Wednesday, February 19, 2014

Facebook Page မှာမဟုတ်ပဲ Profile မှာ Comment to Comment reply ပေါ်အောင်လုပ်နည်း

Facebook Page မှာမဟုတ်ပဲ Profile မှာ Comment to Comment reply ပေါ်အောင်လုပ်နည်း 

 

ပေ့ခ်ျတွေမှာပဲ ရတယ်လို့ထင်ရတဲ့ Comment to comment reply feature ဟာ တကယ်တော့ Profile တွေမှာလည်းရပါတယ် ။ ဒါပေမယ့် Public တင်တဲ့ပို့စ်တွေမှာသာ ရနိုင်တာပါ ။ Friend only တင်တဲ့ပို့စ်တွေ ရမရတော့မသိပါဘူး ။ မရလောက်ဘူးထင်ပါတယ် ။ ကဲ Public Post တင်တဲ့ပိုင်ရှင်တွေ ၀ါသနာပါသူများအောက်ပါ အတိုင်းစမ်းကြည့်ရအောင် ။ 


ကွန်ပြူတာပေါ်မှာ ကိုယ်သုံးနေတာ Chrome latest version ဖြစ်ရပါမယ် ။ Mozilla အတွက်လည်းရပေမယ့် အခု Chrome အတွက်ရှင်းပြပေးမှာပါ ။ 


အဆင့် ၁ ။   ။ အောက်မှာပေးထားတဲ့ လင့် ၂ ခုစလုံးကို ဒေါင်းလုပ်ဆွဲရပါမယ် ။ 





အဆင့် ၂ ။   ။ ၂ ခုစလုံးကို Add လုပ်ပြီး Install လုပ်ပြီးတဲ့အခါ ပုံမှာမြင်ရတဲ့အတိုင်း Chrome Menu နားက Manual Geolocation Extension Icon ကို ကလစ်နှိပ်ပါ ။ 

 

ပြီးရင် Enable လင့်ကိုနှိပ်ရပါမယ် ။ အကယ်၍ ကိုယ့်ဆီမှာ Disable လို့ပေါ်နေပြီးသားဆိုရင် လုပ်စရာမလိုပါဘူး Enable ဖြစ်ပြီးသားပါ ။ New Zealand ဆိုပြီး ရိုက် Search နဲ့ရှာလိုက်ပါ ။ မိုးရေစက်ပုံ အနီလေးထဲမှာ အမဲစက်လေးနဲ့ New Zealand ကိုထောက်ပြထားပြီးတွေ့ပြီဆိုရင်ရပြီ ။ 


အဆင့် ၃ ။   ။ Manual Geolocation Extension ကို Enable လုပ်ပြီးပြီဆိုရင်တော့ နောက်ထပ် Ultimate User Agent Switcher ကို Activate လုပ်ဖို့လိုပါတယ် ။ ပုံမှာပြထားတဲ့အတိုင်း မျှားအနီဝိုင်းလေးကို ကလစ်နှိပ်ပါ ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Activate Now!! ဆိုတာကို အမှန် Tick လုပ်ပေးပါ ။ 



အဆင့် ၄ ။ ပြီးရင်တော့ new tab ကိုဖွင့်ပြီး အောက်ပါလင့်ကိုသွားလိုက်ပါ ။ 





အဆင့် ၅ ။   ။ Tablet တွေမှာတွေ့ရတဲ့ Interface မျက်နှာပြင်လိုမျိုးတွေ့ရပါလိမ့်မယ် ။ Check in ကိုနှိပ်ပါ ။ New Zealand နားတ၀ှိုက်ကို အော်တိုရှာပေးပါလိမ့်မယ် ။ တစ်ခုခုကိုရွေးလိုက်ပါ  ။ ဥပမာ Coastlands Mall ပေါ့ ပြီးရင် Only me နဲ့ Status တစ်ခုတင်လိုက်ပါ ။ 



အဆင့် ၆ ။ ပြီးရင် New Tab ဖွင့်ပြီး ပုံမှန် ဖေ့ဘုတ်စာမျက်နှာကိုသွားပါ ( www.facebook.com ) ပြီးတဲ့အခါ သင်တင်ချင်တဲ့စာကို Public Post နဲ့တင်လိုက်ပါ ။ 

 

Amazing !! You are now successfully installed Comment To Comment Reply :D


မူရင်း Trick မှာပြောထားတာကတော့ နေ့စဉ်ကိုယ့် Ultimate User Agent Switcher ထဲကနေပြီး Activate လေးနှိပ်ဖို့လိုပါတယ် Activate မဟုတ်ရင် Comment to Comment Reply ရမှာမဟုတ်ပါဘူး ။ ပြီးရင် touch.facebook.com ကို ၀င်ပြီးတစ်နေ့တစ်ခါလောက်တော့ Only me လေးနဲ့ Check in ၀င်ပေးဖို့လိုပါသတဲ့ ။ ( ဒါက နောက်တစ်နေ့ရောက်တဲ့အခါ Comment to comment reply ပျောက်သွားရင်လုပ်ရမှာကိုပြောတာပါ .. တစ်ခါလုပ်ပြီးမပျောက်သွားဘူးဆိုရင်တော့အိုကေတာပေါ့ ) 


Credit: Arjun, Cryptlife and 99tricks

သက်တန့်ချို ဝေမျှသည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, January 9, 2014

တိုင်းပြည်မှာ ဦးဆောင်နိုင်တဲ့လူက သိပ်အများကြီးရှိတာမဟုတ်ဘူး



တိုင်းပြည်မှာ ဦးဆောင်နိုင်တဲ့လူက သိပ်အများကြီးရှိတာမဟုတ်ဘူး 

ဒီနေ့တော့ စိတ်ထဲရှိတာလေး ချရေးဖို့ဖြစ်လာပါပြီ .. ကျုပ်တို့ တိုင်းပြည်ရဲ့လက်ရှိ...အခြေအနေအရ 
ဆုပ်လည်းစူး ..စားလည်းရူးလိုဖြစ်နေပါရော့လား ..လက်ရှိတိုင်းပြည်ကို ဦးဆောင်နိုင်တဲ့လူက 
လက်ချိုးရေတွက်လိုက်ရင် တကယ့်ကို နည်းနည်းလေး ...
အဲဒီနည်းနည်းလေးထဲကမှ .. အရည်အချင်းရှိတဲ့သူ .. တိုင်းပြည်ကို ကယ်တင်ပေးနိုင်မယ့်သူဆိုတာ ..
တကယ့်ကို မှုန်ပြပြ လေး ...

ကဲ ..ကျုပ်တို့တစ်ခုစဉ်းစားကြည့်ရအောင်လား ...
နောင်ဆယ်စုနှစ်အလွန်မှာ ဦးသိန်းစိန်ရော ..ဒေါ်အောင်ဆန်းစုကြည်ရော .. မရှိတော့ဘူး
အကြောင်းကြောင်းကြောင့် နိုင်ငံရေးနိုင်ပယ်ထဲ မ၀င်နိုင်ကြတော့ဘူးဆိုပါတော့ ...
ကျုပ်တို့အာလုံးမှာ သူတို့ကိုဆက်ခံဖို့ ခြေရာတိုင်းနိုင်ဖို့ ... ဘယ်လိုမျိုးဆက်သစ်တွေရှိကြသလဲ ..
ဘယ်သူတွေကို ရည်မှန်းထားပါသလဲ ....
တကယ့်ကို အမှောင်တွင်းနက်ကြီးပါ ... မျှော်လင့်ချက်ထားနေတဲ့ သူတို့ ၂ ယောက်တောင် ..
အခုဆိုရင် ... လမ်းပျောက်သလိုလို .. 

