Monday, November 30, 2009

ကြောက်လိုက်ပါဘိ...အိုတစ္ဆေ

ကြောက်လိုက်ပါဘိ...အိုတစ္ဆေ



ရွာတွေနှင့် အတော်အလှမ်းဝေးသည့် မြေကွက်လပ်တွင် ကလေးတသိုက် ဆူညံစွာ ဆော့ကစားနေကြ၏ ။ ကလေးဟုဆိုပေမယ့် အသက်တွေကတော့ ၁၃ နှစ် ၁၄ နှစ်အရွယ်လောက်တွေ ဖြစ်သည် ။ ကျေး လက်တောရွာဆိုတော့လည်း ထိုအရွယ်သည်နှပ်ချေးတွဲလောင်းနှင့် ဆော့ကောင်းတုန်း အရွယ်ပင် ။ က လေး တစ်သိုက်တွင် စုစုပေါင်း ၅ ယောက်ပါဝင်၏ ။ အောင်ဘု ၊ ထွေးညို ၊ မဲလုံး ၊ မှဲ့ကြီး ၊ ချိုကြီး တို့ဖြစ်ကြ၏ ။ ချိုကြီးဆိုသည်မှာ ကျနော့နာမည်ကို အဖျားဆွတ်၍ ခေါ်ဝေါ်ခြင်းပင် ။ နောက်ကာလကြာလာတော့ ချိုကြီးမှ ဂျိုကြီးဖြစ်သွားလေ၏ ။ ထိုအဖွဲ့တွင် ကျနော်က အသက်အငယ်ဆုံးဖြစ်လေ၏ ။ ၁၀ နှစ်သာသာ လောက် ပဲရှိအုန်းမည်။ ကျား ၃ ယောက် မ ၂ ယောက်ဖြစ်၏ ။ ကစားနည်းကတော့ ဂုံညင်းဒိုးပစ်တိုင်း ကစား နေခြင်းပင်ဖြစ်၏ ။

အချိန်ကလည်း တဖြည်းဖြည်းမှောင်လာ၏ ။ ရွာ အခေါ်အဝေါ်တော့ နွားရိုင်းသွင်းချိန်ပေါ့ ။ နွားရိုင်းသွင်းချိန်တွင် အိမ်ရှိလူကြီးများက ကလေးများအား အပြင်သို့ထွက်ခိုင်းလေ့မရှိပေ ။ ရွာလယ်ခေါင်တလျောက် နွားအုပ် ကြီးဝင်လာချိန်တွင် တစ္ဆေ သရဲများ ကပ်ပါလေ့ရှိသည်ဟု အယူရှိသောကြောင့်ပင် ။ ကျနော်တို့ကတော့ လူဆိုး တစ်သိုက်မို့ အပြင်ကိုရောက်ရှိနေလေသည် ။ ဆောင်းတွင်းကာလမို့ အလင်းရောင်နဲနဲမှောင်လာသည်နှင့် မြူတွေက ဝေ့၀ဲလာလေ့ရှိသည် ။ တစ်စ တစ်စ နှင့် အရာရာသည် မပီဝိုးတ၀ါး ။ ကလေးတစ်သိုက်ကတော့ ဇွဲကောင်းစွာနှင့် ဆော့ကောင်းတုန်းပင် ။ ထိုအခိုက် တောင်စောင်းတနေရာမှ စူးစိုက်ကြည့်နေသော မျက်ဝန်း တစ်စုံကိုတော့ သူတို့ သတိမထားမိလိုက်ချေ ။

ရုတ်တရက် ကျနော်ပစ်လိုက်သော ဂုံညင်းက အရှိန်ပြင်းကာ မြေကွက်လပ်ကိုကျော်ပြီး တောင်စောင်း တလျောက် အောက်က လျှိုကြီးထဲသို့လိမ့်ကျသွားလေ၏ ။ ကိုယ့်ဂုံညင်းဒိုးဆိုတော့ ပူထူသွားမိ၏ ။

(ဟာကွာ သွားပါပြီ အောက်ကိုကျသွားပြီ အောင်ဘုရ မင်းကလည်းကွာ သေချာမဖမ်းဘူး ဆင်းရှာရအောင်ကွာ )
(ဟေ့ကောင် ချိုကြီး အချိန်ကိုလည်းကြည့်ဦး မှောင်နေပြီကွ အိမ်ကဆူလိမ့်မယ် ပြန်ကြရအောင်ကွာ )
(ဟာကွာ..အဲဒီဂုံညင်းက ကံကောင်းတယ်ကွ .. ငါမရရအောင်ပြန်ရှာမယ် ကြောက်တတ်တဲ့လူနေခဲ့ကွာ...)
(ချိုကြီး မင်းသေချာစဉ်းစားအုန်းနော် ဒီလျှိုကအရမ်းနာမည်ကြီးတာ ညညဆို မီးစုန်းတွေလည်း ပေါမှပေါ )
(ပေါ ပေါကွာ... ငါတော့ဆင်းပြီ မင်းကြောက်တတ်ရင်နေခဲ့ ... )
(ဟ ဖြစ်မလားကွ သွားမယ့်သွား အတူသွားမှာပေါ့ )

