Saturday, April 30, 2011

သွေးကင်ဆာအကြောင်း သိကောင်းစရာများ

သွေးကင်ဆာအကြောင်း သိကောင်းစရာများ



Leukaemias ( လူကီးမီးယား) ကို သွေးကင်ဆာအဖြစ် လူသိများကြပါတယ် ။ လူကီးမီးယားဆိုတာ ရိုးတွင်းချဉ် ဆီတွေ ကို ထုတ်လုပ်တဲ့ Haematopoietic stem cell ဌာနမှာ ဖြစ်ပွားတဲ့ ကင်ဆာရောဂါ တစ်မျိုး (Malignant disorder ) ဖြစ်ပါတယ် ။ လူကီးမီးယား ဖြစ်ပြီဆိုရင် Bone Marrow လို့ခေါ်တဲ့ ရိုးတွင်းချဉ်ဆီထဲမှာ (သို့မဟုတ်) Peripheral Blood ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက်တွေမြင့်တက်လာပါတယ် ။ လူကီးမီးယား ဖြစ်ပွားတဲ့ဖြစ် စဉ်ဟာ သူ့ရဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ် (သို့) နှစ်ပေါင်း များစွာ ထိအောင်ကြာမြင့်နိုင်ပါတယ် ။ သွေးကင်ဆာပုံစံအမျိုးမျိုးရဲ့ ဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် လူတစ်သိန်းမှာ ၁၀ ယောက်လောက်ဖြစ်ပွားလေ့ရှိပြီး အဲဒီထဲက တစ်ဝက်ခန့်က လူကီးမီးယားပဲဖြစ်ပါတယ် ။ မိန်းမတွေ ထက် ယောင်္ကျားတွေက ပိုအဖြစ်များနိုင်ပြီး အချိုးအနေနဲ့ကြည့်မယ်ဆိုရင် Acute leukaemia မှာ ၃း၂ ရှိပြီး နာတာရှည် Chronic Lymphocytic Leukaemia မှာ ၂း၁ ရှိပါတယ် ။ ပထ၀ီမြေပြင်အနေအထားအရတော့ တရုတ် ၊ တရုတ်နှင့် ဆက်နွယ်သော မျိုးနွယ်များမှာ Chronic lymphocytic leukaemia အဖြစ်များပါတယ် ။ Acute Leukaemia ကိုတော့ အသက် အသက်အရွယ်မျိုးစုံမှာ တွေ့ရလေ့ရှိပါတယ် ။ Acute Lymphocytic Leukaemia ဟာ အသက် တစ်နှစ်ကနေ ငါးနှစ်အတွင်းမှာ အများဆုံးဖြစ်ပါတယ် ။ Acute Myeloid Leukaemia ပုံစံ မျိုးစုံ ကတော့ ငယ်ရွယ်ချိန်အဖြစ်နည်းပြီး အလယ်အလတ်ပိုင်းနဲ့ အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ် ။

သွေးကင်ဆာ ဘာကြောင့်ဖြစ်သလဲ ?



လူနာအများစုမှာ သွေးကင်ဆာကိုဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို မသိရှိရပါဘူး ။ ဒါပေမယ့်လည်း လူကီးမီး ယားဖြစ်စဉ်နဲ့ ပါဝင်ပတ်သတ်ဆက်နွယ်မှုရှိနေပါတယ် ။

၁ ။ ဓါတ်ရောင်ခြင်သင့်ခြင်း (Ionising radiation)

ဂျပန်နိုင်ငံရှိ မြို့တော်တွေမှာ Atomic bombing ( အနုမြူရောင်ခြည်သင့် ) ကြောင့် Myeloid Leukaemia တွေ လွန်စွာမြင့်မား လာခဲ့ပါတယ် ။ ခါးရိုးဆစ်နာခြင်း ( Ankylosing spondylitis ) အား ဓါတ်ရောင်ခြည်ပေးပြီးသော အခါ နဲ့ ကိုယ်ဝန်ဆောင်စဉ် ကလေးငယ်အား ဓါတ်မှန်ရိုက်ခြင်း ( Diagnostic X-Rays ) တို့ကြောင့် လူကီးမီး ယား ဖြစ်ပွားမှု မြင့်တက်လာပါတယ် ။

၂ ။ အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများ ( Cytotoxic drugs)

နှစ်ပေါင်းများစွာ cytotoxic drugs တွေသုံးစွဲခြင်း အားဖြင့် Myeloid Leukaemia ကိုဖြစ်စေပါတယ် ။ စက်ရုံတွေ မှာ benzene ကိုထိတွေ့ခြင်းကြောင့်လည်း ဖြစ်စေပါတယ် ။

၃ ။ ဗိုင်းရပ်စ်များ ( Retroviruses)

ကြောင်တွေမှာဖြစ်စေတဲ့ လူကီးမီးယားအားဖြစ်ပွားစေသော ဗိုင်းရပ်စ်နှင့်ဆင်တူသည့် retroviruses ဟာ ရှားပါးသော T-cell leukaemia/ Lymphoma နဲ့ ဆက်နွယ်မှုရှိနေပါတယ် ။

၎ ။ မျိုးရိုးဗီဇ ( Genetic)

သွေးကင်ဆာရှိတဲ့ အမွှာ တွေကနေ သွေးကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားလေ့ရှိတယ် ။ Down's Syndrome နဲ့အ ခြားသော မျိုးဗီဇ ရောဂါတွေမှာလည်း ဖြစ်ပွားမှုနှုန်းမြင့်မားလေ့ရှိပါတယ် ။

၅ ။ ခုခံအားစနစ် (Immunological )

လတ်တလော သွေးကင်ဆာ (Acute Leukaemia ) ဟာ primitive stem cells တွေကိုပွားများစေပြီး blasts တွေ ကို စုပုံစေပါတယ် ။ အထူးသဖြင့် ရိုးတွင်းချဉ်ဆီထဲမှာ blasts တွေ စုပုံလာတဲ့အတွက် ရိုးတွင်းချဉ်ဆီ ပျက်ဆီးခြင်း ( bone marrow failure ) ကိုဖြစ်စေပါတယ် ။ လူကီးမီးယားကို အဓိကအားဖြင့် အုပ်စုလေး စုခွဲခြားနိုင် ပါတယ် ။ အဲဒါတွေကတော့

-Acute Lymphoblastic Leukaemia ( ALL )
-Acute Myeloid Leukaemia ( AML )
-Chronic Lymphocytic Leukaemia ( CLL )
-Chronic Myeloid Leukaemia (CML ) စသည်တို့ ဖြစ်ပါတယ် ။ လူကီးမီးယားလို့ သံသယရှိပြီ ဆိုရင် သွေးဖြူဥ အရည်အတွက် မြင့်မားလာပြီး သွေးဆဲလ်အရည်အတွက် မူမမှန်ခြင်းကနေစတင်ပါတယ် ။

လူကီးမီးယားလို့ ဘယ်လိုသိရှိနိုင်မလဲ ?



လူကီးမီးယားကို ရောဂါအမည်သတ်မှတ်ဖို့ ( Diagnosis ) လုပ်ဖို့ဆိုရင် ရိုးတွင်းချဉ်ဆီကို စစ်ဆေးရပါမယ် ။ အဲဒီမှာ မူမ မှန်ဆဲလ်တွေရဲ့ Morphology ကိုစမ်းသပ်ခြင်း ၊ Cell surface markers ( immunophenotyping ) အား စစ်ဆေးခြင်း ၊ မူမမှန် ( Clone-specific chromosone ) နဲ့ မော်လီကျူးတွေပြောင်းလဲခြင်းတို့ ပါဝင်ပါတယ် ။ ဒါဟာ တိကျတဲ့ ရောဂါအမည်သတ်မှတ်ခြင်းကို ပေးယုံသာမကပဲ တန်ဖိုးရှိတဲ့ ရောဂါကောင်းကျိုးခန့်မှန်းချက် ( Valuable prognostic infromation) ကိုလည်းပေးစေပါတယ် ။

လူကီးမီယားရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

လူကီးမီးယား ဆဲလ် အရေအတွက် မြင့်မားလာခြင်းနဲ့ သင့်ရဲ့ ရိုးတွင်းချဉ်ဆီက ပုံမှန် သွေးဆဲလ်တွေကို မထုတ် လုပ်နိုင်ခြင်းကနေ လူကီးမီးယားရဲ့ လက္ခဏာတွေက စတင်ပါတယ် ။ Acute leukaemia တွေဖြစ်တဲ့ (AML , ALL ) မှာဆိုရင် ပုံမှန် သွေးဖြူဥဆဲလ်တွေနဲသွားပြီး Neutropenia ဆိုတဲ့အခြေအနေတစ်ခုကို ဖြစ်စေပါတယ် ။ မော ပန်းလွယ်ပြီး ဖြူဖျော့လာမယ် ။ အသက်ရှူရတာလည်း ခက်လဲပင်ပန်းလာမယ် ။ Platelets လို့ခေါ်တဲ့ သွေးခဲစေတဲ့ အရာတွေနဲသွားရင်တော့ Thrombocytopenia လို့ခေါ်တဲ့ သွေးမခဲတဲ့ အခြေအနေ တစ် ခုဖြစ်နိုင်ပြီး သွေးထွက်ခြင်း ၊ သွေးမတိတ်ခြင်း လက္ခဏာတွေ ခံစားရပါမယ် ။ သွေးခြေဥခြင်းနဲ့ သင့်ရဲ့ အရေ ပြားပေါ် မှာ ခရမ်းရောင် သို့မဟုတ် အနီစက်လေးတွေ တွေ့လာပါမယ် ။ ယေဘူယျ လက္ခဏာတွေကတော့
- အဖျားတက်ခြင်း
- ပိန်ချုံးခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- လည်ချောင်းနာခြင်း
- သွားဖုံးရောင်ခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- ခေါင်းကိုက်ခြင်း ၊ အန်ခြင်း
- အမြင်အာရုံ ချို့တဲ့ခြင်း ပြဿနာများ
- အရိုးနှင့် အဆစ်အမြစ်နာခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ပဲဖြစ်ပါတယ် ။