တိုင်းပြည်ကအကြွေးတွေနဲ့ ...
စစ်သား ရဲ မော်တော်ပီကယ် ဆရာဝန် ရှေ့နေ အင်ဂျင်နီယာ အိုးအစုံပဲ ..
ကိုယ့်အလုပ်ကိုယ်မလုပ်ကြပဲ ဟို လူက ဒီလူကိုပုတ်ခတ်လိုက် မင်းတို့အသုံးမကျတာပြောလိုက် ..
ဒီလူက ဟိုလူကိုပုတ်ခတ်လိုက် ..ဒါ မင်းတို့အသုံးမျကတာပြောလိုက် ..
အသုံးမကျတာတွေ လိုက်တူးဖော်နေရရင် ခေတ်အဆက်ဆက်ပြေလို့တောင်ကုန်နိုင်မယ်မထင်ဘူး ..
နိုင်ငံတကာကို လှည့်ပတ်ပြီးအကြွေးတွေ လျှော်ပေးအောင်ပြောရတဲ့ကိစ္စ ရထားခေါင်းတွဲကြီးလိုပဲ ..
ရှေ့ကခေါင်းတွဲ ဖြောင့်ဖြောင့်မသွားလို့ကတော့ ..နောက်ကတွဲတွေ ကပေါက်တိကပေါက်ချာသာဖြစ်ပြီမှတ် .. 

ဆင်းရဲမွဲတေမှု လျော့ချရေးဆိုတာကလည်း ...
အစိုးရချည်းပဲအားကိုးနေလို့ရတာမဟုတ် 
ဦးသိန်းစိန်ပဲအားကိုးလို့ရတာမဟုတ်
ဒေါ်အောင်ဆန်းစုကြည်ကိုပဲအားကိုးလို့ရတာမဟုတ် ...
ခင်ဗျားတို့ ကျုပ်တို့အားလုံးအပျင်းမကြီးပဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့လည်းလိုတယ်မဟုတ်လား 
ကီးဘုတ်ပေါ် စာလုံးတွေ တဖျောင်းဖျောင်းရိုက်ချနေယုံနဲ့ တိုင်းပြည်ကြီးမတိုးတက်လာနိုင်သေးဘူး 

ဒီမိုကရေစီတွေ ဘာကရေစီ ညာကရေစီတွေ စကားလုံးကြီးကြီးကျယ်ကျယ်တွေမသုံးပါနဲ့ဦး
ကိုယ်ကိုယ်တိုင်ကွမ်းစားတတ်တဲ့လူဆိုရင် လမ်းပေါ်မထွေးပဲ ကိုယ့်အိတ်နဲ့ကိုယ်ကိုယ့်တာဝန်ကိုယ်ယူတတ်ပြီလား ..
ကိုယ်ကိုယ်တိုင် ဆေးလိပ်သောက်တတ်တဲ့လူဆိုရင် .. Public area တွေမှာ မသောက်ပဲနေနိုင်ပြီလား ... 
ကိုယ်ကိုယ်တိုင်လမ်းမပေါ် အမှိုက်တစ်စမပစ်ချပဲနေနိုင်ပြီလား .....
“ ဒီမိုကရေစီစစ်စစ်ဆိုတာ ... ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ပြည်သူလူထုရှိမှာ အကောင်အထည်ပေါ်လာမယ် ” လို့ အရင်ကစာတွေမှာလည်း ..
ကျုပ်ရေးခဲ့ဖူးပါတယ် ... လက်သည်ကြီးပဲအားကိုးလို့မရဘူး ကိုယ့်လူတို့ ..ကျုပ်တို့လည်းညှစ်အားလိုသေးတယ် ...ကြိုးစားအားထုတ်ဖို့လိုသေးတယ် ..

ဒီနေရာမှာ ကြုံတုန်းတစ်ခု ရေးချင်သေးတယ် ...နိုင်ငံခြားကို အစိုးရလွှတ်လို့ပဲဖြစ်စေ ... ကိုယ့်ဘာသာပဲဖြစ်စေ ..ပညာတော်သင်သွားတဲ့လူတွေ ..
ဟိုမှာ အပြီးမနေကြပါနဲ့ အခြေအနေတစ်ခု...ရောက်ပြီဆိုရင် ..ကိုယ့်တိုင်းပြည်ထဲကို ပြန်ဝင်လာကြပါ ...
စစ်သားထဲမှာလည်းကောင်းတဲ့ဆိုးတဲ့လူတွေရှိသလို ဆရာဝန်တွေ ရဲတွေ မော်တော်ပီကယ်တွေ ပြည်သူတွေ အားလုံးမှာ ကောင်းတဲ့လူဆိုးတဲ့လူဆိုတာရှိပါတယ် .
နိုင်ငံခြားကိုထွက်သွားနိုင်ဖို့အခွင့်အရေးရှိရက်နဲ့ ဒီကအခြေအနေတွေကိုစွန့်ခွာမသွားချင်လို့မထွက်သွားတဲ့လူတွေ ...တပုံတပင်ကြီးပါ ..
နိုင်ငံခြားမှာ နေပြီးအသံကောင်းဟစ်မနေစေချင်ဘူး ..ပြည်တွင်းကိုပြန်ဝင်ပြီး ကျုပ်တို့နဲ့အတူ ကိုယ့်အလုပ်ကိုယ်လုပ်ကြည့်စမ်းပါ .. 
ခင်ဗျားတို့လို ပညာတတ်တွေ သူများတိုင်းပြည်မှာ သူများတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ပေးနေရတာ ကျုပ်တို့တိုင်းပြည်နစ်နာတယ်ထင်တာပဲ ..း

နောက်ဆုံးပြောချင်တာက ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို ဟိုဟာလုပ်ရင်လုပ်ပြန်ပြီ ..
ဒီဟာလုပ်ရင်လုပ်ပြန်ပြီ .. ၂ ယောက်စလုံးကလည်းအသက်ကြီးနေတဲ့အဖိုးအဖွားအရွယ်တွေ ..
သူတို့မရှိရင်ခင်ဗျားတို့ကျုပ်တို့ဘာလုပ်ကြမလဲ ... ဦးသိန်းစိန်လည်းတတ်နိုင်သမျှ စာဖတ်သူကြီးရဲ့ .. ဆိုးမွေတွေကို ယူပြီး 
ရသလောက်လေးပြောင်းနေတာ ကျုပ်တို့အမြင်ပဲ .. သူ့မှာလည်း သူ့အားနည်းချက်နဲ့သူ သူ့စိတ်နဲ့သူလုပ်လို့မရတာတွေရှိနေမှာပဲ ..
ဒေါ်အောင်ဆန်းစုကြည်လည်း သူလုပ်နိုင်သလောက်တော့...သူ့ဘ၀တလျှောက်လုံးလုပ်နေကြတာပဲ ..
နေရာတကာ အပြစ်လိုက်ပြောတာပဲဖြစ်စေ ..
နေရာတကာ ဆတ်ဆတ်ထိမခံဖြစ်နေတာပဲဖြစ်စေ ...
သူတို့ကိုချစ်ရာမရောက်ဘူး ...တိုင်းပြည်ကိုချစ်ရာမရောက်ဘူး ..နှစ်ရာရောက်တယ် ... 
အခုတော့ ... ပန်းတိုင်က မရောက်သေးဘူး ...တက်က ကျိုးချင်နေပြီ 
ကြည့်လုပ်ကြပါဦးကိုယ့်လူတို့ .. အဖိုးအရွယ်အဖွားအရွယ် ၂ ယောက်ဘယ်လောက်ပင်ပန်းနေလဲမစဉ်းစားဘူး 
ခင်ဗျားတို့ကျုပ်တို့အားလုံးက အော်ကောင်းနေကြတုန်း ...

တိုင်းပြည်ကြီးဘာဖြစ်နေပြီ ..
အကြွေးတွေထူနေပြီ .ဆင်းရဲတွင်းနက်နေပြီ ... ဦးမဆောင်နိုင်ဘူးလား ဘာညာနဲ့
ဒီမိုကရေစီရအရေး ဒို့အရေးအော်နေကြသေးတယ် ... 
မှန်တာကိုချီးကျူးပါ 
မှားတာကိုထောက်ပြပါ 
တိုင်းပြည်ကို ချစ်တဲ့အခါမှာ ပုဂ္ဂိုလ်မမင်ကြရင်အကောင်းဆုံးပါပဲ ... 

စပါးလုံးတစ်ထောက်စာပဲမကြည့်ပါနဲ့... 
ဟိုးအဝေးက မှောင်အတိကျနေတဲ့အနာဂါတ်ကိုလည်း တစ်ချက်လောက်ကြည့်ကြပါဦး ...ကိုယ့်လူတို့ရယ် 

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................



ဒီတိုင်းပြည်မှာ နွားဘယ်နှစ်ကောင်ရှိသလဲ

ဒီတိုင်းပြည်မှာ နွားဘယ်နှစ်ကောင်ရှိသလဲ


ဘုရင်ကြီး အက်ခ်ဘာ ဟာ သူ့တိုင်းပြည်မှာ ပဟေဌိ ဥာဏ်စမ်းတွေကို မေးရတာ အလွန်ဝါသနာထုံသူဖြစ်ပါတယ် ။ သူဟာ တခါတရံမှာ အရမ်းထိုထူးဆန်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့မေးခွန်းတွေကိုမေးလေ့ရှိတယ် ။ သူ့မေးခွန်းရဲ့အဖြေကို ဖြေဆိုနိုင်ဖို့ရာအလွန်ကို ဥာဏ်ကောင်းမှဖြစ်နိုင်ပါတယ် ။ 

တစ်ခါတော့ ဘုရင်ကြီးကအလွန်ထူးဆန်းတဲ့မေးခွန်းတစ်ခုကိုမေးလိုက်တယ် ။ တိုင်းသူပြည်သားတွေက ဘုရင်ကြီးမေးခွန်းကြောင့် လက်မှိုင်ချသွားကြတယ် ။ ဘုရင်ကြီးအက်ခ်ဘာဟာ သူ့တိုင်းသူပြည်သားတွေကို လိုက်ကြည့်တယ် ။ သူကြည့်လိုက်တဲ့နေရာတိုင်းမှာ တိုင်းသူပြည်သားတွေက အဖြေကိုစဉ်းစားတဲ့ပုံစံနဲ့ခေါင်းတွေကို အောက်ငုံ့ထားတာကိုတွေ့လိုက်ရတယ် ။ အဲဒီအချိန်မှာပဲ ဘာဘယ်လ် လို့ခေါ်တဲ့ လူတစ်ယောက်က ဘုရင်ကြီးရှေ့ကို တိုးထွက်လာခဲ့တယ် ။ ဘာဘယ်လ်ဟာ ဘုရင်ကြီးရဲ့ ထူးဆန်းတဲ့မေးခွန်းကို ဖြေဆိုနိုင်တယ်လို့ယုံကြည်ပြီးဘုရင်ကြီးကိုထပ်မေးလိုက်တယ် ။ 

“ အရှင်မင်းကြီးရဲ့မေးခွန်းကိုပြန်ပြောပေးပါ ကျွန်တော်ဖြေဆိုပါရစေ ” 

အက်ခ်ဘာကပြောတယ် “ ဒီတိုင်းပြည်မှာ နွားဘယ်နှစ်ကောင်ရှိပါသလဲ ” 

တစ်စက္ကန့်တောင် နှောင့်နှေးခြင်းမရှိပဲ ဘာဘယ်လ်က ဖြေလိုက်တယ် “ မှန်လှပါ နွားစုစုပေါင်း ငါးထောင့်ငါးရာ ရှစ်ဆယ့်ကိုးကောင်ရှိပါတယ် အရှင်မင်းကြီး ” 

အက်ခ်ဘာကပြန်မေးတယ် “ သင်က ဘယ်လိုသိတာလဲ သေချာရဲ့လား ” 

ဘာဘယ်လ်ကဖြေတယ် “ အရှင်မင်းကြီးရဲ့အမှုထမ်းတွေကိုရေတွက်ခိုင်းလိုက်ပါ အကယ်၍ နွားအရေအတွက် ဒီထက်ပိုများရင်ပိုတဲ့နွားတွေက ဒီနေရာမှာ သူတို့အမျိုးတွေရှိလို့ လာရောက်လည်ပတ်နေကြတာပါ အကယ်၍ လျော့နည်းပြီး ရှိနေခဲ့ရင်တော့လျော့နည်းနေတဲ့အရေအတွက်ဟာ တခြားတိုင်းပြည်မှာရှိတဲ့သူတို့အမျိုးတွေဆီသွားလည်ပတ်နေကြတာပါ အရှင်မင်းကြီး ” 

ဘုရင်ကြီးအက်ခ်ဘာဟာ ဥာဏ်ပညာပြည့်စုံတဲ့ဘာဘယ်လ်ကို ၀မ်းသာအားရ ချီးကျူးခဲ့ပါတယ် ။ 

=============================

ဥာဏ်ပညာရှိခြင်းနဲ့စဉ်းစားတွေးခေါ်တတ်ခြင်းက အရာအားလုံကို ဖြေရှင်းနိုင်စွမ်းရှိပါတယ် ။ 

သက်တန့်ချို
Ref : A Wise Counting / http://www.english-for-students.com/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 24, 2013

ဗွက်တောလမ်းနှင့် ပီတိတရား



ဗွက်တောလမ်းနှင့် ပီတိတရား


မနက် ၂ နာရီအချိန်မို့ ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံမျှပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည် ။ တခါတရံ ကြောင်တွေအိမ်ခေါင်မိုးအပေါ် ဆော့ကစားသံကလွဲလို့ဘာသံဆို ဘာမှမကြားရ ။ “ ဆရာ ..ဆရာ ” “ ဒုန်း ..ဒုန်း ..ဒုန်း ” ခြံတံခါးကို ဖွင့်သံတွေကြားနေရည် ။ အိပ်မက်လာ ဘာလားမသိတော့ ဆက်ပြီးမှိန်းနေလိုက်သည် ။ သို့သော်မရ အိမ်ရှေ့မှ ခေါ်သံတွေက ပိုပို ကျယ်လောင်လာသည် ။

“ ဆရာ ..ဆရာ လူနာပင့်ချင်လို့ ဆရာ ” အင်း မဖြစ်ချေတော့ဘူး မိုးကလည်းအေးစိမ့်စိမ့်မို့ အိပ်ယာကနေ တကယ်ပင်မထချင် ။ သို့သော် ထမှဖြစ်တော့မည်ဟူသော အသိကြောင့် အိပ်ယာထဲကလူးလဲထပြီး အိမ်ရှေ့ထွက်ကြည့်မိသည် ။

“ ဟုတ် .. ဆိုပါဦးခင်ဗျ ”
“ လူနာ ပင့်ချင်လို့ဆရာ တစ်ခါက ဆရာရောက်ဖူးပါတယ် ကန်ဇွန်းကွင်းထဲမှာလေ အဲဒီဦးလေး အခု အရမ်းမောပြီးရင်ဘတ်တွေအောင့်နေလို့ ”
“ ဟုတ်ကဲ့ ဆေးခန်းမှာ ဆေးသတ္တာယူရအောင်လိုက်ခဲ့ကြပါ ”
“ ဟုတ်ကဲ့ဆရာ ”

လူနာလာပင့်လာခေါ်တာက လူသုံးယောက် အမျိုးသား နှစ်ယောက်နှင့်အမျိုးသမီး ၁ ယောက် ။ သုံးယောက်စလုံးဖိနပ်မစီးထားကြတာ မြင်တော့ အရေးပေါ်ပဲ ဘာများဖြစ်နေပြီလဲဟူသော စိုး၇ိမ်စိတ်က၀င်လာသည် ။ ခြေလှမ်းတို့ကိုမြှင့်ပြီး နားကြပ် သွေးပေါင်ချိန်တိုင်းကိရိယာနှင့် ဆေးသေတ္တာတို့ကိုယူပြီး လိုက်လာခဲ့လိုက်သည် ။ ဒီလိုနှင့် အမြန်လျှောက်လာကြရင်း ၂ လမ်းကျော်လောက်ရောက်တော့ လမ်းချိုးတစ်ခုထဲဝင်ရသည် ။အိမ် နှစ်အိမ်ကြားက လမ်းကြားလေးဟု ခေါ်လျှင်ပိုမှန်မည် ။ ထို လမ်းကြားလေးဆုံးလျှင် ကန်ဇွန်းရွက်တွေ စိုက်ထားသော လယ်ကွင်းပြင်ကြီးရှိသည်ဟု ကျွန်တော်သိထားသည် ။

“ ဆရာ ပုဆိုးတိုတို ၀တ်လိုက်ပါလား ”
“ ဟင် ဘာဖြစ်လို့လဲ ”
“ ဟို ..လေ အားတော့နာပါတယ်ဆရာရယ် ဖိနပ်လေးပါချွတ်လိုက်ပါ ”
“ ဗျာ .. ဘာ ..ဘာဖြစ်လို့လဲဟင် ”
“ ဗွက်ပေမှာစိုးလို့ပါဆရာ ဖိနပ်နဲ့သွားလို့မရပါဘူး ”

မတတ်သာတော့ဘူး ဒီနေရာရောက်မှ ကျွန်တော်မလိုက်တော့ဘူးဟု၍ ပြောလို့လည်းမရတော့ ရှေ့မှာ လူနာကအရေးကြီးနေပြီ ပေါက်တဲ့နှဖူးမထူးတော့ပြီ မို့ ဆေးကျောင်းတုန်းက ဆရာကြီးများသင်ပေးထားသော “ ၀က်ဖြစ်မှတော့မစင်မကြောက်နှင့် ” ဟူသော စကားပုံကို ရင်ဝယ်ပိုက်ပြီး ပုဆိုးကို ဒူးအထက်နားအထိပြင်ဝတ်လိုက်သည် ။ဖိနပ်ကိုချွတ်ပြီး မြေသားမာမာပေါ်တင်ထားခဲ့သည် ။ ဒီအချိန်ကြီးပျောက်တော့မပျောက်လောက်ပါဘူး ။ သို့နှင့် ကျွန်တော်၏ ဗွက်တောခရီးကားစတင်ခဲ့ပေသည် ။ လူနာလာပင့်သော လူများက ကျွန်တော့်အားတွဲရှာသည် ။ ကျွန်တော်လည်းမလျှောက်တတ် ။ တစ်လှမ်းလှမ်းလိုက်တိုင်း ခြေမျက်စိအထက်နားအထိ ဗွက်များက နစ်ဝင်သွားသည် ။ ၅ မိနစ်ခဲ့လျှောက်ပြီးတော့ ၀ါးလုံး လေးလုံးလောက်စီထားသော ၀ါးတံတားလေးတစ်ခုကိုတွေ့ရသည် ။

ခနော်နီခနော်နဲ့တံတားလေးမို့ ကျွန်တော်ဖြစ်ပါ့မလားတွေးမိသေးသည် ။ မထူးတော့ပြီမို့ ၀ါးတံတားအပေါ် ခြေတစ်ဖက်လှမ်းတင်လိုက်သည် ။ ဟန်ချက်ပျက်ကာ ချော်ထွက်သွားသော်လည်း ဘေးမှ လူက အချိန်မှီလက်လှမ်းကိုင်လိုက်သောကြောင့် လဲတော့မကျသွား ။ ညကလည်းတိတ်ဆိတ်စွာ မှောင်ရီလျှက်ရှိသည် ။ လယ်ကန်သင်းရိုးတလျှောက်ဖြတ်သန်းတိုက်ခတ်လာသော လေပြေများအား ခံစားမကြည်နူးနိုင်အား ။ ခြေတစ်လှမ်းပျက်လျှင် ဗွမ်းကနဲ မြောင်းထဲကျမည့်ကိန်းမို့ ဘုရားတကာ လျှောက်လှမ်းနေရသည် ။ ကျွန်တော်ကအလယ်မှာ ရှေ့မှာ လူတစ်ဦး နောက်မှာ လူနှစ်ဦးကျွန်တော့်ကို ညှပ်ကာ ဖြည်းဖြည်းချင်းလာခဲ့ကြသည် ။ တစ်ချက်တစ်ချက် မလှမ်းရဲလောက်အောင်ဖြစ်နေတာကလွဲလို့ ချော်ချော်ထွက်သွားတာကလွဲလို့ အဆင်ပြေစွာပင်တစ်ဖက်တံတားထိပ်သို့ရောက်လာခဲ့သည် ။ လူနာအိမ်ကိုတော့လှမ်းမြင်နေရပြီ သို့သော် ဖြတ်သွား၇မည့် ဗွက်တောကြီးကား တမျှော်တခေါ်ပင် ။

ကျွန်တော်အခုချိန်တွေးနေတာတစ်ခုပဲရှိသည် ။ လူနာဆီအမြန်ရောက်ဖို့အမြန်သွားရမည် ။ ဗွက်များထဲတွင်ပုလင်းကွဲများ ဖန်ကွဲစများရှိနိုင်သည် ။ ခြေထောက်လည်း အခန့်မသင့်လျှင်ဟက်တက်ကွဲသွားနိုင်သည် ။ မတော်တဆ ဘေးနားလယ်ကန်သင်းရိုးများမှ မြွေများလည်း ကျွန်တော့်ခြေထောက်ကို ကိုက်နိုင်သည် ။ မျှော့များလည်းရှိနိုင်သည် ။ကျွန်တော်အလွန်ကြောက်တတ်ပါသည် ။ သို့သော် ကျွန်တော့်မှာ ထိုအရာများအတွက် ကြောက်လန့်နေချိန်မပေးနိုင်ပါ ။ နှလုံးအောင့်သော လူနာဖြစ်ပါက အချိန်မရွေး အသက်ဆုံးနိုင်သောကြောင့် အမြန်ဆုံးရောက်ဖို့သာလိုသည် ။ ကျွန်တော့်ရှေ့တွင်ပင် နှလုံးနှင့်ပတ်သတ်သော လူနားများ ဆုံးပါးသွားကြတာမြင်ဖူးသည် ။ နှလုံးသွေားကြောပိတ်ရာမှာ နှလုံးပုပ်သော အဆင့်ထိရောက်သွားလျှင် လူနာအတွက်အခြေအနေမကောင်းနိုင်ပါ ။ ကြိုးစားပမ်းစား လျှောက်သွားလိုက်တာ မိနစ် ၂၀ လောက်ကြာတော့ လယ်ကန်သင်းအလယ်က တဲအိမ်ကလေးသို့ရောက်လာသည် ။ အရှေ့တွင်စည်ပိုင်းကြီးချထားပေးတာမြင်ရသည် ။

အိမ်ရှင်မိန်းကလေးများ ဦးကြီးများက ခြေထောက်ကို အတင်းဆေးပေးနေသောကြောင့်အမြန်တားမြစ်ရသည် ကိုယ့်ဘာသာရေတွေဆေးရင်း ပြောင်အောင်တော့မဆေးနိုင်ပါ ရွံ့ဗွက်အနံ့များကလှိုင်လှိုင်ထနေပါသည် ။ တဲ ပေါ်အမြန် တက်မိတော့ ဒုန်း ..ဆို နှဖူးနှင့်တဲ အမိုးတိုက်မိကာ အီစလံဝေသွားသည် ။ ကြယ်တွေလတွေမြင်သွားသလားမပြောတတ် ။

“ ဟာ ဆရာရယ် အားနာလိုက်တာ ဗျာ ကျွန်တော်တို့တဲက အရမ်းနိမ့်တယ် ဆရာ့ကိုသတိပေးဖို့မေ့သွားတာ ” တဲ့ အင်း မတတ်နိုင်ပါလေ လူနာကို ကြည့်တော့ထိုင်နေသည် ။ အောက်ဆီဂျင်ပြတ်လတ်သော လက္ခဏာရှိသည် ။ နှုတ်ခမ်းများက ပြာနှမ်းနှမ်း ။ အသက်ရှူနှုန်းက နည်းနည်းမြန်နေသည် ။ သွေးပေါင်ချိန်ကတော့ပုံမှန်ပင် ။ ပြီးခဲ့သော အပတ်ကစစ်ထားသော အဖြေများရှိသည်ဟုပြောသည် ။ ကျွန်တော်လူနာကိုစမ်းသပ်ရင်းယူကြည့်လိုက်တော့ ECG အဖြေက ပုံမှန်ဖြစ်သည် ။ ဓါတ်မှန်မှာတော့ နှလုံးကြီးပြီး လေပြွန်ယောင်သည်ဟုရေးထားသည် ။

“ လူနာကို အောက်ဆီဂျင်ပေးဖို့လိုတယ် လိုအပ်တဲ့ဆေးထိုးဆေးသောက်တွေ ကျွန်တော်လုပ်ပေးခဲ့မယ် ဆေးရုံတင်နိုင်ပါသလား ”

“ မတင်နိုင်ပါဘူး ဆေးရံတက်ဖို့ အဆင်မပြေပါဘူး ဆရာ ဆရာကြည့်ပြီးတော့ကောင်းသလိုသာစီမံပေးပါ ဒီနေရာကို ဘယ်လိုဆရာဝန်မျိုးကိုမှ ပင့်လို့မရပါဘူး ဆရာကိုလည်းအရမ်းအားနာလှပါတယ် ဆရာခိုင်းသမျှ ကျွန်တော်တို့လုပ်ပါ့မယ် ”
“ အောက်ဆီဂျင်အရင်ပေးဖို့လိုပါတယ် ရင်ဘတ်က အရင်ကတည်းကအောင့်နေကြလား အခုမှ အောင့်တာလား ဘယ်ကစပြီးအောင့်တာလဲ ”
“ အရင်ကတော့သိပ်အောင့်လေ့မရှိဘူးဆရာ ၄ ရက်လောက်ရှိပြီချေင်းအရမ်းဆိုးပြီး အခု ဒီညနေလေးမှ ချောင်းဆိုးလိုက်တာ ရင်ဘတ်ကအောင့်သွားတာပါ ”
“ တစ်ယောက်က အောက်ဆီဂျင်သွားငှားပါ ဆေးရုံမျက်စောင်းထိုးလေးက ဆိုင်မှာ အောက်ဆီဂျင်ဘူးငှားတယ် မှတ်ပုတင်ယူသွား မယူသွား၇င် စပေါ်ငွေ တစ်သောင်းပေးခဲံရမယ် ဘူးကြီးသားငှားလာခဲ့ပါ ”
“ ဟုတ်ကဲ့ဆရာ ”
“ ရပ်ကွက်ထဲမှာအသိရှိလား လူနာကို ရပ်ကွက်ထဲကအိမ်တစ်အိမ်မှာထားပါလား အရေးအကြောင်းဆို လွယ်အောင်လို့ ”
“ ရှိပါတယ်ဆရာ အခု လူနာက ဘယ်လိုမှမထနိုင်လို့ပါ သူသက်သာလာတာနဲ့ကျွန်တော်တို့ရွေ့ပါ့မယ် ”
“ ဒီနေရာက လေသိပ်တိုက်တယ် နွေးနွေးထွေးထွေးထားပါ ကျွန်တော်ဆေးထိုးပေးပြီးသောက်ဆေးတွေလည်းပေးခဲ့မယ် လိုအပ်တဲ့ကုသမှုတွေလုပ်ပေးခဲ့မယ် ကျွန်တော့်ဖုန်းနံပါတ်လည်းပေးခဲ့မယ် အရေးအကြောင်းဆို ဖုန်းဆက်ပါ အောက်ဆီဂျင်ပေးမယ့်ဝန်ထမ်းတစ်ဦးအိမ်ကိုလိုက်လုပ်ပေးပါတယ် တစ်ခါတည်းခေါ်ခဲ့ပါ အဆင်မပြေရင် ကျွန်တော့်ဖုန်းကိုဆက်ပါ ကျွန်တော်ပြောပေးပါ့မယ် ”

ဒီလိုနဲ့လူနာကို လိုအပ်သော ကုသမှုများပေးခဲ့သည် ။ “ ကျေးဇူးတင်ပါတယ် ဆရာ ရယ် ” အထပ်ထပ်ပြောနေသည် ။ သောက်ဆေးများလည်းပေးပြီးနောက် အပြန်ခရီးကိုကျွန်တော်တွေးကြည့်မိသည် ။ အော် .. အလာတုန်းက ဗွက်တောကြီးကိုပြန်ဖြတ်ရဦးမှာပါလား ။ ကမ္ဘာသူကမ္ဘာသားများကတော့အေးချမ်းစွာအိပ်ပျော်နေပြီထင်သည် ။ မအိပ်ပျော်နိုင်သော လူတစ်စုထဲမှာ ကျွန်တော်ရယ်လူနာရှင်နဲ့လူနာရယ် အပြန်ခရီးအတွက် စတင်ခဲ့ကြသည် ။ အပြန်ခရီကတော့ သိပ်လောစရာမရှိတော့ မြွေမကိုက်ပါစေနဲ့မျော့မတွယ်ပါစေနဲ့ ပုလင်းကွဲမရှပါစေနဲ့လူနာ သက်သာပါစေ ဟူသော ဆုကြီးလေးခုကို တတွတ်တွတ်ရွတ်ပြီးသကာလ ဗွက်ခရီးလမ်းကိုစတင်ခဲ့ပါတော့သည် ။ သတိထားနေ၍လားမသိ ဒူးလည်းလည်းလဲကျသည် ။ ဘိုင်းကနဲလည်းချောကြသည် ။ တစ်ကိုယ်လုံးလည်းဗွက်တွေနဲ့မြင်မကောင်း ။ ကံကောင်း၍သာ ၀ါးလုံးတန်း တံတားပေါ်မှ ပြုတ်မကျခြင်းပင်ပြုတ်ကျရင်တော့ရေလည်းမကူးတတ် ။ ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ဗွက်အလိမ်းလိမ်း ဗွက်တွေက တစ်ကိုယ်လုံးပင် ။

