Friday, March 31, 2017

သိပ်ပြီး ဘ၀င်မြင့်မနေပါနဲ့

သိပ်ပြီး ဘ၀င်မြင့်မနေပါနဲ့
တို့အားလုံး တစ်နေ့
အရှုံးဆိုတာ ကြုံဖူးကြမှာပါ

သိပ်ပြီး မာနကြီးမနေပါနဲ့
တို့အားလုံး တစ်နေ့
အိုမင်းယိုယွင်းလာကြဦးမှာပါ

သိပ်ပြီး ဂုဏ်မက်မနေပါနဲ့
တို့အားလုံ တစ်နေ့
ဂုဏ်ဒြပ်တွေဖယ်ခွာပြီး တစ်ဦးတည်းထွက်ခွာကြရမှာပါ

မာန်မာန နဲ့စည်းစိမ်ချမ်းသာဆိုတာ
မင်းဘ၀ကို လွှမ်းခြုံတဲ့ အပေါ်ယံတန်ဆာတွေပါ

တို့အားလုံး ကိုယ်စီ ခရီးထွက်ကြတဲ့အခါ
တို့နဲ့အတူလိုက်ပါကြမှာက ... လူတိုင်းကိုယ်စီပြုခဲ့တဲ့
ကုသိုလ်.. အကုသိုလ် တရားတွေပါ ။

သက်တန့်ချို
31.3.2017

အားနာတတ်တဲ့လူက ၂ ခါပြန်ရှုံးတတ်တယ်

လောကကြီးမှာ

" အားနာတတ်တဲ့လူက ၂ ခါပြန်ရှုံးတတ်တယ် "

လူတစ်ချို့က အားနာတတ်တဲ့လူကို ပိုဖိနင်းတတ်တယ် 

တစ်ဖက်သားကို အားနာတတ်တာက
ကိုယ့်ရဲ့ အားနည်းချက် ဖြစ်မသွားဖို့လိုတယ် ။

ဒါကြောင့် .. ဘ၀ မှာ

အားနာသင့်တဲ့လူကိုပဲ အားနာပါ
အားမနာသင့်တဲ့လူကို လစ်လျှူရှုလိုက်ပါ ။

တခါတလေ လစ်လျှုရှု မျက်နှာလွှဲလိုက်တာက
နောင်တချိန်ဖြစ်ပေါ်လာမယ့် နာကျင်မှုထက်စာရင် တော်ပါသေးတယ် ။

သက်တန့်ချို
31.3.2017

Wednesday, March 29, 2017

နေရောင်ခြည်တွေလင်းတဲ့တစ်နေ့



နေရောင်ခြည်တွေလင်းတဲ့တစ်နေ့

တစ်နေ့
နေခြည်တွေလင်းတဲ့တစ်နေ့
ကြယ်စင်တွေ လင်းတဲ့တစ်နေ့
တို့ ပြန်ဆုံမဲ့တစ်နေ့ . . ။

အချစ်ရေ
ကမ္ဘာက မှောင်မိုက်ခြင်းဆိုရင်
ကိုယ်က အလင်းပေးချင်ခဲ့သူ
နာကျင်မူတွေကိုကုစား
မုသား တွေရှောင်ဖယ်
တကယ်ဆို . .
ငြိမ်းချမ်းခြင်းနဲ့ချစ်ခြင်းတရားရယ် ။

သံယောဇဉ်တွေကြာလာတဲ့အခါ
မေတ္တာတရားဟာ ကြည်လင်လာတယ်
( ဒီလိုနဲ့ )
ကိုယ်နဲ့မင်းရဲ့ နေ့ရက်တိုင်းဟာ
ရှေ့ဆက်ရမဲ့ ... ချစ်ခြင်းတရားရဲ့သမိုင်းပေါ့ကွယ် ။

အချစ်ရေ
ဘ၀ဆိုတာ ပန်းခင်းလမ်းမဟုတ်ပေမဲ့
( ကိုယ်က )
ချစ်သူ လှမ်းမဲ့ လမ်းတလျောက်
ပန်းတွေခင်းပေးချင်ခဲ့သူ ။

အချစ်ရေ
ညီမျှခြင်းနဲ့မညီမျှခြင်းတွေကြား
အစီအရီပြောပြတဲ့ ကိုယ့်ကဗျာလေးတွေ
တိမ်တွေပေါ်ဝဲ..
မိုးတွေမစဲသော နေ့ရက်တိုင်းမှာ
သံစဉ်တွေခြွေချ
ကိုယ် ... ဘယ်တော့မှ မေ့မရဘူးကွယ် ။

အခက်ဆိုတာကြုံလာတိုင်း
မုန်တိုင်းတွေကိုခွင်း
ရန်စွယ်တိုင်းကို ကိုယ်ကရှင်းမယ် ။

ဒီတစ်နေ့ ဒီတစ်ရက် ဒီတစ်မနက်မက
နေ့ရက်တိုင်းမှာ နှင်းဝေစေ
ပန်းမကြွေ မြေမခ
အနေလှတဲ့ ဘ၀ဆက်တိုင်း
မှိုင်းဝေပြာ မြူတွေကင်း
အလင်း တွေ " ခ "
လိုတိုင်းတ "ရ" ပါစေ ။

အချစ်ရေ ..
တစ်နေ့ .. မဝေးတဲ့တစ်နေ့
နေရောင်ခြည်တွေလင်းမဲ့ တစ်နေ့
ကြည်ရောင်စုံတွေ ခင်းမဲ့ တစ်နေ့ပေါ့ကွယ် ။

သက်တန့်ချို
29.3.2017

Tuesday, March 28, 2017

ကိုယ့်အကျင့်ကိုယ် ပြင်ကြစို့



အစိုးရကိုချည်း လှိမ့်အပြစ်တင်နေလို့မရဘူး
ကိုယ်ကိုယ်တိုင်လည်း အသုံးကျအောင်နေမှ ရမှာ

အစိုးရကိုချည်း စနစ်မကျဘူးပြောနေလို့မရဘူး
ကိုယ့်ပါးစပ်ထဲက ကွမ်း စည်းကမ်းတကျ ထွေးတတ်ဖို့လည်းလိုတယ်

အစိုးရကိုချည်း ထိုင်ဆဲနေလို့မရဘူး
ကိုယ့်အမှိုက်ကိုယ် လမ်းပေါ် ပစ်မချမိအောင် နေတတ်ဖို့လည်းလိုတယ်

အစိုးရကိုချည်း မကောင်းပြောနေလို့မရဘူး
ကိုယ်ကိုယ်တိုင် လူကြားထဲ ဆေးလိပ်မသောက်ပဲ နေနိုင်ဖို့လည်းလိုတယ်

အစိုးရကိုချည်း ဘုပြောနေလို့မရဘူး
ကိုယ်ကိုယ်တိုင် တန်းစီစနစ် နဲ့အသားကျအောင် ကျင့်ဖို့လည်းလိုတယ်

( လူတော်တော်များများ က ကိုယ်ကိုယ်တိုင်သာ စည်းကမ်းမရှိ ကွမ်းတံတွေးထွေးချင်ရာထွေး လူကြားထဲ ဆေးလိပ်သောက်
တန်းမစီချင် ကျော်တက်လုခွ လက်လွတ်စပယ် အမှိုက်ပစ် နေကြပြီးပါးစပ်ကတော့ ဒီ အစိုးရ ဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြောနေကြတာ
ကိုယ်ကိုယ်တိုင် ဘယ်လောက်ထိ စည်းကမ်းတကျ ကြိုးစားချင်စိတ် ရှိပြီး ချွေတာ စုဆောင်းချင်စိတ် ပူးပေါင်းပါဝင်လိုစိတ်ရှိတယ်ဆိုတာ မဆန်းစစ်ကြဘူး )

နိုင်ငံတစ်ခုမပြောနဲ့ မြို့နယ်တစ်ခု ရပ်ကွက်တစ်ခု နောက်ဆုံးမိသားစုတစ်ခု တိုးတက်ချင်ရင်တောင်
အိမ်ရှိလူအားလုံး တက်ညီလက်ညီ ၀ိုင်းပြီး အလုပ်လုပ်ကြဖို့လိုတာ စည်းကမ်းရှိကြဖို့လိုတာ

ပါးစပ်ကသာ ဒီမိုကရေစီအော်နေကြပြီးအခုက ကားပေါ်ကနေ ကွမ်းတံတွေးထွေးချင်ရာထွေး စင်ချင်ရာစင် ကိုယ်လုပ်တာမဟုတ်တဲ့အတိုင်း မျက်နှာပြောင်တိုက်တတ်တဲ့အကျင့်လေးတွေ ပြင်နိုင်ရင်တောင် တော်တော်ဟုတ်နေပြီ ။

သက်တန့်ချို
28.3.2017

သူတစ်ပါးရဲ့ မနာလိုဝန်တိုစိတ်ကို ကိုယ့်ဆီမကူးစက်ပါစေနဲ့

သူတစ်ပါးရဲ့ အမုန်းတရားကို
ဥပက္ခာပြုခြင်းနဲ့တုန့်ပြန်ခြင်းက ပိုမြင့်မြတ်တယ်

လူတစ်ယောက်ကို လက်စားချေခြင်းထက်
လူတစ်ယောက်ကို ခွင့်လွှတ်လိုက်တာက ပိုမြင့်မြတ်တယ်

သူတစ်ပါးရဲ့ မနာလိုဝန်တိုစိတ်ကို
ကိုယ့်ဆီမကူးစက်ပါစေနဲ့

သူက သူ ... ကိုယ်က ကိုယ် နောက်ဆုံးတော့လည်း
လူသားတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ကြရတာပါပဲ ။

သက်တန့်ချို
28.3.2017

Friday, March 24, 2017

ကိုယ့်ရဲ့အောင်မြင်ခြင်း ကျရှုံးခြင်းကို တစ်ပါးသူရဲ့ မှတ်ချက်ပေါ်မှာ မတည်ရှိပါစေနဲ့

ကိုယ့်ကို မယှဉ်နိုင်တဲ့သူက
ကိုယ့်နောက်ကွယ်ကနေသာ ကိုယ့်မကောင်းကြောင်းရွေးပြောတတ်တယ်

ကိုယ့်ကို မယှဉ်ရဲတဲ့သူက
ကိုယ့်နောက်ကွယ်ကနေသာ မနာလိုစိတ်နဲ့နေလေ့ရှိတယ်

ရှေ့တည့်တည့်ကနေ ထိုးတဲ့ဓါးကို မကြောက်ပါနဲ့
နောက်ကွယ်ကနေ ထိုးတတ်တဲ့  ဓါးတွေကသာ ကြောက်ဖို့ကောင်းပါတယ်

ကိုယ့်ရဲ့အောင်မြင်ခြင်း ကျရှုံးခြင်းကို တစ်ပါးသူရဲ့ မှတ်ချက်ပေါ်မှာ မတည်ရှိပါစေနဲ့
ကိုယ်သတ်မှတ်ထားတဲ့ ကိုယ့်ပန်းတိုင်နဲ့သာ အောင်မြင်ခြင်း ကျရှုံးခြင်းကို တိုင်းတာပါ ။

သက်တန့်ချို
24.3.2017

ဘ၀မှာ တကယ်ပဲ စိတ်ချမ်းချမ်းသာသာ နေချင်သလား



- ဘယ်အရာကိုမှ လွန်လွန်ကျွံကျွံ မခံစားမိစေနဲ့

- ဘယ်သူ့ကိုမှ ကိုယ့်လို မျိုးတွေးမှာပဲလို့မစဉ်းစားနဲ့

- ကိုယ့်ဖက်ကပဲ အမြဲ မှန်တယ်လို့မတွေးနဲ့

- ဘယ်လိုပြဿနာပဲဖြစ်ဖြစ် သူတပါးကို လက်ညှိုးထိုးလွှဲမချနဲ့

- ဘယ်သူ့ကိုမှ ကိုယ့်ကြောင့် မနာကျင်စေနဲ့

- ဘယ်စကားကိုပဲဖြစ်ဖြစ် လက်လွတ်စပယ် မပြောမိစေနဲ့

သက်တန့်ချို
24.3.2017

Thursday, March 23, 2017

တန်ဖိုးမဲ့တဲ့အရာတွေအတွက် တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်းတီးမိစေနဲ့


 ကိုယ့်ကို စွန့်ခွာသွားတဲ့လူကို သတိရနေမယ့်အစား
ကိုယ့်ကို ဂရုစိုက်တဲ့သူကို တန်ဖိုးထားပါ

ကိုယ့်ကို မေ့သွားတဲ့လူကို တမ်းတနေမဲ့အစား
ကိုယ့်ကို အမြဲ သတိရနေတဲ့လူကို တန်ဖိုးထားပါ

ကိုယ့်ကို စော်ကားတဲ့လူကို ဒေါသထွက်နေမယ့်အစား
ကိုယ့်ကို ကျေးဇူးတင်နေတဲ့သူကို တန်ဖိုးထားလိုက်ပါ

ဘ၀က .. သိပ်တိုတောင်းပါတယ်
တန်ဖိုးမဲ့တဲ့အရာတွေအတွက် တန်ဖိုးရှိတဲ့အချိန်ကို မဖြုန်းတီးမိစေနဲ့ ။

သက်တန့်ချို
23.3.2017

ဘ၀ စာမေးပွဲ


 ခက်ခဲကြမ်းတမ်းတဲ့လမ်းတိုင်းက လှပတဲ့ပန်းတိုင်ကို ဦးတည်နေတာပါ

အခက်အခဲကို မကြုံတွေ့ဖူးခဲ့ရင် ကြံ့ခိုင်သန်မာခြင်းကို နားလည်မှာမဟုတ်ဘူး

တကယ်တော့ အခက်အခဲတိုင်းဟာ ...

ကိုယ့်အတွက် ... အရာရာကို ကျော်ဖြတ်နိုင်ဖို့ စစ်တဲ့ " ဘ၀ စာမေးပွဲ " တွေပါ ..။

ကိုယ့်ဖက်က ရှောင်မပြေးဖို့ပဲလိုတယ် ။

သက်တန့်ချို
23.3.2017

Wednesday, March 22, 2017

မရှက်ပါနဲ့



မသိတာကို မေးဖို့မရှက်ပါနဲ့
ကိုယ်မသိလို့ အမှားလုပ်မိမှာထက်
မေးလိုက်တာက ပိုကောင်းတဲ့နည်းလမ်းဖြစ်တယ်

ကောင်းတဲ့အမူအကျင့်ကို အတုယူဖို့မရှက်ပါနဲ့
မကောင်းတဲ့အကျင့်စရိုက်တွေစွဲကပ်လာမှာထက်
သူတပါးရဲ့ကောင်းတဲ့အကျင့်ကို အတုခိုးတာကောင်းပါတယ်

ကိုယ့်အမှားကိုယ် တောင်းပန်ရမှာ မရှက်ပါနဲ့
ကိုယ်မှန်နေသလို နေနေတာထက်
ကိုယ့်ကိုယ်တိုင်သိနေတဲ့ကိုယ့်အမှားကို ၀န်ခံတောင်းပန်လိုက်တာကလိပ်ပြာသန့်ပါတယ်

လူ့ဘ၀ကို ဖြတ်သန်းတဲ့အခါ ရှက်သင့်တာနဲ့မရှက်သင့်တာ ခွဲခြားတတ်ဖို့လိုပါတယ်

သက်တန့်ချို
22.3.2017

အပေါ်ယံမျက်နှာပြင်ကိုကြည့်ပြီး ကောက်ချက်မချမိစေနဲ့

တခါတုန်းက သင်္ဘောတစ်စီးပေါ်မှာ စုံတွဲ တစ်တွဲ ခရီးတစ်ခုကို အတူ လိုက်ပါစီးနင်းလာခဲ့ကြတယ် လမ်းမှာ မမျှော်လင့်ပဲ မိုးသက်မုန်တိုင်းတစ်ခု နဲ့ကြုံရပြီး သူတို့စီးလာတဲ့ သဘောင်္ နစ်မြုပ်ဖို့အချိန်ကြုံလာခဲ့တယ်

အဲ့ဒီအခါ အရေးပေါ် အသက်ကယ်လှေကို လူတွေ အားလုံးအလုအယက်နဲ့ဝိုင်းတက်ကြတာပေါ့  ။ ဒီလိုနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန်မှာ သူတို့ စုံတွဲ အတွက် အသက်ကယ်လှေ တစ်စီးပေါ်မှာ လူတစ်ယောက်စာ နေရာကိုတွေ့ခဲ့ရတယ်

အဲ့ဒီအခါ ယောက်ျားဖြစ်တဲ့သူက မိန်းမဖြစ်သူကို ဘေးဖယ်ပြီး အသက်ကယ်လှေပေါ်ကို တစ်ဦးတည်းခုန်ဆင်းသွားခဲ့တယ် ။ မိန်းမဖြစ်တဲ့သူက နစ်မြုပ်နေတဲ့သဘောင်္နဲ့အတူ .. ရေထဲမြုပ်သွားပြီး မမြုပ်ခင်လေးမှာ သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောခဲ့တယ် ..။

သူ့ယောက်ျားကို ဘာအော်ပြောခဲ့တယ်လို့ထင်ပါသလဲ .........??

......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
......
စာဖတ်သူအများစု ဖြေတဲ့အဖြေက .. " နင့်ကို ငါ မုန်းတယ် " လို့ဖြစ်မယ်ထင်ပါတယ် တကယ်တော့ မိန်းမ ဖြစ်တဲ့သူ ယောက်ျားကို အော်ပြောသွားတဲ့စကားကတော့ " ငါတို့ ကလေးကို ဂရုစိုက်ပါ " လို့ဖြစ်ပါတယ် ။ ဇာတ်လမ်းက မပြီးဆုံးသေးပါဘူး ။ ယောက်ျားဖြစ်တဲ့သူဟာ အသက်ကယ်လှေနဲ့အတူပါသွားပြီး အသက်ရှင်ခွင့်ရခဲ့တယ် ။

အိမ်ရောက်တဲ့အခါ တစ်ဦးတည်းသော သမီးငယ်လေးကို ပြုစုပျိုးထောင်ရင်း အချိန်တွေကုန်လွန်ခဲ့တယ် ။ ဒီလိုနဲ့အသက်အရွယ်အိုမင်းပြီး သေဆုံးသွားပါတော့တယ် ။

တစ်နေ့မှာ သမီးဖြစ်သူက သူ့အဖေ ပစ္စည်းတွေ သိမ်းဆည်းပေးရင်းမထင်မှတ်ပဲ မှတ်စုစာအုပ်တစ်အုပ် ကိုတွေ့ခဲ့တယ် ။ အဲ့ဒီစာအုပ်ထဲမှာ သူ့အမေက မကုသနိုင်တဲ့ မကြာခင် သေဆုံးရတော့မယ့် ရောဂါ တစ်ခုရှိနေကြောင်းကို အရင်ကြိုတင်သိနှင့်ပြီးသားဖြစ်ပြီး သင်္ဘော နစ်မြုပ်ချိန်မှာ ဖခင်ဖြစ်သူဟာ တစ်ခုတည်းသော ရှင်သန်နိုင်မယ့်အခွင့်အရေးကို သမီးငယ်အတွက်ရယူခဲ့ရတယ်လို့ရေးထားပါတယ် ။

ဒါ့အပြင် ဖခင်ရဲ့ စကားလုံးထဲမှာ ... ကျွန်တော် .. သဘောင်္နစ်မြုပ်သွားတဲ့ ပင်လယ်ကြမ်းပြင်အောက်မှာ မိန်းမနဲ့အတူ လိုက်ပါ သွားချင်ခဲ့တယ် ဒါပေမယ့် သမီးငယ်ရှေ့ရေးအတွက် ကျနော် အသက်ရှင်သန်မှ ဖြစ်မယ်ဆိုတဲ့ အသိနဲ့ ကျနော် ရွေးချယ်လိုက်တဲ့ လမ်းကို သူ .. လည်းသဘောတူမယ်လို့ထင်ပါတယ် ... လို့ရေးထားတာ ကိုတွေ့လိုက်ရတယ် ။

---------------------------------------------

ဒီကမ္ဘာကြီးမှာ အရာရာဟာ အကောင်းနဲ့အဆိုးဒွန်တွဲ နေတဲ့အပြင်နားလည်ဖို့ခက်ခဲတဲ့ ကန့်လန့်ကာနောက်ကွယ်က အဖြစ်အပျက်တွေ အများကြီးရှိပါတယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း လူတစ်ဖက်သားအပေါ် အပြည့်အ၀ နားလည်နိုင်ခြင်းမရှိပဲနဲ့ အပေါ်ယံမျက်နှာပြင်ပေါ်မှာ သာအစောတလျင်ကောက်ချက်ချမိခြင်းမပြုဖို့လိုပါတယ် ။


သက်တန့်ချို
22.3.2017
ှSource : Moralstories26