Monday, October 31, 2011

သတ္တုဓါတ်များအကြောင်းသိကောင်းစရာ

သတ္တုဓါတ်များအကြောင်းသိကောင်းစရာ




လူရယ်လို့ဖြစ်လာတာနဲ့တပြိုင်နက် လူ့ခန္ဓာကိုယ်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လိုအပ်တယ်ဆိုတာ ကျွန်တော် တို့ သိခဲ့ကြပြီးဖြစ်ပါတယ် ။ ဒါပေမယ့် လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်သည် အနည်းငယ်မျှသော ပမာဏသာလျှင်ဖြစ်ပါတယ် ။ ဗီတာမင်နဲ့ သတ္တုဓါတ်တစ်မျိုးတည်းကို အများကြီးစားသုံးရုံနဲ့ ပြည့်စုံခြင်းမဟုတ်ပဲ လိုအပ်တဲ့ ပမာဏအနည်းငယ်အလျှောက် သင့်တင့်မျှတစွာ စားသုံးဖို့လိုအပ်ပါတယ် ။ ကဲ ဒီတခါတော့ ကျွန်တော်တို့အားလုံး လူသိနည်းတဲ့ သတ္တုဓါတ်တွေအကြောင်း ဆက်လက်လေ့ လာကြည့်ကြ ရအောင် ။ သတ္တုဓါတ်ဆိုတာ တကယ်တော့ အာဟာရအတွက် ဗီတာမင်တွေလိုပဲ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တွေ ဖြစ် ပါတယ် ။ အမြဲတမ်းအလုပ်လုပ်နေရတဲ့ သူတွေ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေရတဲ့ သူတွေအတွက် လိုအပ်တဲ့ သတ္တုဓါတ်တွေက ဘာတွေလဲဆိုတာနဲ့ သူတို့ကို ဘယ်ကနေရရှိနိုင်သလဲဆိုတာ ကျွန်တော် တို့ လေ့လာကြည့်ရအောင် ။

Iron ( သံဓါတ်)

Haemoglobin လို့ခေါ်တဲ့ သွေးနီဥတွေ ဖြစ်ပွားစေဖို့အတွက် အိုင်းယွန်း ခေ (Zါ် သံဓါတ်ဟာ မရှိမဖြစ်လို အပ်ပါတယ် ။ ဟေမိုဂလိုဘင်တွေဟာ RBC ( သွေးနီဥဆဲလ်)ထဲက ရောင်ခြယ်ဖြစ်ပြီး ခန္ဓာကိုယ် တလျှောက် အောက် ဆီဂျင်တွေကို သယ်ယူပို့ဆောင်ပေးပါတယ် ။ အောက်ဆီဂျင်လိုအပ်တဲ့ ခန္ဓာကိုယ် လုပ်ဆောင် မှုတွေ (အထူးသဖြင့်ကြွက်သားလုပ်ဆောင်မှု) ဟာ ဟေမိုဂလို ဘင်ပမာဏနည်းနေတတ်ပါတယ် ။ အဲဒီအခါ သင်ဟာ သွေးအားနည်းရောဂါ ခံစားရမှာဖြစ်ပြီး အသက်ရှုမ၀တာတွေ ၊ မောပန်းနွမ်းနယ်တာတွေ ၊ ရင်တုန် တာတွေနဲ့ ခေါင်းမူးတာကို ခံစားရနိုင်ပါတယ် ။ သင့်မှာ သွေးအားနည်းရောဂါရှိတယ်လို့ သံသယရှိရင် စစ်ဆေးဖို့လိုအပ်ပြီး ကုသမှုပေးဖို့လိုပါတယ် ။

နေ့စဉ်လိုအပ်တဲ့ သံဓါတ်ပမာဏဟာ 14mg ဖြစ်ပြီး ဒါဟာ 100 g အသားနဲ့ 50 g အစိမ်းရောင်သို့မဟုတ် အညိုရောင် ပဲနီကလေး တို့နဲ့ ညီမျှပါတယ် ။ သံဓါတ်ကိုရရှိနိုင်တဲ့တခြားအရာတွေကတော့ အသည်း ၊ တရုတ်ဆီးသီး ၊ အစိမ်းရောင်အသီးအရွက်များ ၊ ဂျုံ စတာတို့ကနေ ရရှိနိုင်ပါတယ် ။

Calcium ( ကယ်လ်စီယမ်)



သင့်ရဲ့အရိုးတွေသန်မာနေစေဖို့အတွက် ကယ်လ်စီယမ်ကို လိုအပ်ပါတယ် ။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ကယ်လ်စီ ယမ် level တွေနည်းနေပြီဆိုရင်တော့ သိရှိဖို့ရာခက်ခဲလွန်းလှပါတယ် ။ လေ့ကျင့်ခန်း လုပ်တာနည်း တဲ့သူ တွေထက် အားကစားသမားတွေက ပိုပြီး စိတ်ဖိစီးမှု ဆိုးကျိုးတွေကို ခံရလေ့ရှိပါတယ် ။ ကယ်လ်စီယမ် ဓါတ်နည်းတဲ့သူ ကယ်လ်စီယမ်ပါတဲ့အစားအစာ စားတာနည်းတဲ့သူတွေဟာ Osteoporosis လို့ခေါ်တဲ့အရိုး ပွရောဂါ ဖြစ်ဖို့များပြီးအရိုးကျိုးလွယ်ပါတယ် ။

နေ့စဉ်လိုအပ်တဲ့ ကယ်လ်စီယမ်ဓါတ်ပမာဏဟာ ၈၀၀ မီလီဂရမ်ဖြစ်ပြီးအဲဒါဟာ အ၀ါရောင်ဒိန်ခဲ လေးဆယ် ဂရမ် ၊ အဆီ နည်းဒိန်ချဉ် ၁၀၀ ဂရမ် ၊ တို့ဖူး ၆၀ ဂရမ်တို့နဲ့ ညီမျှပါတယ် ။ ဒါ့အပြင် အစိမ်းရင့်ရောင်အရွက်များ ၊ ငါး နဲ့ အရိုးတွေဟာလည်း ကယ်လ်စီယမ်ပါတဲ့အစားအစာတွေဖြစ်ပါတယ် ။

Zinc (ဇင့်ဓါတ်)

သင့်ရဲ့ခန္ဓာကိုယ်မှာ ပရိုတိန်းတွေထုတ်လုပ်ဖို့ ခုခံအားစနစ်နဲ့ အနာကျက်ခြင်းစတာတွေအတွက်ဇင့်ဓါတ်ဟာ အလွန်ပဲ အရေးပါပါတယ် ။ စွမ်းအင် ဇီဝဖြစ်ပျက်ခြင်းနဲ့ သက်ဆိုင်တဲ့ အင်ဇိုင်းတွေမှာ ဇင့်ကိုတွေ့ရှိနိုင်ပါတယ် ။ သင်ဟာ ခဏခဏ ပိုးဝင်ခြင်းခံစားနေရတယ် ဒါမှမဟုတ် အနာတစ်ခုဟာ ကျက်ဖို့အချိန်ကြာနေပြီဆိုရင် တော့ သင့်မှာ ဇင့်ဓါတ်တွေနည်းနေတာလို့ ကောက်ချက်ချနိုင်ပါတယ် ။

ဇင့်ရဲ့နေ့စဉ်လိုအပ်တဲ့ပမာဏကတော့ ၇ မီလီဂရမ်ဖြစ်ပြီးတော့ အဲဒါဟာ အမဲသား ၁၀၀ ဂရမ် သီဟိုသရက်စေ့ ၂၀ ဂရမ်တို့နဲ့ ညီမျှပါတယ် ။

Chromium ( ခရိုမီယမ်)

ခရိုမီယမ်ဟာ အင်ဆူလင်နဲ့အတူ သွေးတင်းအချိုဓါတ်ကို ပုံမှန်အတိုင်းလည်ပတ်အောင် လုပ်ဆောင်ပေးပါတယ် ။ လေ့လာ မှုတွေအရ ကြွက်သား တွေ ကြီးထွားသန်စွမ်းဖို့ ထောက်ပံ့ပေးပြီး အဆီကို လည်းကျစေ တယ် လို့ ထောက် ခံပေးထားပါတယ် ။ ခရိုမီယမ်နည်းနေတဲ့အခြေအနေကတော့ သိသာထင်ရှားခြင်းမရှိပါဘူး ။ ဒါပေမယ့် ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေ ( ကယ်လိုရီကန့်သတ်ထားသူများ) မှာ ခရိုမီယမ်နည်း တာပို ဖြစ်လေ့ ရှိပါတယ် ။

သီးသန့်သတ်မှတ်ထားတဲ့ Recommeded daily allowance တန်ဖိုးမရှိပါဘူး ။ ဒါပေမယ့်ခရိုမီယမ်ကို တော့ အမဲသား ၊ အသည်း ၊ ဥအမျိုးမျိုး ၊ ကြက်သား ၊ ပန်းသီးနဲ့ yeast စတာတွေကနေတဆင့်ရရှိနိုင်ပါတယ် ။

Magnesium (မက်ဂနီဆီယမ်)

အစားစာတွေထဲကနေ energy လို့ခေါ်တဲ့စွမ်းအင်ထုတ်လုပ်ဖို့အတွက် မက်ဂနီဆီယမ်ကို လိုအပ်ပါတယ် ။ မက်ဂနီဆီယမ်ဟာ နှလုံးကြွက်သားတွေ ကျုံ့ဖို့ ၊ အာရုံကြောတွေနဲ့ကြွက်သားတွေ သန်မာဖို့အတွက် အလွန်ကို အသုံးဝင် ပါတယ် ။ မက်ဂနီဆီယမ် မြင့်မားမှုဟာ အဆုတ်ကြပ်ခြင်းကို ကူညီပေးနိုင်ပြီး ဂနာမငြိမ်ဖြစ်ခြင်း ၊ ကြွက်တက်ခြင်းများ စတာတွေကိုလည်းလျော့ကျစေနိုင်ပါတယ် ။

နေ့စဉ်လိုအပ်တဲ့ မက်ဂနီဆီယမ်ပမာဏကတော့ ၃၀၀ မီလီဂရမ်ဖြစ်ပြီး အဲဒါကို ဘရာဇီးအစေ့ ၅၀ ဂရမ် ကိုကာ အမှုန့် ၂၀ ဂရမ် စတာတွေကနေရရှိနိုင်ပါတယ် ။ မက်ဂနီဆီယမ်ကိုရရှိနိုင်တဲ့တခြားအရာတွေကတော့ အစိမ်းရောင်အရွက်များ ၊ အစေ့အဆံများ ဂျုံ ၊ အသား ၊ ငါး ၊ ဥစားကြက် စသည်တို့ပဲဖြစ်ပါတယ် ။


ဒါကြောင့် သတ္တုဓါတ်တစ်မျိုးစီဟာလည်း ခန္ဓာကိုယ်အတွက်အလွန်အသုံးဝင်တဲ့အရာတွေဖြစ်ပြီး သတိမထား မိတဲ့ နေ့ စဉ် အစားအသောက်တွေကနေတဆင့်ရရှိနေပါတယ် ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အလေ့ အ ကျင့်ကောင်းများ ၊ အစားအသောက်များကို သင့်တင့်မျှတစွာ သုံးစွဲခြင်းအားဖြင့် ကျန်းမာပြည့် စုံတဲ့လူနေ မှုဘ၀ကို ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ပါတယ် ။

သက်တန့်ချို

Ref : Nutrition Focus on Mighty Minerals

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, October 28, 2011

နှလုံးသွေးကြောကျဉ်းခြင်းအကြောင်း (ဆရာမရွှေစင်ဦးသို့ )

နှလုံးသွေးကြောကျဉ်းခြင်းအကြောင်း (ဆရာမရွှေစင်ဦးသို့ )



ဆရာမရဲ့ဖေဖေ နှလုံးသွေးကြောကျဉ်းရောဂါဆိုးဝါးနေလို့ Stent ထည့်ဖို့ အဆင်မပြေဘူးလို့ကြားသိရပါတယ် ။ သွေးကြော အားလုံးပိတ်နေပြီးသွေးကြောတစ်ခုတည်းသာအနည်းငယ်ပွင့်နေတဲ့အတွက် ရန်ကုန်ကို By Pass လုပ်ဖို့ (Invasive surgery) လွှဲတယ်လို့သိရပါတယ် ။ အရင်ဆုံးနှလုံးသွေးကြောကျဉ်းရောဂါအကြောင်းနဲ့ ကုသမှု အကြောင်းတွေ ကို ဗဟုသုတ အလို့ငှာ တင်ပြပေးပါ့မယ် ။

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာဘာလဲ ?

နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေဖြစ်ပြီဆိုရင် လာတတ်တဲ့လက္ခဏာတွေဆိုပြီးရှိပါတယ် ။ အကြမ်းဖျဉ်းတွေး ကြည့်မယ်ဆိုရင် တောင် သွေးကြောဟာ ရေပိုက်လုံးတစ်ခုလို မြင်ယောင်ကြည့်မယ်ဆိုရင် အဲဒီရေပိုက်လုံး နံရံတွေ ထူလာလေလေ သွေးစီးဆင်းတဲ့အပေါက်က ကျဉ်းလာလေလေမဟုတ်ပါလား ။ ဒီလိုမျိုးသွေးကြောတွေ ကို အဆီဖတ်အဆီခဲတွေ ဖုံးပြီးသွေးကြောကျဉ်းခြင်းကိုတော့ ဆေးပညာအရ Atherosclerosis လို့ခေါ်ပါတယ် ။ သွေးကြောအဆီဖုံးခြင်းဟာ နှလုံးသွေးလွှတ်ကြောရောဂါ (Coronary heart disease ) တွေဖြစ်တဲ့ Angina (ရင်ဘတ်အောင့်ခြင်း) ၊ Myocardial Infarction (နှလုံးပုပ်ခြင်း ) ၊ Sudden death ( ရုတ်တရက်သေဆုံးခြင်း ) စတဲ့ အရာတွေကို ဖြစ်ပွားစေနိုင်ပါတယ် ။ နှလုံးသွေးကြော ကျဉ်းပြီး နှလုံး ထဲကို အောက်ဆီဂျင် သိပ်မရောက်တော့ တဲ့ရောဂါကို Ischaemic heart disease (IHD) နှလုံးသွေးကြော ကျဉ်းရောဂါလို့ ခေါ်ကြ ပါတယ် ။ နှလုံးသွေးကြောကျဉ်းခြင်းဟာ တဖြည်းဖြည်းဆိုးလာပြီးကျဉ်း လာတဲ့အခါ နှလုံး ရဲ့အချို့သော ဧရိယာတွေ မှာ အောက်ဆီဂျင်ပြတ်လပ်သော လက္ခဏာများဖြစ်ပေါ်လာပါတယ် ။ ယေဘူယျကြည့်မယ်ဆိုရင် ဧရိယာတစ်ခု ဟာ သွေးကနေတဆင့် အောက်ဆီ၈ျင် ရောက်လာမှုနည်းသွားရင် အောက်ဆီဂျင်ပြတ်လပ်ခြင်း Ischaemia ကို စတင်ခံစားရပါတယ် ။ အဲဒီထက်တဆင့်ဆိုးပြီး အောက်ဆီဂျင်လုံးဝမရတော့ဘူးဆိုရင်တော့ ပုပ်သွားခြင်း (Infarction) ကို ခံစားရပါတယ် ။ ဒါကြောင့် IHD ဟာ နှလုံးပုပ်ခြင်း ( Myocardial Infarction) ရဲ့ ရှေ့ပြေး လို့ဆိုလည်းမမှားနိုင်ပါဘူး ။

ဘယ်လိုလက္ခဏာတွေနဲ့ လာနိုင်သလဲ ?

နှလုံးသွေးကြောကျဉ်းရှိပြီဆိုရင် လူက အမောမခံနိုင်တော့ဘူး (အောက်ဆီဂျင် ရရှိမှုနည်းလာ တဲ့အတွက် ဖြစ်ပါတယ် ။ ရင်တွေတုန်လာမယ် တလှပ်လှပ်ခံစားရမယ် နောက်ဆုံးရင်ဘတ်အောင့်ခြင်း (Chest Pain ) ကိုခံစားရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် chest pain ရှိတိုင်း နှလုံးမှာဖြစ်တယ် သွေးကြောကျဉ်းတာပါလို့ အတိအ ကျပြောလို့မရပါဘူး ။ Chest Pain ဟာ စိုးရိမ်ပူပန်သောကများခြင်း (Anxiety) ဒါမှမဟုတ် အဆုတ် ၊ ကြွက်သားနဲ့အ ရိုးဆိုင်ရာ သို့မဟုတ် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ရောဂါတစ်ခုခုရှိခြင်း စတာတွေကြောင့် လည်းဖြစ်နိုင်ပါတယ် ။ နှလုံးသွေးကြောကျဉ်းပြီးအောက်ဆီဂျင်သိပ်မရောက်လို့ဖြစ်တဲ့ Chest Pain ရဲ့ပုံစံတွေကတော့

- Chest Pain ဟာ ရင်ဘတ်ရဲ့ အလယ်ခေါင်တည့်တည့်မှာဖြစ်ပါတယ် ။

- Ischaemic Chest Pain ဟာ အထူးသဖြင့် ပြင်းထန်လာတဲ့အခါမှာ လည်ပင်းနောက် မေးရိုး နဲ့ လက် အပေါ်နဲ့လက်အောက်ပိုင်းတွေကိုတောင်ပျံနှံ့ရောက်ရှိနိုင်ပါတယ် ။ အကယ်၍ ရင်ဘတ်အောင့်တာဟာ ဘယ် ဖက် အရှေ့ ပိုင်းမှာလည်းဖြစ်တယ် ဘယ်ဖက်တစ်ခြမ်းကိုပဲ ပျံ့နှံ့သွားတယ်ဆိုရင်တော့ ဒါဟာ အခြားအ ချက်ပေါင်း များစွာဖြစ်တဲ့ ကြွက်သားနဲ့အရိုးဆိုင်ရာ ပြဿနာများ (သို့မဟုတ်) anxiety စသည်တို့ ကြောင့် လည်းဖြစ်နိုင်ပါတယ် ။

- နှလုံးအောင့်မယ်ဆိုရင် မစူးရှပဲ ထူပိန်းပိန်း (dull ) ဖြစ်နေပါတယ် ။ ဆွဲဆုပ်ထား သလိုအောင့် ပြီးလေးလံတဲ့အရာကြီးနဲ့ ဖိထားသလို ခံစားရပါတယ် ။ ဓါးနဲ့ထိုးသလို စူးရှပြီးအောင့်တာမျိုးမဟုတ်ပါဘူး ။

- Anginal pain ဟာ လှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဖြစ်ပေါ်လေ့ရှိပြီး နားလိုက်တဲ့အခါငါးမိနစ်လောက်အတွင်း ပြန်သက် သာ သွားလေ့ရှိပါတယ် ။ စိတ်ခံစားမှုအခြေအနေနဲ့လည်း ဆိုင်ပြီး စိတ်လှုပ်ရှားစရာ ဒေါသထွက်စရာ ကြုံရတဲ့အ ခါ ပိုပြီးပြီးအောင့်တတ်ပါတယ် ။ ဒါ့အပြင်အစာအများကြီးစားထားတဲ့အခါ လေအေးတွေ အတိုက်ခံရ တဲ့အခါ မှာ လည်းပိုပြီးအောင့်နိုင်ပါသေးတယ် ။ ဒါက အကြမ်းဖျဉ်းနား လည်လွယ်အောင် တင်ပြထား တာဖြစ်ပါ တယ် ။ Ischaemic pain ကို ခွဲခြားတဲ့အခြားအချက်တွေလည်းရှိပါသေးတယ် ။ ။

ဘယ်လိုလူတွေမှာဖြစ်တတ်သလဲ ?

(Risk Factors များ)

- ဆေးလိပ်သောက်သူများ
- ဆီးချိုသွေးချိုရောဂါရှိသူများ
- သွေးတွင်းအဆီဓါတ်များသူများ ( Hypercholesterolaemia)
- သွေးတိုးရောဂါရှိသူများ
- မျိုးရိုးထဲတွင်နှလုံးနှင့်ပတ်သတ်သောရောဂါရှိသူများ
- စိတ်ဖိစီးမှုများသူများ (stress)
စသည်တို့ဖြစ်ပါတယ် ။

ဘယ်လိုသိရှိနိုင်သလဲ ?

