Monday, March 21, 2011

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၃)

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၃)




ရာသီဥတုတွေဖောက်ပြန်တော့ နွေရာသီကြီးကို မိုးကရွာနေလိုက်တာ မတိတ်တော့ပါဘူး ။ စရွာတုန်းကတော့ သင်္ကြန် လက်ဆေးမိုးတဲ့ ။ လက်ကလည်းဆေးလို့ မပြီးနိုင်တော့ဘူးလားမသိပါဘူး ။ ဘယ်နေရာသွားသွား စိုစိစိုစိနဲ့ ။ ကျွန်တော့်သူငယ်ချင်းတွေကပြောတယ် ။ မိုးရွာရင်ကောင်းတယ်တဲ့ ။ ဂျီပီဘ၀ အူစိုတယ်ဆိုပါတော့ ။ မိုးလေး မိလိုက် နှာလေးစေးလိုက် ချောင်းလေးဆိုးလိုက် ဆရာဝန်ဆီလာလိုက်နဲ့ ဟုတ်နေတာပါပဲ ။ ဒါပေမယ့် ကျွန်တော့်ဆေးခန်း ကတော့ ပြောင်းပြန်ဗျ ။ သူများတွေ .. ဘာတဲ့ ... ပြတ်တုန်းလပ်တုန်း ၂၃ဆိုလား လကြပ် ရက်ကြီးမှာ လူနာပါးနေတုန်း ကျွန်တော့်ဆေးခန်းက စည်ကားနေလိုက်တာ ။ အဲ မိုးတွေရွာလို့ သူများဆေး ခန်းတွေ လူစည်လာရင်တော့ ကျွန်တော့်ဆေးခန်းက လူနာအလဲကျဲသွားရော ။ ဘာဖြစ်တယ်မသိပါဘူး ။ ကဲ.. ထားပါတော့... ။

ထုံးစံအတိုင်း မိုးတွေအဆက်မပြတ်ရွာနေတဲ့ ညတစ်ညပေါ့ ။ ဒီညတော့ လူနာလေးပါး တုန်း ဆေး စာအုပ်လေး ဖတ်မယ်ဆိုပြီး ကိုင်ယုံရှိသေး ဆေးခန်းထဲကို စုံတွဲတစ်တွဲဝင်လာပါတယ် ။ ပထမတော့ ကျွန်တော် သိပ်မ မှတ်မိဘူး ။ နောက်အသေအချာကြည့်တော့မှ ကျွန်တော်ငယ်သူငယ်ချင်းအောင်ကို ဖြစ်လို့ နေပါတယ် ။ ဒီလိုနဲ့ အား ရ၀မ်းသာနဲ့ကျွန်တော်လည်း ဒီကောင့်ကို နှုတ်ဆက်လိုက်ပါတယ် ။

“ ဟ.. ဟေ့ကောင် ဘယ်ကနေဘယ်လို မျက်စိမှောက်ပြီး ရောက်လာတာတုန်း လာလာ ”

“ ဟာ..သူငယ်ချင်းမင်းကွာ ရှာလိုက်ရတာ မင်းဆေးခန်းကလည်း ငါဖြတ်သွားတာ ငါးခေါက်လောက်ရှိပြီ အခု မှတွေ့တယ် ” ( တိန်.. ဒါဒီကောင်သပ်သပ်နှိပ်ကွပ်တာ )

“ ဟဲဟဲ ..မင်းကမျက်လုံးမှ မကောင်းတာကွ ဘယ်တွေလိုက်ကြည့်နေလဲမှ မသိတာ ကဲဆို.. အလည်ဝင် လာတာလား ငါဘာကူညီပေးရမလဲ ”

ကျွန်တော်ပြောလိုက်မှ အောင်ကိုက သူနဲ့ပါလာတဲ့ ကောင်မလေးကို မိတ်ဆက်ပေးဖော်ရပါတယ် ။

“ ဟီး..မိတ်ဆက်ပေးဖို့ မေ့နေတယ် ဒါငါ့ကောင်မလေး ဇွန်ပွင့်တဲ့.. ဟဲ့ ဇွန်ပွင့် ဒါငါ့သူငယ်ချင်း အရင် ကတော့ ဂေါ်လီရိုက်ဖက်ပေါ့ဟာ အခုတော့ သူက ဆရာဝန်ကြီးဖြစ်နေပြီ ”

(ဟုတ်ကဲ့..လမ်းကြုံရင် ၀င်လည်နိုင်ပါတယ်လို့ ဖိတ်ခေါ်လို့ကောင်းတဲ့နေရာမဟုတ်တဲ့အတွက် ကျွန်တော် လည်း ခေါင်း ညိတ်ပြလိုက်ပါတယ် )

“ ဒီလို သူငယ်ချင်းရ ...ဟို......ဟိုကွာ ..ငါမင်းကို ပွင့်ပွင့်လင်းလင်းပဲပြောမယ်ကွာ ငါတို့ ၂ ယောက် က လက် ထပ်ဖို့ အစီအစဉ်ရှိပါတယ် ။ အခုတော့ မပြည့်စုံသေးဘူး ဆိုပါတော့ကွာ ။ သူက ပဲခူး ဖက်ကကွ ဒီမှာအဆောင် ဌားပြီးလာနေတာ ငါတို့ ...ဟို.. အတူတူနေတာတော့ကြာပြီကွ ဒါပေမယ့် ပြီးခဲ့တဲ့အခေါက်တုန်းက သူ ဘာဆေး မှမသောက်မိဘူး သူငယ်ချင်း ။ ငါလည်းပေါ့သွားတာလည်းပါတယ် ။ အခုသူ ပုံမှန်ရာသီလာရမယ့် ရက် ကိုကျော်နေပြီ သူငယ်ချင်း..အဲဒါ..ငါ...ငါ ဘာလုပ်ရမလဲသူငယ်ချင်း ”

“ ဟင်း...ဖြစ်ရမယ် မင်းကတော့ အရင်တုန်းကလည်းမှတ်မိသေးလား ထုပ်စီးတိုးတုန်းက လည်း မင်း စည်းကျော် လို့ ထမင်းရည်ပူလောင်ခဲ့ပြီးပြီး အခုလည်းစည်းကျော်ပြန်ပြီ ဘာလုပ်ရမလဲဆိုတော့ ယူလိုက်ပေါ့ကွာ အဖတ် တင်တာပေါ့ ”

ကျွန်တော်အဲဒီလိုပြောတာကို သူ့ကောင်မလေးက ကြားပုံပေါ်ပါတယ် ။ ရှက်တယ်လည်းတူပါရဲ့ ။ ခေါင်းကြီးငုံ့ပြီး ဇက်ကြီး လိမ်နေတာ တစ်ယောက်ယောက်က ဇတ်လာလိမ်ထားတဲ့အတိုင်းပဲ ။ ကျွန်တော်လည်း ဆန်ရင်း နာနာဖွတ် ရတာပေါ့ ။ ဟိုကိုသွားပြောလို့မှမရတာ ။ ဒါနဲ့အောင်ကိုက ဆက်ပြောပါတယ် ။

“ ဟာကွာ ..ယူမှာပါကွ မင်းကလည်း အဲဒါကို မပူပါနဲ့ ငါအခု အဲဒီရက်ကျော်နေတဲ့ကိစ္စ ဘာဆက်လုပ်ရမလဲ ခက်နေလို့ ကွ ပြီးတော့ ငါ့အကြောင်းလည်း မင်းသိသားနဲ့ ဘာမှပြည့်စုံတာမှမဟုတ်တာ ”

“ အေးပါကွာ..အေးပါ ..မင်းကတော့ အရာရာနဲ့အကြောင်းကြောင်းကြီးပဲ .. ဒီမှာအောင်ကိုရ အမှန်တော့ ဒီကိစ္စဆို တာမျိုးက ပေါ့သင့်တဲ့အရာမျိုးတော့မဟုတ်ဘူးကွ ကဲမင်းကိုငါမေးမယ်ကွာ အကယ်၍ ကောင်မလေးမှာ ကိုယ်ဝန် ရှိသွားပြီဆိုပါတော့ မင်းဘာဆက်လုပ်ချင်လို့လဲ ”

“ ဟို....ဟိုကွာ မင်းမှာ နည်းလမ်းလေးဘာလေးများမရှိဘူးလား ဟိုကွာ ကိုယ်ဝန်ဖျက်...ဖျက်ချ ”

