Friday, July 22, 2011

ဖောလစ်အက်ဆစ်အကြောင်း

ဖောလစ်အက်ဆစ်အကြောင်း



ဖောလစ်အက်ဆစ်ကို vitamin B9 (သို့မဟုတ်) Vitamin Bc , folacin နဲ့ folate လို့ လည်းခေါ်တွင်ပါတယ် ။ ရေ မှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီနိုင်းဖြစ်ပြီး pteroyl-L-glutamic acid , pteroyl-L-glutamate နဲ့ pteroylmonoglutamic acid ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ ဇီဝနည်းအရ သူ့ဘာသာသူ active မဖြစ်ပါဘူး ။ ဒါပေမယ့်လည်း tetrahydrofolate နဲ့ အသည်းထဲမှာ dihydrofolic acid အဖြစ်ပြောင်း သွားနိုင်ခြင်း က အလွန်ကို အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ လူ့ခန္ဓာကိုယ်က များပြား လှတဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာ တစ်ခုဖြစ်ပါတယ် ။ လူ့ခန္ဓာကိုယ် ဟာ ဒီအန်အေ တွေ ထုတ်လုပ်ဖို့ ပြုပြင်ဖို့ အတွက် folate ကိုလိုအပ်ပါတယ် ။ ဆဲလ်တွေ ပွားများဖို့ ၊ ကြီးထွားဖို့ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာလည်း အထူးလိုအပ်ပြီး အချို့သော ကင်ဆာရော ဂါတွေမှာ အစာစားခြင်း တာဝန်ကို ထမ်းဆောင်ပေးပြန်ပါတယ် ။ သဘာဝ folate တွေအများအပြားပါဝင်တဲ့ သာမန် အစားအစာတွေဟာကင်ဆာ ဖြစ်ပွားနိုင်မှုကို လျော့ကျစေနိုင်ပါတယ် ။ ဒါပေမယ့် တွေ့ရှိချက် ကွဲပြား မှုတွေကတော့ သောက်ဆေးတွေမှာ folate တွေအများကြီးပါဝင်နေခြင်းဟာ အချို့သော ကင်ဆာတွေဖြစ် ပွားမှု ကို အားပေးစေနိုင်ပါတယ်လို့ ဆိုပြန်ပါတယ် ။ ဒါပေမယ့်လည်း ကလေးတွေနဲ့ အရွယ်ရောက်စ လူငယ်တွေမှာ ကျန်းမာတဲ့ သွေးနီဥတွေထုတ်လုပ်ဖို့အတွက် folic acid ကို လိုအပ်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင် ပါတယ် ။

Foate နဲ့ folic acid ဟာ တကယ်တော့ Latin နာမည်တစ်မျိုးဖြစ်တဲ့ folium ကနေဆင်းသက်လာတာပါ ။ အဓိပ္ပါယ် ကတော့ သစ်ရွက်လို့ ခေါ်ပါတယ် ။ သစ်သီးသစ်ရွက်တွေနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေဟာ ပြီးပြည့်စုံ တဲ့ dietary source တစ်ခုပဲဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်တွေ လျော့နည်းနေရင် folate deifciency ဖြစ်နိုင်ပြီး သာမန် western diets တွေမှာတော့ ဖြစ်လေ့မရှိပါဘူး ။ ဖောလစ်တွေ ချို့ယွင်းနေပေ မယ့်လည်း ၄ လလောက်ထိ မသိသာနိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ လူရဲ့ခန္ဓာကိုယ်ထဲမှာ ဖောလစ် အက်ဆစ် 500-20 000 mcg သိုလှောင်ထားတဲ့အတွက်ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ များ စွာသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် ။ မှတ်သားဖွယ်ကောင်းတဲ့အရာကတော့ သန္ဓေသားမှာ neural tube defects တွေဖြစ်စေနိုင်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ ၀မ်းသွားခြင်း ၊ သွေးအား နည်းရော ဂါ ၊ အားနည်းခြင်း ၊ အသက်ရှုခက်ခဲခြင်း ၊ အာရုံကြောအားနည်းခြင်းနဲ့ ခြေလက်များထုံကျင်ခြင်း (peripheral neuropathy ) တို့ကိုဖြစ်စေနိုင်ပါတယ် ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန် ဆိုးကျိုးနှင့်ပြဿနာများ ၊ သတိ လစ်ခြင်း ၊ အာရုံထွေပြားခြင်း ၊ စိတ်ကျရောဂါ ၊ လျှာ ရောင်ခြင်း ၊ အစာအိမ်နှင့် ပါးစပ်အနာများဖြစ်ခြင်း ၊ ခေါင်း ကိုက်ခြင်း ၊ ရင်တုန်ခြင်း ၊ ဂဏာမငြိမ်ဖြစ်ခြင်းနဲ့ အမူအယာပိုင်းဆိုင်ရာ ပြဿနာ များဖြစ်စေနိုင်ပါတယ် ။

