Saturday, March 3, 2012

ကြွက်ထောင်ချောက်နှင့်ကြွက်တစ်ကောင်အကြောင်း

ကြွက်ထောင်ချောက်နှင့်ကြွက်တစ်ကောင်အကြောင်း



တခါတုန်းက ကြွက်တစ်ကောင်ဟာ နံရံတစ်ခုရဲ့ အကွဲကြောင်းကို ဖြတ်သန်းပြီး လယ်သမား နဲ့ သူ့ဇနီး အထုပ် တစ်ထုပ်ဖြည်နေတာကို ချောင်းကြည့်နေခဲ့တယ် ။ “ ဒီအထုပ်ထဲမှာ ဘာစားစရာတွေများ ပါမှာပါလိမ့် ” ကြွက် ဟာ သိချင်စိတ်တွေပြင်းပြနေခဲ့တယ် ။ သူဟာ အထုပ်ကို အသေအချာကြည့်လိုက်တဲ့အခါမှာတော့ အဲဒါဟာ ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတဲ့အတွက် အလွန်ကို စိတ်ဓါတ်ကျသွားခဲ့ရတယ် ။

ဒါနဲ့ ကြွက်ဟာ ခြံဝိုင်းထဲ ပြန်လာပြီး အသံကျယ်ကျယ်နဲ့အော်ပြောလိုက်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ် -- အိမ်ထဲ မှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”

အဲဒီအခါ ကြက်ဖ က ကတော်ကတော်ဆိုပြီးအ သံပေးပြီး မြေကြီးကို ဒေါသတကြီး ခြစ်ကုတ်လို့ ဦးခေါင်း ကို မော့ပြီး ပြောလိုက်တယ် ။ “ ဒီမယ် မောင်ကြွက် ဒါဟာ မင်းနဲ့ပဲ ဆိုင်တဲ့ အရေးကြီးအကြောင်းအရာဖြစ်တယ် ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး ဒါကြောင့် မင်းဘာသာ ငြိမ်ငြိမ်နေရင်ကောင်းမယ် ”

ကြွက်ဟာ ဒီလိုနဲ့ ၀က်ဆီကိုရောက်သွားပြီးပြောတယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် -- အိမ်ထဲ မှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် !! ”

ဝက်ဟာ ခေါင်းခါလိုက်ပြီးကြွက်ကိုပြောတယ် ။ “ စိတ်မကောင်းပါဘူး မောင်ကြွက်ရယ် ငါမင်းအတွက် ဆုတောင်းပေးယုံကလွဲလို့ ဘာမှ လုပ်ပေးနိုင်စရာမရှိပါဘူး မင်းကိုငါဆုတောင်းပေးနေပါ့မယ် ”

ကြွက်ဟာ နွားဆီကိုသွားပြန်တယ် ။ “ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခုရှိတယ် -- အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခုရှိတယ် !! ” လို့ပြောလိုက်တယ် ။ အဲဒီအခါနွားက ပြန်ပြောတယ် ။ “စိတ် မကောင်းပါဘူး မောင်ကြွက်ရယ် ငါလည်းမင်းကို ဘာမှ လုပ်ပေးနိုင်တာမရှိပါဘူး ”

အဲဒီညမှာ အိမ်ကြီးဆီကနေ အသံတစ်ခုကို ကြားလိုက်ရတယ် ။ ကြွက်ထောင်ချောက်မှာ သတ္တ၀ါ တစ်ကောင်ကောင် မိနေတဲ့ အသံလိုမျိုးပေါ့ ။ ဒါနဲံ လယ်သမားရဲ့ဇနီးက ဘာအကောင်မိနေသလဲဆိုတာ သိဖို့ အမှောင်ထဲကို ပြေးထွက်သွားခဲ့တယ် ။ အမှောင်ထဲမှာတော့ -- အဆိပ်ရှိတဲ့မြွေတစ်ကောင်ရဲ့အမြှီးက ကြွက်ထောင်ချောက် ထဲ ညှပ်မိနေတယ်ဆိုတာ လယ်သမားရဲ့ဇနီးက မသိရှာခဲ့ဘူး ။ ဒါနဲ့ မြွေက လယ်သ မားရဲ့ ဇနီးကိုကိုက်လိုက်ပါတယ် ။

ဒီလိုနဲ့ လယ်သမားလည်း ပြာယာခတ်သွားပြီး သူ့ဇနီးကိုဆေးရုံကိုပို့ခဲ့တယ် ။ ဆေးရုံကနေ နည်းနည်း သက် သာလာပေမယ့် အဖျားက မပျောက်သေးပဲ ဆရာဝန်က စောင့်ကြည့်ဖို့ပြောတယ် ။

ဖျားနာနေတဲ့လူမမာအတွက် အကောင်းဆုံးက ကြက်စွပ်ပြုတ်ဟင်းရည်ဆိုတာ လူတိုင်းသိကြပါတယ် ။ လယ်သ မားဟာ ပုဆိန်ကိုယူပြီး သူ့ဇနီးအတွက် လိုအပ်တဲ့ကြက်စွပ်ပြုတ်လုပ်ပေးဖို့ ခြံဝင်းထဲဆင်းသွားခဲ့တယ် ။ ကြက်ဖ ကို သတ်ပြီး ကြက်စွပ်ပြုတ်အဖြစ်ပြောင်းလဲခဲ့တယ် ။

ဒါပေမယ့် လယ်သမားရဲ့ဇနီးဟာ အဖျားကနေမသက်သာလာပါဘူး ပိုပိုဆိုးလာခဲ့တယ် ။ သူငယ်ချင်းတွေ နဲ့အိမ်နီး နားချင်းတွေက သတင်းလာမေးကြပြီး လူမမာမေးမှာ ထိုင်နေကြတယ် ။ သူတို့ကို ဧည့်ခံဖို့ လယ် သမားဟာ ၀က်ကိုသတ်ပြီးချက်ကျွေးခဲ့တယ် ။

လယ်သမားဇနီးဟာ ပြန်ကောင်းမလာခဲ့ပါဘူး ဒီလိုနဲ့ သူမ သေဆုံးသွားတယ် ။ နာရေးကို လူတွေလူတွေ အများကြီး လာကြတယ် ။ သူတို့အတွက်လုံလောက်တဲ့အသားကိုရရှိဖို့အတွက် လယ်သမားဟာ နွားကို သတ်ပြီး အမဲသားဟင်းကျွေးခဲ့တယ် ။

ကြွက်ဟာ နံရံ အကွဲကြောင်းထဲကနေ အဲဒီအဖြစ်အပျက်ကို မြင်ပြီး အလွန်ကို ၀မ်းနည်းစိတ်ထိခိုက်နေခဲ့ရတယ် ။

################################

ဒါကြောင့် သင်နောက်တစ်ခါ ပြဿနာတစ်ခု ကိုကြုံပြီဆိုရင် သင်တစ်ယောက် တည်းနဲ့ဆိုင်တယ်မ ဟုတ်ဘူး ဆိုတာ သိထားပါ ။ မှတ်ထားဖို့က ကျွန်တော်တို့ထဲက တစ်ယောက်ယောက် ကြောက်နေပြီဆိုရင် ကျွန်တော် တို့အားလုံးလည်း အန္တရာယ်ရှိပါတယ် ။ ကျွန်တော်တို့ဟာ ဘ၀ လို့ခေါ်တဲ့ ခရီးရှည်ကြီးထဲမှာ အတူတူ ပါဝင်ပတ် သတ်နေကြတဲ့သူတွေပါ ။

- တခြားတစ်ယောက်ဘာဖြစ်နေသလဲဆိုတာ ကျွန်တော်တို့ မျက်စိဖွင့်နားစွင့်နေဖို့လိုပါတယ်
-တခြားတစ်ယောက်ဒုက္ခရောက်နေတာကို ကူညီဖို့ လိုပါတယ်
- စိတ်သာသာရာရအောင် အားပေးဖို့လိုပါတယ်
- ကျွန်တော်တို့ထဲက တစ်ဦးချင်းစီရဲ့ အသက်ကြိုးတွေဟာ တခြားလူတစ်ဦးချင်းစီရဲ့ မမြင်ရတဲ့ ကြိုးတွေနဲ့ ဆက်နွယ် ချည်နှောင်လို့ထားကြပါတယ် ။

သက်တန့်ချို
Feb 29-2012

The mouse trap အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ဖတ်သွားတယ်အစ်ကိုရေ...ပေးသွားတဲ့ မက်ဆေ့ခ်ျလေးက သိပ်မတွေးဘူးတဲ့အကြောင်းလေးပါ..ကျေးဇူးပါ

    ReplyDelete
  2. ပို့စ်ကောင်းလေးတပုဒ်ပါပဲကိုသက်တန့်ရေ
    ကျေးဇူးပါ
    တဦးနဲ့တဦးကူညီရိုင်းပင်းမှုပြုကြတာ အကောင်းဆုံးပါ

    မောင်ဘကြိုင်

    ReplyDelete
  3. ဆရာဖေမြင့်ဘာသာပြန်ထားတာကိုဖတ်ဖူးလိုက်တယ်လို့ထင်တယ်။သူငယ်ချင်းတွေနဲ့တွေ့၇င်ပြန်ပြောဖြစ်တဲ့စာလေးတစ်ပုဒ်ပါ။ကိုယ်နဲ့တိုက်ရိုက်မပတ်သက်ဖူးဆိုပြီးလျစ်လျူမရှုသင့်ပါဘူး။

    ReplyDelete
  4. နောက်ဆုံးရလဒ်ကို

    ပုံဖော်သွားတာလှပါတယ်

    ReplyDelete
  5. လောကမှာလဲ ဒီလိုပါပဲ

    မသိချင်ယောင်ဆာင်ရင်းနဲ့

    ဆုံးရှုံးမူတွေ ကြုံနေရတတ်ပါတယ်

    ReplyDelete