Thursday, June 29, 2017

စစ်မှန်တဲ့ ပျော်ရွှင်မှုကိုလိုချင်ရင်


စစ်မှန်တဲ့ ပျော်ရွှင်မှုကိုလိုချင်ရင်

လူတွေကိုကူညီပါ
ဒါပေမယ့် ..
လိုချင်တပ်မက်ခြင်းကင်းအောင်နေပါ

ကောင်းမွန်စွာ ကျော်ဖြတ်ခဲ့တဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်ပါ
မဖြစ်နိုင်တဲ့အရာကို မမျှော်လင့်ပါနဲ့

လောကအကျိုးအတွက် ပေးဆပ်နိုင်သမျှ ပေးဆပ်ပါ
ဒါပေမယ့် ..
အမှားနည်းနိုင်သမျှ နည်းပါစေ

" လိုချင်တာများပြီး မဖြစ်နိုင်တာတွေကို မျှော်လင့်နေရင်
သင် အမှားတွေ များလာလိမ့်မယ် "

#သက်တန့်ချို
29.6.2017 #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 27, 2017

ဘ၀အတွက် သိပ်ကို တန်ဖိုးရှိတဲ့အရာ


နာမည်တစ်ခု ပျက်စီးဖို့ဆို တာသိပ်လွယ်ပါတယ်
နာမည်တစ်ခု တည်ဆောက်ဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်

ဂုဏ်သိက္ခာ ပျက်ယွင်း နိမ့်ကျဖို့ဆိုတာ သိပ်လွယ်ပါတယ်
ဂုဏ်သိက္ခာ မြင့်မား ခိုင်မာဖို့ကိုတော့
အချိန်အများကြီး ယူတည်ဆောက်ရတယ်

ရိုးသားတဲ့ စိတ်ကို အရောင်ဆိုးဖို့ဆိုတာ သိပ်လွယ်ပါတယ်
ရိုးသားတဲ့ စိတ်ကို မပျက်စီးအောင်ထိမ်းသိမ်းဖို့
အချိန်အများကြီးယူပြီး မယိုင်လဲအောင် နေရတယ်

" လောကကြီးမှာ ပျက် .. တာက လွယ်သလောက်
ပြင် ... ရတာက ခက်တယ်
တစ်ခါ ပျက်ပြီး ရင် တစ်သက်လုံး ပြင်ဖို့ ခက်တာက
ပျက်စီးသွားတဲ့ နာမည် ၊ ဂုဏ်သိက္ခာနဲ့  ရိုးသားမှု ပဲ "

သင့်မှာ ရိုးသားတဲ့ စိတ်အခံလည်းရှိတယ်
တည်ကြည်ဖြောင့်မတ်တဲ့ ဂုဏ်သိက္ခာလည်းရှိတယ်
မပျက်စီးတဲ့ နာမည်ကောင်းတစ်ခုလည်းရှိတယ်ဆိုရင်
ဘယ်လို အရာနဲ့ဖြစ်ဖြစ် အပျက်စီး မခံပါနဲ့

" ဘ၀အတွက် သိပ်ကို တန်ဖိုးရှိတဲ့အရာတွေဖြစ်လို့ပါပဲ "

#သက်တန့်ချို
27.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 26, 2017

ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ


အထက်လူကြီး အလုပ်မှာမရှိလို့
ဝန်ထမ်းတစ်ယောက်ပျော်တယ်ဆိုရင်
သေချာပါတယ်
အထက်လူကြီးမှာ အားနည်းချက်ရှိနေလို့ပဲ

အထက်လူကြီးအလုပ်လာလို့
ဝန်ထမ်းတစ်ယောက် ပျော်တယ်ဆိုရင်
သေချာပါတယ်
အထက်လူကြီးမှာ အားသာချက်ရှိလို့ပဲ

အကြောင်းပြချက် တိတိကျကျမရှိပဲ
ဝန်ထမ်းတစ်ယောက် ခနခန ခွင့်ယူတယ်
နောက်ကျနေတယ်ဆိုရင် သေချာပါတယ်
လုပ်ငန်းခွင်မှာ ပျော်မွေ့မှုမရှိတော့လို့ပဲ

တကယ်တော့ အထက်လူကြီးနဲ့ ၀န်ထမ်းဆိုတာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ

အထက်လူကြီးက
" ငါရာထူးကြီးတယ် ငါလုပ်ချင်တာလုပ်မယ်
ငါလုပ်တာမှန်တယ် ငါ့ကို ဘာမှ ပြန်မပြောနဲ့
ငါ့ Rule နဲ့ညီအောင်နေ မကျေနပ်ရင်ထွက်  "
ဆိုတဲ့ စိတ်ဓါတ် ရှိနေပြီဆိုရင်
သေချာပါတယ် ....
မကြာခင် ကျရှုံးမဲ့ လမ်းကို ဦးတည်နေတာပါပဲ ။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်
ကိုယ့်လက်အောက်ကလူတွေရဲ့
စိတ်ခံစားချက် အပြုအမူတွေကို သိနေဖို့လိုတယ် ။