ပုံမှန်အားဖြင့်တော့ ရောဂါရာဇ၀င်မေးမြန်းခြင်း (history taking ) စမ်းသပ်ခြင်း ( Physical examination) ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ခြင်း ( Investigation ) စသည်တို့ဖြင့်သိရှိနိုင်ပါတယ် ။ ဒီနေရာမှာ IHD အတွက် အကောင်း ဆုံးဈေးအသက်သာဆုံးနဲ့ ယေဘူယျအကျဆုံးစစ်ဆေးခြင်းဟာ ECG ဆွဲခြင်းဖြစ်ပါတယ် ။ ECG မှာ IHD ရဲ့ pattern တွေပေါ်နေပြီဆိုရင် ဒါဟာ IHD ဖြစ်ကြောင်း သတ်မှတ်နိုင်ပါတယ် ။ အကယ်၍ ဘယ်နေ ရာမှာ သွေးကြောပိတ်တယ် ဘယ်လောက် ရာခိုင်နှုန်းပိတ်တယ် ဘယ်နေရာတွေမှာ ကျဉ်းနေသလဲ စတဲ့ အသေး စိတ်ကို သိဖို့အတွက်ဆိုရင်တော့ Coronary Angiogram ရိုက်နိုင်ပါတယ် ။ ဒါဆိုရင်တော့အဖြေကို တိတိကျ ကျသိနိုင်ပါပြီ ။

ဘယ်လို ကုသမလဲ ?

အဓိကပြောချင်တာကတော့ ဒီအပိုင်းကိုပါ ။ အရင်ဆုံးစစဖြစ်ခြင်း နှလုံးမပုပ်ခင် Myocardial infarction မရခင် နှလုံးတိုက်ခိုက်ခြင်း heart attack မရခင်တော့ေ သာက်ဆေးတွေနဲ့ အရင်ကုသပြီး အထက်မှာပြောခဲ့တဲ့ risk factors တွေကို လျော့ချရပါတယ် ။ သောက်ဆေးတွေထဲမှာရေပန်းအစားဆုံးကတော့ trimetazidine လို့ခေါ်တဲ့ဆေးပါ ။ 20mg ဆေးဆိုရင်တော့တစ်နေ့ ၃ ကြိမ်သောက်ရပြီး အခုနောက်ပိုင်း ၀င်လာတဲ့ Modified release ဆေးတွေကတော့ 35mg ပါတဲ့အတွက် တစ်နေ့ နှစ်ကြိမ်သောက်ရပါတယ် ။ ဒါ့အပြင် နိုတ်ထ ရိတ် တွေကို လျှာအောက်မှာ ငုံပေးခြင်းအားဖြင့် မိနစ်ပိုင်းအတွင်းမှာ သက်သာစေပါတယ် ။ အဲဒါကိုတော့ Sub-lingual nitrol လို့လည်းခေါ်ကြပါတယ် ။ Isosorbide Dinitrate နဲ့ Isosrobide Mononitrate တို့ဟာ နိုထ ရိတ် မျိုးနွယ်ဝင်တွေဖြစ်ကြပါတယ် ။ ဒီဆေးတွေကလည်း ရင်ဘတ်အောင့်တာကို ကာကွယ်ဖို့ အတွက်ပေး တဲ့ဆေးတွေဖြစ်ပါတယ် ။ ဒါ့အပြင် Aspirin တို့လို Clopidogrel တို့လို သွေးကျဲဆေး အကိုက်အ ခဲပျောက်ဆေးတွေ ကိုလည်းတွဲပေးလေ့ရှိပါတယ် ။ Beta blockers ဖြစ်တဲ့ Propanolol ဟာလည်း နှလုံး က အောက်ဆီဂျင်သုံးစွဲမှုကို လျော့ချပေးခြင်းအားဖြင့် pain ကိုသက်သာစေပါတယ် ။ နှလုံးခုန်နှုန်း ကိုလည်းလျော့ကျစေပါတယ် ။ Amlodipine တို့လို Calcium Channel Blockers တွေ ကလည်း သွေးကြောတွေ ကို ကျယ်စေပြီး နှလုံးကြွက်သားတွေရဲ့ excitability နဲ့ Conductivity ကို လျော့စေပြီး သွေးပေါင်ချိန်ကိုလည်းကျစေပါတယ် ။ သွေးတွင်းအဆီများ တဲ့လူနာတွေ ကတော့ သွေး တွင်းအဆီ ကျဆေးတွေပေးခြင်းဖြင့် cholesterol level ကိုထိမ်းရပါတယ် ။

အကယ်၍ Angiogram မှာ သွေးကြောတွေကို သိသာထင်ရှားတဲ့ရောဂါတွေ ပြသနေပြီဆိုရင်တော့ လက္ခဏာတွေ ကလည်း သောက်ဆေးတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ခွဲစိတ်ကုသခြင်းကို စဉ်းစား ရပါတော့မယ် ။



၁ ။ Coronary Angioplasty - ပိတ်နေတဲ့ သွေးကြောတွေ ကို သွေးကြောအတွင်း လေသွင်း တဲ့ ဘောလုံးလေး ထိပ်မှာပါတဲ့ ရှည်မျောမျော ပလပ်စတစ် tube Catheter ထည့်ပေးပြီး ကျယ်စေခြင်းဖြစ်ပါတယ် ။ အဲဒါကို Stent ထည့်တယ်လို့လည်းခေါ်ပါတယ် ။



၂ ။ Coronary Artery Bypass Grafting ( CABG ) - လူနာရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ဖြတ်တောက်ပြီး ပိတ်ဆို့မှုကို သက်သာအောင် သွေးကြောတွေကို ကိုင်းဆက်ကူးခြင်း (grafting ) လုပ်ခြင်းဖြစ် ပါတယ် ။ Bypass လုပ်ဖို့အတွက် ဘယ်လိုအခြေအနေမျိုးတွေမှာလုပ်ရမလဲဆိုတဲ့ Indications တွေကတော့ အခုနောက်ပိုင်း မှာ limited ဖြစ်လို့လာပါပြီ ။ Bypass surgery သည် ရောဂါလက္ခဏာတွေကို သက်သာစေ ခြင်းနဲ့ quality of life ကိုသာလျှင် တိုးတက်ကောင်းမွန်စေပါတယ် ။ သူဟာ Life expectancy လို့ခေါ်တဲ့ အသက်ရှင်မှု အာမခံချက် ဘယ်လောက်ပေးနိုင်သလဲဆိုတာတော့မရှိပါဘူး ။ သေချာကုသလိုက်ပြီဆိုရင်တော့ လူနာအများ စုဟာ ပုံမှန်ကျန်းမာတဲ့ ဘ၀ကို ပြန်လည်ပိုင်ဆိုင်ရမှာဖြစ်ပါတယ် ။ ကုသမှုတွေထဲမှာ ပုံမှန်လေ့ကျင့် ခန်းလုပ်ခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း ၊ အစားအသောက်ထိမ်းချုပ်ခြင်း နဲ့ လူနေမှု ဘ၀ ပုံစံပြောင်းလဲခြင်း စတာတွေ ပါဝင်ပါတယ် ။

ဘယ်လိုကာကွယ်ရမလဲ ?

Risk factors တွေဖြစ်တဲ့ အဆီများသောအစာများ ၊ ဆေးလိပ်သောက်ခြင်း ၊ လှုပ်ရှားမှု မရှိသော လူနေမှုဘ၀ပုံစံ ၊ စိတ်ဖိ စီးမှုများ စတာတွေကို ဖယ်ရှားရပါမယ် ။ သူတို့တွေဟာ ကာကွယ်ဖို့အလွန် အရေးကြီးတဲ့အချက်တွေ ဖြစ်ပါ တယ် ။ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ဖို့ကလည်းအလွန်အရေးကြီးပါတယ် ။ ဆီးချိုသွေးချိုနဲ့ သွေး တိုးကို လည်း ထိမ်း ချုပ်ကုသထားရမှာဖြစ်ပါတယ် ။

ဆရာမရေ ဆရာမစာထဲမှာ မင်္ဂလာဒုံ စစ်ဆေးရုံ .. ပန်းလှိုင် ဆေးရုံကြီး... စင်ကာပူ ဆေးရုံ ... ထိုင်း ဆေးရုံ တနေရာရာ မှာ ကုသ ပေးချင်ပါတယ်... လို့ပါပါတယ် ။ မိသားစုတွေတိုင်ပင်ပြီး ဘယ်နေရာမှာ ကုဖြစ်လဲဆို တာကို လည်း ပို့စ်တင်ပေးပါဦး ။ နောက်ပြီး ဘယ်နေရာမှာ အကောင်းဆုံးလဲဆိုတာကတော့ စရိတ်စက ၊ မိမိအခြေ အနေ ၊ လူနာအခြေအနေ ၊ အသိုင်းအ၀န်း ၊ ထောက်ပံ့မှု ၊ စတာတွေကို ထည့်တွက်စဉ်း စားစေချင် ပါတယ်ခင်ဗျ ။ အကယ်၍ ရန်ကုန်လာဖြစ်ရင်တော့ ကျွန်တော်ရှိပါမယ် ။ စင်ကာပူမှာလည်းကောင်း ပါတယ် ထိုင်းမှာလည်းကောင်းပါတယ် ရ့န်ကုန်မှာလည်းကောင်း ပါတယ် သေချာ ၀ိုင်းစဉ်းစားပြီးအကောင်း ဆုံးကို လုပ်ကြ တာပေါ့ခင်ဗျ ။ စင်ကာမှာဆိုလည်း ဆရာမ မိတ်ဆွေတွေနဲ့ ကူညီမယ့်သူတွေ အများကြီးရှိ မယ်လို့မျှော်လင့်ပါတယ် ။ ဂျာနယ်တွေထဲမှာ ဒီကနေ ဟိုကိုသွားကုဖို့ service ပေးတဲ့ဆေးရုံတွေ ရှိတယ်လို့ လည်းသိရ ပါတယ် ။ ဒါမှမဟုတ် ဒီက နှလုံးအထူးကုတွေနဲ့ပဲကုချင်ပါတယ်ဆိုရင်လည်း အဆင်ပြေမှာပါခင်ဗျ ။

ဆရာမ ဖေဖေ အမြန်ဆုံး နေကောင်းကျန်းမာပါစေခင်ဗျာ ။

ဆုမွန်ကောင်းတောင်းလျှက်

သက်တန့်ချို

Reference

http://chinese-school.netfirms.com/heart-disease-ischemic.html
Davidson
Oxford Clinical Hand Book

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 27, 2011

ရင်သပ်ရှူမငြီးဖွယ် ဒူဘိုင်းနိုင်ငံမှ Anara Tower

ရင်သပ်ရှူမငြီးဖွယ် ဒူဘိုင်းနိုင်ငံမှ Anara Tower





ဒူဘိုင်းနိုင်ငံက ဒီလို အံ့မခန်းဖွယ် Anara Tower ကို skycrapper လို့လည်းခေါ်ပါတယ် ။ ကမ္ဘာ့အမြင့်ဆုံတာ ၀ါတော့မဖြစ်သေး ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ ပေ ၂၁၅၀ ရှည်တဲ့ Burji Dubai ထက်စာရင် ပေ ငါး ရာလောက် နိမ့်တဲ့အတွက်ဖြစ်ပါတဲ ။ ဒါပေမယ့်လည်းသူ့ စတိုင်နဲ့သူတော့ ထင်ရှားနေတုန်းပါပဲ ။ တည်ဆောက် ထားပုံဟာ ခိုင်ခန့် လူကြိုက်များသောအသွင်ကိုဆောင်ပြီး အလယ်ခေါင်တည့်တည့်မှာ ဖန်သား ဆီလင်တွေ နဲ့ ဒီဇိုင်းဆင်ထားပါတယ် ။ အဲဒီမှာ ကမ္ဘာ့အထင်ရှားဆုံးစားသောက်ဆိုင်တွေလည်းပါဝင်ပါတယ် ။ တာဝါထဲမှာ ဆိုရင် အရမ်းဈေးကြီးတဲ့ အခန်းပေါင်း ၃၀၀ ခန့်ရှိပြီး ၂၇ ထပ်ဆိုင်းစီမှာ အခန်း ၂၅၀ ပါတဲ့ luxury hotel နဲ့ပန်းခြံတွေပါဝင်ပါတယ် ။






သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အံ့သြဖွယ်ရာ လက်ခြယ်သမှုများ

အံ့သြဖွယ်ရာ လက်ခြယ်သမှုများ




အိုး..အံ့သြစရာအ နုပညာ တစ်ရပ်ပါပဲ ။ ပုံသဏ္ဍာန်တွေအမျိုးမျိုးပြောင်းသွားလိုက်တာ အရုပ်တွေ အမျိုး မျိုးပြောင်း သွားလိုက်တာ ဒါကြောင့်လည်း အနုပညာဆိုတာ ဘယ်တော့မှ မရိုးအီသွားနိုင်တဲ့ ဘယ်တော့မှ မသေဆုံးနိုင်တဲ့ အရာလို့ ခံယူထားရှိခဲ့ကြတာကိုး ။ ကျွန်တော်ကတော့ရှာတွေ့သမျှ ဝေမျှပေးလိုက်ပါပြီ ။ ဆက်လက် ခံစားကြည့်ကြပါဦး ။






















































































သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................