“ ဘာ..အောင်ကို မင်းဘာပြောတာလဲ မင်းလူသတ်သမားဖြစ်ချင်လို့လား ဒါလူသတ်မှုနော် ဘယ်ရှုထောင့် ဘယ် ဘာသာရေး ကပဲကြည့်ကြည့် ဘယ်လိုလူမျိုးမှ လက်ခံနိုင်တဲ့ ဖြစ်ရပ်မဟုတ်ဘူး ။ မသိနားမလည်သေးတဲ့ အသက်ဝိဥာဉ်ရှင်သန်ခွင့်တောင် မရရှာသေးတဲ့ ကလေးတစ်ယောက်ကို ရက်ရက်စက်စက် ဖျက်ချဖို့ဆိုတာ မင်းမို့တွေးရက်တယ်ကွယ် .. အောင်ကို ငါပြောမယ်သူငယ်ချင်း ငါတို့ အခုလို အသက်ရှင်နေထိုင်နေရတာ ဘာအ တွက်လို့ မင်းထင်လဲ ။ လူပဲကွာ အချိန်တန်ရင်တော့သေကြရမှာပါပဲ ။ ဒါပေမယ့် မသေချင် အချိန် တိုလေးအတွင်းမှာတော့ လူပီသဖို့ လိုတယ် သူငယ်ချင်း ။ ငါတို့ ဘ၀ကို ကောင်းကောင်းမွန်မွန် အဓိပ္ပါယ် ရှိရှိ ဖြတ်သန်းဖို့ လိုတယ်လေ ။ မင်း တစ်စုံတစ်ခုကို ကျူးလွန်ခဲ့ပြီးပြီ ။ အဲဒီကရလာတဲ့ အကျိုးဆက်ဟာ မင်းမှာ အပြည့်အ၀တာဝန်ရှိတယ် သူငယ်ချင်း ။ ဘုရားမကြိုက် တရားမကြိုက် သူများအသက်သတ်ခြင်းဆိုတဲ့ ကံကို မကျူးလွန် ချင်စမ်းပါနဲ့ကွာ ။ ငါလည်းဘယ်တော့မှ အဲဒီလိုလုပ်မှာမဟုတ်ဘူးသူငယ်ချင်း ။ အေး ဒါပေမယ့် ငါမတတ်လို့ ဒီလိုပြောနေတာတော့မဟုတ်ဘူးနော် ။ သူများနိုင်ငံတွေမှာတော့ Therapeutic abortion ဆိုတာရှိတယ် ။ တရားဝင်ခွင့်ပြုထားတာပေါ့ ။ ဥပမာကွာ Ultrasound ရိုက်ကတည်းက ကလေးလေး က သေနေ မယ် ။ ဥာဏ်ရည်မမှီကိုယ်လက်အဂါင်္ချို့တဲ့ လောကကြီးမှာ ဒုက္ခိတ အဖြစ် တစ်သက်လုံးနေနေရမယ့် ကလေး မျိုးပေါ့ကွာ ။ ဒါမျိုးကိုတော့ သူတို့နိုင်ငံမှာ တရားဝင်ခွင့်ပြုပေမယ့် ငါတို့လူမျိုးတွေကတော့ အဲဒီလောက်နှ လုံးသား မမာဘူးသူငယ်ချင်း ...မင်းအဲဒီအတွေးကို ဖျောက်လိုက် သူငယ်ချင်း မင်းကွာ ငါနဲ့ မပေါင်းဖူး တာကျနေ တာပဲ ဒီလိုပြောရတယ်လို့ ”

“ အေးပါကွာ...ငါမှားသွားတယ်သူငယ်ချင်း ငါနားလည်ပါပြီကွာ အခုငါဘာဆက်လုပ်ရမလဲ မင်းပြောပါ ”

“ အခု မင်းလုပ်ရမှာက ကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့ ကိရိယာ ( UCG strip) ၀ယ်သွားလိုက် အဲဒါနဲ့ နံနက်စောစော ဆီးထဲနှစ်ပြီး စစ်ရမယ် အဲဒီ UCG strip မှာလည်း မြန်မာလို အညွှန်းရေးထားတယ် ။ အဲ ဆီးစစ်ပြီးလို့မှ ၂ ကြောင်းပေါ်ပြီ ကိုယ်ဝန်ရှိသွားခဲ့ရင်တော့ မင်းလုပ်စရာက သူ့ကို လက်ထပ်ပြီး အဲဒီကလေးကိုယူဖို့ပဲ ။ အဲဒီလို မဟုတ်ပဲ ကိုယ်ဝန်မရှိခဲ့ရင်တော့ ဒါဟာ အရင်ကသောက်ခဲ့တဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ effect ကြောင့် ရက်ကျော် တာ ရာသီမမှန်တာဖြစ်နိုင်တယ် ။ အဲဒါကိုတော့ ငါကူညီပေးနိုင် တယ် ဆေးခန်း ကိုပြန်လာခဲ့ သူငယ်ချင်း”

“ အေးကွာ အခုမှပဲ ငါ့စိတ်ထဲ ရှင်းသွားတော့တယ် ကျေးဇူးသူငယ်ချင်း မင်းပြောတဲ့ နည်းလမ်းအတိုင်းလုပ်ပါ့မယ် ကဲ...ငါတို့ သွားဦးမယ် သူငယ်ချင်း သူ့ကို ပြန်လိုက်ပို့ပေးရဦးမယ် ”

“ အေးအေး.. သူငယ်ချင်း ဖြေးဖြေးပြန်နော် ....”

ဒီလိုနဲ့ ကျွန်တော့်ကို နှုတ်ဆက်ပြီး သူတို့ အတွဲပြန်သွားကြတယ် ။ ကောင်မလေးမျက်နှာလည်း အလာတုန်းကလို စိုးရိမ်ပူ ပန်သောကမျိုးမရှိပဲ ကြည်လင်လို့.... ။ ကျွန်တော့်ဆေးခန်း အဲဒီနေ့က လူနာသိပ်မလာပါဘူး ။ ဒါပေမယ့် ရင်ထဲမှာတော့ ကျေနပ်နေမိတယ် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

1 comment:

  1. ဆေးပညာဗဟုသုတလေးတွေအတွက်
    ကျေးဇူးပါအကို။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete