Saturday, December 12, 2009

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၅)

ရင်ထက်ထက်က ဆီးနှင်းသံ (အပိုင်း ၅)



(၅)

"နင်ဘာဖြစ်လို့ ဒီလောက်အရတာလည်း သက်တန့် ငါအရိုက်ခံရမယ့်ဟာကို ဘာလို့ အစားဝင်ခံပေးတာလည်း နင်..နင်."

မျက်ရည်လေးဝိုင်းပြီး သူ့ကို စကားတွေတတွတ်တွတ်ဆိုနေသော ရှေ့မှကောင်မလေးကို မြတ်နိုးစွာ ငေးကြည့်နေမိသည်။

" ဟဲ့ ဖြေလေ သက်တန့် ဘာလို့လဲ ဘာလို့ နင့်ပေတံကို ငါ့ကို ပေးရတာလည်း ..."

" ဒီလိုပါပဲဟာ..တစ်နေ့တော့ ပြောပြမယ် xxxxxxxx"

ကောင်မလေးက သူ့ကို ရီဝေစွာငေးကြည့်နေသည်။ နောက်နေ့မှစ၍ ကောင်မလေးနှင့်သူ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခွင့်ရခဲ့သည်။ အော်..စောစောစီးစီး အရိုက်ခံလိုက်ရင်ကောင်းသား ။ နောက်နေ့ရောက်တော့

" ကဲကဲ မော်နီတာရွေးမယ်ဟေ့ မော်နီတာဘယ်သူလုပ်မလဲ"

ထုံးစံအတိုင်း အားလုံးက ကျနော့်ကို ၀ိုင်းကြည့်ကြပြန်သည်။ ဟုတ်လည်း ဟုတ်သည်။ ခြောက်တန်းမှ ကိုးတန်းအထိ အေခန်းမှာ သူက အမြဲတမ်း မော်နီတာ လုပ်ခဲ့သည်ပဲ ။

“သက်တန့်ပါဆရာမ”

တစ်တန်းလုံးက ညီညာစွာရွတ်ဆိုကြသည်။ အတော်ချစ်ဖို့ကောင်းသည့် အတန်းသားများပါပေ ။ ဒီလိုနဲ့ ဒီနှစ်လည်း သူအတန်းခေါင်းဆောင်လုပ်ရပေဦးမည်။ အသင်းလေးသင်းလည်း ဖွဲ့သည်။ အနီ အစိမ်း အပြာ အ၀ါ တဲ့ ။ နှင်းပွင့်ဖြူလေးက အနီရောင်အသင်းခေါင်းဆောင်ဖြစ်သွားသည်။

နှလုံးသားကို ...
အနီရောင်ကြက်ခြေခတ်နဲ့....
တံဆိပ်ရိုက်နှိပ်တဲ့ ချစ်သူ...
ဒီဝင်သက်ထွက်သက်က...
မင်းတစ်ယောက်နဲ့ပဲ သက်ဆိုင်ခဲ့တာ....
ဝိဥာဉ်တစ်ခုလုံး သက်ဆုံးတိုင်ထိပေါ့...
နီစွေးစွေး နှလုံးသားတစ်ခုနဲ့....
မင်းရှေ့ မှာ ငါ....
ဒူးထောက်နေတုန်းပေါ့....ဆီးနှင်းဖြူ

ကျောင်းတက်တာ တစ်လကျော်ပြီဖြစ်သည်။ အခုဆို နှင်းပွင့်ဖြူလေးနေသည့် အိမ်သို့ သူမယောင်မလည် သွားကြည့်ဖူးပြီးပြီ ။ နှင်းပွင့် ဖြူလေးနှင့် သူ စာအကြောင်းပေအကြောင်းတွေ ကဗျာအကြောင်းတွေ ဆွေးနွေးပြီးခဲ့ပြီ ။ နှင်းပွင့်ဖြူလေးတက်သည့် ကျူရှင်မှာပဲ သူလိုက်တက်ခဲ့သည်။

ဒီလိုနှင့် သူနှင့်ကောင်မလေးတို့ အတော့ကို ရင်းနှီးလာခဲ့သည်။ ဒါပေမယ့် ကောင်မလေးကို အဖြစ်မှန်ကိုတော့ တစ်နေ့နေ့ဖွင့်ပြောမည်ဟု သူဆုံးဖြတ်လိုက်မိသည်။ ကောင်မလေးနှင့် တွေ့ဆုံပြီး ပြန်လာခဲ့သည့် နေ့တိုင်း ကဗျာတစ်ပုဒ်ရေးပြီးမှ သူအိပ်လေ့ရှိသည်။

