Tuesday, March 22, 2011

Responsibility

Responsibility




လူတိုင်းလူတိုင်းမှာ responsibility လို့ခေါ်တဲ့ တာဝန်ယူနိုင်မှု ၊ တာဝန်ယူခြင်း ကို အကြိမ် ၃ ကြိမ် ကြုံရလေ့ ရှိပါတယ် ။ ပထမအကြိမ်ကတော့ ငယ်ရွယ်သေးတဲ့အချိန် မိဘအုပ်ထိမ်းမှုလက်အောက်မှာ ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့တာဝန်ကို မိဘက ယူလေ့ရှိပါတယ် ။ ဒုတိယအကြိမ်ကတော့ အချိန်တန်လူလားမြောက် ဥစ္စာရှာတဲ့ အရွယ်မှာ ကိုယ့်ကိုယ်ကိုယ်ထိမ်းကျောင်းပြီး ကိုယ့်တာဝန်ကိုယ်ယူရပါတယ် (အဲဒီအချိန် ကိုယ့်တာဝန်ကိုယ် ယူနိုင်ပြီဆိုရင်တော့ မိဘရဲ့ တာဝန်ကိုပါ သားသမီးက တစ်ပြန်တာဝန်ယူ ထမ်းထောင် ရပါတယ် ။ တတိယ အကြိမ်ကတော့ အိမ်ထောင် ရပ် သား ကျပြီးလို့ မိမိခင်ပွန်း ၊ မိမိမိန်းမရဲ့ တာဝန်ကို ယူရခြင်း (အိမ်ထောင့်တာဝန်)ပဲဖြစ်ပါတယ် ။ ကဲ ဒါဆို ကျွန်တော်တို့ အဲဒီထက်ပိုပြီး ဖြန့်ကျက်တွေးကြည့်ရအောင် ။ ဆရာနဲ့တပည့်ကြားရော ၊ စောင့်ရှောက် သူနဲ့ အစောင့်ရှောက်ခံသူရဲ့ကြားရော ၊ နောက်ဆုံး ချစ်သူရည် စားတွေကြားမှာရော ဘယ်လို တာဝန်ယူမှုမျိုး responsibility မျိုးရှိသင့်သလဲ ၊ ရှိဖို့ လိုအပ်လဲ ရှိရမလဲ ဆိုတဲ့အကြောင်းလေး ဆွေးနွေးကြည့်ရအောင် ။

အဓိက ပြောချင်တာကတော့ “ လက်မထပ်ရသေးပါကွာ ဒီကောင်မလေးကို ငါတာဝန်ယူစရာမလိုပါဘူး ငါတစ်ခု ခုကျူး လွန်လိုက်တော့ရော ဘာဖြစ်လဲ ဒါလေးအတွက်နဲ့ ငါက ဘာကိုတာဝန်ယူရမှာလဲ ” ဆိုတဲ့ တကိုယ်ကောင်း ဆန်ဆန် ကိုယ့်ဖို့တစ်ဖို့တည်းသာ ကြည့်တတ်တဲ့ ကာမမုဆိုးတွေကို ပစ်မှတ်ထားပြောလိုခြင်းဖြစ်ပါတယ် ။ ကဲ ဆိုပါစို့ဗျာ ။ ဆိတ်ကွယ်ရာ တစ်နေရာမှာဆိုပါစို့ ။ ခင်ဗျားနဲ့ ကောင်မလေးတစ်ယောက်ရှိနေကြတယ်ဆိုပါစို့ ။ အဲဒီကောင်မလေးဟာ ခင်ဗျားနဲ့ ချစ်သူဖြစ်ချင်ဖြစ်မယ် ၊ သူငယ်ချင်းဖြစ်ချင်ဖြစ်မယ် ၊ အီစီကလီ လည်းဖြစ် ချင်ဖြစ်မယ် ။ အဲဒီအခါမှာ ခင်ဗျားက စိတ်မထိမ်းနိုင်လို့ တစ်စုံတစ်ခုကျူးလွန်မိပြီဆိုပါစို့ ။ နမ်းမိတာ လည်းဖြစ် ချင်ဖြစ်မယ် ၊ လက်ကလေးကိုင်တာ ပါးကလေးကိုင်တာ နောက်ဆုံး သူမရဲ့ ကိုယ်အင်္ဂါအစိတ် အပိုင်း တစ်ခုခုကို ခင်ဗျားက ကိုင်သည်ဖြစ်စေ ၊ အဲဒီကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို အသုံးချပြီး ခင်ဗျားစိတ်ဖျော်ဖြေ ဖို့ အသုံးချမိ သည်ဖြစ်စေ ခင်ဗျားမှာ သူ့အတွက် အကြီးအကျယ် တာဝန်ရှိသွားပါပြီ ။

