Monday, July 1, 2019

လွဲတာတော့လွဲနေပြီ (Justice for Victoria )




၁ ။ CCTV (အလွဲ ၁ )

တစ်ညလုံး ထပ်ခါထပ်ခါ ကြည့်ခဲ့လို့ အလွတ်နီးပါးရနေတဲ့ ဖခင်ဖြစ်သူရဲ့ပြောစကားထဲမှာ " ဖိုင်ပျက်တာက
၉း၃၃ -၁၁း၀၀ ( ကြာချိန် ၁ နာရီ၂၇ မိနစ် ) ပထမပျက်တဲ့ဖိုင်
၁၂း၄၉-၁း၀၀ ( ကြာချိန် ၁၁ မိနစ် ) ဒုတိယပျက်တဲ့ဖိုင်
၁း၀၁ - ၂း၀၄ (ကြာချိန် ၁ နာရီ ၀၃ မိနစ် ) တတိယပျက်တဲ့ဖိုင်
၎း၀၂ - ၄း၀၈ ( ကြာချိန် ၆ မိနစ် ) စတုတ္ထပျက်တဲ့ဖိုင်

ကျောင်းအုပ် ပြောစကား " အချိန်များများစားစားဟတာမရှိပါဘူး ၄ မိနစ်ရယ် ၊ ၈ မိနစ်ရယ် ၁၁ မိနစ်ရယ်ဒါပဲ အဲ့ သုံးပိုင်းတော့ရှိတယ် ကျန်တဲ့ နာရီပိုင်းတွေက ဟ တာမရှိပါဘူး "

၂ ။ ဥပဒေကို ကျော်လွန်လုပ်ဆောင်ခြင်းလား (အလွဲ ၂ )

ဆရာကြီးဝင်းမြတ်အေးရဲ့ post မှာ " ၀န်ကြီးဌာန အနေဖြင့် မူလတန်းကြိုကျောင်းများတွင် အသက် ၃ နှစ်မှ ၅ နှစ် အထိကိုသာ လက်ခံဆောင်ရွက်ရန်နှင့် ကျောင်းဖွင့်ခွင့်ပြုမိန့်မရရှိမီကာလအတွင်း ဖွင့်လှစ်ခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သည် " လို့ဆိုပါတယ် ။

ဒါဆို အမှုဖြစ်တဲ့ ကလေးငယ်ရဲ့အသက်က ၂ နှစ် ၁၁ လမှာ ဖြစ်တဲ့အတွက် မူကြိုကျောင်းဟာ တရားမ၀င်အသက်မပြည့်သေးသူကို လက်ခံထားခြင်းလား ?

၃ ။ CCTV ကိုယုံလို့သွားထားတာ အမှုဖြစ်တော့မှ CCTV မရှိတဲ့အခန်းဖြစ်နေသတဲ့လား ဘာလို့ မိဘတွေကို ကြိုအကြောင်းမကြားခဲ့ပါသလဲ ?

ပေါ့လျော့မှုလား အလေးမထားမှုလား မသိပါ သားသမီးတိုင်းဟာ မိဘတိုင်းအတွက် ရင်နှစ်သည်းခြာရတနာတွေပါ ကိုယ့်သားသမီးမှ ကိုယ့်အတွက် တန်ဖိုးရှိတာမဟုတ် သူများသားသမီးလည်း သူတို့မိဘတွေအတွက် ရတနာတွေပါပဲ ။ ဖခင်ဖြစ်သူရဲ့ပြောကြားချက်အရ

"ကျောင်းခန်းထဲ မှာ CCTV မရှိပါဘူး။ ကျနော်တို့ အပ်တုန်းက CCTV ရှိတယ်။ CCTV မရှိတဲ့ အခန်းကို လွန်ခဲ့တဲ့ ၂ လလောက်က ပြောင်းထားတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကို အကြောင်းကြားခြင်းလည်း မရှိပါဘူး " တဲ့ ။ ဒီအပိုင်းကို ကျောင်းက ဘယ်လို ရှင်းမလဲဆိုတာလည်းသိချင်ပါတယ် ။

၎ ။ ၃း၁၂ မိနစ်မှာ အမျိုးသားတစ်ဦး ကလေးငယ်ရဲ့ကျောင်းဆောင်ဖက်ကို ၀င်သွားတယ် ၃း၃၈ မှာ ပြန်ထွက်လာတယ် ။ ကြာချိန် ၂၆ မိနစ် ။ ဒါတောင်ရဲကတွေ့တာမဟုတ် ဖခင်က အကြိမ်ကြိမ်ကြည့်ပြီးတွေ့လို့ရဲကိုအကြောင်းကြားခဲ့တာ ။ အဲ့ဒါရော ဘာထူးသေးလဲ ?

၅ ။ အဓိက အချက် - ကျွန်တော်တို့ခင်ဗျားတို့ အားလုံးသိတယ် ကလေးတွေဟာ လူကြီးတွေလို မလိမ်တတ်ဘူး မကောက်ကျစ်ဘူး ဒါကြောင့် ကလေးငယ်တစ်ယောက်ပြောတဲ့စကားဟာ ၁၀၀% မဟုတ်ရင်တောင် ၉၀% ကျော်မှန်နေပြီးသား ဆိုတာ လူတိုင်း အသိစိတ်နဲ့လက်ခံတယ် ။ ဒါက ၂ နှစ် ၃ နှစ်အရွယ်ကလေးကိုပြောတာ ဒီထက် အသက်ကြီးသွားတဲ့ အရွယ်ကို ဆိုလိုတာမဟုတ် ။

ကလေးအဖေပြောကြားချက် " မီးမီး ဖင်ဖုကို ဘယ် သူလုပ်တာလဲ ဆိုတော့ ကိုကိုလုပ်တာ။ မီးမီးတို့ ဆရာမတွေက မဆူဘူးလား။ တခြားဘယ်သူမှ မရှိဘူးလားမေးတော့လေ တီချယ် နှင်း နုရှိတယ်။ တီရှယ် နှင်းနှတောင် ကိုကို့ကို ဆူသေးတယ်။ အဲလိုပြောတယ် " ဆိုတော့ အဓိက ဇတ်လိုက်သည် ဘယ်သူလဲ ? တရားခံသည် ဘယ်သူဖြစ်မယ်လို့ ခန့်မှန်းမိသလဲ ?

သို့သော် ဥပဒေသည် ထင်မြင်ယူဆချက်နဲ့ အပြစ်ပေးလို့ရတာမျိုးမဟုတ် သက်သေနဲ့တကွ ခိုင်လုံအောင်တည်ဆောက်ရတာမျိုး ဆိုတော့ တရားခံကို သိနှင့်နေသည့်တိုင်အောင် အပြစ်ပေးလို့မရသေးလို့ အမှုခိုင်မာအောင်တည်ဆောက်နေတာမျိုးဆိုလက်ခံပေးလို့ရတယ် သို့သော် အမှု ကွင်းလုံးကျွတ်အောင် သို့လောသို့လောနဲ့ လက်သည်တရားခံ မမိပဲ တရားခံအစစ်သည် နိုင်ငံခြားတွေ ဘာတွေထွက် အပန်းတွေဖြေ ဆိုရင်တော့ လည်းမဟုတ်သေးဘူးကိုယ့်လူတို့ ။

၆ ။ မနေ့က ဦးဇော်ဌေး ရဲ့ ပြန်ကြားချက်စာဖတ်လိုက်ရပါတယ် သဘောမတွေ့တာလေးတစ်ခုပြောမယ် " ဖစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းကြောင်းကြောင့် ကြန့်ကြာနေရခြင်း ဖြစ်ပြီး အမှုမှန် ပေါ်ပေါက်ဖို့ အချိန် အနည်းငယ် ပေးနေရတာ ဖြစ်ကြောင်း " လို့ပါရှိတယ် ။ ဖြစ်လေ့ဖြစ်ထ ဆိုတာ ဘယ်လိုကိစ္စမျိုးကိုရည်ညွှန်းပါသလဲ ခင်ဗျာ ။ ဥပမာ ငွေရှင်ကြေးရှင်တွေက ပြစ်မှုတစ်ခုခုကို ကျူးလွန်ပြီးမှ ထုံးစံအတိုင်း ငွေကြေးအင်အားနဲ့လိုက်လံဖုံးဖိလေ့ရှိတဲ့သဘောကို ဆိုလိုတာများလား ။ ပြည့်သူ့အစိုးရလို့ ယုံကြည်လို့တင်မြှောက်ခဲ့တဲ့ အစိုးရလက်ထက်မှာ ဖြစ်လေ့ဖြစ်ထ ဆိုတဲ့အရာဟာ ဟိုးယခင်က ရှိခဲ့တယ်ဆိုရင်တောင် ယခုမရှိသင့်တောသလို ပြတ်ပြတ်သားသားကိုင်တွယ် ချေမှုန်းမှသာ ဥပဒေစိုးမိုးရေးဆိုတဲ့စကားရပ် ပီပြင်လာမှာ မဟုတ်ပါလား ခင်ဗျာ ။

၇ ။ ဖခင်ရဲ့ ဆန္ဒ - " တရားခံ အစစ်ရှာလို့ ရရင် ကျေနပ်ပြီ။ ရှာလို့ တွေ့မယ်လို့လည်း ယုံကြည် ပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံး အခင်းမဖြစ်မီသည်အထိ သမီးလေးနဲ့ ထိတွေ့သွားတဲ့ သူက ၁၀ ယောက်ပဲ ရှိပါတယ်။ နေရာ အားဖြင့် ၃ နေရာပဲ ရှိပါတယ်။ အဲဒီလောက်ပဲ ပြောချင်ပါတယ် " တဲ့


ဘာတွေ ရှုပ်နေတာလဲဟင်  ဘယ်သူတွေက ရှုပ်အောင်နေကြတာလဲ ပြန်စမယ်

၁ ။ သံသယ တရားခံ ကလေး (၂ ) ယောက် ( ဒီနေရာမှာ ကလေးလို့သုံးတာသည် ချစ်စနိုးနဲ့ခေါ်တာမဟုတ် အသက်အရွယ်အရ လူကြီးပိုင်းထဲ ထည့်ထားလို့မရသေးတဲ့ အရွယ် မို့ ခနသုံးထားခြင်းဖြစ်တယ် ) ရဲ့ DNA ကို ရဲက CID ကမစစ်ပြီးပဲမနေလောက်ဘူး ဒီတော့ DNA တိုက်စစ်တာ မတူသေးလို့ များလား အရမ်းခက်ခဲနေရင် Third party investigation ငှားပါ တချို့ အကွက်တွေမှာ လူကြီးမင်းတို့ထင်မှတ်မထားတာတွေဖြစ်တတ်ပါတယ် ဘာကိုမှ တရားသေပုံသေမမှတ်ပါနဲ့ပဲပြောပါရစေ ။

၂ ။ ရှိသမျှ ကျောင်းက သံသဖြစ်ဖွယ် လူတွေအားလုံးကိုလည်း ဖခင်ရဲ့ပြောဆိုချက်အရ (၁၀ ) ယောက် ကျောင်းအုပ်ရဲ့ပြောဆိုချက်အရ အယောက် (၂၀ ) သူပါအပါအ၀င်ဆို ဒီထက်ကျော်မယ်ပြောတယ် ဒီလူတွေအားလုံးကိုလည်းစစ်ပြီး DNA လည်းစစ်ပြီးလောက်ပြီ ဘာမှမထူးသေးဘူးတဲ့လား ။

၃ ။ လိင်အကြမ်းဖက်မှု ကျူးလွန်သူသည် လူကြီးဖြစ်စေ ကလေးဖြစ်စေ လူကြီးမို့ အပြစ်တိုးပေးတာ ကလေးမို့ အပြစ်လျော့ပေးတာ မရှိစေရ တရားဥပဒေသည် ကျောသားရင်သားမခွဲခြား မှန်သော ဖက်တွင်သာ ရပ်တည်ဆိုတဲ့အရာကို လူကြီးမင်းတို့ပိုသိမှာပါ ။ ဒါကြောင့် မည်သည့်အကြောင်းကြောင်း မည်သည့် အရာကိုမှ ထောက်ထားညှာတာခြင်းမရှိပဲ တရားခံအစစ်ကို လူကြီးဖြစ်စေ ကလေးဖြစ်စေ အပြစ်ပေးနိုင်ဖို့လိုပါတယ် ။

၎ ။ကျူးလွန်သူဟုသံသယရှိသူကိုလည်းပြန်လွှတ်လိုက်ပြီ DNA အားလုံးလည်းစစ်ပြီးလောက်ပြီ ဒီကြားထဲ ပျက်သွားတဲ့ CCTV အပိုင်းတွေက ဘာလို့ပျက်တာလဲ ? 'ဒီ CCTV ဆိုတာတောင် တခြားတစ်နေရာကနေ ဒီကျောင်းအ၀င်အထွက်ကို လှမ်းရိုက်ထားတဲ့မှတ်တမ်း အခန်းထဲက မှတ်တမ်းမဟုတ် အခန်းထဲ CCTV မရှိ ဒါကို မရောထွေးစေချင်ဘူး ။

၅ ။ နစ်နာသူ ကလေးငယ်ရဲ့ ဖခင်ရဲ့ စာကို ပို့စ်တက်တက်လာခြင်းအစအဆုံးမဖတ်နိုင်ဘူး ဖတ်နိုင်စွမ်းမရှိခဲ့ဘူး တစ်ဆက်တည်း ဖတ်ရင် သူ့ဖြေကြားချက်တွေက ကာကယံရှင်ကိုယ်တိုင်ဘယ်လောက်ခံစားရမယ်မသိ စကားလုံးတစ်လုံးချင်းစီက ရင်ဘတ်ကို ဓါးနဲ့မွှန်းနေသလို ခံစားရလို့

- မိသားတစ်ခုလုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲ နေကြရတယ်
- ကလေးငယ်ရဲ့ဘ၀မှာ ဒါဟာ အမည်းစက်ဖြစ်သွားတယ် အဲဒီအမည်းစက်ကို ခင်ဗျားတို့ကျွန်တော်တို့ အင်အားနဲ့ ၀ိုင်းဖျက်ပေးပြီး သူ့အနာဂါတ်လှပအောင် လုပ်ဆောင်ကြရလိမ့်မယ်
- အရွယ်နဲ့မမျှတဲ့ ART ဆေးတွေသောက်ခဲ့ရတယ်

- ကျူးလွန်ခဲ့သူရောအခု ဘာတွေ လုပ်နေလဲ ?
- ကလေးမုဒိမ်းကောင်ဖြစ်ဖြစ် လူကြီး မုဒိမ်းကောင်ဖြစ်ဖြစ် အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ဒီလို တိရိစ္ဆာန်ထက်နိမ့်ကျတဲ့အပြုအမူလုပ်ရတာ တော်တော်ကျေနပ်ရဲ့လား ?
- အခုရော ညတိုင်းညတိုင်း အိပ်ပျော်ရဲ့လား အသက်ရှုနေရတာရော ကျေနပ်ရဲ့လား ငါ သူများမိသားစုဘ၀ ကိုဖျက်ဆီးလိုက်မိပြီလို့ ပြန်တွေးမိရဲ့လား ?
- ကိုယ်စားလိုက်တဲ့ထမင်းတစ်လုတ်တိုင်း လျောလျောရှုရှုမြိုကျရဲ့လား ?

စိတ်မပူပါနဲ့ ...... ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် မင်း စိုက်ပျိုးတဲ့ အတိုင်း ( သေချာပေါက် ) မင်းပြန်ရိတ်သိမ်းရမှာပါ ။ ကြားထဲမှာ ဖုံးကွယ်ထားတဲ့ သူအားလုံး ကိုယ် စဖောက်ခဲ့တဲ့လမ်း ကိုယ်အမြန်ဆုံး လျောက်ကြပါစေ ။

မတရားမှု များ အမြန်ကျဆုံးပါစေ ။


#JusticeForVictoria
#PromoteRuleOfLawInMyanmar

သက်တန့်ချို
1 July 2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment