Wednesday, November 21, 2012

ကျွန်တော်နှင့်တောင်ပေါ်လားရှိုးမြို့


ကျွန်တော်နှင့်တောင်ပေါ်လားရှိုးမြို့

နိုဝင်ဘာထဲရောက်လာပြီဆိုတော့ ဆောင်းက နည်းနည်းအေးလာသလိုပါပဲ ။ ထုံးစံအတိုင်း နိုဝင်ဘာ ဒီဇင်ဘာဆို ခရီးထွက်ရတဲ့ရာသီမို့လားမသိ ကျွန်တော်လည်းရန်ကုန်က အလုပ်တွေပစ်ပြီးလားရှိုးမြို့ကို ခရီးတစ်ခေါက် ထွက်ခဲ့ရပါပြီ ။ ရွှေလားရှိုးအထူးယာဉ်နဲ့ ညနေ ၅ နာရီထွက်တဲ့ကား က တစ်ခါမှ မစီးဖူးလို့ လားမသိ ကံကောင်းတာလား ကံဆိုးတာလားမသိ အဲဒီ ယာဉ်ကြီးမှာ နောက်ဆုံးပေါ် အိမ်သာ တစ်လုံးပါတယ် ။ အဲဒီအိမ်သာကလည်း ကျွန်တော်ထိုင်တဲ့ခုံ တည့်တည့်ရှေ့မှာ ပရိတ်သတ် ကဲ ကြည့် ဖြစ်ပုံက ခရီးစဉ်အစ ကျွန်တော့်ကို ကြိုဆိုလိုက်ပုံက ထုံးစံအတိုင်းအိမ်သာဆိုတော့လည်း လူတွေက ခဏခဏ လာကြတယ် ။ အထူးကားမို့လားမသိ လမ်း မှာ ထမင်းစားတဲ့အခါက လွဲလို့ ယောင်လို့တောင် ကားဆရာက မရပ်ပါဘူး ။ ဒီတော့ကားပေါ်က လူ ၄၀ လုံး ကျွန်တော့်ရှေ့က အိမ်သာလေးကို အားကိုးကြတယ် ။ အဲဒီ အိမ်သာလေးကိုလာချင်တဲ့အနောက်ကလူတွေက ကားထွက်နေတုန်း ခုံတွေကို ကိုင်ပြီးလာရတယ်ဆိုတော့ လူက ယိုင်ကြတယ်မဟုတ်လား ။ ဒီတော့ ကားက လှုပ်လိုက် အိမ်သာ သွားဖို့လာတဲ့လူက ကျွန်တော့်အပေါ်လဲကျလိုက် ပြန်ထူပေးလိုက် နောက်တစ်ယောက်လာလိုက် ကားလှုပ်လိုက် ကျွန်တော့်အပေါ် ယိုင်လဲကျလိုက်နဲ့ အင်း ပရိတ်သတ်ရေ ခရီးစဉ်အစက အဲဒီလို ။

ဒီလိုနဲ့ ၁၁၅ မိုင်ရောက်တော့ ကားဆရာကကြေငြာတယ် အထူးယာဉ် VIP မို့ဆိုလား လက်မောင်းလေးတွေပေါ် စတေကာလေးတွေကပ်ပေးလိုက်တယ် ။ အဲဒီစတေကာလေးတွေပါရင် စားသောက်ဆိုင် မှာ ထမင်းဟင်းကို free စားနိုင်ပါသတဲ့ ။ ဒီတော့ ကျွန်တော်လည်း ထမင်းစားပြီး တာနဲ့အောက်မှာလည်းမနေချင်တာနဲ့ကားပေါ်ပဲပြန်တက်လာခဲ့တယ် ။ အဲဒီအချိန်ကားက မီးလေးပဲဖွင့် ထားသေးတယ် စက်မနှိုးထားသေးဘူး ။ ဒီတော့ ကျွန်တော့်ခုံပေါ် ကျွန်တော်ထိုင်ယုံရှိသေး အရှေ့ အိမ်သာ ထဲက နေ တဒုန်းဒုန်းထုသံကြားလိုက်ရတယ် ။ ဘုရား ...အထဲမှာ လူပိတ်မိနေတာများလား ။ ခဏနေတော့ အသံက ပိုကျယ်ပြီး ကြားလာရတယ် ဒုန်းဒုန်းဒုန်း ဆိုပြီး ။ ဒီတော့ ကျွန်တော်လည်း အိမ်သာရှေ့သွားပြီး အထဲကလူ စိတ်အေးအေးထား လက်ကိုင်မှာခလုတ်လေးပါတယ် ဖိလိုက် ပြီးရင်တွန်းလိုက် ပွင့်လာလိမ့်မယ်ပြောရတယ် ။ ဒီတော့မှ အထဲက ငြိမ်ကျသွားပြီး ဦးလေးးကြီးတစ်ယောက်ချွေးတွေ သံတွေနဲ့ထွက်လာတယ် ။ သူ့ခမျာ အတော်လည်းကြောက်နေပုံပဲ မီးကလည်း မှိန်ပျပျလေးကိုး ကားမှ စက်မနှိုးသေးတာ ။ ဒီလိုနဲ့ကားစထွက်ပါပြီ ကျွန်တော်လည်း ဟိုတွေးဒီတွေး နဲ့ ငိုက်နေတုန်း ကလေးလေးတစ်ယောက်က သူ့အမေကို အိမ်သာတက်ချင်လို့ပူဆာပြန်တယ် ။ သူ့အမေကလည်း သားအဲဒီအထဲသွားဆိုပြီး လွှတ်လိုက်တယ် ။ ကျွန်တော့်စိတ်ထဲ ထင်တော့ထင်နေတယ် ကလေးတော့ ပိတ်မိဦးမယ်လို့ ။

သိပ်မကြာပါဘူး အထဲက တ၀ုန်းဝန်းထုပြန်ရော ။ ဘယ်သူမှ မထကြဘူးဗျာ သူ့အမေက လည်း ခေါ..ခလူး..ဆိုပြီးအိပ်နေလေရဲ့ ။ အိမ်သာနဲ့အနီးဆုံးကလည်း ကျွန်တော်ပဲရှိသကိုး ဒီတော့လည်းထရပြန်တယ် ကလေးကို သွားချော့ပြီး တံခါးကို ဖွင့်ခိုင်းရတယ် ။ ကလေးခမျာ ကြောက်လွန်းလို့အ သံတောင်မထွက်နိုင်ဘူး ဒီတော့ အဲဒီကလေးကိုပဲချီပြီး သူ့အမေဆီပို့ပေးခဲ့ရပြန်တယ် ။ ဒီလိုနဲ့ ကားကြီးက နေပြည်တော်ကိုကျော် ..မန္တလေးကိုကျော် ..လားရှိုးကို ဆက်လက်ချီတက်လာပြန်ပါပြီ ။ ကားပေါ်မှာ မအိပ်တတ်တဲ့ ကျွန်တော့်ထုံးစံအတိုင်း အမှောင်ထုကိုငေးလိုက် တီဗွီက မြန်မာဇတ်လမ်း ( ပြေတီဦးနဲ့ ခိုင်သင်းကြည် ) ကို ကြည့်လိုက် နဲ့လုပ်နေရတယ် ။  ဒီလိုနဲ့ သွားရင်း အချိန်က မနက် ၃ နာရီကိုရောက်လာခဲ့ပါပြီ အဲဒီမှာ ဇတ်လမ်းက စတာပါပဲ . . .။ 


 



လမ်းဘေးမှာ ကားတွေအကုန်လုံးရပ်နေကြတယ် ကျွန်တော် တို့ကား ဆရာကလည်း လမ်းဘေးမှာ ကားတန်းရှည်ကြီး ကိုအိပ်ပျော်နေတယ်ထင် လို့လားမသိပါဘူး ဘေး ကနေ ကျော် တက်လာခဲ့လိုက်တယ် ။ အဲဒီမှာ ချောက် အကွေ့တစ်ခုမှာ မီးရောင်တွေတွေ့လို့ ရပ်လိုက်ရတယ် ။ လားလား ...ဘီး ၂၀ ပါတဲ့ကားကြီး ၂ စီးက တစ်စီးရဲဖင်ကို တစ်ဦးရဲ့ခေါင်း နဲ့ခြစ်မိပြီးငြိနေကြတယ် ။ သူတို့ ၂ စီးပိတ်နေတော့ တခြားကားတွေ လည်းသွားမရခဲ့ဘူး ။ မေးကြည့်တော့ ကြာပြီတဲ့ ဖြစ်နေတာ ရဲတွေအလာ စောင့်နေတာတဲ့ ။ တစ်ယောက်ကလည်းမဖယ်ပေး တစ်ယောက်ကလည်း မလျော့နဲ့ ကျွန်တော်တို့ကားကြီးလည်း လမ်းဘေးထိုးရပ်လို့ စက်သတ်ပြီး ရပ်နေလိုက်ရတယ် ။ ဒီလိုနဲ့ အချိန် ၁ နာရီလောက်စောင့်ပြီးတဲ့အခါ ရဲ ဆိုင်ကယ်တွရောက်လာပြီးလာပြောကြတယ် ။ ရှင်းကြလင်းကြတယ်ပေါ့ ငါးသိန်းနဲ့အလျောပေးဖို့ တည့်သွားတယ်ဆိုလား သတင်းတော့ကြားလိုက်ရတယ် ။ 


ဒီလိုနဲ့ကား ကိုဖယ်ကြမယ်ပေါ့လုံး ၀ဖယ်မရဘူးခင်ဗျ ငြိနေတာ အတော်သံယောဇဉ်ကြီးနေ ပုံပဲ နောက် ဆုံး ထောက်တွေ ဘာတွေခုပြီး ကားကို ခေါင်းယမ်းအောင်ကြိုး စားမှသာ လွတ်ထွက်သွားတယ် ။ အဲဒီလို ကား ၂စီးလွတ်အောင် ကျွန်တော်တို့ကား ဟာ မနက် ၃ နာရီကနေ ၅ နာရီအထိစောင့် လိုက်ရတယ် ။ ပြီးတော့မှ ခရီးဆက်ထွက်လို့ရပါတယ် ။ ဒီတော့ အရင်၇ နာရီလောက်ဝင်တဲ့ကားက ၉ နာရီခွဲကျော်ကျော် ဆယ်နာရီနီးပါးမှ လားရှိုးကို ဆိုက်နိုင်တော့တယ် ။

လူကလည်း တစ်လမ်းလုံးမအိပ်ရတော့ ငေါင်တောင်တောင်နဲ့ ကားပေါ်ကဆင်းအထုပ်တွေဆွဲချပြီး ၃ ဘီး ဆိုင်ကယ်ကယ်ရီနဲ့ တည်းမယ့် ဟော်တယ်ကို လိုက်ပို့ခိုင်းရတယ် ။ တော်သေးတယ် နယ်က လူတွေ booking လုပ်ထားတာ တော်လို့ အခန်းကိုတန်းရတယ် ။ နားဖို့အချိန်ကြည့်တော့ ၁၀ နာရီကျော်နေပြီ နားလို့မဖြစ်သေး လုပ်စရာတွေက တပုံကြီး ဒီတော့ သူတို့ကို လာကြိုခိုင်း ကိုယ်ကလည်းဆိုင်ကယ်မ စီးတတ် လားရှိုးလို တောင်ပေါ်တက် အနိမ့်အမြင့်လမ်းတွေမှာ သူများနောက်က ပဲကပ်လိုက်ရတယ် ပြီးတော့ အလုပ်တွေ ခဏနားပြီး မာလာဟင်း ၊ ကြက်တောင်ပံသုပ်နဲ့ ဖက်ထုပ်ကြော် စတာတွေလိုက်ကျွေးပါတယ် ။ ဒါဟာ လားရှိုး ဆိုတဲ့တောင်ပေါ်မြို့ကို ကျွန်တော့်အတွက်တော့ ပထမဆုံးခရီးစဉ်ပါပဲ ။ တောင်ကြီးနဲ့ အနေအထားချင်းရာသီဥတုချင်းသိပ်မကွာပေမယ့် လမ်းတွေကတော့အ နိမ့်အမြင့်တွေ တောင်ကြီးထက်များတယ်လို့ ထင်ပါတယ် ။

ကျွန်တော့်ရဲ့ တောင်ပေါ်လားရှိုး ခရီးစဉ်အဖွင့်ကတော့ ဒီလောက်ပါပဲ ။ တစ်ပတ်လောက်ကြာမှာဖြစ်ပြီး စာတွေကိုတော့ အဆင်ပြေသလို ဆက်လက်ရေးသား တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။

စာဖတ်ပရိတ်သတ်များအား အစဉ်လေးစားစွာဖြင့်

သက်တန့်ချို

Monday, November 19, 2012

ကျွန်တော်နှင့်ဆိုက်ပရပ်နတ်သမီး


















ကျွန်တော်နှင့်ဆိုက်ပရပ်နတ်သမီး

နိုဝင်ဘာလ ၁၉ ရက်နေ့ ။ ဒီနေ့ပြန်ရောက်လာတာ တကယ့်ကို မနေ့တစ်နေ့ကလိုပါပဲ ။ စာပေ ရေယာဉ်ကြီးမှာ စီးမျောရင်းတချို့လည်း ကမ်းတွေကပ်ကြ တချို့လည်းပန်းတိုင်ရောက်ကြ တချို့လည်း နစ်မြုပ်ကြနဲ့ ကျွန်တော်တို့ စီးနင်းလာခဲ့ကြတာ အခုဆို နှစ်တွေအတော်ကြာခဲ့ပါပြီ ။ ဒီနှစ် အစ်မတော် နတ်သမီး အတွက် ထုံးစံအတိုင်း မွေးနေ့ပို့စ်လေးရေးပေးဖို့ ကျွန်တော်စဉ်းစားမိတယ် ။ အမှန်တော့ ခင်မင်ရင်းနှီးသူတစ်ယောက်အတွက် သာ မွေးနေ့ကဗျာ နဲ့ မွေးနေ့ပို့စ်ရေးပေးပေမယ့် ကျွန်တော့်မွေးနေ့ကိုတော့ ကျွန်တော် သိပ်ပြီး စိတ်ဝင်တစားမရှိခဲ့ဘူး ။ ဒါပေမယ့် မွေးနေ့ကဗျာရေးပေးရတာ ၀ါသနာပါတဲ့ လူဖြစ်တဲ့အတွက် အခုလည်း နိုဝင်ဘာ ၁၉ ရက်နေ့မှာကျရောက်တဲ့ အစ်မတော်အတွက် မွေးနေ့ ပို့စ်လေးရေးပေးဖြစ်ခဲ့ပါတယ် ။

ပထမဆုံး ကျွန်တော်မှတ်မိသေးတယ် ။ ဘလော့တွေစစလုပ်ခြင်း တုန်းက ကျွန်တော်လည်းတခြားသူတွေနီးတူ ငါးကန်လေးတွေ စီဘောက်လေးတွေထည့်ရတာ အရမ်းဝါသနာပါခဲ့တယ် ။ ( အခုတော့ ဆိုက်က လေးတာကြောင့် ပြန်ဖြုတ်လိုက်တယ် ) အဲဒီတုန်းက ကျွန်တော့်ရဲ့လူမသိသူမသိ ဘလော့လေးကို နေ့စဉ်လာလာပြီးအားပေးစကားတွေပြော သူငယ်ချင်းတွေအဖြစ်ခင်မင်ရင်းနှီးခဲ့ရသူ အစ်မအရင်းတစ်ယေက်လို ခင်မင်ရင်းနှီးခဲ့ရသူကတော့အစ်မတော် နတ်သမီးဖြစ်ပါတယ် ။ မော်ဒယ်လုပ်ငန်းနဲ့ အရင်က ရပ်တည်ခဲ့သူပီပီ ဓါတ်ပုံရိုက်အရမ်းဝါသနာပါတဲ့အစ်မတော် ဟာ ဝေဖန်တိုက်ခိုက်သူတွေ အလွဲသုံးစားလုပ်ခံရမှုတွေကို ကျွန်တော်တို့အားလုံးစုပေါင်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြတယ် ။ “ သက်တန့်ချို ” ဆိုတဲ့နာမည်တစ်လုံးပီပီပြင်ပြင်မဖြစ်ပေါ်လာခင်ကတည်းက ကျွန်တော်တို့ မောင်နှမဟာ တစ်ဦးရဲ့အခက်အခဲကိုတစ်ဦး ရင်ဆိုင်ဖြေရှင်းခဲ့ကြတယ် ။

သူဟာ ကျန်းမာရေးချို့တဲ့သူပီပီ သူနေမကောင်းတာကအစ သူ ဆေးရုံတက်ရတဲ့အဆုံးကျွန်တော့်ကို တိုင်ပင်တယ် မေးတယ် ဆရာဝန်လိုတစ်မျိုး မောင်ငယ်တစ်ယောက်လိုသဖွယ် နွေးထွေးတဲ့အစ်မရင်းတစ်ယောက်လို ဆက်ဆံပေးခဲ့တယ် ။ သူနဲပတ်သတ်သမျှ အားလုံးကျွန်တော်ဝိုင်းဖြေရှင်းပေးခဲ့သလို သူကလည်း သူနဲ့ပတ်သတ်သမျှ ကျွန်တော့်ကို တိုင်ပင်ခဲ့တယ် ။ အခုတော့ မနှစ် တစ်နှစ်ကလိုပဲ နိုဝင်ဘာ ၁၇ ဆိုတဲ့ရက်တစ်ရက်ရောက်လာခဲ့ပြန်ပါပြီ ။

“ အစ်မတော် နတ်သမီးရေ နိုဝင်ဘာ ၁၉ က ကံကောင်းခြင်းတွေဆောင်ယူနိုင်ပါစေ . . ဓမ္မနဲ့အဓမ္မကို ခွဲခြားသိမြင်လို့ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်နိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်နိုင်ပါစေ . . အန္တရာယ်အားလုံးကင်းလွတ်ချမ်းသာလို့ သွားလေရာ လာလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့အစ်မတော်ရေ . . ”

“ နိုဝင်ဘာ ၁၉ နှင့် နတ်သမီးတစ်ပါး ”


အဲဒီတစ်ရက်က နှင်းတွေစပြိုတဲ့နေ့
အဲဒီတစ်ရက်က နေခြည်တွေ စလင်းတဲ့နေ့
ခင်းထားတဲ့လမ်းတလျှောက် . . သင်းပျံ့တဲ့ ပန်းရနံ့အချို့
လေပြည်က သော့သော့ မော့မော့
ကြော့ရှင်းတဲ့ ဆံနွယ်ခက်တွေအောက် . .
ကျပျောက်ခဲ့သော ညနေခင်းအချိန်နာရီများ

ကြည့်စမ်း . . . ပြာရီဝိုဝါးတဲ့ကောင်းကင်ပြာအောက်
ရောင်စုံ့ လိပ်ပြာကလေးတွေ ၀ဲပျံလို့
နတ်သမီးတစ်ပါးရဲ့ ကကြိုးကကွက်တွေထဲ
နိုဝင်ဘာဟာ သက်ဝင်လှုပ်ရှားရခဲ့ရ
နှင်းတွေ . . . နှင်းတွေ . . .

နတ်သမီးရေ . . နိုဝင်ဘာက ချမ်းစမ့်သော အတွေးကိုယ်စီနဲ့
နိုင်ဝင်ဘာက အေးမြသော အလွမ်းကိုယ်စီနဲ့
ကော်ဖီခါးခါးတစ်ခွက်ထဲ စိမ့်ဝင်နေသော အတွေးတွေဟာ
ဟိုတစ်စ . . ဒီတစ်စ ပျံ့ကျဲလူးလွန့်နေဆဲ . .

ကြည့်စမ်း . . . ဒီနေ့ ပန်းတွေ ပွင့်လန်းလာလိုက်ကြပုံ
ကြည့်စမ်း . . .နိုဝင်ဘာ နတ်သမီးရဲ့ ၀တ်ရုံဖြူလွှလွှပေါ်က အလင်းခက်တွေ
တစ်ဆယ့်ကိုး ကိန်းဂဏန်းနဲ့ နာရီလက်တံကြား
သူ ဟာ နူးညံ့ဖြူစင်မှုပေါင်းများစွာနဲ့ . .

နတ်သမီးရေ . . .
အချိန်တန်ရင်အိမ်ပြန်ကြရ တို့လူသားဘ၀တွေ
အနန္တအသင်္ချေ မေတ္တာရေကသာ အေးမြစေခဲ့ရ
သင်သွားလေရာ ခလုတ်လည်းမထိ ဆူးလည်း မငြိစေရ
နားခိုးရာ ဘ၀ တလျှောက် အေးချမ်းဆိတ်ငြိမ်စေ . .

နတ်သမီးရေ . .
လမ်းတွေကကြမ်းတယ် . . ခရီးတွေက ဝေးတယ်
အစုန်အဆန် မုန်တိုင်းတွေကြားမှာ
ဟိုး . . ရှေ့က ကမ်းစပ်ကို စူးစိုက်ကြည့်
ပန်းတိုင်ဆိုတာရှိတယ် . . စိတ်ပျက်အားငယ်ခြင်းတွေကိုဘေးဖယ်ကွဲ့
ငါတို့အားလုံးဘေးမှာရှိနေတယ်

နိုဝင်ဘာရေ . .
သူမကို နှင်းဖြူဖြူတွေနဲ့ ပွေ့ဖက် အေးမြစေ ကွဲ့
သူမကို ပန်းတွေ ခင်းတဲ့ ဥယျာဉ်ထက် မွှေးပျံ့သင်းကြိုင်စေကွဲ့
ဒီတစ်ရက်ဟာ အမှတ်တရတွေ ဆုံတဲ့ တစ်နေ့
ငါတို့ ဘယ်တော့မှမမေ့ပါဘူး သူငယ်ချင်းရယ်
မင်းလည်း အမြဲ . . ငြိမ်းချမ်းစေကွယ်

“ ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....
ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....
ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....”

သက်တန့်ချို

နတ်သမီးဘလော့ - www.seaandangel.blogspot.com

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, November 12, 2012

ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး



ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး

တစ်ခါတုန်းက မျက်မမြင်ကောင်လေးတစ်ယောက်က အဆောက်အဦးတစ်ခုရဲ့လှေကားရင်းမှာ ထိုင်နေပြီး သူ့ရှေ့မှာ ဦးထုပ်လေးတစ်လုံးချထားတယ် ။ ဆိုင်းဘုတ်လေးတစ်ခုလည်းထောင်ထားတယ် ။ “ ကျွန်တော်မျက်မမြင်တစ်ယောက်ပါခင်ဗျာ ကူညီကြပါ ” သူ့ဦးထုပ်ထဲမှာ အကြွေစေ့အနည်းငယ်ရှိတယ် ။

လူတစ်ယောက်က ဘေးနားကနေဖြတ်သွားတယ် ။ သူက အိတ်ကပ်ထဲကနေ အကြွေအနည်းငယ်ယူပြီး ဦးထုပ်ထဲချလိုက်တယ် ။ ပြီးတော့ဆိုင်းဘုတ်ကိုယူပြီး နောက်ဖက်လှည့်လိုက်တယ် စကားလုံ
းအနည်းငယ်ရေးထားခဲ့တယ် ။ ဆိုင်းဘတ်ကို ဘေးနာကလူတွေဖြတ်သွားရင်စကားလုံးအသစ်တွေမြင်ရအောင် လှည့်ထားခဲ့လိုက်တယ် ။

မကြာခင်မှာ ဦးထုပ်က အကြွေစေ့တွေ စတင်ပြည့်လာပါပြီ ။ မျက်မမြင်ကောင်လေးကို လူတွေက ပိုက်ဆံတွေပိုပိုပေးသွားကြတယ် ။ နေ့လည်ရောက်တဲ့အခါ စာသားအသစ်ပြင်ပေးသွားတဲ့လူကပြန်ရောက်လာတယ် ။ ကောင်ကလေးက သူ့ ခြေလှမ်းသံကို ဂရုပြုမိသွားပြီး မေးတယ် ။ “ ဒီမနက် ကျွန်တော့်ဆိုင်းဘုတ်ကို စာသားပြောင်းပေးသွားတဲ့လူလားခင်ဗျာ ဘာတွေရေးပေးခဲ့တာလဲဟင် ”

ဆိုင်းဘုတ်ပြင်ရေးပေးတဲ့လူကပြောတယ် “ ကျွန်တော်အမှန်တရားတစ်ခုကိုရေးပေးခဲ့တာပါ ကျွန်တော်ကလည်း ဒီက လူရေးတဲ့အတိုင်းရေးထားခဲ့တာပါပဲ ဒါပေမယ့်နည်းလမ်းတော့ကွာတယ် ” တကယ်တော့ အဲဒီလူရေးပေးခဲ့တဲ့စာသားကအောက်ပါအတိုင်းဖြစ်တယ် ။

“ ဒီနေ့ဟာ အရမ်းကိုလှပတဲ့နေ့တစ်နေ့ပါ ဒါပေမယ့် ကျွန်တော် မမြင်နိုင်ပါဘူး ” တဲ့ ။

-----------------------------------

ပထမ စာသားနဲ့ဒုတိယစားသားက အဓိပ္ပါယ်ခြင်းတူပေမယ့် တင်ပြပုံခြင်းကွာခြားလွန်းလှပါတယ် ။ ဒါပေါ့ ဆိုင်းဘုတ် နှစ်ခုစလုံးက ကောင်လေးမျက်စိမမြင်ဘူးဆိုတာဖော်ပြနေတာပါပဲ ။ ဒါပေမယ့် ပထမစားသားက လူတွေကို ဦးထုပ်ထဲ ပိုက်ဆံထည့်သွားပေးကြဖို့ကူညီကြဖို့ ရိုးရှင်းစွာပြောထားတာဖြစ်ပါတယ် ။ ဒုတိယ စာသားကတော့ လူတွေကို နေ့တစ်နေ့ရဲ့အလှအပကိုပြောထားတယ် ဒါပေမယ့် သူဟာ မျက်စိမမြင်တဲ့အတွက် အဲဒီအလှအပမှာ ခံစားသက်ဝင်နိုင်မှုမရှိဘူး လူဖြစ်ရှုံးနေရပါတယ်ဆိုတဲ့သဘောမျိုးရေးထားတာဖြစ်တယ် ။ ထပ်ဆင့်ပြောရရင် ပထမ စာသားဟာ ကောင်လေးမျက်မမြင်ဖြစ်ကြောင်း ရိုးရှင်းစွာပြောထားတာဖြစ်ပြီး ဒုတိယစာသားကတော့ လူတွေဟာ အရမ်းကံကောင်းကြတယ် ဘာကြောင့်လည်းဆိုတော့ သူတို့ မျက်ကန်းတစ်ယောက်မဟုတ်တဲ့အတွက် သဘာဝလောကကြီးရဲ့အလှအပကို မြင်နိုင်ကြတယ်ဆိုပြီး ရေးထားခြင်းဖြစ်တယ်။

ဒုတိယ စာသားက ပိုပြီးထိရောက်တယ်လို့ရော သင်တို့မထင်မိကြဘူးလား ။ တချို့အရာတွေက အတူတူတော့အတူတူပါပဲ ဒါပေမယ့်တင်ပြပုံပေါ်မူတည်ပြီးလူတွေရဲ့စိတ်ကို ညှို့ငင်ဆွဲယူနိုင်စွမ်းရှိတယ် ။ ဒါကြောင့် တီထွင်ဖန်တီးမှုရှိပါ မတူညီတဲ့အတွေးတွေကို လက်ခံပါ နေရာတိုင်းမှာ အကောင်းဆုံးနည်းလမ်းဆိုတာရှိပါတယ် ။

သက်တန့်ချို
Be creative .. better ways !! အားခံစားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မိဘဟူသည်



မိဘဟူသည်

- သင့်ဆီက ဘာမှမလိုအပ် သင်လိုအပ်သမျှသာပေးချင်သူများဖြစ်သည် ။
- သင့်ဆီက ဘာမှမတောင်း သင်တောင်သမျှသာ ပေးချင်သူများဖြစ်သည် ။
- သင့်ဆီကို ဘယ်လို ဆိုးကျိုးမှ မပေး ကောင်းကျိုးများသာ ပေးချင်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မစွန့်ပစ် သင်စွန့်ပစ်မှသာ မျက်ရည်စက်လက်ကျန်ခဲ့သူများဖြစ်သည် ။
- သင့်ကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်သည် သင်ကသာ သူတို့ရင်အုပ်ထဲက စုန်ကန်ထွက်ပြေးသွားသူဖြစ်သည် ။
- သင့်ကို မျက်ရည်မကျစေတတ် သူတို့သာ သားသမီးအတွက်မျက်ရည်ဖြိုင်ဖြိုင်ကျရသူများဖြစ်သည် ။
- သင့်ကို ကောင်းကင်ကြီးပမာ အုပ်မိုးလို့ စမ်းရေပမာ မေတ္တာတရားဖြင့် အေးမြစေတတ်သူများဖြစ်သည် ။
- သင့်ကို ဘယ်တော့မှ မစော်ကား သင်ကသာ တခါတရံ စော်ကားနေခြင်းဖြစ်သည် ။
- သင်ချမ်းသာ ဆင်းရဲ ပညာတတ်ခြင်းမတတ်ခြင်းကို စိတ်မ၀င်စား သူတို့ရင်သွေးအားလုံးကိုတပြေးညီချစ်ခင်တတ်သူများဖြစ်သည် ။

နောက်ဆုံး

သင်စော်ကားသမျှကို အမုန်းမဖက် အပြုံးမပျက်ပဲ သည်းခံခွင့်လွှတ်တတ်သူများမှာလည်း မိဘများပင်ဖြစ်သည် ။

သက်တန့်ချို
ပုံအားခံစားရေးဖွဲ့သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................