ဟုဆိုကာ သူတို့ ငါးယောက်စလုံး လျှိုကြီးထဲသို့ တောင်စောင်းတလျောက် စ၍ ဆင်းလာခဲ့၏ ။ တော်ပါသေးရဲ့ အိမ်မှ အောက်လင်းဓါတ်မီးလေးယူလာခဲ့မိလို့ ။ သူတို့ကစားပြီးပြန်လာလျင် မှောင်လေ့ရှိသောကြောင့် ခွေးရန်မှကာကွယ်ရန် ဓါတ်မီးကို ဆောင်လာခြင်းဖြစ်၏ ။

(ဟေ့ကောင်ဖြည်းဖြည်း ဆင်းပါကွ ဓါတ်မီးကိုင်ပြီး ရှေ့ကနေ အရမ်းဆင်းနေတယ် )

ဟုအောင်ဘုက လှမ်းပြော၏ ။ တယောက်နောက်ကျောမှ အင်္ကျီကို တယောက်ကိုင်ကာ ငါးယောက်တန်းပြီး ဆင်းလာခြင်းဖြစ်သည် ။ တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားလေ၏ ။ တချက်တချက် ဆွဲဆွဲငင်ငင် အူလိုက်သော ရွာသင်္ချိုင်းမှ ခွေးအူသံမှအပ အရာအားလုံးသည် ခြောက်ခြား ဖွယ်ကောင်း လောက်အောင်ပင် တိတ်ဆိတ်နေ၏ ။

(ဟေ့ခဏနေဦး ငါတို့နောက်မှာ အကောင်တကောင်ကောင်လိုက်လာနေသလိုပဲ အသံကြားနေရတယ် )

ဟု အောင်ဘုကဆိုလိုက်ရာ ထွေးညိုက

(နင်ကလည်းဟာ မခြောက်ပါနဲ့ဟာ ကြောက်ရတဲ့ကြားထဲ )

ဟုဆို၏ ။ ပြောရင်းထွေးညိုအောင်ဘုနောက်သို့ ကြည့်လိုက်ရာ အနီရဲရဲမျက်ဝန်းတစ်စုံ လှစ်ကနဲပျောက် ကွယ်သွား၏ ။ အောင်မလေးဟုဆိုကာ ထွေးညိုပြေးထွက်မည်ပြုသဖြင့် မနဲဆွဲထားရ၏ ။

(နင်ကလည်းဟာ ဇီးကွက်တွေဘာတွေ ဖြစ်မှာပေါ့ )

ဟု ကျနော်ပြောသာပြောလိုက်ရသော်လည်း စိတ်ထဲကတော့ သိပ် မသင်္ကာချင်ပေ ။ သူတို့ကြောက်မှာစိုး၍ မပြောခြင်းသာ ။ ကျနော်တွေ့တာတောင် ၂ ခါ ၃ ခါရှိနေပြီ ။ လမ်းတွေကလည်း ဘယ်ရောက်လို့ရောက်မှန်းမသိ ။ အစကတော့ဇွဲနှင့် အခုတော့ နဲနဲလည်းချမ်းလာပြီဖြစ်၏ ။ စိတ်ဓါတ်ကကျ ချင်နေပြီ ။ ဒါပေမယ့်လည်း ကိုယ့်ကိစ္စမို့ မာန်တင်းထားရ၏ ။

ထိုအခိုက် ဘွားကနဲ မြေကွက်လပ်ကြီးတွင်တွေ့လိုက်ရသော အိမ်အိုကြီးကြောင့် သူတို့တဖွဲ့လုံး လန့်ဖြန့်သွားမိ၏ ။ အဝေးကကြည့်လျင် လရောင်အောက် မြူခိုးတွေကြား ငုတ်တုတ်ထိုင်နေသော တစ္ဆေ တစ်ကောင်နှင့် တူလှ၏ ။ ဘေးနားက ညောင်ညိုပင်ကြီးကလည်း အသည်းယားဖွယ်ပင် ။ သရဲသဘက် လက်ချောင်းများနှင့် ဆင်တူလှ၏ ။