#သက်တန့်ချို
26.7.2017 #ttcworkquote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, June 24, 2017

နောင်တစ်ချိန်မှာ


ကိုယ်ပိုင်ဆိုင်နေသမျှ အစစ်အမှန်လို့ထင်မနေပါနဲ့
လောကကြီးမှာ စစ်မှန်တယ်ဆိုတာ သိပ်ကိုရှားပါးလွန်းပါတယ်

ကိုယ်ဆုံးရှုံးခဲ့သမျှ နှမျောတသမနေပါနဲ့
လောကကြီးမှာ မထိုက်တန်တာမှန်သမျှ ဆုံးရှုံးရစမြဲပါ

ကိုယ်နိုင်ခဲ့သမျှ ပျော်ရွှင်မနေပါနဲ့
အနိုင်ပြီးတဲ့အခါ အရှုံးဆိုတာ မသွေမုချရောက်လာဦးမှာ

" ပိုင်ဆိုင်လိုက်ရတာဖြစ်ပါစေ .. စွန့်လွှတ်လိုက်ရတာဖြစ်ပါစေ
အချိန်ကြာလာတဲ့အခါ အရာရာဟာ
ဘာဆို .. ဘာမှ မဟုတ်ခဲ့ဘူးဆိုတာ သိလာပါလိမ့်မယ် "

" တချိန်က ကိုယ်လိုချင်တာရလို့ ပျော်တာပဲဖြစ်ပါစေ
ကိုယ်ပိုင်ဆိုင်ချင်တာ စွန့်လွှတ်လိုက်ရလို့ဖြစ်ပါစေ
နောင်တစ်ချိန်မှာ .. အရာရာဟာ မြူမှုန်တွေလိုေ၀၀ါးပျောက်ကွယ်သွားစမြဲပါ "

#သက်တန့်ချို
24.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 23, 2017

နေရာတကာ မျှမျှတတတွေးပါ

 လူတစ်ယောက်ကို စစ်စစ်မှန်မှန်မဆက်ဆံနိုင်ရင်
မပက်သက်တာ အကောင်းဆုံးပါပဲ
စစ်မှန်တဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ

လူတစ်ယောက်ကို စိတ်နှစ်ကိုယ်နှစ် မပေါင်းသင်းနိုင်ရင်
မပက်သက်တာအကောင်းဆုံးပါပဲ
စိတ်နှစ်ကိုယ်နှစ်ပေါင်းတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ

လူတစ်ယောက်ကို နောက်ဆုံးအချိန်အထိ တာဝန်မယူနိုင်ရင်
မပက်သက်တာ အကောင်းဆုံးပါပဲ
မျှော်လင့်ချက်များတဲ့ တစ်ဖက်လူအတွက် နစ်နာလွန်းတဲ့အတွက်ပါ

" ကိုယ့်အတွက်လည်းကြည့်ပါ .. သူတစ်ပါးအတွက်လည်းကြည့်ပါ "
နေရာတကာမှာ မျှမျှ တတ တွေးနိုင်ခဲ့ရင်
လောကကြီးက နေပျော်ဖို့ကောင်းပါတယ် ။

#သက်တန့်ချို
23.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, June 17, 2017

ပျော်ရွှင် ရဲရင့် လွတ်လပ်ခြင်းဆိုတာ

ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာ
နောက်ဆက်တွဲ စိုးရိမ်ပူပင်ခြင်းကင်းတဲ့
ပေါ့ပါးလွတ်လပ် ပျော်ရွှင်ခြင်းကိုခေါ်တယ်

ပျော်တော့ပျော်တယ် ဒါပေမယ့် မသိစိတ်ထဲ
စိုးရိမ်မှု ပူပန်မှုရှိနေတယ်ဆိုရင် ပျော်ရွှင်ခြင်းအစစ်မဟုတ်သေးဘူး

ရဲရင့်ခြင်းအစစ်အမှန်ဆိုတာ
ကိုယ့်ဖက်မှာရှိတဲ့စစ်မှန်တဲ့ ခိုင်လုံချက်တွေကို
ကိုယ်ကိုယ်တိုင် ဖော်ထုတ်ပြသနိုင်ခြင်းကိုခေါ်တယ်

သတ္တိတော့ရှိပါရဲ့ ဒါပေမယ့် ကိုယ့်ဖက်က အားနည်းချက်
တစ်ခုခုရှိမလား ပူပန်မှုရှိနေတယ်ဆိုရင် ရဲရင့်ခြင်းအစစ်မဟုတ်သေးဘူး

လွတ်လပ်ခြင်းအစစ်အမှန်ဆိုတာ
ဘယ်သူ့ကိုမှ ထိခိုက်နာကျင်စေခြင်းမရှိတဲ့
လုပ်ပိုင်ခွင့်နယ်ပယ် ဆုံးဖြတ်ပိုင်ခွင့်နယ်ပယ်ကိုခေါ်တယ်