အဲဒီမှာ ၂ ပိုင်းဖြစ်နိုင်ပါတယ် ။ ပထမတစ်ချက်က ကောင်မလေးကိုယ်တိုင်က ကြည်ဖြူလိုက်လျောတယ်ဆိုပါစို့ ။ ဒုတိယ တစ်ချက်ကတော့ ခင်ဗျားအတင်းတောင်းဆိုလို့ အခြေအနေပေးလို့ ရုတ်တရက်စိတ်ထွေပြားပြီး ဖြစ်သွားတာ လည်းဖြစ်နိုင်ပါတယ် ။ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ခင်ဗျား တစ်စုံတစ်ခု ကိုကျူး လွန်မိပြီဖြစ်တဲ့အတွက် အဲဒီကရလာမယ့် အကျိုးဆက် (outcome) ကို ခင်ဗျား တာဝန်ယူရပါမယ် ။ ဒါဟာ ဘယ်သူ ကမှ ဥပဒေပြ သတ်မှတ်ထားခြင်းမရှိတဲ့ လူ့စည်းကမ်းတစ်ခုလည်းဖြစ်ပါတယ် ။ “ ဟာကွာ နမ်းရုံလောက်လေးနဲ့ သူ့ခန္ဓာကိုယ်ကို ထိတွေ့ရုံလေးနဲ့ ခန္ဓာကိုယ်ကို အသုံးချမိယုံလေးနဲ့ သူ့ကို ငါက မချစ်ပဲ လက်ထပ်ရမလား ” ဆိုတဲ့ မေးခွန်းမျိုးနဲ့ စောဒကတက်ဖို့ မကြိုးစားပါနဲ့ ။ ခင်ဗျားကို တာဝန်သိတတ်မှု ဆိုတဲ့ အကြောင်း နားလည်စေချင်တာနဲ့ ပန်းတစ်ပွင့်ရဲ့ တန်ဖိုးကိုသိစေချင်တာပါ ။ အတင်းလက် ထပ်ခိုင်းနေ တာ မဟုတ် ပါဘူး ။ အဲခင်ဗျား က ချစ်သူရည်းစားတွေရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ Living Together နေမိသွားရင်တော့ လက်ထပ်တာဟာလည်း responsibility ခေါင်းစဉ်အောက်မှာ အကြုံးဝင် လာပါ လိမ့် မယ် ။

ဒီလိုဆိတ်ကွယ်ရာမှာ တစ်စုံတစ်ခုကိုကျူးလွန်မိပြီးမှ sorry ဆိုတဲ့စကားလေးတစ်ခွန်းဟာ ကိုယ့်ရဲ့နှမလေး တစ်ယောက် ကိုအခြားတစ်ယောက်က အဲဒီလို ကျူးလွန်ပြီး အဲဒီလိုတောင်းပန်ရင် ခင်ဗျားကျေနပ်နိုင်ပါ့မလား ။ ဒါဟာလည်း ကိုယ်ချင်းစာတတ်မှုကို နားလည်စေချင်တာပါ ။ “ ကဲ..ဟုတ်ပါပြီဗျာ ဒီလိုဆို ကျွန်တော်က ဘယ်လိုမျိုး တာဝန်ယူရမလဲ ” ဆိုရင်တော့ ဒါဟာ ကာယကံရှင် ၂ ယောက်အပေါ်မူတည်သွားပါပြီ ။ ခင်ဗျားဟာ ကိုယ်ကျူး လွန်မိတဲ့ ကောင်မလေးကျေနပ်အောင် တစ်ခုခုတော့ပြန်လည်လုပ်ဆောင်ရပါမယ် ။ sorry ဆိုတာ ထက်ပိုလေးနက်တဲ့ တောင်းပန်ဖြေရှင်းစကား ဒါမှမဟုတ် သူ့ကို နားလည်အောင် ကြည့်နိုင်တဲ့ အကြည့်လေး တစ်ချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဘယ်လိုမျိုးနဲ့မှ သူမ ကျေနပ်မ လဲဆိုတာကတော့ ခင်ဗျားသူ့အပေါ် ကျူးလွန်မိတဲ့အတိုင်းအဆနဲ့ ခင်ဗျားတို့ ၂ ယောက်ကြားက ရင်းနှီးမှု ၊ အနေအထားတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ် ။

အပေါ်မှာ ပြောခဲ့တဲ့ဖြစ်ရပ်မျိုး အပြင်မှာလည်းအမှန်တကယ်ရှိပါတယ် ။ sorry ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ responsibility ကို ဖုံးအုပ်ချင်တဲ့ ခပ်ညံ့ညံ့ယောင်္ကျားအချို့ရဲ့ စရိုက်ကို မီးမောင်းထိုးပြလိုခြင်းဖြစ်ပါတယ် ။ ကျွန်တော်တို့ မွေးဖွားရာကနေ သေဆုံးတဲ့အချိန်ထိ အချိန်တိုလေးအတွင်းမှာ လူပီပီသသပဲ နေကြပါစို့လား ။ ဒီလိုအခြေအနေမျိုးတွေမကြုံရလေအောင် ၂ ဖက်စလုံးဆင်ခြင်ဖို့ လိုအပ်ပါတယ် ။ “ ဘယ်ကျားကမှာ ပါးစပ်ထဲ ၀င်လာတဲ့ အစာကိုထွေးမထုတ်ဘူး ” လို့ ဆင်ခြင်ပေးချင်တဲ့လူတွေအတွက် အဲဒီကျားပါးစပ်ထဲ ၀င်သွားတဲ့ အစာဟာ ကိုယ့်ရဲ့ နှမလေးများဖြစ်နေခဲ့ရင်ဆိုတဲ့ အသိလေးများရှိခဲ့ရင် ဒီလိုဆင်ခြေမျိုးပေး မှာမဟုတ်ပါဘူး ။

နောက်ဆုံးပြောချင်တာကတော့ ယောင်္ကျားတိုင်းကလည်း စိတ်အလို မလိုက် ပဲ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ၊ မာနနဲ့ အရှက်တရားကို ထိခိုက်စေမဲ့ အပြုအမူမျိုးရှောင်ဖို့ လိုသလို မိန်းကလေးတိုင်းကလည်း စိတ်ရဲ့အ လိုမလိုက်ဖို့ အတွေ့အထိမှာ မိန်းမောမသွားဖို့ တစ်ခုခုဆို ကိုယ့်ဖက်က တစုံတရာ အရင်ပေးဆပ် ရမှာပါ လားဆိုတဲ့အသိရှိကြဖို့ လိုအပ်ပါတယ် ။ အမျိုးသားကောင်းတိုင်းသည် ပန်းတို့ကို ချစ်မြတ်နိုးသော ဥယျာဉ်မှူး ကဲ့သို့ ကျင့်ကြံနိုင်ကြပါစေ ။ အမျိုးသမီးကောင်းတို့သည် အိနြေ္ဒ သိက္ခာ အရှက်တရားတို့ဖြင့် ထုံမွှမ်းပြီး မြင်သမျှတင့်တယ်သော ပန်းကောင်းလေးများဖြစ်နိုင်ကြပါစေ ။

www.thettantvillage.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:

  1. မှန်ပါတယ်ရှင်။ ဒီလို စာမျိုးတွေ အမျိုးကောင်းသားတွေ များများဖတ်သင့်ပါတယ်။ တာဝန်ယူတတ်ခြင်းဆိုတဲ့ အသိလေး လူတိုင်းရဲ့ ဦးနှောက်ထဲမှာ အမြဲထည့်ထားသင့်ပါတယ်။

    ခင်မင်လေးစားလျက်

    ReplyDelete
  2. Ko Thettant Cho,

    This is a really nice post. I would like to share on facebook!

    Thanks & Regards,
    Ingjin Thant

    ReplyDelete
  3. ကောင်းတယ်သက်တန့်ရေ ....

    ယောင်္ကျားတိုင်း နားလည်သင့်တဲ့ တာဝန်ဆိုတာလေးကို ရှင်းရှင်းလေးရေးပြသွားသလို
    မိန်းမတိုင်း ဆင်ခြင်နိုင်ဖို့ သတိပေးထားတဲ့ ပို့စ်လေးဖြစ်လို့ လူတိုင်းအတွက် အကျိုးရှိပါတယ်

    ReplyDelete
  4. တန်ဖိုးရှိတဲ့ပိုစ့်လေး ... တကယ်ကောင်းတယ်ဗျာ အစ်ကို ။
    အင်း ... လူသားတိုင်း တာဝန်သိပြီး တာဝန်ရှိကြပါစေ ....။
    အစ်ကိုရေ သင်ခန်းစာတွေ အများကြီးရတယ် ။
    ...
    လေးစားလျက်
    အယ်ကို။

    ReplyDelete
  5. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
    မှန်လိုက်လေ သက်တန့်ချို ရာလို့ သာအော်ပြီးပြောလိုက်
    ချင်လိုက်တာဗျာ-ကျနော်မှတ်ဖူးခဲ့တယ်ဗျ-
    “အမျိုးကောင်းသမီးတွေဖြစ်ဖို့အတွက်အမျိုးကောင်းသား
    တွေတိုင်းမှာတာဝန်အရှိဆုံးဖြစ်တယ်တဲ့”(ပီမိုးနင်း)

    ReplyDelete
  6. အဖြူရောင်နတ်သမီးMarch 27, 2011 at 4:45 PM

    မှန်တယ်ဗျို့...
    ဒီပို့စ်လေးကို အမျိုးသားတွေ များများဖတ်မိပါစေလို့ ဆုတောင်းပါတယ်...။

    ReplyDelete