Saturday, April 29, 2017

လက်လွှတ်လိုက်တယ်ဆိုတာ .. သတ္တိရှိခြင်းတစ်မျိုးပါပဲ


သူတစ်ပါးကို ထွက်သွားခွင့်ပေးလိုက်တာဟာ
ကိုယ့်ကိုယ်ကို လွတ်လပ်ခွင့်ပေးလိုက်တာပါပဲ

သူတစ်ပါးကို နှုတ်ဆက်ခွင့်ပေးလိုက်တာက
ကိုယ့်ကိုယ်ကို ငြိမ်းချမ်းစေလိုက်တာပါပဲ

သူတစ်ပါးကို စွန့်လွှတ်ခွင့်ပေးလိုက်တာဟာ
ကိုယ့်ကိုယ်ကို အနှောင်အတွယ်မဲ့စေတာပါပဲ

" ကြိုးပြတ်သွားတဲ့ စွန်ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်စမ်းပါ "
လက်လွှတ်လိုက်တယ်ဆိုတာ .. သတ္တိရှိခြင်းတစ်မျိုးပါပဲ ။

#သက်တန့်ချို
29.4.2017 #ttclifequote



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အဆင်ပြေမှာပါ

မိုးစက်လေးတွေ တစ်စက်ချင်းတွေစုလိုက်ခြင်းအားဖြင့်
ပင်လယ်သမုဒ္ဒရာကို ဖန်တီးနိုင်တယ်

အုတ်ချပ်လေးတွေ တစ်ချပ်ခြင်းစုလိုက်ခြင်းအားဖြင့်
အဆောက်အအုံတွေကို ဖန်တီးနိုင်တယ်

ကိုယ့်ကိုယ်တွင်းက သဲတွေကိုအချိန်ပေးစုလိုက်ခြင်းဖြင့်
ကမာကောင်က လှပတဲ့ပုလဲလုံးကို ဖန်တီးနိုင်တယ်

ရေမှုံကလေးတွေနဲ့နေရောင်ခြည်စုဆုံစေခြင်းအားဖြင့်
လှပတဲ့ သက်တန့် တစ်စင်းကိုဖြစ်စေနိုင်တယ်

ကိုယ်ကရော ....
အခက်အခဲတွေ .. ခါးသီးမှုတွေကို
ဘာလို့ ဘ၀ရဲ့ တက်လမ်းအဖြစ် မပြောင်းလဲနိုင်ရမှာလဲ ။

မျက်ရည်ကျပြီးနောက်ပျော်ရွှင်ရမှာပါ ။
ခက်ခဲပြီးနောက် အဆင်ပြေလာမှာပါ ။
ခါးသီးပြီးနောက် ချိုမြိန်လာမှာပါ ။

#သက်တန့်ချို
29.4.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကံကြမ္မာဆိုတာ



 တစ်ခါတုန်းက လူတစ်ယောက် အရမ်းမှန်တယ်ဆိုတဲ့ ပညာရှိ ဗေဒင်ဆရာဆီသွားမေးတယ်

" ကျွန်တော် .. အခုတလော အရမ်းကံဆိုးနေတယ်ဗျာ .. ဘာလုပ်လုပ်မအောင်မြင်ဘူး ကျွန်တော်ကံကြမ္မာက ကျွန်တော့်ကို တမင်များ ဆိုးအောင်လုပ်နေလားမသိပါဘူး ဆရာကူညီနိုင်ရင်ကူညီပါဦး"

ဗေဒင်ဆရာက ပြောတယ် " ဒါဆို ခင်ဗျားရဲ့ ဘယ်ဖက် လက်ဖ၀ါးပေးပါ ကျွန်တော်ကြည့်ပေးမယ် " လို့ပြောတယ်

ဒီလိုနဲ့ ဘယ်ဖက်လက်ဖ၀ါးကိုယူကြည့်ပြီး " ဒီမှာ ဒါက အချစ်လမ်းကြောင်း ဒါက စီးပွားရေးလမ်းကြောင်း ဒါက ကံကောင်းတဲ့ လမ်းကြောင်း ဒါက ကံဆိုးတဲ့လမ်းကြောင်း ဒါကတော့ ခင်ဗျားဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းလမ်းကြောင်း " လို့ ပြပြီး

" ကဲခင်ဗျား ကံကြမ္မာဆိုတာဘာလဲသိချင်လား " လို့မေးပြီး လက်ဖ၀ါးကို တင်းတင်းကျစ်နေအောင်ဆုပ်ခိုင်းတယ် ။ ပြီးမှ ပြန်ဖြန့်ခိုင်းပြီး ပြန်မေးတယ် ။

" ခုနက ကျွန်တော်ပြောခဲ့တဲ့ လက္ခဏာလမ်းကြောင်းတွေ ဘယ်ရောက်သွားလဲ "

" ကျွန်တော့်လက်ထဲမှာပါပဲ " လို့ အဲဒီလူက တွေဝေစွာတွေးပြီးပြန်ဖြေတယ် ။

ပညာရှိဗေဒင်ဆရာက ဆက်မေးတယ် ။

" ဒါဆို ရင် ကံကြမ္မာကရော " တဲ့ ။ အဲ့ဒီအချိန်မှ ဘာကို ဆိုလိုတယ်ဆိုတာ သူသဘောပေါက်လိုက်ပါတော့တယ် ။

...............................

ကံကောင်းခြင်းကံဆိုးခြင်းကို ဘယ်အရာမှ မသတ်မှတ်ထားပါဘူး .. ကိုယ့်လက်ထဲမှာပဲရှိပါတယ် ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်
ကိုယ့်ကံကြမ္မာကို ကောင်းခြင်းဆိုးခြင်းဖြစ်စေတာ ..ကိုယ်ကိုယ်တိုင်ပါပဲ ။

#သက်တန့်ချို
#ttcinspirationalstories
29.4.2017
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, April 28, 2017

တစ်ဖက်သားကို ကိုယ်က ပို တန်ဖိုး ထားတဲ့အတွက်ပါ

တခါတလေ နောက်ဆုတ်လိုက်တာ မှားနေလို့မဟုတ်ဘူး
ကိုယ်မှန်နေကြောင်းကိုယ့်ဖာသာ သိနေလို့ပါ

တခါတလေ လက်လျော့လိုက်တာ အရှုံးပေးလိုက်တာမဟုတ်ဘူး
ကိုယ့်ကြောင့် တစ်ဖက်သား မနာကျင်စေချင်တဲ့အတွက်ပါ

တခါတလေ ခေါင်းငုံ့လိုက်တာ ကိုယ်ညံ့နေလို့မဟုတ်ဘူး
ကိုယ့်ကြောင့် တစ်ဖက်သား မပူလောင်စေချင်တဲ့အတွက်ပါ

ကိုယ့်ဖက်က စပြီး လက်ကမ်းလိုက်တယ်ဆိုတာ
တစ်ဖက်သားကို ကိုယ်က ပို တန်ဖိုး ထားတဲ့အတွက်ပါ

#သက်တန့်ချို
28.4.2017 #ttclifequote

သူတို့ဟာ .. " ကိုယ်တွေရဲ့ မိဘ တွေပါပဲ "

ကိုယ်ဘယ်လောက်ထိဆိုးဆိုး
ကိုယ့်ကို အမြဲသည်းခံပေးတယ်

ကိုယ်ဘယ်လောက်ထိ မျက်ရည်ကျအောင်လုပ်လုပ်
ကိုယ်ကို အမြဲ ခွင့်လွှတ်ပေးတတ်တယ်

ကိုယ်ဘယ်လောက်ထိ ရိုင်းပြ ရိုင်းပြ
ကိုယ့်ကို နားလည်နွေးထွေးပေးတယ်

ကိုယ်ဘယ်လောက်ထိ လစ်လျှုရှုခဲ့ ရှုခဲ့
ကိုယ့်အတွက်ဆို အမြဲ ဖြည့်ဆည်းပေးခဲ့တယ်

ကိုယ့်ဖက်က အချိန်တိုင်းမစဉ်းစားပေးပေမယ့်
ကိုယ့်အတွက်ဆို အမြဲ အချိန်တိုင်းစဉ်းစားပေးတယ်

ကိုယ့်ဖက်ကအမြဲ မစောင့်ရှောက်နိုင်ပေမယ့်
ကိုယ့်အတွက်ဆို အမြဲ အသင့်စောင့်ရှောက်နိုင်ခဲ့တယ်

ကိုယ့်ဖက်က အမြဲအချိန်မပေးနိုင်ပေမယ့်
ကိုယ့်အတွက်ဆို အချိန်တိုင်းပဲ အသင့်ရှိနေခဲ့ကြတယ်

သူတို့ဟာ .. " ကိုယ်တွေရဲ့ မိဘ တွေပါပဲ " ။

#သက်တန့်ချို
28.4.2017 #ttcparentquote 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါတယ်
ဆုပ်ကိုင်ထားရတာထက် လွှတ်ချလိုက်ရတာက ပိုခက်ခဲတယ်ဆိုတာ သင်ပေးခဲ့လို့

ကျေးဇူးတင်ပါတယ်
ဥပက္ခာတရားဆိုတာ အကောင်းဆုံး လက်စားချေခြင်းဆိုတာ သင်ပေးခဲ့လို့

ကျေးဇူးတင်ပါတယ်
ဘယ်အရာမှ မတည်မြဲပဲ အချိန်တိုင်းပြောင်းလဲနေတယ်ဆိုတာ သင်ပေးခဲ့လို့

ကျေးဇူးတင်ပါတယ်
ဘယ်အရာမှ သံယောဇဉ်မထားကောင်းဘူးဆိုတာ သင်ပေးခဲ့လို့

ကျေးဇူးတင်ပါတယ်
မေ့ပစ်လိုက်ခြင်းက အကောင်းဆုံးခွင့်လွှတ်ခြင်းတရားဆိုတာ သင်ပေးခဲ့လို့

#သက်တန့်ချို
28.4.2017 #ttclivequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 27, 2017

လူတစ်ယောက်ကို စိတ်ထဲ တကယ်ရှိရင်



လူတစ်ယောက်ကို စိတ်ထဲ တကယ်ရှိတယ်ဆိုရင်
ဘာကိုမှ တောင်းဆိုနေစရာမလိုဘူး သူ့အလိုလို လိုက်လျောလိမ့်မယ်
လူတစ်ယောက်ကို စိတ်ထဲ တကယ်မရှိဘူးဆိုရင်
ဘာကိုပဲတောင်းဆို တောင်းဆို အမြဲ ငြင်းပယ်နေလိမ့်မယ်

လူတစ်ယောက်ကို စိတ်ထဲ တကယ်ရှိတယ်ဆိုရင်
အရာရာကို အမှတ်တရ သတိရနေလိမ့်မယ်
လူတစ်ယောက်ကို စိတ်ထဲ တကယ်မရှိဘူးဆိုရင်
ဘယ်အရာပဲဖြစ်ဖြစ် မေ့လျော့နေလိမ့်မယ်

