Tuesday, June 14, 2011

မိုးထဲရေထဲ သက်တန့်ရွာ အလှူပွဲ

မိုးထဲရေထဲ သက်တန့်ရွာ အလှူပွဲ




ဇွန်လ ၏ ဒုတိယ ရက်သတ္တပတ် တနင်္ဂနွေနေ့ ။ ကောင်းကင်တွင် ပူပြင်းမနေပဲ မိုးသားတို့ အုံ့မှိုင်းကာ ကမ်းနားလမ်းတလျှောက် တွင် လေတဖြူးဖြူးနှင့် နေချင့်စဖွယ်ပင်ဖြစ်၏ ။ ယနေ့ကား သက်တန့်ရွာကလေး၏ တတိယအကြိမ်မြောက်ဖြစ်သော အရှေ့ဒဂုံရှိ ဘုန်းတော်ကြီး ပရဟိတစာသင်ကျောင်းသို့ လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းမည့် ၁၂ ရက်နေ့ ပင်ဖြစ်၏ ။ မိုးမရွာပါစေနဲ့လို့ တမင်ဆုတောင်းကာမှပင် မိုးကားတဖွဲဖွဲနှင့် ရွာလို့မ ဆုံးတော့ ။ စုရပ်သို့ သူကြီးနှင့် သားပြောင်တို့ ၂ ယောက် လမ်းမှာဆုံကာ အရင်ဆုံးရောက်သွားကြလေ၏ ။ မိဂျန် လေး နှင့် သက်မီ တို့ကား စုရပ်တွင်အသင့်စောင့်ကြိုနေကြလေ၏ ။ မကြာခင် ကိုစိုးမင်းထွန်း (graphic designer) ၊ အက်မင်ကြယ်ဖြူ ၊ ပုတုလေး ၊ မျိုးမြတ်မွန် ၊ ကဗျာချိုနှင့်သူ၏ သူငယ်ချင်း ၊ စနိုးကွင်းတို့ အသီး သီးရောက် ရှိလာကြလေသည် ။



ကိုစိုးမင်းထွန်း (Graphic designer) နှင့် သူကြီးသက်တန့်ချို

ဦးနိုးအိမ်ရှင်မှာမူ အလှူပြုလုပ်မည့်နေရာမှပင်စောင့်နေမည်ဖြစ်သောကြောင့် လူစုံသည်နှင့် မနက်ကိုး နာရီ ခွဲကျော်ကျော် တွင် သက်တန့်ရွာသူရွာသားများကား ညောင်ပင်လေးဈေးသို့ ကားကို လမ်းညွှန်ကာ လှူမည့် ဖိနပ်ထုပ်များ ၊ စာအုပ်ထုပ်များ ၊ အအေးဗူးများ စသည်တို့ကို တင်ကာ တဖန်လမ်းတွင် ကော်ဇော်များကို ၀င်၍ တင်ခဲ့ ရပေသေးသည် ။



လုပ်အားပေးနေသော ကဗျာချို၏ သူငယ်ချင်း အကိုကြီး ။ သူ့ခမျာ မနိုင်မနင်းနဲ့ ပုဆိုးကလည်းမကျွတ်အောင် မနည်းလျှောက်လာရပုံပါ ။



သူကြီးတို့ကလည်တော့ဘယ်ရမလဲ အအေးဘူး ၆ လုံးကဒ်လေးတွေသယ်ပစ်လိုက်တယ် ဟိဟိ ။ အရှေ့မှာလည်း ဖိနပ်ထုပ်ပြီး သယ်ထားပေးပါသေးတယ် ။ အထင်မသေးနဲ့နော် ဗလတောင့်တယ် :P



ညောင်ပင်လေးဈေးမှာ ပစ္စည်းတွေကို ကားပေါ်သို့ တင်ယူပို့ဆောင်ပေးနေပုံဖြစ်ပါတယ် ။



ကဲကဲ ..တက်ကြ တက်ကြ .. သူကြီးကတော့ လူကြီးဆိုတော့ အရင်တက်ထားနှင့်လိုက်တယ် ဟိဟိ မိန်းမ သားတွေ ကတော့ ဖြစ်သလိုပဲ ခုန်ပြီးတက်ကြပေတော့ :P

(ဤနေရာတွင် ရွာသူ ဘဏ္ဍာရေးမှူး သက်မီမီထိုက်အား အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောလိုပါသည် ။ ကျောင်း သား ၂၀၀ ကျော်အတွက် လိုအပ်သည့် စာအုပ်နှင့် တခြား ဖိနပ်များ စသည်တို့ကို အထုပ်ကလေးတွေ ထုပ်ကာ ဆာလာအိတ်ကြီးနှင့်အသင့်ပြုလုပ်ပေးထားသည်မှာ လူအများကြီး ၀ိုင်းလုပ်ရသည့်အတွက် သူမ၏ ကြိုးပမ်းမှု အား အထူးပင် ကျေးဇူးတင်ပါသည် ။ ) ရွာသားတစ်ဦးဖြစ်သော မျိုးမင်းကလည်းကလေးများအတွက် လက်ဆောင် ပစ္စည်းများဖြစ်သော စာအုပ် ၊ ကွန်ပါဘူး နှင့်အခြားအရာများကို ပုတုလေးနှင့် လူကြုံပေးလိုက် သည့်အ တွက်ကျေးဇူးတင်ရှိပါသည် ။ ကလေးများစာသင်ကျောင်းသို့လိုက်ပါကြသည့် ရွာသူရွာသားများမှာ ဦးပြောင် ၊ ကိုစိုးမင်းထွန်း ၊ သက်တန့်ချို ၊ ကြယ်ဖြူလေး ၊ သက်မီ အစ်မ ၁ ဦး ၊ သူငယ်ချင်းတစ်ဦး ၊ ပုတုလေး ၊ ကဗျာချို နှင့်သူငယ်ချင်း ၊ မျိုးမြတ်မွန် ၊ ပန်ပန်လေး ၊ စနိုးကွင်း ၊ မိဂျန်လေး နှင့် ဦးနိုးအိမ်ရှင်တို့ ဖြစ်ပါတယ် ။




ဒါကတော့ မိဂျန်လေး ရေဒီယိုမစခင်မှာ အားဖြည့်တဲ့အနေနဲ့ မုန့်စားနေကြပုံဖြစ်ပါတယ် ။ စိုးရိမ်ရရှာတယ် ကြယ်ဖြူ ၊ မိဂျန်နဲ့ ပုတု တို့ ၃ ယောက် တို့ အစားသောင်းကြမ်းနေကြပုံပါ ။



လမ်းတလျှောက်တွင်လည်း လှူမည့်အရှေ့ဒဂုံမရောက်ခင်အထိ ကားကို တစ်နာရီကျော်ကျော် ခန့် မောင်းခဲ့ ရပါတယ် ။ ဒါကတော့ လမ်းမှာတွေ့ရတဲ့ ပတ်ဝန်းကျင်အနေအထားဖြစ်ပါတယ် ။ လယ်ကွင်းပြင်မှာ တဲ ကလေးတွေ နဲ့ မဖွံ့ဖြိုးသေးတဲ့ ရန်ကုန်မြို့ အချို့ပတ်ဝန်းကျင်မှာ စေတနာရှင်တွေလိုအပ်နေဆဲပါ ။ ကွက် လပ်တွေရှိနေဆဲပါပဲ ။


မိဂျန်လေး ၊ ပုတုလေး ၊ နဲ့ ကြယ်ဖြူတို့ရဲ့ ရေဒီယိုအစီအစဉ်ကလည်း ရွာသားတွေအိပ် မငိုက်အောင်တစ်ချိန် လုံး ဖျော်ဖြေ လာခဲ့တာခင်ဗျ ။ လယ်ကွင်းရနံ့သင်းသင်းနဲ့ တဲ့ငယ်လေးတွေ စပါးစိုက်ခင်းတွေနဲ့ တခါတခါ ကျွဲတွေနွားတွေ နဲ့ ရွာ တာရိုးမှာ ကားစီးရတဲ့အရသာမျိုးခံစားခဲ့ရပါတယ် ။ တစ်နာရီကျော်လောက် ကားစီးပြီးတဲ့ အခါမှာ တော့ ခဲရာခဲဆစ်ဝင်ခဲ့ရတဲ့ လမ်းတလျှောက်မှာ အနန္တမေတ္တာဘုန်းတော်ကြီး ပညာရေးကျောင်း ကို လှမ်းပြီး မြင်ခဲ့ရပါပြီ ။ အဲဒီမှာ ကိုယ့်ထက်အရင် အွန်လိုင်းပရဟိတအဖွဲ့ဖြစ်တဲ့ Save the aged အဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ရပါတယ် ။ ဒီပညာရေးကျောင်းလေးမှာ သူငယ်တန်းမှာ ကျောင်းသား/သူ ဦးရေ - ၁၁၅ ယောက် ၊ ပထမတန်းမှာ ကျောင်းသား/ သူ ဦးရေ - ၃၁ယောက် ၊ ဒုတိယတန်းမှာ ကျောင်းသား/သူ ဦးရေ - ၂၉ယောက် ၊ တတိယတန်းမှာ ကျောင်းသား/သူ ဦးရေ - ၂၉ ယောက် ၊ စတုတ္ထတန်း မှာ ကျောင်း သား/သူ ဦးရေ - ၂၃ယောက် စသဖြင့် စုစုပေါင်း ၂၂၇ ယောက် ကို လက်ခံပညာ သင်ကြား ပို့ချပေးနေတယ်လို့ သိခဲ့ရပါတယ် ။ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဒါနအဖြစ် ဆရာ (၁)ယောက် ၊ ဆရာမ (၃)ယောက် ၊ဦးဇင်း (၃)ပါး ရှိကြောင်းသိခဲ့ရပါတယ် ။ ရောက်တဲ့အ ခါမိုးက လည်းရွာနေတဲ့အတွက် ခဏတော့ ကျောင်းအောက်မှာ မိုးဝင်ခိုရပါသေးတယ် ။ နောက်ပြီး မိုးစဲတဲ့အခါ ကလေးတွေ စာ သင်တဲ့ကျောင်း ကိုသွားပြီး ယခုလို လှူဖွယ်ပစ္စည်းများပေးအပ်ခဲ့ပါတယ် ။

ကလေးတစ်ဦးစီလျှင်

၁ ။ ဗလာစာအုပ် နှစ်အုပ်
၂ ။ ခဲတံ
၃ ။ မုန့်
၎ ။ ခဲဖျက် + ပေတံ (မမျိုးမြတ်မွန် ထံမှ )
၅ ။ ဖိနပ်
၆ ။ အအေးဗူး တစ်ဗူး
စသည်တို့ဖြစ်ပါတယ် ။



ပျော်ပျော်ပါးပါး ယခုလို ဝေငှခဲ့ကြပါတယ် ။ ပိတိတွေဝေဖြာနေတဲ့ကလေးငယ်တွေမျက်နှာမှာ မျှော်လင့်ချက်တွေ အရောင်တွေလက်လို့ ။ အနာဂါတ်ဟာ သူတို့အတွက် အခုဆို ရေးရေးလေးတော့ မြင်နေရပါပြီ ။



ဦးနိုးက လည်းဖိနပ်အိတ်ကြီးကိုင်လို့ သူကြီးလည်း အအေးဗူးတွေ လိုက်ဝေနေပါတယ် ကျန်တဲ့သူတွေကလည်း အသီးသီး ကိုယ် နဲ့ ဆိုင်ရာ တွေ ဝေငှပေးကြပါတယ် ။ ကလေးတွေလည်းအရမ်းကိုပျော်ရွှင်နေပါတယ် ။



စည်းကမ်းတကျနဲ့ကလေးတွေဟာ အလုအယက် မရှိပါဘူး ။ လက်ကလေးနှစ်ဖက်နဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ ပြန်ပြောတဲ့ စကားသံလေးတွေက ကျွန်တော်တို့ ရင်ကို ဆို့နင့်သွားစေခဲ့တယ် ။ .......



ဒီလို အားပါးတရ လှူဖြစ်တဲ့အတွက် ဖတ်မိတဲ့ လူတွေလည်း သာဓုခေါ်သွားပေးကြပါ ။ နောင်နောင်မှာလည်း ဒီလိုလေးတွေ ဆက်လုပ်ဖြစ်သွားဦးမှာပါ ။



ဦးသားပြောင်လည်း အတော့်ကိုတက်ကြွနေပါတယ် ။ မျက်ရည်တွေဝိုင်းလို့ (အမှန်တော့ သူ လည်း ရေချိန်မ ကိုက်သေးလို့လားမသိပါဘူး ဟိဟိ ) အအေးဗူးတွေကိုင်ပြီး လိုတဲ့နေ ရာတွေ လျှောက် ပြီး ဝေပေးနေပါတယ် ။



ဒီလိုဒီလို ဖိနပ်တွေကိုလည်း အားပါးတရ လှူဒါန်းခဲ့ကြပါတယ် ။



မိဂျန်နဲ့ကြယ်ဖြူတို့လည်း ကလေးတွေကြားမှာ တိုးဝင်ပျော်မွေ့လို့ လူသာငယ်ပေမယ့် ပရဟိတ နဲ့ကြုံရတဲ့အခါ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြတဲ့ကလေးတွေကိုတွေ့ရလို့ ကျွန်တော်ဝမ်းသာမိပါတယ် ။



ဒါကတော့ အတန်းကြီးလေးတွေကို ဝေငှနေတဲ့ပုံဖြစ်ပါတယ် ။ သတို့မှာက စာသင်ခုံမရှိလို့ တန်းစီပြီး ဝေပေးနေ ခြင်းဖြစ်ပါတယ် ။



ရပြီးတဲ့ကလေးတွေကလည်း ကိုယ်စီကိုယ်ငှ အပျော်တွေ လင်းဝေဖြာလို့ ... ။ ကလေးတွေ ကို ဝေပေးခြင်း ပြီးဆုံးတဲ့အခါမှာတော့ ကျွန်တော်တို့တွေ ဗိုက်ကလည်း ဆာလောင်နေပါပြီ ။ အချိန်ကလည်း လင့်နေပါပြီ ။ ဒါနဲ့ဆရာတော် ဆီကိုသွားပြီးတော့အလှူငွေ ခြောက်သောင်းကျပ် ၊ သင်္ကန်းတစ်စုံ နဲ့ ကျောင်းအတွက် သုံးသောင်းကျော် တန်ဖိုးရှိ ကော်ဇောတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ် ။ အားလုံးသာဓု အနုမော ဒနာ ခေါ် ဆိုနိုင်ကြပါစေသောဝ် ...။



ဆရာတော်မှ ကျောင်းရဲ့လိုအပ်ချက်လေးတွေ ရှင်းပြပြီး အဖွဲ့လေးတွေမပြိုကွဲစေချင်ကြောင်းနဲ့ ပရဟိတကို ဆက်လက် လုပ်ကိုင်သွားဖို့ မိန့်ကြားနေပုံဖြစ်ပါတယ် ။







ဆရာတော်ကို လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းနေပုံဖြစ်ပါတယ် ။ သူကြီး ၊ ဦးနိုးနှင့် သားပြောင် ။ ဆရာတော် ဆီ က ပြန်ကြတဲ့အခါ ဗိုက်ကလည်းဆာလောင်နေပြီး Save the aged က ကြာဇံချက် စားသွားပါဦး ဆိုလို့ ၀င်ပြီးအားပေး ခဲ့ကြပါသေးတယ် ။ ရွာရဲ့ကာလသားခေါင်းကလည်း အဲဒီအဖွဲ့ရဲ့အဖွဲံ့ဝင်တစ်ဦးပါပဲ။



သူကြီးကထိပ်ဆုံးကနေအားပေးတာပါပဲ ။ ဘေးက ပုတုပြောင်ကလည်း အပီဆွဲတာခင်ဗျ ၃ ပန်းကန်လားပဲ ။ ရွာရဲ့အသက် အငယ်ဆုံးလေး ပန်ပန်လေးကလည်း ဇွန်းကိုလ က်ထဲကနေကို မချဘူးခင်ဗျ ။



ငါတို့ ထပ်ယူရင်ကောင်းမလားဆိုပြီး တိုင်ပင်နေကြပုံပါ ။



ကြယ်ဖြူကလည်း ထပ်မထည့်ပေးလို့တဲ့ အသားမပါဘူးဆိုပြီး ရန်တွေ့နေပုံပါ ။ဦးနိုးက ငါ့အရိုးလေး ကိုက်ပါလား တဲ့ ဟိဟိ ။



ဒီလို အားပေးနေကြတာ ။



သက်မီလည်းခေါင်းတောင်မဖော်နိုင်ရှာဘူးခင်ဗျ ။ ပန်ပန်လေးကတောင်သတိပေးရရှာတယ် ။

မိုးထဲရေထဲ သက်တန့်ရွာအလှူပွဲလေးကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ ။နောင်နောင်မှာလည်း ဒီလိုအ လှူလေးတွေ ထပ်လုပ်ဖြစ်သွားဦးမှာပါ ။မလိုက်နိုင်ခဲ့တဲ့လူတွေလည်း လိုက်နိုင်အောင်ကြိုးစားပေးကြပါ ။ ကျွန်တော် တို့အားလုံးရဲ့ ရင်ထဲမှာ ပီတိတွေ လင်းဝေဖြာလို့ အဲဒီတစ်နေ့က ကောင်းကင်မှာ ကြယ်စင်တွေ ထွန်းလင်း ခဲ့တယ် ။ သက်တန့် ဆိုတာ လူသားအားလုံးကို ကြည်နူးမှု ၀မ်းသာမှုတွေပေးနိုင် တဲ့အရာလေး တစ်ခုဖြစ်အောင် ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့...။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ကြည်နူးဖွယ်ရာ သက်တန့်ရွာ အလှူပွဲအတွက် သာဓု သာဓု သာဓု ပါကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မွန်မြတ်တဲ့ သက်တန့်ရွာ အလှူလေးအတွက်
    သာဓု သာဓု သာဓု ။ နှောင်လည်း ဒီ့ထက်မကလှူနိုင် တန်းနိုင်ပါစေ

    ReplyDelete
  3. မအားလပ်တဲ့ကြားက ခုလိုကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒန်းခဲ့ကြတဲ့သူကြီးနှင့်တကွသက်တန့် ရွာသူရွာသားအားလုံးကိုလေးစားမိပါတယ်....နောင်လဲဒီထက်မက လှူနိုင်ကြပါစေနော်.... :)

    ReplyDelete
  4. ပျော်စရာကြီး....

    ReplyDelete
  5. အားကျလိုက်တာ :)

    ReplyDelete
  6. သာဓု....သာဓု....သာဓု....

    ReplyDelete
  7. တစ်ကယ် ပျော်ဖို့ ကောင်မှာပဲ....။ နောက်လည်း ဆက်လက် လျှူဒါန်းနိုင်ပါစေ..။

    ReplyDelete