လွတ်တော့လွတ်လပ်ပါရဲ့ ဒါပေမယ့်
ကိုယ့်လွတ်လပ်မှုကြောင့် ကိုယ့်ဘေးကလူတွေ ထိခိုက်နာကျင်ခြင်းကလည်း
လွတ်လပ်ခြင်းအစစ်မဟုတ်သေးဘူး ။

#သက်တန့်ချို
17.6.2017 #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 15, 2017

ဘ၀ခရီးလမ်း



ဘ၀က ခရီးသွားနေရသလိုပါပဲ

ခရီးစစထွက်ချင်း ကိုယ်နဲ့အတူ စိတ်တူကိုယ်တူ ပျော်စရာကြီးပေါ့
ဒီလိုနဲ့ ဘ၀ခရီးကို ဆက်သွားနေကြတုန်း ခရီးတစ်ဝက်လောက်မှာ

တချို့  ကိုယ်နဲ့ ဆက်မလိုက်နိုင်တဲ့သူတွေ ကျန်ခဲ့ကြတယ်
တချို့ ကိုယ့်ကို နှုတ်မဆက်ပဲ ထွက်သွားခဲ့ကြသူတွေရှိတယ်
တချို့ ကိုယ့်ကို မုန်းပြီး ကျောခိုင်းသွားကြသူတွေရှိတယ်
တချို့ ကိုယ့်ကို နာကျင်စေပြီး လမ်းလွှဲသွားကြသူတွေရှိတယ်
တချို့ ရာထူးဂုဏ်တွေမက်ပြီး ဘ၀င်မြင့်သွားကြသူတွေရှိတယ်
တချို့ မာန်မာနတွေတက်ပြီး အောက်ခြေလွတ်သွားကြသူတွေရှိတယ်
တချို့ လမ်းမှားကို လမ်းမှန်ထင်ပြီး ဇွတ်တိုးသွားကြတဲ့လူတွေရှိတယ်
တချို့ သိက္ခာနဲ့ အဆင့်အတန်းကို အလဲအလှယ်လုပ်သွားကြတဲ့သူတွေရှိတယ်

ဘယ်လိုပဲ စခဲ့စခဲ့
ဒီခရီးကို အဆုံးသတ်ရမှာ ကိုယ်တစ်ယောက်တည်းပါပဲ ။

" သိက္ခာတရားကို တန်ဖိုးထားပါ
ရိုးသားပါ
အလင်းဖက်မှာ နေပါ
စိတ်က မှောင်နေရင် ဘ၀လမ်းတလျောက်လုံးမှောင်နေလိမ့်မယ် "

ဘယ်နေ့ အဆုံးသတ်မလဲမသိတဲ့ ဘ၀ခရီးမှာ
ကိုယ့်စိတ်ကို ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ ။

#သက်တန့်ချို
15.7.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 14, 2017

ဘယ်သူက ပိုအရေးကြီးသလဲ


ဘယ်သူကကိုယ့်ကို နိမ့်ကျစေတာလဲဆိုတာ အရေးမကြီးဘူး
ဘယ်သူက ကိုယ့်ကိုမြှင့်တင်ပေးနေသလဲဆိုတာသာ အရေးကြီးပါတယ်

ဘယ်သူက ကိုယ့်ကို နာကျင်စေသလဲဆိုတာ အရေးမကြီးဘူး
ဘယ်သူက ကိုယ့်နာကျင်မှုကို ဖေးမကူညီပေးသလဲဆိုတာသာ အရေးကြီးပါတယ်

ဘယ်သူက ကိုယ့်ကို ၀မ်းနည်း ငိုကြွေးစေသလဲဆိုတာ အရေးမကြီးဘူး
ဘယ်သူက ကိုယ့်အပြုံးတွေကို တဖန်ပြန်လည်တောက်ပစေသလဲဆိုတာသာ အရေးကြီးပါတယ် ။

#သက်တန့်ချို
14.7.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 13, 2017

တခါတလေ




တခါတလေ
ကိုယ်သွားချင်တဲ့နေရာ မသွားရရင် ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ကောင်းတဲ့နေရာကို သင်သွားရမှာမို့ပါ

တခါတလေ
ကိုယ်လိုချင်တဲ့အရာ မရခဲ့ရင် ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ပိုကောင်းတဲ့အရာတွေနဲ့ သင်ထိုက်တန်လို့ပါ

တခါတလေ
ကိုယ်ပိုင်ချင်တဲ့အရာ မပိုင်ဆိုင်ရရင် ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ပိုကောင်းတဲ့အရာကို သင်ပိုင်ဆိုင်ရမှာမို့ပါ

အသည်းကွဲတာတွေ စိတ်ညစ်တာတွေ ၀မ်းနည်းစိတ်ပျက်တာတွေကြောင့်
သင်တစ်ည လုံးငိုကြွေးလို့ရတယ်

ဒါပေမယ့် မနက်မိုးလင်းပြီဆိုတာနဲ့ သင့်မျက်ရည်ကို သုတ်လိုက်ပါ
" လောကကြီးက ဘာမှ မပြောင်းလဲသွားပါဘူး "

သင်လုပ်ရမှာက ၀မ်းနည်းနာကျင်မှုတွေကို သိမ်းထားမလား ဖျက်စီးလိုက်မလား
သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ ။

#သက်တန့်ချို
13.6.2017 #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 12, 2017

ဒဂါင်္းပြားနဲ့တူတဲ့ ဘဝ


 ဘ၀ က ဒဂါင်္းပြားတစ်ချပ်ရဲ့
ခေါင်း နဲ့ ပန်းလိုပါပဲ

မျက်နှာပြင်တစ်ဖက်တည်းကိုပဲ
သင်မြင်တွေ့ခွင့်ရမယ်

အမှောင်ဖက်ခြမ်းကို သင်မြင်နေရတယ်ဆိုရင်
သေချာပါတယ် တစ်ဖက်ခြမ်းမှာ အလင်းဆိုတာ ရှိနေသေးတယ်

အခက်အခဲတွေရှိတဲ့အခြမ်းကို သင်မြင်နေရတယ်ဆိုရင်
သေချာပါတယ် အဆင်ပြေချောမွေ့တဲ့တစ်ခြမ်းရှိနေသေးတယ်

ဝမ်းနည်းနာကျင်တဲ့အခြမ်းကို သင်မြင်နေရတယ်ဆိုရင်
ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုတဲ့ တစ်ခြမ်းရှိနေသေးတယ်

ဘ၀မှာ ဘာမှ အားငယ်စိတ်ပျက်စရာဆိုတာမရှိပါဘူး
အမှောင်ပြီးရင် အလင်းလာမှာပေါ့
ငိုပြီးရင် ရယ်ရမှာပေါ့

ဘယ်လို ဒါဏ်ရာမျိုးဖြစ်ဖြစ်
အချိန်တန်ရင် အနာကျက်သွားမှာပါ ။

#သက်တန့်ချို
12.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, June 10, 2017

ဖြူစင်တဲ့စိတ်ထားကောင်း

ဘ၀မှာ အရာအားလုံးဆုံးရှုံးခဲ့ရင်တောင်
ကိုယ့်ရဲ့ သိက္ခာတရားကို မဆုံးရှုံးစေနဲ့

ဘ၀မှာ အရာအားလုံးပျက်စီးခဲ့ရင်တောင်
ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို မပျက်စီးစေနဲ့

ဘ၀မှာ အရာအားလုံး ပျောက်ဆုံးခဲ့ရင်တောင်
ကိုယ့်ရဲ့ ဖြူစင်တဲ့စိတ်ထားကို မပျောက်စေနဲ့

သင့်မှာ ဖြူစင်တဲ့စိတ်ထားကောင်းလေးရှိနေရင်
သင့်သိက္ခာလည်းလင်းလက်နေမယ်
သင့်ကိုယ်ကျင့်တရားလည်း တောက်ပနေလိမ့်မယ်

#သက်တန့်ချို
10.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, June 9, 2017

သူ့နေရာကနေ ၀င်ကြည့်လိုက်ပါ

 ကိုယ့်ဖက်ကကြည့်ရင် အရေးသိပ်မကြီးဘူးထင်ပေမယ့်
သူ့ဖက်မှာ သိပ်အရေးကြီးတဲ့ကိစ္စလည်းဖြစ်နေနိုင်တယ်

ကိုယ့်ဖက်ကကြည့်ရင် အဖိုးမတန်ဘူးထင်ပေမယ့်
သူ့ဖက်မှာ အဖိုးထိုက်တန်တဲ့ အရာလည်းဖြစ်နေနိုင်တယ်

ကိုယ့်ဖက်ကကြည့်ရင် သိပ်လွယ်နေတယ်ထင်ပေမယ့်
သူ့ဖက်ကမှာ သိပ်ခက်ခဲလွန်းနေတာလည်းဖြစ်နေနိုင်တယ်

-----------------------------------------

" သူတစ်ပါးကို ပြောခွင့်ပေးပါ
သူ့နေရာကနေ ၀င်ကြည့်လိုက်ပါ "

ကိုယ်မျက်နှာလွှဲလိုက်လို့
သူတစ်ပါးဘ၀ နာကျင်သွားရမယ့်ကိစ္စတွေ အများကြီးရှိပါတယ် ။

#သက်တန့်ချို
9.6.2017  #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, June 7, 2017

အကြောက်တရားနဲ့သတ္တိ


" နဂါးမှန်းသိအောင် တမင်တကာအမောက်ထောင်ပြစရာမလိုပါဘူး
အမောက်ရှိတဲ့နဂါးမှန်းသိနေရင် ဘယ်သူကမှ ကိုယ့်ကို မစော်ကားဝံ့ဘူး "

" သတ္တိရှိတယ်ဆိုတာ အမှန်တရားကိုရင်ဆိုင်ရဲခြင်းတစ်မျိုးပါပဲ "