Chronic leukaemia ရဲ့ အစပိုင်းအဆင့်များမှာတော့ Leukaemic cells တွေဟာ ပုံမှန်အခြေအနေရှိပြီး ဘာ လက္ခဏာမှ ပြလေ့မရှိပါဘူး ။ လက္ခဏာပြပြီဆိုရင်လည်း အနည်းငယ်မျှ သာဖြစ်ပြီးနောက်ပိုင်းမှာ တဖြည်းဖြည်း နဲ့ ဆိုးလာပါတယ် ။ Chronic Leukaemia ရဲ့ ယေဘူယျလက္ခဏာတွေကတော့

- မောပန်းလွယ်ခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း
- ပိန်ချုံးခြင်း
- ညဖက်တွင်ချွေးစေးများထွက်ခြင်း
- Lymph nodes များတွင် နာကျင်မှုမရှိပဲ ရောင်ရမ်းခြင်း စသည်တို့ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အထက်ပါ လက္ခဏာတွေ ရှိတိုင်းလည်း လူကီးမီးယားမဟုတ်ပါဘူး ။ တခြားပြဿနာတွေဖြစ်တဲ့ ပိုးဝင်ခြင်းနဲ့ ဖျားနာ တုပ်ကွေး တွေလည်း ဖြစ်နိုင်ပါတယ် ။ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှသာ ရောဂါအမည် သတ်မှတ်နိုင် မှာဖြစ်ပါတယ် ။

Ref - Davidson's Principle and Practice of Medicine ( 20th Edition)
- http://www.cancer.ca/

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 28, 2011

အသုံးဝင် ရှားစောင်းလက်ပတ်

အသုံးဝင် ရှားစောင်းလက်ပတ်




Aloe vera ကို medicinal aloe အဖြစ် လူသိများပြီး အရည်ရွှမ်းသော အပင်မျိုးအစားဖြစ်ပါတယ် ။ မျိုးရိုးက Aloe ဖြစ်ပြီး မိုး နည်း မိုးခေါင်ပြီး ခြောက်သွေ့တဲ့ ဒေသတွေမှာ ရှင်သန်ကြီးထွားကြပါတယ် ။ အထူးသဖြင့် အာဖရိက ၊ အိန္ဒိယ နဲ့ တခြား ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ ရှားစောင်းလက်ပတ်ပင်ကို အများဆုံးတွေ့ရလေ့ရှိပါတယ် ။ ဒီအပင် မျိုးကို တိုင်းရင်းဆေးအဖြစ်အသုံးပြုဖို့ အများဆုံး စိုက်ပျိုးကြလေ့ရှိပြီး များစွာသော သိပ္ပံလေ့လာ စမ်းသပ် မှုတွေ နဲ့ Aloe vera ( ရှားစောင်းလက်ပတ်) ကို လေ့လာစမ်းသပ်ခဲ့ကြပါတယ် ။ Aloe vera ဟာ အနာတွေ နဲ့ အပူလောင်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပြီး အရေပြားပိုးဝင်ခြင်းအချို့ကိုလည်း ကုသလို့ရ တယ် လို့ လေ့လာတွေ့ရှိခဲ့ကြတယ် ။ အဆီအိတ် ၊ ဆီးချိုသွေးချို နှင့် လူတွေမှာ သွေးတွင်း အဆီဓါတ် များခြင်းတွေ ကိုလည်း လျော့ကျစေနိုင်ပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ရှားစောင်းလက် ပတ်ပင်မှာ ပါဝင် တဲ့ Polysaccharides , mannans , anthraquinones နဲ့ lectins စတဲ့ ဒြပ်ပေါင်းတွေကြောင့် ပဲဖြစ်ပါတယ် ။

ရှားစောင်းလက်ပတ်အကြောင်း



ရှားစောင်းလက်ပတ်လို့ခေါ်တဲ့ Aloe vera ဟာ အလွန် အပင်ပုအမျိုး အရည်ရွှမ်းတဲ့အပင်ဖြစ်ပြီး 60-100cm ( ၂၄ လက် မ မှ ၃၉ လက်မအတွင်း ) ရှည်ပါတယ် ။ သူ့ရဲ့အရွက်တွေဟာ ထူထဲပြီး အစိမ်းရောင်ကနေ မီးခိုးစိမ်းရောင် ကြားမှာ ရှိပြီး ပင်စည်နဲ့ရိုးတံ အပေါ်ပိုင်းနဲ့အောက်ပိုင်းတွေမှာ အဖြူရောင်အစက် အပြောက်တွေ ရှိပါတယ် ။ ရှားစောင်းလက်ပတ်ပင်ကို အိန္ဒိယ မှာ Korphad, Kattar vazha စသဖြင့်ခေါ်ပြီး ပါကစ်စတန်နိုင် ငံမှာတော့ Quargandal လို့ လူသိများပါတယ် ။ အင်ဒိုနီးရှားမှာ Lidah Buaya ( မိချောင်းလျှာ) လို့ ခေါ်ဝေါ်ကြ ပြီး ထိုင်းမှာတော့ မိချောင်းအမြီး (Crocodile Tail) လို့ခေါ်ဝေါ်ကြပါတယ် ။ ဗီယက်နမ်မှာတော့ "Nha Đam လို့ ခေါ်ပြီး လက်တင်အမေရိက နဲ့ ဖိလစ်ပိုင်မှာတော့"Savia", "Savila", or "Sabila" စသဖြင့်ခေါ်ဝေါ်ကြပါတယ် ။

ရှားစောင်းလက်ပတ်၏ အသုံးဝင်မှုများ

လေ့လာစမ်းသပ်မှုတွေအနေနဲ့ အလှအပရေးရာနဲ့အချို့သောရောဂါတွေမှာ ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင် မှုတွေကို ကျယ်ပြန့်စွာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ အထူးသဖြင့် အင်တာနက် ကြော်ငြာတစ်ချို့ကနေပြီး အလှအပရေး ရာနဲ့ ဆေးဝါးစက်ရုံအချို့နေပြီး ရှားစောင်းလက်ပတ်ဟာ အေးမြစေတယ် အသားအရည် ကိုချောမွေ့စေတယ် အနာကျက်စေတယ်စသဖြင့် ကြော်ငြာမှုတွေပြုလုပ်လာကြပါတယ် ။ ရှားစောင်းလက် ပတ်ကို လိုးရှင်း အနေနဲ့လည်းထုတ်လုပ်လာကြပြီး အချိုယမကာနဲ့အချိုတည်းစရာအဖြစ်လည်း အသုံးပြုလာ ကြပါတယ် ။ Aloe vera juice ကို ရင်ပူခြင်းနဲ့ အစာရေမြိုပြွန် ပြဿနာတွေမှာ သက်သာအောင် သောက် သုံးလို့ရပါတယ် ။ ဒီအတိုင်းကြီး ပါးစပ်ကနေ စားရင်တော့ အဆိပ်အတောက် ဖြစ်စေပါ တယ်တဲ့ ။ လက်တွေ့မှာတော့ အလှအပရေးရာ ကုမ္ပဏီတွေဟာ အပင်ရဲ့အစေးရည်ကိုအသုံးပြုပြီး မိတ်ကပ် ၊ တစ်ရှူး ၊ အလှဆီ ၊ ဆပ်ပြာ ၊ နေလောင်ခံ ကရင်ခ် ၊ ရှမ်ပူ ခေါင်းလျှောက်ရေတွေအဖြစ် ထုတ်လုပ်လာကြပါတယ် ။ တခြားအသုံးပြုခြင်း အနေနဲ့ Aloe vera ကို သုတ်ရည် (Semen) မှာ ဖျော်စပ်ပြီး သိုးတွေအတွက်မျိုးအောင် ဖို့အတွက် လည်း အသုံးပြုကြပါတယ် ။ ပြီးတော့ အစားအသောက်တွေ လတ်ဆတ်အောင် လယ်ကွင်းပြင်တွေ မှာ ရေတွေပျက်စီးဆုံးရှုံးမှုမရှိအောင် ထိမ်းသိမ်းစောင့်ရှောက်ခြင်း ( Water conservation) အနေနဲ့အ သုံးပြုကြ ပါတယ် ။

