Tuesday, August 26, 2014

အရာရာကို ကျေးဇူးတင်လိုက်စမ်းပါ



ပင်ပန်းမှုတွေကြုံရမှ အဆင်ပြေချောမွေ့ခြင်းတန်ဖိုးကိုသိလိမ့်မယ်
စွန့်ပစ်ခြင်းကို ကြုံတွေ့ဖူးမှ ကယ်ဆယ်ခြင်းရဲ့တန်ဖိုးကိုသိလိမ့်မယ်

အထီးကျန်ခြင်းကို ကြုံတွေ့ဖူးမှ အသိုင်းအ၀ိုင်းဆိုတာကို နားလည်လိမ့်မယ်
အခက်အခဲဆိုတာ ကြုံတွေ့ဖူးမှ လူ့တန်ဖိုးဆိုတာကို နားလည်လိမ့်မယ်

နာကျင်ခြင်းကို ခံစားဖူးမှ အရာရာကို နေသားကျလာလိမ့်မယ်
မုန်းတီးခြင်းကို ခံစားဖူးမှ ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကိုသိလာလိမ့်မယ်

ပင်ပန်းမှာကို မကြောက်ပါနဲ့
အထီးကျန်မှာကို မကြောက်ပါနဲ့
နာကျင်ရမှာကို မကြောက်ပါနဲ့
နွံတောထဲမှာပတ္တမြားအရောင်က ပိုပေါ်လွင်သလို
တန်ဖိုးမဲ့ခြင်းတွေထဲမှာ ဘယ်အရာက ပိုတန်ဖိုးရှိတယ်ဆိုတာ ပေါ်လွင်ပါတယ်

အရာရာကို ကျေးဇူးတင်လိုက်စမ်းပါ
ရုန်းကန်ထိုးဖောက် မာကြောတဲ့ စိတ်ဓါတ်ကို
ပင်ပန်းနာကျင်ဆင်းရဲခြင်းတွေကပဲ သင်ပေးနိုင်တာမို့ပါ ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 22, 2014

အမြီးပေါက်သော လူများ


အမြီးပေါက်သော လူများ




ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မယ် ဒါပေမယ့် တကယ်ရှိပါတယ် ဆေးပညာအရ ဆိုရင်တော့ မွေးရာပါ မျိုးရိုးဗီဇ စနစ်မှာ Genetic ချို့ယွင်းချက်ကြောင့်ဖြစ်စေ Embryo ဘ၀မှာကတည်းက fuse လုပ်ရမယ့်အပိုင်းတွေမလုပ်ပဲ မှားယွင်းတွဲဆက်မိတာတွေ ဒါမှမဟုတ်ဟော်မုန်းတစ်ခုခုကြောင့် ဖြစ်စေ ပရိုတိန်း ဓါတ်တွေ အဆမတန် ကြီးထွားလာမှုကြောင့် ဖြစ်စေ ဒီလို Syndrome ဖြစ်လာရတယ်လို့ ယူဆလို့ရနိုင်ပါတယ် ။ ဒီပုံတွေကြည့်ပြီး လူတွေဟာ မျောက်ကနေ ဖြစ်လာတယ်ဆိုတာ သေချာသလောက်ဖြစ်နေမလားပဲ ။











သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 8, 2014

လူတွေကြောက်နေကြတဲ့ အီဘိုလာ ဗိုင်းရပ် ဆိုတာ ဘာလဲ


 လူတွေကြောက်နေကြတဲ့ အီဘိုလာ ဗိုင်းရပ် ဆိုတာ ဘာလဲ

အခုတလော လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အီဘိုလာ ဗိုင်းရပ်အကြောင်းရေမယ်စိတ်ကူးပြီးအလုပ်ပိနေတာနဲ့ တော်တော်နဲ့မရေးဖြစ်ဘူး ။ လေဆိပ်တွေမှာလည်း ၀င်လာတဲ့ နိုင်ငံခြားသားတွေမှာ အဖျားရှိမရှိစစ်ဆေးပြီး အဖျားရှိနေတဲ့ လူနာတွေကို ကုသစောင့်ရှောက်ထားတယ် နိုင်ငံအတွင်းပေးမ၀င်ဘူးလို့လည်းသိရပါတယ် ။ တလောက facebook လူမှုကွန်ယက်စာမျက်နှာမှာလည်း အီဘိုလာဗိုင်းရပ်ကြောင့် အနာတွေပေါက်ပြီး ဖျားနာတဲ့ပုံတစ်ပုံဆိုပြီးတက်လာပါတယ် ။ ဒီတော့ အများစုကြောက်လန့်နေကြတဲ့ အီဘိုလာ ဗိုင်းရပ်ဆိုတာ ဘာကောင်ကြီးလဲ ဆိုတာ ကျွန်တော်တို့သိဖို့လိုအပ်လာပါပြီ ။ မြန်မာနိုင်ငံမှာတော့ လတ်တလော Outbreak ဖြစ်နိုင်တဲ့အနေအထားမရှိသေးပါဘူး ။ ဒါပေမယ့် သို့လောသို့လော ကြောက်လန့်နေကြတာထက်စာရင် ဒီကောင်ကြီးအကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းသိအောင်လေ့လာကြရအောင် ။

ပထမဆုံး အီဘိုလာဆိုတာ ဘာလဲမပြောခင် ဘယ်ကနေ စတင်ပေါ်ပေါက်လာတာလဲဆိုတာ အနည်းငယ်ရှင်းပြပါရစေ ။ ၁၉၇၂ ခုနှစ်မှာ အီဘိုလာဟာ ဆက်တိုက်ဆိုသလို ပြန့်ပွားမှု ၂ ခုဖြစ်ခဲ့တယ် ။ Nzara , Sudan နဲ့ Yambuku , Democratic Republic of Congo စတဲ့နေရာတွေမှာပါ ။ အီဘိုလာဆိုတဲ့မြစ်အနားမှာရှိတဲ့ရွာလေးတစ်ရွာကနေ စတင်ပြန့်ပွားတာမို့ အီဗိုလာ ဗိုင်းရပ်လို့ မှည့်တွင်ခဲ့တယ်လို့ဆိုတယ် ။ တကယ်တော့ Ebolavirus ဟာ အုပ်စု သုံးခုဝင် Filoviridae family ( Filovirus ) ထဲက တစ်ခု အပါအ၀င်ဖြစ်ပြီး သူ့ မျိုးဗီဇတွေကတော့ Marburgvirus နဲ့ Cuevavirus တို့ဖြစ်တယ် ။ အီဘိုလာလို့ခေါ်ကြတဲ့ နာမည်မှာ မျိုးစိတ် ငါးခုရှိပါတယ် အဲဒါတွေကတော့ Bundibugyo ebolavirus (BDBV) ,  Zaire ebolavirus (EBOV) , Reston ebolavirus (RESTV) , Sudan ebolavirus (SUDV) , Taï Forest ebolavirus (TAFV) စတာတွေဖြစ်ပါတယ် ။ အီဘိုလာ ဗိုင်းရပ်ကို သိဖို့ဆိုရင်အဓိက၆ ချက် သိရပါမယ်။

၁ ။ အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဆိုတဲ့ EVD ကို အီဘိုလာ အဖျားငန်းတက်ရောဂါ Ebola Haemorrhagic fever လို့ခေါ်ကြပြီး လူတွေမှာဖြစ်ရင်ပြင်းထန်တယ်သေစေတဲ့အထိဖြစ်နိုင်တယ် ။

၂ ။ တစ်ခါပြန့်နှံ့ဖြစ်ပွားမှု Outbreak ဖြစ်ပြီဆိုရင် သေစေနိုင်တဲ့ နှုန်း Fatality rate ဟာ ကိုးဆယ်ရာခိုင်နှုန်းထိရှိတယ် ။

၃ ။ အထူးသဖြင့် ဖြစ်ပွားလေ့ရှိတာက အာဖရိကအလယ်ပိုင်းအနောက်ပိုင်းနဲ့ မိုးသစ်တော အပူပိုင်းဒေသတွေမှာ ကနဦးစဖြစ်ခဲ့တယ် ။

၎ ။ တောရိုင်းတိရစ္ဆာန်တွေကနေ လူတွေကို ကူးစက်ပြီး လူတွေမှာတော့ လူသားအချင်းချင်း human to human transimission ကူးစက်လေ့ရှိတယ် ။



၅ ။ Fruit bats လို့ခေါ်တဲ့ လင်းနို့တွေ ( Pteropodidae family ) ဟာအီဘိုလာ ဗိုင်းရပ်တွေအတွက် သဘာဝလက်ခံကောင် Natural host ဖြစ်မယ်လို့ ယူဆပါတယ် ။

၆ ။ အရမ်းဖျားနေတဲ့လူနာတွေဟာ အရေးပေါ်ကုသမှု စောင့်ရှောက်မှုလိုအပ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့လူမှာဖြစ်စေ တိရိစ္ဆာန်မှာဖြစ်စေ လိုင်စင်ရထားတဲ့ ကုသမှု ဆေး ( vaccine - ဗက်ဆင်း) မရှိသေးပါဘူး ။

ဘယ်လိုပြန့်ပွားကူးစက်တတ်သလဲ ?

အီဘိုလာဟာ လူတွေကို ရောဂါဖြစ်နေတဲ့ တိရစ္ဆာန်တွေကထွက်တဲ့အရည်တွေ ကိုယ်တွင်းကလီစာတွေ သွေးတွေ ကနေတဆင့်ကူးစက်တတ်ပါတယ် ။ အာဖရိကမှာဆိုရင်တော့ ဒီရောဂါဟာ ရောဂါဖြစ်နေတဲ့ချင်ပန်ဇီမျောက်တွေ လူဝံတွေ လင်းနို့တွေ မျောက်တွေ ကို ကိုင်တွယ်ရတဲ့လူတွေကို မိုးသစ်တောတွေထဲမှာ ဖျားနာ ခြင်းသို့မဟုတ် သေဆုံးခြင်းတွေတွေ့ရတယ်လို့ဆိုပါတယ် ။ အဲ့ဒီနောက်မှာ အီဘိုလာဟာ လူထုထဲကို လူလူခြင်းကူးစက်တဲ့နည်းနဲ့ရောက်လာတယ် တိုက်ရိုက်ကူးစက်တဲ့နည်းတွေဖြစ်တဲ့ အရေပြားမှတဆင့်ကူးစက်ခြင်း mucous membranes ချွဲသလိပ်တွေကနေတဆင့်ကူးစက်ခြင်းဖြစ်ပါတယ် ။ သွေးတွေ ကလီစာတွေ နဲ့ အရည်တွေ ရောဂါဖြစ်တဲ့လူ body ကနေထွက်တဲ့ အရည်တွေကနေတဆင့် သွယ်ဝှိုက်သောနည်းအနေဖြင့်လည်း အဲဒီအရည်တွေ ထိတဲ့ ပတ်ဝန်းကျင်ကနေဆင့်လည်းရောဂါကူးစက်နိုင်ပါတယ် ။ ဥပမာ ဖျားနာခြင်းကနေပြန်ကောင်းလာတဲ့အမျိုးသားယောက်ျားတွေမှာ သူတို့ရဲ့ သုတ်ရည်ကနေဆင့် နေကောင်းပြီး ၇ ပတ်အတွင်းမှာတောင် တခြားလူကို ရောဂါကူးစက်စေနိုင်တယ်လို့ဆိုပါတယ် ။ EVD ကို သံသယဖြစ်သည်ဖြစ်စေ confirm ဖြစ်ပြီးလူနာကိုဖြစ်စေ ကုသတဲ့ ဆရာဝန်တွေသူနာပြုတွေမှာ ဒီရောဂါကူးစက်ခံရလေ့ရှိပါတယ် ။ အထူးသဖြင့် Infection control precaution လို့ခေါ်တဲ့ ကူးစက်ရောဂါ ထိမ်းချုပ်မှု သတိပေးချက်တွေကို လိုက်နာမှု နည်းတဲ့ ကျန်းမာရေးစောင့်ရှောက်သူတွေမှာ ကူးစက်ခံရမှုများပါတယ် ။

မျောက်တွေ ၀က်တွေကို ကိုင်တွယ်နေရတဲလူတွေဟာ Reston ebolavirus ကူးစက်ခံရလေ့ရှိပြီး အရမ်းပြင်းထန်တဲ့ကူးစက်ခံရလေ့ရှိသူတွေမှာတောင်မှ ဘာရောဂါ လက္ခဏာတွေမှမပြသတာတွေလည်းရှိတယ်လို့ မှတ်တမ်းတွေအရသိရပါတယ် ။ ဒါကြောင့် တစ်ခုတည်းသော ရရှိနိုင်တဲ့သက်သေကတော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေမှာဖြစ်ပြီး သူတို့ကနေဆင့် လူထုထဲကို ကိုယ်ခံအားကျနေတဲ့လူတွေ ဆေးကုသမှုခံယူနေရတဲ့လူတွေ ကိုယ်ဝန်ဆောင်သည်တွေနဲ့ကလေးတွေကိုကူးစက်ကြပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တိရိစ္ဆာန်တွေနဲ့အထိတွေ့အကိုင်အတွယ်များတာ မွေးမြူရေးလုပ်တာ တွေကလည်း အမျိုးသားယောက်ျားတွေများလို့ဖြစ်ပါတယ် ။

ရောဂါ လက္ခဏာတွေကဘာတွေလဲ ?






အီဘိုလာအဖျားရောဂါဟာ ပြင်းထန်တဲ့acute viral illness ဖြစ်ပြီး ရုတ်တရက်အဖျားတက်လာတယ် နုံးခွေသွားတယ် ကြွက်သားတွေနာလာတယ် ခေါင်းကိုက်ခြင်း လည်ပင်းနာခြင်းတွေဖြစ်စေပါတယ် ။ အဲ့ဒီနောက်မှာတော့ အန်လာမယ် ၀မ်းသွားတယ် အနီကွက်တွေပေါ်လာမယ် ကျောက်ကပ်နဲ့အသည်းလုပ်ဆောင်ချက်တွေချို့ယွင်းလာမယ် အချို့လူနာတွေမှာဆိုရင် အပြင်ပိုင်းရောအတွင်းပိုင်းရော သွေးယိုခြင်းတွေဖြစ်စေနိုင်ပါတယ် ။ ဓါတ်ခွဲခန်းစမ်းသပ်မှုတွေမှာဆိုရင်လည်း သွေးဖြူဥကျတာ သွေးခဲစေတဲ့ platelet အရေအတွက်လျော့နည်းလာတာ အသည်း အင်ဇိုင်းတွေမြင့်တက်လာတာတွေဖြစ်လာနိုင်ပါတယ် ။ လူတွေမှာ ဆိုရင် သူတို့သွေးနဲ့ အရည်တွေထဲမှာ ဗိုင်းရပ်ရှိနေသရွေ့ ရောဂါကူးစက်နိုင်ပါတယ် ။ ဓါတ်ခွဲခန်းထဲမှာ ရောဂါရှိသူတစ်ယောက်ရဲ့ စဖျားတဲ့အချိန်ကစပြီး ထုတ်ယူတဲ့ သုတ်ရည်ဟာ ၆၁ ရက်ကြာပြီးမှသာ Ebola virus က ခွဲ ထွက်ပါတယ် ။ ပိုးမွေးကာလလို့ခေါ်တဲ့ incubation ကာလဟာ ဗိုင်းရပ်စ၀င်ပြီးကာလကနေ ရောဂါလက္ခဏာတွေပေါ်လာတဲ့အထိ ၂ ရက်နေ ၂၁ ရက်အထိကြာနိုင်ပါတယ် ။

ရောဂါ ရှိမှန်း ဘယ်လို Diagnosis လုပ်မလဲ ?

တခြားရောဂါတွေဖြစ်တဲ့ ငှက်ဖျား တိုက်ဖွိုက် ၊ ၀မ်းရောဂါ ပလိပ် နဲ့တကွ ဦးနှောက်အမြှေးယောင် အသည်းယောင်အသားဝါ နဲ့ viral haemorrhagic fevers တွေဟုတ်မဟုတ်ကို အရင်အတည်ပြုရမှာဖြစ်ပါတယ် ။ အောက်မှာဖော်ပြထားတဲ့ ဓါတ်ခွဲစမ်းသပ်ခြင်းတွေကနေတဆင့် အီဘိုလာ ဟုတ်မဟုတ် ကို diagnosed လုပ်နိုင်ပါတယ် ။
    antibody-capture enzyme-linked immunosorbent assay (ELISA)
    antigen detection tests
    serum neutralization test
    reverse transcriptase polymerase chain reaction (RT-PCR) assay
    electron microscopy
    virus isolation by cell culture.
လူနာတွေကနေထုတ်ယူတဲ့ သွေးရည်ကြည် သလိပ်တွေနဲ့ ဓါတ်ခွဲခန်းသုံး အရာတွေဟာ အလွန်ပဲ ရောဂါကူးစက်စေနိုင်တာကြောင့် တိကျသေချာစွာ စမ်းသပ် လုပ်ဆောင်ဖို့တော့လိုပါတယ် ။

ဘယ်လိုကုသကြမလဲ ?

ကုသရမဲ့ လိုင်စင်ရ vaccine မရှိသေးပါဘူး ။ တခြား ဗက်ဆင်းတွေကို စမ်းသပ်ကြည့်ပေမယ့် ဒီရောဂါအတွက်အသုံးပြုလို့ရတာမရှိသေးပါဘူး ။ လူနာတစ်ယောက် အရမ်းဖျားနာလာပြီဆိုရင် သေချာ အထူးကြပ်မတ်ဂရုစိုက်ဖို့လိုပါတယ် ။ လူနာတွေဟာ ရေဓါတ်ဆုံးရှုံးတာ ခဏခဏဖြစ်မယ် ဒါကြောင့် ဓါတ်ဆားရည်ပြန်ဖြည့်သွင်းရသလို သွေးကြောတွေထဲကနေဆင့်လည်း electrolytes တွေသွင်းပေးဖို့လိုပါတယ် ။ သီးခြားကုသမှုမရှိပါ ဆေးအသစ်တွေကလည်း စမ်းသပ်ဆဲဖြစ်ပါတယ် ။

ဘယ်လိုကာကွယ်ထိမ်းချုပ်ကြမလဲ ?



တိရိစ္ဆာန်တွေအတွက် ဗက်ဆင်းလည်းမရှိပါဘူး ။ ၀က်တွေ မျောက်တွေနေတဲ့နေရာတွေကို ပိုးသတ်ထားခြင်းသန့်ရှင်းအောင်ထားခြင်း ( sodium hypochlorite or other detergents ) စတာတွေက ဗိုင်းရပ်ကို Activate မဖြစ်အောင် တားဆီးတဲ့နေရာမှာ အသုံးဝင်ပါတယ် ။ အကယ်၍ ရောဂါပြန့်ပြီ Outbreak ဖြစ်ပြီလို့ယူဆပါက ပထမဆုံးရောဂါဖြစ်တဲ့ လူဖြစ်စေ တိရိစ္ဆာန်ဖြစ်စေ သီးခြားထားရပါမယ် ။ ရောဂါကူးစက်ခံရတဲ့ သတ္တ၀ါတွေကို သုတ်သင်ပြီး သေချာ မြှုပ်နှံခြင်းမီးရှို့ခြင်းပြုလုပ်ရပါမယ် ။ အထူးသဖြင့် တိရိစ္ဆာန်နဲ့လူ ကူးးစက်မှု နှုန်းကိုလည်း လျော့နည်းစေဖို့ လိုအပ်ပါတယ် ။ အဲဒီရောဂါဖြစ်တဲ့ ဧရိယာတ၀ိုက်ကို အ၀င်အထွက်မပြုလုပ်ရ ဧရိယာအဖြစ်သတ်မှတ်ရပါမယ် ။ ဒါမှသာ တခြားနေရာတွေကို ပြန့်ပွားမှုနည်းစေမှာပါ ။ တိရိစ္ဆာန်တွေဆီမှာ အကောင်းဆုံးကာကွယ်ထားမှသာ လူတွေကို မကူးစက်စေမှာပါ သူတို့မှာ ဖြစ်လာပြီဆိုရင်လည်း လူတွေအနေနဲ့ထိတွေ့မှုမရှိတာအကောင်းဆုံးပါပဲ ။

လူတွေမှာဖြစ်ပြီဆိုရင်တော့ လူ နဲ့တိရိစ္ဆာန်ထိတွေ့မှုကို လုံးဝရပ်ဆိုင်းရပါ့မယ် ။ ဥပမာ မျောက်တွေ ၀က်တွေ ငှက်တွေကို ကိုင်တွယ်ခြင်း သူတို့အသားတွေ ကလီစာတွေနဲ့လုပ်ထားတဲ့အစာတွေကို တားမြစ်ခြင်း စားသုံးခြင်းမပြုခြင်း ။ သူတို့ အရေပြားနဲ့လုပ်ထားတဲ့ အ၀တ်အထည်တွေ ၀တ်ဆင်ခြင်းကို ရှောင်ကြဉ်ခြင်းတွေကိုပါပြုလုပ်ရပါမယ် ။ သွေးနဲ့အသားတွေကို စားသောက်တဲ့အခါမှာလည်း အစိမ်းစားခြင်းကို ရှောင်ကျဉ်သင့်ပြီး ကျက်သည်အထိကျက်အောင်ချက်ပြုတ်ပြီးမှ စားသောက်သင့်ပါတယ် ။ ကျန်တဲ့အချက်တွေကတော့ Virus တစ်ခု Outbreak ဖြစ်ပြီဆိုရင်ပြုလုပ်နေကြတွေအတိုင်း Mask တွေ Protective clothing တွေနဲ့တကွ လက်အိပ်ဝတ်ဆင်ခြင်း ထိတွေ့ကိုင်တွယ်ခြင်းတွေမှာ သေသေချာချာ ဂရုပြုခြင်းတွေကိုပါပြုလုပ်ရမှာဖြစ်ပါတယ် ။



အဆုံးသတ်အနေနဲ့ပြောရရင်တော့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ နိုင်ငံခြားသား ခရီးသည်တွေ ဖျားနာနေတဲ့လူတွေကို စစ်နေတာယခုပြုလုပ်နေပါတယ် ။ ရခိုင်ပြည်နယ်မှာ တက်လာတဲ့ ပုံထဲက လူနာကတော့ EVD ဟုတ်မဟုတ် confirmation မရှိသေးပါဘူး ။ ထပ်သိရရင်လည်းထပ်ရေးပေးပါ့မယ် ။ လောလောဆယ်တော့ outbreak မဖြစ်သေးပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကပြောဆိုထားတာလည်းတွေ့ရပါတယ် ။

ကျွန်တော်အကြံပေးချင်တာတွေကတော့ လေဆိပ်မှာ ဖျားနာလူနာ စစ်ယုံသာမကပဲ ကိုယ့်ပြည်နယ်အတွင်းမှာလဲ အိမ်မွေးတိရိစ္ဆာန်တွေဖျားနာမှု သဘာဝအတိုင်းမဟုတ်ပဲ အစုလိုက်အပြုံလိုက်သေဆုံးမှုရှိမရှိသာမက ဆေးရုံဆေးခန်းတွေမှာလည်း ဖျားနာ ပြီး အနီကွက်တွေ ထွက်တဲ့လူတွေကိုလည်း သေချာ စာရင်းပြုစုပြီး report လုပ်ကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ် ။

သက်တန့်ချို
Ref :
http://www.who.int/mediacentre/factsheets/fs103/en/
 http://www.irrawaddy.org/burma/passengers-checked-fever-burmas-airports-amid-ebola-fears.html
Reuters
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 3, 2014

ဖခင်တွေဖတ်ဖို့ ရေးတဲ့စာ


ဖခင်တွေဖတ်ဖို့ ရေးတဲ့စာ

- ကိုယ်ကိုယ်တိုင် လိုလို လားလား ဖိတ်ခေါ်ထားပြီးမှ ပြန်လည်စွန့်ပစ်ခြင်းကို ဖခင်လို့ မခေါ်ထိုက်ဘူး

- သားသမီး တို့မည်သည် ကိုယ် မသေသေးသရွေ့ ကိုယ့်တာဝန်ဖြစ်သလို ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ကိုယ့်ရဲ့သားသမီးပဲဖြစ်တယ်

- ကိုယ်မွေးလိုက်တဲ့ ရင်သွေးဟာ နူနူ ကျိုးကန်း ကိုယ့်ရဲ့ ရင်သွေးဖြစ်တာမို့ အချိန်နဲ့အမျှ ကိုယ့်မှာ တာဝန်ရှိတယ်

- ရင်သွေးအတွက် အရာရာကို စွန့်လွှတ် အနစ်နာခံနိုင်တဲ့သူကိုသာ ဖခင်လို့ ခေါ်ထိုက်တယ်

- ဖခင်တစ်ယောက်ဖြစ်ပြီဆို ကိုယ့်ရဲ့ လိုအင်ဆန္ဒကို သားသမီးတွေကို ချစ်တဲ့အချစ်နဲ့ ဖုံးကွယ်ဖျက်ဆီးပစ်နိုင်ရမယ်

- ကိုယ့်ရင်သွေးဟာ ဥာဏ်ရည်နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ မွေးရာပါ ချို့တဲ့သည်ဖြစ်စေ မချို့တဲ့သည်ဖြစ်စေ ချစ်ခင်မြတ်နိုးရမယ့်တာဝန်ရှိတယ်

- ဖခင်တစ်ယောက်ဖြစ်ပြီဆို ကိုယ့်ရင်သွေးဟာ ကိုယ့်ဘ၀အတွက် ဦးစားပေး နံပတ် တစ်ဖြစ်နေရမယ်

- ဖခင်တစ်ယောက်ဖြစ်ပြီဆိုရင် မလိုလားအပ်တဲ့ အရာမှန်သမျှ ( သားသမီးအတွက် တာဝန်ကင်းမဲ့စေတဲ့ လုပ်ရပ် ) အားလုံးကို ပယ်သတ်နိုင်ရမယ်

- ဖခင်တစ်ယောက်ရဲ့ Role ဟာ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့မပြည့်စုံဘူး Responsibility လို့ခေါ်တဲ့ တာဝန်ယူမှု Protection လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောက်မှုပါ ပါဝင်တယ်

- ဖခင်ပီသစေဖို့ အဖေ ဆိုတဲ့ နာမည်တစ်ခု စစ်မှန်ဖို့ ဆန္ဒနဲ့ အာသီသကို ချိုးနှိမ်လို့ သားသမီးနောင်ရေးအတွက်အမြဲပြင်ဆင်ထားရမယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 2, 2014

နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး


နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး

၁ ။ သင့်ချစ်သူနဲ့အတူထမင်းစားပြီးလို့ သူလေချဉ်တက်တဲ့အခါ ဆောရီးလို့ သူမပြောမိတဲ့အခါ
သင် ခွင့်လွှတ်နိုင်ရဲ့လား

၂ ။ သင့်ချစ်သူနဲ့အတူ အဲကွန်းအခန်းထဲမှာ အတူ ရုပ်ရှင်ကြည့်လို့ သူ လေလည်တဲ့အသံ ကို
သင် သည်းခံနိုင်ရဲ့လား

၃ ။ သင့်လက်မောင်းပေါ်အိပ်နေတဲ့ သင့်ချစ်သူနှုတ်ခမ်းတွေဆီက သွားရည်တွေကျလာတဲ့အခါ
သင် အချစ်ဆိုတာ ကို ဆက်တွေးနေမိရဲ့လား

၎ ။ သင့်ချစ်သူနဲ့အတူ အသုပ်စားပြီးတဲ့အခါ သူ့သွားမှာ ငရုတ်သီးဖတ်ကပ်နေတဲ့အခါ
သင် ကြင်ကြင်နာနာနဲ့ ဖယ်ပေးချင်ရဲ့လား

၅ ။ သင့်ချစ်သူရဲ့ ဆံနွယ်တွေကိုနမ်းရှိုက်တဲ့အခါ သူ့ဦးခေါင်းထက်က နေလောင်ထားတဲ့ အနံ့တွေရှူရှိုက်မိတဲ့အခါ
သင် ဆက်ချစ်နေသေးရဲ့လား

၆ ။ သင့်ချစ်သူ ရေချိုးပြီးတဲ့အခါ ဆပ်ပြာတုံးပေါ်ကျန်ခဲ့တဲ့ ဆံပင်ချည်တွေကိုမြင်ရတဲ့အခါ
သင် ခွင့်လွှတ်သည်းခံနိုင်ရဲ့လား

၇ ။ သင့်ချစ်သူ က လိုချင်တာတွေ အရမ်းပူဆာနေတဲ့အခြေအနေကိုကြုံရတဲ့အခါ
သင် နားလည်ခွင့်လွှတ် ဖြေရှင်းနိုင်ရဲ့လား

၈ ။ သင့်ချစ်သူ ခံတွင်းနံ့က သွားမတိုက်မိလို့ သွားပုပ်နံ့တွေရနေတဲ့အခါ
သင် မျက်လုံးထဲ သူ့အပြုံးတွေ လှနေသေးရဲ့လား

၉ ။ သင့်ချစ်သူ ခန္ဗ္ဓာကိုယ်ကထွက်လာတဲ့ ချွေးနံ့တွေတအားပြင်းတဲ့အခါ
သင် သူ့ကို အချိန်တိုင်း သတိရနေသေးရဲ့လား

၁၀ ။ သင့်ချစ်သူ နေမကောင်းတဲ့အခါ ဆီးဝမ်းထမသွားနိုင်လို့ သင်ကူညီရတဲ့အခါ
သင် ... သူ့ကို ချစ်သေးရဲ့လား

အထက်ပါမေးခွန်းတွေအရင်ဖြေကြည့်ပါဦး နတ်သမီးလောက်ပဲ ချောမောပါစေ နတ်သားလောက်ပဲခန့်ငြားနေပါစေ
သင့်ချစ်သူမှာ အထက်ပါအခြေအနေတွေ သင်တစ်နေ့ကြုံလာရတဲ့အခါ ..
ငြိုငြင်မှုလေး စိတ်ကွက်မှုလေးလုံးဝမဖြစ်ပါဘူးလို့ သင်အာမခံနိုင်ရဲ့လား

နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................