အိမ်ပြန်ရောက်တဲ့အထိ “ အားနာပါတယ်ဆရာရယ် ဟုသာ အထပ်ထပ်ပြောနေသော လူနာရှင်များအား ” “ ရပါတယ်ခင်ဗျ အားနာစရာမလိုပါဘူး ” ဟုသာ ပြောပြီး အိမ်ရှေ့အုတ်ကန်တွင်ရေဆေးသည် ။ တစ်ခါတည်းရေချိုးမှဖြစ်မည်ဟုတွေးပြီးမနက် ၂ နာရီခွဲ နဲ့ ၃ နာရီကြား ခန့်မှန်းခြေ ၃ နာရီလောက်ရှိပြီထင်သည် ရေချိုးလိုက်သည် ။ဗွက်နံ့များကမပျောက်ချင် လူနာသက်သာပါစေဟုသာဆုတောင်းနေမိသည် ။

မနေ့က တော်တော်နှင့်အိပ်မပျော် ခြေထောက်တွေက အားစိုက်ရ၍လားမသိ ကျင်သလိုလို ထုံသလိုလိုနှင့်ပူရှိန်းရှိန်းဖြစ်နေသည်။

===================================

ဒီနေ့ မနက် တော့ ကျွန်တော့်ဆီ ဖုန်းဝင်လာပါသည် ။

“ ဆရာ ..ညက လူနာလာပင့်တဲ့ကန်ဇွန်းခင်းက အိမ်ကပါ ညက ဆရာကုပေးတဲ့လူနာ ကောင်းသွားပြီဆရာ အခုသက်သာနေပြီ ရပ်ကွက်ထဲလည်း ချီမပြီးရွေ့ထားလိုက်ပါပြီ ကျေးဇူးတင်ပါတယ်ဆရာ ဒီညနေဆရာဆေးခန်းပြန်ခေါ်လာခဲ့ပါ့မယ် ကျေးဇူးအရမ်းတင်ပါတယ်ဆရာ ” တဲ့ ။ ဖုန်းနံပါတ်ကတော့ PCO ဖုန်းဖြစ်သည် ။

ဟုတ်ကဲ့ ကျွန်တော် ဗွက်တောဖြတ်ရကျိုးနပ်ခဲ့ပါသည် ။ ကြည်နူးမိသော ပီတိနှင့်ဒီစာကိုရေးလိုက်ပါသည် ။ ဘ၀တူများကိုလည်းမှာချင်ပါသည် ။

“ ၀က်ဖြစ်မှတော့မစင်မကြောက်ကြပါနဲ့စားသာစားလိုက်ပါလေ ”

သက်တန့်ချို
24.9.2013

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 28, 2013

ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )


ညီမလေးဖတ်ဖို့ ( အပိုင်း ၁၁ - စောင့်လေမျိုးနွယ် )

သို့

ညီမလေးရေ ဇွန်လရဲ့နောက်ဆုံးရက်သတ္တပါတ်မှာ ကောင်းကင်မှာ မိုးတိမ်တွေအုံ့ဆိုင်းလို့နေတယ် ။ အခါအားလျော်စွာ ညီမလေးဆီ စာတွေရေးရေးပို့နေတတ်တဲ့အကိုဟာ ဒီတစ်ခါလည်း ညီမလေးဆီကို စာတစ်စောင်ရေးပို့လိုက်ပါတယ် ။ ဒီတစ်ခါစာလေးရဲ့ခေါင်းစဉ်ကိုတော့အကိုက စောင့်လေမျိုးနွယ်လို့ပေးထားပါတယ် ။

ညီမလေးဟာ လူတွေဟာ အသွေးအရောင်ပေါင်းစုံ ဘာသာတရားပေါင်းစုံ နဲ့ စီးဆင်းနေကြတာအလျောက် ယဉ်ကျေးမှုပေါင်းစုံကလည်း ကူးလူးယှက်သွယ်နေကြတာ ညီမလေးအမြင်ပါပဲ ။

ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ကိုယ်ရောစိတ်ရောယဉ်ကျေးသိမ်မွေ့ခြင်းကိုဆိုလိုပါတယ် ။ ကိုယ်စိတ်နှစ်ပါးလုံးယဉ်ကျေးသိမ်မွေ့နေပါမှ ယဉ်ကျေးမှုလို့ဖွင့်ဆိုရာရောက်တယ် ။ အကိုတို့မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာဆိုရင်ယဉ်ကျေးမှုကို အထိအခိုက်မခံအောင် အမျိုးဘာသာသာသနာကိုအထိအခိုက်မခံအောင် ထိမ်းသိမ်းကြတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ် ။ ဒါပေမယ့် ယဉ်ကျေးမှုကို ထိမ်းသိမ်းတယ်ဆိုပြီးအချိန်တိုင်း ထိုင်မသိမ်းရင်ဖုံးနဲ့ နေဖို့လည်းမဟုတ်ပြန်ပေဘူး ။ လူဆိုတာ သူ့နေရာနဲ့သူ ဒူးနေရာနဲ့ဒူးတော်နေရာတဲ့တော်နေရတယ် ။ ဥပမာ ညီမလေးဟ ဘုရားစေတီဖူးမျှော်ဖို့ သွားတဲ့အခါ စကတ်တိုဘောင်းဘီတိုနဲ့မသင့်လျော်ဘူး ။ ဒါပေမယ့် ကမ်းခြေသွားတဲ့အခါကျတော့ ကမ်းခြေကအ၀တ်အစားဖြစ်တဲ့ ဘောင်းဘီတိုစကတ်တိုက သင့်တော်နေပြန်တယ် ။ ညီမလေးရေ .. ယဉ်ကျေးမှုကို ထိမ်းသိမ်းဖို့ဆိုတာ ယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်မှဖြစ်နိုင်မှာပါ ။ ဖရီးစတိုင်ဆိုတာနဲ့ အမြင်မတင့်တယ်တာနဲ့မတူပါဘူး ။ စကက်တိုခြင်းဘောင်းဘီတိုခြင်းဝတ်တာတောင် မိန်းကလေးတစ်ဦးနဲ့တစ်ဦးမတူညီပြန်ဘူး ။ အကိုတို့ နိုင်ငံဟာ အရင်ကတည်းက ထဘီဦးစားပေးဝတ်ဆင်ကြတဲ့အလျောက်အခု လိုယဉ်ကျေးမှုတွေစီးဝင်လာကြတဲ့ခေတ်ထဲမှာ ညီမလေးဝတ်တဲ့ စကတ်တို ဘောင်းဘီတိုဟာ လူတွေမျက်လုံးထဲအဖို့ အမြင်မတင့်တယ်ဘူးဆိုတဲ့အတွေးကိုရောက်စေတတ်တယ် ။

အ၀တ်အစားဟာ တကယ်တမ်းအရေးကြီးသလိုလိုနဲ့တကယ်တမ်းတော့ အ၀တ်အစားထက်ပိုအရေးကြီးတာ အနေအထိုင်ပါညီမလေးရေ ။ ညီမလေးဟာ စကတ်တိုဝတ်ခွင့်ရှိတယ် ဒါပေမယ့်အနေအထိုင်တော့ သိုသိုသိပ်သိပ်နေရမယ် မိန်းကလေးကိုး ။ မြင်ဖူးနေကြပန်းပွင့်လေးတွေကို လူတွေက တန်ဖိုးမထားတတ်ကြပေမယ့် မမြင်ဖူးသေးတဲ့ရှားပါးပန်းပွင့်လေးတွေကိုတော့လူတွေက တန်ဖိုးထားတတ်ကြတယ် ။ ဒီသဘောပါပဲညီမလေး ရေ ။ လူဆိုတာ ရှေ့မှာမြင်နေရတဲ့အကောင်းအဆိုးထဲက ကိုယ်ဘာကိုယူမလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ် ။ ဥပမာ ညီမလေးကိုရီးယားကားတစ်ကားကြည့်တယ်ဆိုပါစို့ ။ ကိုရီးယားတွေရဲ့အလုပ်ကြိုးစားမှု အပြိုင်အဆိုင်ရှိမှု သန့ှ်ရှင်းသပ်ရပ်မှု နည်းစနစ်စတာတွေကို အတုယူရမှာဖြစ်ပြီးမိန်းကလေးတွေအရက်သောက်ခန်းတွေ အချင်းချင်းယောက်ျားလုနေတဲ့အခန်းတွေကိုတော့ အတုမယူရဘူးညီမလေး ။ ဒါဟာ လောကကြီးအပေါ် ကိုယ်မြင်တဲ့ရှူထောင့်အပေါ်မူတည်ပါတယ် ။ အခုဆိုညီမလေးလည်း အရွယ်ရောက်လာပြီဆိုတော့ အချိန်တန်ရင် ချစ်တဲ့သူပေါ်လာမယ် ပြီးရင်အိမ်ထောင်တွေဘာတွေကျမယ် သားသမီးတွေမွေးလို့ ညီမလေး၇ဲ့မျိုးရိုးကိုဆက်ပြီးစောင့်ထိမ်းရတော့မယ် ။ ပထမဦးဆုံး လွတ်လပ်ခွင့်ဆိုတဲ့ Freedom အကြောင်းညီမလေးကိုပြောပြချင်ပါတယ် ။

Freedom

အကိုနားလည်ထားတဲ့လွတ်လပ်ခွင့်ဆိုတာသည် လွတ်လွတ်လပ်လပ်ကြီးလုပ်ချင်တာလုပ် မယ်ဖြစ်ချင်တာဖြစ်ဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေတာကို မဟုတ်ဘူးညီမလေး ။ လွတ်လပ်ခွင့်ဆိုတာသည် အပေါ်ယံကြည့်လိုက်ရင်ပေါ့ပါးတယ်ဆိုပေမယ့် အနောက်ကနေ တာဝန်ယူမှုဆိုတဲ့အပိုင်း ပါလာတဲ့အခါ အရမ်းကိုလေးနက်သွားရပါပြီ ။ ညီမလေးဟာ လွတ်လပ်မှုကို မြတ်နိုးတယ်ဆိုရင် ကိုယ့်ကိုယ်ကို နဲ့ကိုယ့်အကျိုးဆက်ကို တာဝန်ယူနိုင်တဲ့သူဖြစ်၇မယ် ။ ညီမလေးရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ဟာ တပါးသူရဲ့လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အပေါ် ထိခိုက်စေခြင်းမရှိရဘူး ။ လွတ်ပြီးလပ်နေတာမျိုးမဖြစ်ရဘူးညီမလေး ။ လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို တာဝန်ယူပြီး ကိုယ့်ရည်မှန်းချက်ကို အမှီအခိုကင်းကင်းအကောင်အထည်ဖော်လုပ်ဆောင်တာကိုဆိုလိုပါတယ် ။ ဒီလိုပဲညီမလေးးလူတွေအားလုံးမှာ အခုတလောလူပြောများနေတဲ့ Human Right ဆိုတဲ့ လူ့အခွင့်အရေးကိုယ်စီရှိကြတယ် ။ လူမှမဟုတ်ပါဘူး ခွေးမှာရော ကြောင်မှာရော အရာရာမှာ အခွင့်အရေးနဲ့သူ့ လုပ်ပိုင်ခွင့်သူရှိကြတယ် ။ လူတစ်ယောက်ကို ဒါလုပ်ကို လုပ်ရမယ်လို့အတင်းယုံကြည်ခိုင်းလို့မရဘူး ။ လူတစ်ယောက်ကို ဒါယုံရမယ် ဒါမယုံရင် နှိပ်စက်မယ် သတ်ဖြတ်မယ်ဆိုတာဟာလည်း လူ့အခွင့်အရေးနဲ့မညီပြန်ဘူး ။ လူဆိုတာကိုယ့်စိတ်သဘောထားအတိုင်းကိုယ်ယုံကြည်ရာကိုယ်ရွေးချယ်လျှောက်လှမ်းနိုင်ခွင့်ရှိရမယ် ။

ညီမလေးရေ သူများတွေလုပ်လို့လိုက်လုပ်တယ်ဆိုတာ ညီမလေးရဲ့ပင်ကိုယ်အရည်အသွေးညံ့ဖျင်းရာကျပါတယ် ။ ညီမလေးစဉ်းစားကြည့် မွေးလာကတည်းက ဆင်တစ်ကောင်ကိုပြပြီး ဒါဆိတ်ပါလို့ယုံကြည်ခိုင်းရင် အသက်ကြီးလာတဲ့အခါ အဲဒီလူဟာဆင်ကို ဆိတ်လို့ပဲမြင်နေတာမဆန်းပါဘူး ။ အဲဒီလူမှာအပြစ်မရှိပါဘူး ယုံကြည်ခိုင်းတဲ့လူမှာသာအပြစ်ရှိပါတယ် ။ ယုံကြည်မှုကို တည်ဆောက်ချင်ရင်တော့ လေ့လာခြင်း + ဝေဖန်ခြင်း + ဆန်းစစ်ခြင်း + သုံးသပ်ခြင်း = အဖြေထုတ်ခြင်း စတဲ့ညီမျှခြင်းနဲ့သွားရတယ်ညီမလေး ။ ဘာသာတရားဖြစ်စေ လူမှုရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ ဘာကိုပဲ ဖြစ်ဖြစ် ယုံမယုံကြည့်ရတော့မယ့်အခါ ညီမလေး အရာရာကိုလေ့လာပါ ယှဉ်တွဲသုံးသပ်ပါ အကောင်းဆုံးကိုရွေးချယ်ဖို့လိုပါတယ် ။ ညီမလေးရေ လူ့အခွင့်အရေးအရပြောမယ်ဆိုရင် အကိုဟာညီမလေးကို ဘယ်လူနဲ့ယူရမယ် ဘယ်လူနဲ့မယူရဘူးပြောခွင့်မရှိတော့ဘူး ။ ညီမလေးမှာ လုပ်ပိုင်ခွင့် ( Right ) အပြည့်ရှိပြီကိုး ။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့စိတ်ကလေးကိန်းဝပ်လာတဲ့အခါ လူဟာ တဇွတ်ထိုးဆန်လာတတ်တယ် ။ မှားနေမှန်းသိရင်တောင်နောက်မဆုတ်ချင်တော့ဘူး ။ ညီမလေးကို အင်္ဂလိပ်ကြီးနဲ့မယူပါနဲ့ တရုတ်ကြီးနဲ့မယူပါနဲ့ အကို့မှာ တားပိုင်ခွင့်မရှိတော့ပါဘူး ။ ဒါပေမယ့်ညီမလေးရေ အကိုတို့ တစ်ချက်ကလေးပြန်စဉ်းစားကြည့်ရအောင်လား ။