လူတစ်ယောက်ကို စိတ်ထဲ တကယ်ရှိရင်
ဘယ်လောက် ဝေးဝေး နီးနေသလို ခံစားရလိမ့်မယ်
လူတစ်ယောက်ကို စိတ်ထဲ တကယ်မရှိဘူးဆိုရင်
ဘယ်လောက်နီးနီး ဝေးနေသလို ခံစားရလိမ့်မယ်

#သက်တန့်ချို
27.4.2017 #ttclovequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တကယ်ချစ်တဲ့လူဆိုတာ

တကယ်ချစ်တဲ့လူက အကျိုးကိုဖြစ်စေတယ်
တကယ်မချစ်တဲ့လူက အဆိုးကိုဖြစ်စေတယ်

တကယ်ချစ်တဲ့လူက ပျော်ရွှင်ခြင်းကို ဖန်တီးပေးတယ်
တကယ်မချစ်တဲ့လူက နာကျင်ခြင်းကို ဖန်တီးပေးတယ်

တကယ်ချစ်တဲ့လူက ဘယ်လောက်ဝေးပါစေ နီးနေတယ်
တကယ်မချစ်တဲ့လူက ဘယ်လောက်နီးပါစေ ဝေးနေတယ်

တကယ်ချစ်တဲ့လူက တောင်းဆိုတာထက် ပေးဆပ်တာများတယ်
တကယ်မချစ်တဲ့လူက ပေးဆပ်တာထက် တောင်းဆိုတာများတယ်

တကယ်ချစ်တဲ့လူက ကိုယ်ချစ်တဲ့လူအတွက်ပဲကြည့်တယ်
တကယ်မချစ်တဲ့လူက ကိုယ့်အတွက်ပဲကိုယ်ကြည့်တယ် ။

#သက်တန့်ချို
27.4.2017  #ttclovequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, April 26, 2017

သင်သာ အသက် ( ၇၀ ) နှစ် ထိနေခွင့်ရတဲ့လူဆိုရင်

သင်သာ အသက် ( ၇၀ ) နှစ် ထိနေခွင့်ရတဲ့လူဆိုရင်

၇၀ နှစ် x ၃၆၅ ရက် = ၂၅၅၅၀ ရက် လူ့ဘ၀မှာ နေရမယ်

သင့်အသက် ၂၀ ကျော်ပြီဆိုရင် ရက်ပေါင်း ၇၃၀၀ ကျော် ကုန်ခဲ့ပြီးပြီ
သင့်အသက် ၃၀ ကျော်ဆိုရင် ရက်ပေါင်း ၁၀၉၅၀ ကျော်ကုန်ခဲ့ပြီးရင်
သင့်အသက် ၄၀ ကျော်ဆိုရင် တော့ ရက်ပေါင်း ၁၄၆၀၀ ကျော်ကုန်ခဲ့ပြီးပါပြီ

ရက်ပေါင်း ၂သောင်းခွဲမှာ
သင် ဘယ်နှစ်ရက်ပျော်ခဲ့ပြီးပြီလဲ ဘယ်နှစ်ရက် ၀မ်းနည်းခဲ့ပြီးပြီလဲ
ဘယ်နှစ်ရက် အေးချမ်းခဲ့ပြီးပြီလဲ ဘယ်နှစ်ရက် ပူလောင်ခဲ့ပြီးပြီလဲ
ဘယ်နှစ်ရက် အောင်မြင်ခဲ့ပြီးပြီလဲ ဘယ်နှစ်ရက် ကျရှုံးခဲ့ပြီပြီလဲ

ကျွန်တော်တို့အားလုံးဟာ လူ့လောကကို ရက်ပေါင်း ၂သောင်းကျော်လောက် ခနတာလာခွင့်ရတဲ့
" အရိုး အရွတ် အသွေး အသား နဲ့ဖွဲ့ထားတဲ့ သက်ရှိ သတ္တ၀ါ " တစ်ကောင်သာ ဖြစ်ပါတယ် ။

တချို့တွေက ရက်ပေါင်း သောင်းကျော် ဆက်နေရဦးမယ်
တချို့တွေက ရက်ပေါင်း ထောင်ကျော်ဆက်နေရဦးမယ်
တချို့တွေက ရက်ပေါင်း ရာကျော်ဆက်နေရဦးမယ်
တချို့တွေက မနက်ဖြန်မှာ သေဆုံးကြရမယ်
တချို့တွေက ခနနေရင် သေဆုံးကြရမယ် .. ဒါအမှန်တရားပါပဲ

ပူလောင်မှု ဒေါသတွေနဲ့ ကျန်တဲ့ရက်တွေကို မဖြတ်သန်းပါနဲ့
အေးချမ်းခြင်းတရားခွင့်လွှတ်ခြင်းတရားအတွက် နေ့တွေကုန်ဆုံးပါစေ

အမုန်းတရားတွေနဲ့ ကျန်တဲ့ရက်တွေကို မကုန်ဆုံးစေပါနဲ့
ချစ်ခြင်းမေတ္တာနဲ့ လှပတဲ့နေ့ရက်တွေကိုသာ ကုန်ဆုံးပါစေ

မနာလို ၀န်တိုမှုတွေနဲ့ကျန်တဲ့ရက်တွေကို အချည်းနှီးမဖြစ်ပါစေနဲ့
ဥပက္ခာတရားနဲ့ မုဒိတာ တရားအတွက် နေ့တွေကုန်ဆုံးပါစေ

စိတ်ညစ်ကြေကွဲ ၀မ်းနည်းစရာတွေနဲ့ ကျန်တဲ့ရက်တွေကို မဖြုန်းမိပါစေနဲ့
ပျော်ရွှင်မှုအတွက်သာ ကိုယ့်နေ့ရက်တွေအဓိပ္ပါယ်ရှိရှိကုန်ဆုံးပါစေ

ရက်ပေါင်း ၂ သောင်းခွဲမှာ ကိုယ်ဖြုန်းခဲ့တဲ့ရက်တွေ တဖြည်းဖြည်းများလာနေပြီမဟုတ်လား ။

တစ်နေ့ ... သေမင်းဆီသွားရမှာချင်းအတူတူ
စိတ်ပါလက်ပါ နဲ့ ကိုယ့် နေ့ရက်တွေကို ဖြတ်သန်းလိုက်စမ်းပါ ။

#သက်တန့်ချို
26.4.2017 #ttclifequote


ကိုယ့်တန်ဖိုးကိုယ်သိတဲ့လူ


သစ္စာရှိမှုဆိုတာ ရှားပါးလွန်းလို့
တန်ဖိုးမရှိသူတွေဆီက မမျှော်လင့်ပါနဲ့

ကတိတည်မှုဆိုတာ ရှားပါးလွန်းလို့
တန်ဖိုးမရှိသူတွေဆီက မမျှော်လင့်ပါနဲ့

ကိုယ်ကျင့်တရားစောင့်ထိမ်းမှုဆိုတာ ရှားပါးလွန်းလို့
တန်ဖိုးမရှိသူတွေဆီက မမျှော်လင့်ပါနဲ့

ရိုးသားမှုဆိုတာ ရှားပါးလွန်းလို့
တန်ဖိုးမရှိသူတွေဆီက မမျှော်လင့်ပါနဲ့

" ကိုယ့်တန်ဖိုးကိုယ် သိတဲ့လူတဲ့လူက
သူ့အလိုလို သိက္ခာစောင့်ထိမ်းတယ် "

#သက်တန့်ချို
26.4.2017 #ttcquote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, April 25, 2017

အဓိက


ကိုယ်ဘယ်လောက်ချမ်းသာလဲ အဓိကမဟုတ်ဘူး
ကိုယ်ဘယ်လောက် အချုပ်အနှောင်ကင်းလဲ အဓိကပါ

ကိုယ်ဘယ်လောက် ပညာတတ်လဲ အဓိကမဟုတ်ဘူး
ကိုယ်ဘယ်လောက် ပတ်ဝန်းကျင်ကို အကျိုးပြုလဲ အဓိကပါ

ကိုယ်ဘယ်လောက် ရာထူးမြင့်လဲအဓိကမဟုတ်ဘူး
ကိုယ်ဘယ်လောက် တာဝန်ကျေလဲ အဓိကပါ

နောက်ဆုံး ...ကိုယ် ဘာကောင်လဲ ဆိုတာ အဓိကမဟုတ်ဘူး
ကိုယ် ဘာလုပ်နေလဲ ဆိုတာသာ အဓိက ကျပါတယ် ။

#သက်တန့်ချို
#ttcquote #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လူ့အသိုင်းအ၀ိုင်းမှာ ခေါင်းမော့ရင်ကော့ချင်တယ်ဆိုရင်

လူ့အသိုင်းအ၀ိုင်းမှာ ခေါင်းမော့ရင်ကော့ချင်တယ်ဆိုရင်

- မလိမ်နဲ့မညာနဲ့
- မယုတ်မာနဲ့
- အကောက်မကြံနဲ့
- ကုန်းမချောနဲ့
- ကတိမဖျက်နဲ့

အရေးအကြီးဆုံးက " ဘယ်တော့မှ အမှားမလုပ်နဲ့ "

ကိုယ်တစ်ချက်ကလေး အမှား လုပ်မိတာနဲ့
ကိုယ့်တစ်ဘ၀လုံး ပျက်စီးသွားနိုင်ပါတယ် ။

#သက်တန့်ချို
25.4.2017 #ttclifequote

စိတ်မဆင်းရဲချင်ရင်


 စိတ်ဓါတ်မကျချင်ရင်
အရှုံးတွေနဲ့မနစ်မွန်းစေနဲ့ ။

စိတ်မဆင်းရဲချင်ရင်
ဘယ်အရာကိုမှ ဟန်မဆောင်မိစေနဲ့ ။

စိတ်ဒါဏ်ရာမရချင်ဘူးဆိုရင်
ဘယ်အရာကိုမှ မတပ်မက်မိစေနဲ့ ။

#သက်တန့်ချို
25.4.2017 #ttcquote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 24, 2017

နောင်တ .. မရချင်မိပါ

တာဝန်ရှိသူများ ..
ကျွန်တော်တို့လိုချင်နေတာ ( လိုအပ်နေခဲ့တာ ) မြင်အောင်ကြည့်ပေးပါ
နောင်တ .. မရချင်မိပါ

၁ ။ ရှင်းရှင်းပြောရရင် YBS လည်းမဟုတ်ဘူး မထသလည်းမဟုတ်ဘူး ခေတ်မှီမြို့ပြသယ်ယူပို့ဆောင်ရေးစနစ်မှာ .. လူကိုလူလို့မြင်တဲ့ စနစ် ပဲလိုတယ် ။
- ခရီးသည်တင်ကားတွေပြိုင်မမောင်းတဲ့စနစ်
- ခရီးသည်တွေကို လူလို ဆက်ဆံတဲ့စနစ်
- မိုက်ရိုင်း ဆိုးသွမ်း လူမိုက်စပါယ်ရာ ဒရိုင်ဘာများမရှိသော စနစ်
- အပြစ်လုပ်မိပါက ချက်ချင်း Action ယူတတ်သော စနစ်

