Wednesday, September 21, 2011

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၁)

ဖျားနာနေသော ဧရာဝတီကို ၀ိုင်းဝန်းကုစားကြဖို့ ( အပိုင်း ၁)



မြစ်ဆုံးစီမံကိန်းကို လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ကြားနေခဲ့တာကြာပါပြီ ။ ကျွန်တော်အလုပ် ကိစ္စနဲ မန္တလေး တက်တက်ဖြစ်တုန်းက မြစ်ကြီးနားဖက်သွားတဲ့ Mobile Team က ကိုကျော်တို့က မြစ်ဆုံ စီမံကိန်းမ လုပ်ဖြစ်ခင်တုန်းက သူတို့ရိုက်လာခဲ့တဲ့ မြစ်ဆုံက ရှုခင်းအလှလေးတွေ ထုတ်ထုတ်ပြတယ် ။ သာယာလိုက်တာ လှပလိုက်တာ အဲဒါတစ်ခုတည်းနဲ့တင် မြန်မာနိုင်ငံသားဖြစ်ရတာ ဂုဏ်ယူလို့မဆုံးတော့ ။ ကျွန်တော် မြစ်ဆုံ ကို မွေးကတည်းကတစ်ခါမှမရောက်ဖူးပါဘူး ။ငယ်ငယ်တုန်းက ဖတ်စာအုပ်တွေထဲမှာတော့ မြစ်ဆုံ အကြောင်းရေး ထားတာတွေ သင်ခဲ့ရတယ် ။ တစ်နေ့တော့ အရောက်သွားလည်မယ်လို့လည်း စိတ်ထဲ ကြိတ်ပြီး စိတ်ကူး ထားဖူးတယ် ။ အခုတော့ မြစ်ဆုံကို သွားမယ်ဆိုရင် စက်သံတွေဆူညံနေတဲ့ လုပ်ငန်းခွင်တွေ ကိုပဲ တွေ့ ရတော့မယ် ။ ရင်ထဲ မှာ ၀မ်းနည်းလိုက်တာ ဟိုတစ်နေ့တည်းက ကိုကိုးအိမ်က ဧရာဝတီလား သူငိုနေတယ်ဆိုတဲ့ ပို့စ်ကို ဖတ်ပြီးတည်းက ကျွန်တော်တို့ ဘလော့ဂါတွေလည်း ဧရာဝ တီအတွက်တတ်စွမ်းသမျှ ကုစားကြဖို့ တိုက်တွန်း လိုပါတယ် ။



ဘလော့ဂ်တွေမှာ ဧရာဝတီ အကြောင်း လေးတွေ တင်ပေးဖို့ မြစ်ဆုံ စီမံကိန်းကို တတ်နိုင်သမျှ နောက်ဆုတ်ဖို့ ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေက ဧရာဝတီ ကို ဘယ်လောက်ထိ ချစ်မြတ်နိုးကြောင်းကို တတ်နိုင်တဲ့ ဖက်နေ ဖော်ပြပေးဖို့လိုပါတယ် ။ ဘလော့ဂ်ဂါတွေဖက်ကလည်း ကိုယ်နဲ့မဆိုင်သလိုမနေပဲ မိမိ တတ်နိုင်သမျှ ပို့စ်လေးတွေ ရေးတင်ပေးစေချင်ပါတယ် ။ ဒီအကြောင်းကိုလည်း ဆရာမရွှေစင်ဦးရေးတဲ့ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ် ။ ဘလော့ဂ်ဂါ တွေအတွက် ပြုလုပ်ပေးထားတဲ့ Blogger for Ayarwaddy ဆိုတဲ့ Facebook link လေးမှာလည်း တတ်နိုင်သမျှ ပါဝင်နိုင်ပါတယ် ။ ကျွန်တော့်ဖက်က အမြင်ပြောရရင်တော့ ဧရာဝတီ အရေး သည် စီးပွားရေးမဟုတ်သလို နိုင်ငံရေးလည်းမဟုတ်ပါဘူး ။ ကျွန်တော်တို့ တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး တစ်ခုသာဖြစ်တယ်လို့ ရိုးသားစွာ မြင်မိပါတယ် ။ ဂျာနယ်တွေ စာစောင်တွေကနေ မြစ်ဆုံစီမံကိန်း အပေါ် အမြင်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖတ်နိုင်ပါပြီ ။ ရှေးပဝေဏသီကတည်းက ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်သလို စီးပွားရေးအရလည်း ကုန်ရောင်းကုန်ဝယ် လုပ်ဖို့ အဓိက အချက်အချာ ရေသောက်မြစ်တစ်ခုဖြစ်ခဲ့ပါတယ် ။ ဧရာဝတီသားပီပီ ဧရာဝတီမြစ်ကြီး ကို သဘာဝအတိုင်းပဲ ရှိစေချင် တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒပါ ။

