Thursday, April 5, 2012

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ခြင်း အရိပ်အယောင်များနှင့်ပတ်သတ်၍ သမ္မတကြီးသို့ ရေးသောစာ

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ခြင်း အရိပ်အယောင်များနှင့်ပတ်သတ်၍ သမ္မတကြီးသို့ ရေးသောစာ



သို့



သမ္မတကြီးခင်ဗျား



၂၀၁၂ ခုနှစ်ရဲ့ နှစ်သစ်မင်္ဂလာအချိန်သမယမှာ သမ္မကြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်း မာခြင်း နဲ့ပြည့်စုံ ပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ် ။ ဒီစာလေးတစ်စောင်ဟာ သမ္မတကြီးကို တိုင်းပြည်အတွင်းမှာနေထိုင်တဲ့ သာမန် ပြည်သူတစ်ယောက်က ရေးတဲ့စာလေးတစ်စောင်ဖြစ်ပါတယ် ။ ပထမဦးဆုံးအနေနဲ့ သမ္မတကြီးကို ရင်းနှီး စွာနဲ့ ဦးလေးစိန်လို့ ခေါ်ခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ ။



ဦးလေးစိန်ရေ



မနေ့တုန်းကပေါ့ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူ ပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်းဆိုတဲ့စာလေးဖတ်လိုက်ရတယ် ဦးလေးစိန် ။



ဦးလေးစိန် နိုင်ငံကို ဦးဆောင်ပြီးတဲ့နောက်မှာ နိုင်ငံဟာ တဖြည်းဖြည်း အလင်းရောင်ရခဲ့တယ် တဖြည်းဖြည်း တိုးတက် လာခဲ့တယ် “၀ုန်း” ကနဲဆို ရွှေနိုင်ငံကြီးတစ်ခုမဖြစ်နိုင်သေးဘူးဆိုတာ ကျွန်တော်နားလည်ပါတယ် ဦးလေးစိန် ။ ဦးလေးစိန်ရဲ့ အစိုးရသက်တမ်းတလျှောက်မှာ အထင်ကရ ပြောင်းလဲမှုတွေများစွာရှိခဲ့တယ် ။

၁ ။ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တယ် ။

၂ ။ တိုင်းရင်းသားတွေနဲ့အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့တယ် ။

၃ ။ တိုင်းပြည်ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ပြည်သူပြည်သားအားလုံးချစ်မြတ်နိုးတဲ့ အမေစုနဲ့ NLD ကို လက်တွဲခေါ်ခဲ့တယ် ။

၎ ။ မီဒီယာလွတ်လပ်ခွင့်တွေအတော်အသင့်ရခဲ့တယ် ။ “ ဒီအခန်းဖြတ် ” ဆိုတဲ့ဇတ်ကားလို မျိုး တောင် ရိုက်ခွင့်ရခဲ့ကြည့်ခွင့်ရခဲ့တယ် ။



နောက်ဆုံး

ပြည်သူပြည်သားတွေအလွန်ချစ်မြတ်နိုးတဲ့ ဧရာဝတီမြစ်ကြီးကို ထိခိုက်စေမယ့် “မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ” ကို မိမိတို့အစိုးရသက်တမ်း ငါးနှစ်အတွင်းဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ပါဘူး လို့ ဦးလေး စိန်ကိုယ်တိုင် ပြည်သူတွေ မီဒီယာတွေရှေ့မှာ ကတိပေးခဲ့တယ် ။



“ ကတိသစ္စာ တည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ ” ဆိုတဲ့စကားလည်း ဦးလေးစိန်ကြား ဖူးမှာ ပါ ။ အဲဒီကတိ ကို ကျွန်တော်အပါအ၀င်ပြည်သူပြည်သားအားလုံးက ယုံကြည် ခဲ့ကြ ပျော်ရွှင် ခဲ့ကြတယ် ။ ဒါပေမယ့် ဦးလေးစိန် မြန်မာပြည်ရဲ့ အကြီးဆုံး မီဒီယာကြီးတစ်ခုဖြစ်တဲ့ Eleven Media Group ကနေပြီး မြစ်ဆုံစီမံကိန်းဆက်လုပ်နေတဲ့အရိပ်အရောင်တွေတွေ့နေရကြောင်း ထောက်ပြခဲ့ကြတယ် ။





http://www.news-eleven.com/index.php?option=com_content&view=article&id=13058%3A-cpi-&catid=42%3A2009-11-10-07-36-59&Itemid=112 မှာဖတ်နိုင်ပါတယ် ။Link

ဦးလေးစိန်ခွင့်ပြုချက်မရပဲ သူတို့ ခိုးပြီးလုပ်ကြတာလားလို့ ပြည်သူတစ်ယောက်အနေနဲ့ကျွန်တော်တွေးမိတယ်


ဦးလေးစိန်ရေ

မင်းကောင်းမင်းမြတ်တို့မည်သည် ပေးပြီးသားကတိကို အသက်ထက်ဆုံး တည်အောင်စောင့် ထိမ်းလေ့ ရှိကြပါတယ် ။ ဦးလေးစိန်ဟာ ကျွန်တော်တို့ ရင်ထဲက ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ပထမဦးဆုံးသမ္မတကြီးပါ ။ ကျွန်တော်တို့အားလုံးကြည်ညိုကြပါတယ် လေးစားကြပါတယ် ။ ဒီတော့ EMG ကထွက်ပေါ်လာတဲ့ဓါတ်ပုံတွေကို ဦးလေးစိန်အနေနဲ့ တရားဝင်မီဒီယာတွေခေါ်ဆိုပြီး ဘာကြောင့်ဖြစ်တာလည်းဆိုတာ ရှင်းပြရလိမ့် မယ်လို့မြင် မိပါတယ် ။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့အသက်ပါ ဦးလေးစိန်ရယ် ။ အဲဒီလိုပဲ အထက် မှာပြောခဲ့တဲ့“ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများ ကို သယ် ယူပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်း ” ဆိုတဲ့စာလေးဟာလည်း တကယ်အစစ်လား အတုလား ဆိုတာ ရှင်းပြပေးဖို့ EMG ကနေ ဦးလေးစိန်တို့အစိုးရအဖွဲ့ဝင်တွေဆီ တောင်းဆိုထားတယ်လို့သိရပါတယ် ။

မြန်မာနဲ့ ဧရာဝတီဆိုတာ ခွဲခြားလို့မရတဲ့အရာတွေပါ ဦးလေးစိန် ရယ် ။ ဦးလေးစိန်ရပ်တန့်ထားတဲ့အရာကို CPI ကနေ ဆက်လုပ်တယ်ဆိုတာ သေချာရင်တော့ ဒါဟာ ဦးလေးစိန်ကို တိုက်ရိုက်စော်ကားတာ မြန်မာပြည်ကို တိုက်ရိုက်စော်ကားတာ ကျွန်တော်တို့ပြည်သူပြည်သားအားလုံးကို တိုက်ရိုက်စော်ကားတာနဲ့အတူတူပါပဲ ။ ကျွန်တော်တို့အားလုံး ဟာ မျက်မှောက် ၂၀၁၂ ခုနှစ်မှာအားလုံး သတင်းအ ချက်အ လက်တွေဖွံ့ဖြိုးတိုးတက်လာတဲ့အညီ အကုန်လုံးမျက်စိပွင့်နားပွင့်ဖြစ်လာကြပါပြီ ။ ဒါဟာလည်း ဦးလေးစိန် ရဲ့ ကျေးဇူးကြောင့်ဆိုတာ ကျွန်တော် ယုံကြည်လက်ခံပါတယ် ။ ဒါကြောင့် EMG က ဒေါက်တာ သန်းထွဋ်အောင်ပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်လည်းအကြွင်းမဲ့သဘောတူပါတယ် ။“ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားမယ်ဆိုတာကို သမ္မတက လွှတ်တော်ကတစ်ဆင့် ထုတ်ပြန်ထားတာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အာဏာအရှိဆုံး သမ္မတရဲ့ ဆုံးဖြတ်ချက်ကို မည်သည့် အဖွဲ့အစည်းကဖြစ်စေ၊ မည်သည့် ဒေသဆိုင်ရာ အာဏာပိုင်တွေကဖြစ်စေ၊ CPI ကဖြစ်စေ၊ Asia World က ဖြစ်စေ ဒီအမိန့်ကို ကျော်လွန်လုပ်ဆောင်တာဟာ လုံးဝမဖြစ်သင့်ပါဘူး။ မြစ်ဆုံ စီမံကိန်းနဲ့ဆိုင်တဲ့ CPI က တရုတ်နိုင်ငံသားတွေနဲ့ အေးရှားဝေါလ် ကုမ္ပဏီအနေနဲ့ ဒီဒေသ ဒီဧရိယာကနေ အမြန်ဆုံးထွက်သွားပါ ” ဆိုတဲ့စကားလေးပါပဲ ။