Aloes ရဲ့ အမျိုးအားတွေအများကြီးရှိတဲ့အနက် Bulbine frutescens ဟာ အပူလောင်ခြင်းကိုကုသနိုင်ပြီး အရေပြားကိုချော မွတ်စေတဲ့အစွမ်းရှိပါတယ် ။ ရှားစောင်းလက်ပတ်ကို အနာတွေကုသတဲ့နေရာမှာ အသုံးပြုနိုင် ပြီး သူ့အစေး ရည်က အနာကျက်ခြင်းကို စွမ်းဆောင်နိုင်ပါတယ် ။ အနာကျက်နှုန်းကိုလည်းမြန်စေပြီး အစေး၇ည် ကို လိမ်းပေးနိုင်ပါတယ် ။ ၂၀၀၇ ခုနှစ် လတ်တလော review တွေအရ ရှားစောင်းလတ်ပတ်ဟာဆေးပညာ သတ်မှတ်ချက်တွေအရ first to second degree burns ကို ကုသပေးနိုင်ပါတယ် ။ သွေးတွင်းအဆီများနေတဲ့ လူတွေမှာလည်း lipids ကို ကျစေပါတယ် ။ လတ်တလောအသည်းယောင်ခြင်း Acute hepatitis မှာလည်း အသုံးဝင်ပါသေးတယ် ။ အထူးသဖြင့် Oral aloe vera gel ဟာ အနာဖြစ်ပြီး အူရောင်ခြင်း ( Ulcerative colitis ) မှာ ရောဂါလက္ခဏာတွေနဲ့ ရောင်ခြင်းကို သက်သာစေပါတယ် ။ ကိုယ်ခံအားကို တက်စေတဲ့ Immunostimulat ကိုတက်စေပြီး ခွေးတွေနဲ့ကြောင်တွေမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်းရှိပြီး လူတွေမှာတော့စမ်း သပ်ထားခြင်း မရှိသေးပါဘူး ။

လိင်အဂါင်္တွေမှာဖြစ်တဲ့ ရေယုန်နဲ့ Psoriasis (ကြမ်းထော်သော အနီအပိမ့်များရှိသည့်အရေပြားရောဂါမျိုး ) ကိုလည်း Topical application (လိမ်းဆေး) အနေနဲ့ အသုံးပြုနိုင်ပါသေးတယ် ။ ဒါပေမယ့် ဓါတ်ရောင်ခြည် ကုထုံးတွေကြောင့် ဖြစ်တဲ့ အနာတွေ ကိုတော့ ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး ။ Doble-blind clinical trial တွေ အရ dentrfrice ပါဝင်တဲ့ ရှားစောင်းလက်ပတ်နဲ့ Fluoridated dentifrice ပါဝင်တဲ့ရှားစောင်းလက်ပတ် အမျိုးအစားတို့ဟာ သွေးတွင်း အဆီခဲ သွေးခဲများပိတ်ဆို့ခြင်း ( Plaque) နဲ့ သွားဖုံးယောင်ရမ်း အနာဖြစ်ခြင်းများ ကို လျော့နည်းစေတယ်လို့ တွေ့ရှိခဲ့ပါတယ် ။ Aloe vera extracts မှာ ဘတ်တီးရီးယားနဲ့ မှိုပိုးတွေကို တိုက်ထုတ်နိုင်တဲ့ အစွမ်းရှိပြီးဒါဟာ အရေပြားပိုးဝင်ရောဂါတွေအတွက် ကုသမှုပေးတဲ့နေရာမှာ အထောက် အကူဖြစ်စေ ပါတယ် ။ အထူးသဖြင့်အ ရေပြားမှာ အရေအိတ်တည်ခြင်း အပူလောင်ခြင်း နဲ့ပွေးရောဂါတွေ မှာလည်း သက်သာစေနိုင်ပါ တယ် ။ ဘက်တီးရီးယားအနေနဲ့ ရှားစောင်းလက်ပတ်အရွက်ရဲ့အတွင်းပိုင်းဂျယ်က Streptococcus နဲ့ Shigella မျိုးနွယ်တွေရဲ့ကြီးထားမှုကို ပိတ်ဆို့တားဆီးပေးပါတယ် ။ ဒါပေမယ့် Xanthomonas မျိုးနွယ်တွေကိုတော့ တိုက်ထုတ်ပေးနိုင်တဲ့အစွမ်းမရှိပါဘူး ။

အခြားအသုံးဝင်မှုများ

အခုအခါမှာ ရှားစောင်းလက်ပတ်ကို မျက်နှာသုတ်တစ်ရှူး အနေနဲ့ကျယ်ကျယ်ပြန့်ပြန့်ထုတ်လုပ်အဥု့းပြုလာပြီး အဲဒီကနေတ ဆင့် တုပ်ကွေးနဲ့အအေးမိခြင်းတွေကို လျော့နည်းစေတဲ့ Moisturiser အနေနဲ့ အသုံးပြုလာကြ ပါတယ် ။ ရှားစောင်းလက်ပတ် အစေ့ Aloe vera seeds ကနေပြီး biofuels အဖြစ်အသုံးပြုဖို့ လည်း လေ့လာနေ ကြပါတယ် ။ ၂၀၀၃ ခုနှစ်အစပိုင်းမှာ United States မှာ ၀မ်းပျော့ဆေးအနေနဲ့ Aloe ကိုအသုံးပြု ကြပြီး နောက်ပိုင်း မှာတော့ Aloin ဟာ class III ingredient ပါဝင်တယ်ဆိုပြီးတော့ အဲဒလိုအသုံးပြုခြင်းကို တားဆီးခဲ့ ပါတယ် ။ မှတ်သားစရာကတော့ ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ aloin ဟာ ၀မ်းပျော့စေ ပြီး နောက် ပိုင်း ထုတ်လုပ်သူတွေက FDA စည်းမျဉ်းနဲ့ညိမှာစိုးတဲ့အတွက် aloin ကို ဖယ်ထုတ်ခဲ့ကြပါတယ် ။

ရှားစောင်းလက်ပတ်ပင်ဟာ လူသိနည်းပြီး သူ့ရဲ့ကောင်းကျိုးအများစုကို အခုလောက်ဆို မှတ်သားသိရှိကြ လိမ့်မယ် လို့ ယူဆမိပါကြောင်း ။

Ref : wikipedia

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, April 26, 2011

ဦးဇင်း ကေလာသနှင့် ဒဿန အချို့

ဦးဇင်း ကေလာသနှင့် ဒဿန အချို့




၂၀၁၁ ခုနှစ်ရဲ့ အခါကြီးရက်ကြီး သင်္ကြန်အတွင်းမှာတော့ ကိုသက်တန့်ချို တစ်ယောက် ရွှေပေါက်ကံ က ကျောင်းလေး တစ်ကျောင်းမှာ သာသနာ့ဘောင်ဝင်ခဲ့ပါတယ် ။ မနက်တစ်ကြိမ် ညတစ်ကြိမ် တရားထိုင်ရပြီး ၀ါးရုံတောလေးတွေနဲ့အနောက်ဖက်မှာလည်းငမိုးရိပ်ချောင်းလေးနဲ့မို့ နေထိုင်ရတာ အေးချမ်းတိတ်ဆိတ်လှပါတယ် ။ ရဟန်းအမည် အနေနဲ့ ကိုရင်ဝတ်တုန်းက ကိုရင် ကေလာသဆိုတဲ့အမည်ကိုပဲ ဦးဇင်းကေလာသအဖြစ် ခံယူခဲ့ပါတယ် ။ ရဟန်းဝတ်နေတဲ့အချိန်မှာ စိတ်ဟာ ထူးထူးခြားခြားပဲ တိမ်တိုက်မရှိတဲ့ ကောင်းကင်လို လင်းရှင်း စင်ကြယ်နေခဲ့ပါတယ် ။ ပရိတ်သတ်များအတွက် ဦးဇင်းကေလာသဘ၀တုန်းက ညသန်းခေါင်ယံ ကြယ်တလက် လက်ကောင်းကင်ယံကို ငေးကြည့်ရင်းတွေးမိတဲ့ ဒဿန အချို့ကို တင်ဆက်ပေးလိုက်ပါတယ် ။ စာဖတ်သူ ပရိတ်သတ်များ ကောင်းကျိုးလိုအင်ဆန္ဒပြည့်ဝပြီး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင် ကြပါစေသောဝ် ။

၁ ။ လောကမှာ ကုလား ၊ မြန်မာ ၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ မူဆလင် ၊ အင်္ဂလိပ် ၊ ဘုရင် ၊ စစ်သား ၊ ရဲ ၊ ပုလိပ် ၊ သူခိုး ၊ ရှေ့နေ ၊ ဆရာဝန် စသဖြင့် အမျိုးမျိုး ကွဲပြားနေကြပေမယ့် အဓိကကတော့ ၂ မျိုးပဲရှိပါတယ် ။ အဲဒါကတော့ ကောင်း တာတွေလုပ်တဲ့ “ လူကောင်း ” နဲ့ ဆိုးတာတွေလုပ်တဲ့ “ လူဆိုး ” ဆိုပြီး လူ ၂ မျိုးပဲရှိပါတယ် ။