၂ ။ ရှင်းရှင်းပြောရင် ဘာဂိုဏ်းဘာအဖွဲ့အစည်းမှမလိုချင်ဘူး ကိုယ့်လူမျိုးအချင်းချင်း ကာကွယ်စောင့်ရှောက် တဲ့စနစ်ပဲလိုတယ်
- လူမျိုးခြားစိမ့်ဝင်မှုကိုFrist Priority အနေနဲ့ကာကွယ်ပေးနိုင်တဲ့စနစ်
- ဘာသာရေးခုတုံးလုပ် အကြမ်းဖက် မှုတွေ ပပျောက်အောင် ရှင်းဖယ်ထုတ်ပေးနိုင်တဲ့စနစ်
- လိင်မှုဆိုင်ရာ ကလေးသူငယ်အကြမ်းဖက်မှုတွေကို သေဒါဏ် သင်းကွပ် ပေးနိုင်တဲ့ စနစ်
- လက်တစ်လုံးခြား ကွက်ပျောက်ရိုက်ပြီး လူမျိုးခြားတွေ နိုင်ငံသားဖြစ်နေခြင်းကာကွယ်ပေးနိုင်တဲ့စနစ်

၃ ။ အုပ်ချုပ်မှုပိုင်းဆိုင်ရာမှာ အပြစ်မရှိ ချောမွေ့လွန်းတဲ့ပညာတတ်ကြီးတွေထက် အခြေခံလူတန်းစားတွေ လိုအပ်နေတဲ့အချက်ကို မြင်အောင်ကြည့်နိုင်တဲ့ စနစ်ပဲလိုတယ်
- ပါးရိုက်နားရိုက် နဲ့ အာဏာကို အလွဲသုံးစားလုပ်ခြင်း ကင်းဝေးတဲ့စနစ်
- ကိုယ့်စကားကိုယ် တာဝန်မယူ မသိချင်ယောင်ဆောင်ခြင်း အလျဉ်းမရှိတဲ့ စနစ်
- ပညာမဲ့တဲ့အပြုအမူတွေရှောင်ပြီး ပညာရှင်ဆန်ဆန် ဝေဖန်ခြင်းကို လက်ခံကြိုဆိုပေးတဲ့စနစ်
- ကိုယ်လုပ်တာပဲ အမှန် လို့ထင်ပြီး ဘေးလူစကားနားမထောင် ထင်ရာစိုင်းတတ်ခြင်း ကင်းဝေးသော စနစ်

သိပ်အများကြီး မမျှော်လင့်ပါဘူး ရှင်းရှင်းပြောရရင် အလှမ်းကျယ် လို့ အလယ်လွတ် နေတာလို့လည်းမြင်မိတယ်
ကျွန်တော် သိပ်ကြိုက်တဲ့ စကားတစ်ခွန်းရှိတယ်
" အချိန်တိုင်း အလုပ်ကြိုးစားနေဖို့မလိုဘူး ဒါပေမယ့်ကိုယ်လုပ်တဲ့အလုပ်တိုင်း smart ဖြစ်နေလို့ဖိုတယ် " တဲ့

အလုပ်တော့ နေ့တိုင်းအချိန်တိုင်းကြိုးစားနေတယ်
ဒါပေမယ့် ထွက်လာတဲ့ outcome တွေက ဖြစ်ချင်တိုင်းဖြစ် ဗရမ်းဗတာတွေဆို
ဘယ်မှာ တိုးတက်လာမလဲ ..
ကျွန်တော် ရော .. ပညာတွေ သိပ်တတ်နေတဲ့ ပညာတတ်ကြီးမဟုတ်ဘူး
ဒါပေမယ့်
" မလိုအပ်ပဲ အလုပ်မှာ Overtime တွေဆင်းပြီးလုပ်ပြနေရင် ကိုယ့်အရည်အချင်းညံ့ကြောင်းအထက်လူကြီးကို ပြသနေသလိုပဲ "
ဆိုတဲ့စကားကို အကြွင်းမဲ့လက်ခံသူတစ်ယောက်ပါ ။

အဓိကက ကိုယ်ယူနေတဲ့ ပိုက်ဆံ ( လစာ ) ရာထူး လုပ်ပိုင်ခွင့်တွေနဲ့
ကိုယ်လုပ်နေလို့ဖြစ်လာတဲ့အကျိုးဆက် ကောင်းကျိုး ဆိုးကျိုး
ဒါတွေကို ခံနေရတဲ့ပြည်သူတွေ အခြေခံလူတန်းစားတွေ
အားလုံးခြုံငုံတွေးကြည့်လို့ တန်တယ်ထင်ရင် ..
ကိုယ့်လိပ်ပြာကိုယ်သန့်ကြရင်ပြီးတာပါပဲ ။

#သက်တန့်ချို
24.4.2017 #ttcpublicawareness

ရှောင်ရမည့် .. လူ့မနောစိတ်



ရှောင်ရမည့် .. လူ့မနောစိတ်

သူတစ်ပါးအဆင်ပြေနေရင် မနာလိုဖြစ်တယ်
ရှောင်ဖယ်ရှောင်ဖယ်ဖြစ်လာတယ်

သူတစ်ပါး ဆင်းရဲနေရင် ကြိတ်ဝမ်းသာတတ်တယ်
အားပေးကူညီသလိုလိုနဲ့ ကိုယ့်ကိုယ်ကို ထင်ပေါ်အောင်လုပ်တတ်တယ်

သူတစ်ပါးကိုယ့်ထက်သာနေရင် မုဒိတာမပွားတတ်
အလိုလိုနေရင်း ကြည့်မရဖြစ်နေတတ်တယ်

သူတစ်ပါးကိုယ့်ထက် နိမ့်ကျနေရင် ဟန်မဆောင်နိုင်အောင်ဝမ်းသာတတ်တယ်
သတိလက်လွတ် ထုတ်ဖော်ပြောတဲ့အထိ ကိုယ့်အဆင့်အတန်းကိုဖော်ပြတတ်တယ်

တကယ်တော့ ...
ကမ္ဘာပေါ်မှာ အပြောင်းအလဲ အများဆုံးနဲ့ကြောက်စရာအကောင်းဆုံးက
လူတွေရဲ့ " စိတ် " ပါပဲ ။

#သက်တန့်ချို
24.34.2017 #ttclifequote

Saturday, April 22, 2017

ကိုယ် .. သေသွားတဲ့အခါ

ကိုယ် .. သေသွားတဲ့အခါ

- ၃ ရက်လောက်တော့ အားနာစွာ ထားကြလိမ့်မယ်
ပြီးတာနဲ့ ကိုယ့်ကို ရွံ့ရှာလာကြလိမ့်မယ်

- ၇ ရက်လောက်တော့ ကိုယ့်ကို သတိရနေကြလိမ့်မယ်
ပြီးတာနဲ့ စကားပြောမပျက် TV ကြည့်မပျက် ဘ၀ကို ပုံမှန်ဖြတ်သန်းကြလိမ့်မယ်

- ၁ လပြည့်တဲ့အခါ ကိုယ့်အတွက် ဆွမ်းကပ်ပေးကြလိမ့်မယ်
ပြီးတာနဲ့ ကိုယ့်အကြောင်းမေ့ပြီးသူများအကြောင်းတွေကို ပုံမှန်ပြောနေကြလိမ့်မယ်

- ၁ နှစ်ပြည့်တဲ့အခါ ကိုယ့်အတွက် အလှူအတန်းလေးလုပ်ပေးလိမ့်မယ်
ပြီးတာနဲ့ ကိုယ့်နာမည်ကို စကားထဲထည့်ပြောသူ မရှိသလောက်ရှားပါးသွားမယ်

- ၁၀ နှစ်လောက်ကြာပြီးတဲ့အခါ ကိုယ်ရှိခဲ့တယ်ဆိုတာတောင် သတိရတဲ့သူ ရှားသွားပါလိမ့်မယ်

" သံယောဇဉ်တွေသိပ်မထားပါနဲ့
ကိုယ့်ကိုယ်သာ ချစ်တတ်ဖို့ သင်ယူပါ
လောကကြီးက ..ကိုယ်မရှိလည်း သူ့ဖာသာ ပုံမှန်လည်ပတ်နေမှာပါ "

သက်တန့်ချို
22.4.2017 #ttclifequote

မကင်းနိုင်ရင်ကောင်းအောင်နေ

" မကင်းနိုင်ရင်ကောင်းအောင်နေ
မကောင်းနိုင်ရင်ကင်းအောင်နေ "

ဒီလိုမှ မဟုတ်ပဲ

ကင်းလည်းမကင်း ကောင်းလည်းမကောင်းနိုင်ဘူးဆိုရင်
ကိုယ်ပဲ .. သူယုတ်မာဖြစ်သွားလိမ့်မယ်

သက်တန့်ချို
22.4.2017 #ttclifequote

Friday, April 21, 2017

မိမိကိုယ်သာ .. အားကိုးရာ

ကိုယ်ဒုက္ခရောက်နေချိန် ဘယ်သူကူညီမလဲ မမျှော်လင့်ပါနဲ့
ကိုယ်ကလွဲပြီး အားကိုးစရာမရှိပါဘူး

ကိုယ်လဲကျနေချိန် ဘယ်သူလက်ကမ်းမလဲ မမျှော်လင့်ပါနဲ့
ကိုယ့်ကိုယ်တိုင် ပြန်ထ တာကလွဲလို့ အားကိုးစရာမရှိပါဘူး

ကိုယ်ဆင်းရဲနေချိန် ဘယ်သူဖေးမမလဲ မမျှော်လင့်ပါနဲ့
လူဆိုတာ ကိုယ့်အပူပဲကိုယ်ဂရုစိုက်တတ်ကြပါတယ်

လူရယ်လို့ဖြစ်လာရင် ... ကိုယ့်အတွက် အဖော်စစ်ဆိုတာ
ကိုယ်တစ်ယောက်တည်းသာရှိတယ်

ဘယ်လောက်ချစ်တယ်ပြောပြော ကိုယ်သေရင်လိုက်သေမဲ့လူ
မရှိတာတော့ သေချာပါတယ် ။

သက်တန့်ချို
21.4.2017 #ttclifequote

Never Lie

ကိုယ်ကတော့ .. လိမ်မိတာ တစ်ကြိမ်တည်းပါပဲ

ဒါပေမယ့်

သူတစ်ပါးဆီက ..ယုံကြည်မှု ဆုံးရှုံးသွားတာ တစ်သက်လုံးဖြစ်နိုင်တယ် ။

သက်တန့်ချို
21.4.2017 #ttcquote

ဒါ .. သဘာဝပါပဲ



ကိုယ့်ကို သဘောမကျတဲ့လူ ..
မကောင်းပြောတဲ့လူ
အမြင်မကြည်လင်တဲ့လူ
ရန်လိုတဲ့လူ
သဘောထားမတိုက်ဆိုင်တဲ့လူဆိုတာ ရှိစမြဲပါပဲ ...

