Wednesday, May 24, 2017

ပိုင်ဆိုင်မှု ဆိုတာ


တစ်ခါတုန်းက အိမ်ရှေ့ ရေနှုတ်မြောင်းမှာ ရေစီးရေလာကောင်းဖို့ ရေမြောင်းကို အုတ်စီပြီး ဖောက်တယ်
အုတ်စီရင်းတစ်ဖက်အိမ်ရှေ့ကို အုတ်ခဲတစ်လုံးစာ ပိုသွားတယ်
ချက်ချင်းပဲ ဘယ်တုန်းကမှန်းမသိ စောင့်ကြည့်နေတဲ့အိမ်ရှင်က ထွက်ပြောတယ်
" ငါတို့ဖက်ကို အုတ်ခဲတစ်လုံး ပိုရောက်နေပြီ ဖယ်ပေးပါ " တဲ့

အသိအိမ်တစ်အိမ်မှာ အလည်ရောက်နေတုန်း သူ့အိမ်ရှေ့မှာ
ဘေးအိမ်က လူတွေနဲ့ စုရုံးစုရုံးစကားများနေကြတာတွေ့လို့ စပ်စုမိတယ်
" ကျွန်တော့်အိမ်ရှေ့အမိုးမိုးတာ လေ ထဲမှာ သူတို့ဖက်ကို ၆ လက်မ အစွန်းထွက်နေလို့ ပြန်ဖျက်ခိုင်းနေလို့
သူငယ်ချင်းရေ .. အစအဆုံး သံဖရိန်တွေအကုန်ပြန်ဖြုတ်ပြီး ပြန်ပြင်ရတော့မယ် " တဲ့

-------------------------------------------------

ဖြစ်စဉ် ၂ ခုစလုံးမှာ ဘယ်သူမှားလဲ ဘယ်သူမှန်လဲဆိုတဲ့ အမြင်တွေကို မပြောလိုပါဘူး
ပြောချင်တာက " ပိုင်ဆိုင်မှု နဲ့ ပိုင်ဆိုင်ခြင်း " ဆိုတဲ့အတွေး တစ်စကိုပါ ။

ကျွန်တော်တို့ ပိုင်တယ် ထင်တဲ့အရာတွေ က တကယ်ရော ပိုင်တာဟုတ်ရဲ့လား
အိမ်တွေ ခြံတွေ မြေတွေ ကားတွေ ပိုက်ဆံတွေ စည်းစိမ်တွေ အသာထားဦး
ကိုယ့်ခန္ဓာကိုယ်တောင် ကျွန်တော်တို့ ပိုင်ဆိုင်ကြရဲ့လား
ဟင့်အင်း .. မပိုင်ပါဘူး နှစ်ပေါင်း ၆၀ ကျော် လောက် ခနသုံးစွဲပြီးနောက် စွန့်ပစ်ခဲ့ကြရမှာပါ

ကိုယ့်ခန္ဓာကိုယ်တောင် မပိုင်ကြတဲ့ဟာ သာမန်ရုပ်ဝထ္ထုပစ္စည်းတွေကို ဘာလို့ ပိုင်ဆိုင်ချင်နေကြပါလိမ့်
အုတ်နီခဲတစ်လုံးစာ အစွန်းထွက်သွားတဲ့ ရှေ့ရေမြောင်းကာရံမှုက တကယ်ပဲ တစ်ဖက်အိမ်ရဲ့
ပိုင်ဆိုင်မှုကို ထိပါးသွားခဲ့တာလား
ပေ ၄၀ လောက်အမြင့်မှာရှိတဲ့ လေထဲမှာ ၆ လက်မ အစွန်းထွက်နေတဲ့ သံ တန်းလေးက တစ်ဖက်အိမ်ရဲ့
ပိုင်ဆိုင်မှုကို လျော့နည်းသွားစေခဲ့တာလား

ကိုယ့်ကိုယ်ကိုတောင်မပိုင်ကြတဲ့ဟာ
ငါ့နေရာ ငါ့ရာထူး ငါ့ပိုက်ဆံ ငါ့အိမ် ငါ့ခြံဆိုတဲ့ ငါ ပိုင်ဆိုင်သော အရာ ဆိုတဲ့အတွေးတွေဟာ တကယ်တော့
သိပ်ရယ်စရာကောင်းလွန်းပါတယ်

ခင်ဗျားရော ကျွန်တော်ရော လောကမှာ ပိုင်တဲ့အရာ .. ဘာဆို ဘာမှမရှိပါဘူး
ကျွန်တော်တို့တကယ်ပိုင်ဆိုင်တာက ကိုယ်လုပ်ခဲ့သမျှ ကုသိုလ် နဲ့ အကုသိုလ်ပဲ ရှိတယ်
ပိုင်ဆိုင်မှုနဲ့ ပိုင်ဆိုင်ခြင်းဆိုတာတွေကို စွန့်ခွာနိုင်သမျှ စွန့်ခွာလိုက်ပါ
ငါ ပိုင်တာ လောကကြီးမှာ ဘာမှ မရှိဘူးဆိုတဲ့အတွေးကို လက်ခံလိုက်ရင်
ပူပန်နေရတဲ့ သောက တွေ တစ်ဝက်လောက်လျော့သွားပါလိမ့်မယ် ။

#သက်တန့်ချို
24.5.2017 #ttcthinking

No comments:

Post a Comment