" အကြောက်တရားဆိုတာ ရှိနေသေးတယ်ဆိုရင်
သေချာပါတယ်  ကိုယ့်ဖက်မှာ ခိုင်လုံမှုမရှိလို့ပါ  "

သက်တန့်ချို
7.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

" ဘယ်လိုအရာတွေကို သည်းခံရမလဲ "


" ဘယ်လိုအရာတွေကို သည်းခံရမလဲ "

တခါတလေ တချို့သောကိစ္စရပ်တွေဟာ သည်းခံလိုက်ရမလား
သည်းမခံပဲ ဖြေရှင်းလိုက်ရမလားဆိုပြီး ဒွိဟဖြစ်နေတတ်တယ်

ကိုယ်သည်းခံလိုက်လို့ ပတ်ဝန်းကျင်ကလူတွေကိုရော
ကိုယ်ကိုယ်တိုင်ရော ထိခိုက်နစ်နာမှု နည်းသွားစေမယ်ဆိုရင် သည်းခံလိုက်ပါ

ကိုယ်သည်းခံလိုက်လို့ ကိုယ့်မှာလည်းအကျိုးရှိသွားမယ်
သူတစ်ပါးကိုလည်း အပြစ်မဖြစ်စေ ၂ ဦး ၂ဖက် မှာ အဆင်ပြေသွားမယ်ဆိုရင်သည်းခံလိုက်ပါ

ကိုယ်သည်းခံလိုက်လို့ ပြဿနာတစ်ခုက အဆိုးကနေ
အကောင်းဖက်ကို ဦးတည်ပြောင်းလဲသွားနိုင်မယ်ဆိုရင် သည်းခံလိုက်ပါ

ဒီလိုမှ မဟုတ်ပဲ

ကိုယ်သည်းခံလိုက်လို့ ကိုယ့်မှာလည်း စိတ်ဆင်းရဲမယ်
အကုသိုလ်တွေပိုတိုးပြီး မကောင်းတာတွေထပ်ဖြစ်လာနိုင်တယ်ဆိုရင် သည်းမခံပါနဲ့

ကိုယ်သည်းခံလိုက်လို့ အခြေအနေက ပိုဆိုးသွားမယ်
ပတ်ဝန်းကျင်ကိုလည်း ထိခိုက်နာကျင်စေနိုင်တဲ့ကိစ္စမျိုးဆို သည်းမခံပါနဲ့

ကိုယ်သည်းခံလိုက်လို့ ရောင့်တက်လာပြီး
ကိုယ့်ကို စော်ကားတဲ့အဆင့်ရောက်နိုင်တဲ့ကိစ္စမျိုးဆိုသည်းမခံပါနဲ့

======================

သည်းခံတိုင်းလည်း ကောင်းတာမဟုတ်သလို
အဆိပ်မရှိရင်လည်း လူတွေက ကစားစရာလို သဘောထားတတ်ကြတယ် ။

သက်တန့်ချို
7.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, June 6, 2017

" စိတ်ဆင်းရဲခြင်းနှင့် စိတ်ချမ်းသာခြင်း "


" စိတ်ဆင်းရဲခြင်းနှင့် စိတ်ချမ်းသာခြင်း "

---------------------------------------------

စိတ်ဆင်းရဲခြင်း အများစုဟာ
ကိုယ့်စိတ်ကိုယ် "မသိ " ပဲ
လောဘနဲ့ ရောင့်ရဲခြင်းကို မချိန်ညှိတတ်လို့ဖြစ်လာတာပါ

စိတ်ချမ်းသာခြင်း အများစုဟာ
ကိုယ့်စိတ်ကိုယ် " သိ " ပြီး
လောဘနဲ့ရောင့်ရဲခြင်းကို ချိန်ညှိနိုင်သူဖြစ်လို့ပါ

အလိုဆန္ဒ နည်းလေလေ စိတ်ချမ်းသာလေလေ
လောဘကြီးလေလေ စိတ်ဆင်းရဲလေလေ
ဆန္ဒ များလေလေ ပူပင်ရလေလေ
ရမ္မက်များလေလေ သိက္ခာကျလေလေ
သိက္ခာကျလေလေ တန်ဖိုးမဲ့လေလေပါပဲ ။

#သက်တန့်ချို
6.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, June 5, 2017

မျက်နှာပေါ်က အမာရွတ်



တစ်ခါတုန်းက စိတ်ပိုင်းဆိုင်ရာ သုတေသနပညာရှင် လည်းဖြစ်  မိတ်ကပ် ပညာလည်း ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးက သူ အသစ်တီထွင်ထားတဲ့ မိတ်ကပ် ကို စမ်းသပ်ဖို့အတွက် အခကြေးငွေပေးပြီး စမ်းသပ်ခံတွေကို ခေါ်ယူလိုက်တယ် ။
အဲ့ဒီအထဲမှာ ဈေးသည်တွေ အရောင်းဝန်ထမ်းတွေ ကုမ္ပဏီလုပ်ငန်းလုပ်နေတဲ့သူတွေ ဘဏ်ဝန်ထမ်းတွေ အသီးသီးလာရောက်ကြတယ် ။
ဒီလိုနဲ့ လူ အယောက် ၅၀ လောက်ပြည့်တဲ့အခါ အခန်းကျယ်တစ်ခုတည်းကို ခေါ်သွားပြီး မိတ်ကပ်အသစ်နဲ့ လူတစ်ယောက်ချင်းစီကို အမာရွတ်တစ်ခုစီ ဖန်တီးပေးခဲ့တယ် ။
ပြီးတော့ မှန်သေးသေးတစ်ချပ်နဲ့ ကိုယ့်မျက်နှာပေါ်က အမာရွတ်ကို ပြပြီး အဲ့ဒီမိတ်ကပ်စမ်းသပ်ချက်ကို " အမာရွတ် စမ်းသပ်ချက် " လို့ခေါ်ကြောင်း မိတ်ကပ်ပညာရှင်ကရှင်းပြတယ် ။

စမ်းသပ်ခံရတဲ့လူတွေက သူတို့ မျက်နှာပေါ်က အမာရွတ်အစစ်နဲ့ခွဲမရအောင်တူတဲ့မိတ်ကပ်ကို ကြည့်ပြီး အကုန်အံ့သြမင်သက်ကုန်ကြတယ် ။ တစ်ယောက်ချင်းစီကို မှန်နဲ့ပြပြီးတဲ့အခါ မှန်ကို ပြန်သိမ်းလိုက်တယ် ပြီးတော့ အချောသပ်အနေနဲ့နောက်ဆုံးအဆင့်မိတ်ကပ်ကို တစ်ယောက်ပြီးတစ်ယောက် လိမ်းချယ်ပေးခဲ့တယ် ။
ပြီးတာနဲ့ မိတ်ကပ်ဆရာက အဲ့ဒီလူတွေကို အောက်ပါအတိုင်းမှာခဲ့တယ် ။
" ခင်ဗျားတို့အားလုံး ကိုယ့်လုပ်ငန်းခွင်အသီးသီးကို ပြန်သွားကြပါ မျက်နှာကို မှန်လုံးဝမကြည့်ပါနဲ့ ၁ နာရီကြာတဲ့အခါ ဒီအခန်းထဲကို ပြန်လာခဲ့ပါ အဲ့ဒီအခါ ဒီ ၁ နာရီအတွင်းလူတွေက ခင်ဗျားတို့ကို ဘယ်လို ဆက်ဆံသလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးပါ " ဆိုပြီးမှာလိုက်ပါတယ် ။

ဒီလိုနဲ့ စမ်းသပ်ခံ လူ အယောက် ၅၀ ဟာ သူတို့လုပ်ငန်းခွင်အသီးသီး ကိုပြန်သွားကြပြီး ၁ နာရီကြာတဲ့အခါ မိတ်ကပ်ပညာရှင်ရဲ့အခန်းကျယ်ထဲကို ပြန်လည်စုဝေးရောက်ရှိလာကြပါတယ် ။ ဒီအခါ မိတ်ကပ်ပညာရှင်က တစ်ယောက်ချင်းစီကို သူတို့ တွေ့ကြုံခဲ့ရတာတွေ မေးမြန်းတဲ့အခါ အသီးသီးက အောက်ပါအတိုင်းဖြေခဲ့ကြတယ် ။
" ကျွန်တော့်ကို အလုပ်ထဲကလူတွေက ရွံရှာသလိုကြည့်ကြတယ်ဗျာ မျက်နှာက အမာရွတ်ကြောင့် ထင်တယ် "
" ကျွန်မ ကို ကျွန်မဘေးက သူငယ်ချင်းက မတူသလို မတန်သလိုကြည့်တယ် ရှင့်မိတ်ကပ်အမာရွတ်အစွမ်းက တော်တော်ကြီးတာပဲ "
" ကျုပ်ဗျာ တစ်လမ်းလုံးရှက်လိုက်တာ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ ကျုပ် မျက်နှာပေါ်က အမာရွတ်က တော်တော်ရုပ်ဆိုးတယ် "
" ဈေးသည်တစ်ယောက်အနေနဲ့ ကျွန်မကို လေသံမာမာ နဲ့ပြောတဲ့ ဈေးဝယ်သူတွေကို အများကြီးတွေ့ဖူးတယ် ဒါပေမယ့် ဒီနေ့ ပိုဆိုးသလိုပဲ ကျွန်မ မျက်နှာပေါ်က အမာရွတ်တုကြောင့်ပဲဖြစ်မယ် "

သဘောတရားချင်း တူညီတဲ့ အဖြေအသီးသီးကို လူအယောက် ၅၀ က ဖြေခဲ့ကြပြီး လူတွေနဲ့ ဆက်ဆံရေးမပြေလည်တာ လူတွေက သူတို့ကို ရှောင်ဖယ်တာဟာ မျက်နှာပေါ်က အမာရွတ်တုရဲ့ အစွမ်းကြောင့်လို့ ပြောခဲ့ကြတယ် ။ အဲ့ဒီအခါ မိတ်ကပ် ပညာရှင်က အားလုံးကို ပြုံးပြပြီး နံရံပေါ်မှာ ကာထားတဲ့ လိုက်ကာကြီးတစ်ခုကို ဖွင့်ပြလိုက်ပါတော့တယ် ။
လိုက်ကာနောက်မှာ နံရံအပြည့်မှန်ချပ်ကြီးတစ်ခုရှိပြီး လူအားလုံးဟာ သူတို့မျက်နှာတွေကို သူတို့ ထိတ်လန့်စွာ မြင်တွေ့ခဲ့ရတယ် ။

ဘာကြောင့်လဲဆိုတော့ " သူတို့အားလုံးရဲ့မျက်နှာပေါ်မှာ ဘာ အမာရွတ်မှ မရှိပဲ နဂို ရုပ်ရည်အတိုင်းရှိနေလို့ပါပဲ " မိတ်ကပ်ပညာရှင်က မှန်ချပ်နဲ့တစ်ဦးချင်းစီပြပြီးနောက်ဆုံးအဆင့်အချောသတ်တဲ့အခါ သူလိမ်းချယ်ထားတဲ့အမာရွတ်တုကို ပြန်ဖျက်ထားခဲ့တဲ့အတွက်ဖြစ်ပါတယ် ။
လူအယောက် ၅၀ စလုံးဟာ ငေးငေးငိုင်ငိုင်ဖြစ်သွားကြပြီး တစ်စုံတစ်ခုကို သူတို့ သဘောပေါက်လိုက်ကြပါတော့တယ် ။

=============================================

တကယ်တော့ ကိုယ့်ဘ၀မှာ ကိုယ့်ကိုယ်ကို ဘယ်လိုသဘောထားသလဲဆိုတဲ့အမြင်ဟာ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုရှုမြင်သလဲဆိုတဲ့အမြင်နဲ့ တိုက်ရိုက်အချိုးကျပါတယ် ။
ပတ်ဝန်းကျင် က ကိုယ့်ကိုမြင်တဲ့အမြင်ဆိုတာ .. တကယ်တော့ ကိုယ့်ကိုယ်ကို မြင်နေတဲ့အမြင်ပါပဲ ။

ကိုယ့်အပေါ်ကိုယ်မြင်တာ မပြောင်းသရွေ့ .. မကောင်းသရွေ့ အဆိုးမြင်နေသရွေ့ .. ပတ်ဝန်းကျင်ကြောင့် ဆိုတဲ့ အကြောင်းပြချက်ကို ပဲ သင်ဆုပ်ကိုင်ထားနေမိလိမ့်မယ် ။
တကယ်တော့ ကျွန်တော်တို့အားလုံး ပူပန်နေကြရတာ ၀မ်းနည်းနေကြရတာ စိတ်တွေ မကြည်မလင်ဖြစ်နေကြရတာတွေအားလုံးဟာအချိန်တော်တော်များများ  ကိုယ့် စိတ်ကြောင့် ကိုယ်ဖြစ်နေတာပါပဲ ။

#သက်တန့်ချို
5.6.2017 #ttckeys
Source : Magic Scar on the face 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သူ့နေရာနဲ့သူ ... ကိုယ့်နေရာနဲ့ကိုယ်


 သူ့နေရာနဲ့သူ ... ကိုယ့်နေရာနဲ့ကိုယ်

ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ်
သူ့နေရာနဲ့သူ ကိုယ့်နေရာနဲ့ကိုယ်နေပါ

သိပ်ချမ်းသာတဲ့လူတစ်ယောက်ဟာ
သိပ်ဆင်းရဲတဲ့ လူတစ်ယောက်ဘ၀ကို နားမလည်နိုင်သလို

သိပ်ပူလောင်နေတဲ့လူတစ်ယောက်ကလည်း
သိပ်အေးချမ်းလွန်းတဲ့ လူတစ်ယောက်ဘ၀ကိုနားမလည်နိုင်ဘူး

လိုချင်တာရနေတဲ့လူတစ်ယောက်ကလည်း
အရာရာကို ဆုံးရှုံးနေရတဲ့လူတစ်ယောက်ဘ၀ကိုနားမလည်နိုင်ပါဘူး

လူတွေရဲ့ မှတ်ချက်တွေအားလုံးကို ဂရုပြုမနေပါနဲ့
ကိုယ့်ဘ၀ကို ကိုယ်သာ နားလည်နိုင်ဆုံးပါပဲ ။

#သက်တန့်ချို
5.6.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, June 1, 2017

( အချစ်ကို သီသောဖဲကြိုးဝါကနေစကြပါစို့ )




( အချစ်ကို သီသောဖဲကြိုးဝါကနေစကြပါစို့ )

"အချစ် " ဆိုတာ အရိပ်မဲ့ဘာသာဗေဒ
ကိုယ်သင်ကြားခွင့်ရတဲ့ ချောက်ကမ်းပါးပေါ်က ပန်းတစ်ပွင့်အကြောင်း
ဘယ်လိုကြည့်ကြည့်
သူ့ကောင်းကင်မှာ အလင်းနဲ့ ဖြူစင်ခြင်းသာ ။

သစ္စာရှိစေ
မြတ်နိုးခြင်းရှိစေ
တွယ်တာခြင်းလည်းရှိစေ
နွေမှာ နှင်းတွေဝေသလို
မိုးမှာလည်း အလွမ်းတွေ ဝေတယ်
" အချစ် " ဆိုတာ ဖဲကြိုးဝါ
" အချစ် " ဆိုတာ သံစဉ်တစ်ပုဒ်
" အချစ် " ဆိုတာ တဖွဲဖွဲ ကျနေသော မိုးရေစက်
ညဉ့်ယံ ...ရေ .. ဘယ်လောက်ထိ "နက် " ဦးမလဲ ။

တစ်နေ့မှာ ..
ကဗျာတစ်ပုဒ်ရေးမယ်
နှုတ်မရသော သံယောဇဉ်တွေ ( ထပ်ခါ ) တိုးပါစေ
ရှုံးနိမ့်ခဲ့ရတဲ့ နှလုံးသားခံတပ်ကို အပိုင်စီးပါ
ပြီးရင် ... ဒီခရီးကို အတူသွားကြစို့ အချစ်ရဲ့
တကယ့် ကောင်းကင်ပြာမှာ လရောင်တွေ ဖြာကျနေလိုက်တာ ... ။

ဆောင်းခိုငှက်တစ်ကောင်ရဲ့ အတောင်ခတ်သံပါ
ကိုယ်ဟာ ဒီလို သက်ဝင်မြတ်နိုးမှုမျိုးနဲ့
ခုန်ဆင်းဖောက်ထွက်ကျလာမယ့် အသက်ဝိဥာဉ်ကို
မက်မက်မောမော နမ်းရှိုက်မယ်
နေပါစေ .. .နေပါစေ ...
ကံကြမ္မာဆိုတာ ဆွံ့အမှုတွေပြည့်နေတဲ့ တောအုပ်တစ်အုပ်ပါကွယ် ။

အစစ..အရာရာ မိုင်ပေါင်း များစွာ ဝေးနေတဲ့အခါ
အမှောင်တွေ တဖြည်းဖြည်းနက်လာဦးမလား
( အချစ်ရေ ... မင်းဖို့ ကိုယ့် နှလုံးသားစိုက်ခင်းမှာ အလွမ်းတွေ စိုက်ပျိုးထားခဲ့ )
၃၆၅ ရက်ကို တစ်ရက်စွန်းတဲ့အထိ
ဒီ သံယောဇဉ် ကိုပဲငြိနေခဲ့ရ
ဘ၀ဆိုတာ ... လှပ ခဲ့ရပုံ များ ။

လှတယ်
ကိုယ့် ကဗျာတွေ ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ "အချစ်" ရေ
ဒါဏ်ရာ ဆိုတာ ... ဓါးတစ်လက်ရဲ့ အထုပ္ပတ္တိပါပဲ
ကိုယ်ဟာ မနေ့ကပဲ သေဆုံးခဲ့ရ
ကိုယ်ဟာ မနေ့ကပဲ ရှင်သန်ခဲ့ရ
ခွင့်လွှတ်ခြင်းနဲ့ မြတ်နိုးခြင်းကို တိုက်ယူခဲ့ရ
( ဒီပွဲမှာ ) ဘယ်သူရှုံးပြီးဘယ်သူရှင်သွားသလဲ ကွယ်

" အချစ် စစ် " ဆိုတဲ့အကြောင်း မသိသေးသရွေ့တော့
ကြယ်တွေ ငိုနေကြဦးမှာပဲ
ကြည့်တတ်ရင် ...ရင်ဘတ်ထဲက မင်းနာမည်တွေ မြင်နိုင်မှာပါ
လက်တမ်းပုံပြင်ဆိုတာ .. ကိုယ်ထင်သလောက် လဲ မခမ်းနားခဲ့ပါဘူး
တကယ်ဆို တမ်းတမိတဲ့သူကိုသာ ရှင်ခွင့်ပေးပါ

ဘယ်လို ဥတုမျိုးမှ ကိုယ့်အတွက် ပန်းတွေ ပွင့်ကြမလဲ
ကိုယ်ဟာ သက္ကရာဇ်တွေကို မရေတွက်ချင်တဲ့ကောင်ပါ
နက်ဖြန်ခါ မဟုတ်သေးတောင်
မိုးတွေ တစ်စက် စိတ်ပါလက်ပါ ရွာနေသေးတဲ့တစ်နေ့
တို့ တွေရဲ့ မြို့တံခါး .. ပွင့်လာမှာ အသေအချာ ။

#သက်တန့်ချို
1.6.2017 #ttcpoems
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................