Tuesday, August 3, 2010

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၂)

ကျွန်ုပ်နှင့်သွေးဆာနေသောမြို့တစ်မြို့ (အပိုင်း ၁၂)


ကျွန်ုပ်လည်း ယခုအချိန်တွင် အခြေအနေကိုသုံးသပ်ကာ ၄င်းပြောသည့်အတိုင်းထိုင်ရန် သီတာအား အချက်ပြပြီး ကျွန်ုပ်တို့ နှစ်ဦးစလုံးဝင်၍ ထိုင်လိုက်ကြလေတော့သည် ။ တံခါးမကြီးကား တစ်စုံတစ်ဦးမှ ဆွဲပိတ်လိုက်သကဲ့သို့ ၀ုန်းကနဲမြည်ကာ ပိတ်သွားလေသည် ။ ဒေါက်တာသောမတ်စ်ကား ကျွန်ုပ်တို့ အနီးသို့ လှမ်းလာ၍

“ တွေ့ရတာ ၀မ်းသာပါတယ် ဒေါက်တာသက်တန့် ခင်ဗျားတို့ကို ဒီလို ကြိုဆိုလိုက်ရတာ စိတ်မကောင်းပါဘူး တကယ်တော့ ကျုပ်ရဲ့ တီထွင်စမ်းသပ်မှုတွေကို ပြချင်ယုံသက်သက်ပါ ဒါပေမယ့် Cape Town မှာ ခင်ဗျားတို့ကို ကြိုဖို့ လွှတ်လိုက်တဲ့ လူနဲ့ လွဲသွားတဲ့အတွက် ဒီလိုဖြစ်ကုန်တာပဲ အင်းလေ ကျုပ်ကလည်း လာကြို မယ့်အ ကြောင်းကြိုပြီးမှ ပြောမထားခဲ့တာကိုး ”

ဟုလှမ်းပြောရင်းကျွန်ုပ်နှင့် မလှမ်းမကမ်းမှ ထိုင်ခုံတွင် ၀င်၍ ထိုင်လေသည် ။ ကျွန်ုပ်က

“ ဟုတ်ပါပြီ ဒေါက်တာ သောမတ်စ်ရဲ့ ခင်ဗျားက ဖိတ်ခေါ်လို့ ကျုပ်တို့ ရောက်လာခဲ့တယ်ဆိုတာ မှန်ပါတယ် ဒါပေမယ့် ဒီလို ကြိုဆိုတာကတော့ တယ်ပြီးမနိပ်လှဘူးဗျာ ဒါနဲ့ ခင်ဗျားက ဘာကြောင့်ကျုပ်မိတ်ဆွေတွေကို ဖမ်း ထားရတာတုန်း ”

ဟု ၄င်း၏ မျက်နှာအား တည့်တည့်ကြည့်၍ လှမ်းမေးလိုက်လေသည် ။ ဒေါက်တာနိုင်ဇော်တို့မှာကား ကျွန်ုပ် တို့နှင့်အတော်အလှမ်းဝေးသည်ဖြစ်၍ မြင်သာမြင်နေရသော်လည်း အသံကိုကြားရဟန်မတူပေ ။ သို့သော် ၄င်းတို့ သုံးဦးသည် ကျွန်ုပ်၏ မိတ်ဆွေများ ပီသစွာ ကြောက်ရွှံထိတ်လန့်နေခြင်းအလျှင်းမရှိပေ ။ ဒေါက်တာ သောမတ်စ်က

“ စိတ်မကောင်းပါဘူး ဒေါက်တာသက်တန့် အစကတော့ ဖမ်းထားဖို့ ရည်ရွယ်ချက်မရှိပါဘူး ဒါပေမယ့် ခင်ဗျားရဲ့ မိတ်ဆွေ ဒေါက်တာနိုင်ဇော်နဲ့အပေါင်းအပါတွေက ကျုပ်ရဲ့ လှို့ဝှက်ချက်တွေကို အကုန်သိသွားကြပြီလေ ဒီတော့ ကျုပ်ရဲ့စမ်းသပ်မှုကို မအောင်မြင်သေးခင်အထိ ဘယ်အတားအဆီးမှ လက်မခံနိုင်ပါဘူး ဒါကြောင့်အခုလို ထိမ်းသိမ်းထားရတာပါ ”