(ဟေ့ကောင်တွေ အဲဒီအိမ်ကြီးကို သွားကြည့်ရအောင်ကွာ ဟိုမှာ မီးလင်းနေတယ်တွေ့လား )
(အာ ချိုကြီးရာ မင်းကွာ ပြဿနာ အတော်ရှာတာပဲ ငါတို့ကြောက်တယ်ကွ)
( ငါလည်းကြောက်တာပဲ အဖော်တွေနဲ့ပဲကွာ ဘာဖြစ်လည်း )

ကျနော်တို့ပြောဆိုနေကြတုန်း မိန်းကလေး ၂ ယောက်ကတော့ ဒူးတွေပင် တုန်နေပြီ ။ ထိုအခိုက် အိမ်အိုကြီးကို လှမ်းကြည့်လိုက်တော့ စောစောကလင်းနေသော မီးရောင်က ဖျက်ကနဲဆို မှိတ်သွားလေ၏ ။ မတိုင်ပင်ထားပဲ ငါးယောက်စလုံး ပြိုင်တူ ကြက်သီးထမိသွား၏ ။ ဒီလိုနဲ့ ကျနော်ဦးဆောင်၍ ရှေ့မှသွားလေ၏ ။ အိမ်ကြီးသို့ရောက်ခါနီး ၁၀ ကိုက်လောက်အလိုတွင် ဆိုးဆိုးဝါးဝါး ပုပ်စော်နံ့နံလာ၏ ။ ရုတ်တရက်တစ်စုံတစ်ခုကို တိုက်မိပြီး ကျနော် မှောက်ရက်သား လဲကျသွား၏ ။ ဓါတ်မီးကရှေ့လှမ်းလှမ်းမှ မြက်ပင်တွေကြားထဲမှာ ။ ဓါတ်မီးအလင်းရောင်အတိုင်း ပြိုင်တူကြည့်မိတော့ လားလား.... နွားသေကောင်ကြီးထဲမှ အူတွေက အခွေလိုက်ထွက်ကျနေ၏ ။ ဘေးမှာလည်း ယင်ကောင်တွေက တ၀ုန်းဝုန်း ။

ဆက်လက်ရေးသားပါဦးမည် ။

စာရေးသူ.....သက်တန့်ချို ( ၁၁း၂၀ ည ၃၀.၁၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. အမလေး..
    တစ်ရတော့ သရဲပိုစ်..ကောင်းပါတယ်..ဟိ

    ReplyDelete
  2. သရဲတော့ ကြောက်တယ် ..
    ဒါပေမယ့်
    ဆက်ပြီး လာဖတ်လှည့်ဦးမယ် ..

    ReplyDelete
  3. ဖတ်မယ် .. ကြောက်တယ်
    ကြောက်တယ် .. ဖတ်မယ်

    ReplyDelete
  4. ပြောမှာသာပြောတာပါ ကိုသက်တန့်ချိုရေ.. အဲဒါမျိုးဆို ကြောက်တယ်ဗျ..

    ဖတ်ရင်းနဲ့တင် ကျောချမ်းတယ်ဗျ..
    မတော် တရော်တွေတော့ မလုပ်နဲ့နော်.. ညညဘက် မဖတ်ရဲပဲနေလိမ့်မယ်..းP

    ReplyDelete
  5. သရဲ အကြောင်းဆိုရင် ကြိုက်တယ်..
    နတ်သမီးတို့ကတော့...
    ဖတ်...........အုံး.............မှာ...............။
း)

    ReplyDelete
  6. မြန်မြန်ဆက်နော် သိပ်မကြာနဲ့ လန့်ရတာတောင် အရှိန်မနည်းသတ်လိုက်ရတား)

    ReplyDelete
  7. အမယ်လေး... ဒေါက်တာ... ကြောက်လိုက်တာ... ဂတ်ဂတ်.... ဆက်ရေးပါဦး.... ဖတ်လို့ကောင်းတယ်...

    ReplyDelete
  8. အောင်မလေး
    အသည်းယားလိုက်တာနော် .......း(((

    ReplyDelete
  9. မင်္ဂလာပါ ကိုသက်တန့်ရေ..

    အပိုင်း ၂ ကို စောင့်နေမယ်.. ပြီးမှ ကွန်မန့်ထပ်ပေးမယ်..

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  10. အပိုင်း(၁၊၂၊၃၊၄)တဆက်ထဲဖတ်လိုက်တယ်...စိတ်ဝင်စားဖို့ကောင်းတယ်နော်...အဲဒီချိုကြီးကမြေအောက်ခန်းကလိုက်ပြသင့်တယ်...ဟီးဟိး

    ReplyDelete