Wednesday, July 13, 2011

ပြောင်းလဲလာသော ကျွန်တော့်အတွေးများ

ပြောင်းလဲလာသော ကျွန်တော့်အတွေးများ



အခုတလော ဆေးပညာပို့စ်တွေ အတင်များနေတော့ ဆေးပညာကို သာမန်လောက်ပဲစိတ်ဝင်စားပြီး ကဗျာ ၊ သုတ ၊ ရသကို နှစ်သက်တဲ့ သူတွေအတွက်တော့ငြီးငွေ့စရာကောင်းနေပါလိမ့်မယ် ။ သူငယ်ချင်းတစ်ယောက် ကပြောတယ် ။ “ ကိုသက်တန့်..ခင်ဗျား ဗျာ အလုပ်လည်းများတယ်ပြောသေး ပို့စ်တွေကလည်းနေ့တိုင်း တင်လှ ချည်လား ဗျာ .. စာဖတ်သူတွေအတွက် အချိန်ပေးပါဦး ” တဲ့ ။ အမှန်က ဒီလိုဖြစ်နေတာပါ ။ ကျွန်တော်က စာရေး တဲ့ပိုး ငယ်ငယ်ကတည်းက ရှိခဲ့တယ်ဆိုတော့ ။ ဘယ်လောက်တောင်ပိုး ထခဲ့သလဲဆိုရင် ကျွန်တော်ရေးပေး ခဲ့ တဲ့စာတွေကြောင့် တွဲခဲ့ ၊ ကွဲခဲ့ ကြတဲ့အတွဲတွေမနည်းပါဘူး ။ အဲ အင်တာ နက်ပေါ်ရောက် လာတော့ ပိုးက ထိမ်းမရအောင် ပိုဆိုးသွာရောဗျာ။ တကယ်က တခြားသူတွေအတွက်တော့ ကျွန်တော်က အချိန်တော်တော် ပိုနေလို့ စာတွေဆက်တိုက်ရေးနေတယ်လို့ပဲ ထင်ပါလိမ့်မယ် ။ အမှန်တော့အခုအလုပ်မှာက အလုပ်က ခဏနေများလာလိုက် ခဏနေမရှိလိုက်နဲ့ အချိန်တိုင်းကြီးများနေတာတော့မဟုတ်ပါဘူး ။ ဒီတော့ notepad လေးကိုဖွင့် ဘာသာပြန်မယ့်လင့်ကို ဖွင့်ထားပြီးရင် တဖျောင်းဖျောင်းနဲ့စာတွေရိုက် ။ အလုပ်ပေါ်လာပြီဆိုရင် notepad ကို အောက်ကိုခဏချထား ။ တစ်နေ့လုံးကို လုံးချာလည်နေတော့တာ ။

ညနေဖက် အလုပ်ပြီးတော့ ဆေးခန်းဖွင့်တော့လည်း လူနာပါးတဲ့အချိန်လေး စာရွက်နဲ့ချရေး ( နောက် ပိုင်းတော့ဆေးခန်းကို Laptop သယ်ဖို့စဉ်းစားတယ် - မှတ်ချက် - ကြွားခြင်းမဟုတ်ပါ လက်ဆောင်ရထားတာပါ :)) ပြီးတာ နဲ့ ရုံးကို ရောက်ရင် စာပြန်ရိုက် ပို့စ်တင် ။ ဒီလိုနဲ့ပဲသံသရာကို လည်နေတော့တာ ။ အော်..ခေါင်း စဉ်နဲ့တော့ချော်ကုန်ပါပြီ ရေးရင်းနဲ့ အဲဒီလိုပဲ ။ ပြောချင်တာက အချိန်ပိုနေ၍ ရေးခြင်းမဟုတ်ပါ ။ ၀ါသနာ + စေတနာ ပူးပေါင်း၍ ရေးခြင်းသာဖြစ်ပါတယ် ။ ကျွန်တော့်အတွေးတွေ ဘာတွေပြောင်းလဲသွားသလဲဆိုတော့

၁ ။ ပို့စ်တွေယူသုံးပြီး Credit မပေးတဲ့ကိစ္စ

ကျွန်တော် blogger စဖြစ်ခင်တုန်းက စာလေးမတောက်တခေါက် ရေးစဉ်တုန်းကပေါ့ ။ ကိုယ့်ပို့်စ်တွေကို သူများတွေ က စာရေးသူနာမည်နဲ့ ၀ဘ်ဆိုက်လိပ်စာ မဖော်ပြထားပဲ ခပ်တည်တည်နဲ့ သူတို့ နာမည်တပ်ပြီး တင်ထား ရင် ဒေါသထွက်မိပါ၏ ။ အခုလည်း ၀ဘ်ဆိုက် တချို့မှာ ပို့စ်တွေကို စာရေးသူနာမည်မဖော်ပြပဲ တင်နေ တုန်းပါပဲ ။ ဒါပေမယ့်လည်း အခုတော့ ဘလော့ သက်တမ်းကလည်း ၂ နှစ်ကျော်လာပြီဆိုတော့ ကျွန်တော် အခု ဒေါသမထွက်တော့သလိုပဲ ။ ဘယ်လိုတွေးမိသလဲဆိုတော့ ငါစရေးကတည်းက သူများတွေ ဖတ်စေချင်လို့ ဗဟုသု တ ရစေချင်လို့ ရေးတာပဲလေ ။ စာရေးသူနာမည်ပါတာမပါတာ ၊ သူတို့နာမည်တပ်ပြီးပို့စ်တင်တာထက် ကျွန်တော့် ပို့စ်တွေကို စာဖတ်သူတွေဖတ်ဖြစ်ဖို့ ကပိုအရေးမကြီးဘူးလားလို့ တွေးမိတယ် ။ ဒါကြောင့်အ ခုနောက်ပိုင်း Credit ပေးချင်ပေးမပေးချင်နေရပါ၏ ။ စာရေးသူနာမည်ဖြုတ်ကာ မိမိတို့ နာမည် ခပ်တည်တည် တပ်ပြီး ပို့စ်တင်လည်းရပါ၏ ။ ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမနေတော့ပါ ။ စာတွေကူးလို့မရအောင် Right click disable လည်းမလုပ်ပါ ။ ( ကူးချင်တဲ့သူက view source ကနေကူးလည်းရတာပါပဲ ) မလုပ်တတ်လို့ မလုပ်တာ မဟုတ်လားဟု မမေးပါနှင့် ။ ကျွန်တော် Right click disable လုပ်တတ်ပါသည် ။ မလုပ်ချင်းသာဖြစ်ပါ၏ ။

၂ ။ ကွန်းမန့်များနည်းပါးရခြင်းအပေါ်

ဟိုး ဘလော့တွေစရေးကတည်းက ကျွန်တော့်ရဲ့ဘလော့မှာ ကွန်းမန့်တွေများစေချင်တဲ့အတွက် ဟိုဘလော့ လည် ဒီဘလော့လည် ကွန်းမန့်တွေပေးလိုက် လုပ်ခဲ့ပါတယ် ။ (တကယ်လည်း အဲဒီတုန်းက အချိန်ရတဲ့အတွက် လည်ပတ်ခဲ့ပါတယ် ။ ) အခုတော့အလုပ်တွေလည်းပိ အချိန်ရှားသွားတဲ့အတွက် ကျွန်တော်ဘလော့တွေ မ လည်နိုင်တော့ ပါဘူး ။ ဖတ်ယုံလောက်ပဲတတ်နိုင်ခဲ့တယ် ။ မြန်မာပြည်က ကွန်နက်ရှင်နဲ့ blogger မှာကွန်း မန့်ပေးရခက် ခဲတဲ့အတွက် နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ် ။ အဲဒီမှာ တစ်ခုတွေးမိတာက ကျွန်တော်တို့ အဲဒီလိုလည်ပတ်တဲ့အတွက် ဘလော့ဂါသူငယ်ချင်းတွေက အားနာလို့ဖြစ်စေ ၊ ကိုယ့်ဘလော့ကို လာလည်လို့ သူ့ဘလော့ ကို ပြန်သွားလည်တာဖြစ်စေ ကွန်းမန့် အပြန်အလှန်ပေးကြတာတွေ့ရပါတယ် ။ ဒီတော့ ကိုယ်ရေးတဲ့ ပို့စ်ကြီးက တကယ်လည်းအနှစ်သာရမရှိပဲနဲ့ အားနာလို့ဖြစ်စေ ၊ လူမှုရေးအရဖြစ်စေ ၇တဲ့ကွန်းမန့်တွေ ကျွန်တော် မလိုချင်တော့ပါဘူး ။ တကယ့်ကိုစာဖတ်သူတွေက အနှစ်သာရ ပြည့်ဝလို့ အားပေးတဲ့ ကွန်းမန့်ပဲလိုချင်ပါတယ် ။ (တကယ်ဆို ကွန်းမန့်လေးတစ်ခုတွေ့ရရင်တောင် ကျွန်တော်တို့မှာ ကြည်နူးလို့...နောက်ရေးမယ့်ပို့စ် အတွက် အားအင်တွေ တွေပြည့်ဝလို့ ...)

၃ ။ C box တွင်ဆဲနေသူများအပေါ်

ကျွန်တော့်ဘလော့လေးက အတော်ကံကောင်းတယ်လို့ ဆိုရမယ် ။ ၂ နှစ်ကျော် ကာလအထိ စီဘောက်မှာ တစ်ခါမှ လာ ဆဲတဲ့သူ မတွေ့ဖူးဘူး ပြီးခဲ့တဲ့ ရက်ပိုင်းက မှ cbox မှာ ကျွနတော့်နာမည်နဲ့ မြန်မာနိုင်ငံက IP address တစ်ခုက လာဆဲထားတာတွေ့ရတယ် ။ အရင်စိတ်နဲ့ဆို ကျွနတော်ဒေါသမိပြီး ပို့စ်တွေကြီးကြီး ကျယ်ကျယ်ရေး ပြီး ပြန်ပြောမိမှာပါ ။ အခုတော့ ဒီလိုမဟုတ်တော့ဘူးဗျာ ။ ကျွန်တော့်ကို ဆဲတဲ့သူ ၊ တိုက်ခိုက် တဲ့သူ ရှိတာ ကျွန်တော့်ကိုမကျေနပ်လို့ ၊ လိုအပ်ချက်တွေ ရှိနေသေးလို့ ဘလော့မှာ အရည်အချင်းမပြည့်သေးလို့ သတိပေးတယ်လို့ပဲ မှတ်ယူလိုက်တယ် ။ စာဖတ်သူတွေကို ဒီထက်ပိုပြီး ဗဟုသုတရစေမယ့် အရာတွေ နဲ့ ပေးဆပ် ဖို့ လိုတယ်လို့ ကျွန်တော်တွေးမိတယ် ။ အဲဒီလာဆဲတဲ့ IP address ကိုတော့ စာဖတ်သူတွေကို အားနာ လို့ message တွေဖျက်ပြီး ကာလတစ်ခုကြာတဲ့အထိ ban ထားလိုက်ရပါတယ် ။ အချိန်တန်ရင်တော့ ပြန်ဖွင့်ပေးသွားမှာပါ ။ ကျွနတော့်မှာ လိုအပ်ချက်တွေများကြီးရှိနေပါသေးတယ် ။

၎ ။ Amature and Professional blogger ကွာခြားချက်

ဒါကလည်း ကျွန်တော့်ဖက်ကအ မြင် ကျွန်တော်တွေးမိတာလေးတွေပါ ။ လိုက်ကြည့်မိသလောက် ဘလော့တော်တော် များ များက ရည်ရွယ်ချက်မရှိပဲ လုပ်ထားတာတွေ့ရပါတယ် ။ အပျော်သဘောဆိုတော့ စိတ်ပါရင်ရေး တယ် ။ မပါရင်မရေးဘူး ။ ပို့စ်တင်ရင်တင်မယ် မတင်ချင်ရင်မတင်ဘူး ။ ဒါဟာ စာဖတ်သူကို မလေးစားဘူးလို့ ကျွန်တော်က ထင်ပါတယ် ။ (တကယ့်ကို အလုပ်ပိလို့ အကြောင်းရှိလို့ ပို့စ်တင်တာကျဲတဲ့သူ တွေကို ကျွန်တော်မရည်ရွယ်ပါဘူး ) ကျွန်တော်တို့ ဒီအဆင့်မှာပဲနေကြတော့မှာလား ။ ကျွန်တော့် အမြင်ကတော့ တကယ်ဝါသနာပါတဲ့သူ စာဖတ်သူအပေါ် စေတနာထားတဲ့သူတွေဟာ အရည်မရ အဖတ်မရ ရေးတဲ့ အပေါစားဘလော့အဆင်ကနေ Pro-blog အဖြစ် ကူးပြောင်းသင့်ပြီလို့ မြင်မိပါတယ် ။ ပေါက်က ရတွေရေးပြီး စာဖတ်သူတွေကို ဘာကောင်းကျိုးမှ မပေးတဲ့ အပေါစားဘလော့တွေကို ကျွန်တော်စာ အရှည်ကြီးရေးမနေတော့ပါဘူး ။ ( ဒီနေရာမှာ 18+ blog များကိုမရည်ရွယ်ပါ ။ 18+ ပင်ဖြစ်လင့်ကစား အချိန်မှန် Update လုပ်နိုင်တဲ့အတွက် အဲဒီ ဘလော့တွေမှာ ကျွန်တော်တို့လို သာမန်ဘလောတွေ့ထက် reader ဆယ်ဆလောက် များပါတယ် ။ Online ဦးရေ ဆယ်ဆလောက်များပါတယ် ။ 18+ blog များသည် အင်တာနက် အပေါ် အခန်းကဏ္ဍ တစ်ခုအနေနဲ့ သူ့နေရာနှင့်သူတည်ရှိသောကြောင့် ကျွန်တော့်အနေနှင့် ထင်မြင်ချက် မပေးလိုပါ ။ ကာယကံရှင်က ဖျက်ခိုင်းရင် ပြန်ဖျက်ပေးတဲ့ ဆိုက်ပိုင်ရှင်များကိုတော့ လေးစားပါ၏ )

ဒီတော့ Pro-blogger အဖြစ်ကူးပြောင်းမယ်ဆိုရင် အောက်ပါအချက်များရှိသင့်တယ်လို့ ကျွန်တော့်အမြင် သက်သက်နဲ့ ချရေးကြည့်မိပါတယ် ။

- တစ်နေ့တစ်ခါမဟုတ်တောင် ၂ ရက်တစ်ခါ လောက် ဒါမှမဟုတ် တစ်ပတ်တစ်ခါလောက် အချိန်မှန် ပို့စ်တွေ Update လုပ်ပေးနိုင်ရပါမယ် ။

- အရေအတွက်ထက် အရည်အချင်းကိုဦးစားပေးတဲ့ဘလော့ဖြစ်ရပါမယ် ။

- စာဖတ်သူအပေါ် စေတနာထားပြီး တစ်ခုခုပေးစွမ်းနိုင်ရပါမယ် ။ ( ခံစားမှု ၊ သုတ ၊ ရသ စသဖြင့် )

- စာဖတ်သူအပေါ် ဘာအကျိုးမှမရှိတဲ့ အရည်မရအဖတ်မရ (တခါတလေ ဘာကိုဆိုလိုမှန်း မကိုသိဘူးရေး ထားတာ ) တွေ ရှောင်ရပါမယ် ။

- ဘလော့အပြင်အဆင်သည် သားနားသပ်ရပ်ရပါမည် ။

- ၀ါသနာ+စေတနာ+ စိတ်ရှည်သည်းခံမှု ပြီးပြည့်စုံမှသာ Pro-blogger တစ်ဦးဖြစ်လာမယ့်လို့ထင်မိပါတယ် ။

စာလည်းအတော်ရှည်သွားပါပြီ။ ကျွန်တော့်ရဲ့ပြောင်းလဲလာတဲ့အတွေးတွေကို အပြီးထိဖတ်ပေး တဲ့သူငယ် ချင်းများ ကို အထူးပင်ကျေးဇူးတင်ပါတယ် ။ စာတွေလည်း ဆက်လက်ရေးဖြစ်နေဦးမှာပါ ။