ပြည်သူတစ်ယောက်အနေနဲ့ပြောရရင်တော့ ရရှိလာမယ့်အကျိုးအမြတ်တွေကိုလည်းမလိုချင်ပါ ။ ဧရာဝတီကို စတေးပြီးမှ လျှပ်စီးမီးတွေ ထိန်ထိန်ညီးပြီး အလင်းရောင်မြင်ရမယ်ဆိုရင်တော့ အမှောင်ထဲမှာ ပဲနေပါ ရစေ ။ ဒီနေရာမှာ မြစ်ဆုံမှာ စီမံကိန်းလုပ်ယုံနဲ့ ဧရာဝတီမြစ်ကြီး တစ်ခုလုံးပျက်မသွားနိုင်ပါ ဘူးလို့ ပြောတဲ့ သူတွေကိုလည်းတစ်ခုပြောချင်ပါတယ် ။ မြစ်ဆုံမှမဟုတ်ပါဘူး ။ ကျွန်တော်ကတော့ ဧရာဝတီရဲ့အရေး ပါတဲ့ နေရာတွေမှန်သမျှကို သဘာဝအတိုင်းလေးပဲထားရှိစေချင်ပါတယ် ။ တချို့အကြောင်းအရာတွေကို တိတိကျကျ မသိရပေမယ့် ( မသိနိုင်ပေမယ့် ) မြစ်ဆုံနေရာလေးကိုတော့ သဘာဝအတိုင်းလေး ပဲ ရှုခင်းလှ လှလေး နဲ့ မြင်ချင်ပါတယ် ။ အခုဆိုရင် ဧရာဝတီဟာ နေရာတော်တော်များများမှာ သောင်တွေထွန်းလို့ မြစ်ဟာ ကျဉ်းသထက်ကျဉ်းလာခဲ့တယ် ။ ဒါဆို နောင်တစ်ခေတ်မှာ ဧရာဝတီ မပျောက်သွားဖူးလို့ ကျွန်တော်တို့ အာမခံနိုင် ပါသလား ။ ဧရာဝတီ နဲ့ မြန်မာပြည်ဆိုတာ သားအမိလိုပါပဲ ။ သားကို သတ်လိုက်ရင် အမေ ပါ သေ သွားနိုင်ပါတယ် ။ ဒါကြောင့် အားလုံး ပဲ မိမိတို့ တတ်နိုင်တဲ့ဖက်ကနေပြီး ဧရာဝတီကို ၀ိုင်းဝန်း ကုစားကြပါစို့ ။

အမှတ်တရ အနေနဲ့ကျွန်တော်ရေးခဲ့ဖူးတဲ့ သာစွဧရာဝတီ ငါတို့ပြည် ဆိုတဲ့ပို့စ်လေးပြန်တင်ပေးလိုက်ပါတယ် ။

သာစွဧရာဝတီ ငါတို့ပြည်



ဧရာဝတီ မြစ်ဟာ မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုကနေ ဖြတ်သန်းစီးဆင်းနေတဲ့ အသက်သွေးကြောသဖွယ် အဓိက မြစ်ကြီး တစ်စင်းဖြစ်ပါတယ် ။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကုန်သွယ်မှုဆိုင်ရာ မြစ်ကြီး တစ်လက်လည်း ဖြစ်ပါတယ် ။ ဧရာဝတီမြစ်ရဲ့ စုစုပေါင်းအရှည်ဟာ ၂၁၇၀ ကီလိုမီတာ ဖြစ်ပြီး ၁၃၄၈ မိုင်ဖြစ်ပါတယ် ။



ဧရာဝတီမြစ်ကမ်းပါးဘေးမှာ ယာယီတဲလေးတွေထိုးပြီး တံငါလုပ်ငန်းနဲ့ ယာလုပ်ငန်းကို အဓိကထားပြီး လုပ် ကိုင်ကြတဲ့ ရိုးသားတဲ့ မြန်မာလူမျိုးများကိုလည်း တွေ့နိုင်ပါတယ် ။ ဧရာဝတီမြစ်ဟာ ကချင်ပြည်နယ်မှ အစပြုပြီး မေခမြစ်နဲ့ မလိခ မြစ်တို့ ပေါင်းဆုံပြီး စတင်စီးဆင်းလာခြင်း ဖြစ်ပါတယ် ။



ဧရာဝတီမြစ်ရဲ့ အမည်ဟာ airavati ကနေအစပြုဆင်းသက်လာပြီး Elephant River လို့လည်း အဓိပ္ပါယ် ရ ပါ သေးတယ် ။ ရှေးရာဇ၀င်တွေအရ ဘုရင် မိဖုရားတွေဟာ စစ်ပွဲတွေ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဧရာ ၀တီ မြစ်ထဲမှာ လောင်းလှေတွေနဲ့ လှည့်လည်အောင်ပွဲခံလေ့ရှိပါတယ် ။ မြန်မာလူမျိုး အားလုံးလိုလိုဟာ ဧရာဝတီ မြစ်ကြီး ကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ကိန်းအောင်းနေပါတယ် ။



ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက ရေလမ်း ကြောဖြစ်ပြီး အက်ဒမန် ပင်လယ်ထဲကို နောက်ဆုံးစီးဝင်ပါတယ် ။ ဟိုးရှေးယခင် ခြောက်ရာစုလောက်ကတုန်းက ဧရာဝတီမြစ်ကို ကုန်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အများဆုံး အသုံးပြုခဲ့ကြပါတယ် ။ ဆည်မြောင်းတွေ ဖောက် ပြီး ကူးလူးဆက်သွယ်မှုတွေ များလာတဲ့အခါ ဧရာဝတီမြစ်ကြီးကို အသုံးပြုပြီး ဗြိတိသျှတွေက မြန်မာနိုင်ငံ ကို ကျွန်ပြုခဲ့ကြပါသေးတယ် ။ မြန်မာနိုင်ငံ တောင်ဖက်ပိုင်း ဒေသတွေမှာ ဧရာဝတီမြစ်ပတ်ဝန်းကျင်မှာ ဆန်စပါးကိုလည်း အဓိကစိုက်ပျိုးလေ့ရှိပါတယ် ။



ယခုအခါမှာတော့ ဧရာဝတီမြစ်ကြီးဟာ တိမ်ကောလာတဲ့အတွက် သဲသောင်ပြင်များ အများအပြား ပေါ်ထွန်း လာတဲ့အတွက် ယခင်ကလောက် ကျယ်ဝန်ခြင်းမရှိတော့ပါဘူး ။ ပေါ်ထွန်းလာတဲ့ သဲသောင်ပြင်များပေါ်မှာပဲ တောသူတောင်သားတွေဟာ မတ်ပဲ ၊ ဗိုလ်ကိတ် ၊ ပဲလွန်း ၊ ပဲကြီး ၊မြေပဲ ၊ ဖရဲ စတဲ့ သီးနှံမျိုးစုံကို စိုက်ပျိုး ကြပါတယ် ။ ဒါပေမယ့် ရာသီဥတု ပူပြင်းလာခြင်းနဲ့ သဲသောင်များပေါ်ထွန်းလာခြင်းဟာ ဧရာဝတီလင်း ပိုင်တွေ အတွက်တော့ အန္တရာယ် ပဲဖြစ်ပါတယ် ။



မြစ်ကြီးနားနဲ့ မန္တလေးကြားမှ ဧရာဝတီမြစ်ကြီးကို အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ် ။ မြစ်ကြီးနားမှာ မိုင်လေး ဆယ်လောက်ကို အောက်တည့်တည့် အပိုင်း တစ်ပိုင်းသတ်မှတ်ထားပါတယ် ။ ဗန်းမော်အောက်ဖက်မှာတော့ ဧရာဝတီဟာ အနောက်ဖက်သို့ ကွေ့ဝိုက်ပြီး နုန်းမြေဆန်တဲ့ မြေနက်ပိုင်းကို စီးဆင်းပြီး ထုံးကျောက်တွေရှိတဲ့ ဒေသမှာ ဒုတိယအပိုင်း ဖြစ်ပါတယ် ။ မန္တလေးမှ မြောက်ဖက် မိုင် ၆၀ လောက်မှ မိုးကုတ် မြို့ အနီးမှာတော့ ဧရာဝတီ မြစ်ဟာ တတိယ အပိုင်းထဲကို ၀င်လာပါပြီ ။ ကသာနဲ့ မန္တလေးကြားမှာတော့ မြစ်ဟာ မှတ်သား ဖွယ်ကောင်း လောက်အောင်ပဲ ဖြောင့်တန်းလို့နေပါတယ် ။



ဧရာဝတီ မြစ်ကမ်းဘေးက မြန်အောင်မြို့ အနီးတ၀ိုက်မှာ သောင်များစွာ ပေါ်ထွန်းလို့နေပါတယ် ။ ရှစ်ကွက် ၊ ဖရဲကုန်း ၊ အိုးဘိုကျွန်းရွာ ကလေးဟာ ကျွန်တော့်ဖခင်ရဲ့ ရွာကလေးဖြစ်ပါတယ် ။ မအားမလပ်တဲ့ အလုပ် တွေကြားက ဧရာဝတီကို ပြန်မရောက်ဖြစ်တာ နှစ်ချီလို့နေပါပြီ ။ တစ်ခါတစ်ခေါက် အရောက်သွားဖို့လည်း ကြံစည် ထားပါတယ် ။ အထူးသဖြင့် ယာခင်းတွေထဲမှာ ညနေစောင်းအချိန် ဖရသီးတွေကို အလုံးလိုက် တစ်လုံးနဲ့ တစ်လုံးရိုက်ပြီး ခွဲစားရတဲ့အရသာ ၊ သောင်ပုရစ် ဖြူဖြူဖွေးဖွေးနဲ့ ထန်းဦးရေချို တို့ရဲ့ အရသာကလည်း တစ်သက် မမေ့နိုင်စရာပါပဲ ။ ရေခပ်ဆင်းချိန် ပျိုမေတွေ ရဲ့ နေညိုချိန်အလှနဲ့ ကျွန်တော့်ရင်ထဲက လွမ်းဆွတ်ခြင်း တွေက လည်း တမြေ့မြေ့နဲ့......။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

10 comments:

  1. အခု မြစ်မင်းဧရာအရေး တွေးပြီးဝမ်းနည်းစိုးရိမ်နေရတယ် ကိုသက်တန့်ရေ


    ဧရာဝတီချစ်သူ
    မောင်ဘကြိုင်

    ReplyDelete
  2. ဧရာဝတီ နာမကျန်းဖြစ်နေချိန်မှာ ဧရာဝတီကို ချစ်မြတ်နိုးကြသူတိုင်း တတ်နိုင်သလောက် ဝိုင်းဝန်း ပြုစုကြတာပေါ့ ကိုသက်တန့်ရေ..
    ရောဂါဆန်းကြီးကို ဖြစ်စေတဲ့ အဓိက ပိုးမွှားဟာ ဘာလည်း ၊ ဘယ်လိုကူးစက်လာတာလည်း ဆိုတာ ..အနာသိရင် ဆေးရှိရမှာ ပေါ့လေ..

    မြန်မာပြည်သားတိုင်း ဧရာဝတီအရေးနဲ့သက်ဆိုင်ပါသည်...။
    ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည်.။

    မကိ.

    ReplyDelete
  3. ဧရာဝတီအတွက် စုံစုံလင်လင်လေးရေးသားထားတာတွေ့လို့ ကျေနပ်ဝမ်းသာစရာပါ...ဧရာဝတီအတွက် ကယ်တင်ဖို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်...။ ကိုယ်တတ်နိုင်တဲ့ ရှုဒေါင့်ကနေကူညီပေးကြစေလိုပါတယ်....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  4. ၂၁၇၀ ကီလိုမီတာ ရှည်တဲ့ သွေးကြော တစ်ချောင်းကို ဖောက်ထုတ်ဖို့  သူတို့ ကြံနေကြတယ်။ အဲ့သည်သွေးကြောရဲ့ ဖြစ်တည်မှု အသက်အိုးအိမ်တွေကို သူတို့ ထည့် မတွက်ကြဘူး။ ဘာလို့ ဆိုတော့ သူတို့ မှာ မြင်နိုင်စွမ်း မရှိလို့ ပဲ။ အဲ့ဒါဘာလို့ ဆိုတော့ ပညာ မတတ်ကြလို့ ပဲ။ အဲ့ဒါဘာလို့ ဆိုတော့ ပညာ တတ်တွေကို နှိမ်ထားတဲ့ လှေနံဓါးထစ် အသိုင်းအ၀ိုင်း စင်ပေါ် မျောက်က တက်က နေလို့ ပဲ။

    ကိုသက်တန့် ရေ....... ရေးပါ။ အားပေးပါတယ်။

    ReplyDelete
  5. ပို့စ်လေးကိုဖတ်ရင်းဝမ်းနည်းသွားတယ်။ ဧရာဝတီ အမြန်နေကောင်းပါစေ။

    ReplyDelete
  6. ကိုသက်တန့် ရေ

    ကျေးဇူးဘဲ ဧရာဝတီ အကြောင်းစုံစုံလင်လင်လေး ရေးထားတာ အားလုံး ဘဲ ဧရာဝတီ ကို ချစ်ကြပါစေ

    ဧရာဝတီ ထာဝရ ရှင်သန်စေရမည်

    ReplyDelete
  7. ဧရာဝတီကို ကယ်တင်ဖို့အတွက် မြန်မာနိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်ဗျာ။ ဒါကြောင့် ကျွန်တော့် ဘလော့ဂ်ဂါတွေ အနေနဲ့လည်း တက်နိုင်တဲ့ဘက်ကနေ လှုံဆော်မှုလေးတွေပြုလုပ်ပြီး ဧရာဝတီအတွက် ဝိုင်းဝန်းကာကွယ်ကြတာပေါ့နော်..
    "သာစွဧရာဝတီ ငါတို့ပြည်" မှ ပုံလေးတွေနှင့်တကွ စုံစုံလင်လင် ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးပဲနော်.

    ခင်မင်စွာဖြင့်...
    ဇော်သိင်္ခ

    ReplyDelete
  8. ပုံတွေထဲမှာကြည့်ရတာ ဧရာဝတီက လှလိုက်တာ။
    ဒီလှပမှုတွေ ရေရှည်တည်တံ့စေချင်ပါတယ်။
    ဧရာဝတီကို အမှီပြုနေရတဲ့ ပြည်သူပြည်သားတွေလည်း အမြဲတမ်း အဆင်ပြေနေစေချင်ပါတယ်။
    ဧရာဝတီကို လူတိုင်းက ချစ်ခင်တန်ဖိုးထားသင့်ပါတယ်။

    ReplyDelete
  9. ကိုအောင်(ပျူနိုင်ငံ)September 22, 2011 at 1:04 AM

    ဓါတ်ပုံတွေရော စာသားပါ အရမ်းကောင်းတယ်ဗျာ ...

    ReplyDelete
  10. ဧရာဝတီမှာလင်းပိုင်တွေရှိတာ ခုမှသိလိုက်ရတယ်...
    ဧရာဝတီအရေးကတော့ ရင်လေးစရာပါပဲနော်... အားလုံးဝိုင်းဝန်းကန့် ကွက်ကြပါစို့ နော်....

    ReplyDelete