Friday, February 26, 2021

သင်ရွေးတဲ့လမ်းဟာ... သင့်သမိုင်းပါပဲ


ယုတ်မာမှုကို ယုတ်မာမှုလို့ မမြင်တာဟာ
သင်ကိုယ်တိုင် လူယုတ်မာ ဖြစ်နေလို့ပါ ။

မတရားမှုကို တရားတယ်လို့မြင်နေတာ
သင်ကိုယ်တိုင် မတရားတဲ့သူဖြစ်နေလို့ပါ ။

ကောက်ကျစ်မှုကို ဖြောင့်မတ်မှုလို့မြင်နေတာ
သင်ကိုယ်တိုင် ကောက်ကျစ်သူဖြစ်နေလို့ပါ ။

သင်ရွေးတဲ့ လမ်းဟာ
နောင်တချိန်မှာ .. သင့်သမိုင်းဖြစ်လာမှာပဲ ။

သက်တန့်ချို
26 Feb 2021

Tuesday, February 23, 2021

မမေ့ကြေး


မမေ့ကြေး

(၁)
အာဏာမက်သူတို့ဟာ
သေနတ်မောင်းကိုဖြုတ်
ပြည်သူ့ဝိဉာဉ်တွေနှုတ်ခဲ့ကြပြီ ။

၂၀၂၁ ရဲ့ အမှောင်ခြမ်းမှာ
ရှင်သန်ခြင်းတွေပျောက်ဆုံး
မုန်းတီးစိတ်တွေသာ ရုန်းကန်ခဲ့ရ
ဘ၀တွေက အထပ်ထပ်အခါခါ .. သေတယ် ။

(၂)
ဘယ်သူကထင်ထားမှာလဲ
လူငယ်တစ်ယောက်ခေါင်းကို ချိန်ပစ်ရက်မယ်လို့
ဘယ်သူက တွေးထားမှာလဲ
လူတွေအသက်ကို နှုတ်ယူရက်မယ်လို့
ညီမလေးရေ .. ညီလေးရေ ..
နောင်တမလွန်မှာ
ချမ်းမြေ့ကြည်သာ အိပ်စက်ပါစေကွယ် ။

အာဏာရှင်ဆိုသူတွေဟာ
နတ်ဆိုးဘွဲ့ခံသူတွေသက်သက်
ဘာကြောင့် ..
ငါတို့ မျက်ရည်တွေ ကျနေမလဲ 


ရှင်သန်ခြင်းဟာ မျှတမှုအတွက်ဆိုရင်
ငါတို့သွေးတွေကို စတေး
ဒီတေးကို ပြိုင်တူဆိုကြမယ်
" ကမ္ဘာ ... မကြေ ... "

(၃)
မဝယ်နဲ့
အကြောက်တရားကိုထည့်ရောင်းနေတာ
မစားနဲ့
အကြောက်တရားကို အချိုထည့်ထားတာ
(သူတို့ဟာ)
ကမ္ဘာကြီးကို မျက်နှာပြောင်တိုက်
လူမိုက်လုပ်နေကြတာမဟုတ်လား

လမ်းဟောင်းတွေပေါ်
လူသစ်တွေမလျှောက်ကြဘူး
နွေဦးရာသီရဲ့
အမဲဖျက်ပွဲသက်သက်မှာ
Fair Play အော်သံတွေကိုစိတ်နာတယ်

(၄)
မိုးတွေကောင်းတုန်း
ရွာထားနှင့်ကြပါ
အကြင်နာတရားမရှိတဲ့ ကမ္ဘာမှာ
လူဖြစ်လာခဲ့ကြရ
လက်နက်ရှိသူက
လက်နက်မဲ့သူကို လှောင်ရယ်သတဲ့လား
မင်းတို့ .. တကယ်ပျော်ကြပါစေ ။

(၅)
ငါတို့ရင်ဘတ်ထဲမှာ
ကျည်ဆံရာတွေကိုယ်စီနဲ့
သွေးဝိဉာဉ်ကို တိုင်တည်ကြမယ်

မမေ့ကြေး
နောင်တစ်ချိန်မှာ
ပေါ့ပေါ့ပါးပါး ရယ်မောနေရသည့်တိုင်

မမေ့ကြေး
ဖေဖော်ဝါရီ ၁ ရက်နေ့ပြန်ရောက်သည့်တိုင်

မမေ့ကြေး
အသက်တွေကြီးလို့ မှတ်ဉာဏ်တွေပျောက်သည့်တိုင်
ငါတို့အားလုံး
ဘယ်တော့မှ မမေ့ကြေးကွယ် ။

သက်တန့်ချို
23-Feb 2021

Thursday, February 18, 2021

အမှားဖက်မှာမနေပါနဲ့

ဓမ္မနဲ့အဓမ္မကြားမှာ
ဘယ်တော့မှ ကြားမနေပါနဲ့ ။

တရားမှုနဲ့မတရားမှုမှာ
ဘယ်တော့မှ ကြားမနေပါနဲ့ ။

ရိုးသားသူနဲ့ယုတ်မာသူကြား
ဘယ်တော့မှကြားမနေပါနဲ့ ။   

အမှန်နဲ့အမှားကြားမှာ
အမှန်မပြောဝံ့သူဟာ
အမှားဖက်မှာ နေသူနဲ့အတူတူပါပဲ ။

#JustForMyanmar

Tuesday, February 16, 2021

We lost internet , We lost democracy



❌Internet Data နဲ့ Wifi တွေကို
မနက် ၁ နာရီကနေ နောက်နေ့ ၉ နာရီထိ
နေ့တိုင်းဖြတ်တောက်နေတာကို ရှံ့ချပါတယ် ။
ညပိုင်းအင်တာနက် connection နှင့်လုပ်ရသော လုပ်ငန်းပေါင်းများစွာကို
ဆိုးရွားစွာ ထိခိုက်နစ်နာမှုဖြစ်စေပါတယ် ။

❌ထောင်သားတွေသာမလွှတ်ပေးခဲ့လျှင်
ရပ်ကွက် မြို့နယ်တိုင်း လုံခြုံရေး စိုးရိမ်စရာမရှိသလို
လူထုကင်းလည်းစောင့်နေရစရာအကြောင်းမရှိပါ ။

❌Internet Data သည် မိမိပိုက်ဆံနဲ့မိမိဝယ်သုံးတာဖြစ်သလို
ဘယ်သူကမှ အလှူ လာလုပ်ထားတာလည်းမဟုတ်ပါ

❌Wifi Connection များသည်လည်း
လစဉ် ငွေပေးပြီး ၂၄ နာရီစာ ဝယ်သုံးတာဖြစ်တဲ့အတွက်
ဒီလို သတင်းအမှောင်ချဖို့ရည်ရွယ်ချက်နဲ့
အင်တာနက်များဖြတ်တောက်ခြင်းကို ပြင်းထန်စွာ ဆန့်ကျင်ပါတယ် ။

#SaveMyanmar
#WhatsHappeningInMyanmar
Photo Credit:

အာဏာရှင်

✍️မတရားမှုကိုနှစ်သက်ပြီး
အနိုင်ကျင့်တတ်သူက
လူဆိုးလုပ်တယ် ။

✍️ကောက်ကျစ်စဉ်းလဲသူပြီး
ကတိမတည်တတ်သူက
လူယုတ်မာလုပ်တယ် ။

✍️လိမ်ညာယုတ်မာတတ်ပြီး
ငရဲသွားမယ့်သူက
အာဏာရှင်လုပ်တယ် ။

#သက်တန့်ချို
16 Feb-2021