စောင့်လေမျိုးနွယ်

ဘယ်လိုပဲ အသားအရောင်ညီတူညီမျှ လူ့အခွင့်အရေးညီတူညီမျှ လို့ဆိုပေမယ့် ဘင်လာဒင်လည်း အမေရိကကို တိုက်ခိုက်ခဲ့တာပါပဲ ။ အိုဘားမားလည်းငြိမ်းချမ်းရေးနိုဘယ်ဆုကိုင်ပြီး ဘင်လာဒင်ကို နှိမ်နှင်းခဲ့တာပါပဲ ။ တို့ကမ္ဘာကြီးဟာ သိပ်ကြောက်ဖို့ကောင်းတယ်ညီမလေး ။ လူ့အခွင့်အရေးလို့ တစာစာအော်နေပြီး အတွင်းမှာ သတ်ဖြတ်နေတာတွေ ဆာလောင်နေတာတွေ မြင်ရတဲ့အခါ အကိုဟာ တဖြည်းဖြည်း လူ့လောကကို မျက်နှာလွှဲချင်နေမိတော့တယ် ။ ညီမလေးရေ .. အကိုတို့မြန်မာလူမျိုးတွေဟာ သိပ်ကို အားနာတတ်တယ် ။ ခင်မင်တတ်တယ် ။ ယုံပြီဆိုရင်အိမ်ပေါင်ပေးရလည်းဝန်မလေးဘူးဆိုတဲ့ လူမျိုးထဲ တို့တွေပါတယ် ။ ဒီလိုအားနာမှု ယုံကြည်မှုတွေနဲ့အတူ တို့နိုင်ငံမှာ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဟာသိသိသာသာကြီးကြီးမားလာခဲ့ရတာ ညီမလေးအမြင်ပါပဲ ။ ညီမလေးရေ ကိုယ်ချစ်တဲ့သူကို လူတိုငူ်းကတော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာပါပဲ ။ ဒါပေမယ့်ညီမလေးအနေနဲ့ ရေရှည်တွေးလို့ အိမ်ထောင်ဖက်အထိစဉ်းစားရတော့မယ့်အခါ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးကိုထည့်သွင်းစဉ်းစားပေးပါလို့အကိုကတောင်းဆိုချင်ပါတယ် ။ မျိုးဆက်ပွားတာဝန်ကို ယူထားရတဲ့ညီမလေးဟာ အင်္ဂလိပ်ကြီးယူလိုက်တဲ့အခါ အင်္ဂလိပ်မြန်မာ မျိုးစပ်လေးရလာမယ် ဂျပန်ကြီယူလိုက်တဲ့အခါ ဂျပန်မြန်မာမျိုးစပ်လေးရလာမယ် ။

ဒီလိုတွေအဖြစ်များလာတဲ့အခါ တို့တွေမှာ မြန်မာဆိုတာ နောက်ဆိုကျန်ပါတော့ဦးမလားလို့ တွေးနေမိတယ် ။ မဖြစ်သေးပါဘူး အဝေးကြီးလိုပါသေးတယ်လို့ညီမလေးပြောချင်တာလား ။ အရှည်ကိုတွေးမိရင်တော့ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်ပြီဆိုတဲ့အကြောင်းညီမလေးကိုသိစေချင်ပါတယ် ။

မြန်မာညီမလေးကမွေးလာတဲ့ရင်သွေးလေးကို အကိုက မြန်မာကလေးငယ်လေးပဲဖြစ်စေချင်တာ အကိုအတ္တကြီးမိတာဆိုလည်းဝန်ခံပါတယ် ။ အကိုက လူ့အခွင်းအရေးချိုးဖောက်မိတယ်ဆိုရင်လည်းအကို ခံပါ့မယ် ။ ဒါက အကိုမြင်ချင်တဲ့ဆန္ဒကိုး ။

မြန်မာညီမလေးက လက်ချိတ်ပြီးလမ်းလျောက်သွားတဲ့ဘေးကောင်လေးနေရာမှာ အကိုက မြန်မာကောင်လေးပဲဖြစ်စေချင်မိတယ် ။ မင်္ဂလာဆောင်တဲ့အခါ ရင်ဖုံးထိုင်မသိမ်းနဲ့သတို့သားကကျက်သရေခေါင်းပေါင်းနဲ့အခါတော်ပေးနေတဲ့မြင်ကွင်းလေး အကို မြင်ချင်မိလှတယ် ။

အကို့အတွေးအမြင်တွေ တစ်ဖက်စွန်းရောက်နေပြီလားတော့မပြောတတ်ပါဘူးညီမလေး ။ အများစုပြောနေကြတဲ့ လူ့အခွင့်အရေးဆိုတာ အကို့အနေနဲ့ စည်းဝါးလွတ် ဖြစ်ပြီး အကိုတို့တမျိုးသားလုံးကိုထိခိုက်မယ့်အရာမျိုးကိုတော့အကိုလက်မခံချင်ပါဘူး ။ မှန်တာပေါ့ ညီမလေးတို့လို မြန်မာအမျိုးသမီးလေးတွေ ရဲ့စိတ်ထဲမှာ အမျိုးကို ချစ်တဲ့စိတ် ဘာသာသာသနာကို ချစ်တဲ့စိတ်လေးရှိပြီး ကိုယ့်အသိလေးနဲ့ကိုယ် စောင့်လေးမျိုးနွယ်ကို ချစ်မြတ်နိုးရင်ဖြင့် အကို့ပူပင်မှုတွေ အေးချမ်းသွားလိမ့်မယ်လို့အကိုမျှော်လင့်မိပါတယ် ။

ဘယ်သူကမှ လာပြင်ပေးလို့မရပါဘူးညီမလေး ။ ဘယ်လိုကန့်သတ်ချက် တွေနဲ့မှလည်း လူတွေကိုပိတ်ပင်လို့မရပါဘူး ။

ကိုယ့်အသိစိတ်နဲ့ခံယူချက်မှာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်ကလေးကိန်းအောင်းပြီး စောင့်လေမျိုးနွယ်ကို အသီးသီး လက်ခံကျင့်သုံးကြရင်ဖြင့် မြန်မာဆိုတာ ကမ္ဘာတည်သရွေ့တည်တံ့နေဦးမှာပါပဲ ။

ှညီမလေးရေ .. ရေလိုအေးလို့ ပန်းလိုမွှေးပါစေ ... ယုံကြည်ရာကို ရဲဝံ့ပြတ်သားစွာ လျှောက်လှမ်းနိုင်တဲ့ မြန်မာအမျိုးသမီးလေး စောင့်လေမျိုးနွယ်ကို ချစ်ခင်ဦးထိပ်ထားတဲ့ အမျိုးသမီးလေးတစ်ဦးဖြစ်ပါစေကွယ် ။

အကို
သက်တန့်ချို
28.6.2013



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................