သုံးလောကထိပ်တင် အပြစ်ကင်းစင်လှတဲ့
လောဘဒေါသမောတွေချုပ်ငြိမ်းပြီး နတ်လူအပေါင်း..ကြည်ညိုကြတဲ့
မြတ်စွာ ဘုရားတောင်မှ
မနာလိုသူ မကောင်းပြောတဲ့သူ.. တိုက်ခိုက်တဲ့သူဆိုတာရှိသေးတာပဲ
ကိုယ်တွေက ပုထုဇဉ်...
အပြစ်မကင်းသေးတဲ့လူသားတွေမဟုတ်လား ...

သူတစ်ပါးပြောစကားကို စိတ်ထဲထားမနေပါနဲ့
ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ
ကိုယ့်ကို မကောင်းပြောတဲ့သူဆိုတာ ရှိစမြဲပါပဲ

သူတစ်ပါးရဲ့ပြောစကားတွေကြောင့်
ကိုယ့်စိတ်နှလုံးသားကို အညစ်နွမ်းမခံပါနဲ့

လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ်..
လွတ်လပ်စွာ ရှင်သန်ခွင့်ရှိကြပါတယ်

ပျော်တယ်ဝမ်းနည်းတယ်ဆိုတာ
ကိုယ်ခွင့်ပြုမှ ကိုယ့်ဆီဝင်လာလို့ရတဲ့အရာတွေပါ

အဓိကက .. ကိုယ်လုပ်နေတာ
ကောင်းတဲ့အလုပ်လား မကောင်းတဲ့အလုပ်လားဆိုတာ
ကိုယ်ကိုယ်တိုင် သိနေဖို့ကအရေးအကြီးဆုံးပါပဲ

သက်တန့်ချို
21.4.2017 #ttcquote

Thursday, April 20, 2017

ကိုယ်ကိုယ်တိုင်အရင်ပေးဆပ်ရမယ်

သူတစ်ပါးကို ယုံကြည်စေချင်တယ်ဆိုရင်
ကိုယ့်ဖက်က အရင်.... ရိုးသားပေးရမယ်

သူတစ်ပါးကို အားကိုးစေချင်တယ်ဆိုရင်
ကိုယ့်ဖက်က အရင် ... အားကိုးထိုက်အောင်ကြိုးစားရမယ်

သူတစ်ပါးကို လေးစားစေချင်တယ်ဆိုရင်
ကိုယ့်ဖက်က အရင်... သိက္ခာတရား စင်ကြယ်ရမယ်

ကိုယ်ကိုယ်တိုင်က ဘာမှ မပေးဆပ်နိုင်ဘူးဆိုရင်
သူတစ်ပါးဆီကလည်း ဘာကိုမှ မမျှော်လင့်ပါနဲ့ ။


သက်တန့်ချို
20.4.2017 #ttcquote

တန်ဖိုး



မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက သိက္ခာတရားဖြစ်မယ်ဆိုရင်
ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုးက စောင့်ထိန်းမှုပဲ ။

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက ကိုယ်ကျင့်တရားဖြစ်မယ်ဆိုရင်
ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက ရိုးသားမှုပဲ ။

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက အေးချမ်းခြင်းဖြစ်မယ်ဆိုရင်
ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက ရင့်ကျက်ခြင်းပဲ ။

မိန်းမတစ်ယောက်ရဲ့တန်ဖိုးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခြင်းဆိုရင်
ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက ဦးစီးဦးဆောင်ပြုနိုင်ခြင်းပဲ ။

မိန်းမတစ်ယောက်ရဲ့တန်ဖိုးက သစ္စာစောင့်သိခြင်းဖြစ်မယ်ဆိုရင်
ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက ပေးထားတဲ့ ကတိကို မဖောက်ဖျက်ခြင်းပဲ ။

သက်တန့်ချို
20.4.2017 #ttcquote

" လောကကြီးက ကိုယ်ပေးသလောက် ကိုယ်ပြန်ရတာပါပဲ "

ကိုယ့်ကြောင့် သူတစ်ပါး မျက်ရည်ကျဖူးရင်
ကိုယ်လည်း တစ်နေ့နေ့ ပြန်နာကျင်ရလိမ့်မယ်

ကိုယ့်ကြောင့် သူတစ်ပါး စိတ်ဆင်းရဲဖူးရင်
ကိုယ်လည်းတစ်နေ့နေ့ ပျော်ရွှင်ခြင်းဆိုတာ မေ့သွားလိမ့်မယ်

ကိုယ့်ကြောင့် သူတစ်ပါး စိတ်ထိခိုက်စေခဲ့ဖူးရင်
ကိုယ်လည်းတစ်နေ့နေ့ စိတ်ဒါဏ်ရာ ရလိမ့်မယ်

" လောကကြီးက ကိုယ်ပေးသလောက် ကိုယ်ပြန်ရတာပါပဲ "

သူတစ်ပါးကို ပျော်ရွှင်စေတယ်ဆိုရင်
နောင်တချိန် ကိုယ့်ဆီကို ပျော်ရွှင်ခြင်းတွေကူးစက်လာစေတဲ့နည်းပါပဲ ။

သက်တန့်ချို
20.4.2017 #ttcmotivationalquote

Wednesday, April 19, 2017

အတွေ့အကြုံဆိုတာ

အကြောက်တရားကို ရှောင်ပြေးခြင်းအားဖြင့် မအောင်နိုင်ဘူး
ထိပ်တိုက်ရင်ဆိုင်ကျော်ဖြတ်ခြင်းကသာ အောင်နိုင်တယ်

အတွေ့အကြုံဆိုတာ ခါးသီးနေပါလိမ့်မယ်
ဒါပေမယ့် .. ဘ၀တလျောက်လုံးအဆင်ပြေဖို့အတွက် ကျော်ဖြတ်ရတဲ့တံတိုင်းပါပဲ

သူများပြောတာလွယ်လွယ်မယုံပါနဲ့
ကိုယ်ကိုယ်တိုင် ရင်ဆိုင်လိုက်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ် ။

သက်တန့်ချို
19.4.2017 #ttcvideos


မျက်နှာဖုံး



လူတိုင်းလူတိုင်းမှာ မျက်နှာဖုံးကိုယ်စီရှိကြတယ်

တချို့တွေက ဟန်ဆောင်မျက်နှာဖုံး
တချို့တွေက အပူရုပ်ကို ဟန်လုပ်နေတဲ့မျက်နှာဖုံး
တချို့တွေက ပျော်ချင်ယောင်ဆောင်တဲ့မျက်နှာဖုံး
တချို့တွေက ၀မ်းနည်းချင်ယောင်ဆောင်တဲ့မျက်နှာဖုံး
တချို့တွေက ရိုးသားချင်ယောင်ဆောင်တဲ့မျက်နှာဖုံး
တချို့တွေက ဘာမှမသိသလိုမတတ်သလို မျက်နှာဖုံး
တချို့တွေက " အ " ချင်ယောင်ဆောင်တဲ့မျက်နှာဖုံး

အခြေအနေနဲ့အချိန်အခါအရ မျက်နှာဖုံးတပ်ထားမိတဲ့သူရှိသလို
အခြေအနေနဲ့အချိန်အခါကို ဖန်တီးချင်လို့ မျက်နှာဖုံးတပ်ထားသူတွေလည်းရှိတယ်

ကိုယ်ကရော .. ဘယ်လို မျက်နှာဖုံး မျိုးကို တပ်ထားမိနေလဲ ??

တစ်ခါလောက် သင့်မျက်နှာဖုံးကို ခွာချပြီးနေကြည့်စမ်းပါ
အသက်ရှူရတာ ပေါ့ပါးငြိမ်းချမ်းသွားပါလိမ့်မယ် ။

သက်တန့်ချို
19.4.2017 #ttclifequote

ဒါဏ်ရာ


အလိမ်ခံရပါများရင်
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်ပြုံးတတ်လာတယ်

အနှိမ်ခံရပါများရင်
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ရယ်မောတတ်လာတယ်

စော်ကားခံရတာများရင်
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ဟားတိုက်တတ်လာတယ်

" ဆင်တစ်ကောင်အတွက် အပ်တစ်ချောင်းက ဘာမှမဖြစ်နိုင်ပေမယ့်
ဆပ်ပြာပူပေါင်းအတွက်တော့ ဘ၀ပျက်စေနိုင်တာပါပဲ "

သက်တန့်ချို
19.4.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, April 18, 2017

ကံကြမ္မာက နီးစေ ဝေးစေတယ်



ကံကြမ္မာက

မဆုံစေချင်တော့ဘူးဆိုရင်
ဘယ်လောက်နီးနီး မျက်နှာချင်းတောင်မဆိုင်ဖြစ်တော့ဘူး

ဆုံ စေချင်တယ်ဆိုရင်တော့
ဘယ်လောက်ဝေးဝေး မျက်နှာချင်းဆိုင်တွေ့တယ်

ဝေးချင်ပြီဆိုရင်
ဘယ်လောက်နီးဖို့ကြိးစားကြိုးစား အဝေးရောက်သွားမှာပါ

နီးချင်ပြီဆိုရင်
ဘယ်လောက်ဝေးဝေး အနီးရောက်လာမှာပါ

သက်တန့်ချို
18.4.2017 #ttclifequote

The Power of Teamwork



Youtube မှာ သိပ်ကြိုက်မိတဲ့ Video file လေးဖြစ်ပါတယ်။ တိုတိုလေးပေမယ့် စည်းလုံးပါက ဘယ်အရာမဆို အောင်နိုင်တယ်ဆိုတဲ့ စိတ်ကိုဖြစ်စေပါတယ် ။

သက်တန့်ချို

ဒုက္ခဆိုတာမကြုံချင်ရင်

ရှေ့ဆက်ရမဲ့ဘ၀ခရီးမှာ ဒုက္ခဆိုတာမကြုံချင်ရင်

- ပြတ်သားရမယ်

- အမှတ်ထားရမယ်

မပြတ်သားတဲ့လူနဲ့ အမှတ်မထားတဲ့လူက ဒုက္ခအကြုံရဆုံးပဲ ။

သက်တန့်ချို
18.4.2017 #ttclifequote

ချစ်ခြင်းမေတ္တာဆိုတာ

ချစ်ခြင်းမေတ္တာဆိုတာ
သစ္စာကိုအခြေခံပြီး
ယုံကြည်မှုနဲ့ တစ်ရစ်ပြီးတစ်ရစ် တည်ဆောက်ရတာမျိုးပါ ။

လူတစ်ယောက်ကို မယုံကြည်တော့ဘူးဆိုရင်
ချစ်ခြင်းတရားဟာ အလိုလို ပျက်စီးတယ်

ဒါကြောင့် Relationship တစ်ခုမှာ ပထမဦးစားပေးက
" သစ္စာ ရှိဖို့ " နဲ့ " ယုံကြည်မှု ရှိဖို့ " ပဲ ။

သက်တန့်ချို

Wednesday, April 12, 2017

" သင်္ကြန်ခါတော်ရေကစားကြတာပျော်ရွှင်စရာ "



မနေ့က စံတော်ချိန်သတင်းစာမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်ပြောကြား ကျန်းမာရေးစကားဆိုတဲ့ စာပိုဒ်လေးကို ပြန်တင်ပေးလိုက်ပါတယ် ။ မနက်ဖြန်ဆိုရင် ၂၀၁၇ခုနှစ်ရဲ့ သင်္ကြန်ကာလ စတင်တော့မှာဖြစ်ပါတယ် ။

တစ်နှစ်ထက်တစ်နှစ် နွေကလည်းတော်တော်ပူလာတယ် လူကြီးတွေမပြောနဲ့လူငယ်တွေတောင်နေပူဒါဏ်တော်တော်ခံနေရတာမို့ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ကြဖို့လည်းလိုမယ် ။ အသက် ၃၀ ကျော်အရွယ် လူလတ်ပိုင်းတစ်ယောက်ဖြစ်လာပြီမို့ သင်္ကြန်မှာ သူများပျော်တာကြည့်ပြီးလိုက်ပျော်တာကို ကြည်နူးတယ် ။

နွေဆိုတာနဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲမှု ပိုများလာသလို မီးပြတ်တောက်မှုလည်းပိုများတော့မယ် ။ မီးဘေးလည်း ဂရုစိုက်ရတော့မယ် ။ ၂၀၁၇ သင်္ကြန်မှာ ကျန်းမာရေး အတွက်လည်းဂရုစိုက်ကြပါ အမျိုးတို့ ။

၁ ။ နေအရမ်းပူတဲ့အချိန်တွေ နေ့ခင်းတွေ အရိပ်ထဲမှာပဲနေပါ

၂ ။ ရေကစားဖို့အပြင်ထွက်မယ်ဆိုရင် SPF လို့ခေါ်တဲ့ Sun Protection Factor ပါဝင်တဲ့ နေလောင်ဒါဏ်ခံ ခရင်မ်တစ်ခုခုလိမ်းသွားပါ

၃ ။ သွားလေရာ ရေသန့်ဘူးဆောင်သွားပါ လိုအပ်ရင် ဓါတ်ဆားလေးပါဖျော်သွား နေ့လည်တွေ တအားပူတဲ့အချိန် ရေများများသောက်ပေးပါ

၎ ။ အပူထဲက ပြန်ပြန်လာချင်းချက်ချင်းရေမချိုးနဲ့ ရေတစ်ခွက်အ၀သောက် ပြီးရင် နားနားနေနေ အရင်နေပါ ။

၅ ။ ဖက်ရှင်ကျချင်ဇောနဲ့ နွေရာသီနဲ့မလိုက်ဖက်တဲ့ အရာတွေ မ၀တ်ပါနဲ့ ချည်ထည် ပွပွ အဖြူသားကိုသာ ၀တ်ဆင်ပါ ။

၆ ။ တစ်နေကုန် ဘီယာ အရက်မသောက်ပါနဲ့ ( ခနတော့သောက်လို့ရလားဟင် ဆိုရင်တော့ ဒါကတော့ သဘောပေါ့နော် တားလည်းရတာမှမဟုတ်ပဲ ) အရမ်းမူးနေရင် သင်္ကြန်ရဲ့အနှစ်သာရပျောက်သွားပြီး မပျော်ရမှာစိုးလို့ပါ ။

၇ ။ အရေးအကြီးဆုံးက သင်္ကြန်မှာ ညီအကို မောင်နှမ စိတ်မွေးပါ ။ မြင်မြင်သမျှ ငါ့ညီငါ့အကို ငါ့နှမဆိုတဲ့ စိတ်ထား ရင် ပြဿနာတော်တော်လျော့သွားပီ ။

၈ ။ အထူးသဖြင့် မိန်းကလေးတွေ မြင်မကောင်းအောင် သောက်စားခြင်းကို ရှောင်ကြဉ်ကြပါ ငါ့ညီမ အစ်မ တို့ ။ သင်္ကြန်ဟာ ရိုးရာဖြစ်သလို နိုင်ငံရဲ့ Image လည်းဖြစ်တယ် ။ ကိုယ့်အိမ်ထဲမှာ ကိုယ်အဆင်ပြေသလို နေလို့ရပေမယ့် ဒီနိုင်ငံရဲ့ ရိုးရာသင်္ကြန်က ဒီလိုမျိုးကြီးလားကွာဆိုတဲ့ Image ကျစေတဲ့ အရာတွေ ရှောင်စေချင်တယ် ။

၉ ။ ခိုက်ရန်ဖြစ်ပွားခြင်းကိုတတ်နိုင်သလောက်ရှောင်ပါ ။ ကျွန်တော်တို့ငယ်စဉ် သင်္ကြန်က သိပ်ပျော်ဖို့ကောင်းတယ် ။ ရန်ဖြစ်မယ့်အလားလားရှိရင်တောင် အဖွဲ့ခေါင်းဆောင်တွေက သားကြီး သူငယ်ချင်း အေးဆေး ဘာညာနဲ့ ညှိလိုက်ကြတာများတယ် ။ သင်္ကြန်မှာ မူးမူး မမူးမူး ကိုယ်က စပြီး သည်းခံလိုက်တာအကောင်းဆုံးပဲ သည်းမခံနိုင်ရင် တာဝန်ရှိသူတွေကို ခေါ်ပါ ဘယ်တော့မှ ကိုယ့်ဘ၀ လူညွန့်တုံးသွားစေမယ့် ခိုက်ရန်ဖြစ်ပွားခြင်းကိုရှောင်ကြဉ်ပါ ညီငယ် အကို တို့ ။

၁၀ ။ ခေတ်မှီစွာ ၀တ်စားပါ Modernized ဖြစ်ပါ ခေတ်မှီတာနဲ့သရုပ်ပျက်တာ ကွဲပြားကြပါစေ ။ သင်္ကြန်မှာ ကိုယ့်မိဘ မောင်နှမတွေ အိမ်ထဲကနေ ကိုယ့်ကို ပူပန်နေရမယ့်အဖြစ်မျိုးမဖြစ်ပါစေနဲ့ ။ သင်္ကြန်ကို ဖျက်မိတဲ့သူမဖြစ်ပါစေနဲ့ ညီငယ်မောင်ငယ် နှမငယ်တို့ ။

စာလည်းရှည်ပြီ .. " သင်္ကြန်ခါတော်ရေကစားကြတာ ပျော်ရွှင်စရာ " ဆိုတဲ့ သီချင်းလေးနဲ့အတူ သင်္ကြန်မှာ ပျော်ရွှင်စွာ ရေကစားရင်း မြန်မာနှစ်ကူးကို  ကြည်နူးစွာ ကျော်ဖြတ်နိုင်ကြပါစေ ဗျာ ။

( ကိုယ့်ဓါတ်ပုံ ပါနေတာတော့ ခွင့်လွှတ်ကြကုန် )

သက်တန့်ချို
12.4.2017
#ttcthingyan

Tuesday, April 11, 2017

အချစ်ဆိုတာ

ဦးနှောက်နဲ့လည်း မဆုံးဖြတ်ပါနဲ့
နှလုံးသားကိုလည်းအလိုမလိုက်ပါနဲ့

အချစ်ဆိုတာ ..
နားလည်မှုနဲ့တည်ဆောက်ပြီး
ပေးဆပ်လိုတဲ့ စိတ်ခံစားချက်သက်သက်ပါ ။

အချစ်ဆိုတာ ..
သူတစ်ပါးကိုပေးထားတဲ့ကတိထက်
ကိုယ်ကိုယ်တိုင် စောင့်ထိမ်းတဲ့ ကတိက ပိုမြင့်မြတ်ပါတယ် ။

သက်တန့်ချို
11.4.2017
#ttclovequote

1% to 100%

အကောင်းဆုံးမဖြစ်နိုင်ရင်တောင်မှ
ပိုကောင်းအောင်တော့ ကြိုးစားလိုက်ပါ

ထိပ်ဆုံးထိမရောက်ဘူးဆိုရင်တောင်မှ
ရှေ့တစ်လှမ်းဆက်တက်ဖို့အမြဲ အသင့်ဖြစ်နေလိုက်ပါ

မအောင်မြင်တော့ဘူးဆိုရင်တောင်မှ
လက်မလျော့ပဲ ရှေ့ဆက်ကြည့်ပါ

" လောကကြီးက ကြိုးစားနေသူအဖို့ အခွင့်အရေး  ၁% ဆိုတာ အမြဲပေးလေ့ရှိတယ် "

ကိုယ့်ဖက်က ဆုံးရှုံးသွားတဲ့ ၉၉% ကို ထားခဲ့လိုက်ပါတော့
ရည်မှန်းချက်ကြီးသူအဖို့ ၁ % ဆိုတာ ၁၀၀%ပြည့်ဖို့ ခြေတစ်လှမ်းအစပါပဲ ။

သက်တန့်ချို
11.4.2017
#ttcsuccessquote

Monday, April 10, 2017

အောင်မြင်သူနဲ့ ကျရှုံးသူ

အောင်မြင်မဲ့လူက အခက်အခဲကို အံကြိတ်ကျော်ဖြတ်တယ်
ကျရှုံးမဲ့လူက အခက်အခဲကို ညည်းတွားပြတယ်

အောင်မြင်မဲ့လူက အတိတ်ကို သင်ခန်းစာယူတယ်
ကျရှုံးမဲ့လူက အတိတ်မှာပဲ နစ်မွန်းနေတယ်

အောင်မြင်မဲ့လူက မနက်ဖြန်အတွက် ကြိုစဉ်းစားတယ်
ကျရှုံးမဲ့လူက ဒီနေ့အလုပ်ကို မနက်ဖြန်ရွှေ့တယ်

အောင်မြင်မဲ့လူက သူတစ်ပါးကို ဦးစားပေးတယ်
ကျရှုံးမဲ့လူက ကိုယ့်ကိုယ်ကို ဦးစားပေးတယ်

အောင်မြင်မဲ့လူက လူအားလုံးအတွက် စဉ်းစားတွေးခေါ်တယ်
ကျရှုံးမဲ့လူက ကိုယ့်တစ်ယောက်အတွက်ပဲ စဉ်းစားတွေးခေါ်တယ်

အောင်မြင်မဲ့လူက ဦးနှောက်ကိုဦးစားပေးတယ်
ကျရှုံးမဲ့လူက ဆန္ဒကိုဦးစားပေးတယ်

သက်တန့်ချို
10.4.2017

မထိုက်တန်လို့မဟုတ်ဘူး

တစ်ခါတလေ ကိုယ်လက်လွှတ်လိုက်ရတာက
ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ပိုကောင်းတဲ့ အရာနဲ့ ဆုံရမှာဖြစ်လို့ပါ ။

တစ်ခါတလေ ကိုယ်ပေးဆပ်လိုက်ရတာက
နုံအ လွန်းလို့ မဟုတ်ဘူး
သူတစ်ပါး စိတ်ချမ်းသာစေချင်တာ တစ်ခုတည်းအတွက်ပါ ။

တစ်ခါတလေ ကိုယ်စွန့်လိုက်ရတာက
သံယောဇဉ်မရှိတော့လို့မဟုတ်ဘူး
(ကိုယ်နဲ့အတူရှိနေတာထက်စာရင်)
ပိုကောင်းသွားစေချင်တဲ့ စေတနာနဲ့ပါ ။

သက်တန့်ချို
10.4.2017

Saturday, April 8, 2017

မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို မုန်းသွားတဲ့လူတွေက
ကိုယ်ပေးတဲ့ ချစ်ခြင်းတရားကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို လွှတ်ချသွားတဲ့လူက
ကိုယ်ကမ်းပေးတဲ့ လက်တစ်စုံကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို ဥပက္ခာပြုသွားတဲ့လူက
ကိုယ်ထားရှိတဲ့ သံယောဇဉ်ကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို သစ္စာမဲ့သွားသူက
ကိုယ်စောင့်ထိမ်းတဲ့ ကတိတွေကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

သက်တန့်ချို
8.4.2017

Friday, April 7, 2017

အခွင့်အရေးနဲ့အောင်မြင်မှုဆိုတာ တိုက်ရိုက်အချိုးကျတယ်

" ကိုယ်လုပ်လိုက်လို့ မှားယွင်းဆုံးရှုံးသွားတာတွေအတွက် မစိုးရိမ်ပါနဲ့
ကိုယ်မလုပ်လိုက်ရလို့ လွတ်သွားတဲ့ အခွင့်အရေးအတွက်သာ စိုးရိမ်ပါ "

အခွင့်အရေးနဲ့အောင်မြင်မှုဆိုတာ တိုက်ရိုက်အချိုးကျတယ်

သင်ဘယ်လောက်ကြိုးစားကြိုးစား အခွင့်အရေးဆိုတာ မရှိရင်
အောင်မြင်မှုဆိုတာ အလှမ်းဝေးပါတယ် ။

သက်တန့်ချို
7.4.2017

အတိတ်ကိုမေ့လိုက်ပါ

အတိတ်မှာဖြစ်ခဲ့တာတွေကို လွှတ်ချလိုက်ပါ
ကိုယ့်ကို ဘယ်အရာနဲ့မှ မချည်နှောင်ထားပါစေနဲ့

တိုတောင်းလွန်းတဲ့လူ့ဘ၀မှာ
အတိတ်ကအမှားတွေမှာ နစ်မွန်းနေမဲ့အစား
အကောင်းဆုံးသင်ခန်းစာ ယူနိုင်ဖို့လိုတယ်

နာကျင်ခြင်းတွေကို မေ့ပစ်လိုက်တာက
ပစ္စုပ္ပန်ကို ပိုမိုပေါ့ပါးလွတ်လပ်စေပါတယ်

သက်တန့်ချို
7.4.2017

Thursday, April 6, 2017

ရွှေဂူလှောင်အိမ်

တစ်ခါတုန်းက အလွန်ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရဲ့ခြံဝန်းကျယ်ကြီးထဲမှာ  ရွှေလှောင်အိမ်ကြီးတစ်ခုရှိတယ် ။ အဲ့ဒီလှောင်အိမ်ထဲမှာ အလွန်လှပတဲ့ ငှက်မလေးတစ်ကောင်ရှိတယ် ။ ရွှေဂူထဲမှာ တော့ ငှက်မလေးသောက်ဖို့ ရေရယ် သူစားတတ်တဲ့ အစားအစာတွေရယ် အလျှံပယ်ပေါ့ ။ ရွှေ ရောင်တလင်းလင်းဝင်းနေတဲ့ ဂူလှောင်အိမ်ထဲမှာ နေ့စဉ် အပူအပင်ကင်းစွာ နဲ့ အစားအသောက် နဲ့ သောက်ရေ အမြဲ ပြည့်လျှံနေပေမယ့် ငှက်မလေးရဲ့ မျက်နှာဟာ အမြဲ ၀မ်းနည်းနေတဲ့ပုံပေါ်ပါတယ် ။

တစ်နေ့တော့ စပ်စုလိုတဲ့ အပြင်က ငှက်တစ်ကောင်က ငှက်မလေးကိုသွားမေးတယ် ။ " ငှက်မလေးရေ .. မင်းဟာ အဆင့်အတန်းသိပ်မြင့်လှပါတယ် အလွန်အဖိုးထိုက်တန်တဲ့ ရွှေတွေနဲု့ပြုလုပ်ထားတဲ့ ဂူလှောင်အိမ်ထဲမှာ နေရတယ် ငါတို့လို ကြုံသလို ဖြစ်သလို မနေရဘူး ။ အစားအသောက်အတွက် ငါတို့ အမြဲ ရှာဖွေစားသောက်နေရပေမယ့် မင်း ရဲ့ ရွှေဂူလှောင်အိမ်ထဲမှာတော့ နေ့တိုင်း အစားအသောက်နဲ့ သောက်ရေ အလျံပယ်ပဲမဟုတ်လား ရာသီဥတုဒါဏ်ကြောင့် ငါတို့တွေ မိုးလွတ်ရာ လေလွတ်ရာ ပုန်းခိုကြရတဲ့အချိန်မှာလည်း မင်းဟာ အမြဲ ရွှေလှောင်အိမ်ကြီးထဲမှာ နေရတယ်လေ ဒါပေမယ့် အမြဲပဲ မင်းရဲ့မျက်နှာဟာ ဘာလို့ ၀မ်းနည်းနေရတာလဲကွယ် " လို့မေးလိုက်ပါတယ် ။ ဒီအခါ ရွှေဂူလှောင်အိမ်ထဲက ငှက်မလေးက အပြင်က ငှက်ကလေးကို အောက်ပါတိုင်းပြန်ပြောလိုက်ပါတော့တယ် ။

" ငှက်ကလေးရေ မင်းကတော့ ငါ့ဘ၀ကို အားကျနေကောင်း ကျနေပါလိမ့်မယ် ဒါပေမယ့် ရွှေဂူလှောင်အိမ်နဲ့နေရလို့ အားမကျလိုက်ပါနဲ့ကွယ် ရွှေနဲ့ ပဲလုပ်လုပ် စိန်နဲ့ပဲလုပ်လုပ် လှောင်အိမ်က လှောင်အိမ်ပါပဲကွယ် " တဲ့ ။

============================

အပေါ်ယံအဆင်တန်ဆာတွေနဲ့ မွမ်းမံထားတဲ့ လှောင်အိမ်တွေလို ဘ၀ကို ချုပ်နှောင်ထားတဲ့ မွန်းကြပ်မှုတွေကိုဘယ်တော့မှ အားမကျပါနဲ့ ။

တိုတောင်းတဲ့ဘ၀မှာ

လွတ်လပ်စွာရှင်သန်ပါ
အဆုံးအစမဲ့ ပျံသန်းပါ
ခြေကုန်လက်ပမ်းကျတဲ့အထိကူးခတ်လိုက်စမ်းပါ

တန်ဖိုးကြီးတဲ့ရွှေလှောင်အိမ်မှာ မပျံသန်းပဲနေရတာထက်စာရင်
တန်ဖိုးမရှိဘူးလို့ထင်နေကြတဲ့ လေထုထဲမှာ လွတ်လပ်စွာ ပျံသန်းရတာက ပိုနေပျော်ဖို့ကောင်းပါတယ် ။

သက်တန့်ချို
6.4.2017
Ref : The Golden Cage by Carlos Salinas


ရှက်တတ်ပါစေ

ရှက်တတ်ပါစေ

ကိုယ့်အပြစ်ကို ၀န်ခံခြင်းက ရှက်စရာမဟုတ်ဘူး
ကိုယ့်အပြစ်ကို သူတစ်ပါးအပေါ် လွှဲချခြင်းကသာ ရှက်စရာပါ

ကိုယ့်အလုပ်ကို လုပ်တာ ရှက်စရာမဟုတ်ဘူး
ကိုယ်လုပ်ရမယ့်အလုပ်ကို သူတစ်ပါးကို ခိုင်းစေခြင်းကသာ ရှက်စရာပါ

ကိုယ့်ထက် အင်အားကြီးသူကို ကြောက်ရွံ့တာရှက်စရာမဟုတ်ဘူး
ကိုယ့်ထက်အားနည်းတဲ့သူကို အနိုင်ကျင့်ခြင်းကသာ ရှက်စရာပါ

ဆင်းရဲပြီး မပြည့်စုံတာ ရှက်စရာမဟုတ်သေးဘူး
မတည်မြဲတဲ့ ဥစ္စာ ဓန ရာထူးဂုဏ်ဒြပ်တွေကို ကြွားဝါခြင်းကသာရှက်စရာပါ

သူတစ်ပါးကို အနစ်နာခံ ကူညီပေးခြင်းက ရှက်စရာမဟုတ်ဘူး
သူတစ်ပါး ဒုက္ခရောက် အရှက်ရစေမည့်ကိစ္စကို တမင်ပြုလုပ်ခြင်းကသာ ရှက်စရာပါ

ကိုယ့်ထက် အဆင့်မြင့်သူကို အားကျလေးစား တာ ရှက်စရာမဟုတ်ဘူး
ကိုယ့်ထက်နိမ့်ကျ နွမ်းပါးသူကို အထင်သေးခြင်းရှံ့ချခြင်းကသာ ရှက်စရာပါ

လောကကြီးမှာ မရှက်တတ်တဲ့သူတွေအများကြီးရှိတယ်
ဒါကြောင့် ဘယ်အရာတွေကို ရှက်သင့်သလဲဆိုတာ သင်ယူကြရအောင် ။

သက်တန့်ချို
6.4.2017

Tuesday, April 4, 2017

လူတွေရဲ့ အစွန်းရောက် ယူဆချက်တွေကို ဘယ်တော့မှ လိုက်နားမချပါနဲ့

လူတွေက သင့်ကို အောက်ဆုံးထိ နှိမ့်ချနေပြီဆိုရင်
သေချာပါတယ် .. သင်က သူတို့အပေါ်မှာ ရှိနေလို့ပဲ

လူတွေက သင့်နောက်ကွယ်မှာ မကောင်းကြောင်းပြောနေတယ်ဆိုရင်
သေချာပါတယ် ... သင့်ရှေ့မှာ သူတို့ မျက်နှာချင်းမဆိုင်ရဲကြလို့ပဲ

လူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ဘယ်တော့မှ လိုက်မဖြေရှင်းပါနဲ့
သင်ဘယ်လောက်ရှင်းရှင်း ... သူတို့ မြင်ချင်သလိုသာ မြင်ကြတာပါ

လူတွေရဲ့ အစွန်းရောက် ယူဆချက်တွေကို ဘယ်တော့မှ လိုက်နားမချပါနဲ့
သင်လောက်နားချချ .. သူတို့ ကြားချင်သလိုသာ ကြားကြတာပါ

သူတစ်ပါးရဲ့ အမြင်ထဲမှာ အကောင်းဆုံးနေနိုင်ဖို့ဆိုတာထက်
ကိုယ့်အမြင်ထဲမှာသာ ကိုယ့်ဘ၀ကိုယ် ပုံဖော်တာ အကောင်းဆုံးပါပဲ ။

သက်တန့်ချို
4.4.2017

Monday, April 3, 2017

ချောမွေ့ဖြောင့်ဖြူးတဲ့လမ်းဆိုတာကို စိတ်ကူးမယဉ်ပါနဲ့

အခက်အခဲတိုင်းက စိတ်ပင်ပန်းစေသလား
ထမင်းနပ်မှန်အောင်စားနိုင်နေသရွေ့ သိပ်မဆိုးသေးပါဘူး

စိတ်ဒါဏ်ရာတွေနဲ့ နာကျင်မှုတိုင်းက မျက်ရည်ကျစေသလား
စွန့်ပစ်ခံ အပယ်ခံမဖြစ်သေးသရွေ့ သိပ်မဆိုးသေးပါဘူး

ပင်ပန်းဆင်းရဲခြင်းကို အရှုံးပေးချင်နေပြီလား
ညစဉ်မှန်မှန် အိပ်နေနိုင်သရွေ့ သိပ်မဆိုးသေးပါဘူး

ချောမွေ့ဖြောင့်ဖြူးတဲ့လမ်းဆိုတာကို စိတ်ကူးမယဉ်ပါနဲ့
ကြမ်းတမ်းခက်ခဲတဲ့လမ်းမှာသာ ရုန်းကန်နိုင်အောင်ကြိုးစားပါ

ဒါဏ်ရာတွေအထပ်ထပ်ရလာတဲ့အခါ ..
ဘ၀ဆိုတာ နေသားကျသွားမှာပါ ။

သက်တန့်ချို
3.4.2017

ငါ .. စွဲ မစွဲပါနဲ့

လူအများစုက ကိုယ့်အတ္တကိုယ် ရှေ့တန်းတင်တတ်ကြတယ်
ကိုယ်အဆင်ပြေရင်ပြီးရော ..
တစ်ပါးသူဘာဖြစ်ဖြစ် မျက်နှာလွှဲခဲပစ်နေတတ်ကြတယ်

ငါ့အလုပ်ငါ့ရာထူး
ငါ့မိသားစု .. ငါ့စည်းစိမ် ငါ့အိမ် ငါ့ခြံ စတဲ့ " ငါ " စွဲသိပ်ကြီးသွားတဲ့အခါ
ကိုယ်တိုင်သတိမမူမိပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သွားထိခိုက်တတ်တယ်

ကိုယ့်အတွက်ကိုယ်လုပ်တာ မှန်ပေမယ့်
ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် နေတတ်ဖို့လည်းလိုတယ်

တစ်ခါ တစ်လေ " ငါ " စွဲစွဲပြီးပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်
သူတစ်ပါး စိတ် . မနာကျင်စေဖို့လိုတယ်

လောကကြီးမှာ " ငါ " ဆိုတာထက်
" သူ " ဆိုတာကို တွေးနိုင်ဖို့ ..ဆိုတာ
သူတော်ကောင်းတို့သာ လုပ်ဆောင်နိုင်တယ် ။

သက်တန့်ချို
3.4.3017

Saturday, April 1, 2017

(10) Hopes for YBS !


 Hello YBS !
Hello Yangon !!
(10) Hopes for YBS !

ကွီးဖြိုးကြောင့် စနစ်တစ်ခုတော့ပြောင်းသွားခဲ့ရပြီ ။ ထောက်ခံသူတွေရော မထောက်ခံသူတွေရော စည်စည်ကားကားနဲ့ မ.ထ.သ စနစ်ကနေ YBS ပြောင်းသွားတဲ့အထဲမှာ ကိုယ်ကိုယ်တိုင်ရော ဘယ်လို သဘောရလဲ ဘယ်လို အမြင်ရှိလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ် ။

ရှင်းပါတယ် ကျွန်တော့်အနေနဲ့ မ.ထ.သ ကနေ YBS စနစ်ပြောင်းလဲခြင်းအပေါ် အကြွင်းမဲ့ထောက်ခံပါတယ် သို့သော် ပြောင်းလဲသွားတဲ့စနစ်နဲ့ နည်းပညာ အားနည်းချက်တွေကိုတော့ မထောက်ခံချင်ပါဘူး ။ ရှင်းရှင်းပြောရရင် ကိုယ်ကိုယ်တိုင် လက်သန်းမှင်တို့ပြီး မဲမေးထားတဲ့အစိုးရပဲ ဒီတော့ အပြစ်တွေပြောနေမယ့်အစား ကောင်းအောင်ဘယ်လို ဆက်လုပ်ကြမလဲဆိုတဲ့ Positive thinking ဖက်ကိုသွားဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးနေမိတယ် ။

ဒါဆို ခင်ဗျားက ဘယ်ဟာတွေ မထောက်ခံသလဲလို့ မေးမယ်ဆိုရင်တော့

၁ ။ လောလော .. လောလောနဲ့ ပြည်သူ့ဖက်က Feedback လုံလောက်စွာမယူပဲ ရက်အနည်းငယ်နဲ့ ပြောင်းချလိုက်တဲ့ကိစ္စ

၂ ။ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ဖြေရှင်းပေးမယ့် ရေတို ရေရှည် plan တွေမရှိခြင်း

၃ ။ ကားတွေကြပ်ညပ်နေယုံသာမက အချို့သော ယာဉ်နောက်လိုက်တွေ မိုက်ရိုင်းမြဲ မိုက်ရိုင်းနေဆဲအပြင် ထိရောက်စွာ အရေးမယူနိုင်ခြင်းကိစ္စ

၎ ။ ပြိုင်မောင်းလုမောင်း ကျော်ခွမောင်း မောင်းချင်သလိုမောင်း ဘယ်သူတွေဘယ်လိုတိုင်တိုင် စိတ်ကျေနပ်လောက်တဲ့ ထိရောက်စွာ အပြစ်မပေးနိုင်ခြင်းကိစ္စ

၅ ။ Traffic အခြေအနေ ယာဉ်လမ်းကြောင်း ခရီးသည်ဦးရေ Crowded Timing စတဲ့ အချက်အလက်တွေကို လုံလောက်စွာ Survey မယူနိုင်ခြင်းကိစ္စ

ရေးရမယ်ဆိုရင်အများကြီးပဲ မရေးတော့ဘူး ဒီစာရေးတဲ့အဓိကအချက်က YBS စနစ်ကို ကိုယ်မြင်ချင်နေတဲ့ပုံစံလေးမြင်ရဖို့အတွက် နမူနာ ဘာတွေဖြည့်စွက်သင့်တယ်ဆိုတဲ့ အကြံပေးစကားအချို့ကိုချရေးချင်ယုံသက်သက်ပါပဲ ။ ကဲ စလိုက်ကြပါစို့ . ။

ပုံ ( ၁ ) ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်က စည်းအမှတ်အသား (Marks ) တွေကို ထင်ရှားပြတ်သားစွာ တစ်မြို့လုံး ပြန်လုပ်စေချင်ပါတယ် ။ အချို့သော လမ်းတွေမှာ အဟောင်းတွေပေါ် အသစ်တွေ ထပ်ပြီး အမှတ်အသားလုပ် တော့ ၂ ထပ် ၃ ထပ်နဲ့ တော်တော်ကြည့်ရဆိုးတဲ့အပြင် ကားမောင်းနေကျ လူမဟုတ်ရင် ဒီအမှတ်အသားတွေက တော်တော် confuse ဖြစ်စေပါတယ် ။

ပုံ (၂ ) လမ်းအလယ်မှာ သေမင်းတမန် ဘလောက်တုံးတွေအစား ပုံထဲကလို Boundry လေးတွေထားစေချင်ပါတယ် ဘာကြောင့် သေမင်းတမန်ဘလောက်တုံးလို့သုံးရသလဲဆိုရင်တော့ အဲ့ဒီဘလောက်တုံးတွေကြောင့် ကားမောင်းသူတွေ ဘယ်လောက်ဒုက္ခရောက်ရသလဲဆိုတာ မောင်းဖူးသူတိုင်းသိကြမှာပါ ။ လမ်းအလယ်ကျွန်းကို space သိပ်မပေးပဲ လုပ်မယ်ဆိုရင် ဖြစ်နိုင်မယ်လို့ထင်ပါတယ် ။

ပုံ (၃) MRT လို့ခေါ်တဲ့ Mass Rapid Transit မလုပ်နိုင်သေးခင် အလွန်စနစ်ကျတဲ့ Bus Rapid Transit - BRT ကို အရင်ဆုံးအပြီးအပြတ်အကောင်အထည်ဖော်စေချင်ပါတယ် ။ ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ တော်တော် အခက်အခဲ ကြုံရမှာဖြစ်ပေမယ့် ရေရှည် plan အနေနဲ့ကြည့်ရင် စတင်အကောင်အထည်ဖော်သင့်နေပါပြီ ။ ပုံမှာ ပြထားတဲ့အတိုင်း Bus route ကို အိမ်စီးကားနဲ့ Taxi တွေဝင်ရောက်နှောက်ယှက်လို့မရတဲ့စနစ်လို့ဆိုကြပါစို့ ။ BRT ကို အကောင်အထည်ဖော်မယ်ဆိုရင် YBS Bus Route တွေအားလုံးကို ပြန်လမ်းကြောင်းဆွဲပြုပြင်ရမှာဖြစ်တဲ့အတွက် အပိုင်းလိုက် Region အလိုက် အကောင်အထည်ဖော်သွားရင်ဖြစ်နိုင်မယ်လို့ထင်ပါတယ် ။ ( မဖြစ်နိုင်ဘူး ခက်ပါတယ်ဆိုပြီး ဘာမှမလုပ်ပဲ ဒီအတိုင်းဆက်သွားနေရင် နောင် ဘယ် နှစ်နှစ်ဖြစ်ဖြစ် စလုံးကို မှီမယ်မထင် ) မြို့တစ်မြို့ရဲ့အဓိက ပင်မ အင်္ဂါရပ်က မြို့တော်ဆက်သွယ်သွားလာရေးကွန်ယက်တွေ အဆင့်မြင့်မားနေဖို့အဓိကပါပဲ ။ ဒီအတွက် Budget တော့လိုပါလိမ့်မယ် ။

ပုံ (၄ )Middle sided BRT အကောင်အထည်ဖော်ဖို့ စိတ်ကူးမရှိဘူး လက်ရှိ အခြေအနေကိုပဲ ဘယ်လိုကောင်းအောင်လုပ်မလဲလို့ စဉ်းစားနေတယ်ဆိုရင်တော့ BRT စနစ်ကိုပဲ လမ်းအလယ် Bus သွားတဲ့စနစ်မဟုတ်ပဲ ပုံမှာပြထားတဲ့အတိုင်း Bus Route ကို ညာအစွန် သတ်မှတ်ပြီးလုပ်ရင်ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် လက်ရှိ ရန်ကုန်မှာလည်း ဒီလို လုပ်ထားပေမယ့် Bus ၀င်ရမယ့် လမ်းပေါ်မှာ အိမ်စီးကားတွေ Taxi တွေ ရှိနေသလို အိမ်စီးကားနဲ့ Taxi ရှိရမယ့် လမ်းကြောမှာ Bus တွေ သွားနေကြတာ အများကြီးပါပဲ ။ ဒါလေးကို အရင်ဆုံးစည်းစနစ်တကျဖြစ်အောင်လုပ်ပြီး ထိရောက်တဲ့ ထိမ်းချုပ်မှုစနစ်နဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် Traffic ပြဿနာကိုပါ တစ်ဖက်တစ်လမ်းက ဖြေရှင်းပြီးသားဖြစ်နိုင်မှာပါ ။

ပုံ (၅) Bus တွေ ရပ်ပြီး ခရီးသည်တင်မဲ့ Bus Stop တွေမှာ ပုံမှာ ပြထားတဲ့အတိုင်း Curving တွေကို ခပ်ကြီးကြီးလုပ်ထားစေချင်ပါတယ် ။ ရန်ကုန်က တချို့ မှတ်တိုင်တွေမှာ Curving လုပ်ထားပေမယ့် အထဲဝင်ရပ်ဖို့အတွက် စည်းကမ်းကျတဲ့ယာဉ်မောင်းတွေရှိဖို့လိုပါဦးမယ် ။ ဒါက ဘာနဲ့သွားချိတ်ဆက်နေသလဲဆိုရင် Card စနစ်မပြောင်းနိုင်သေးတာနဲ့ ချိတ်ဆက်ပါတယ် ။ ဒီစနစ်ကို ပြောင်းလိုက်တာနဲ့ ၁ - ယာဉ်တွေလုမောင်းစရာ မလိုတော့ဘူး ၂ - ယာဉ်အကူတွေ မလိုတော့ဘူး only service ပဲပေးရတော့မယ် ၃ - ရပ် တင် ချ ထွက် စနစ်ကို လက်ငင်းအကောင်အထည်ဖော်လို့ရသွားပါပြီ သေချာပါတယ် ဒီစနစ်ဖြစ်သွားတာနဲ့အမျှ လုမောင်းတာ မရှိတော့သလို ယာဉ် ၂ ထပ် ၃ ထပ်တွေဖြစ်စရာလည်းမလိုတော့ပါဘူး ။

ပုံ (၆) ကားမှတ်တိုင်တိုင်းမှာ ခရီးသည်တွေ အထိုက်အလျောက် ကင်းစေဖို့အတွက် Bus ၀င်ရပ်မဲ့ နေရာ နဲ့ ခရီးသည် ရှိနေမယ့် Platform နေရာကြားမှာ ပုံမှာပြထားတဲ့အတိုင်း အုတ် တိုင် ( သို့) steel တိုင်လေးတွေထားစေချင်ပါတယ် ။ Safety အတွက်အသုံးဝင်သလို အထိုအလျောက် ယာဉ်အန္တရာယ်လည်းကင်းစေမှာဖြစ်ပါတယ် ။

ပုံ (၇) မြင်ချင်တာကတော့ ပုံမှာပြထားတဲ့အတိုင်း Bus မှတ်တိုင်တိုင်းမှာ LED Board လေးတွေနဲ့ ဘယ်နှစ်မိနစ် ဘယ် ကားနံပါတ်လာမယ် ဘယ်ကိုရောက်မယ် စသဖြင့် ကြော်ငြာပေးနေတဲ့ Information LED Board လေးတွေပါ ဒါကလည်းနောင်တချိန်ဖြစ်ကိုဖြစ်လာမှာပါ အခု Budget ကြောင့် ဒါမျိုးမလုပ်နိုင်သေးဘူး Network မရှိသေးလို့ GPS တွေအားလုံးမတပ်ရသေးလို့ control center ကနေမချုပ်ကိုင်နိုင်သေးလို့ လတ်တလောမလုပ်နိုင်သေးဘူးဆိုရင်တောင် ရှိတဲ့ကားမှတ်တိုင်အားလုံးကို အဆင့်မြှင့်ဖို့အကြံပြုလိုပါတယ် ။ ကားမှတ်တိုင်တွေက နိုင်ငံတကာအဆင့်မှီ ပျံထွက်နေရမယ်မဆိုလိုပါဘူး ။ ဒါပေမယ့် သက်တောင့်သက်သာ ထိုင်စောင့်နိုင်ရမယ် လိုအပ်တဲ့ လမ်းညွှန်ကို လမ်းတကမ်းမှာ ဖတ်နိုင်ရမယ် လမ်းညွှန်ဆိုင်းဘုတ်မှာ ရေးထားတာတွေက YBS Bus Route အားလုံးပါဖို့ထက် ဒီမှတ်တိုင်ကို ကားဘယ်နံပါတ်တွေရောက်မယ် ဘယ်ကိုရောက်မယ်ဆိုတာ မျိုး ကို ရှင်းလင်းတိုတုတ်ရေးတာမျိုးလေးဖြစ်စေချင်ပါတယ် ။ ၀ုန်းမယ့်ဝုန်း LED Board တွေနဲ့ ပုံမှာ ပြသလို လုပ်စေချင်တာ ဒါပေမယ့် ငွေရေးကြေးရေးအခြေအနေကလည်းရှိသေးတယ်မဟုတ်လား ဒါ့အပြင် မီးက မှန်နေဖို့လည်းလိုသေးတယ် ။

ပုံ (၈ ) လူအရမ်းများပြီး ကျယ်ပြန့်လွန်းတဲ့ မှတ်တိုင်ကြီးတွေ Transit point လိုဖြစ်နေတဲ့ မှတ်တိုင်ကြီးတွေမှာ Queue စနစ်ကိုသုံးစေချင်ပါတယ် ။ Queue ကို ကားမှတ်တိုင်မှာ စဉ်းစားမယ်ဆိုရင် ခရီးသည်လည်းသိပ်ပုံမနေဖို့ဆိုရင် ဥပမာ ယာဉ်လမ်းကြောင်းအရောင်နဲ့ လမ်းကြောင်းလုပ်ပေးထားရင်ဖြစ်နိုင်မယ်ထင်ပါတယ် ။ Queue စီဖို့ကတော့ လတ်တလော steel ကွေးတွေနဲ့ မလုပ်နိုင်သေးရင် လေဆိပ်တွေမှာ ထားတဲ့ ပုံစံမျိုးဆိုဖြစ်နိုင်ပါတယ် ပုံအသေးမှာပြထားပါတယ် ။

ပုံ (၉) ရှေ့ပေါက်က၀င် နောက်ပေါက်က ဆင်း စနစ်ကိုလည်း Bus အားလုံးမှာ ထိရောက်စွာ အကောင်အထည်ဖော်စေချင်ပါပြီ ။ လုတက်နေတာမျိုးတွေက မဖြစ်သင့်တော့တဲ့အပြင် မြို့တစ်မြို့ရဲ့အလှကို ပျက်စီးစေပါတယ် ။ ကားတွေကိုလည်း မြန်မြန် Model မြှင့်သင့်နေပါပြီ  ။ ဒူးတောင်ကွေးလို့မရတဲ့ ထိုင်ခုံတွေရယ် ကိုယ်နင်းထားတဲ့ကြမ်းခင်းကျွံကျမှာ စိုးတဲ့ခံစားချက်ရယ် ပြတင်းပေါက်ကနေ လွင့်ထွက်မှာစိုးလို့ အတင်းတွယ်ကပ်ထားရတာတွေရယ်ကားပေါ်မှာ နှမချင်းမစာနာ တတ်တဲ့ကောင်တွေရဲ့ဒါဏ်တွေကို လွတ်ကင်းဖို့ရာ လူချောင်ချောင်ချိချိစီးနိုင်ဖို့ BRT လိုကားမျိုးတွေကို အဆင့်မြှင့်စေလိုပါတယ် ။ အသစ်မှာယူထားတယ်ဆိုတဲ့ ဘတ်စ်ကားသစ်ကြီးတွေရယ် CCTV တွေ Wifi တွေ ဆင်ထားတဲ့ ကားကြီးတွေရယ်မြင်ချင်လှပါပြီ ။

ပုံ (၁၀) သတင်းတစ်ခုမှာ တော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က YPS လို့ခေါ်တဲ့ Yangon Payment System ကို Apirl 1 ရက်နေ့မှာ စတင်အကောင်အထည်ဖော်မယ်ဆိုပြီးဖတ်လိုက်ရပါတယ် ။ Warmly welcome ပါ ကွီးဖြိုး ဒီစနစ်နဲ့အတူ အားသာချက်အားနည်းချက်တွေအများကြီးပေါ်လာဦးမှာပါ ။ အားသာချက်တွေကတော့ ငွေအကြွေမကိုင်ရတော့ဘူး စနစ်ကျလာမယ် ယာဉ်တွေလုမမောင်းတော့ဘူး အချို့သောစပါယ်ရာတွေရဲ့ မိုက်ရိုင်းတာ မခံရတော့ဘူး အခက်အခဲတွေကတော့ အသုံးပြုပုံပြုနည်း ၊ ငွေဖြည့်နည်း ၊ ကဒ်ကို ယာဉ်ပေါ်တက်တိုင်းမှာ ငွေပေးချေဖို့အတွက် စက်မှာ သွားရိုက်တတ်စေဖို့ စတာတွေကို အချိန်ယူ စနစ်တကျ ပြင်ဆင်ဖို့လိုပါလိမ့်မယ် ။ ဒီနေ့ April 1 ရက်နေ့ပါ ။  ဒီစာရေးတဲ့အချိန်အထိ YPS နဲ့ ပတ်သတ်လို့ဘာမှ ထပ်မကြားသေးပါဘူး ။ တကယ်သာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင်အခုချိန်လောက်ဆို လက်ကမ်းစာစောင်တွေ ကဒ်တွေ ဘယ်မှာ ၀ယ်လို့ရမယ် ဘယ်လိုသုံးရမယ် ဘယ်မှာ ငွေဖြည့်လို့ရမယ် စတဲ့ သတင်းတွေ ပလူပျံနေမှာပါ ။ အခုထိတော့ တိတ်ဆိတ်ငြိမ်သက်နေတုန်းပါပဲ ။

ကွီးဖြိုးပြောသွားတဲ့စကားတစ်ခွန်းမှာ ကျနော်တို့နိုင်ငံက နောက်ဆုံးမှ YBS ကို အကောင်အထည်ဖော်တာဖြစ်တဲ့အတွက် တခြားနိုင်ငံတွေထက်စာရင်နောက်ဆုံးပေါ်နည်းပညာတွေကို သုံးစွဲခွင့်ရမှာပါတဲ့ ။ ဟုတ်ကဲ့ အမေစု ရွေးချယ်ပေးထားတဲ့ ၀န်ကြီးမို့ ကိုယ်တွေ အရွေးမမှားခဲ့ဘူးလို့ဆက်လက်ယုံကြည်နေချင်ပါသေးတယ် ။ ဒီအတွက် Survey လေးများများလုပ်ပေးပါ ။ Action လေး ထိထိရောက်ရောက်ယူပေးပါ ။ Plan တွေ ကို လက်တွေ့အကောင်အထည်မဖော်ခင်မှာ ပြည်သူလူထုကို ကြော်ငြာအသိပေးပါလို့ပြောရင်း ဆိုးသွမ်းမိုက်ရိုင်းအချို့သော ယာဉ်နောက်လိုက်များအား ထိရောက်ပြင်းထန်စွာ အရေးယူဖို့ တိုက်တွန်းရင်း YBS စနစ်ကြီးရဲ့အောင်မြင်သောနေ့ရက်ကို စောင့်မျှော်လျှက်ရှိကြောင်းတင်ပြလိုက်ပါတယ် ။


သက်တန့်ချို
1.4.2017