၂ ။ လူတွေဟာ မွေးနေ့ဖိတ်စာ ၊ မင်္ဂလာဆောင်ဖိတ်စာစတဲ့ ဖိတ်စာတွေကို ကိုယ်နဲ့ ရင်းနှီးသူနဲ့ ဖိတ်သင့်သူ မဖိတ်သင့်သူဆိုပြီး ခွဲခြားဖိတ်လေ့ရှိပါတယ် ။ ဒါပေမယ့် သေမင်းဆီက မရဏ ဖိတ်စာကတော့ အဆင့်အတန်းခွဲလေ့မရှိဘူး ။ လူတိုင်းဆီကို ဖိတ်စာရောက်အောင် ပို့လေ့ရှိပါတယ် ။

၃ ။ လူအတော်များများဟာ ကိုယ့်ရဲ့ပျော်ရွှင်ကြည်နူးခြင်းကို တပါးသူဆီမှာ အပ်ထားလေ့ရှိတယ် ။ ဥပမာ မိဘ ၊ မောင်နှ မ ၊ ချစ်သူ ၊ ခင်သူ မိတ်ဆွေ စသဖြင့် ။ တကယ်တော့ မိမိရဲ့ ပျော်ရွှင်ခြင်းဆိုတဲ့အရာဟာ မိမိ စိတ်အတွင်း သဏ္ဍာန်မှာပဲ တည်ရှိပါတယ် ။

၎ ။ လူရယ်လို့ ဖြစ်လာရင် အလုပ်လုပ်ဖို့လိုတယ် ။ ဘုန်းကြီးကလည်း ဘုန်းကြီးအလုပ် ၊ လောကီလူသားကလည်း လူသား အလုပ် ၊ ဆရာဝန်ကလည်း ဆရာဝန်အလုပ် ၊ စစ်သားကလည်း စစ်သားအလုပ် ။ ဒါပေမယ့် ကိုယ်လုပ်နေ တဲ့အလုပ်ဟာ လူပီသခြင်းဆိုတဲ့ အရာကို ဖော်ဆောင်မဲ့ အဓိပ္ပါယ်ရှိတဲ့အလုပ် ဖြစ်ဖို့တော့လိုတယ် ။

၅ ။ လောကမှာ တစ်ဖက်သားကို မကောင်းကြံသည်ဖြစ်စေ ၊ ကုန်းချောဖို့ ဖြစ်စေ ၊ တိုက်ခိုက် ဖို့ဖြစ်စေ ၊ လိမ်ညာ ဖို့ဖြစ်စေ လုပ်သင့်တဲ့လူနဲ့ မလုပ်သင့်တဲ့လူကို ခွဲခြားပြီးသိရမယ် ။ မိမိအပေါ်ကို တကယ်ကူညီတဲ့ တကယ်ကျေး ဇူးရှိတဲ့ မိမိအကျိုးကို တကယ်လိုလားတဲ့ သူမျိုးကိုတော့ မကောင်းကြံ ၊ ကုန်းချောတိုက်ခိုက် လိမ်ညာ ဖို့ နေနေ သာ စိတ်ကူးနဲ့တောင် မပစ်မှားသင့်ပါ ။

၆ ။ လူသေပြီး နာမည်မသေခြင်း ၊ လူလည်းသေ နာမည်လည်းသေခြင်း စတာတွေဟာ သင်အသက်ရှင်စဉ်က ပြုလုပ်ခဲ့တဲ့ အရာတွေနဲ့ပဲ ဆိုင်ပါတယ် ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ဆိုးတာလုပ် ရင်ဆိုးတာ ဖြစ်မယ် ။ အမှားသိရင် အမှန်ပြင်ဖို့တော့လိုမယ် ။

၇ ။ အကြောင်းတရားကြောင့် အကျိုးတရားတွေဖြစ်ရတယ် ။ လူတွေဟာ အကြောင်းတရား ကို ပြောင်းလဲနိုင်ပေ မယ့် အကျိုးတရားကိုတော့ ပြောင်းလဲမပစ်နိုင်ဘူး ။ ဒါ့ကြောင့်အကျိုးတရားဆိုတဲ့ (Effect) ကိုကောင်းစေချင်ရင် အကျိုးတရားဆိုတဲ့ ( Cause) ကိုလည်း ကောင်းအောင်လုပ်ဖို့လိုတယ် ။

၈ ။ လူဟာ တစ်ချိန်လုံး အရှေ့ကိုချည်းပဲသွားမနေသင့်ပဲ ကိုယ်လျောက်ခဲ့တဲ့ လမ်းတလျှောက် အဆိုး ၊ အကောင်း ကို လည်း ပြန် လည်ဆင်ခြင် ဝေဖန်ပိုင်းခြားနေရမယ် ။ ဒါမှ သာ ရှေ့ဆက်မယ့်ခရီးဟာ အမှား နည်းသော လမ်းခရီးဖြစ်မှာဖြစ်တယ် ။

၉ ။ လူတွေဟာ မွေးဖွားစဉ်ကနေ သေဆုံးမယ့်အချိန်တိုလေးအတွင်းမှာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ကြတယ် ၊ ကုန်းချောကြတယ် ၊ ချစ်ခင်ကြတယ် ၊ ယုယကြတယ် ၊ တွယ်တာနှောင်ဖွဲ့ကြတယ် ။ လိုချင်တပ်မက်စိတ်တွေနဲ့ ရူးသွပ် လောင်မြိုက်လေ့ရှိကြတယ် ။ တကယ်တော့ ဒီအချိန် အပိုင်းအခြားလေးကျော်သွားရင် အိုခြင်း နာခြင်း တစ်ဖက်ကမ်း မှာ သေဆုံးခြင်းဆိုတဲ့ ပန်းတိုင်ကသာဆီးကြိုနေမှာဖြစ်တယ် ။

၁၀ ။ အသိဥာဏ်ရင့်ကျက်မှုဟာ အသက်အရွယ်နဲ့မဆိုင်ပါဘူး ။ ငယ်ငယ်လေးနဲ့ စိတ်ကူးရင့်သန် ရင့်ကျက်နိုင် သလို ၊ အသက်ကြီးပေမယ့်လည်း ကလေးတစ်ယောက်လောက်တောင် လူမပီသတဲ့ မရင့်ကျက်ဆိုးသွမ်းတဲ့ လူကြီးတွေအများကြီးပါပဲ ။ ဒီတော့ ကိုယ့်ဘ၀ နဲ့ကိုယ့်အခြေအနေကို မပြတ်ဆင်ခြင်နေနိုင်ဖို့ အရေးကြီးတယ် ။

www.thettantvillage.com
(ဦးဇင်း ကေလာသ )
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 25, 2011

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၇)

သေမင်းတမန်ခရီးကြမ်း (အပိုင်း ၇)




ကျွန်ုပ်တို့ဆီသို့ လျှောက်လာနေသော လူရိုင်းများ၏ မျက်နှာများမှာ မာထန်လျှက် ရှိပေ၏ ။ အ၀င်ဝ သို့ရောက်သော အခါ ကျွန်ုပ်တို့ဆီ ဦးတည်လျှက် ခြေဟန်လက်ဟန်ဖြင့် ပါးစပ်မှလည်း ၄င်းတို့ ဘာသာ စကားဖြင့် ပြောနေလေရာ ကျွန်ုပ်တို့မှာ လုံးဝ နားမလည်ပေ ။ (ဤနေရာမှစ၍ လူရိုင်းများ၏ စကားလုံးများအား စာဖတ် သူများနားလည်စေရန် အလို့ငှာ မြန်မာဘာသာဖြင့် ပြန်ဆိုဖော်ပြမည်ဖြစ်ပါသည် ။ )

“ အသင်တို့ဟာ ကျွန်ုပ်တို့ မနုဿ ကျွန်းဆီသို့ မဖိတ်ခေါ်ပဲရောက်လာတဲ့ သားကောင်တွေဖြစ်တယ် ။ အသင် တို့ကို နက်ဖြန်လပြည့်နေ့မွန်းတည့် ၁၂ နာရီတိတိ မှာ အသင်တို့ထဲက သားကောင်ငါးကောင်အား သတ်ဖြတ် ယစ်ဇ် ပူဇော် ပြီး ပင်လယ်စောင့်နတ်မင်းကြီးတွေကို ဆက်သရမှာဖြစ်တယ် အသင်တို့ဘာသာ လူရွေးထုတ် ထားပါ အခုမကြာခင် သင်တို့ကို ကျွန်ုပ်တို့အကြီးအကဲနဲ့ သားတော်သမီးတော်များ လာရောက်ကြည့် ရှုကြ မှာဖြစ်ပါတယ် ”

လူရိုင်းများကား ပြောဆိုပြီး နောက်သို့ ပြန်လှည့်သွားကြမည်ပြုရာ ရွာသူ မြတ်နေခြည် မှ

“ ခဏနေပါဦး အသင်လူရိုင်းတို့ ”

ဟု ပြောဆိုလိုက်ရာ လူရိုင်းများမှာ ၄င်းတို့ ဘာသာစကားအား နားလည်ပြန်ပြောနိုင်သဖြင့် အံအားသင့် သွားကြလေတော့သည် ။

“ ကျွန်ုပ်တို့ဟာ သင်တို့ ထင်သလို သားကောင်တွေ မဟုတ်သလို ပင်လယ်ပြင်မှာ မုန်တိုင်းကြောင့်လှေပျက်ပြီး ဒုက္ခရောက်ကြသူတွေဖြစ်တယ် သင်တို့ လူရိုင်းအကြီးအကဲတွေနဲ့ ဆွေးနွေးလိုပါတယ် ”

“ကောင်းပါပြီ ခဏနေရင်ရောက်လာကြတော့မှာပါ ”

လူရိုင်းများမှာ ကျွန်ုပ်တို့ အဖွဲ့အား စိမ်းစိမ်းကြီးကြည့်၍ ထွက်ခွာသွားလေသည် ။ ၄င်းတို့ ထွက်ခွာသွားပြီး မကြာခင် မှာပင် လူရိုင်းခေါင်းဆောင်ဟုထင်ရသော ဝေါစင်ပေါ်မှ လူရိုင်းအကြီးအကဲနှင့် ၄င်း၏ ဘေးမှ လူရိုင်းငယ် များပါ ကျွန်ုပ်တို့ ဆီ လျောက်လာနေသည်ကို တွေ့လိုက်ရလေသည် ။

“ သင်တို့ထဲမှာ ကျွန်ုပ်တို့စကားကို နားလည်တဲ့သူပါတယ်လို့ သိရတယ် ကျွန်ုပ်စကားပြောလိုတယ် ”

“ ကျွန်မ နားလည်ပါတယ် အသင်လူရိုင်းအကြီးအကဲ သင်နဲ့လည်းဆွေးနွေးလိုပါတယ် ”

“ ကောင်းပါပြီ သင်တို့ ကျွန်ုပ်တို့ ပိုင်နက်ထဲသို့ ကျူးကျော်လာပုံကို သိလိုပါတယ် ”

“ ဒီလိုပါ ကျွန်မတို့ တစ်ဖွဲ့လုံးဟာ မြန်မာနိုင်ငံရဲ့ ရွာကြီးတစ်ရွာမှာ နေထိုင်ကြတဲ့သူတွေပါ ။ ရွာမှာ ၀မ်းရော ဂါကပ်ကြီးကြောင့် ကျွန်မတို့ ရွာပြောင်းခဲ့ကြပါတယ် ။ ပင်လယ်ထဲမှာ လှေကြီးနဲ့ ခရီးဆက်နေတုန်း မုန်တိုင်း ဒါဏ်ကြောင့် အသင်တို့ ကျွန်းပေါ်လာရောက်သောင်တင်နေရခြင်းဖြစ်ပါတယ် ။ ကျွန်မတို့ တစ်ဖွဲ့လုံးဟာ သင်တို့ ရဲ့ သားကောင်တွေမဟုတ်သလို ရန်သူတွေလည်းမဟုတ်ကြပါဘူး ကျွန်မတို့ တစ်ဖွဲ့လုံးကို လွတ်မြောက် ခွင့်ပေးစေ လိုပါတယ် ”

“ ဟား ..ဟား...ဟား လုံးဝမဖြစ်နိုင်ပါဘူး အသင်တို့ မြဲမြဲမှတ်ထားဖို့က ကျွန်ုပ်တို့ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး လူသားစား မျိုးနွယ်ဝင်တွေပဲ ဒီရွာမှာ ကျွန်ုပ်ရဲ့ သားသမီး ၃ ယောက် ကလွဲလို့ လူသားကို စတိဖြစ်ဖြစ် စားကြရ တယ် ။ သားသမီး ၃ ယောက်ကတော့ ငယ်ငယ်ကတည်းက အတင်းငြင်းဆန်ခဲ့လို့ ဒီအရွယ်ထိကြည့်နေရတာပဲ သူတို့ ကို လည်း တစ်ချိန်ရအောင်စားခိုင်းရမှာပဲ ကဲ သင်တို့ထဲက ငါးယောက်ကိုရွေးထားပါ နက်ဖြန် နေ့လည် ၁၂ နာရီ တိတိမှာ ယစ်ဇ်ပူဇော် ပြီးစားသောက်ရလိမ့်မယ် ”

လူရိုင်းခေါင်းဆောင်ကား ခက်ထန်ထန်ဖြင့် ပြောပြီး ပြန်လှည့်သွား လေပြီ ။ သွားပြီ... ကျွန်ုပ်တို့အဖွဲ့ ကား မျှော် လင့် ချက် ရေးရေးလေးမျှ မရှိတော့ပြီ ။

ထိုအခိုက် လူရိုင်းခေါင်းဆောင်၏ သမီး ၂ ယောက်နှင့်သားတစ်ယောက်တို့မှာ ကျန်လူရိုင်းများနောက်သို့ မလိုက် ပဲ ကျွန်ုပ်တို့ ရှိရာသို့ ပြန်လှည့်လာလေသည် ။

“ သင်တို့ဟာ လူကောင်းတွေပါ ကျွန်ုပ်တို့ ကျွန်းပေါ်ကို ရောက်ရှိလာတဲ့ဧည့်သည်တွေသာဖြစ်တယ် သင်တို့၏ အသက် ကို လည်း ဤကျွန်းပေါ်တွင် အချီးနှီးမကုန်ဆုံးစေလိုပါ ကျွန်ုပ်တို့ ၃ ယောက်တတ်နိုင်သမျှ ကူညီပါမယ် ”

“ ကျေးဇူးတင်ပါတယ် အသင်တို့ ၃ ယောက်ကို မိတ်ဆက်ပေးပါရစေ ဒါကျွန်ုပ်တို့ ရွာသူကြီးဖြစ်ပါတယ် ”

ကျွန်ုပ်လည်း လူရိုင်း ၃ ယောက်ဖက်သို့လှည့်၍ ပြုံးပြကား အသိအမှတ်ပြုရလေသည် ။ လူရိုင်းငယ် ၃ ယောက် မှလည်း ကျွန်ုပ်ကို ပြန်ပြုံးပြကြကာ

“ တွေ့ရတာဝမ်းသာပါတယ် အသင်သူကြီး ကျွန်ုပ်နာမည်မှာ WHITEDANGLE ဖြစ်၍ ကျွန်ုပ်ညီမနာမည်မှာ AKAYIWINNE ဖြစ်ပြီး မောင်ငယ်နာမည်မှာ ALINETHIT ဖြစ်ပါတယ် ကျွန်ုပ်တို့ ၃ ယောက်မှာ ငယ်ငယ်က တည်းက လူသားစားခြင်း ဓလေ့ကို မနှစ်သက်တဲ့အတွက် အမြဲပဲပုန်ကန်ခဲ့ပါတယ် ”

ဟုပြောကြားလေသည် ။ ၄င်းတို့နာမည်များမှာ အဆန်းအပြားများဖြစ်၍ ကျွန်ုပ်တို့လည်း အသက် ၃၀ ခန့် လူရိုင်းအမျိုးသမီး WHITEDANGLE အား White Angel ( အဖြူရောင်နတ်သမီး) ဟူ၍ လည်းကောင်း ၊ အသက် ၂၀ ၀န်းကျင် ခင်မယ်ဖွယ်ကောင်းသော AKAYIWINNE အား Akayi Win ( ဧကရီဝင်း ) ဟူ၍ လည်းကောင်း အသက် ၂၀ ၀န်းကျင် ချောမောသော လူရိုင်းငယ်ကလေး ALINETHIT အား Alin Thit ( အလင်းသစ်) ဟူ၍ လည်းကောင်း ကျွန်ုပ်တို့ ခေါ်ဝေါ်ကြလေသည် ။

“ ကျေးဇူးတင်ပါတယ် အဖြူရောင်နတ်သမီး ၊ ဧကရီဝင်းနဲ့ အလင်းသစ်ခင်ဗျား ရွာသားတွေကိုလည်း ဒီလိုနည်း နဲ့တော့ စတေးမခံနိုင်ပါဘူး ကျွန်ုပ်တို့အဖွဲ့သာ တိုက်ပြီး ဖောက်ထွက် ရင် အပစ်မဲ့တဲ့ ကျွန်ုပ်တို့ အဖွဲ့သားတွေရော သင်တို့ လူရိုင်းတွေပါ အနည်းနဲ့အများ ထိုခိုက်ကြမှာစိုးလို ဒီအချိန်ထိ ကျွန်ုပ်တို့ မှိန်းပြီးနေခဲ့ကြရပါတယ် သင်တို့ ၃ ယောက် ကူညီပေးနိုင်ပါက ကျွန်ုပ်တို့ အတိုင်းမသိ ၀မ်းသာရပါတယ် သင်တို့ ဘယ်လိုကူ ညီပေးနိုင်မ လဲဆိုတာသိပါရစေ”

“ ဒီည ၁၁ နာ၇ီတိတိမှာ ကျွန်ုပ်တို့ ၃ ယောက် အရောက်လာခဲ့ပါ့မယ် အသင်တို့အတွက် အစစအရာရာ ကူညီပေး ပါမယ် အသင်တို့ကို စောင့်သော အစောင့်များအားလည်း အိပ်ဆေးခပ်ရန် အလင်းသစ်မှ စီစဉ် ထားပြီးဖြစ်ပါတယ် အသင်တို့ သာ နိုးနိုးကြားကြားအိပ်ပါလေ ”