ဦးလေးစိန်ရေ


လျှပ်စစ်ပိုင်းနဲ့ပတ်သတ်လို့ပြောရပါဦးမယ် ။ လျှပ်စစ်တွေ ဘယ်လို ထုတ်တယ် ဘယ်လိုနည်း ပညာတွေသုံး တယ်ဆိုတာ ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်မို့ တိတိကျကျနားမလည်ပါဘူးဦးလေးစိန် ။ ဒါပေမယ့် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောခဲ့တဲ့စကားလေးတော့ ပြန်ကြားယောင်နေမိသေးတယ် ။ “ မြန်မာနိုင်ငံ ရဲ့အတိုင်း အတာနဲ့ဆိုရင် မီဂါဝပ် ၁၅၀၀ ဆိုရင်လုံလောက်ပါတယ်ပိုတောင်ပိုလျှံနေပါပြီ ပိုနေရင်ဘာ လုပ်မလဲ ရောင်းစားရမှာပေါ့ ” ဆိုတဲ့စကားလေးပါပဲ ။ မနှစ်ကတော့ မီးတွေအမြဲ ပုံမှန်လာတော့ မယ်ဆိုပြီး ပျော်လိုက်ရတာဦးလေးစိန်ရယ် ။ အခု ကျွန်တော်တို့ အပျော်လေးတွေ မှ မပြီးဆုံးသေးခင် လျှပ်စစ်မီး ကို အလှည့်ကျပေးတော့မယ်တဲ့ ။ အကြောင်းပြချက်ကတော့ထုံးစံအတိုင်း ရေအားလျှပ်စစ်နည်းလို့ ၊ သုံးစွဲသူများလို့ အစရှိသဖြင့် ပြောကြဦးမလားပဲ ဦးလေးစိန်ရယ် ။ သံလွင်မြစ်ကြီးပေါ်မှာ ဆည်ဆောက် လျှပ်စစ်ထုတ်ပြီး ရလာတဲ့ လျှပ်စစ်ရဲ့ ၉၀% ကို ထိုင်းနိုင်ငံရောင်း ဦးမယ်ဆိုတဲ့သတင်းလေး လည်းဖတ်လိုက် ရသေးတယ် ။ အခြေအနေတွေက ဘယ်လိုဖြစ်ကုန်တာလည်းဆိုတာ ကျွန်တော်နားမလည်တော့ပါဘူး ။ လျှပ်စစ်ဟာ တကယ်ပဲ မလုံလောက်တာလား ဒါမှမဟုတ် ပိုနေလို့ရောင်းနေရတယ်ဆိုတဲ့လျှပ်စစ်ဟာ ကြားမှာ ဘယ်တွေပျောက် ကုန်တာလဲဆိုတာကိုတော့ ပြည်သူပြည်သားတွေကို ဖြေရှင်းပေးဖို့ ဦးလေးစိန်တို့ မှာတာ ၀န်ရှိတယ်လို့ ကျွန်တော်ကတော့မြင်မိပါတယ် ။



