပ်လေးရလာမယ် ။
ဒီလိုတွေအဖြစ်များလာတဲ့အခါ တို့တွေမှာ မြန်မာဆိုတာ နောက်ဆိုကျန်ပါတော့ဦးမလားလို့ တွေးနေမိတယ် ။ မဖြစ်သေးပါဘူး အဝေးကြီးလိုပါသေးတယ်လို့ညီမလေးပြောချင်တာလား ။ အရှည်ကိုတွေးမိရင်တော့ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပြီဆိုတဲ့အကြောင်းညီမလေးကိုသိစေချင်ပါတယ် ။
မြန်မာညီမလေးကမွေးလာတဲ့ရင်သွေးလေးကို အကိုက မြန်မာကလေးငယ်လေးပဲဖြစ်စေချင်တာ အကိုအတ္တကြီးမိတာဆိုလည်းဝန်ခံပါတယ် ။ အကိုက လူ့အခွင်းအရေးချိုးဖောက်မိတယ်ဆိုရင်လည်းအကို ခံပါ့မယ် ။ ဒါက အကိုမြင်ချင်တဲ့ဆန္ဒကိုး ။
မြန်မာညီမလေးက လက်ချိတ်ပြီးလမ်းလျောက်သွားတဲ့ဘေးကောင်လေးနေရာမှာ အကိုက မြန်မာကောင်လေးပဲဖြစ်စေချင်မိတယ် ။ မင်္ဂလာဆောင်တဲ့အခါ ရင်ဖုံးထိုင်မသိမ်းနဲ့သတို့သားကကျက်သရေခေါင်းပေါင်းနဲ့အခါတော်ပေးနေတဲ့မြင်ကွင်းလေး အကို မြင်ချင်မိလှတယ် ။
အကို့အတွေးအမြင်တွေ တစ်ဖက်စွန်းရောက်နေပြီလားတော့မပြောတတ်ပါဘူးညီမလေး ။ အများစုပြောနေကြတဲ့ လူ့အခွင့်အရေးဆိုတာ အကို့အနေနဲ့ စည်းဝါးလွတ် ဖြစ်ပြီး အကိုတို့တမျိုးသားလုံးကိုထိခိုက်မယ့်အရာမျိုးကိုတော့အကိုလက်မခံချင်ပါဘူး ။ မှန်တာပေါ့ ညီမလေးတို့လို မြန်မာအမျိုးသမီးလေးတွေ ရဲ့စိတ်ထဲမှာ အမျိုးကို ချစ်တဲ့စိတ် ဘာသာသာသနာကို ချစ်တဲ့စိတ်လေးရှိပြီး ကိုယ့်အသိလေးနဲ့ကိုယ် စောင့်လေးမျိုးနွယ်ကို ချစ်မြတ်နိုးရင်ဖြင့် အကို့ပူပင်မှုတွေ အေးချမ်းသွားလိမ့်မယ်လို့အကိုမျှော်လင့်မိပါတယ် ။
ဘယ်သူကမှ လာပြင်ပေးလို့မရပါဘူးညီမလေး ။ ဘယ်လိုကန့်သတ်ချက် တွေနဲ့မှလည်း လူတွေကိုပိတ်ပင်လို့မရပါဘူး ။
ကိုယ့်အသိစိတ်နဲ့ခံယူချက်မှာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်ကလေးကိန်းအောင်းပြီး စောင့်လေမျိုးနွယ်ကို အသီးသီး လက်ခံကျင့်သုံးကြရင်ဖြင့် မြန်မာဆိုတာ ကမ္ဘာတည်သရွေ့တည်တံ့နေဦးမှာပါပဲ ။
ှညီမလေးရေ .. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ ... ယုံကြည်ရာကို ရဲဝံ့ပြတ်သားစွာ လျှောက်လှမ်းနိုင်တဲ့ မြန်မာအမျိုးသမီးလေး စောင့်လေမျိုးနွယ်ကို ချစ်ခင်ဦးထိပ်ထားတဲ့ အမျိုးသမီးလေးတစ်ဦးဖြစ်ပါစေကွယ် ။
အကို
သက်တန့်ချို
28.6.2013
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Friday, June 21, 2013
မပြောမပြီး မတီးမမြည်
ဒီမနက် မှတင်မဟုတ် အခုတလော Mood လည်းသိပ်မကောင်းလှတာကြောင့် စာကိုလည်းထဲထဲဝင်ဝင်မရေးဖြစ်ခဲ့တာကြာပါပြီ ။ ပုံမှန် ဖတ်နေကြ စာဖတ်သူတွေသတိထားမိကြမှာပါ ။ နိုင်ငံရေးအပြောင်းအလဲ အကွက်အကွင်းမှာ ဇာတ်ခုံပေါ်က စစ်တုရင်နယ်ရုပ်ကလေးတွေကို စိတ်ဝင်တစားစောင့်ကြည့်နေမိတယ် ။ ၂၀၁၅ သမ္မတဘယ်သူဖြစ်လာမလဲဆိုတဲ့အတွေးတွေနဲ့ စိတ်ထဲမှာ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးရွှေမန်းတို့က နေရာယူထားတယ် ။ နိုင်ငံရေးကစားကွက်တွေဟာ သိပ်ကို ကြည့်လို့ကောင်းသလို ဆက်ဖြစ်လာမယ့် အပြောင်းအလဲကာလတွေမှာ ဒီ ၃ယောက် ဘယ်လို အားပြိုင်ကြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ် ။
နိုင်ငံရေးတင်မကပဲ စီးပွားရေး လူမှုရေးနဲ့နောက်ဆုံး ဘာသာရေး အထိပါ မြန်မာနိုင်ငံအတွင်းမှာ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ အပြောင်းအလဲတွေဖြစ်နေကြတာ တွေ့မြင်မိကြမှာပါ ။ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံအတွင်းမှာ အဓိကအားဖြင့် ဗုဒ္ဓဘာသာ ၊ ခရစ္စယာန် ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာဝင်တို့ နေထိုင်ကြပါတယ် ။ ထားပါတော့ အခုပြောချင်တဲ့အကြောင်းအရာက ဘာသာရေးနဲ့ပတ်သတ်ပြီး Time မဂ္ဂဇင်း မျက်နှာဖုံးမှာ ဂျူလိုင်လအတွက် တင်ထားတဲ့ ဦးဇင်း ၀ီရသူရယ် ကာဗာအပေါ်မှာ ထိုးထားတဲ့စာတမ်း THE FACE OF BUDDHIST TERROR ဆိုတာလေးပါ ။ ရေးသားသူက Hannah Beech ဖြစ်ပြီး သူတည်ထားတဲ့ခေါင်းစဉ်က “ How Mulitant Monks Are Fueling Anti-Muslin Violence In Asia ” ဆိုပြီးဖြစ်ပါတယ် ။
Terror ဆိုတာ အကြမ်းဖက်မှု အထိတ်တလန့်ဖြစ်စေမှု စသည်တို့ကို ရည်ညွှန်းပြီး Terroist ဆိုတာကတော့အကြမ်းဖက်သမားကို ရည်ညွှန်းပါတယ် ။ ဒီတော့ ဇာတ်လမ်းကိုပြန်ကောက်ကြည့်ရအောင် အတိုချုံးပေါ့ ။
၁ ။ ရခိုင်အရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
၂ ။ မိတ္ထီလာအရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
၃ ။ လားရှိုးအရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
ကြားထဲမှာ တချို့မြို့တွေက ဖြစ်စဉ်တွေအများကြီးကျန်ပါသေးတယ် ။ ဘာသာရေး ပြဿနာတွေလို့ အပေါ်ယံပြောလို့ရပေမယ့် သေသေချာချာ ထဲထဲ ၀င်ဝင်တွေးကြည့်ရင်တော့ ဒါဟာ လူမျိုးစု ပြဿနာတွေလို့ မြင်လို့ရသလို ဖိနှိပ်ခံရမှု အနိုင်ကျင့်စော်ကားမှုတွေကြားဖြစ်ပေါ်လာတဲ့အမုန်းမီးတောက်သံသယ နဲ့ တကွ အငြိုးအတေးနာကျင်မှုတွေကဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုး ( complication ) တွေလို့မြင်မိတယ် ။
ဦးဇင်းဝီရသူဟာ ကောင်းတာလားဆိုတားလား တော်တာလား ညံ့တာလားဆိုတာ ကျွန်တော့်အနေနဲ့ ဝေဖန်နေစရာအကြောင်းမရှိပါ ။ ဒီနေရာမှာ ဦးဇင်းကို ကြည့်တဲ့နေရာမှာ ကျွန်တော်တို့ဟာ နည်း ၂ နည်းနဲ့မြင်ရတော့မှာပါ ။
၁ ။ Human Right လူ့အခွင့်အရေးဖက်ကနေကြည့်ကြမလား
၂ ။ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကို ကာကွယ်ပေးနေတဲ့ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူအဖြစ်ကြည့်ရမလား ဆိုတာပါပဲ ။
မကြာသေးခင်က ထွက်ပေါ်လာတဲ့ ( အတည်မပြုရသေးတဲ့ အစိုးရဖက်က ဘာမှမပြောသေးတဲ့ ) အမျိုးစောင့်ဥပဒေ မူကြမ်း ဆိုတာနဲ့ပတ်သတ်ပြီး လက်ခံသူတွေ လက်မခံသူတွေ ကွဲကြပြန်တယ် ။ ထူးတော့လည်းမထူးဆန်းပါဘူး ၉၆၉ ဆိုပြီး အမျိုးဘာသာ သာသနာဆိုင်တွေမှာ အားပေးကြဖို့ ဖြစ်ပေါ်လာတဲ့အခြေအနေတုန်းကလည်း လက်ခံတဲ့သူနဲ့လက်မခံတဲ့သူဆိုပြီးကွဲကြသေးတာပဲမဟုတ်လား ။ ကျွန်တော်တို့ မြန်မာတွေဟာ စည်းလုံးစရာရှိရင်သိပ်ကိုစည်းလုံးသလို မစည်းလုံးကြဘူးဆိုရင်လည်း ဘယ်သူကမှတောင် အင်တိုက်အားတိုက်ဖြိုခွဲနေစရာမလို ကိုယ့်ဘာသာ အချင်းချင်း လွတ်လပ်စွာ ပျော်ပျော်ကြီး သဘောထားကွဲလွဲကြပြီးသားပဲ ။ ဒီနေရာမှာ အိုစမာ ဘင်လာ ဒင်ကို သတိရနေမိတယ် ။ ဝေါထရိတ်စင်တာကို ဖြိုခွဲ လိုက်တဲ့အချိန်မှာ ကမ္ဘာတ၀ှမ်းက ဘင်လာဒင်ထောက်ခံသူတွေဟာ အောင်ပွဲခံခဲ့ကြသလို သူ့လုပ်ရပ်ကို မှားတယ်လို့ ဘင်လာဒင်ဖက်ကလူတွေမမြင်ခဲ့ကြဘူး ။
ဒါဟာမှန်တယ် သူရဲကောင်းဆိုတဲ့ဘွဲ့တပ်လိုက်ကြတယ် ။ ကျွန်တော်ကိုယ်တိုင်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အလျောက် ကိုယ့်ဘာသာကိုယ်ပဲ ဝေဖန်ကြည့်ချင်တယ် ။
- ဗုဒ္ဓဘာသာဟာ အချင်းချင်း စည်းလုံးသယောင်ရှိနေကြပေမယ့် တကယ်တမ်းစ သာသနာ ကွယ်ပျောက်မှာစိုးလို့ နည်းလမ်းတချို့ထွက်ပေါ်လာတဲ့အပေါ်မှာ သဘောထားကွဲလွဲမှုများစွာရှိနေတဲ့အခါ စည်းလုံးမှု အားနည်းနေသေးတယ်ဆိုတာ တွေ့ရတယ် ။
- သူများ ဘာသာတွေဟာ အချင်းချင်း အပြစ်ပြောသူ သိပ်မတွေ့ ရှိကိုမရှိသလို အချင်းချင်း ဆဲဆိုနေကြတာလည်း လူမှုကွန်ယက်တွေပေါ်မှာ မတွေ့ဖူးပါ ။ ကျွန်တော်တို့ဆီမှာတော့မိုးမွှန်နေအောင်ဆဲကြသည် ။ ဦးဇင်း ၀ီရသူလည်း လည်းအဆဲခံရပါသည် ။
- ဘာသာရေးကိုင်းရှိုင်းမှုကိုကြည့်မယ်ဆိုရင်လည်း ခရစ္စယာန်တွေ တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်တယ် အစ္စလာမ်တွေ တစ်နေ့ဘုရားငါးကြိမ်ရှိခိုးတယ် ကျွန်တော်တို့မှာ ရင်ထဲကဘုရားရှိတယ်ဟုအကြောင်းပြချက်ဖြင့် ဘုရားပုံမှန်ရှိခိုးသူရှိပါသလားဟုမေးစရာရှိသည် ။ ရှိသည့်သူတွေလည်းရှိမည် အများစုကတော့ ပုံမှန် လုပ်လေ့မရှိ ဘုရားကိုတောင် တစ်လ ဘယ်နှစ်ကြိမ် သွားသလဲဟုမေးစရာရှိသည် ။ ပျော်ပွဲရွှင်ပွဲဆို အကုန်ပါသည် နောက်ဆုံးမီးနင်းပွဲတောင် ပါသည် ။
ဆိုလိုတာက ကျွန်တော်တို့ငယ်ငယ်တုန်းကလို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းလို ကျောင်းပိတ်ရက်တွေမှာဖွင့်သည့်သင်တန်းတွေ မရှိသလောက်နည်းပါးနေသည်ကို ပြန်လည်ထောက်ပြလိုခြင်းဖြစ်သည် ။ ရင်ထဲ နှလုံးသားထဲကနေ ဘာသာတရားကိုကိုင်းရှိုင်းအောင်သင်ပေးတာသည် တခြားဘာသာတွေမှာ Perfect ဖြစ်သည် ။ ကျွန်တော်တို့မှာ သင်ပေးမှု အားနည်းနေသည် ။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ငါဘုရားသည် ဖန်ဆင်းရှင်မဟုတ် လမ်းညွှန်ပေးသူသာဖြစ်သည် ငါဘုရား၏ တရားတော်များကို ယုံကြည်ရမည်ဟုအတင်းအကြပ်မဆို ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးလို့ ယုံကြည်လက်ခံမှ လိုက်နာကြပါဟူသော သဘော မျိုး တရားတော်များပါ ပါသည့်အတွက် ယေဘူယျ ဆန်သည် ကျွန်တော်နှစ်သက်သည်ဟု ၀န်ခံပါသည် ။
ဦးဇင်းဝီရသူ လုပ်နေတဲ့ဘာသာရေးတရား ( အထူးသဖြင့် ၉၆၉ နှင့် လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ် ကို မီးမောင်းထိုးပြသည့်တ ရားများ ) ကို ထောက်ခံသူတွေနဲ့မထောက်ခံသူတွေဆိုပြီးကွဲကြသည် ။ အရင်းစစ်တော့ ဗုဒ္ဓဘာသာတစ်ခုတည်းပင်ဖြစ်သည် ။ အဘယ်ကြောင့်နည်း ။ အိုစမာဘင်လာဒင်ကို အကြမ်းဖက်သည်ဟု သူတို့မမြင်ကြသူရဲကောင်းတံဆိပ်သာကပ်သည် ။ အမျိုးစောင့်ဥပဒေ မူကြမ်းကို လက်ခံသလား လက်မခံသလားဟု ကျွန်တော် အဖြေပေးရန်မလို ။ ကျွန်တော့်ထက်ပို၍ တော်သော တတ်သော ရေရှည်တွေးတတ်သော လူတွေက ဖြစ်သင့်သလား မဖြစ်သင့်သလား ဆုံးဖြတ်ကြပါလိမ့်မယ် ။ သာသနာရေးဝန်ကြီးဌာနမှ ကိုင်တွယ်၍ သုံးသပ်ပါလိမ့်မယ် ကျွန်တော်ထင်တာပါ ။ ယခု Time သည် ဦးဇင်းဝီရသူအကြောင်းကို ဘယ်လောက်သိ၍ ဘာကြောင့်ထိုသို့ပြောပါသလဲ ကျွန်တော်မေးခွန်းထုတ်ချင်သည် ။ အနှစ်နှစ်အကာလ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်လာခဲ့တဲ့ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ကို Time သည် သိမည်မထင် ။ သူတို့လည်း ထိုအန္တရာယ်ကို တိုက်ရိုက်တမျိုးသွယ်ဝှိုက်၍တမျိုးကောင်းကောင်းကြီးခံစားနေရသည်ကိုသူတို့ကိုယ်တိုင်သိမည်ထင်သည် ။
တကယ်တော့ ပြည်တွင်းရေးးဘာသာရေးဖြစ်သည် ။ သံဃာတော်ဘုန်းကြီးတစ်ပါးပုံနှင့် ဗုဒ္ဓဘာသာအကြမ်းဖက်မျက်နှာဟူသော အဓိပ္ပါယ်သက်ရောက်စေသည့်စကားလုံးနှင့်တွဲထားခြင်းသည် Time က ဘာသာရေးပြဿနာများ ပိုမိုဖြစ်ပေါ်လာအောင် ဖန်တီးပေးလိုက်ခြင်းလားဟု ကျွန်တော်စွပ်စွဲချင်သည် ။ မလုပ်သင့် အကယ်၍ အရေးယူလိုလျှင် အစိုးရက ဦးဇင်းဝီရသူကို ထောင်ထဲမှ ပြန်မထွက်နိုင်အောင် လုပ်ထားနိုင်သည် ။ ဦးဇင်းကို ပိတ်ပင်ထားနိုင်သည် ။ အစိုးရကဦးဇင်းအပေါ်ဘယ်လို မြင်သလဲဟူသောအချက်ကို ကျွန်တော်တို့ တွေးမိကြဖို့ကောင်းသည် ။ ကန့်ကွက်ပါသည် Time မှာတင်စရာမျက်နှာဖုံးဒီလောက်ရှားသလားဟုမေးချင်သည် ။ ဦးဇင်း ၀ီရသူ မကောင်းဘူးပဲထား ဗုဒ္ဓဘာသာတစ်ခုလုံးကို သိမ်းကြုံး မစော်ကားသင့် ။
ဗုဒ္ဓဘာသာမှာ ငြိမ်းချမ်းရေးနှင့် ကာကွယ်လိုစိတ် တိုးပွားလိုစိတ်သာရှိသည် တိုက်ခိုက်လိုစိတ်မရှိပါ ။
ဗုဒ္ဓဘာသာမှာ အေချမ်းမှုနှင့် အကျိုးလိုလားခြင်းသာရှိသည် ။
ဗုဒ္ဓဘာသာမှာ ခွင့်လွှတ်သည်းခံခြင်းနှင့် သမာဓိကိုသာ လက်ကိုင်ထားသည် ။
ဗုဒ္ဓဘာသာမှာ တည်မြဲခြင်းဆိုတာ ဘာမှမရှိ မတည်မြဲခြင်းသာရှိသည် ။
ဗုဒ္ဓဘာသာမှာ အိုခြင်း နာခြင်း သေခြင်းကို မီးမောင်းထိုးပြသည် ဆင်ခြင်သုံးသပ်၍ နိဗ္ဗာန်ရောက်ကြောင်းကိုရှေးရှူသည် ။
နောက်ဆုံး .. ဗုဒ္ဓဘာသာသည်အကြမ်းဖက်မဟုတ်ကြောင်း ထို မဂ္ဂဇင်းကိုပြောလိုသည် ။ ထိုမျက်နှာဖုံးနှင့် ဘာသာရေးအသွင်ဆောင်သော မုန်းတီးမှုများ ခေတ်စကားအရပြောလျှင် ( ဖွသည် ) ဟု တည့်တည့်ပြောချင်သည် ။ ပြည်တွင်းရေးကို ပြည်တွင်းရှိ လူများသာအသိဆုံးဖြစ်သလို ပြည်ပက ၀င်ရောက်စွက်ဖက်သည်မှာ အဆန်းတော့မဟုတ် ရှေးယခင်ကတည်းက ရှိသည် ။ ထားပါတော့ တိုင်းပြည်တစ်ပြည်ဆိုတာကလည်း တစ်ခုတည်းရပ်တည်လို့ရတာမှမဟုတ်ပဲ ။ ဒါပေမယ့် ဦးဇင်းဝီရသူရယ် စာတမ်းရယ် မျက်နှာဖုံးရယ်ကိုကြည့်ပြီး ဘ၀င်မကျမိကြောင်း ၀န်ခံသည် ။ ဦးဇင်းကောင်းတာဆိုးတာကို ကျွန်တော့်အနေဖြင့်သာမန်ပုထုဇဉ်အနေဖြင့် မဝေဖန်ပါ ။ ထောက်ပြစရာလည်းမရှိပါ ။
ကျွန်တော်စိတ်မကောင်းဖြစ်တာသည် Terror ဆိုသောစကားလုံးကိုပင်ဖြစ်ပါသည် ။ အမျိုးစောင့်ဥပဒေမူကြမ်းကို လက်ခံသလား ကျွန်တော့်ကိုမေးလျှင် သင့်ကိုလည်းကျွန်တော်က လက်ခံပါသလား ပြန်မေးပါမည် ။ ယေဘူယျအားဖြင့်သုံးသပ်လျှင်
၁ ။ လူ့အခွင့်အရေး အရကြည့်လျှင်ပယ်ချရမည်ဖြစ်သည် ။ အမျိုးသမီးတွေသည် တရားခံများ မဟုတ် မူကြမ်းထုတ်ပြီးတားစရာမလို ဟုပြောရမည် ။ လူမှန်လျှင်ကိုယ်ကြိုက်တာ ကိုယ်လိုက်ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဘာသာနှင့်ယူခွင့်ရှိသည် လိင်တူချင်းလည်းယူနိုင်သည် ယုတ်စအဆုံးလူနှင့် တခြားသတ္တ၀ါများလည်း ယူနိုင်သည် အမျိုးသမီးများကိုမူကြမ်းထုတ်ပြီးအမျိုးသားများကတော့ကြိုက်တာယူခွင့်ရှိတယ်ဆိုတော့ ဒါလူ့အခွင့်အရေးလားဟု မေးကြမည် ။ ဒါကလူ့အခွင့်အရေး သမား များ ပြောလေ့ရှိသော စကားများဖြစ်သည် ။
၂ ။ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ကို ထိတ်လန့်တကြား ကာကွယ်လိုက်သော မူကြမ်း သည် အတိုင်းအတာတစ်ခုအထိတော့တပ်လှန့်သွားရာရောက်သည်ဟု တချို့ကပြောကြမည် ။ ကောင်းတယ်ဒါမှ မြန်မာအချင်းချင်းအိမ်ထောင်တွေကျပြီးမြန်မာ မျိုးဆက်သက်ဆိုးရှည်မှာဟု တွက်ကြသူများလည်းရှိမည် ။ ထိုသူတွေကတော့လက်ခံကြမည်ဖြစ်သည် ။
=========================================
အမြင်မတူတာရှိလျှင်မကွဲရဟုမပြောပါ ကွဲကြပါဒါပေမယ့် ရန်သူကြီးတွေဖြစ်ရလောက်တဲ့အထိ ဆိုးဆိုးရွားရွား ရုပ်ပျက်ဆင်းပျက်ကြီးတွေတော့မလုပ်ကြပါနဲ့ ။ အွန်လိုင်းစာမျက်နှာများကို ဆိုလိုယုံသာမကပဲ အပြင်လောကကိုပါ မီးမောင်းထိုးပြလိုသည် ။ လူမှုကွန်ယက်တွေကတော့ တကယ်ကြည့်လျှင် အကောင့်တုတွေ လိမ်နည်းမျိုးစုံတွေနဲ့မို မဆဲပါနှင့်ပြောလျှင် ပြောသည့်သူသာအရူးဖြစ်မည် ။ လှည့်ကွက်တွေကများလွန်းသည် ။
စည်းလုံးကြပါ
စည်းလုံးကြပါ
နောက်ဆုံးစကားတစ်ခွန်းသာပြောချင်သည် ။
ကျွန်တော်စိတ်မကောင်းဖြစ်နေတာသည် Terror ဆိုသောစကားလုံးကု ဗုဒ္ဓဘာသာနှင့်တွဲဖက်သုံးထားခြင်းကိုဖြစ်ပါသည် ။
သက်တန့်ချို
21.6.2012
Photo : http://www.time.com/time/covers/asia/0,16641,20130701,00.html
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Tuesday, June 4, 2013
ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး
ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး
အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး
တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။
သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေလျှက်ရှိပါတယ် ။
ကျွန်တော်တို့မြင်နေရတာတွေက အတည့်အတိုင်းဖြစ်ပေမယ့် သူမကတော့ ပြောင်းပြန်တွေပဲမြင်နေခဲ့တယ် ။ သူမအတွက်တော့ တစ်ကမ္ဘာလုံးဟာ ဇောက်ထိုးမိုးမျှော်တွေပါပဲ ။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ Ms Danilovic ကတော့ ဒါဟာ Spatial Orientation Phenomenon လို့ခေါ်တဲ့အခြေအနေတစ်မျိုးခံစားနေရတာလို့ဆိုတယ် ။ ဒန်နီလိုဗစ်လို အခြေအနေမျိုးကြုံတွေ့သူတွေရှိပေမယ့်သူတို့ဟာစာကိုပဲ အပေါ်အောက်ရေးနိုင်ဖတ်နိုင်ကြပေမယ့် ဒန်နီလိုဗစ်လိုတော့ တစ်ကမ္ဘာလုံးပြောင်းပြန်မြင်နေတာတော့မဟုတ်ပါဘူး ။
“ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျမ တိတိကျကျမသိပါဘူး ဒီလိုဖြစ်လာတယ် ကျမဦးနှောက်ထဲကဘယ်နေရာမှာ ဘာတွေဖြစ်နေကြပါလိမ့် ” လို့ လွန်ခဲ့တဲ့အပတ်က ဒန်နီလိုဗစ်ကပြောခဲ့တယ် ။ “ သူတို့ကပြောတယ် ကျမလိုပဲ စာတွေပြောင်းပြန်ရေးနိုင်တဲ့သူတွေ ဖတ်နိုင်တဲ့သူတွေ သမိုင်းမှာ ကြုံခဲ့ဖူးတယ်တဲ့ ဒါပေမယ့် ကျွန်မလို အခြေအနေတစ်ရပ်လုံးတော့မတူညီကြပါဘူး ”
သူမအတွက်ကို ပြောင်းပြန်လှန်ထားတဲ့ကွန်ပြူတာနဲ့ အထူးပြုလုပ်ထားတဲ့ ကီးဘုတ်တစ်ခု မှာယူထားရပါတယ် ။ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးအိမ်ပြန်ရောက်ပြီဆိုရင် မိသားစုက တခြားမှာ တီဗွီတစ်လုံးနဲ့ကြည့်တယ် သူမက သပ်သပ်တစ်လုံးနဲ့ကြည့်ပါတယ် ။
Source : News.com.au
သက်တန့်ချို ဘာသာပြန်သည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ကော်ဖီခွက်လေးတစ်ခွက်
ကော်ဖီခွက်လေးတစ်ခွက်
နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ကျောင်းသားတွေနဲ့ ပရော်ဖက်ဆာ တစ်ဦးဟာ ခရီးတစ်ခု ကို ထွက် လာခဲ့ကြတယ် ။ သူတို့ ဦးတည်ချက်က ပရော်ဖက်ဆာရဲ့အိမ်ကလေးဆီကို ပါ ။ ဒီလိုနဲ့ ခရီး လည်း ဆုံးတော့ လှပသေသပ်တဲ့အိမ်ကလေးတစ်လုံး ဆီရောက်လာခဲ့ကြတယ်။
အဲဒီအိမ်ကလေးရှေ့က ခြံဝင်းထဲမှာ ကျောင်းသားတွေဟာ ရယ်ရယ်မောမောနဲ့ စကားစမြည်ပြော ဆိုကြ တယ် ။ ထုံးစံအတိုင်း သူတို့ဘ၀ ဟာ စိတ်ဖိစီးမှု ဘယ်လောက်များကြောင်း ပင်ပန်းဆင်းရဲကြောင်း ခက်ခဲကြမ်းတမ်းကြောင်းစသဖြင့်ေ ပါ့ ။ ပရော်ဖက်ဆာကပြုံးပြီးအိမ်ထဲ ၀င်သွားတယ် ။ ပြန်ထွက်လာတော့ သူ့လက် ထဲမှာ လင်ဗန်းတစ်ခုပါလာတယ် ။
လင်ဗန်းပေါ်မှာ ကော်ဖီအိုးတစ်အိုးရယ် ခွက်ကလေးတွေရယ်ပါလာတယ် ။ ခွက်တွေကအစုံပါပဲ တန်ဖိုးကြီး တဲ့ ခွက်တွေပါသလို တန်ဖိုးနည်းတဲ့ခွက်တွေလည်းပါတယ် ။ စတီးခွက် ကြွေခွက် ပလတ်စ တစ်ခွက်စ သဖြင့်ပေါ့ ။ ပြီးတော့ကျောင်းသားတွေအလယ်မှာ ချပြီး ကိုယ့်ဘာသာ ယူသောက်ကြဖို့ညွှန်ကြားခဲ့တယ် ။ ကျောင်း သားတွေဟာ သူတို့နှစ်သက်ရာခွက်တွေယူပြီးကော်ဖီကို အသီးသီးယူသောက်ကြတယ် ။
အားလုံးကော်ဖီတွေထည့်ပြီးချိန်မှာ ပရော်ဖက်ဆာကပြောတယ် ။
“ အခု ကိုင်ထားတဲ့ခွက်တွေကို သတိထားမိကြလား .အားလုံးဟာ အဖိုးတန်ခွက်တွေအကောင်းစားခွက်တွေ ကိုပဲ ယူသောက်ကြတာတွေ့ တယ်
..တကယ်တော့ ကော်ဖီရဲ့ အ နှစ်သာရဟာ ဒီခွက်တွေပေါ်မှာ မူ တည်နေ တာမဟုတ်ပါဘူး
ဒီလိုပဲ ဘ၀မှာ ကိုယ်ဟာ အကောင်းစားတွေ ကိုလိုချင် တယ်
အောင်မြင်မှု ကိုတပ်မက်တယ်ဆို ရင်တော့
ခက်ခဲကြမ်းတမ်းမှုတွေကို မညည်းညူပါနဲ့ အဲဒါတွေက အပေါ်ယံအခွံတွေပါ
ဘယ်ခွက်နဲ့ပဲသောက်သောက် ကော်ဖီအရသာက ဒီအတိုင်းမပြောင်းလဲပါဘူး ”
========================== =========
ဘ၀ဟာ ကော်ဖီရည်ဆိုပါစို့ ..
အလုပ်အကိုင် ငွေးကြေးနဲ့ ရာထူးဂုဏ်တွေဟာ ကော်ဖီခွက်တွေပါ
အဲဒါတွေဟာ ဘ၀ကို ကိုင်ဆိုင်ဖို့အတွက် သင့်အတွက် အသုံးချခံအရာတွေပါ
“ ဘ၀ရဲ့ အရည်အသွေးကို အပေါ်ယံ ကော်ဖီခွက်တွေက မဆုံးဖြတ်ပေးနိုင်ဘူး အထဲက အနှစ်သာရရှိ တဲ့ ကော်ဖီရည်တွေက ကသာ ဆုံးဖြတ်ပေးနိုင်ပါတယ် ”
သင်ကရော ကော်ဖီရည်ကို တန်ဖိုးထားသူလား ..အပေါ်ယံ ခွက်ကို တန်ဖိုးထားသူလား ?
သက်တန့်ချို ဘာသာပြန်သည် ။
မူရင်း - A cup of tea
အဲဒီအိမ်ကလေးရှေ့က ခြံဝင်းထဲမှာ ကျောင်းသားတွေဟာ ရယ်ရယ်မောမောနဲ့ စကားစမြည်ပြော ဆိုကြ တယ် ။ ထုံးစံအတိုင်း သူတို့ဘ၀ ဟာ စိတ်ဖိစီးမှု ဘယ်လောက်များကြောင်း ပင်ပန်းဆင်းရဲကြောင်း ခက်ခဲကြမ်းတမ်းကြောင်းစသဖြင့်ေ
လင်ဗန်းပေါ်မှာ ကော်ဖီအိုးတစ်အိုးရယ် ခွက်ကလေးတွေရယ်ပါလာတယ် ။ ခွက်တွေကအစုံပါပဲ တန်ဖိုးကြီး တဲ့ ခွက်တွေပါသလို တန်ဖိုးနည်းတဲ့ခွက်တွေလည်းပ
အားလုံးကော်ဖီတွေထည့်ပြီးချ
“ အခု ကိုင်ထားတဲ့ခွက်တွေကို သတိထားမိကြလား .အားလုံးဟာ အဖိုးတန်ခွက်တွေအကောင်းစားခ
==========================
ဘ၀ဟာ ကော်ဖီရည်ဆိုပါစို့ ..
အလုပ်အကိုင် ငွေးကြေးနဲ့ ရာထူးဂုဏ်တွေဟာ ကော်ဖီခွက်တွေပါ
အဲဒါတွေဟာ ဘ၀ကို ကိုင်ဆိုင်ဖို့အတွက် သင့်အတွက် အသုံးချခံအရာတွေပါ
“ ဘ၀ရဲ့ အရည်အသွေးကို အပေါ်ယံ ကော်ဖီခွက်တွေက မဆုံးဖြတ်ပေးနိုင်ဘူး အထဲက အနှစ်သာရရှိ တဲ့ ကော်ဖီရည်တွေက ကသာ ဆုံးဖြတ်ပေးနိုင်ပါတယ် ”
သင်ကရော ကော်ဖီရည်ကို တန်ဖိုးထားသူလား ..အပေါ်ယံ ခွက်ကို တန်ဖိုးထားသူလား ?
သက်တန့်ချို ဘာသာပြန်သည် ။
မူရင်း - A cup of tea
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
Subscribe to:
Posts (Atom)