ဟု ပြောလေသည် ။

“ ကျေးဇူးတင်ပါတယ် အသင်တို့ဟာ လူပီသတဲ့ လူယဉ်ကျေး ၃ယောက်ဖြစ်ပါတယ် ကျွန်ုပ်တို့ ည ၁၁ နာရီ တိတိ စောင့်နေပါ့မယ် ” ကျွန်ုပ်က ပြောကြားလိုက်လေသည် ။ ( ဤတွင် တစ်ခုပြောလိုသည်မှာ ကျွန်ုပ်တို့၏ ဆက်သွယ်ရေးလွယ်ကူစေရန် ရွာသူ မြတ်နေခြည်မှ စကားပြန်လုပ်ပေးခြင်းဖြစ်သည် ။ )

ရင်တထိတ်ထိတ်နှင့် စောင့်ဆိုင်းရသည်မှာ အချိန်တွေက ကြာရှည်လွန်းသည်ဟုထင်ရ၏ ။ ညအချိန်ရောက် လာပြီဖြစ်သောကြောင့် အသံတို့က တဖြည်းဖြည်းတိတ်ဆိတ်လာ၏ ။ တချက်တချက် ကျွန်းပေါ် မှ အော်မြည်သော သတ္တ၀ါတို့အသံမှ လွဲ၍ လူသံများကိုသိပ်မကြားရတော့ပေ ။ ကျွန်ုပ်တို့ကား မကြာခင် စွန့်စားခန်းကြီး စတင်ရပေတော့မည် ။ အချိန်ကား ည ၁၀ နာရီခွဲခန့်ရှိမည်ဟု ခန့်မှန်းရ၏ ။ ကျွန်ုပ်တို့ အဖွဲ့ကား မျော်လင့်ချက်ရှိလာပြီဖြစ်သောကြောင့် လူတိုင်းမှာ အိပ်မငိုက်နိုင်ပဲ ရင်ခုန်စွာစောင့်ဆိုင်းေ နကြလေ သည် ။ ကျွန်ုပ်လည်းတောင်တွေးမြောက်တွေးနှင့် ဤပင်လယ်ကိုပြန်ဖြတ်ကူးရလျှင် ညံ သတ္တ၀ါကြီးများနှင့် ပြန်ရင်ဆိုင်ရမည်ကိုလည်း ရင်လေးမိပြန်သည် ။ မမျှော်မှန်းနိုင်သော အနာဂါတ်ကား ခပ်ရေးရေးမျှသာ ။ အလို... ကျွန်ုပ်တို့ရှိရာသို့ နှလုံးပြူးသေနတ်ကို ယူပြီး တရွှေ့ရွှေ့ ချဉ်းကပ်လာသူကား ဘယ်သူနည်း ။ ကျွန်ုပ်တို့ရွာ၏ အကြီးအကဲတစ်ဦးဖြစ်သော နတ်ဘီလူး ပင်ဖြစ်ပေတော့သည် ။ ဘီလူးကား ခြေသံကိုဖွဖွလေးနင်းကာ ကျွန်ုပ်တို့ ကို ကာရံထားသော ၀င်ပေါက် မှ ကြိုးများကို ဖြတ်နေလေသည် ။ ထိုအခိုက် ကျွန်ုပ်တို့ အားလုံး၏ နားထဲတွင် ရွာ၏ အချက်ပေးခေါင်းလံသံ “ ဒေါင်...ဒေါင်...ဒေါင် ” အား ကျယ်လောင်စွာ ကြားလိုက်ရလေတော့သတည်း ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, April 23, 2011

တောက်ပသော ladyboys များ

တောက်ပသော ladyboys များ




၂၀၁၁ ခုနှစ် ဧပရယ် ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Central World Shopping Mall မှာ Muiss Tiffany's Universe 2011 ရဲ့ ပထမအကြိမ်မြောက် မြင်ကွင်းမှာ လှပသော ladyboys များကိုအ ခုလို တွေ့ခဲ့ ရပါတယ် ။ ကဲ ကျားလား မလား သေးသေးလား ကြီးကြီးလား ကြိုက်ရာရွေးကြပေတော့ ။ ကံအကျိုးပေးနဲ့ ရှေးဘ၀အ တိတ်ရေစက်ကြောင့် Ladyboys တို့ တစ်ခေတ်ဆန်းသစ်ခဲ့ပြန်ပြီ။








www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခရစ်တော်အထမြောက်ခြင်းအထိမ်းအမှတ်ချောကလက်အနုစိတ်လက်ရာ

ခရစ်တော်အထမြောက်ခြင်းအထိမ်းအမှတ်ချောကလက်အနုစိတ်လက်ရာ




၂၀၁၁ ခုနှစ် ဧပရယ် ၂၀ ရက်နေ့ ။ ပဲရစ်မြို့အနီးမှ Nanterre မှာရှိတဲ့ workshop တစ်ခုမှာ ခရစ်တော် အထမြောက်ခြင်းပွဲတော် အထိမ်းအမှတ်အဖြစ် ချောကလက်နဲ့ပြုလုပ်ထားတဲ့ retro car တစ်စင် ကို ချောက လက် အနုစိတ်ပညာရှင် Gilles Marchal မှ ကြည့်ရှုနေခြင်းဖြစ်ပါတယ် ။ ပြင်သစ်မှာ ချောကလက် ၁၃၀၀၀ တန် ရောင်း ချခဲ့ရပြီး ဒီ Easter (အီစတာပွဲတော်) အတွင်းမှာ တစ်နှစ်တာအရောင်းရဲ့ 3.5% ရှိတယ်လို့ဆိုပါ တယ် ။ အထူးသဖြင့် ချောကလက်အရောင်းဆိုင်တွေမှာလည်း ကြိတ်ကြိတ်တိုးစည်ကားခဲ့တယ်လို့ သိရပါတယ် ။












www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တက်တူးပွဲ

၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တက်တူးပွဲ




၂၀၁၁ ခုနှစ် ဧပရယ် ၁၆ ရက်နေ့ ။ လူနှစ်ဦးက Frankfurt မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော် မှာ သူတို့ရဲ့ ဦးခေါင်းတွေက တက်တူးအသစ်တွေကို ပြသနေပုံဖြစ်ပါတယ် ။ အပြည်ပြည်ဆိုင်ရာ တက်တူး ပွဲတော်ကို စနေနေ့ကကျင်းပခဲ့ပြီး ကမ္ဘာအရပ်ရပ်က စိတ်ဝင်စားသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အပြိုင် ဆိုင် တက်တူးရုပ် အလှတွေ ပြသခဲ့ကြခြင်းပဲဖြစ်ပါတယ် ။








www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 11, 2011

ဗြိတိန် ဘီလျှံနာ က ပင်လယ်နက်ထဲ ငုပ်လျှိုးဖို့ ကြံစည်ခြင်း

ဗြိတိန် ဘီလျှံနာ က ပင်လယ်နက်ထဲ ငုပ်လျှိုးဖို့ ကြံစည်ခြင်း




Virgin Group ရဲ့ခေါင်းဆောင် Sir Richard Branson ဟာ ကမ္ဘာ့ အနက်ဆုံး သမုဒ္ဒယာ ငါးစင်းရဲ့ အနက် ဆုံး နေရာတွေကို ရေအောက်မှာ စမ်းသပ် ငုပ်လျှိုးဖို့ ၂၀၁၁ ခုနှစ် ဧပရယ် ငါးရက်နေ့က ကယ်လီဖိုးနီးယားနိုင်ငံ Newport Beach မှာ ကျင်းပတဲ့ News Conference မှ ကြေငြာခဲ့ပါတယ် ။ ဒီငုပ်လျှိုးမယ့် ငါးနေရာကတော့ Mariana Trench (Pacific Ocean), Puerto Rico Trench (Atlantic Ocean), Diamantina Trench (Indian Ocean), South Sandwich Trench (Southern Ocean) နဲ့ Molloy Deep (Arctic Ocean) တို့ပဲဖြစ် ပါတယ် ။ Virgin ပင်လယ်ပျော်တွေရဲ့ ပထမဆုံး ငုပ်လျှိုးခြင်းကတော့ Mariana Trench မှာ ၂၀၁၁ နောက် ပိုင်းကာ လတွေမှာ စတင်ပါလိမ့်မယ် ။ နောက်ထပ် ၄ နေရာ ငုပ်လျှိုးခြင်းကိုတော့ လာမယ့် ၂၄ လအတွင်း စတင် မယ်လို့ဆိုပါတယ် ။











www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘရာဇီးနိုင်ငံမှ ကမ္ဘာ့အရှည်ဆုံးယဉ်တွဲ

ဘရာဇီးနိုင်ငံမှ ကမ္ဘာ့အရှည်ဆုံးယဉ်တွဲ




ကမ္ဘာ့အရှည်ဆုံး ဘတ်စ်ကားပုံသဏ္ဍန်ဖန်တီးထားတဲ့ Curitiba City Hall ရဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ် ။ ဘရာ ဇီး မှာ ပြုလပ်ခဲ့တဲ့ ဒီ ဘတ်စ်ကားမှာ ခရီးသည် ၂၅၀ ၊ ၂၈ မီတာ ( ၉၂ ပေ ) ရှည်ပြီး အကျယ်က ၂.၆ မီတာ (၈.၅ ပေ) ကျယ်ပါတယ် ။ ပဲပိစပ်တွေက ပြုလုပ်ထားတဲ့ biodiesel နဲ့ စွမ်းအင်ပေးပါတယ် ။






www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Burssels မှ သရဲတစ္ဆေပွဲတော်

Burssels မှ သရဲတစ္ဆေပွဲတော်




၂၀၁၁ ခုနှစ် ဧပရယ် ၉ ရက်နေ့ မှာ Belgium နိုင်ငံရဲ့ မြို့တော် Brussels မှာ ပြုလုပ်ခဲ့တဲ့ သရဲတစ္ဆေပွဲတော်မှာ လူတစ် ဦးက Zombie (သွေးစုပ်ကော်) သဏ္ဍာန်ဖန်တီးပြီး ပါဝင်ဆင်နွှဲနေခြင်းဖြစ်ပါတယ် ။ လူတစ် ရာကျော်ကျော် ခန့်က စနေနေ့မှာ ကျင်းပခဲ့တဲ့ ဒီပွဲတော်မှာ သရဲတစ္ဆေပုံသဏ္ဍာန်တွေ ၀တ်စားပြီး ဆင်နွှဲခဲ့ကြ ပါတယ် ။ ဒါဟာ နှစ်စဉ် Bruseels ရုပ်ရှင်ပွဲတော်အတွက် လှုပ်ရှားမှု အဖြစ်ဆောင်ရွက်ကြခြင်းဖြစ်ပါတယ် ။










www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တရုတ်ပြည် အရှေ့ပိုင်းက မီးတုတ်ပွဲတော်

တရုတ်ပြည် အရှေ့ပိုင်းက မီးတုတ်ပွဲတော်




မီးတုတ်ကိုင်ပြီး god of fire အက၀တ်စုံကို ၀တ်ထားတဲ့ သရုပ်ဆောင်တစ်ဦးဟာ ၂၀၁၁ ခုနှစ် ဧပရယ် ၈ ရက်နေ့ က တရုတ်ပြည် အရှေ့ပိုင်း Zhehiang စီရင်စု Hangzhou မှာကျင်းပတဲ့ မီးတုတ်ပွဲတော်ကို ဆင်နွှဲနေ ပုံဖြစ်ပါတယ် ။ မီးတုတ်ပွဲတော်ဟာ နိုင်ငံခြားသားတွေကိုစွဲဆောင်တဲ့ ပွဲဖြစ်ပြီး နွေရာသီ တလျှောက် လုံး သောကြာနေ့တွေမှာကျင်းပလေ့ရှိပါတယ် ။








www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, April 9, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၆)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၆)




ကျွန်ုပ်တို့အဖွဲ့ကား လျှိုအတွင်းမှ ပြန်တက်လာပြီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးများ ပင်ပြာဝေ သွားလေသည် ။ ဦးခေါင်းတွင် တိရိစ္ဆာန် အစွယ်များကို ဆင်မြန်းထားပြီး လက်ထဲတွင် လှံရှည်များ ကိုင်ဆောင် ထားသော လူရိုင်းအုပ်စုကြီးက ကျွန်ုပ်တို့ရွာသားများအား ၀န်းရံထားသည်ကို တွေ့လိုက်ရလေသည် ။ ကျွန်ုပ် တို့ လျှိုထဲမှ တက်လာသည်ကို မြင်သောအခါ ကျွန်ုပ်တို့ကို လှံများ ဖြင့် ချိန်ရွယ်လျှက် ဖမ်း ဆီးခေါ်ဆောင်ခြင်းကို ခံရလေသည် ။ ကျွန်ုပ်မှာ ရွာသူရွာသားများ အထိနာမည်စိုး၍ ပြန်လည်တိုက်ခိုက် ချင်စိတ်အား မြိုသိပ်ထားကာ မီးစင်ကြည့်ကရန် ဆုံးဖြတ်လိုက်လေတော့သည် ။ လူရိုင်းများ မှာ ခြေဟန် လက်ဟန်ဖြင့် ကျွန်ုပ်တို့အား ၂ ယောက်တစ်တွဲစီနေစေပြီး ၄င်းတို့ ရှေ့မှသွားကာ ကျွန်းအတွင်း ပိုင်းသို့ ဖမ်း ဆီးခေါ်ဆောင်သွားခြင်းခံရလေသည် ။ ကျွန်ုပ်နှင့်သူရိန် ၊ မိုးစက်နှင့်ကိုကြီးကျော် ၊ ကြယ်ဖြူနှင့် သက်မီ ၊ ဝေယံနှင့်နဲဗား ၊ အင်ကြင်းနှင့်ကေးကေး အစရှိသဖြင့် အတွဲများတွဲကာ လှံများဖြင့် လမ်းတလျှောက် ချိန်ရွယ်ဖမ်းဆီးလာသဖြင့် ကျွန်ုပ်တို့မှာ အခြေအနေကို စောင့်ကြည့်ရန်သာ ရှိလေတော့သည် ။

ထမင်းတစ်အိုးကျက်ခန့် လမ်းလျှောက်ပြီးသောအခါတွင် လွန်စွာမြင့် မားသော တောင်ကုန်း ကမူများ ကိုတွေ့ရလေ သည် ။ လူရိုင်းတို့ဖောက် လုပ်ထားဟန် ရှိသော လှေကားထစ် များကြောင့် တောင် ကုန်းများ ကိုတက်ရာ တွင် အခက်အခဲတော့သိပ်မရှိလှပေ ။ တောင်ကုန်းထိပ်သို့အရောက် တွင် ကျွန်ုပ်တို့မှာ လွန်စွာ အံ့သြကြရပြန်လေ သည် ။ လူရိုင်းများ၏ ရွာမှာ တောင်ကုန်းပတ်ပတ်လည် ၀န်းရံထားသော ချိုင့် ၀ှမ်းအလယ်၌ တည်ဆောက်ထားသောကြာင့် အဝေးမှ ကြည့်လျှင် ရုတ်တရက်မမြင်နိုင်ပေ ။ ကျွန်ုပ်တို့လည်း တောင်ထိပ်မှ တဖန် လူရိုင်းရွာများရှိရာသို့ တစ်နာရီသာသာခန့် ခြေလျှင်ဆင်းကြရပြန်သည် ။ သို့နှင့် တစ်နာရီခန့် ဆင်းပြီးသောအခါ လူ့အရိုးခေါင်း ၁၂ ခေါင်းအား နှဖူးစည်းတွင် တန်းစီချိန်ဆွဲထားသော ကျက်သရေမရှိသော ရွာအ၀င် ဆိုင်းဘုတ်ကြီးအား စတင်တွေ့ရလေတော့သည် ။ ကျွန်ုပ်မှာ ရွာအ၀င် ဆိုင်းဘုတ်ကိုကြည့်ကတည်းက တစုံတရာကို တွေးမိကာ ကျောချမ်းမိသွားလေတော့သည် ။ ဤလူရိုင်းများသည် ကပ္ပလီပင်လယ်အော်နှင့် အက်ဒမန်ကျွန်း ပတ်ဝန်းကျင်တွင်ရှိသော အသားစားလူရိုင်းများပင်လော ။ ကျွန်ုပ်တွေးထင်ထားသည်သာ မှန်ကန်ပါ က ကျွန်ုပ်တို့အားလုံး အသက်ရှင်ရန်မှာ မလွယ်ကူပေ ။

ကျွန်ုပ်တို့အဖွဲ့ရွာထဲဝင်ရောက်လာသည်ကို တဲငယ်များမှ လူရိုင်းများမှာ ဗုံများတီး၍ ထွက်ကြည့်ကြလေသည် ။ ၄င်းတို့ သည် ကျွန်ုပ်တို့အဖွဲ့ ရွာသို့ရောက်လာသည်ကို ကြိုဆိုသည့်သဘောဖြင့်တီးလေသလော သို့ တည်းမ ဟုတ် ၄င်းတို့စားသောက်ရန် ရိက္ခာများ လုံလောက်စွာရလာ၍ ၀မ်းသာပြီးတီးလေသလော ကျွန်ုပ်မှာမတွေး တတ်ပေ ။

“ ဟိုက် သူကြီးရေ လူရိုင်းမတွေက အင်္ကျီတွေမပါဘူးဗျ ဟိဟိ ”

“ တယ်..သူရိန်ကတော့ အဲဒီအင်္ကျီမပါတာတွေက ခဏနေရင် အကုန်လုံးကို အစိမ်းလိုက် စားမှာဗျ ”

“ ဗျာ ” “ မဗျာနဲ့ ရှူးတိုးတိုး နေ ဒါလူသားစားလူရိုင်ေးတွဖြစ်ပုံရတယ် အချိန်တန်ရင်တော့ လက်မနှေးစေနဲ့နော် ”

“ စိတ်ချ သူကြီး သူရိန်တို့က လက်သွယက်တယ် သိတယ်မှတ်လား ”

ကျွန်ုပ်တို့ တိုးတိုးလေးပြောနေသည်ကို ဘေးမှ လူရိုင်းများက တိတ်တိတ်နေရန် ခြေဟန်လက် ဟန်ဖြင့် ပြောလေ သည် ။

သို့နှင့်အတန်ကြာ သွားကြပြီးသောအခါ လူရိုင်းခေါင်းဆောင်၏ အိမ်ဟုထင်ရသော ခြံဝိုင်းကြီး တစ်ခု သို့ ရောက်ရှိလာကြလေသည် ။ ကျွန်ုပ်တို့ကို ခြံဝန်းကြီး နောက်ရှိတိုင်များနှင့် ခြံသဖွယ် အလုံကာရံထားသော ၀န်းထဲ သို့ ခေါ်ဆောင်သွားလေ၏ ။ အလို....ရှုလော့ .... ကျွန်ုပ်မှာ ခြံတိုင်များ၏ နောက်သို့ကြည့်ကာ လွန်စွာဝမ်း သာမိသွားလေသည် ။ ဂျီဂျီ ၊ သားပြောင် ၊ ဆမူဆာ ၊ မေလေး ၊ ခင်မီမီလှိုင် ၊ ဆောင်းရွက်ကြွေ ၊ သန့်စင် တို့နှင့်တကွ ရွာသူရွာသားအတော်များများကို တွေ့လိုက်ရသောကြောင့်ပင်တည်း ။ ကံကြမ္မာကား ကျွန်ုပ်တို့ကို အဆိုးတလှည့် အကောင်းတလှည့် ဖန်ဆင်းပေးနေချေပြီတကား ။

“ ဟာ..သူကြီး ၊ မိုးစက် ၊ သူရိန် ၊ ဝေယံ မင်းတို့ကိုကွာ ဒီတစ်သက်မတွေ့ရတော့ဘူးထင်နေတာ ”
သားပြောင်က တွေ့တွေ့ချင်းလှမ်းပြောလေသည် ။ တဖန် ဂျီဂျီက

“ အောင်မလေး တော်သေးတယ် ရွာသူရွာသားတွေပြန်တွေ့လို့ ”

ဟုဆိုကာ ၀မ်းနည်းမျက်ရည်ကျလေသည် ။ မေလေးမှလည်း

“ တော်ပါသေးရဲ့ ရွာသားတွေအကုန်လုံး ဒီကျွန်းပေါ်မှာ ဒုက္ခရောက်နေကြပြီထင်တယ် ဒါမှမဟုတ် ပင်လယ် ထဲမှာပဲ လား ဒီကျွန်းပေါ်က အကောင်ဗလောင်တွေနဲ့များတွေ့နေကြပြီလား တချိန်လုံးစိတ်ပူနေကြရတာ ”

ဟု ပြောလေသည် ။ သို့နှင့် ကျွန်ုပ်တို့အဖွဲ့ကား အထဲတွင်ရှိသော ရွာသူရွာသား များနှင့်ရောထား လိုက်သောကြောင့် ကျွန်ုပ် တို့မှာ စုစုဝေးဝေး တိုင်ပင်ရန် အခွင့်အရေးတော့ ရလေတော့သည် ။

အချိန်ကား ညနေစောင်းခန့်ရှိလေသည် ။ ကျွန်ုပ်တို့လည်း ရွာသူရွာသားများကို စုဝေးပြီး တိုင်ပင်ဆွေးနွေး ကြလေတော့ သည် ။

“ အင်းအခြေအနေကတော့ ကျွန်တော်တို့အားလုံး ကျဉ်းထဲကြပ်ထဲရောက်နေပြီ ဒါနဲ့ဘီလူးရောမတွေ့ပါလား ”

“ အင်း ဘီလူးကတော့ လှေမှောက်ကတည်းက ပင်လယ်ထဲ ပဲ မျောပါသွားသလား ဒါမှမဟုတ် ဘယ်ရောက်နေ မှန်းမသိရ ပါဘူး သူကြီးရာ ”

“ အင်း သူအန္တရာယ်ကင်းစေဖို့ပဲ ဆုတောင်းပေးရတော့မှာပေါ့လေ ကဲ ဒီက လူရိုင်းတွေရဲ့ အခြေအနေလည်း နည်းနည်းပြောပါဦး ”

“ အခြေအနေကတော့ မကောင်းဘူးသူကြီး ဒီကောင်တွေက လူသားစားလူရိုင်းတွေပဲ ကျွန်တော်တို့ အဖွဲ့ထဲက လူတွေ ကို တစ်ယောက်ချင်းစီခေါ်ခေါ်သွားကြတယ် ပြန်ကိုပေါ်မလာတော့ဘူး ကျွန်တော်တို့လည်း ကိုယ့်အလှည့် ဘယ်တော့ ရောက်မလဲစိုးရိမ်နေရတယ် ”

“ ဟုတ်လား ဒါဆိုရင်တော့ သတ်စားတာဖြစ်ဖို့များသွားပြီ ”

ကျွန်ုပ်တို့၏ ပြောစကားများကိုကြားသောကြောင့် ရွာသူရွာသားများမှာ လွန်စွာ ထိတ်လန့်ကြောက်ရွံ့ သွားကြလေတော့ သည် ။

“ အခုအချိန်မှာ ကျွန်တော်တို့ သွေးစည်းဖို့လိုတယ် ဒီအတိုင်းတော့အသေမခံနိုင်ဘူး ဦးပြောင် ဒီကောင်တွေက လူရိုင်းတွေပဲ အသိဥာဏ်ရှိတဲ့ ကျွန်တော်တို့က စဉ်းစားဥာဏ်ပိုင်းမှာ ပိုသာမှာပါ ”

“ အာဗျာ..သူကြီးကလည်း အခုအချိန်မှာ ဥာဏ်ချင်းယှဉ်နေရမယ့်အချိန်မဟုတ်ဘူးဗျ သူ့စကားလည်း ကိုယ်နား မလည် ကိုယ့်စကားလည်းသူနားမလည်နဲ့ ဒုက္ခပါပဲ ”

စမူဆာက စိတ်ပျက်အားငယ်သံဖြင့် ၀င်ပြောလေသည် ။

“ သူကြီး လူရိုင်းတွေရဲ့စကားကိုကျွန်မ နည်းနည်းနားလည်တယ် ”

ဟု ၀င်ပြောလိုက်သော ရွာသူမြတ်နေခြည် ၏ အသံကိုကြားလိုက်ရလေသည် ။

“ ဟုတ်လား ဘယ်လိုနားလည်တာလည်းလုပ်ပါဦး ”

“ ဒီလိုပါ ပထမတော့ စအဖမ်းခံရကတည်းက ကြောက်လန့်လွန်းနေတော့ သူတို့ဘာတွေပြောလဲ မသိလိုက် ဘူး နောက်နည်းနည်းအကြောက်ပြေသွားတော့မှာ ဒါဟာ စလုံမျိုးနွယ်ဝင် ငရမန်းသတ္တက လို့ခေါ်တဲ့ ဘာသာ စကား တစ်မျိုးနဲ့ပြောနေမှန်းသိလာတယ် ဒါဟာ အလွန်ရှေးကျတယ် ကျွန်မ အဖိုးက သူကြီးတို့ ရွာလေးကို မရောက်ခင်က စလုံလူမျိုးပဲလေ ဒါပေမယ့် ထူးဆန်းတာက စကားပြောသာသတို့က ငရမန်းသတ္တက ကို သုံးတာ အရေးကျတော့ အင်္ဂလိပ်စာလိုလိုဘာလိုလိုနဲပ သူကြီးတို့ ဟိုမှာကြည့်ကြည့်ပါလား ”

ဟုဆိုတာ ခပ်လှမ်းလှမ်းရှိ သစ်သားပြားကြီးတစ်ခုပေါ်တွင် မီးသွေးခဲဖြင့် ရေးထားသော စာများကို လက်ညှိုး ထိုးပြလေသည် ။

ကျွန်ုပ်တို့လည်း ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ “ AZEI AJA KAMA ” ဟူသော စာတမ်းကိုတွေ့ ရလေ သည် ။ ဘာအဓိပ္ပါယ်မှန်းတော့မသိပေ ။

“ အဲဒါ မြန်မာလိုပြောရရင်တော့ ယနေ့မိုးရွာမည် လို့ရေးထားတာပဲသူကြီး ”

“ အင်း ဒီအတိုင်းဆို ကျနော်တို့ အဖို့ မျှော်လင့်ချက် ရေးရေးကလေးရှိလာပြီ လူရိုင်းတွေနဲ့ ဆက်သွယ်ပြီး ဒီကောင်တွေ ဘာအကြံအစည် ရှိသလဲဆိုတာ ကြည့်ရမှာပဲ ”

ကျွန်ုပ်တို့ စကားကောင်းနေကြစဉ် လှံရှည်ကိုင်ဆောင်ထားသော လူရိုင်း ၄ ယောက်က ကျွန်ုပ်တို့ ဆီသို့ လျှောက် လာနေသည်ကိုတွေ့လိုက်ရလေတော့သည် ။

ဆက်ရန် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................