သက်တန့်ချို
13 July 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. သက်တန့်နဲ့ အတွေးခပ်ဆင်ဆင်ပဲ...
    လူတွေဖတ်စေချင်လို့ လူအများ အချိန်မရွေး၊ နေရာမရွေးကြည့်လို့ရတဲ့ အင်တာနက်ပေါ်မှာ စာတင်တယ်.. ယူချင်ယူသွားပါစေ.. အနည်းဆုံးတော့ သူတို့ဖတ်မိပြီး ကြိုက်လို့နောက်တခြားသူကို မျှဝေတာပဲလို့ မှတ်ထားလိုက်တယ်.. အချိန်တန်ရင် ဘယ်သူရေးတယ်၊ ဘယ်သူ့အာဘော်ဆိုတာ လူတွေသိသွားကြပါတယ်။

    ကွန့်မန်ပေးတဲ့ကိစ္စ.. ကွန့်မန်များမှ ဘလော့အောင်မြင်တယ်၊ လူချင်လူခင်များတယ်လို့ လူတချို့က ထင်ကြတယ်။ ဘလော့ဂါတွေအတွက် ကွန့်မန်က အားဆေးပဲ.. ဒါပေမဲ့ ကွန့်မန်ရဖို့ဆိုပြီး ရည်ရွယ်ရေးခဲ့တဲ့ စာတွေတော့မရှိလောက်ဘူး။ ကွန့်မန်မပေးတာက ကွန့်မန်မပေးတတ်လောက်အောင် စာကကောင်းနေလို့ အဲဒီလိုတွေးလိုက်ရင် ပိုကောင်းတယ်။း)

    စီဘောက်မှာ ဆဲဆိုတဲ့ကိစ္စက လူများတဲ့နေရာဆိုရင် ငြင်းခုန်ဆဲဆိုမှုက ရှိစမြဲပဲ။ အမည်မသိနဲ့ ဆဲလိုက်ရလို့ ငါ့ကိုဘယ်သူမှ မသိဘူးဆိုပေမယ့် ကိုယ်ကိုယ်တိုင်တော့ သိတယ်။ လျစ်လျူရှုထားလိုက်တာက ကောင်းပါတယ်. ၁ဝခေါက်အထက်တော့ သူလဲ လာလာမဆဲနိုင်တော့ပါဘူးး)

    ဒီလိုလေးတွေ တွေးထားရင် စာရေးရတာ ပိုစိတ်လက်ချမ်းသာရှိတယ်။ တစ်ခုခုကို မျှော်ကိုးပြီးမှ ရေးနေရင်တော့ စာတွေကဖတ်လို့ကောင်းတော့မယ် မထင်ဘူး။ ...... ထင်တာပြောတာနော် ..

    စာရေးဖော်အဖြစ် အမြဲရှိနေပါတယ်..
    အားပေးလျှက်ပါ..

    ReplyDelete
  2. ကိုသက်တန့် အတွေးအခေါ်တွေ အတော်ရင့်ကျက်လာပြီလို့ ဆိုရမယ်... လေးစားပါတယ်...မုဒိတာပွါးနိုင်တဲ့စိတ်ဓတ်လေးကို...

    ReplyDelete
  3. ဟန်ကြည်July 14, 2011 at 2:40 AM

    ကောင်းတယ်...ဒီလိုပဲဖြစ်ရမှာပေါ့...

    ReplyDelete
  4. ဟုတ်ကဲ့ပါအကို ..ရေ ..မှတ်သားစရာလေးတွေနဲ့ အတူ ကျေးဇူးပါလို့...

    ReplyDelete
  5. စော(အဝါရောင်မြေ)July 14, 2011 at 12:07 PM

    ပိုစိတ်ရှည်လာတဲ့ သဘောပေါ့
    ကိုယ်စိတ်ကို အသိဆုံးပါ

    ReplyDelete
  6. ကိုသတ်တန့် ရဲ့ အတွေးတွေကို လေးစားမိပါတယ်..။

    ReplyDelete