Folate ပမာဏ နည်းပါးခြင်းဟာ homocystenine လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးစုံပုံခြင်းကိုဖြစ်စေပါတယ် ။ ဒါ့အပြင် ဒီအန်အေတွေထုတ်လုပ်ခြင်းနဲ့ ပြုပြင်ခြင်းတွေမှာလည်း ချို့ယွင်းသွားပြီး ကင်ဆာ ဖြစ်ပွားမှုကို ဦးတည်စေ ပါတယ် ။ ဒါပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါ (IHD) ရှိသူတွေမှာ ဖော လစ်အက်ဆစ်တွေ အများ အပြားသောက်သုံးရင်တော့ ကင်ဆာ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေ ပါတယ် ။ အသက် ၁၉ နှစ်ကျော် လူငယ်တွေမှာ နေ့စဉ်ဖောလစ်အက်ဆစ် ၁၀၀၀ မိုက်ခရိုဂရမ်လိုအပ်ပြီး မွေးကင်းစကလေးငယ် ၆ လအထိ ကတော့ နေ့စသ် ၆၅ မိုက်ခရိုဂရမ်လိုအပ်ပါတယ် ။ ကိုယ်ဆောင်သည်တွေမှာတော့၈၀၀ မှ ၁၀၀၀ မိုက်ခရို ဂရမ်အထိလိုအပ်ပါတယ် ။

ဖောလစ်အက်ဆစ်ကိုဘယ်နေရာတွေက ရနိုင်သလဲ ?



ဖောလစ်အက်ဆစ်တွေအများကြီးပါဝင်တဲ့အစားအစာတွေကတော့
- ဒေါက်ခွ ( spinach) , ကညွှတ် ၊ ခါးဥဖြူ ၊ တရုတ်မုန်လာစသော ဟင်းရွက်များ
- ပဲခြောက် ၊ ပဲစို ၊ ပဲတောင့် ၊ ပဲစေ့ ၊ ပဲပင်နှင့် ပဲနီကလေး
- ဥ အမျိုးမျိုးမှ အနှစ်များ
- Baker's yeast
- ခေါက်ဆွဲခြောက် ၊ နှံစားပင် ၊ ကောက်နှံပင် နဲ့ အသင့်လုပ် နံနက်စာ cereal တွေမှာ ဖောလစ် အက်ဆစ် ၂၅ % မှ ၁၀၀% အထိပါဝင်ပါတယ် ။
- နေကြာစေ့
- အသည်း ( folate တွေအများကြီးပါဝင်ပါတယ် )
- ကျောက်ကပ် စသည်တို့ဖြစ်ပါတယ် ။



ဒါ့အပြင်ဖောလစ်အက်ဆစ် အတန်အတင့်ပါဝင်တဲ့အစားအစာတွေကတော့ လိမ္မော်ဖျော်ရည် ၊ နာနတ်သီး ၊ စပျစ်သီး ၊ ငှက်ပျော်သီး ၊ respberry သီး ၊ ရှောက်ခါးသီး နဲ့ အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ ၊ ဂျုံ ၊ ပြောင်း ၊ အာလူး ၊ ခရမ်းချဉ်သီး ၊ ဆလတ်ရွက် ၊ ဂေါ်ဖီထုပ် နဲ့ ဘီယာ စသည်တို့ဖြစ်ပါတယ် ။ ဘယ်အစား အစာတွေက ဘယ်လောက်ထိအတိအကျပါသလဲဆိုတာကိုတော့ USDA National Nutrient Database for Standard Reference မှာ ကြည့်နိုင်ပါတယ် ။ အချို့နိုင်ငံတွေမှာ ဂျုံ ၊ စပါးစတဲ့ထုတ်ကုန်တွေမှာ ဖောလစ်အက်ဆစ်ကို ထည့် သွင်းကြပြီး ဒီလိုတိုင်းပြည်တွေမှာ လူထုရဲ့ ဖောလစ်အက်ဆစ်လိုအပ်ချက်ကို လုံလောက်စွာ ရရှိကြပါတယ် ။ DEF ဆိုတာဟာ dietary folate equivalent system ကို ရည်ညွှန်းပါတယ် ။ DEF ရဲ့သတ်မှတ်ချက်အရ စားအသောက်တွေရဲ့ ဖောလစ်အက်ဆစ်ဟာ 1 mcg ဖြစ်ပြီး သောက်ဆေးတွေမှာ ပါဝင်တဲ့ ဖောလစ် အက်ဆစ် ဟာ 0.6 mcg ဖြစ်ပါတယ် ။ အစာမစားထားတဲ့ အချိန်ဒီ supplement ကိုသောက်မယ်ဆိုရင်တော့ folic acid ဟာ စုပ်ယူနိုင်မှု 0.5mcg ထိလျော့ကျသွားပါတယ် ။ သဘာဝအတိုင်း အစားအစာတွေ မှာပါဝင်တဲ့ ဖော လစ်အက် ဆစ်ဟာ အပူချိန်အမြင့်နဲ့ UV light ကို ခံနိုင်ရည်မရှိပဲ ရေမှာပျော်ဝင်ပါတယ် ။ အချို့ အစားအစာ အစား ထိုး ထုတ်ကုန်တွေမှာ ပါဝင်တဲ့ folate ဟာ RDA ( recommended daily allowance ) အရသတ် မှတ်ထား တဲ့ folate ကို လိုက်မှီနိုင်ခြင်းမရှိပါဘူး ။

ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်မျှတတဲ့ folate ကိုသောက်သုံးခြင်းဟာ သန္ဓေသားမူမမှန်ဖွံ့ဖြိုးခြင်းကို ကာ ကွယ်ပေးနိုင်ပါတယ် ။ အထူးသဖြင့် Neural tube defects တွေဖြစ် ပြီး ဖောလစ် ချို့တဲံ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မွေးရာပါချို့ယွင်းချက်များဖြစ်ပါတယ် ။ Neural tube defects ဆိုတာ ဟာ ကျောရိုး ၊ ဦးခေါင်း ခွံနဲ့ဦးနှောက်တို့မှာ ပုံသဏ္ဍာန်မမှန်တဲ့ ဖွံဖြိုးမှုတွေဖြစ်စေပြီး spina bifida , anencephaly တို့ကိုဖြစ်စေနိုင် ပါတယ် ။



အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် ပထမ လ အတွင်းမှာ ဖောလစ် အက်ဆစ် ချို့တဲ့ခြင်း ၊ စားတဲ့စား အသောက်တွေ မှာလည်း ဖောလစ်အက်ဆစ်လုံလုံလောက်လောက်ပါဝင်ခဲ့ရင် Neural tube defects တွေ ဖြစ်နိုင် ပါတယ် ။ ဒါကြောင့် ဖောလစ်အက်ဆစ်ပါဝင်တဲ့ကိုယ်ဝန်ဆောင်အားဆေး ၊ သောက်ဆေးတွေ ဟာ မွေး ရာ ပါချို့ယွင်းချက်တွေဖြစ်တဲ့ မွေးရာပါ နှလုံးရောဂါ Congenital heart disease နဲ့ နှုတ်ခမ်း ကွဲရောဂါ cleft lips တို့ကိုကာကွယ်ပေးနိုင်ပါတယ် ။ ဒါ့အပြင်ခြေချောင်းလက်ချောင်းမူမမှန်တာတွေနဲ့ ဆီးလမ်းကြောင်း ပုံသဏ္ဍန်မ မှန်တာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန် မှာ ဖောလစ်အက်ဆစ်ချို့တဲ့ ရင်တော့ နေ့ မစေ့ လမစေ့ပဲ ကလေးမွေးခြင်း Preterm deliver နဲ့ ပေါင်မစေ့ပဲမွေးခြင်း Low birth weight တို့ကိုဖြစ်နိုင်ပြီး ကလေးကြီးထွားမှုနှုန်းကိုလည်းလျော့နည်းစေပါတယ် ။ ဒါ့အပြင် ဖောလစ်အက် ဆစ်လျော့နည်း ရင် သွေးထဲမှာ homocysteine level များလာပြီး ဒီလိုများလာခြင်းဟာ ကိုယ်ဝန်ကို ဆက်တိုက်ပျက်ကျစေနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်ပြဿနာတွေဖြစ်တဲ့ အချင်းကွာခြင်း ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း ( pre-eclampsia ) တို့ကိုဖြစ်စေနိုင် ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဖောလစ်အက်ဆစ်မှန်မှန်သောက်သုံးဖို့ နဲ့ ဖောလစ်အက်ဆစ်ပါဝင်တဲ့စအားစာတွေ စားသုံးဖို့ အတွက် ကျန်းမာရေးအသိပညာပေးဖို့ လိုအပ်ပါတယ် ။ အနည်းဆုံး 400 mcg လောက်ပါဝင်တဲ့ အစားအစာတွေ သောက်ဆေးတွေ သောက်သုံးဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်သောက်သုံးခြင်းဟာ ကလေးငယ်ကို ရောဂါတွေကနေ ကာ ကွယ်ပေးနိုင် ယုံသာမကပဲ ရောဂါရှိနေတဲ့မိခင်တွေ ၊ ဆေးတွေသောက်နေ ရတဲ့မိခင်တွေနဲ့ ဆေး လိပ်သောက် မိခင်တွေကိုပါ ပြဿနာဖြစ်ပွားနိုင် မှု လျော့ နည်းစေနိုင် ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ သုတ်ကောင်တွေ မှာ ဖြစ်တတ်တတဲ့ ခရိုမုန်ဆုန်း ချို့ယွင်းချက်တွေကိုလည်း လျော့နည်းစေပါတယ် ။ ဖောလစ် အက် ဆစ်က ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေကတော့