အဆုံးသတ်အနေနဲ့ပြောရရင်တော့ ဦးလေးစိန်ကို ပြည်သူပြည်သားတစ်ယောက်အနေနဲ့တောင်းဆိုချင်တဲ့အချက်တွေကတော့



၁ ။ EMG ကတောင်းဆိုထားတဲ့အတိုင်း “ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်း”တကယ်ရှိမရှိ တရားဝင်မီ ဒီယာများသို့ အသိပေးပြန်ကြားခြင်း

၂ ။ လျှပ်စစ်မီးများဖြတ်တောက်ခြင်းအား မည်သည့်အကြောင်းကြောင့် ( ဥပမာ လျှပ်စစ် မီဂါဝပ်မ လုံလောက်ခြင်း ရေအားလျှပ်စစ်နည်းခြင်း ) ဖြစ်သည်ကို ရှင်းလင်းပေးစေလိုခြင်း ။

၃ ။ သံလွင်မြစ်ကို ဆောက်မည့်ရေအားလျှပ်စစ်စီမံကိန်းက စတော့မစရသေးဘူးလို့သိရပါတယ် ။ အဲဒါ ကိုလည်း မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးက သံလွင်မြစ်အတွက် သဘောတူကြမယ်မထင်ပါဘူး ။ စာ ချုပ်တွေ ဘာတွေချုပ်ထားခြင်း လက်မှတ်ထိုးထားခြင်းရှိမရှိနဲ့ တကယ်ဟုတ်မဟုတ်ပြန်ကြားပေးစေလိုပါတယ် ခင်ဗျာ ။

ဦးလေးစိန် မှာ အဖက်ဖက် က ဖိအားတွေ တွန်းအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် ။ နိုင်ငံ ကို ဦးဆောင်တဲ့ သူတစ်ယောက်အနေနဲ့တော့ ဒီဖိအားတွေကို ခံနိုင်အား ကျော်လွန်နိုင်စွမ်းရှိရပါမယ် ။ ဒါကြောင့် အမှားတွေကို ဖယ်ပြီးအမှန်တွေကို လုပ်ဆောင်ရပါမယ် ။ ပြည်သူနဲ့တစ်သားတည်းရှိရပါမယ် ။ ပြည်သူ ကို လျှို့ဝှက်ထားရမယ့်ကိစ္စဆိုတာ မရှိရပါဘူး ။ မြစ်ဆုံ နဲ့ CPI အရေးကိုလည်း ရှင်းရှင်းလင်း လင်းမြန်မြန်ဆန်ဆန်သိချင်နေပါပြီ ။


ဦးလေးစိန်တစ်ယောက် ၂၀၁၂ ခုနှစ်မဟာသင်္ကြန်မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ ။ နှစ်သစ်အခါသမယမှာ တိုင်းပြည်အကျိုး ၊ ဘာသာအကျိုး ၊ သာသနာအကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်နိုင် တဲ့ ပြည်သူတွေ ရင်ထဲက ပြည်သူတွေချစ်တဲ့ ပထမဦးဆုံး သမ္မတကြီးဖြစ်နိုင်ပါစေလို့ ဆုတောင်းရင်း အဆုံးသတ် လိုက်ပါတယ် ။

မြန်မာပြည်သားတစ်ဦး

သက်တန့်ချို (Blogger)

5 April 2012



Photo : EMG , Demo Waiyan



ဒီစာလေးဟာ သမ္မတကြီး ဖတ်ဖြစ်မဖြစ် အစိုးရ တာဝန်ရှိသူတွေဖတ်ဖြစ်မဖြစ်ဆိုတာကတော့ ဒီစာလေးကို လာဖတ်ကြတဲ့ အင်တာနက်သုံးစွဲကြသူတွေရဲ့ Share လုပ်ခြင်းနဲ့အများကြီးသက်ဆိုင်ပါတယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment