Tuesday, September 24, 2013

ဗွက်တောလမ်းနှင့် ပီတိတရား



ဗွက်တောလမ်းနှင့် ပီတိတရား


မနက် ၂ နာရီအချိန်မို့ ပတ်ဝန်းကျင်တစ်ခုလုံးက အပ်ကျသံမျှပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည် ။ တခါတရံ ကြောင်တွေအိမ်ခေါင်မိုးအပေါ် ဆော့ကစားသံကလွဲလို့ဘာသံဆို ဘာမှမကြားရ ။ “ ဆရာ ..ဆရာ ” “ ဒုန်း ..ဒုန်း ..ဒုန်း ” ခြံတံခါးကို ဖွင့်သံတွေကြားနေရည် ။ အိပ်မက်လာ ဘာလားမသိတော့ ဆက်ပြီးမှိန်းနေလိုက်သည် ။ သို့သော်မရ အိမ်ရှေ့မှ ခေါ်သံတွေက ပိုပို ကျယ်လောင်လာသည် ။

“ ဆရာ ..ဆရာ လူနာပင့်ချင်လို့ ဆရာ ” အင်း မဖြစ်ချေတော့ဘူး မိုးကလည်းအေးစိမ့်စိမ့်မို့ အိပ်ယာကနေ တကယ်ပင်မထချင် ။ သို့သော် ထမှဖြစ်တော့မည်ဟူသော အသိကြောင့် အိပ်ယာထဲကလူးလဲထပြီး အိမ်ရှေ့ထွက်ကြည့်မိသည် ။

“ ဟုတ် .. ဆိုပါဦးခင်ဗျ ”
“ လူနာ ပင့်ချင်လို့ဆရာ တစ်ခါက ဆရာရောက်ဖူးပါတယ် ကန်ဇွန်းကွင်းထဲမှာလေ အဲဒီဦးလေး အခု အရမ်းမောပြီးရင်ဘတ်တွေအောင့်နေလို့ ”
“ ဟုတ်ကဲ့ ဆေးခန်းမှာ ဆေးသတ္တာယူရအောင်လိုက်ခဲ့ကြပါ ”
“ ဟုတ်ကဲ့ဆရာ ”

လူနာလာပင့်လာခေါ်တာက လူသုံးယောက် အမျိုးသား နှစ်ယောက်နှင့်အမျိုးသမီး ၁ ယောက် ။ သုံးယောက်စလုံးဖိနပ်မစီးထားကြတာ မြင်တော့ အရေးပေါ်ပဲ ဘာများဖြစ်နေပြီလဲဟူသော စိုး၇ိမ်စိတ်က၀င်လာသည် ။ ခြေလှမ်းတို့ကိုမြှင့်ပြီး နားကြပ် သွေးပေါင်ချိန်တိုင်းကိရိယာနှင့် ဆေးသေတ္တာတို့ကိုယူပြီး လိုက်လာခဲ့လိုက်သည် ။ ဒီလိုနှင့် အမြန်လျှောက်လာကြရင်း ၂ လမ်းကျော်လောက်ရောက်တော့ လမ်းချိုးတစ်ခုထဲဝင်ရသည် ။အိမ် နှစ်အိမ်ကြားက လမ်းကြားလေးဟု ခေါ်လျှင်ပိုမှန်မည် ။ ထို လမ်းကြားလေးဆုံးလျှင် ကန်ဇွန်းရွက်တွေ စိုက်ထားသော လယ်ကွင်းပြင်ကြီးရှိသည်ဟု ကျွန်တော်သိထားသည် ။

“ ဆရာ ပုဆိုးတိုတို ၀တ်လိုက်ပါလား ”
“ ဟင် ဘာဖြစ်လို့လဲ ”
“ ဟို ..လေ အားတော့နာပါတယ်ဆရာရယ် ဖိနပ်လေးပါချွတ်လိုက်ပါ ”
“ ဗျာ .. ဘာ ..ဘာဖြစ်လို့လဲဟင် ”
“ ဗွက်ပေမှာစိုးလို့ပါဆရာ ဖိနပ်နဲ့သွားလို့မရပါဘူး ”

မတတ်သာတော့ဘူး ဒီနေရာရောက်မှ ကျွန်တော်မလိုက်တော့ဘူးဟု၍ ပြောလို့လည်းမရတော့ ရှေ့မှာ လူနာကအရေးကြီးနေပြီ ပေါက်တဲ့နှဖူးမထူးတော့ပြီ မို့ ဆေးကျောင်းတုန်းက ဆရာကြီးများသင်ပေးထားသော “ ၀က်ဖြစ်မှတော့မစင်မကြောက်နှင့် ” ဟူသော စကားပုံကို ရင်ဝယ်ပိုက်ပြီး ပုဆိုးကို ဒူးအထက်နားအထိပြင်ဝတ်လိုက်သည် ။ဖိနပ်ကိုချွတ်ပြီး မြေသားမာမာပေါ်တင်ထားခဲ့သည် ။ ဒီအချိန်ကြီးပျောက်တော့မပျောက်လောက်ပါဘူး ။ သို့နှင့် ကျွန်တော်၏ ဗွက်တောခရီးကားစတင်ခဲ့ပေသည် ။ လူနာလာပင့်သော လူများက ကျွန်တော့်အားတွဲရှာသည် ။ ကျွန်တော်လည်းမလျှောက်တတ် ။ တစ်လှမ်းလှမ်းလိုက်တိုင်း ခြေမျက်စိအထက်နားအထိ ဗွက်များက နစ်ဝင်သွားသည် ။ ၅ မိနစ်ခဲ့လျှောက်ပြီးတော့ ၀ါးလုံး လေးလုံးလောက်စီထားသော ၀ါးတံတားလေးတစ်ခုကိုတွေ့ရသည် ။

ခနော်နီခနော်နဲ့တံတားလေးမို့ ကျွန်တော်ဖြစ်ပါ့မလားတွေးမိသေးသည် ။ မထူးတော့ပြီမို့ ၀ါးတံတားအပေါ် ခြေတစ်ဖက်လှမ်းတင်လိုက်သည် ။ ဟန်ချက်ပျက်ကာ ချော်ထွက်သွားသော်လည်း ဘေးမှ လူက အချိန်မှီလက်လှမ်းကိုင်လိုက်သောကြောင့် လဲတော့မကျသွား ။ ညကလည်းတိတ်ဆိတ်စွာ မှောင်ရီလျှက်ရှိသည် ။ လယ်ကန်သင်းရိုးတလျှောက်ဖြတ်သန်းတိုက်ခတ်လာသော လေပြေများအား ခံစားမကြည်နူးနိုင်အား ။ ခြေတစ်လှမ်းပျက်လျှင် ဗွမ်းကနဲ မြောင်းထဲကျမည့်ကိန်းမို့ ဘုရားတကာ လျှောက်လှမ်းနေရသည် ။ ကျွန်တော်ကအလယ်မှာ ရှေ့မှာ လူတစ်ဦး နောက်မှာ လူနှစ်ဦးကျွန်တော့်ကို ညှပ်ကာ ဖြည်းဖြည်းချင်းလာခဲ့ကြသည် ။ တစ်ချက်တစ်ချက် မလှမ်းရဲလောက်အောင်ဖြစ်နေတာကလွဲလို့ ချော်ချော်ထွက်သွားတာကလွဲလို့ အဆင်ပြေစွာပင်တစ်ဖက်တံတားထိပ်သို့ရောက်လာခဲ့သည် ။ လူနာအိမ်ကိုတော့လှမ်းမြင်နေရပြီ သို့သော် ဖြတ်သွား၇မည့် ဗွက်တောကြီးကား တမျှော်တခေါ်ပင် ။

ကျွန်တော်အခုချိန်တွေးနေတာတစ်ခုပဲရှိသည် ။ လူနာဆီအမြန်ရောက်ဖို့အမြန်သွားရမည် ။ ဗွက်များထဲတွင်ပုလင်းကွဲများ ဖန်ကွဲစများရှိနိုင်သည် ။ ခြေထောက်လည်း အခန့်မသင့်လျှင်ဟက်တက်ကွဲသွားနိုင်သည် ။ မတော်တဆ ဘေးနားလယ်ကန်သင်းရိုးများမှ မြွေများလည်း ကျွန်တော့်ခြေထောက်ကို ကိုက်နိုင်သည် ။ မျှော့များလည်းရှိနိုင်သည် ။ကျွန်တော်အလွန်ကြောက်တတ်ပါသည် ။ သို့သော် ကျွန်တော့်မှာ ထိုအရာများအတွက် ကြောက်လန့်နေချိန်မပေးနိုင်ပါ ။ နှလုံးအောင့်သော လူနာဖြစ်ပါက အချိန်မရွေး အသက်ဆုံးနိုင်သောကြောင့် အမြန်ဆုံးရောက်ဖို့သာလိုသည် ။ ကျွန်တော့်ရှေ့တွင်ပင် နှလုံးနှင့်ပတ်သတ်သော လူနားများ ဆုံးပါးသွားကြတာမြင်ဖူးသည် ။ နှလုံးသွေားကြောပိတ်ရာမှာ နှလုံးပုပ်သော အဆင့်ထိရောက်သွားလျှင် လူနာအတွက်အခြေအနေမကောင်းနိုင်ပါ ။ ကြိုးစားပမ်းစား လျှောက်သွားလိုက်တာ မိနစ် ၂၀ လောက်ကြာတော့ လယ်ကန်သင်းအလယ်က တဲအိမ်ကလေးသို့ရောက်လာသည် ။ အရှေ့တွင်စည်ပိုင်းကြီးချထားပေးတာမြင်ရသည် ။

အိမ်ရှင်မိန်းကလေးများ ဦးကြီးများက ခြေထောက်ကို အတင်းဆေးပေးနေသောကြောင့်အမြန်တားမြစ်ရသည် ကိုယ့်ဘာသာရေတွေဆေးရင်း ပြောင်အောင်တော့မဆေးနိုင်ပါ ရွံ့ဗွက်အနံ့များကလှိုင်လှိုင်ထနေပါသည် ။ တဲ ပေါ်အမြန် တက်မိတော့ ဒုန်း ..ဆို နှဖူးနှင့်တဲ အမိုးတိုက်မိကာ အီစလံဝေသွားသည် ။ ကြယ်တွေလတွေမြင်သွားသလားမပြောတတ် ။

“ ဟာ ဆရာရယ် အားနာလိုက်တာ ဗျာ ကျွန်တော်တို့တဲက အရမ်းနိမ့်တယ် ဆရာ့ကိုသတိပေးဖို့မေ့သွားတာ ” တဲ့ အင်း မတတ်နိုင်ပါလေ လူနာကို ကြည့်တော့ထိုင်နေသည် ။ အောက်ဆီဂျင်ပြတ်လတ်သော လက္ခဏာရှိသည် ။ နှုတ်ခမ်းများက ပြာနှမ်းနှမ်း ။ အသက်ရှူနှုန်းက နည်းနည်းမြန်နေသည် ။ သွေးပေါင်ချိန်ကတော့ပုံမှန်ပင် ။ ပြီးခဲ့သော အပတ်ကစစ်ထားသော အဖြေများရှိသည်ဟုပြောသည် ။ ကျွန်တော်လူနာကိုစမ်းသပ်ရင်းယူကြည့်လိုက်တော့ ECG အဖြေက ပုံမှန်ဖြစ်သည် ။ ဓါတ်မှန်မှာတော့ နှလုံးကြီးပြီး လေပြွန်ယောင်သည်ဟုရေးထားသည် ။

“ လူနာကို အောက်ဆီဂျင်ပေးဖို့လိုတယ် လိုအပ်တဲ့ဆေးထိုးဆေးသောက်တွေ ကျွန်တော်လုပ်ပေးခဲ့မယ် ဆေးရုံတင်နိုင်ပါသလား ”

“ မတင်နိုင်ပါဘူး ဆေးရံတက်ဖို့ အဆင်မပြေပါဘူး ဆရာ ဆရာကြည့်ပြီးတော့ကောင်းသလိုသာစီမံပေးပါ ဒီနေရာကို ဘယ်လိုဆရာဝန်မျိုးကိုမှ ပင့်လို့မရပါဘူး ဆရာကိုလည်းအရမ်းအားနာလှပါတယ် ဆရာခိုင်းသမျှ ကျွန်တော်တို့လုပ်ပါ့မယ် ”
“ အောက်ဆီဂျင်အရင်ပေးဖို့လိုပါတယ် ရင်ဘတ်က အရင်ကတည်းကအောင့်နေကြလား အခုမှ အောင့်တာလား ဘယ်ကစပြီးအောင့်တာလဲ ”
“ အရင်ကတော့သိပ်အောင့်လေ့မရှိဘူးဆရာ ၄ ရက်လောက်ရှိပြီချေင်းအရမ်းဆိုးပြီး အခု ဒီညနေလေးမှ ချောင်းဆိုးလိုက်တာ ရင်ဘတ်ကအောင့်သွားတာပါ ”
“ တစ်ယောက်က အောက်ဆီဂျင်သွားငှားပါ ဆေးရုံမျက်စောင်းထိုးလေးက ဆိုင်မှာ အောက်ဆီဂျင်ဘူးငှားတယ် မှတ်ပုတင်ယူသွား မယူသွား၇င် စပေါ်ငွေ တစ်သောင်းပေးခဲံရမယ် ဘူးကြီးသားငှားလာခဲ့ပါ ”
“ ဟုတ်ကဲ့ဆရာ ”
“ ရပ်ကွက်ထဲမှာအသိရှိလား လူနာကို ရပ်ကွက်ထဲကအိမ်တစ်အိမ်မှာထားပါလား အရေးအကြောင်းဆို လွယ်အောင်လို့ ”
“ ရှိပါတယ်ဆရာ အခု လူနာက ဘယ်လိုမှမထနိုင်လို့ပါ သူသက်သာလာတာနဲ့ကျွန်တော်တို့ရွေ့ပါ့မယ် ”
“ ဒီနေရာက လေသိပ်တိုက်တယ် နွေးနွေးထွေးထွေးထားပါ ကျွန်တော်ဆေးထိုးပေးပြီးသောက်ဆေးတွေလည်းပေးခဲ့မယ် လိုအပ်တဲ့ကုသမှုတွေလုပ်ပေးခဲ့မယ် ကျွန်တော့်ဖုန်းနံပါတ်လည်းပေးခဲ့မယ် အရေးအကြောင်းဆို ဖုန်းဆက်ပါ အောက်ဆီဂျင်ပေးမယ့်ဝန်ထမ်းတစ်ဦးအိမ်ကိုလိုက်လုပ်ပေးပါတယ် တစ်ခါတည်းခေါ်ခဲ့ပါ အဆင်မပြေရင် ကျွန်တော့်ဖုန်းကိုဆက်ပါ ကျွန်တော်ပြောပေးပါ့မယ် ”

ဒီလိုနဲ့လူနာကို လိုအပ်သော ကုသမှုများပေးခဲ့သည် ။ “ ကျေးဇူးတင်ပါတယ် ဆရာ ရယ် ” အထပ်ထပ်ပြောနေသည် ။ သောက်ဆေးများလည်းပေးပြီးနောက် အပြန်ခရီးကိုကျွန်တော်တွေးကြည့်မိသည် ။ အော် .. အလာတုန်းက ဗွက်တောကြီးကိုပြန်ဖြတ်ရဦးမှာပါလား ။ ကမ္ဘာသူကမ္ဘာသားများကတော့အေးချမ်းစွာအိပ်ပျော်နေပြီထင်သည် ။ မအိပ်ပျော်နိုင်သော လူတစ်စုထဲမှာ ကျွန်တော်ရယ်လူနာရှင်နဲ့လူနာရယ် အပြန်ခရီးအတွက် စတင်ခဲ့ကြသည် ။ အပြန်ခရီကတော့ သိပ်လောစရာမရှိတော့ မြွေမကိုက်ပါစေနဲ့မျော့မတွယ်ပါစေနဲ့ ပုလင်းကွဲမရှပါစေနဲ့လူနာ သက်သာပါစေ ဟူသော ဆုကြီးလေးခုကို တတွတ်တွတ်ရွတ်ပြီးသကာလ ဗွက်ခရီးလမ်းကိုစတင်ခဲ့ပါတော့သည် ။ သတိထားနေ၍လားမသိ ဒူးလည်းလည်းလဲကျသည် ။ ဘိုင်းကနဲလည်းချောကြသည် ။ တစ်ကိုယ်လုံးလည်းဗွက်တွေနဲ့မြင်မကောင်း ။ ကံကောင်း၍သာ ၀ါးလုံးတန်း တံတားပေါ်မှ ပြုတ်မကျခြင်းပင်ပြုတ်ကျရင်တော့ရေလည်းမကူးတတ် ။ ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်တော့ဗွက်အလိမ်းလိမ်း ဗွက်တွေက တစ်ကိုယ်လုံးပင် ။

အိမ်ပြန်ရောက်တဲ့အထိ “ အားနာပါတယ်ဆရာရယ် ဟုသာ အထပ်ထပ်ပြောနေသော လူနာရှင်များအား ” “ ရပါတယ်ခင်ဗျ အားနာစရာမလိုပါဘူး ” ဟုသာ ပြောပြီး အိမ်ရှေ့အုတ်ကန်တွင်ရေဆေးသည် ။ တစ်ခါတည်းရေချိုးမှဖြစ်မည်ဟုတွေးပြီးမနက် ၂ နာရီခွဲ နဲ့ ၃ နာရီကြား ခန့်မှန်းခြေ ၃ နာရီလောက်ရှိပြီထင်သည် ရေချိုးလိုက်သည် ။ဗွက်နံ့များကမပျောက်ချင် လူနာသက်သာပါစေဟုသာဆုတောင်းနေမိသည် ။

မနေ့က တော်တော်နှင့်အိပ်မပျော် ခြေထောက်တွေက အားစိုက်ရ၍လားမသိ ကျင်သလိုလို ထုံသလိုလိုနှင့်ပူရှိန်းရှိန်းဖြစ်နေသည်။

===================================

ဒီနေ့ မနက် တော့ ကျွန်တော့်ဆီ ဖုန်းဝင်လာပါသည် ။

“ ဆရာ ..ညက လူနာလာပင့်တဲ့ကန်ဇွန်းခင်းက အိမ်ကပါ ညက ဆရာကုပေးတဲ့လူနာ ကောင်းသွားပြီဆရာ အခုသက်သာနေပြီ ရပ်ကွက်ထဲလည်း ချီမပြီးရွေ့ထားလိုက်ပါပြီ ကျေးဇူးတင်ပါတယ်ဆရာ ဒီညနေဆရာဆေးခန်းပြန်ခေါ်လာခဲ့ပါ့မယ် ကျေးဇူးအရမ်းတင်ပါတယ်ဆရာ ” တဲ့ ။ ဖုန်းနံပါတ်ကတော့ PCO ဖုန်းဖြစ်သည် ။

ဟုတ်ကဲ့ ကျွန်တော် ဗွက်တောဖြတ်ရကျိုးနပ်ခဲ့ပါသည် ။ ကြည်နူးမိသော ပီတိနှင့်ဒီစာကိုရေးလိုက်ပါသည် ။ ဘ၀တူများကိုလည်းမှာချင်ပါသည် ။

“ ၀က်ဖြစ်မှတော့မစင်မကြောက်ကြပါနဲ့စားသာစားလိုက်ပါလေ ”

သက်တန့်ချို
24.9.2013

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဒါလေးတွေရောဖတ်ပြီးပြီလား

Related Posts with Thumbnails