“ အော်..အော်...ဒီလိုဆိုတော့ ခင်ဗျားမှာ လူသိမခံဝံ့တဲ့ လှို့ဝှက်ချက်တွေ ရှိနေပြီဆိုတာ သေချာနေပြီပေါ့လေ ”

ဟုကျွန်ုပ်ကမေးလိုက်ရာ ဒေါက်တာသောမတ်စ်က

“ ဟား...ဟား...ဟား....သိပ်သေချာတာပေါ့ဗျာ ခင်ဗျားတို့ကိုလည်းပြောပြမှာပါ ဘာကြောင့်လည်းဆိုတော့ ခင်ဗျား တို့လည်းမကြာခင်မှာ သွေးစုပ်ကောင်ဘ၀ ရောက်ကြတော့မှာလေ ..အမှန်တော့ Ghost City မှာရှိနေစဉ်တလျောက်လုံး ကျုပ်ရဲ့တပည့်တွေနဲ့ စောင့်ကြည့်ခိုင်းထားတာပါ တကယ်တော့ ခင်ဗျားတို့ကို ဖိတ်ခေါ်လိုက်ပြီး ခင်ဗျားတို့ရဲ့အကြောင်းကို ကျုပ်စုံစမ်းခဲ့တယ် မြန်မာပြည်က ပြန်လာတဲ့သတင်းတွေအရ ခင်ဗျား တို့ဟာ လူစွန့်စားတွေဖြစ်ကြတဲ့အပြင် တယ်လည်း သတ္တိကောင်းပြီး ကျုပ်ရဲ့လုပ်ငန်းစဉ်တွေကို ထိခိုက် မှာစိုးတဲ့အတွက် ခင်ဗျားတို့ကို ဖိတ်ခေါ်လိုက်တာ မှားမှန်းကျုပ်သိလိုက်ရတယ် .. ဒါကြောင့် ခင်ဗျားတို့ကို Ghost City ရဲ့ဘူတာရုံပျက်မှာကတည်းက ကျုပ်ရဲ့တပည့်တွေကို စောင့်ကြည့်ခိုင်းပြီး ခင်ဗျားတို့ကို အပြတ်ရှင်းစေခဲ့တာပဲ ဒါပေမယ့် ခင်ဗျားတို့ကံကောင်းလွန်းတဲ့အတွက် တစ်ယောက်မှမသေခဲ့ကြဘူး ဟား...ဟား....ဟား....ဒါပေမယ့်အခုတော့ မကြာခင် ဘ၀ပြောင်းရတော့မှာပါ ဟား..ဟား...ဟား..”

ဟူ၍ အသံနက်ကြီးဖြင့် ရယ်မောကာပြောလေသည် ။ ထို့နောက် ၄င်းက ဆက်လက်၍

“ ကဲကဲ...ကျုပ်ရဲ့လှို့ဝှက်ချက်တွေကို ဒီအတိုင်းတော့မပြောပြနိုင်ဘူးဗျ ခင်ဗျားတို့ကို ဘ၀ပြောင်းပြီးမှ အေးဆေး ရှင်းပြတာပေါ့ ”

ဟုပြောပြီး ၄င်းထိုင်နေသော ထိုင်ခုံဘေးမှ ခလုတ်တစ်ခုအား နှိပ်လိုက်ရာ ကျွန်ုပ်တို့နှင့် မလှမ်းမကမ်းရှိ အခန်း တွင်းမှ ထွက်လာသော သွေးစုပ်ကောင် ၃ ကောင် ။ အလွန်အမင်းသွေးဆာနေဟန်ရှိပြီး မျက်နှာများမှာ ကြမ်းတမ်း လက်ထန်လှပေသည် ။ သွေးစုပ်ကောင် ၃ ဦးကား ကျွန်ုပ်တို့ရှိရာသို့ တည့်မတ်စွာ လာနေချေပြီ ။ ကျွန်ုပ်လည်းအချိန်မဆွဲတော့ပဲ သီတာ့ခါးမှသေနတ်အား ဆတ်ကနဲယူလိုက်ရာ သွေးစုပ်ကောင် ၃ ဦးအားဆက်တိုက်ပစ်ချလိုက်လေတော့သည် ။ ကျည်ဆံများက သွေးစုပ်ကောင်များ၏ နှဖူးသို့ တည့်မတ်စွာ စိုက်ဝင် သွားကြကုန်၏ ။ ။ (ကံဆိုးလှစွာပင် ထိုသေနတ်တွင်လည်း ကျည် ၃ တောင့်သာ ကျန်ရှိပေတော့သည် ) ဤအခြေအနေကို ရိပ်မိသော ဒေါက်တာ သောမတ်စ်မှာ ၄င်း၏ ခါးကြားမှ သေနတ်ဖြင့် ချိန်ပြီးပစ် ရန်ပြင်လေသည် ။ သို့သော် ကျွန်ုပ်၏ လျှပ်တပြတ်ပစ်လိုက်သော ဓါးမြှောင်က ဒေါက်တာသောမတ်စ်၏ သေနတ်ကိုင်လက်အား တည့်တည့်စိုက်ဝင်သွားလေသည် ။

“ ၀ှီး ”

“ ဒုတ် ”

“ အား...”

ဒေါက်တာသောမတ်စ်မှာ လွန်စွာ နာကျင်သွားဟန်ရှိပြီး ၄င်း၏ နောက်မှ အခန်းထဲသို့ ပြေးဝင်သွားလေသည် ။ အခန်း ထဲဝင်ခါနီးတွင်

“ ဟင်း..ဟင်း..မင်းတို့ ဘယ်လိုပဲ ကြံစည်ကြံစည် ဒီအိမ်ထဲက ပြေးမလွတ်ပါဘူးကွာ ငါ့အကြောင်းသိစေရမယ် ”

ဟု ကြုံးဝါးသွားလေသည် ။ ကျွန်ုပ်တို့လည်း ၄င်း၏ တပည့်များ ထပ်ပေါ်မလာခင် ဒေါက်တာနိုင်ဇော်တို့အား ကြိုးများ သွားဖြည်ပေးလိုက်လေသည် ။

“ အကိုနိုင်ဇော်ရယ်တော်သေးတာပေါ့ ဘာမှမဖြစ်ကြလို့ အခု ကျမတို့ ငါးယောက်စလုံးပြန်ဆုံကြပြီနော် ”

ဟု သီတာက၀မ်းသာ လှိုက်လှဲသော အသံဖြင့် ပြောလေသည် ။

“ ဘယ်လိုဖြစ်လို့ အဖမ်းခံရတာတုန်း ကိုနိုင်ဇော်ရယ် အပွဲပွဲ နွှဲလာပြီးမှ”

“ဒီလိုပဲပေါ့ ကိုသက်တန့်ရယ် ဟဲဟဲ ”

“ ဒီ...ဒီလိုပါဆရာ ကျွန်တော်တို့ ၂ ယောက်ကြောင့် ဆရာ နိုင်ဇော်ပါ အဖမ်းခံရတာပါ ကျွန်တော်တို့ ၃ ယောက်က ဘူတာရုံမှာ ရထားပျက်ပြီးကတည်းက ရထားလမ်းဘေးက ခြံတစ်ခြံထဲကို အတူတူ လွင့်စင် ခဲ့ကြတာပါ အခု ဆရာ နိုင်ဇော်ရဲ့ အစီအစဉ်အတိုင်း ဒေါက်တာ သောမတ်စ်အိမ်မှာ လှို့ဝှက်ချက်တွေဝင်ပြီး ရှာဖွေခဲ့ကြပါတယ် ပထမဆုံး သွေးစုပ်ကောင်တွေကို သွားမတိုက် ပါနဲ့လို့ ဆရာနိုင်ဇော်က အတန်တန် မှာထားတာကို ထွန်းလူက လောဘကြီးပြီး သွားတိုက်မိတာကြောင့် ထောင်ချောက်မိပြီး အဖမ်းခံရတာပါ ”

ဟု ညိုမောင်က ရှင်းပြလေသည် ။

အပိုင်း (၁၃ ) မျှော်.....။

သက်တန့်ချို
3 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ဘယ်တော့ဇာတ်သိမ်းမှာတုန်း။ မျှော်ရတာလည်ပင်းလဲရှည်နေပေါ့။
    မဖတ်ပဲလဲမနေနိုင်ဆိုတော့လဲ........ :(

    ReplyDelete