Wednesday, March 17, 2010

သာစွဧရာဝတီ ငါတို့ပြည်

သာစွဧရာဝတီ ငါတို့ပြည်



ဧရာဝတီ မြစ်ဟာ မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုကနေ ဖြတ်သန်းစီးဆင်းနေတဲ့ အသက်သွေးကြောသဖွယ် အဓိက မြစ်ကြီး တစ်စင်းဖြစ်ပါတယ် ။ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကုန်သွယ်မှုဆိုင်ရာ မြစ်ကြီး တစ်လက်လည်း ဖြစ်ပါတယ် ။ ဧရာဝတီမြစ်ရဲ့ စုစုပေါင်းအရှည်ဟာ ၂၁၇၀ ကီလိုမီတာ ဖြစ်ပြီး ၁၃၄၈ မိုင်ဖြစ်ပါတယ် ။



ဧရာဝတီမြစ်ကမ်းပါးဘေးမှာ ယာယီတဲလေးတွေထိုးပြီး တံငါလုပ်ငန်းနဲ့ ယာလုပ်ငန်းကို အဓိကထားပြီး လုပ် ကိုင်ကြတဲ့ ရိုးသားတဲ့ မြန်မာလူမျိုးများကိုလည်း တွေ့နိုင်ပါတယ် ။ ဧရာဝတီမြစ်ဟာ ကချင်ပြည်နယ်မှ အစပြုပြီး မေခမြစ်နဲ့ မလိခ မြစ်တို့ ပေါင်းဆုံပြီး စတင်စီးဆင်းလာခြင်း ဖြစ်ပါတယ် ။



ဧရာဝတီမြစ်ရဲ့ အမည်ဟာ airavati ကနေအစပြုဆင်းသက်လာပြီး Elephant River လို့လည်း အဓိပ္ပါယ် ရ ပါ သေးတယ် ။ ရှေးရာဇ၀င်တွေအရ ဘုရင် မိဖုရားတွေဟာ စစ်ပွဲတွေ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဧရာ ၀တီ မြစ်ထဲမှာ လောင်းလှေတွေနဲ့ လှည့်လည်အောင်ပွဲခံလေ့ရှိပါတယ် ။ မြန်မာလူမျိုး အားလုံးလိုလိုဟာ ဧရာဝတီ မြစ်ကြီး ကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ကိန်းအောင်းနေပါတယ် ။



ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက ရေလမ်း ကြောဖြစ်ပြီး အက်ဒမန် ပင်လယ်ထဲကို နောက်ဆုံးစီးဝင်ပါတယ် ။ ဟိုးရှေးယခင် ခြောက်ရာစုလောက်ကတုန်းက ဧရာဝတီမြစ်ကို ကုန်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အများဆုံး အသုံးပြုခဲ့ကြပါတယ် ။ ဆည်မြောင်းတွေ ဖောက် ပြီး ကူးလူးဆက်သွယ်မှုတွေ များလာတဲ့အခါ ဧရာဝတီမြစ်ကြီးကို အသုံးပြုပြီး ဗြိတိသျှတွေက မြန်မာနိုင်ငံ ကို ကျွန်ပြုခဲ့ကြပါသေးတယ် ။ မြန်မာနိုင်ငံ တောင်ဖက်ပိုင်း ဒေသတွေမှာ ဧရာဝတီမြစ်ပတ်ဝန်းကျင်မှာ ဆန်စပါးကိုလည်း အဓိကစိုက်ပျိုးလေ့ရှိပါတယ် ။



ယခုအခါမှာတော့ ဧရာဝတီမြစ်ကြီးဟာ တိမ်ကောလာတဲ့အတွက် သဲသောင်ပြင်များ အများအပြား ပေါ်ထွန်း လာတဲ့အတွက် ယခင်ကလောက် ကျယ်ဝန်ခြင်းမရှိတော့ပါဘူး ။ ပေါ်ထွန်းလာတဲ့ သဲသောင်ပြင်များပေါ်မှာပဲ တောသူတောင်သားတွေဟာ မတ်ပဲ ၊ ဗိုလ်ကိတ် ၊ ပဲလွန်း ၊ ပဲကြီး ၊မြေပဲ ၊ ဖရဲ စတဲ့ သီးနှံမျိုးစုံကို စိုက်ပျိုး ကြပါတယ် ။ ဒါပေမယ့် ရာသီဥတု ပူပြင်းလာခြင်းနဲ့ သဲသောင်များပေါ်ထွန်းလာခြင်းဟာ ဧရာဝတီလင်း ပိုင်တွေ အတွက်တော့ အန္တရာယ် ပဲဖြစ်ပါတယ် ။



မြစ်ကြီးနားနဲ့ မန္တလေးကြားမှ ဧရာဝတီမြစ်ကြီးကို အပိုင်း ၃ ပိုင်းခွဲခြားထားပါတယ် ။ မြစ်ကြီးနားမှာ မိုင်လေး ဆယ်လောက်ကို အောက်တည့်တည့် အပိုင်း တစ်ပိုင်းသတ်မှတ်ထားပါတယ် ။ ဗန်းမော်အောက်ဖက်မှာတော့ ဧရာဝတီဟာ အနောက်ဖက်သို့ ကွေ့ဝိုက်ပြီး နုန်းမြေဆန်တဲ့ မြေနက်ပိုင်းကို စီးဆင်းပြီး ထုံးကျောက်တွေရှိတဲ့ ဒေသမှာ ဒုတိယအပိုင်း ဖြစ်ပါတယ် ။ မန္တလေးမှ မြောက်ဖက် မိုင် ၆၀ လောက်မှ မိုးကုတ် မြို့ အနီးမှာတော့ ဧရာဝတီ မြစ်ဟာ တတိယ အပိုင်းထဲကို ၀င်လာပါပြီ ။ ကသာနဲ့ မန္တလေးကြားမှာတော့ မြစ်ဟာ မှတ်သား ဖွယ်ကောင်း လောက်အောင်ပဲ ဖြောင့်တန်းလို့နေပါတယ် ။



ဧရာဝတီ မြစ်ကမ်းဘေးက မြန်အောင်မြို့ အနီးတ၀ိုက်မှာ သောင်များစွာ ပေါ်ထွန်းလို့နေပါတယ် ။ ရှစ်ကွက် ၊ ဖရဲကုန်း ၊ အိုးဘိုကျွန်းရွာ ကလေးဟာ ကျွန်တော့်ဖခင်ရဲ့ ရွာကလေးဖြစ်ပါတယ် ။ မအားမလပ်တဲ့ အလုပ် တွေကြားက ဧရာဝတီကို ပြန်မရောက်ဖြစ်တာ နှစ်ချီလို့နေပါပြီ ။ တစ်ခါတစ်ခေါက် အရောက်သွားဖို့လည်း ကြံစည် ထားပါတယ် ။ အထူးသဖြင့် ယာခင်းတွေထဲမှာ ညနေစောင်းအချိန် ဖရသီးတွေကို အလုံးလိုက် တစ်လုံးနဲ့ တစ်လုံးရိုက်ပြီး ခွဲစားရတဲ့အရသာ ၊ သောင်ပုရစ် ဖြူဖြူဖွေးဖွေးနဲ့ ထန်းဦးရေချို တို့ရဲ့ အရသာကလည်း တစ်သက် မမေ့နိုင်စရာပါပဲ ။ ရေခပ်ဆင်းချိန် ပျိုမေတွေ ရဲ့ နေညိုချိန်အလှနဲ့ ကျွန်တော့်ရင်ထဲက လွမ်းဆွတ်ခြင်း တွေက လည်း တမြေ့မြေ့နဲ့......။

စာရေးသူ.....သက်တန့်ချို(၁၇.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

11 comments:

  1. သွားရင်ပြောဟေ့
    လိုက်ခဲ့အုန်းမယ်
    ဟိုးအရင် ငယ်ငယ်တည်းက အရောက်ချင်ဆုံးနေရာက
    ဧရာဝတီတိုင်းပဲး)
    ပုံလေးတွေ အရမ်းလှတယ်။

    ReplyDelete
  2. ဧရာဝတီပုံလေးတွေတွေ့ရတာလွမ်းမောစရာလေးတွေပဲ။
    ဧရာဝတီမြစ်ကြီး ထာဝရတည်တံ့နိုင်ပါစေလို့ ဆုတောင်း
    ပေးပါတယ်။


    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  3. ဧရာဝတီကို လေ့လာချင်တာတွေအများကြီးရှိတယ်၊ အခွင့်အခါ သင့်ခဲ့ရင်တော့ တကယ်ကို သွားချင်ပါတယ် ဧရာဝတီဓါတ်ပုံတွေ အတွက်ကျေးဇူးပဲ၊

    ReplyDelete
  4. ပုံတွေ အရမ်းလှတယ် ကိုသက်တန့် 

    ReplyDelete
  5. ဧရာဝတီ ကိုသတိရသွားပြီ..။

    ReplyDelete
  6. ကျေးဇူးပါဗျာ၊ ဧရာဝတီရှုခင်းတွေကို တဝကြီး ခံစားသွားတယ်။

    ReplyDelete
  7. မြစ်ဆုံမှာ ဆည်ဆောက် ဖို့ တာစူနေကြပြီ မြစ်ကြီးဝတီ
    အလှပျက်ယွင်းတော့မလား။။။
    ဘ၀ဂေဟ ပျက်စီးတော့မလား....

    ReplyDelete
  8. ရာဇ၀င်များရဲ့သတို့သမီး ဧရာဝတီကတော့ လှပါပေ့ဗျာ။ ကျေးဇူးတင်ပါတယ်အစ်ကို

    ReplyDelete
  9. ရာဇ၀င်များရဲ့သတို့သမီး ဧရာဝတီ ဒီအတိုင်းလေးအမြဲတမ်းသာယာလှပပါစေ။ ကျေးဇူးတင်ပါတယ် အစ်ကိုသက်တန့်ချို

    ReplyDelete
  10. ရာဇ၀င်များရဲ့သတို့သမီး ဧရာဝတီ ဒီအတိုင်းလေးအမြဲတမ်းသာယာလှပပါစေ။ ကျေးဇူးတင်ပါတယ် အစ်ကိုသက်တန့်ချို

    ReplyDelete
  11. ကျေးဇူးပါပဲဗျာ။ ပုံတွေက အရမ်းကြည့်ကောင်းတယ်။

    ReplyDelete