- နှလုံးသွေးကြောကျဉ်းရောဂါ
- လေဖြတ်ခြင်း
- ကင်ဆာရောဂါ
- အ၀လွန်ရောဂါ
- စိတ်ကျရောဂါ
- ဦးနှောက်မှတ်ဥာဏ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ
- ထင်ရောင်ထင်မှားဖြစ်ခြင်း
- ဓါတ်မတည်းခြင်းများ (allergy)
- လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ
- မျိုးမပွားနိုင်ခြင်း
- ကျောက်ကပ်ရောဂါ
- ဆီးချိုသွေးချိုရောဂါ
- မီးယပ်သွေးဆုံးရောဂါ
- ရောဂါပိုးများ ၀င်ရောက်ခြင်း ( infectious disease)
- ပါကင်ဆန်ရောဂါတွင် အရိုးဆုံးရှုံးခြင်း
- အရေပြားရောဂါများ
- B12 deficiency စသည်တို့ပဲဖြစ်ပါတယ် ။

ပြည်သူလူထုနဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖောလစ်အက်ဆစ် အကြောင်းကို ဗဟုသုတရ ရှိကြပြီး ဖော လစ် အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါများကို ကာကွယ်နိုင်ကြပါစေ ။

သက်တန့်ချို
22 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. အိုးးကောင်းလိုက်တဲ့ပိုစ့်တွေ..
    ကျမလေ.ဖောလစ်အက်ဆစ်တော့တနေ့တစ်လုံး
    သောက်ဖြစ်တယ်..
    ဒါဆိုရတယ်မလား
    ဘေးမဖြစ်ပါဘူးနော်

    ခင်မင်လေးစားစွာဖြင့်
    မဒမ်ကိုး

    ReplyDelete
  2. တစ်နေ့တစ်လုံးပုံမှန်သောက်လို့ရပါတယ် ။ ဘေးမရှိပါဘူးခင်ဗျ ။

    ReplyDelete
  3. အောင်ပိုင်ပါး))))))x- ဘလော့ရေးဖော် တောသူမလေးတော့ သူ့ဘလော့ဖျက်လိုက်ပီထင်တယ်ဗျ
    သတင်းလေး ဘာလေး မေးလိုက်ပါဦးဗျာ နှမြောစရာ

    ReplyDelete
  4. အောင်ပိုင်ကတော့ စိမ်းပြာရေညှိပဲကြိုက်တယ်း)))))x- သိုင်းဝတ္ထုတွေက စိမ်းပြာရေညှိနော် အထင်မသေးနဲ့း)

    ReplyDelete
  5. ဖောလစ်အကိစစ်က ညပိုင်းမှာဘဲသောက်ရတာလား မနက်ခင်းပိ့င်းမှာရောသောက်နိုင်ပါလားရှင့်

    ReplyDelete
  6. ကျောက်ကပ် တစ်လုံး ထဲ ပါသူအတွက် ဘယ်လိုနေထိုင်စားသောက်ရမလဲ သိချင်ပါတယ်။ ပြီးတော့ဆောင်ရန်၊ရှောင်ရန်များ လဲသိချင်ပါတယ် ။ ကျေးဇူးပြု၍ ကျောက်ကပ်နှင့်ပတ်သက်တဲ့ အကြောင်းလေး တင်ပေးပါဦး။။

    ReplyDelete
  7. ကျောက်ကပ်နှင့်ပတ်သက်၍လဲ သိချင်ပါတယ်။ ကျောက်ကပ် တစ်ခု ထဲ ရှိသူအတွက် ဆောင်ရန် ရှောင်ရန် လေး တွေသိချင် လို့ပါ ဖြေပေးရင်တော့ကျေးဇူး အထူးတင်ရှိ မှာပါ။

    ReplyDelete
  8. ကိုယ်ဝန်ဆောင်မဟုတ်တဲ့ အမျိုးသမီးတွေကော သောက်လို့ရပါသလား ဆရာ ..

    ReplyDelete