တစ်နေ့တော့ ကျူရှင်က အပြန်

“ သက်တန့် သဘက်ခါ ငါ့မွေးနေ့ ရှိတယ် လာခဲ့နော်ငါ သူငယ်ချင်း အရင်းတွေပဲ ဖိတ် တာ ယောင်္ကျားလေးဆိုလို့
နင်တစ်ယောက်ပဲပါတယ်”

“ အေးပါ နှင်းဆီဖြူ ငါလာခဲ့ပါ့မယ်”

သူ ပြန်ပြောလိုက်သည် ။

နှင်းပွင့်ဖြူ၏ မွေးနေ့ပွဲသို့ ရောက်လာခဲ့သည်။ ရောင်စုံမီးတွေကြားမှာ နှင်းပွင့်ဖြူလေးက နတ်သမီးတစ်ပါးပေါ့ ။ အမှန်တော့ လူတွေ ရှပ်သော ပွဲတွေကိုသူ သွားလေ့မရှိပေ ။ သူသိပ်မြတ်နိုးရသော ကောင်မလေးမွေးနေ့မို့သာ ရောက်လာခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် သူ့မိဘ အသိုင်းအ၀ိုင်းက လူတွေကများနေသည်။ သူနှင့် အရွယ်တူဆိုလို့ ကျောင်းသူလေး ၄ ယောက်သာ ထိုင်နေသည် ။ သူလည်း တိုက်ခြံဝန်းကြီးကိုကြည့်၍ ၀င်ချင်စိတ်မ၇ှိတော့ ။ ဒါကြောင့် သူတို့ခြံထဲက ခြံစောင့်ဦးလေးကြီးကို လှမ်းခေါ်၍ သူယူလာခဲ့သော မွေးနေ့လက်ဆောင်လေးကို ပေးခိုင်းလိုက်သည်။ တန်းဖိုးအားဖြင့်တော့ ဘာမှ အဖိုးမတန်သော အရာတစ်ခု ။

ချစ်သူအတွက် ကဗျာ တစ်ပုဒ်နှင့် နှင်းဆီဖြူလေးတစ်ပွင့် ။

ဒီထက်တော့ ဘာမှ မပိုခဲ့ပါဘူး ။ ဒီနောက်ပိုင်းတော့ အိမ်ကြီးကို တိတ်တဆိတ်ကျောခိုင်းကာထွက်လာခဲ့သည်။ သူက ကောင်မလေး မျက်နှာလေး မြင်ရယုံနဲ့တင် ကျေနပ်နေတတ်ခဲ့သည်ပဲလေ ... ။

မွေးနေ့ပွဲကို လူကိုယ်တိုင်မလာခဲ့၍ ကောင်မလေးက သူ့ကို အတော်စိတ်ဆိုးသွားခဲ့သည်။ မတတ်နိုင် နာရေးမှလွဲ၍ သာရေးပွဲတွေကို သူသွားလေ့မရှိ ။ သူက ဒီလိုပဲ တိတ်တဆိတ် နေချင်ခဲ့သူပဲလေ ။ လာမည့်အပတ်တွင် ကျောင်းပေါင်းစုံ သိုင်းပြိုင်ပွဲရှိသည်။ သူလေ့ကျင့်ရဦးပေမည် ။ ရေမိုးချိုး၍ ကျူရှင်ချိန်နီးလာပြီဖြစ်၍ အမြန်တက်သုတ်ရိုက်ခဲ့သည်။

မိုးတွင်းဆိုထီးဆောင်လေ့မရှိသော သူ့အဖို့ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြည်လင်သန့်စင်နေသည်။ လွယ်အိတ်ကိုလွယ်ပြီး ကျူရှင်ဖက်ကို လျောက်လာခဲ့သည်။ လမ်းချိုးလေးတစ်ခုနားကို ရောက်တော့ ရုတ်တရက်မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်းတို့ ဆက်မလှမ်းနိုင်တော့ ။ သူသိပ်ချစ်ရသော ကောင်မလေး ဆီးနှင်းဖြူနှင့် ဘေးနားမှာ ကောင်လေးတစ်ယောက် ရယ်ရယ်မောမောနှင့် ယှဉ်တွဲပြီးလျောက်သွားကြသည် ။ ဒီကောင်လေးကို သူသိသည်။ သူတို့နှင့် တစ်ရပ်ကွက်ကျော်က လူမိုက်လက်သစ်လေး ကျော်ဇေယျာဝင်းတင့် ဆိုသူဖြစ်သည်။ ကျူရှင်ပင်တက်ချင်စိတ်မရှိတော့ ။ သူတို့ နောက်ကပဲ တိတ်တိတ်လေး လျောက်လာခဲ့မိသည်။ နှင်းပွင့်ဖြူက စကားပြောရင်း နောက်လှည့်ကြည့်လိုက်တော့ ကျနော့ကို တွေ့သွားပုံရသည်။ ကျနော့ဆီသို့ နောက်လှည့်ပြီး ပြန်လျောက်လာသည်။

" သက်တန့် နင်နဲ့ ရှင်းစရာရှိတယ်"

" ဘာတုန်း နှင်းပွင့်ဖြူရဲ့ ငါပိုက်ဆံလည်း မချေးမိပါလား "

" နင်ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့နော် သက်တန့်"

" ..........."

ကျနော်တို့ စကားပြောနေခိုက် ကျော်ဇေယျာဝင်းတင့်ရောက်လာသည်။

" သူက ဘာလဲနှင်း နှင်းကို လိုက်နှောက်ယှက်နေတဲ့သူလား"

" မဟုတ်ဘူး ကျော်ဇေယျာ သူကသက်တန့်တဲ့ ငါတို့အခန်းက ငါ့ သူငယ်ချင်း ငါသူနဲ့ ရှင်းစရာရှိသေးတယ် နင်သွားနှင့်"

" အိုကေနှင်း လိုအပ်ရင် ကိုယ့်ကို ခေါ်လိုက် ကိုယ်ကျူရှင်မှာ ရှိနေမယ်"

သကောင့်သားက ပြောပြီး ကျနော့ကို ဘုကြည့်ကြည့်ကာ လှည့်ထွက်သွားသည်။

" နေစမ်းပါဦး သက်တန့် နင်ကဘာလို့ ငါ့မွေးနေ့ကို မလာရတာလဲ ရှင်း အဲဒါကို အခုရှင်း "

" ဟို...ဟို... ငါကိစ္စလေးတစ်ခု ရှိလို့ပါဟာ ငါတောင်းပန်ပါတယ်နော် ဆီးနှင်းဖြူ"

" ငါ့ကို နာမည်အမျိုးမျိုးခေါ်မနေနဲ့ တစ်မျိုးပဲခေါ် ဟွန်း ဒါပဲနော်...နင်သိပ်ရွှီးမနေနဲ့ ခြံစောင့်ဦးလေးက ငါ့ကို အကုန်ပြောပြီးပြီ နင် လာပြီးမှ ပြန်လှည့်ပြန်သွားတာတဲ့ ..နောက်တစ်ခါဆို နေသေပြီသာမှတ်ဒါပဲ"

ပြောပြောဆိုဆို ချာကနဲနောက်သို့ ပြန်လှည့်သွားသည်။ ယိမ်းခါလိုက်သော အရှိန်ကြောင့် ဆံနွယ်တို့က မျက်နှာနားမှ ၀ဲသွားသည်။ သင်းပျံ့သော ချစ်သူရဲ့ ရနဲ့တစ်ခု ။ သူမျက်လုံးလေး မှိတ်နေမိသည်။ နှင်းပွင့်ဖြူ သွားပြီအထင်နှင့် မျက်လုံးကို ဆက်မှိတ်ထားလိုက်သည်။ ပြန်ဖွင့်ကြည့်လိုက်တော့ သူ့ကို စိုက်ကြည့်နေသော ကောင်မလေးကို တွေ့လိုက်ရသည်။

" အောင်မလေး..တော်သေးတာပေါ့..ငါက ငုတ်တုတ်ကြီးများ သတိလစ်သွားတာလားလို့ ဟွန်း.. ဒါနဲ့ နင့် ကဗျာလေးအရမ်းကောင်းတယ် ကျေးဇူးနော် "

ဆိုပြီး လှစ်ကနဲပြေးထွက်သွားသည်။

အဲဒီအခိုက်မှာပဲ ....
ဆီးနှင်းတွေပြိုကျ.....
ဝိညဉ်တစ်ခု လွင့်ပါးသွားတယ်....
ချစ်သူရဲ့ သင်းရနဲ့ တစ်ခုနဲ့....
ဒီရင်ဘတ်က နိမ့်ချည်မြင့်ချည်....
ကမ္ဘာမြေအနှံ့မှာ ...
တေးသွားတွေကြားနေရတယ်...
သိပ်......" ........... " တယ်.... ဆီးနှင်းဖြူရယ်....

ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. ဖတ်လို့ကောင်းပြီး ခံစားကြည်နှုးမိပါတယ်။ ဆက်လက်စောင့်မျှော်အားပေးလျက်

    ReplyDelete
  2. စိတ်ရှည်တော့ဘူးဗျို့  မျှော်ရလွန်းလို့ ....

    ReplyDelete
  3. ဟုတ်ကဲ့ ဇတ်လမ်းက ၀ထ္ထုရှည်ဆိုတော့ အမြန် typing ရိုက်နေပါတယ်ခင်ဗျ တီးခံပေးပါဟီး... အားပေးတဲ့ချစ်သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်နော်...။

    ReplyDelete
  4. ကိုသက်တန့် လာဖတ်သွားတယ်နော်...

    ReplyDelete
  5. ဆက်ရေးပါဗျို.

    ReplyDelete
  6. နုတယ်... မိုက်တယ်... ဒေါက်တာရေ့...

    ReplyDelete
  7. ကိုသက်တန့်ရေ...
    အခု အပိုင်း(၅)အထိ တစ်ခါတည်းဖတ်သွားတယ်ဗျာ...။ ကောင်းတယ်...၊ ကိုယ်တွေကျောင်းသားဘ၀လေးကို ပြန်ရောက်နေရသလိုပဲဗျာ...။ တစ်ခုတော့ပြောခဲ့ချင်တာ..။ စိတ်မဆိုးနဲ့နော်...။ အဓိကဇာတ်ကောင်ကို ၀တ္တုတစ်လျှောက်လုံး“သူ”လို့ နာမ်စားသုံးနေခဲ့ပြီး...တစ်ခါတစ်လေ ကျနော်ဆိုပြီး ဖြစ်ဖြစ်နေတတ်တယ်ဗျာ...။ နောက်ပြီးကောင်မလေးရဲ့နာမည်ကလည်း....ဆီးနှင်းဖြူ၊ နှင်းပွင့်ဖြူ၊ နှင်းဆီဖြူဆိုတာ ဖြစ်နေတယ်...။ နောက်ဆက်ရေးရင် သတိထားမိနိုင်အောင်လို့ပါနော်...။ ဝေဖန်တာမဟုတ်ပါဘူးဗျာ...။ စာတွေ အများကြီးရေးနိုင်လို့ လေးစားပါတယ်...။

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  8. ဟုတ်ကဲ့ပါခင်ဗျ ကောင်မလေးနာမည်က ၃ မျိုးလုပ်ထားတာ ကောင်လေးက စိတ်ထဲကနေတိတ်တိတ်လေး ပေးထားတာက ဆီးနှင်းဖြူ တကယ့်နာမည်အရင်းက နှင်းပွင့်ဖြူ နောက်သူက နှင်းဆီဖြူပွင့်လေးနဲ့ တူလို့ နှင်းဆီဖြူလို့လည်းခေါ်ချင်သေးတယ် ဒါပေမယ့် နှင်းဆီဖြူက တာရာမင်းဝေရဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ကောင်မလေး မှာ ဇတ်ဆောင်ဖြစ်နေတဲ့အတွက် သူ့ကို နောက်ပိုင်းမှာ နှင်းပွင့်ဖြူလို့ပဲ ဆက်သုံးထားပါတယ် ။ ကိုဏီလင်းညိုကိုလည်း အများကြီးကျေးဇူးတင်ပါတယ်နော် အခုမှ ပထမဆုံး စရေးတဲ့ ၀ထ္ထုရှည်ဖြစ်တဲ့အတွက် ဝေဖန်ထောက်ပြပေးကြပါလို့.. ခင်မင်စွာဖြင့်း)

    ReplyDelete
  9. သက်တန့်ရေ..ဖတ်လို့အရမ်းကောင်းတယ်...
    စောင့်မျှော်နေမယ်...

    အားပေးလျက်ပါ
    မိုးငွေ့

    ReplyDelete
  10. ကိုသက်တန့် က စွန့် လိုက်တာ တအားဘဲ။
    ကောင်မလေးတွေများလွန်းလို့ နာမည်တောင် မမှတမိတော့ဘူး။ တပိုင်းတစ ဘဲဖတ်၇တယ် ကျန်တဲ့အပိုင်းက ဘယ်မှာ သွားရှာရမှာလဲ.

    ReplyDelete